Smart Wisdom Academy

Smart Wisdom Academy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Wisdom Academy, College & University, No. 60, 4Floor, Hledan Street, Kamayut Township, Yangon, Kamayut.

30/12/2024

💢 ကျောင်းသားကျောင်းသူများကို စဉ်းစားချိန်ပေးပါ… 💢

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဆရာဆရာမများအနေနှင့် အတန်းထဲတွင်မေးခွန်းများမေးပြီးနောက် အဖြေရရှိရန် မည်မျှစောင့်ဆိုင်းတတ်ပါသလဲ။ ပုံမှန်အားဖြင့် ဆရာဆရာမများသည် မေးခွန်းမေးပြီးနောက် ချက်ချင်းအဖြေရရန် ကြိုးစားတတ်ကြပါသည်။

ဆရာဆရာမများသည် ကျောင်းသားကျောင်းသူများ၏ လေ့လာသင်ယူမှုကို သိရှိရန် မေးခွန်းများမေးလေ့ရှိကြပါသည်။ မိမိတို့ သင်ကြားသော သင်ခန်စာကို နားလည်မှုရှိမရှိသိရှိရန် မေးခွန်းများမေးကြပြီး လွယ်ကူသောမေးခွန်းများ မေးသည့် အခါတွင် ကျောင်းသားကျောင်းသူများအနေနှင့် အလွယ်တကူဖြေကြားနိုင်သော်လည်း ခက်ခဲသော မေးခွန်းများအတွက်မူ စဉ်းစားရန် အချိန်ပေးရမည် ဖြစ်ပါသည်။ မေးခွန်းမေးပြီးနောက် အချိန်အနည်းငယ် (၁-၂မိနစ်) ခန့် စဉ်းစားချိန် ပေးခြင်းသည် ကျောင်းသားကျောင်းသူများ၏ သင်ကြားသင်ယူမှုကို တိုးတက်စေပါသည်။

စစ်တမ်းများအရ မေးခွန်းမေးပြီးနောက် ကျောင်းသားကျောင်းသူများအား စဉ်းစားချိန် ပေးခြင်းသည် သင်ကြားသင်ယူမှုတွင် အကျိုးကျေးဇူးရှိသည်ကို တွေ့ရပါသည်။ မေးခွန်းမေးပြီးနောက် စဉ်းစားရန် အချိန် ၁-၂မိနစ် ခန့်ပေးလိုက်ခြင်းသည် သိသာထင်ရှားသော သက်ရောက်မှုရှိပါသည်။ သို့သော် ဆရာဆရာမ များအနေနှင့်မူ စဉ်းစားချိန်ကို ၀.၉ စကန့်သာ ပေးတတ်ကြသည်ဟု စစ်တမ်းများအရ တွေ့ရပါသည်။ ဆရာဆရာမများအနေနှင့် စဉ်းစားရန် အချိန် ၁-၂ မိနစ် စောင့်ဆိုင်းရသည်ကို အလွန်ရှည်ကြာသည်ဟု ထင်မြင်တတ်ကြပါသည်။ မိမိ၏ အတန်းတွင် ၁-၂ မိနစ်ခန့် တိတ်ဆိတ်နေခြင်းကို သည်းခံရန် ခက်ခဲတတ်ကြပါသည်။ စဉ်းစားချိန်ပေးသည့်အခါတွင်လည်း စာသင်ခန်းအတွင်း တိတ်ဆိတ်မနေစေရန် မေးခွန်းကို ထပ်ခါထပ်ခါ မေးနေခြင်း၊ မေးခွန်းကို နောက်တစ်မျိုးပြောင်းမေးခြင်း၊ သင်ခန်းစာကို ထပ်ခါထပ်ခါရှင်းပြခြင်း စသည်တို့ကို ပြုလုပ်တတ်ကြပါသည်။ စဉ်းစားချိန်ပေးရာတွင် ဆရာမှ မည်သို့မျှဝင်ရောက်စွက်ဖက်မှုမလုပ်ဘဲ တိတ်ဆိတ်စွာဖြင့် ကျောင်းသားအနေနှင့် လွတ်လပ်စွာ စဉ်းစားရန် အချိန်ပေးရမည်ဖြစ်ပါသည်။

မေးခွန်းမေးပြီးနောက် ကျောင်းသားကျောင်းသူများကို ချက်ခြင်းဖြေကြားစေခြင်းမျိုးမပြုဘဲ စဉ်းစားရန် အချိန်ပေးလိုက်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူများအနေနှင့် မေးခွန်းကို သေချာနားလည်သဘောပေါက်ပြီး အဖြေကိုလည်း ပိုမို ယုံကြည်မှုရှိရှိဖြေကြားနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် အတန်းထဲတွင် ရှိသော ကျောင်းသားကျောင်းသူများသည် တစ်ဉီးနှင့် တစ်ဉီး လေ့လာသင်ယူပုံ အကျင့်စရိုက် စသည်တို့သည် တစ်ဉီးနှင့် တစ်ဉီး မတူညီကြသောကြောင့် ဆရာ၏ မေးခွန်းကို ချက်ချင်းဖြေနိုင်သည့်သူ ရှိနိုင်သော်လည်း အဖြေရရန် ခေတခဏ စဉ်းစားရသည့် ကျောင်းသားကျောင်းသူများလည်းရှိနိုင်ပါသည်။ အထူးသဖြင့် ကျောင်းသားကျောင်းသူများ၏ ထင်မြင်ယူဆချက်များကို မေးသောမေးခွန်းများတွင် ၎င်းတို့၏ ယူဆချက်ကို အများနှင့် ထုတ်ဖော်မပြောခင် ကျောင်းသားကျောင်းသူများအနေနှင့် စဉ်းစားရန် အချိန်လိုအပ်မည် ဖြစ်သည်။ ထို့ပြင် စဉ်းစားရန် အချိန်ပေးခြင်းကြောင့် ကျောင်းသားကျောင်းသူများအနေနှင့် သင်ခန်းစာကို ပြန်လည် ဆန်းစစ်တွေးတောရန် အလေ့အကျင့်ပြုလုပ်ပေးသကဲ့သို့ဖြစ်သောကြောင့် စဉ်းစားတတ်သော အလေ့အကျင့်ကို ပျိုးထောင်ပေးရာရောက်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဆရာဆရာမများအနေနှင့် စာသင်ခန်းအတွင်း တိတ်ဆိတ်နေခြင်းကို ကြောက်ရွံ့မနေဘဲ ကျောင်းသားကျောင်းသူများကို စဉ်းစားရန် အချိန်တစ်ခုပေးခြင်းဖြင့် ထိရောက်သော သင်ကြားသင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် ဆုမွန်ကောင်းပြုပါသည်။

စာရေးသူ – ဆရာမပွင့်ရည်ဝင်း
မေတ္တာဖြင့်……
Credit: Sayama-ဆရာမ

#ဒီလှိုင်

28/12/2024

💢 ထိရောက်သော ကျောင်းတွင်းလုပ်ငန်း (၅)သွယ် 💢

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

စာသင်ကျောင်းဆိုတာ ကလေး၊လူကြီး၊ရပ်ရွာ၊နိုင်ငံ မခွဲဘဲ အသက်အရွယ်မရွေး၊ရာထူးမရွေး၊ ဖွဲ့အစည်းတိုင်းအတွက် အရေးပါတဲ့နေရာဖြစ်ပါတယ်။ နိုင်ငံရဲ့ဖွံ့ဖြိုးမှု၊ တိုးတက်မှုတွေဟာ စာသင်ကျောင်းတွေရဲ့ ထိရောက်မှု၊ တိုးတက်ကောင်းမွန်မှုတွေအပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ဆိုတဲ့ ဆောင်ပုဒ်ကို ကျောင်းတွေမှ ချိတ်ဆွဲထားပြီး ဆရာ၊မတွေ၊ ကျောင်းအုပ်တွေ၊ ပညာရေးလုပ်သားတွေရဲ့ အရည်သွေးကို ဖွံ့ဖြိုးအောင် မစွမ်းဆောင်နိုင်၊ ကျောင်းအခြေအနေကလည်း မတိုးတက်၊ သင်ကြားနည်းစနစ်ကလည်း ခေတ်မမီတဲ့အပြင် မထိရောက်ဘူးဆိုရင်လည်း ဆောင်ပုဒ်ဟာ အိပ်မက်သာသာပါပဲ။ ဒါကြောင့် ဒီတစ်ပတ်မှာ “ဆရာမ ဖောင်ဒေးရှင်း”အနေနဲ့ ဒီနှစ်ထဲမှာ ကျောင်း (၂) ကျောင်းကို ပံ့ပိုးပေးဖို့ ပြင်ဆင်ထားတဲ့ နည်းလမ်း (၅၀)ထဲက ထိရောက်တဲ့ ကျောင်းဖြစ်အောင် ပြုလုပ်နိုင်မယ့် ကျောင်းတွင်း လုပ်ငန်း (၅)သွယ်ကို ဖေါ်ပြပေးလိုက်ပါတယ်။

၁) ရည်ရှည်တည်တံ့ရေး အစီအစဉ် (Sustainability Plan)

