30/07/2022
‘ ထမင်းကုန် မကုန် တရားစီရင်ခန်း ‘ 🍚 🍛 😁
ကျွန်မရဲ့ကျောင်း အပါအဝင်
မူကြိုကျောင်းအတော်များများမှာ
အမြဲလိုလို ဖြေရှင်းနေရတဲ့
ကလေးမိဘတွေရယ် ကလေးတွေရယ်
မူကြိုဆရာမတွေရယ် ကြားထဲမှာ
အမြဲဖြစ်လေ့ ဖြစ်ထရှိသော
အကြောင်းအရာတစ်ခုကို
ဒီနေ့ မျှဝေလိုပါတယ်
❤️🔥ကျောင်းတွင် ထမင်းဟင်း ကုန်မကုန်
ဖြေရှင်းရခြင်း Complaint (သို့မဟုတ် )
❤️🔥❤️🔥 ကျောင်းသို့ ထမင်းဟင်း အများကြီး
ထည့်ပေးလေ့ရှိပြီး ထည့်ပေးသမျှ
ကုန်အောင် စားစေချင်သော
မိဘများအကြောင်း ဖြစ်ပါတယ်
1️⃣မိမိဟာ ဒီပြဿနာကို ဖြေရှင်းနေရတဲ့ ဆရာမ
2️⃣ ကလေးကို ထမင်းဟင်းအများကြီး
ထည့်ပေးလေ့ရှိသော မိဘ
3️⃣ မိမိကလေးအား အိမ်တွင်
ထမင်းကျွေးရာတွင်
အချိန်အကန့်မသတ်မရှိထားပြီး
မကုန်မချင်း ကျွေးတတ်တဲ့သူ
4️⃣ မိမိအိမ်တွင်
ကလေးအား ကျွေးလို့မရသမျှ
ကျောင်းတွင် ကျွေးပေးစေချင်သော
မိဘများဖြစ်လျှင်
5️⃣ မကြာခင် မူကြို (သို့ )
ကျောင်းထားရန် ရည်ရွယ်ထားသော
ကလေးမိဘများ
ဒီPostကို မဖြစ်မနေ ဖတ်သင့်ပါတယ် ‼️
✅ ပထမဦးစွာ အားလုံး သိထားသင့်တာက
မူကြိုမှ KGအရွယ် ကလေးတစ်ယောက်ရဲ့
အစာအိမ်ဟာ သူ့ရဲ့ လက်သီးနဲ့
အရွယ်အစား အတူတူပဲ ဖြစ်ပါတယ်
ဒီတော့ သူတို့ရဲ့ လက်သီး ပမာဏလောက်ရှိတဲ့ အစာအိမ်ထဲကို အတင်း မရမက
ရှိရှိသမျှ အကုန်ဝင်အောင်
အများကြီး ပြွတ်သိပ် ထည့်ပစ်တာမျိုးက အဆင်ပြေမယ်လို့ ထင်ပါသလား ❓
အမြင်သာဆုံး ဥပမာ ပေးရရင်
Hotpot ဆိုင်မှာ ပိုက်ဆံ ပြန်ပေးရမှာစိုးလို့
ကိုယ့်ဗိုက်က မဆန့်တော့တာကို
အတင်းကြိုးစားပြီး စားနေရတဲ့
အခြေအနေကို တွေးကြည့်လိုက်ပါ
ကလေးဆိုတာ
အစာချေဖျက်အားတော့ မြန်ပါတယ်
ဒီ့အတွက် Snack Timeဆိုတာလည်း
ထည့်ပေးထားတာပါ ‼️
မြန်မာမိဘအများစုက ထမင်းအများကြီးစားမှ အာဟာရ ရှိတယ် ထင်ပါတယ်
ကျွန်မမိဘတွေတောင် ရှေးရိုးစွဲ လူကြီးတွေ
ဖြစ်တဲ့အတွက် အခုထိ ဒီလို ထင်ဆဲပါပဲ
ကျွန်မတောင် ဒီလိုမျိုး
ကြီးပြင်းလာတော့ ဘာစားထား စားထား
ထမင်းစားလိုက်မှ ဗိုက်ဝတယ်
ခံစားရသလိုပေါ့လေ
ဒါကြောင့်လည်း ဝိတ်တက်လာတဲ့အခါ
ဝိတ်ကျမဲ့ အစားအသောက်ပုံစံကို ပြောင်းစားဖို့ ခက်ခဲနေတော့တာပေါ့
တစ်ကယ့်တော့ ကလေး လူကြီး ဘယ်သူမဆို
ထမင်း အသားငါး ဟင်းသီးဟင်းရွက် အရည်သောက် အသီး စသည်ဖြင့်
အစာအိမ်နှင့် သင့်တင့်မည့်ပမာဏကို
စားသုံးစေခြင်းက
ငယ်ရွယ်စဉ်မှစ အသက်ကြီးသည်အထိ
