08/07/2024
ဘာသာစကားသည် သင်ယူမှုအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။
မူကြိုကျောင်းဆိုတာ ၃နှစ်မှ၅နှစ်အရွယ် ကလေးငယ်တွေကို
ကျောင်းကြီးတက်ရမယ့်အချိန်မှာ အဆင်သင့်ဖြစ်နေစေဖို့
စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ၊ အသိဉာဏ်ပိုင်းဆိုင်ရာတွေ
မျှတစွာဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်ပေးရတဲ့ နေရာဖြစ်ပါတယ်။
ဖေဖေ မေမေ တွေအများစုက မိမိကလေးမူကြိုကျောင်းထားတော့မယ်
ဆိုရင် မူကြိုကျောင်းမှာ ဘာတွေသင်တာလည်းလို့ မေးတတ်ကြပါတယ်။
အဲဒီလို မေးမယ့်အစား မူကြိုကျောင်းက ကလေးငယ်တွေကို ဘယ်လို
ပြုစုပျိုးထောင်ပေးနေသလဲဆိုတာ မေးသင့်တယ်လို့ထင်မိပါတယ်။
အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ တစ်ယောက်နဲ့တစ်ယောက်
ဖွံ့ဖြိုးမှုခြင်းမတူညီကြပါဘူး။ အချို့ကလေးတွေက အသက် ၃ နှစ်မှာ
ပီသတဲ့ စကားလုံးတွေကို ကောင်းမွန်စွာပြောနိုင်နေပေမယ့် အချို့ကလေး
တွေကတော့ စကားလုံးကို သဲကွဲအောင် မပြောနိုင်ကြသေးပါဘူး။
မူကြိုကျောင်းကို ရောက်လာတဲ့ ကလေးငယ်တွေ အားလုံးကို ပထမဦးဆုံး
ဘာသာစကားဖွံ့ဖြိုးမှုတိုးတက်လာစေဖို့ အရင်လေ့ကျင့်ပေးရပါတယ်။
အဲဒီလိုလေ့ကျင့်ပေးတဲ့အခါမှာလည်း ကလေးတွေပျော်ရွှင်စွာ ကစားရင်း
နဲ့ လေ့ကျင့်ပေးရပါတယ်။
၃နှစ်အရွယ် ၄ နှစ်အရွယ် ၅ နှစ်အရွယ် မူကြိုကလေးငယ်တွေမှာ
အထူးသဖြင့် ၃ နှစ်အရွယ် ကလေးငယ်တွေကို ဘာသာစကားဖွံ့ဖြိုးမှု့
အတွက် အနုစိတ် အချိန်ပေးလေ့ကျင့်ပေးရပါတယ်။ ဘာသာစကား
ကို နားလည်လာအောင် ပထမအဆင့် အရင်လေ့ကျင့်ပေးပြီးမှ
ဒုတိယအဆင့် ပြန်ပြောတတ်လာအောင် လေ့ကျင့်ပေးရပါတယ်။
ပြီးမှသာ အဆင့်ဆင့်သော သင်ကြာမှု သင်ယူမှုတွေကို ပြုလုပ်ရတာဖြစ်ပါတယ်။
ဘာသာစကားဟာသင်ယူမှုဖြစ်စဉ်အတွက် အခြေခံအုတ်မြစ်ဖြစ်တာကြောင့်
မိမိတို့၏ သားငယ်သမီးငယ်များ ဘာသာစကားဖြိုးမှု ကောင်းမွန်စွာရရှိစေဖို့
ဖေဖေ မေမေ များ မိမိတို့အိမ်မှာ ကလေးငယ်တွေကို အချိန်ပေးပြီး
လေ့ကျင့်ပေးနိုင်ဖို့ နည်းလမ်းအချို့ကို ဝေမျှပေးလိုက်ပါတယ်။
ဘယ်အရွယ်ကစ လေ့ကျင့်ပေးလို့ရသလဲလို့မေးရင် မွေးကင်းစအရွယ်ကထဲက
စပြီးလေ့ကျင့်ပေးလို့ရပါပြီ။
ဘယ်လိုလေ့ကျင့်ပေးမလဲ?