ကျောင်းတစ်ကျောင်းဟာ ရည်ရှည်တည်တံ့ဖို့ဆိုရင် တစ်ဦးတစ်ယောက်ထဲကိုပဲ အမြဲ အားကိုးနေလို့ မရပါဘူး။ ကျောင်းအုပ်ဖြစ်စေ၊ အလှူရှင်ဖြစ်စေ၊ ဆရာမဖြစ်စေ တစ်ဦးတစ်ယောက်ကိုပဲ မှီခိုနေရင် အဲဒီ့တစ်ဦးတစ်ယောက် မရှိတော့တဲ့အခါ ကျောင်းက မရပ်တည်နိုင်တာတွေဖြစ်လို့ ကျောင်းတွေ ပိတ်ပလိုက်ရတာ တွေ့ရပါတယ်။ ကျောင်းပိတ်လိုက်တဲ့အခါ ကျောင်းကို မှီခိုနေတဲ့ ရပ်ရွာနဲ့ ကလေးတွေ နစ်နာကြရတာပါပဲ။ ကျောင်းတစ်ကျောင်းကို စတော့မယ်ဆိုရင် ဒီကျောင်းရပ်တည်ဖို့အတွက်၊ ရေရှည်တည်တံ့ဖို့အတွက် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရပါမယ်။ စဉ်းစားတဲ့အခါ ကျောင်းအုပ်၊ ဆရာ၊မ၊ ရပ်မိရပ်ဖ စတဲ့သူတွေပါ ပါဝင်သင့်ပါတယ်။ အရှည်ကို မျှော်တွေပြီး ငွေကြေး၊ စည်းမျဉ်းဥပဒေသ၊ ပူးပေါင်းမယ့်ပုံစံစတာတွေကို အတူတစ်ကွ စဉ်းစားအဖြေရှာပြီး လိုက်နာလုပ်ဆောင်ဖို့လိုပါတယ်။ စဉ်းစားတဲ့အခါ ကိုယ်မရှိတော့ရင် ဘယ်လိုလုပ်မလဲဆိုတာကစ စဉ်းစားပါ။ အဖွဲ့အစည်းတစ်ခုဟာ ကျောင်းအုပ်မရှိရင်တောင်၊ ဆရာမ တစ်ယောက် လျော့သွားရင်တောင် အတော်အတန် တောင့်ခံနိုင်မှ ဖြစ်မှာပါ။ ဒါကြောင့် အာဏာ၊ ပူးပေါင်းမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု စတာတွေကိုလည်း မျှတအောင်၊ အားလုံးလက်ခံနိုင်အောင် ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

၂) ကလေးသူငယ်စောင့်ရှောက်ရေး ဥပဒေ (Child Protection Policy)

ကျောင်းတိုင်းမှာ အလုပ်လုပ်နေတဲ့ ဆရာ၊မ တွေ ကျောင်းအုပ်တွေ အပြင် ရပ်မိရပ်ဖတွေ အားလုံးပါ ကလေးကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့အတွေးအပြင် ဘယ်လို စောင့်ရှောက်မှ ကလေးတွေအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာလည်း သိထားသင့်ပါတယ်။ ၁၉၉၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံက ကလေးသူငယ်ဆိုင်ရာ ဥပဒေကို သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ ကလေးတွေရဲ့ အခွင့်အရေးတွေကို မထိခိုက်သော စည်းမျဉ်းဥပဒေသတွေကို ကျောင်းတွင်း၊ပြင် လူကြီးတွေက ပူးပေါင်းပြီး စဉ်းစားရေးဆွဲကြဖို့လိုပါတယ်။ ကလေးတွေအတွက် ကိုယ့်ဒေသ၊ ကိုယ့်ကျောင်းမှာ ဖြစ်နိုင်ခြေရှိတဲ့ အခက်အခဲ၊ ပြဿနာတွေ အပြင် ချိုးဖောက်ခြင်းခံရနိုင်တဲ့ အခွင့်အရေးတွေကို မိဘ၊ဆရာ၊ရပ်မိရပ်ဖအားလုံး မျက်နှာဆုံညီ စဉ်းစားပြီး ဖြစ်လာနိုင်ခြေရှိတဲ့ အခက်အခဲ ပြဿနာတွေ မဖြစ်လာအောင် ဘယ်လို စည်းမျဉ်းတွေချမလဲ၊ ဘာတွေကို လိုက်နာကြမလဲ၊ မလိုက်နာရင် ဘာတွေ လုပ်မလဲ စသည်ဖြင့် အားလုံးသဘောတူပြီးရေးဆွဲသင့်ပါတယ်။ ကလေးတွေအတွက် ရေးဆွဲတာဖြစ်လို့ ကလေးတွေကိုလည်း အသိပေးပြီး ကလေးဆီက အမြင်တွေလည်း တောင်းခံဖို့လိုပါတယ်။ ကလေးတွေရဲ့ အခွင့်အရေးဟာ ကလေးတွေ လူကြီးတွေကို ပြန်စော်ကားဖို့၊ အရိုသေတန်ဖို့ မဟုတ်ဘဲ ကလေးတွေရဲ့ ရရှိသင့်တဲ့ အခွင့်အရေးတွေကို ရရှိဖို့ အားလုံးပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်တယ်ဆိုတာလည်း သိစေအပ်ဖို့လိုပါတယ်။

၃) ကျောင်းတွင်း နံရပ်ကပ် သတင်းစာ (School’s Newsletter Board)

ကျောင်းအတွင်း၊ စာသင်ခန်းအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မျှဝေနိုင်ဖို့ အခွင့်အလမ်းပေးခြင်းဖြစ်ပါတယ်။ ကျောင်းတွင်း နံရံကပ် သတင်းစာဆိုတာ ကျောင်း၊ စာသင်ခန်းနှင့် ကျောင်းပတ်ဝန်းကျင်နဲ့ သတ်ဆိုင်သော အများ သိစေချင်သည့်၊ အများသိသင့်သည့် အကြောင်းအရာတွေကို ကလေး၊ ဆရာ၊မ ၊ ကျောင်းအုပ် တို့က ရေးသားပြီး အားလုံးမြင်သာမယ့်နေရာမှာ စုစည်းကပ်ပေးထားရတဲ့ နေရာကို ဆိုလိုတာပါ။ ကျွန်မ မြင်ဖူးတဲ့ နံရံကပ်သတင်းစာတွေမှာဆို ကလေးတွေက သူတို့ကို ကူညီခဲ့တဲ့သူတွေကို ကျေးဇူးတင်ကြောင်းရေးပြီး အသိမှတ်ပြုကြတယ်၊ ဆရာ၊မတွေရဲ့ ကောင်းမွန်သော သင်ကြားနည်းစနစ်တွေ အားပေးစကားတွေကို စာရေးပြီး ကပ်ထားကြတယ်၊ ကျောင်းအုပ်တွေကလည်း ကျောင်းအတွက် ဘာတွေ ဘယ်လို လုပ်ဖို့ စီစဉ်နေပြီဆိုတာ ရေးပြီး အသိပေးတယ်၊ ဆရာ၊မတွေလည်း စာသင်ခန်းရဲ့ တွေ့ရှိချက်တွေ၊ ကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အကြောင်းအရာတွေကို ရေးသားကြတယ်။ သြစတျေးလမှာ ကျွန်မတာဝန်ကျခဲ့တဲ့ ကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းရဲ့ ဝင်ပေါက်မှာ ကလေးတွေရဲ့ တစ်လအတွင်းက ဓါတ်ပုံတွေ၊ ကျောင်းစာသင်ခန်းအတွင်း သင်ယူတဲ့အခါ ထားရှိသင့်တဲ့ တန်ဖိုးထားမှုတွေနဲ့ ကျောင်းကို မိမိတို့ချစ်ခင်ရာနေရာတစ်ခုဖြစ်ဖို့ အချက်အလက်လေးတွေ တင်ပေးထားပါတယ်။ နံရပ်ကပ် သတင်းစာ ရေးခိုင်းခြင်းဟာ ကလေးတွေအတွက်လည်း စာရေးသားမှုမှာ တိုးတက်လာစေသလို၊ ကျောင်းတွင်းရှိနေသူတွေအကြား အပြုသဘောဆက်ဆံရေးနဲ့ ပွင့်လင်းမြင်သာမှုကို ပြသနိုင်စေပါတယ်။ အဲဒီ့အတွက်လည်း ဘယ်လိုစာတွေကို ကပ်ရမယ်ဆိုတာကို တာဝန်ရှိသူတွေက ဆွေးနွေးကြဖို့လိုပါတယ်။

၄) အတတ်ပညာ သင်ယူမှု အဝန်းအဝိုင်း (Professional Learning Community)

ကျောင်းဆရာ၊မတွေ၊ ကျောင်းအုပ်တွေ၊ ပညာရေးလုပ်သားတွေဟာ အတတ်ပညာတစ်ခုကို ကျွမ်းကျင်ကြသော အတတ်ပညာရှင်တွေဖြစ်ကြပါတယ်။ အသိပညာ၊ အတတ်ပညာတွေကို ရှင်သန်ဖို့ သင်ကြားပေးတဲ့ အသိပညာ၊အတတ်ပညာရှင်တွေဟာ ကိုယ့်မှာ ရှိနေတဲ့ အသိပညာ၊အတတ်ပညာတွေကို အမြဲ တိုးတက်အောင် လုပ်ရင်းအားဖြင့် ရှင်သန်အောင် လုပ်ကြရပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ ဗဟုတ်သုတ၊ ကျွမ်းကျင်မှုတွေကိုတောင် အမြဲရှင်သန်အောင် မလုပ်နိုင်ဘူးဆိုရင် အမြဲပြောင်းလဲနေတဲ့ အခြေအနေမှာ ကြီးပြင်းလာကြတဲ့ ကလေးတွေကို ဘယ်လိုမျိုး ကိုက်ညီသော၊ သင့်လျော်သော၊ ရှင်သန်နေသော အသိပညာ၊ ဗဟုသုတကို ပေးဖို့ လွယ်ကူပါ့မလဲ။ အသိပညာ၊အတတ်ပညာတွေ သုံးစားလို့ရနေအောင်၊ အသုံးဝင်နေအောင် အမြဲတမ်းလေ့လာသင်ယူနေဖို့က အလွန်ကို အရေးကြီးပါတယ်။ ဒါကြောင့် အမြဲသင်ယူနိုင်ဖို့ အဝိုင်းအဝန်းလေးတွေ ဖန်တီးကြဖို့လိုပါတယ်။ PLC လုပ်တဲ့အခါ နည်းလမ်းအမျိုးမျိုးနဲ့လုပ်ကြပါတယ်။ ဘာသာရပ်တူ ဆရာ၊မတွေ ပူးပေါငး်ပြီး ဘာသာရပ်ဆိုင်ရာ အကြောင်းအရာတွေ ဆွေးနွေးခြင်း၊ အတန်းတူ ဆရာ၊မတွေ ပေါင်းပြီး အတန်းအလိုက် သင်ကြားရေးဆိုင်ရာ ဗဟုသုတတွေ မျှဝေခြင်း၊ ကျွမ်းကျင်မှုတိုးတက်ဖို့ စိတ်ဝင်စားသူတွေပေါင်းပြီး ကိုယ်တိုးတက်ချင်တဲ့ ကျွမ်းကျင်မှုအပေါ် လေ့လာစောင့်ကြည့်ပြီး ပြန်လည် သုံးသပ် သင်ယူကြခြင်း၊ မတူညီသော ကျောင်းတွေရဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေ၊ အလုပ်တွေကို အချင်းချင်း ပုံမှန် မျှဝေ သင်ယူကြခြင်း စသည်ဖြင့် အမျိုးမျိုးလုပ်ကြပါတယ်။ ကျောင်းအုပ်၊ ဆရာ၊မ၊ ရပ်မိရပ်ဖ စသူတွေ အကုန်လုံးဟာ ကိုယ်စီ တတ်သင့်၊ သိသင့်တဲ့ ပညာဗဟုသုတကို အတူတူရှာမှီးဖို့၊ မျှဝေဖို့ ကြိုးစားကြမယ်ဆိုရင် ကိုယ်စီရဲ့ အသိပညာ၊ အတတ်ပညာလည်း ရှင်သန်အောင် ကြိုးပမ်းပြီးသားဖြစ်သလို ကလေးတွေလည်း တန်ဖိုးရှိသော၊ ထိရောက်သော အသိပညာတွေ၊အတတ်ပညာတွေရဖို့ အခွင့်အလမ်းတွေ အများကြီး ရနိုင်ပါတယ်။