ကျန်းမာတဲ့ စားသောက်နေထိုင်မှု ပုံစံကို အစပျိုးပေးလိုက်ခြင်းပါပဲ
ကြီးမှ ဝလာမှ မကျန်းမာမှ ပြင်မယ်ဆို
အရမ်းခက်ခဲပါတယ်
မိဘတွေအနေနဲ့ ကိုယ်မလုပ်နိုင်ရင်တောင်
ကိုယ့်ကလေးကိုတော့ ဒီလိုအကျင့်လေး
ကလေးဘဝတည်းက
ပျိုးထောင် ပေးလိုက်သင့်ပါတယ်
🔥 မိဘတွေအနေနဲ့
ကိုယ်က ကျောင်းကို ထမင်းဟင်းတွေ
သင့်တင့်ရုံထည့်ပေးလိုက်တဲ့
ဆရာမတွေက ကုန်အောင် ကျွေးပေး
ကလေးတွေကလည်း ကုန်အောင်စားတဲ့အတွက်
ကလေးမဝဘူး ထင်လို့ဖြစ်စေ
လောဘကြီးပြီးတစ်နေ့ထက်တစ်နေ့
ထမင်းတွေကို သိသိသာသာ
အများကြီး တိုးတိုး ထည့်ပေးတာမျိုးဖြစ်စေ
လုံးဝ မလုပ်သင့်ပါဘူး
အစပိုင်းတော့ ကုန်လို့ ကိစ္စမရှိပေမဲ့
နောက်ပိုင်း ကလေးက မစားနိုင်တဲ့အခါ
ဆရာမက ချန်ထားခိုင်း
ဒီတော့ မိဘက Complaintတက်
မိဘက Complaintတက်လို့
ဆရာမက ကလေးကို
အကုန်စားခိုင်း
အဲတော့ ကလေးက မစားချင်ပဲစားရ
ဒီလိုသံသရာလည်ရင်းနဲ့
ကြားထဲက ကလေးပဲ စိတ်ညစ်ရပါလိမ့်မယ်
ကိုယ်က ကိစ္စသေးသေးလေး ထင်ပေမဲ့
နောက်ပိုင်း ကျောင်းမတက်ချင်သည်အထိ
ဖြစ်လာနိုင်ပါတယ်
🔥 🔥 မိဘအများစုက
ကလေးကို အိမ်မှာ ထမင်းကျွေးတဲ့အခါ
အချိန်အကန့်အသတ်မရှိ
မကုန်မခြင်း လိုက်ကျွေးတတ်တာမို့ အိမ်မှာဆို ဒီပမာဏ ကုန်တယ်ဆိုတာမျိုး ဖြစ်တတ်ပါတယ်
ကျောင်းတွေသည် ဘာအချိန်ပြီးရင်
ဘာအချိန်ဆိုပြီး သူ့ အချိန်နဲ့သူ
လုပ်ရမှာတွေ ရှိပါတယ်
ကျွန်မကျောင်းမှာဆို ထမင်းစားချိန် ၁နာရီ
ပေးထားပါတယ်
တစ်ချို့ဆရာမလေးတွေ ၁နာရီခွဲလောက်ထိ
ကျွေးတာမျိုး ရှိတဲ့အတွက်
မကျွေးဖို့ ကျွန်မက ပြောပါတယ်
ဒီအခါမျိုးမှာ မိဘက မကုန်ရင် Complaintလာတယ်ဆိုတာမျိုး ရှိပါတယ်
ဒီနေရာမှာ ကျွန်မ ပြောချင်တာက
ကျွန်မတို့သည် မတူညီသည့် မိဘများက
မွေးဖွားလာသည့် ကလေးများအားလုံးကို
သူ့အချိန်နှင့်သူ လုပ်တတ်ကိုင်တတ်
အံဝင်ခွင်ကျဖြစ်အောင်
စည်းကမ်းရှိသူဖြစ်အောင်
ပျိုးထောင်ပေးနေတာပါ
ထမင်းစားချိန် ကျော်ပြီး
ထမင်းမကုန်သည့် ကလေးကို
ထမင်းဆက်ကျွေးနေမည်ဆိုလျှင်
ကျန်သော ကလေးများ၏
တစ်နေ့တာ ပြုလုပ်ရမည့်
အချိန်ဇယားအတိုင်း
သွား၍ ရမည်မဟုတ်ပါ
ထမင်းမကုန်သော ကလေးအားစောင့်ပြီး
မကုန်မချင်း ဆက်ကျွေးနေပါက
ထိုကလေးသည်လည်း
စည်းကမ်းကို နားလည်သော
လိုက်နာသော ကလေး ဖြစ်လာမည် မဟုတ်ပါ
သူ့ဟာသူ တစ်ယောက်တည်း
စားပါစေဆိုရင်လည်း
တီချယ်တို့ကျောင်းသည်
ကလေးကို ဘယ်သောအခါမှ
တစ်ယောက်တည်း ပစ်ထားတာမျိုး မလုပ်ပါ
ဒီ့အတွက် မိဘများကဤသဘောတရားကို
