17/04/2022
ရေးတော့အမှန် ဖတ်တော့အသံ
ဗမာမဟုတ်တဲ့သူတွေဗမာစကားမပီလို့သတ်ပုံပါမှားတာတော့အဆိုးမဆိုသာဘူး။ ဒါပေမဲ့သူတို့မှားတာကိုနားထောင်ကောင်းလို့ဆိုပြီးလိုက်အတုယူလို့တော့လည်းမဖြစ်ချေဘူး၊ ပြင်ပေးသင့်တယ်။ ကျွန်တော်တို့ငယ်ငယ်ကစလုံးဆလိမ်ကွဲအောင်အမေက ဆန်ဆီဆားဆေး ရွတ်ခိုင်းခဲ့ပြီး ဆူးစူးတယ် စိတ်ဆိုးတယ်လို့ပီအောင်ပြောတတ်လာတယ်၊ တက်နဲ့တတ်မကွဲတာ ထက်နဲ့ထပ်မကွဲတာတွေကျလက်ခံဖို့ရာခက်သွားပြီ။ ဗမာထဲမှာတောင်သနဲ့တမကွဲတာ ဒီနေ့ဝက်တားဟင်း ဆိုတာမျိုးကျလူကြီးတွေကလျှာခင်ငြိတာလို့ပြောကြတယ်။
မနှစ်ကမှဆုံးသွားတဲ့လန်ဒန်တက္ကသိုလ်ကဆရာဂျွန်အိုကယ် John Okell ကမြန်မာစကားမှာ အသံထွက်စည်းမျဥ်း voicing rule တခုရှိတယ်လို့ရေးခဲ့ဖူးပါတယ်။ တသက်လုံးစကားတတ်စကတည်းကပြောလာတာဆိုတော့လည်းအမှတ်တမဲ့ပဲမို့သူပြောတော့မှ ဪ.. ဟုတ်သားပဲလို့အောက်မေ့မိတယ်။
တစ်ကနေတဆယ်မှာတခုနှစ်ခုကနေသုံးခုကျတော့သုံးဂုလို့ထွက်တာကိုပြောတာ၊ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေပြောတဲ့အခါကျဒီလိုပြောင်းမသွားတာခုခေတ်မီဒီယာသတင်းဖတ်သူတချို့ကိုသတိထားမိကြပါလိမ္မယ်။ လူထုကိုလူဒုမထွက် ဗိုလ်ချုပ်ကိုဗိုလ်ဂျုပ်မထွက် ရေးချင်ကိုရေးဂျင်မထွက် သွားခဲ့ကိုသွားဂဲ့မထွက် ရေးတဲ့အတိုင်းထွက်နေကြသလိုပေါ့။
အသတ်သံပြတ်များ - ကသတ်စသတ်တသတ်ပသတ်တွေကအသံထွက်ကိုမပြောင်းစေဘူး၊ ဥပမာ လှေကားတ(တစ်)ထစ် နှစ်ထစ် သုံးဒစ် လေးဒစ် ငါးဒစ် ခြောက်ထစ် ခုနစ်ထစ် ရှစ်ထစ် ကိုးဒစ် ဆယ်ဒစ်။
အသတ်ပေမဲ့အထက်ကဆယ်ထစ်ယသတ်အပြင်ငသတ်နသတ်ညသတ်လသတ်ကျတော့လည်းသံပြတ်မဟုတ်လို့ပြောင်းတယ်၊ဥပမာ လုပ်ချင်ကိုင်ဂျင် ရိုက်ချင်ကန်ဂျင် သွက်ချင်မြန်ဂျင် ပျောက်ချင်ကင်းဂျင် မြင်ဂျင်မှတ်ချင် တတ်ချင်မှန်ဂျင်။ ပဲအသုံးမှာလည်းပဲသံမထွက် ဘဲနဲ့ဖဲသံထွက်တာမျိုး၊ ဥပမာ မသင်ဘဲမတတ်ဖဲ မဟုတ်ဖဲမမှန်ဘဲ မပစ်ဖဲမပြင်ဘဲ မပါဘဲမလိုက်ဖဲ။ အလားတူ မကြိုက်ဖူးမလှဘူး မလုပ်ဖူးမကိုင်ဘူးမမြင်ဘူးမရောက်ဖူး မစားဘူးမသောက်ဖူး။ ဝင်သက်ထွက်သက် စာအုပ်သစ်နာမည်သစ်အဝတ်သန့်ရေသန့်ဖိနပ်သည်မုံ့သည်တို့မှာလည်းသသံချင်းမတူဘူးမို့လား။
ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကအင်္ဂလိပ်လိုကျတော့ဗမာထက်ပိုပီတာသတိထားမိကြပါသလား။ အကြောင်းကဗမာအက္ခရာမှာ ကခ တထ ပဖ လေမထွက်တာ unaspirated နဲ့ လေထွက်တာ aspirated voicing သေသေချာချာကွဲပြားတော့အင်္ဂလိပ်လို k(c) t p ကိုဗမာကအသံမှန် ခ ထ ဖ မထွက်ပဲ က တ ပ ထွက်နေလို့။ လွန်ခဲ့တဲ့ ၄၅နှစ်လောက်ကဆေးရုံမှာစစ္စတာနော်ထီးရာက pain ကိုဖိန်းထွက်ပေမဲ့ကျွန်တော်ကပိန်းထွက်နေတာမျိုး။ သူကအသံထွက်မှန်တယ်။ အင်္ဂလိပ်တွေကျပြန်တော့ က တ ပ ကိုရှေ့ကစသံပါမှထွက်နိုင်တယ် ဥပမာ စကတ်(ထ်) စတန့်(ထ်) စပိန်(န်) ခုခေတ်ဘိုလိုပဲ စတိုင်(လ်) လုပ်ပြောနေကြတဲ့ စပိကောက်(စပိခေါက်ထ်) စပို့(စပ္ပို့ထ်)။
ဒီနေရာမှာနောက်ဆက်တွဲပြဿနာကဘားဂလစ်ရှ် Burglish နဲ့ ဖိုးဖိုးကို ဗမာက Phoe Phoe ရေးတော့ အင်္ဂလိပ်က Foe Foe ဖတ်၊ Po Po နဲ့ပြီးရမဲ့ကိစ္စ။ အလားတူ ဖေဆိုတဲ့နာမည်နဲ့ဖေဖေကို မူလသတ်ပုံ Pe မရေးပဲ Phay လုပ်လာကြပြန်တော့သူများက Fay လို့ဖတ်မှာ။ ရှေးကတည်းက ဖြူ Phyu နဲ့ ဘုန်း/ဖုန်း Phone လည်းအတူတူပေမဲ့ကြာလှပြီမို့ပြင်ကြမယ်မထင်။ ဗမာလိုပနဲ့ဖကွဲပြားချင်ရင် H ကို p ရှေ့ကထား Hpyu Hpone.. မွှေး Hmwe ထက် Htet လိုပေါ့။ ခုခေတ်မှာပိုဆိုးလာတာက ပုလဲမူလသတ်ပုံ Pale ကို Palel ရေးလာကြတာမျိုး၊ ကြယ် နွယ် ကို Kye Nwe နဲ့မပြီးပဲ Kyel Nwel လုပ်လာကြတာမျိုး၊ ကိုယ့်ဗမာပါးစပ်ကနောက်ဆုံးပိတ် လ သံကိုထွက်လေ့မရှိဦးတော့နိုင်ငံခြားသားတွေက ပလဲလ် ကြဲလ် နွဲလ် လို့ထွက်မယ်။
အဆုံးမတော့ကိုယ်လည်းသူ့အသံမပီသူလည်းကိုယ့်အသံမပီ အသံတုဝိဇ္ဇာမဟုတ်ရင်အထုံဝါသနာပါရမီမပါရင် ဗမာလိုမပီတာအင်္ဂလိပ်လိုငပိသံထွက်တာကိုအပြစ်မြင်နေလို့တော့အပိုပါပဲ။ အဲ.. သတ်ပုံမှာတော့မူကွဲတွေလက်ခံနိုင်ရမှာဖြစ်သော်လည်းပစ္စလက္ခတ်မလုပ်ကြပဲမြန်မာစာဖြစ်ဖြစ်အင်္ဂလိပ်စာဖြစ်ဖြစ်မှန်အောင်ကြိုးစားသင့်ပါတယ်။