၅) သင်ယူရာ ထောင့် (Learning Corner)

သင်ယူရာထောင့်ဆိုတာ နာမည်အတိုင်း ကလေး၊လူကြီး ဘယ်သူမဆို သင်ယူဖို့အတွက် အခွင့်အလမ်းတွေအများကြီးရှိတဲ့ နေရာလေးတစ်ခုကို ဆိုလိုပါတယ်။ စာသင်ခန်းတွေရဲ့ ထောင့်မှာ ထားကြတဲ့အတွက် သင်ယူရာ ထောင့်လို့ သုံးကြပါတယ်။ ကျွန်မကတော့ သင်ယူရာ ထောင့်ကို ပိုမို ကျယ်ပြန့်စွာ တွေးပြီး ကလေးတွေ သင်ယူနိုင်ဖို့ အခွင့်အလမ်းပေးမယ့် နေရာလို့ ယူဆပါတယ်။ သင်ယူရာ ထောင့်မှာ စာအုပ်တွေ၊ သင်ထောက်ကူတွေ၊ သင်နည်းမှတ်စုတွေ ထားရှိကြပါတယ်။ အချို့တွေက စာကြည့်တိုက်ပုံစံထားတယ်၊ အချို့က ပြတိုက်ဆန်ဆန်ထားကြတယ်။ အဓိက ကတော့ သင်ယူစရာ ပစ္စည်းတွေ စုထားတာပါ။ သင်ယူရာ ထောင့်ကို စာသင်ခန်းတိုင်းမှာ ထားလို့ရသလို ကျောင်းရဲ့ နေရာတစ်ခု သတ်မှတ်ပြီးတော့ အားလုံး လာနိုင်ဖို့ဖိတ်ခေါ်လို့လည်းရပါတယ်။ အဓိကကတော့ ဒီသင်ယူရာနေရာလေးမှာ ကလေးတွေအတွက် ဖတ်စရာ၊ မှတ်စရာ၊ လေ့လာစရာ စာအုပ်စာပေနဲ့ ပစ္စည်းတွေ ထားရှိဖို့ပါပဲ။ စာအုပ်စာပေမရှိသော၊ စာအုပ်စာပေတွေကို အသုံးပြုခွင့်မရသော ကျောင်းက ကလေးတွေဟာ စာဖတ်ခြင်းနဲ့ အကျွမ်းတဝင်မဖြစ်ကြတဲ့အတွက် စာဖတ်ခြင်းကို ခုံမင်မှု အားနည်းပါတယ်၊ ပြင်ပလေ့လာမှု မရှိသလောက်ဖြစ်ပါတယ်။ သင်ယူရာနေရာလေးတွေမှာ စာအုပ်တွေကို အလှည့်ကျ ဖတ်ခိုင်းတာမျိုး၊ အဖွဲ့လိုက် အတန်းလိုက် အလှည့်ကျ လာရောက်ဖတ်ခိုင်းတာမျိုး၊ ဆရာမက တစ်တန်းလုံးကို စာလာဖတ်ပြတာမျိုး၊ အားလပ်ချိန်မှာ စာဖတ်ဖို့ သွားရောက်စေတာမျိုးလေး လုပ်ခိုင်းလို့ရပါတယ်။ ကလေးတွေရဲ့ တီထွင်ဖန်တီးမှုတွေကိုလည်း တစ်စုတစ်စည်းထဲ ပြသထားနိုင်တဲ့အတွက် ကလေးတွေအတွက် ဂုဏ်ယူစရာနေရာလေးလည်း ဖြစ်နိုင်ပါတယ်။

ရည်ရှည်တည်တံ့ရေးအစီအစဉ်၊ ကလေးကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ကျောင်းတွင်း နံရံကပ် သတင်းစာ၊ အတတ်ပညာ သင်ယူမှု အဝန်းအဝိုင်း နဲ့ သင်ယူရာထောင့် စတဲ့ ကျောင်းတွင်း လုပ်ငန်းတွေဟာ ပြည့်စုံစွာ ဖွံ့ဖြိုးတိုးတက်သော ကျောင်းတစ်ကျောင်းဖြစ်ဖို့ ပံ့ပိုးပေးမယ့် နည်းလမ်းများစွာထဲက (၅)ခုပဲဖြစ်ပါတယ်။ ပညာရေးကောင်းဖို့၊ ကျောင်းတွေတိုးတက်ဖို့၊ ကလေးတိုင်းပညာရရှိဖို့ဟာ ကျွန်မတို့ မြန်မာနိုင်ငံလို တိုးတက်ဖို့ ရုန်းကန်နေရဆဲ နိုင်ငံတွေအတွက် အလွန်အရေးကြီးသလို တိုးတက်မှုကို ထိန်းသိမ်းထားနေရတဲ့ နိုင်ငံတွေအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ကျောင်းဆရာ၊မ၊ ကျောင်းအုပ်၊ မိဘ၊ ရပ်မိရပ်ဖ အားလုံးဟာ ကိုယ်တတ်နိုင်တဲ့ဘက်က ပညာတွေကိုရှင်သန်အောင် ကိုယ်တိုင်လည်းလေ့လာ၊ မျှတသော ကောင်းမွန်သော ပညာရေး ရပ်ဝန်းတွေလည်း ဖန်တီးပြီး သင်ယူမှုအခွင့်အလမ်းတွေလည်း ဖွင့်ပေးကြမယ်ဆိုရင်ဖြင့် ကျွန်မတို့လိုချင်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီကို ရောက်ရှိဖို့ ဖြစ်နိုင်ပါတယ်။