(၁) သီချင်း၊ ကဗျာ ဆိုပြပါ။
- မွေးစကလေးငယ် နားလည်ပါ့မလား ၊ မစိုးရိမ်ပါနဲ့ စကားလုံးတွေကို
နားမလည်ပေမယ့် သံစဉ်တွေကို ခံစားတတ်ပါတယ်။ ကလေး
ငိုတဲ့အခါ သီချင်းဆိုပြရင် ကလေးအငိုတိတ်သွားတယ်မဟုတ်လား၊
ဒါကြောင့် ကလေးတွေကို သိပ်ရင် သီချင်းဆိုသိပ်ပါ၊ သားချော့တေးလေး
တွေများများ နားထောင်ရတဲ့ကလေးတွေက အခြားကလေးတွေထက်
ဘာသာစကားဖွံ့ဖြိုးမှုမြန်ပါတယ်။ စကားစောစောပြောတတ်ပါတယ်။
(၂) စကားများများပြောပေးပါ။
- ကလေးတွေက သူမိဘနဲ့စကားတီတီတာတာ ပြောရတာကြိုက်ပါတယ်
နေ့စဉ်နေ့တိုင်း မိမိကလေးငယ်နဲ့အတူရှိနေချိန်မှာ ကလေးမျက်နှာကိုကြည့်ပြီး
တီတီတာတာစကားလေးတွေ လိုက်ပြောပေးပါ ကလေးပြောထွက်လာတဲ့အသံကို
မိမိခံစားနားလည်ကြောင်း အသံအမူအယာ မျက်နှာအမူအယာနဲ့ ပြန်တုန့်ပြန်ပေးပါ
စကားပြောတတ်စအရွယ်မှာလည်း မိမိကလေးငယ်ကို အချိန်ပေးပြီး စကားတွေ
ပြောပေးပါ။ ဖေဖေ မေမေ နဲ့ တီတီတာတာ စကားပြောရတဲ့အချိန်ဟာ သူတို့
အတွက် အနွေးထွေးဆုံးအချိန်ပါပဲ။
(၃) ပုံပြင်စာအုပ်တွေ ဖတ်ပြပါ
- စာအုပ်ဖတ်ပြဖို့ ကလေးက ငယ်ပါသေးတယ်လို့ မတွေးမိပါစေနဲ့
မိမိကလေးကို စောနိုင်သမျှ စောအောင် ပုံပြင်စာအုပ်( ကလေးရုပ်ပြစာအုပ်)
တွေ တစ်နေ့တစ်ကြိမ် ပုံမှန်ဖတ်ပြသင့်ပါတယ်။ ပုံပြင်ပါအကြောင်းအရာ
တွေက ကလေးဘာသာစကားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရုံသာမက
ကလေးငယ်တွေရဲ့ သိလိုစိတ်ကိုပါ နိုးဆွပေးနိုင်တာမို့ ကလေးဉာဏ်ရည်
ထက်မြက်လာစေဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။ ငယ်ငယ်ကထဲက
စာအုပ်တွေနဲထိတွေ့ခွင့် ရလာခဲ့တဲ့ကလေးငယ်တွေက စာဖတ်တဲ့ ဝါသနာကိုပါ ရရှိစေ
နိုင်တာကြောင့်ပုံပြင်စာအုပ်ဖတ်ပြတာဟာ များစွာအကျိုးရှိစေပါတယ်။
(၄) ပြင်ပကမ္ဘာနဲ့ ထိတွေ့ခွင့်ပေးပါ။
- “ကလေးက ငယ်ပါသေးတယ် အပြင်ထွက်ရင် လေစိမ်းတိုက်ပြီး ဖျားတော့မယ်”
ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကလေးကို အိမ်ထဲမှာပဲ တချိန်လုံး ထားနေခဲ့ရင်
ကလေးတွေရဲ့ စူးစမ်းလိုစိတ်အသိအမြင်တွေ အားနည်းပြီး နောက်ကျကျန်
နေခဲ့ပါမယ်။ ဒါကြောင့် မိမိတို့ရဲ့ ကလေး ကို ပြင်ပကမ္ဘာနဲ့ ထိတွေ့ခွင့်ရအောင်
ကလေးကစားကွင်း ၊ ပန်းခြံ ၊ တိရိစ္ဆာန်ရုံ ၊ ရှော့ပင်းစင်တာ စတဲ့ နေရာမျိုးတွေ
ကိုလည်း တစ်ပတ်တစ်ကြိမ် ခေါ်သွားသင့်ပါတယ်။
ကလေးငယ်ဟာ ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ လူတွေ အသံတွေ ရောင်စုံမီး
တွေ ပန်းအလှပင်တွေ စတဲ့ မြင်မြင်သမျှအရာတွေကို စိတ်ဝင်တစားကြည့်
နေတတ်တဲ့အတွက် ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူ
ဖြစ်တဲ့အပြင် အပြန်အလှန်တီတီတာတာ စကားပြောဖို့ အခွင့်အရေးတွေကို
ရစေပါတယ်။
(၅) မေးခွန်းတွေ အပြန်အလှန်မေးပေးပါ။
- ကလေးတွေ စကားမပြောတတ်သေးပေမယ့် မိဘတွေ မေးတဲ့မေးခွန်းကို
နားလည်နေတတ်ပါပြီး။ ဉပမာ - ပျော်လား ၊ ကြိုက်လား၊ ကောင်းလား
စတဲ့မေးခွန်းတွေ မေးပေးတဲ့အခါ ကလေးငယ်တွေက မျက်နှာအမူအယာ
အသံအမူအယာနဲ့ ပျော်ကြောင်း ၊ ကြိုက်ကြောင်း ပြန်ဖြေကြတတ်ပါတယ်
ဖေဖေမေမေတွေက ကလေးရဲ့ အမူအယာကိုကြည့်ပြီး ပျော်ပျော်၊ ကြိုက်ကြိုက်
လို့ ပြန်ဖြေတတ်အောင် စကားသင်ပေးတတ်ကြတယ်မဟုတ်လား။
ဒါကြောင့် ကလေးငယ်တွေကို ငယ်ကထဲက မေးခွန်းမေးတတ်အောင်လည်းလေ့ကျင့်ပေးဖို့လိုပါတယ် ဒါမှ သူတို့ သိချင်တာ တတ်ချင်တာကို စူးစမ်း
ရှာဖွေဖို့ မေးခွန်းတွေ မေးတတ်လာပြီး ဘာသာစကားကို အခြားသူထက်
ပိုပြီး လျှင်လျှင်မြန်မြန် သင်ယူတတ်မြောက် လာကြလိမ့်မယ်။
ကလေးတွေ မေးခွန်းမေးတတ်တဲ့ အရွယ်ရောက်လာရင်တော့ စိတ်ရှည်ရှည်
ဖြေပေးဖို့တော့ လိုမယ်နော်။
ဘာသာစကားဟာ သင်ယူမှုအတွက် အခြေခံအုတ်မြစ်ဖြစ်တာကြောင့်
မိမိတို့ သားငယ်သမီးငယ်များ ထူးချွန်ထက်မြက်နေစေဖို့ ဘာသာစကား
ဖွံ့ဖြိုးမှုအတွက် စောနိုင်သမျှစောအောင် ပံ့ပိုးပေးကြဖို့ အကြံပြု
တိုက်တွန်းလိုပါတယ်။