နားလည်လက်ခံပြီး အိမ်မှာပါ ပုံစံတူ
ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုတာပါ
🔥 🔥🔥 အချို့သော
မိဘများသည်လည်း
မိမိအိမ်တွင် ကျွေးမရသည့်အတွက်
ရသည့်အချိန်အတွင်း ရသလောက်
အတင်းစားစေချင်တာမျိုး ဖြစ်တတ်ပါတယ်
မနက်စာလည်း ကျောင်းက
ကျွေးပေးစေချင်တာမျိုး
ည အိမ်ရောက်လျှင် ကျွေးမရဖြစ်မှာစိုးလို့
နေ့လည်စာမှာ
ညစာအတွက်ပါ ပေါင်းပြီး
အများကြီး ထည့်ပေးတာမျိုး
လုံးဝ လုံးဝ မပြုလုပ်သင့်ပါ
မိမိ မဆာသည့်အချိန် မစားချင်တဲ့အချိန်မှာ ၃နပ်စာလုံး တစ်ခါတည်း
စားထားနော် ဆိုတာမျိုးက
သင့်အတွက်ရော အဆင်ပြေပါသလား ❓
ပြီးတော့ ကျွန်မသည်
အစားအသောက်ရွေးခြင်းရဲ့
ဆိုးကျိုးကို ကောင်းကောင်းကြီး
နားလည်သူ ဖြစ်တဲ့အတွက်
အသားငါး မကြိုက်သည့်ကလေး
အသီးအရွက် မစားချင်တဲ့ကလေး
စသော ကလေးများကို
မိဘများက ကျွေးပေးပါ ပြောသည်ဖြစ်စေ
မပြောသည်ဖြစ်စေ
စားတတ်လာအောင် စားချင်လာအောင် ပြောပြီး
ကူညီကျွေးပေးပါတယ်
တစ်ခုရှိတာက မိဘများကလည်း
စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ်ပြီး
ထည့်ပေးဖို့ လိုပါတယ်
မကြိုက်တာလည်း ထည့်ပေးတယ်
စားချင်စရာလည်း မကောင်းဘူးဆိုရင်
အဲဒီအချိန် ခံစားရမဲ့ Feeling ကို
ကလေးနေရာကနေ
ခံစားတတ်သွားမယ် ထင်ပါတယ်
ကျွန်မသည်
ထမင်းမစားသည့်ကလေးဆိုလျှင်ပင်
ထမင်းစားလာအောင်
မိဘနှင့် ဆွေးနွေးပေးသူ ဖြစ်ပါတယ်
ဆရာမများသည် မနက်
ကျောင်းရောက်သည်နှင့် Lessonအတွက်
လိုအပ်တာ ပြင်ဆင်ရတာမျိုး
ကလေးများ Accident
မဖြစ်အောင် Overall ကြည့်ရှုရတာမျိုး
ပြုလုပ်ရတာမို့
ကျွန်မကျောင်းတွင်သာမက
မူကြိုအားလုံးတွင်
မနက်စာ ကျွေးပေးရန်
အဆင်မပြေသည့်အတွက်
မိမိအိမ်မှ တစ်ခါတည်း
ကျွေးခဲ့ဖို့ လိုအပ်ကြောင်းကိုလည်း
နားလည်ထားဖို့ လိုပါတယ်
မိမိသည် ကလေး ၁ယောက် ကြည့်ရသည်ကို ခက်ခဲသည်ဟု သတ်မှတ်လျှင်
ဆရာမများသည် ကလေးအများကို
ကြည့်ရှုပေးရခြင်း ဖြစ်ပါတယ်
သူတို့အလုပ်ပဲလေဆိုလျှင်
ဟုတ်ကဲ့ သူတို့အလုပ်ပါ
သူတို့ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပါ
ဒါပေမဲ့ ဖြစ်သင့်တာကို နားလည်လက်ခံ
ပူးပေါင်းဆောင်ရွက်ပြီး
ကိုယ်ချင်းစာပေးတတ်ဖို့
မူကြိုဆရာမများအားလုံးကို
ကိုယ်စားပြုပြီး ပြောပြပေးတာပါ
ဤPostကို ဖတ်မိသော ကလေးမိဘတိုင်း
မူကြိုဆရာမတိုင်း တစ်ခုခုတော့
အကျိုးရှိပါစေလို့ မျှော်လင့်လျှက် 💛
#တီချယ်မြ