မေတ္တာဖြင့်……
Credit: Sayama-ဆရာမ

#ဒီလှိုင်

26/12/2024

💢 အနုပညာနှင့် ကလေးစိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု 💢

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အနုပညာဆိုတာ လူတွေရဲ့စိတ်ကို သိမ်မွေ့စေ၊ လူတွေကို အပန်းပြေစေတဲ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း တစ်စိတ်တစ်ပိုင်း ဖော်ပြနေပါတယ်။ ကလေးတွေနဲ့ပတ်သက်တဲ့ အနုပညာ လုပ်ငန်းတွေဆိုတာကတော့ တေးသီချင်းတွေနားထောင်တာ၊ သီဆိုတာ၊ တူရိယာတွေတီးမှုတ်တာ၊ ကခုန် တာ၊ ပြဇာတ်တွေ၊ ကျောင်းကပွဲတွေမှာ သရုပ်ဆောင်တာ၊ ပန်းချီဆွဲတာ၊ သဲ၊ ရွှံ့စတာတွေနဲ့ ပုံဖော်တာ၊ ဘလောက်တုံးတွေနဲ့တည်ဆောက်တာနဲ့ တခြားလက်မှုပညာဖန်တီးမှုပြုလုပ်တာတွေ ဖြစ်ပါတယ်။ ဒီ အနု ပညာဆိုင်ရာလုပ်ငန်းတွေဟာ ကလေးငယ်လေးတွေရဲ့ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှုကိုလည်း တိုးတက် ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။တွေ့ရှိချက်တစ်ခုအရ ဂီတကိုအခြေခံတဲ့ လှုပ်ရှားမှုတွေဟာ လူမှုဆက်ဆံရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတွေဖြစ်တဲ့ သူတစ်ပါးကိုကူညီခြင်း၊ ဂရုစိုက်တတ်ခြင်း၊ ဝေမျှတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း စတဲ့ အပြုအမူတွေကို အားကောင်းစေပါတယ်တဲ့။ ဒါ့အပြင် ဂီတနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ ကလေး တွေဟာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းတာ၊ ဆက်ဆံရေးကောင်းတာ၊ အမှီအခိုကင်းတာကိုလည်း တွေ့ရှိ ရပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်မှာ အနည်းဆုံးသုံးကြိမ်ခန့် မိဘတွေက သီချင်းဆိုပြတာကို နားထောင်ရတဲ့ ကလေးတွေမှာ နားမထောင်ရတဲ့ ကလေးတွေထက် လူမှုဆက်ဆံရေး အလေ့အထကောင်းလေးတွေ ရှိနေတာကို သိရှိရပါတယ်။ အကသင်တန်းကို တစ်ပတ်လျှင်နှစ်ကြိမ် တက်တဲ့ကလေးတွေကလည်း ရှက်ကြောက်တတ်ခြင်းနှင့် စိုးရိမ်မှုများခြင်း (စိတ်လှုပ်ရှားမှုကို မိမိကိုယ်တွင်းဗဟိုပြုဖော်ပြခြင်း)၊ ရန်လိုခြင်း (စိတ်လှုပ်ရှားမှုကို ပြင်ပသို့ ဗဟိုပြုဖော်ပြခြင်း) တို့ လျော့နည်းသွားတတ်ကြောင်း တွေ့ရှိရပါတယ်။ ယေဘုယျအားဖြင့်ပြောမယ်ဆိုရင် ကလေးငယ်လေးတွေဟာ အထက်မှာပြောခဲ့သလိုမျိုး အနုပညာနဲ့ သက် ဆိုင်တဲ့ လှုပ်ရှားမှုလေးတွေမှာ ပါဝင်ကြမယ်ဆိုရင် သူတို့ရဲ့ စိတ်လှုပ်ရှားခံစားမှုတွေကို ထိန်းသိမ်းနိုင်ကြတယ် လို့ ဆိုနိုင်ပါတယ်။ ဒီအနုပညာလှုပ်ရှားမှုတွေဟာ ကလေးတွေရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်နဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေအပေါ် အပြုသဘောဆောင်တဲ့ ရေရှည်သက်ရောက်မှုတွေ ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။ ကလေးတွေကို ဒီအနုပညာလှုပ်ရှားမှုလေးတွေနဲ့ ရင်းနှီးစေဖို့၊ ပါဝင်နိုင်စေဖို့ အိမ်မှာရော၊ ကျောင်းမှာပါ စီစဉ် ပေးလို့ရပါတယ်။ ကျောင်းအနေနဲ့ ပန်းချီ၊ ဂီတ၊ အကဆိုင်ရာသင်ခန်းစာချိန်တွေ ထည့်ထားတာ၊ ပန်းချီပြခန်း၊ ပြဇာတ်၊ ပြတိုက်လေ့လာရေးခရီးသွားတာ အစရှိတဲ့အစီအစဉ်လေးတွေ လုပ်ပေးလို့ရပါတယ်။ မိဘတွေအနေ နဲ့ ကျောင်းကသင်ကြားပေးတဲ့ အနုပညာဆိုင်ရာအတန်းတွေ၊ သင်ခန်းစာတွေအတွက် ပံ့ပိုးပေးတာ၊ ကိုယ်တိုင် လည်း ကလေးစိတ်ဝင်စားဝါသနာပါတဲ့ အနုပညာလှုပ်ရှားမှုလေးတွေအတွက် လိုအပ်တာတွေ ပြင်ဆင်စီစဉ် ပေးတာလေးတွေ ပြုလုပ်ပေးလို့ရပါတယ်။ မိဘရော၊ ဆရာရောက မိမိတို့ရဲ့ သားသမီး၊ တပည့်လေးတွေ အတွက် သူတို့စိတ်ဝင်စားတဲ့၊ ဝါသနာပါတဲ့ အနုပညာဆိုင်ရာ လုပ်ငန်းစဉ်လေးတွေကို ဝိုင်းဝန်းပံ့ပိုးပေးကြမယ် ဆိုရင် အများကြီးအကျိုးရှိမှာပါ။ ဒီလိုပံ့ပိုးပေးခြင်းဖြင့် မိမိတို့ရဲ့ သားသမီး၊ တပည့်လေးတွေဟာ စိတ်ပိုင်းဆိုင် ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ လူမှုဆက်ဆံရေးစွမ်းရည်ကောင်းတွေ ရရှိမယ့်အပြင် နောင်တစ်ချိန်မှာလည်း လူ့ အဖွဲ့အစည်းအတွက် အနုပညာကို မြတ်နိုးခံစားတတ်တဲ့၊ ယဉ်ကျေးမှု၊ စာနာမှုမြင့်မားတဲ့သူတွေအနေနဲ့ အလှဆင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

မေတ္တာဖြင့်……
Credit: Sayama-ဆရာမ

#ဒီလှိုင်

24/12/2024

💢 ဉာဏပစ္စည်း ခိုးယူခြင်း 💢

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ကျွန်မတို့တွေဟာ တစ်ပါးသူပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ၊ အများပိုင် ရုပ်ဝတ္ထုပစ္စည်းတွေကို မခိုးယူဖို့၊ ခိုးယူရင် အပြစ်ဖြစ်တဲ့အကြောင်း သင်ယူခဲ့ကြတယ်။ ကိုယ်တိုင်လည်း ကလေးတွေကို ပြန်သင်ပေးကြတယ်။ ခိုးယူခြင်း အပြစ်လုပ်တဲ့အခါ အပြစ်ပေးနည်းအမျိုးမျိုး၊ ဆုံးမခြင်းအမျိုးမျိုးနဲ့ သွန်သင် ပြုပြင်ကြတယ်။ ဒီနေ့မျှဝေချင်တာကတော့ ရုပ်ဝတ္ထုပစ္စည်းမဟုတ်တဲ့ ဉာဏပစ္စည်းခိုးယူခြင်းအကြောင်းဖြစ်ပါတယ်။ ဒီအကြောင်းကို သင်ပြပေးခြင်း အားနည်းကြသလို၊ ဖောဖောသီသီ ကျူးလွန်ကြပါတယ်။ ခိုးခြင်းအမှုမြောက်တယ်ဆိုတာလည်း မသိကြတာပါပါတယ်။ ကျွန်မတို့ အနေနဲ့ ကိုယ်တိုင်ရော ကလေးတွေမှာပါ သိက္ခာရှိတဲ့ ပညာတတ်တွေအဖြစ် ရပ်တည်နိုင်ဖို့ ဉာဏပစ္စည်းဆိုတာဘာလဲ၊ ခိုးခြင်းဘယ်လိုဖြစ်တာလဲ၊ ခိုးခြင်းအမှုမဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ အကြမ်းဖျဉ်းမျှဝေပေးခြင်ပါတယ်။

ဉာဏပစ္စည်းဆိုတာ
အင်္ဂလိပ်လိုဆိုရင် Intellectual Property လို့ခေါ်ပါတယ်။ လူတစ်ယောက်ရဲ့ အကြံဉာဏ်၊ ဉာဏစွမ်းအားကို အသုံးပြုပြီး ပြုလုပ်ထားတဲ အနုပညာလက်ရာတွေ၊ စာပေတွေ၊ တီထွင်ဖန်တီးမှုတွေကို ဆိုလိုပါတယ်။ အများစုသိကြတဲ့ Copyrights, Trademarks စတာတွေက တစ်စုံတစ်ဦးရဲ့ ဉာဏပိုင်ဆိုင်မှုကို အသိမှတ်ပြုထားတာတွေဖြစ်ပါတယ်။ အဲဒီ့လိုပဲ လူတစ်ယောက်ရဲ့ အကြံဉာဏ်၊ အရေးအသား၊ တွေ့ရှိချက်၊ မျှဝေမှုတွေဟာလည်း သူ့ရဲ့ ဉာဏပစ္စည်းဖြစ်လို့ အသိမှတ်ပြုခြင်းမရှိဘဲ ကိုယ့်ဟာလိုလို ယူသုံးရင် ခိုးမှုမြောက်ပါတယ်။

ဉာဏပစ္စည်းခိုးယူခြင်း
သိ၍ပဲဖြစ်စေ၊ မသိ၍ဘဲဖြစ်စေ၊ ကျွန်မတို့က တစ်ပါးသူရဲ့ အမြင်တွေ၊ အိုင်ဒီယာတွေ၊ အရေးအသားတွေ၊ အကြံဉာဏ်တွေကို ၊ မူလပိုင်ရှင်ကို အသိမှတ်ပြုခြင်းမပြုဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင်အဖြစ် ယူသုံးတဲ့အခါ ခိုးယူမှု မြောက်တယ်လို့ပြောလို့ရပါတယ်။ အရိုးရှင်းဆုံး ဥပမာ တစ်ခုပြောပါ့မယ်။ ကျွန်မတို့အလုပ်မှာ တစ်ဖွဲ့ထဲသားတွေ အချင်းချင်း ဆွေးနွေးတိုင်ပင်လို့ ကိုယ့်မိတ်ဆွေ A က ပြောတဲ့ အကြံဉာဏ်တစ်ခုကို ကျွန်မက ကြိုက်တယ်ဆိုပါတော့။ ကြိုက်တဲ့အတွက် ကိုယ့်အထက် လူကြီးကို သွားပြီး တင်ပြတဲ့အခါ မိတ်ဆွေAရဲ့ မျှဝေမှုလို့ မပြောဘဲ ကျွန်မတွေးမိတဲ့ အကြံဉာဏ်၊ ကျွန်မရဲ့ ကိုယ်ပိုင် အတွေးအမြင်အဖြစ် တင်ပြလိုက်ရင် ကျွန်မက မိတ်ဆွေAရဲ့ ဉာဏပစ္စည်းကို ခိုးရာရောက်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက မိတ်ဆွေAရဲ့ အကြံဉာဏ်ကို ကျွန်မကိုယ်တိုင်ကလည်း ထောက်ခံသဘောတူတဲ့အတွက် တင်ပြခြင်းဖြစ်တယ်ဆိုတာမျိုးဆိုရင် အသိမှတ်ပြုပြီးသားလည်း ဖြစ်သလို ခိုးယူရာမရောက်တော့ပါဘူး။

အွန်လိုင်းပေါ်မှာ ဉာဏပစ္စည်းခိုးသူများ
ကျွန်မတို့တွေ အွန်လိုင်းပေါ်မှာတွေ့တဲ့ စာတွေ၊ ဓါတ်ပုံတွေကို မူရင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ၊ မူရင်းပိုင်ရှင် နာမည်ကို အသိမှတ်ပြု ဖေါ်ပြခြင်းမပြုဘဲ ဒီအတိုင်း တင်လိုက်ခြင်းတွေဟာ ဉာဏပစ္စည်းခိုးရာရောက်ပါတယ်။ Credit – ဆိုပြီး နောက်မှာ ဘာမှ ပါမလာဘဲ ဒီတိုင်း တင်နေတာတွေဟာလည်း ဉာဏပစ္စည်းခိုးယူမှုကို အားပေးအားမြောက်ပြုပြီး သူခိုးအားပေးလုပ်တာနဲ့တူပါတယ်။ ပိုင်ရှင်ကိုယ်တိုင်က သူ့ကို credit မပေးပါနဲ့ လူမသိစေချင်လို့ပါဆိုရင် တစ်မျိုးပေါ့။ ကျွန်မတို့ ဆရာမ စာမျက်နှာက စာတွေကို အသိမှတ်မပြုဘဲ ကိုယ်ပိုင် စာတွေလိုလို ထိပ်ဖျက်၊ ခေါင်းဖျက်၊ နည်းနည်းလေး ပြောင်းလဲပြီး ပြန်တင်တာတွေလည်း မြင်ဘူးပါတယ်။ အဲဒါကလည်း ခိုးတာပါပဲ။ တိုက်ရိုက်ယူယူ၊ ပြုပြင်ပြောင်းလဲပြီးယူယူ၊ မူရင်း အိုင်ဒီယာပိုင်ရှင်က ရှိပြီးသားပဲလေ။ ရှိပြီးသား မူရင်းပိုင်ရှင်ရဲ့ အကြံဉာဏ်ကို ကိုးကားပြီး ရေးသားထားတယ်ဆိုတာမျိုး အသိမှတ်ပြု တင်ပြရမှာပါ။

ဉာဏပစ္စည်း သူခိုးများ မဖြစ်အောင်
ဓါတ်ပုံရိုက်ရင်တောင် အခြားသူရိုက်ပေးရင် – Credit -ဘယ်သူ ဆိုတာ ရေးပါ။
ကိုယ်တိုင် ရေးသားခြင်း၊ ပြုလုပ်ခြင်း၊ တီထွင်ခြင်း မဟုတ်တဲ့ အရာတွေကို မူရင်း ပိုင်ရှင်ဆီကနေ ကိုးကားကြောင်း၊ ကူးယူကြောင်း ဖေါ်ပြပါ။
သူများ အကြံဉာဏ်ကြားပြီး တစ်ခုခုလုပ်ဖြစ်ရင်တောင် ပထမဆုံး အကြံပေးသူကို အသိမှတ်ပြုပါ။
အလုပ်ခွင်ထဲမှာ ကိုယ့်အိုင်ဒီယာမဟုတ်ဘဲ ကိုယ့်ဟာဆိုတာမျိုး မပြောပါနဲ့။
စာရေးသားတဲ့အခါ စာတစ်ပုဒ်ဖြစ်ဖို့ အကြံဉာဏ်ရစေတဲ့ စာအုပ်တွေ သုံး လေး အုပ်ဖတ်ခဲ့ရင် အဲဒီ့စာအုပ်တွေရဲ့ အချက်အလက်တွေကို ကိုးကားကြောင်းရေးပါ။

အချုပ်မှာ ကျွန်မ တစ်ခုမျှဝေချင်တာက – ကျွန်မတက္ကသိုလ်တက်တော့ ကျွန်မတို့ စာတမ်းတွေတင်ရင် ကိုးကားစာတွေအများကြီးထည့်ရတယ်။ ကျွန်မက ငါဘယ်စာအုပ်မှ ဖတ်ပြီးရေးတာမဟုတ်ဘူး ငါ့အမြင်ငါရေးတာလို့ပြောတော့ ဆရာက “ဘယ်အိုင်ဒီယာမှ ကိုယ်ပိုင်အိုင်ဒီယာမဟုတ်ဘူး”တဲ့။ ဆိုလိုချင်တာက ကျွန်မတို့ရဲ့ အတွေး အမြင်၊ လုပ်ဆောင်မှု၊ ဖန်တီးမှု တွေက ပတ်ဝန်းကျင်၊ စာအုပ်စာပေ၊ စကားဝိုင်း၊အတွေ့အကြုံ စတဲ့ အရာတွေအများကြီးကနေရတာပါ။ ဒီတော့ ကျွန်မတို့က အသိမှတ်ပြုထိုက်သူတွေ၊ ဉာဏအားဖြင့် ပံ့ပိုးစေခဲ့သူ၊ ကျွန်မတို့ကို သိမြင်စေခဲ့သူတွေကို အသိမှတ်ပြုခြင်းအားဖြင့် ဉာဏပစ္စည်းခိုးယူသူများအဖြစ်မှ ရှောင်နိုင်ပါတယ်။ ကျွန်မတို့ ကလေးတွေကို ရုပ်ဝတ္ထုပစ္စည်းတွေတင်သာမက၊ ဉာဏပစ္စည်းခိုးယူခြင်းဟာ ရှက်စရာ အမှုဖြစ်တယ်၊ ဆိုတာ သင်ပေးကြပါ။ သိက္ခာရှိသော လူကြီးတွေအဖြစ် ကြီးပြင်းလာနိုင်ကြပါစေ။

(စာဖတ်သူတို့ မြင်တွေ့ဖူးတဲ့ ဉာဏပစ္စည်း ခိုးယူမှု ဥပမာတွေနဲ့ အတွေ့အကြုံတွေ၊ ဖြေရှင်းတာတွေလည်း မျှဝေပေးပါဦး။)

မေတ္တာဖြင့်……
Credit: Sayama-ဆရာမ

#ဒီလှိုင်

22/12/2024

💢 ကြင်နာတတ်သော ကလေးများ ပြုစုပျိုးထောင်ရာဝယ်… 💢

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

သားသမီးတွေကို ကြင်နာတတ်တဲ့ကလေး၊ ပျော်ရွှင်တဲ့ကလေးဖြစ်ကြဖို့ ကျွန်မတို့ မိဘတိုင်းက မျှော်လင့်ကြပါတယ်။ ကလေးတွေ ပျော်ရွှင်စေမယ်ထင်တာ၊ သင်ယူစေမယ်ထင်တာတွေကို ကျွန်မတို့ နေ့စဉ် သိလျက်ဖြစ်ဖြစ်၊ မသိလိုက် မသိဖာသာဖြစ်ဖြစ် လုပ်တတ်ကြတယ်။ ဒီနေ့ကတော့ ကြင်နာတတ်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ သတိပြုစရာလေး (၄)ချက်ကို မျှဝေပေးချင်ပါတယ်။

ကြင်နာခြင်းလို့ပြောရင် ကျွန်မကတော့ နှလုံးသားဖြင့် တုန့်ပြန်ခြင်းလို့ ဘာသာပြန်ထားတာကို သဘောကျပါတယ်။ ကြင်နာခြင်းဆိုတာ ဝမ်းနည်းနေတဲ့သူရဲ့ ကျောလေးကို အသာလေး ပွတ်ပေးတာမျိုးလည်း ဖြစ်နိုင်သလို၊ ကိုယ့်မှာရှိတဲ့ အရာတစ်ခုကို မျှဝေပေးတာလည်းဖြစ်နိုင်တယ်။ ကြင်နာခြင်းဆိုတာ သူများကို နာကျင်မှာစိုးရိမ်ပြီး သူများကို ထိခိုက်မယ့် လုပ်ရပ်တွေ မလုပ်တာမျိုး၊ သူများအတွက် ကောင်းမယ့် လုပ်ရပ်မျိုးကို ရွေးချယ်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။

ကိုယ်တိုင်က ကြင်နာတတ်တဲ့ ခေါင်းဆောင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေလိုအပ်သလို ကလေးတွေလည်း ကြင်နာတတ်တဲ့ ခေါင်းဆောင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေအဖြစ် ကြီးပြင်းလာကြရင် ကျွန်မတို့ လူ့အသိုင်းအဝန်းက ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ။

ကြင်နာတတ်တဲ့သူတွေ အဖြစ်ကြီးပြင်းဖို့ ….
၁) ကြင်နာခြင်းအကြောင်းကို သင်ပေးပါ။ သူတပါးအပေါ် စာနာ နားလည်ပြီး ကြင်နာတတ်သူဟာ ဘယ်လို ပြုမူတယ်ဆိုတာ မျှဝေပေးပါ။ ကလေးတွေမှာ မွေးကတည်းက စာနာစိတ်ဆိုတာက ရှိပြီးသားပါလို့ ကလေးစိတ်ပညာရှင်တွေက ပြောကြပါတယ်။ ဒါကြောင့်မို့လည်း တခါတလေ သူများငိုရင် ကလေးတွေ လိုက်ငိုတာတို့၊ သူများ ထိခိုက်မိရင် သူတို့ ဝမ်းနည်းတာမျိုးတို့ ဖြစ်တာပေါ့။ အသက် ၃-၄-၅နှစ်အရွယ်တွေဆိုရင် ကြင်နာခြင်းဆိုတဲ့ စကားလုံးက ဘာလဲဆိုတာမျိုးတွေကို ဆွေးနွေးကြတာမျိုးစတင်လုပ်ဆောင်နိုင်နေပါပြီ။ ဆွေးနွေးတဲ့အခါ ဥပမာတွေနဲ့ပြောပြပါ။ ကြင်နာခြင်း ဖြစ်ရပ်တွေ ကြုံတွေ့ရရင်လည်း သေချာ မျှဝေပေးပါ။

၂) တွေးတတ်အောင်သင်ပေးပါ။

ဒီလိုလုပ်ရင် ဘယ်လိုခံစားရမလဲ မသိဘူးနော် …ဆိုတဲ့ မေးခွန်းလေးတွေက ကလေးတွေအတွက် ကောင်းမွန်တဲ့ ကိုယ်ချင်းစာစိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ပြသနာတွေကို ကြုံတွေ့မှပဲ ဖြေရှင်းဖို့ ကြိုးစားတာမျိုးမဟုတ်ဘဲ သူတို့ရဲ့ ဦးနှောက်နဲ့ တွေးတောမှု စနစ်ထဲမှာ ကိုယ်စား ခံစားပေးတတ်တဲ့ အကျင့်လေးပုံမှန်လုပ်ပေးရင် တကယ်ကြုံတွေ့လာတဲ့အခါ အကောင်းဆုံး၊ အကြင်နာဆုံး ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဟန်ဆောင်ကစားခြင်းဟာ သိပ်အရေးကြီးပါတယ်။ ငယ်စဉ်မှာ ကလေးတွေဟာ ကလေးအရုပ်လေးတွေနဲ့ သူတို့က လူကြီးတွေလိုသဘောထားပြီး ကစားကြတာမျိုးက ကလေးတွေရဲ့ ကြင်နာစိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ကစားတဲ့အခါ အရုပ်လေးက ဘယ်လို ခံစားရမလဲနော်၊ ပြုတ်ကျသွားရင် နာသွားမှာပဲ၊ သူ့ကို သန့်သန့်ရှင်းရှင်းလေးဖြစ်အောင် ဘယ်လို ကူညီရင်ကောင်းမလဲ စတဲ့ မေးခွန်းလေးတွေက ကလေးတွေအတွက် အထောက်အကူ ပြုပါတယ်။

၃) ကိုယ်တိုင် ကြင်နာပါ။

ကလေးတွေက မသင်ဘဲနဲ့ သင်ပါတယ်။ ရှုပ်သွားလား။ ဟုတ်ပါတယ် – ကျွန်မတို့က ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါလို့ မသင်လည်း အမြင်အားဖြင့်၊ အကြားအားဖြင့်၊ အတွေ့အကြုံအားဖြင့် သူတို့ဖာသာ အမြဲမပြတ်သင်ယူနေပါတယ်။ ဒါကြောင့် အိမ်မှာ၊ သူတို့ဝန်းကျင်မှာ ရှိတဲ့သူတွေဟာ ကြင်နာတတ်သူတွေဖြစ်ဖု့ိ၊ ကိုယ်ချင်းစာတတ်သူတွေဖြစ်ဖို့၊ စာနာနားလည်ပြီး ဂရုစိုက်တတ်ကြသူတွေဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ လူကြီးတွေ အပြန်အလှန် အော်ဟစ်နေတာကိုပဲ မြင်နေရတဲ့ကလေးဟာ အော်ဟစ်ခြင်းဟာ သဘာဝပဲလို့ သင်ယူမှာပါ။ ကိုယ်တိုင်က သူများတွေကို ကူညီတဲ့အခါ ကလေးတွေကို ပါဝင်စေပါ။ ကလေးတွေနဲ့အတူတူ လုပ်ဆောင်တာတွေဟာ သူတို့ကိုပိုမို သင်ယူစေပါတယ်။

၄) ကြင်နာခြင်းဟာ အမြဲ မလွယ်ကူဘူးဆိုတာ သင်ပေးပါ။
ကြင်နာဖို့ သင်ပေးတာ၊ သူများတွေကို စာနာနားလည်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အမြဲတမ်းလုပ်ဖု့ိ မလွယ်ကူနိုင်ပါဘူး။ အဲဒါဟာ တဖက်လူရဲ့ ပုံစံ၊ ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ ကိုယ့်ရဲ့ ခံစားချက်တွေအပေါ်မှာအများကြီးမူတည်ပါတယ်။ ဒါကြောင့် တခါတလေ ပြသနာဖြစ်တာတွေ၊ မှားယွင်းတာတွေအပေါ် အပြစ်တင်လို့မရပါဘူး။ ကလေးတွေရဲ့ အပြုအမူနဲ့ ကလေးနဲ့ကို ခွဲခြားမြင်ပေးပါ။ ကလေးကို ဆုံးမတဲ့အခါ၊ သင်ပေးတဲ့အခါ ကောင်းတဲ့ အပြုအမူ၊ ဆိုးတဲ့အပြုအမူအပေါ်မူတည်ပြီးပြောပါ။ ဆိုးတဲ့ ကလေးမရှိပါဘူး။ မကောင်းတဲ့ အပြုအမူကို လုပ်တတ်တဲ့ ကလေးဆိုတာပဲ ရှိပါတယ်။ အပြုအမူကို အခြေပြုပြီးဆုံးမဖို့နဲ့ ကြင်နာခြင်းဆိုတာ အမြဲ မလွယ်ကူဘူးဆိုတာကိုယ်တိုင် သတိပြုဖို့လိုပါတယ်။

ဘယ်လိုပဲ ခက်ခဲပါစေ – ကြင်နာတတ်တဲ့ – နှလုံးသားနဲ့ နားထောင်ပြီး ကောင်းမွန်စွာ ပြုမူတတ်တဲ့ ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ဒါမှလည်း ကျွန်မတို့ နေထိုင်ရာ လူ့ဝန်းကျင်ဟာ သာယာ ငြိမ်းချမ်းမှာပေါ့။ တစ်ယောက်ကိုတစ်ယောက် စာနာနားလည်ပြီး ကူညီရိုင်းပင်းတတ်တဲ့ အဝန်းအဝိုင်းလေးမှာ အတူတူ ရှင်သန်နိုင်ဖို့ ကလေးတွေကို ကြင်နာတတ်အောင် သင်ပေးကြပါ။ ကိုယ်တိုင်လည်း ကြင်နာတတ်ပြီး ကြင်နာခြင်းကို သင်ကြားနိုင်ကြပါစေ။

မေတ္တာဖြင့်……
Credit: Sayama-ဆာယာမ

#ဒီလှိုင်

20/12/2024

💢 အိမ်စာ အကြောင်း သိကောင်းစရာ 💢

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဆရာ၊မတွေအချို့ဟာ စာကို ပိုတော်စေ၊ တတ်စေချင်တယ်၊ သင်ပြီးသားအရာတွေကို ပိုကျေညက်စေချင်တယ်။ အဲဒီ့အတွက် အိမ်စာပေးကြတယ်။ အချို့ကလည်း မိဘတွေက အိမ်စာမပေးလိုက်ဘူးဆိုရင် စာမသင်ဘူးလို့ ထင်မှာစိုးလို့ အိမ်စာပေးကြတယ်။ မိဘတွေကလည်း ကလေးတွေကို ကျောင်းမှာ တစ်နေကုန် စာသင်ရုံတင်မကဘူး ညမှာပါ အိမ်စာလုပ်မှ ကြိုက်တယ်။ အကြောင်းကတော့ အချိန်ကြာကြာ၊ ပမာဏများများ စာလုပ်လေလေ စာတတ်လေလေ၊ စာတော်လေလေလို့ ထင်တတ်ကြလို့ပါပဲ။အိမ်စာတွေ ကူလုပ်ပေးရလို့ စိတ်ညစ်ရတဲ့ မိဘတွေလည်းရှိတတ်ကြပါတယ်။ အဲဒီ့တော့ ကျွန်မတို့ ဒီအပတ်မှာ အိမ်စာတွေ အကြောင်း ဆွေးနွေးကြည့်ရအောင်။

ဖင်လန်နိုင်ငံဟာ ပညာရေးမှာ နံပါတ်တစ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ဖင်လန်နိုင်ငံမှာ ကလေးတွေအတွက် အိမ်စာကို တစ်ပတ်မှာ အများဆုံး ၃ နာရီစာပဲပေးပါတယ်။ စင်္ကာပူနိုင်ငံမှာ တော်တော်ထူးချွန်တဲ့ ကျောင်းသားတွေဟာ တစ်ပတ်မှာ အိမ်စာ ၉ နာရီခွဲခန့်လုပ်ကြပါတယ်။ ကလေးတွေအတွက် အနည်းဆုံး ဘယ်နှစ်နာရီ အနည်းဆုံး အိမ်မှာ စာလုပ်ချိန်ထားပြီး အများဆုံး စာလုပ်ချိန်ရှိရမယ်ဆိုတဲ့အပေါ်မှာ တိတိကျကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမယ့် ကလေးတွေမှာ ကိုယ်လက်လှုပ်ရှားရတဲ့အချိန်၊ စာရေး စာဖတ်အချိန်၊ လေ့လာသင်ယူရတဲ့အချိန်၊ မိသားစုနဲ့ ကုန်ဆုံးတဲ့အချိန်၊ စတာတွေက မျှတဖို့လိုပါတယ်။

အိမ်စာလုပ်ချိန်၊ ကျောင်းစာသင်ချိန် ဘယ်လောက် ကြာသလဲဆိုတာထက် အိမ်စာလုပ်ချိန်၊ ကျောင်းစာသင်ချိန်တွေကို ဘယ်လို ဖြတ်သန်းရသလဲ ဆိုတာက ပိုပြီး စဉ်းစားဖို့ အရေးပါပါတယ်။ ဥပမာ – ကျောင်းချိန်က ကြာကောင်း ကြာမယ် ဒါပေမယ့် ကျောင်းချိန်အတွင်းမှာ ဆရာ၊မတွေက ပျော်ရွှင် စိတ်ဝင်စားစရာ အကြောင်းအရာတွေကို စိတ်ဝင်စားစေမယ့်နည်းလမ်းတွေ၊ တက်ကြွစွာ ပါဝင်စေတဲ့ နည်းလမ်းတွေနဲ့ သင်မယ်ဆိုရင် စာသင်ချိန် ကြာမြင့်တာဟာ ပြဿနာမဟုတ်ပါဘူး။ အဲဒီ့လိုပဲ အိမ်စာ ဘယ်လောက်များများပေးတယ်ဆိုတာထက် ကလေးတွေအတွက် အမှန်တစ်ကယ် အကျိုးရှိမယ့်၊ သူတို့ စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့၊ သူတို့ အသက်အရွယ်နဲ့ ညီမျှတဲ့ လုပ်ငန်းအမျိုး အစားနဲ့ လုပ်ငန်း ပမာဏဖြစ်ရင်ရပါတယ်။

အိမ်စာ ပမာဏထက် အိမ်စာ အမျိုးအစားကအရေးကြီးတဲ့အတွက် သမားရိုးကျ စာကျက်ခိုင်းတာ၊ စာရေးခိုင်းတာအပြင် အခြား လုပ်ကြည့်လို့ ရမယ့် လုပ်ငန်းတွေကို မျှဝေပေးလိုက်ပါတယ်။

က) ကလေးတွေ လက်တွေ့လုပ်ရမယ့် အိမ်စာမျိုး (အပင်အကြောင်း ကျောင်းမှာ သင်လိုက်တယ်ဆိုရင် အိမ်မှာ လက်တွေ့ စိုက်ခိုင်းပြီး အပင်တွေအကြောင်း လေ့လာခိုင်းတာမျိုးကို ဆိုလိုပါတယ်။)

ခ) မိသားစုနဲ့ စကားပြောပြီး စာဆွေးနွေးရတဲ့ တာဝန်မျိုး (ငါးပိအကြောင်း သင်တယ် ဆိုရင် အိမ်မှာ ငါးပိကို ဘယ်လိုနေရာတွေမှာသုံးသလဲ၊ ဘယ်လို ငါးပိအမျိုးအစား အိမ်မှာ သုံးသလဲ၊ ဘာကြောင့်သုံးသလဲ၊ ဘယ်ဆိုင်တွေမှာ ဝယ်ပြီး ဘယ်လောက် ကုန်ကြသလဲ၊ တစ်လကို ငါးပိ အတွက် ဘယ်လောက် သုံးရသလဲ … စတာတွေကို မေးစေလို့ရပါတယ်) ၊

ဂ) အခြား စာသင်ဖေါ်သူငယ်ချင်းတွေနဲ့ စာအကြောင်းဆွေးနွေးကြတာမျိုး (အိမ်နီးတဲ့ သူငယ်ချင်းနဲ့ ညနေပိုင်း မှာ ထပ်တွေ့ပြီး မနက်က စာတွေကို ပြန်နွှေးခိုင်းတာမျိုး။ သုံးသပ်ချက်တွေ အင်တာဗျူးခိုင်းတာမျိုးတွေ လုပ်လို့ရတယ်။ တစ်ခါတစ်လေ အိမ်အထိ မသယ်ခိုင်းပဲ နေ့လည်စာစားရင်း စကားပြောခိုင်းတာမျိုး၊ ကစားချိန်မှာ တစ်ခုခုအတူတူ လုပ်ခိုင်းတာမျိုးတွေ လုပ်လို့ရပါတယ်) ၊

ဃ) ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ဆိုင်တဲ့ ဇာတ်လမ်း ရုပ်ရှင် ကြည့်ခိုင်းတာမျိုး၊ စာဖတ်ခိုင်းတာမျိုး (ကလေးတွေကို သဘာဝ ပတ်ဝန်းကျင်အကြောင်း မသင်ခင်မှာ ဖြစ်ဖြစ် သင်ပြီးရင်ဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ ကာတွန်းတွေ၊ ရုပ်ရှင်တွေ ကြည့်ဖို့ ညွှန်းပြီး ကြည့်ပြီးတဲ့ အခါ ပြန်သုံးသပ်ချက်ပြောစေတာမျိုး ၊ အဆင်မပြေရင် သတင်းစာတို့ စာအုပ်တို့ကို ဖတ်ပြီး သင်ထားတဲ့ ခေါင်းစဉ်နဲ့ ချိတ်ဆက်ပြောစတာကို ဆိုလိုပါတယ်) စတာတွေက ကလေးတွေအတွက် ပိုပြီး စိတ်လှုပ်ရှားစေတယ်၊ ပိုပြီး စိတ်ဝင်စားစေတယ်။ စာတစ်ပိုဒ်ကနေ နောက်တစ်ပိုဒ်ကို ပြောင်းကူးရေးရတာ၊ အလွတ်ကျက်မှတ်ရတာတွေထက်စာရင် ပိုပြီး စိတ်ဝင်စားကြပါတယ်။

အခုနောက်ပိုင်းမှာ အိမ်စာတွေကို သမားရိုးကျမဖြစ်အောင် ပိုစတာတွေလုပ်ခိုင်းကြတယ်၊ စီမံချက်ကလေးတွေ(Projects)လုပ်ခိုင်းကြတယ်။ ကျွန်မကြုံဖူးသလောက်ဆို တစ်ခါတစ်လေ ကလေးတွေကို လုပ်ခိုင်းရတာ ကြာလွန်းလို့ မိဘတွေက လုပ်ပေးကြတာတွေရှိတယ်။ အဲဒီ့တော့ ကလေးတွေရဲ့ အိမ်စာဟာ မိဘတွေရဲ့ လုပ်ငန်းလိုဖြစ်ပြီး မိဘတွေကလည်း အိမ်စာပေးမှာ ကြောက်ကြတာတွေလည်း ကြုံဖူးတယ်။ ဒါကြောင့် ကလေးနဲ့ သင့်လျော်အောင် အချို့လုပ်ငန်းတွေကို ကျောင်းမှာ မပြီးနိုင်ရင် ကလေးလုပ်နိုင်မယ့် ပမာဏကို သေချာ လမ်းညွှန်ပြီး ခိုင်းသင့်ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးတွေကို တစ်ကယ်ကူညီချင်တယ်ဆိုရင် ကလေးတွေရဲ့ အတွေးတွေကို ကူညီပံ့ပိုးပေးပါ။ ကိုယ်တိုင် ဝင်မလုပ်ပါနဲ့။

ကလေးတွေ လေ့လာဖို့ သင်ယူမှု လုပ်ငန်းကို ဆရာ၊မက ပေးပေး၊ မိဘကပေးပေး

အဓိက က ကလေးတွေရဲ့ အသက်အရွယ်၊ ဖွံ့ဖြိုးမှု၊ စိတ်ဝင်စားမှုနဲ့ ကိုက်ညီသော အိမ်စာတွေကို ပေးဖို့အရေးကြီးပါတယ်။ တစ်ချိန်လုံး စာပဲ တစ်ချိန်လုံး လုပ်ခိုင်းပြီး တက်ကြွစွာ ကိုယ်လက်လှုပ်ရှား ကစားခွင့် မရဘူးဆိုရင် ကလေးတွေကို ထိုင်းမှိုင်းစေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ မိဘနဲ့ အချိန်ကုန်ဆုံးတာတွေကလည်း အိမ်မှာလုပ်ရတဲ့ အိမ်စာ အနေနဲ့ပေးနိုင်ပါတယ်။ အဓိက က ကလေးရဲ့ သင်ယူမှုကို တိုးတက်စေချင်လို့ပေးတာဆိုရင် ကျက်စာ၊ ရေးစာပဲ ပေးတာထက် ကလေးတွေ စိတ်ဝင်စားစွာ၊ ပျော်ရွှင်စာ သင်ယူနိုင်ဖို့ စဉ်းစားပေးဖို့ လိုပါတယ်။ အချိန် ဘယ်လောက်ကြာကြာ စာရေးစားပွဲမှာ ထိုင်နိုင်လဲဆိုတာက ကလေး ဘယ်လောက် ကလေးရဲ့ သင်ယူမှု ဘယ်လောက် ကောင်းနေသလဲဆိုတာကို တိုင်းတာလို့ မလွယ်ကူပါဘူး။ အားလုံး ကလေးတွေရဲ့ ပညာရေးကို အိမ်မှာရော ကျောင်းမှာပါ ထိရောက်စွာ ပံ့ပိုးနိုင်ကြပါစေ။

မေတ္တာဖြင့်……
Credit: Sayama-ဆာယာမ

#ဒီလှိုင်

18/12/2024

💢 ကလေး နှင့် ဖုန်း၊ တီဗွီ၊ ဂိမ်း၊ ရုပ်ရှင်၊ ကွမ်း၊ အရက်၊ ဆေးလိပ် 💢

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီရက်ပိုင်း အရမ်း ရေပန်းစားနေတဲ့ အကြောင်းအရာလေးက ရုပ်ရှင်တွေနဲ့ လူငယ်တွေ ကလေးတွေရဲ့ သင်ယူမှုဆိုတော့ အဲဒီ့ခေါင်းစဉ်နဲ့ဆက်စပ်တဲ့ ကလေးတွေအတွက် ဘယ်လို ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေ ပြမလဲ၊ ဖုန်းတွေ တီဗွီတွေ အကြည့်လွန်ရင် ဘာဖြစ်မလဲ၊ ဘယ်လို ကာကွယ်နိုင်မလဲဆိုတာက ခေါင်းထဲဝင်လာလို့ ဒီအပတ်မှာ ကလေးများအတွက် ဖုန်း၊ တီဗွီကြည့်ခြင်းအကြောင်းတွေရော၊ ကွမ်း၊အရက်၊ဆေးလိပ်အကြောင်းရော မျှဝေချင်ပါတယ်။

ဖုန်း၊ကွန်ပြူတာ၊တွီဗွီမှာ ပါတဲ့ ဗွီဒီယိုတွေ၊ ကစားနည်းတွေဟာ ကလေးတွေအတွက် တီထွင်ဖန်တီးနိုင်စွမ်းတို့၊ ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို ပေးနိုင်တာတွေလည်းရှိတယ်၊ ပြင်ပလောကအကြောင်းတွေကို ကလေးတွေကို မိတ်ဆက်ပေးလို့ရတယ်။ ဒါပေမယ့်…..

၁) တစ်နေ့ကို လေးနာရီအထက် ပိုပြီးတော့ ကြည့်တဲ့ကလေးဟာ အဝလွန်ရောဂါဖြစ်နိုင်ခြေများပါတယ်။ တွီဗွီကြည့်တဲ့အချိန်၊ ဗွီဒီယိုဂိမ်းကစားနေတဲ့အချိန်မျိုးဆိုရင် ခန္ဓာကိုယ်တွေက အမြဲ ငြိမ်နေရလေ့ရှိတယ်၊ တစ်ခါတစ်လေ ရှိတဲ့မုန့်ထိုင်စားတာမျိုးတွေလုပ်တယ်။ ဆိုတော့ လုှပ်ရှားမှုအားနည်းတာကို ပံ့ပိုးနေတဲ့အတွက် အဝလွန်ရောဂါနဲ့ အခြားရောဂါတွေ ဖြစ်ဖို့ ရာခိုင်နှုန်းများလာတယ်။

၂) ကလေးတွေ ကြည့်နေတဲ့ ဗွီဒီယိုတွေ၊ ရုပ်ရှင်တွေ၊ ကစားတဲ့ ဖုန်းဂိမ်းတွေဟာ တိုက်ခိုက်တာတွေ၊ ကြမ်းတမ်းတဲ့ အပြုအမူတွေ၊ သတ်ဖြတ်ကြတာတွေ စတာတွေပဲ အမြဲပါတတ်တယ်ဆိုရင် ကလေးတွေရဲ့ စိတ်ပိုင်းဆိိုင်ရာအခြေအနေကို ထိခိုက်နိုင်ပါတယ်။ ဥပမာ ကလေးဟာ လိုတာထက်ပိုပြီး ကြမ်းတမ်းလာတာမျိုး၊ ပုံမှန်ထက်ပိုပြီး ကြောက်တတ်တာမျိုးပေါ့။ တစ်ခါတစ်လေ သူတို့သဘောကျတဲ့ မင်းသားက လူဆိုးနေရာမှာပါနေတာမျိုး၊ကြမ်းတမ်းတဲ့ ဇာတ်ကောင်နေရာမှာ ပါတာမျိုးဆိုရင် အကောင်း၊ အဆိုး၊ အမှား၊ အမှန် ခွဲခြားစဉ်းစားတဲ့အခါမှာ ခက်ခဲတတ်ပါတယ်။

၃) ကလေးတွေ မြင်ရတဲ့ အရက်သောက်တဲ့မြင်ကွင်း၊ ဆေးချတဲ့မြင်ကွင်း၊ ဆွေးလိပ်သောက်တဲ့မြင်ကွင်း၊ အသားအရောင်-ဘာသာတရား-လူမျိုးခွဲခြားပြီး နှိပ်စက်တဲ့မြင်ကွင်းမျိုးတွေက ကလေးတွေကို မြင်ကွင်းအတိုင်း လိုက်လုပ်ဖို့ တွန်းအားပေးတတ်ကြပါတယ်။ အချို့သုတေသနတွေမှာ 18+ မြင်ကွင်းတွေ မြင်ရတဲ့ကလေးတွေဟာ မမြင်ဖူးတဲ့ကလေးတွေထက် အသက်အရွယ်အားဖြင့် ပိုစောပြီး လုပ်ချင်စိတ်ပိုများတယ်လို့ ဆိုပါတယ်။

ဒီတော့ ပညာရှင်တွေက ဘာပြောလဲဆိုရင် ….

၁) No screem time for babies upto 18 months old! မွေးစကနေ အသက် ၁၈ လအထိ မိဘတွေအဝေးရောက်လို့ ဗွီဒီယိုကနေ စကားပြောတာမျိုးကလွဲရင် ဖုန်း၊ကွန်ပြူတာ၊ တွီဗွီစတာတွေကို မပြပါနဲ့။

၂) Some screem time with parents/caregivers! အသက် ၁၈လကနေ ၂၄လ အတွင်းမှာ မိဘ အုပ်ထိန်းသူနဲ့အတူ သင့်တော်သော တွီဗွီ၊ဗွီဒီိယို စတာတွေကို အချိန်အနည်းငယ်စပြလို့ရပါပြီ။

၃) No more than 1 hour a day for pre-schoolers! မူကြိုအရွယ်ကလေးတွေဆိုရင်တော့ တစ်နေ့ကို ပညာရေးဆိုင်ရာ ဗွီဒီယိုတွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေ စတာတွေကို တစ်နာရီထက်မပိုပဲ ပြသဖို့လိုပါတယ်။

၄) Set time-limits together with the children! သူငယ်တန်းက နေ အသက် ၁၈ နှစ်အထိက တော့ အချိန်အားဖြင့် ကန့်သတ်ထားတာမရှိပါဘူး။ ဒါပေမယ့် TV, video games, လူမှုကွန်ယက် စတာတွေသုံးပြီး အိပ်ရေးမဝ၊ အမြဲပင်ပန်းဖြစ်နေတတ်တာမို့ မိဘနဲ့ ကလေး သဘောတူညီမှုယူပြီး အချိန် တစ်ခုသတ်မှတ်ပြီးမှ သုံးခိုင်းဖို့လိုပါတယ်။

အိမ်တစ်လုံးမှာ တီဗွီတစ်လုံးပဲရှိတယ်ဆိုရင် အိမ်မှာ ရှိတဲ့ကလေးတွေဟာ လူကြီးတွေကြည့်တဲ့အရာတွေကို လိုက်ကြည့်ဖြစ်မှာပဲ။ ဒါကြောင့် အရွယ်ငယ်တဲ့ ကလေးတွေရှိတဲ့ အိမ်တွေမှာ ရွေးချယ်တဲ့ ဇာတ်လမ်းတွေကို သတိထားဖို့လိုပါတယ်။

ကိုရီးကားမှာဆိုရင် အရက်သောက်တာဟာ သာမာန်ကိစ္စမျိုးဖြစ်သလို- မြန်မာကားတွေမှာ ဆေးလိပ်သောက်တဲ့အခန်းတွေ၊ တက္ကသိုလ်ကျောင်းသား ဘီယာဆိုင်ထိုင်တာတွေဟာ မဆန်းတဲ့ရိုက်ကွက်မျိုး။ စိတ်ညစ်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့တိုင်ပင်ချင်တာပဲဖြစ်ဖြစ် အရက်ဆိုင် ဘီယာဆိုင်မှာ ထိုင်ပြီးပြောကြတယ်။ ချီးမြှောက်ချင်ရင်၊ ဂုဏ်ပြုချင်ရင် ဘီယာဆိုင်ကိုသွားကြတယ်။ အဲဒီ့လို ဇာတ်ကားတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေအတွက် ဘီယာတို့အရက်တို့ဟာ သာမာန်ကိစ္စလိုမျိုးဖြစ်လာတယ်။

အဲဒီ့အပြင် ပိုဆိုးတာက စျေးဝယ်တတ်တဲ့ အရွယ်ဆိုတာနဲ့ ကလေးတွေကို ဆေးလိပ်တွေ၊ အရက်တွေ၊ ကွမ်းတွေဝယ်ခိုငး်တာပါပဲ။ ရောင်းသူကလည်း အသက်အကန့်အသတ်နဲ့မရောင်း၊ ခိုင်းသူကလည်း အသက်အကန့်အသတ်နဲ့မခိုင်း ဆိုတော့ စပြီးလုပ်တဲ့သူတွေကလည်း အသက်အကန့်အသတ်ဘယ်ရှိတော့မလဲ။ အလယ်တန်းကျောင်းသူ၊သားတွေ အရက်သောက်ကြတယ်၊ ဆေးလိပ်သောက်တယ်၊ ကွမ်းစားတယ်။ ဒါဟာ သာမာန်ကိစ္စလိုဖြစ်နေကြတယ်။ ဒီပြဿနာကို ရုပ်ရှင်တို့ဗွီဒီယိုတွေကနေကြည့်ပဲတော့ မဖြေရှင်းနိုင်ဘူး။ အားလုံးဝိုင်းရှင်းမှ ရမယ်။

၁) မိဘတွေ၊ လူကြီးတွေ ကလေးတွေကို အရက်၊ဆေးလိပ်၊ကွမ်းယာ မဝယ်ခိုင်းပါနဲ့။

၂) တာဝန်ရှိသူတွေကလည်း အသက် ၁၈ နှစ်အောက် ဆေးလိပ်၊ကွမ်း၊အရက် သောက်သုံးမှုကို တားမြစ်တဲ့ကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုပါတယ်။

၃) ရောင်းတဲ့သူတွေကလည်း အသက် ၁၈ အောက်ဆို မရောင်းဖို့ တာဝန်ယူရမယ်။

၄) မီဒီယာမှာ ပါဝင်တဲ့သူတွေကလည်း ဇာတ်ကားတွေကို အသက်အရွယ်လိုက် ကန့်သတ်တာမျိုးလုပ်သင့်ပါတယ်။ ဥပမာ – ဘယ်ဇာတ်ကားကတော့ ၁၅ နှစ်အောက် မကြည့်သင့်ပါဆိုတာမျိုး။

ပြောချင်တာတွေကလည်း များနေပါပြီ။ အချုပ်မှာ ကျွန်မပြောချင်တာကတော့ – ကလေးတွေကို ကျမ်းမာပျော်ရွှင်ပြီးဉာဏ်ထက်မြတ်တဲ့သူတွေအဖြစ် မြင်ချင်တယ်ဆိုရင် ကလေးတွေကို Phone, Computer, TV, Video Games စတာတွေအပေါ် သုံးတဲ့ အချိန်ကို သင့်တော်သလို သတ်မှတ်ပြီး သုံးစေပါ၊ တစ်ချို့အချိန်တွေမှာ မိဘ အုပ်ထိန်းသူတွေလည်း ရှိနေပေးပါ။ ကလေးတွေရဲ့ အသက်အရွယ်နဲ့ ကိုက်ညီမယ့် အရာတွေကိုပဲ ပြသပါ။ဆေးလိပ်၊ကွမ်းယာ၊အရက် စတာတွေကို ကလေးတွေကို မဝယ်ခိုင်းပါနဲ့။ အသိမိတ်ဆွေ စျေးရောင်းသူတွေကိုလည်း ရောင်းရဖို့တစ်ခုကိုမကြည့်ဘဲ ကလေးတွေရှေ့ရေးအတွက် ကြည့်ဖို့ အသိပညာဖြန့်ဝေပါ။ ကိုယ်နေထိုင်ရာ ရပ်ကွက်၊ဒေသ တာဝန်ခံတွေကိုလည်း ထုတ်ထားတဲ့ ဥပဒေတွေ အသက်ဝင်အောင် အလုပ်လုပ်ကြဖို့ တိုက်တွန်းပါ။ မိဘအုပ်ထိန်းသူ၊ဆရာ၊မတွေကို်တိုင်လည်း ကလေးတွေရှေ့မှာ ဖုန်းတပွတ်ပွတ်လုပ်တာတွေ၊ တီဗွီရှေ့မှာ တစ်ချိန်လုံးနေတာမျိုးတွေ မလုပ်ဘဲ ကလေးတွေအတွက် ဦးဆောင်ကောင်းတွေဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆုတောင်းရင်း….

မေတ္တာဖြင့်……
Credit: Sayama-ဆာယာမ

#ဒီလှိုင်

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 60, 4Floor, Hledan Street, Kamayut Township, Yangon
Kamayut
11041