09/02/2025
V**e ရှု၊ V**e သောက်ရင် သေတတ်ပါတယ်။
၂၀၂၃ စက်တင်ဘာ မင်္ဂလာမောင်မယ်စာစောင်မှာ V**e အကြောင်း ကျွန်တော် ရေးခဲ့တဲ့ ဆောင်းပါးပါ။
လူငယ်တွေ အတွက် ပြန်တင်ပေးလိုက်ပါတယ်။
သိပ္ပံအရေး မေးလိုရာမေး
ဒေါက်တာသန်းမင်းထွဋ်
မေး။ ။ ဆရာရှင့်-
ကျွန်မသည် ကျောင်းဆရာမ တစ်ဦး ဖြစ်ပါသည်။ ယခုအခါ ကျွန်မတို့ တပည့်လေးများကြားတွင် ဆေးလိပ်မဟုတ်ဘဲ e-cigarette (သို့) e-v**e ခေါ် ပစ္စည်းများကို အသုံးပြုနေသည်ကို တွေ့ရှိရပါသည်။ ကျွန်မတို့က ခေါ်ယူဆုံးမသောအခါ ၎င်းတို့သည် စီးကရက် မဟုတ်ကြောင်း၊ စီးကရက် ဖြတ်လိုသူများပင် အသုံးပြုနိုင်သော ပစ္စည်းများ ဖြစ်ကြောင်း ပြောဆိုလာကြပါသည်။ Stop smoking, Start Va**ng ဟု ရေးသားထားသော ကြော်ငြာများကိုပါ အင်တာနက်မှ ရှာဖွေငြင်းဆိုလာကြပါသည်။ ကျွန်မအနေဖြင့် သိလိုသည်မှာ အီး-စီးကရက်သည် အမှန်ပင် ဆေးလိပ်ဖြတ်ရန်အတွက် အသုံးပြုပါသလား၊ ကျန်းမာရေးအတွက် ထိခိုက်မှုမရှိဟု ပြောဆိုသည်မှာ အမှန်ဖြစ်ပါသလား။ ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါသည်။
ဒေါ်မာလာဝေ
အထက်တန်းပြ၊ တောင်ဥက္ကလာပ။
ဖြေ။ ယနေ့ခေတ် ကျောင်းသားလူငယ်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကြားတွင် ရေပန်းစားနေသော ပစ္စည်းတစ်ခုမှာ ဆရာမ ပြောပြထားသော အီး-စီးကရက်များပင် ဖြစ်ပါသည်။ စီးကရက်ကုမ္ပဏီကြီးများကလည်း အဆိုပါ ပစ္စည်းများကို ဒီဇိုင်းမျိုးစုံ၊ အရောင် မျိုးစုံ၊ ပုံစံမျိုးစုံ ထုတ်လုပ်ပြီး လူငယ်လူရွယ်များကို အမျိုးမျိုး ဖြားယောင်း သွေးဆောင်နေ ကြပါသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆေးလိပ်နှင့် စီးကရက် အန္တရာယ်ကို လူအများက သိမြင်လာကြသဖြင့် ဆေးလိပ်ဖြတ်သူ များပြားလာခြင်း၊ အစိုးရများက အခွန် တိုးမြှင့် ကောက်ခံနေခြင်း၊ ဆေးလိပ် စီးကရက် သောက်သုံးပြီး အဆုပ်ကင်ဆာ ဖြစ်သူများက ဆေးလိပ်ကုမ္ပဏီကြီးများကို တရားစွဲခြင်း၊ ဆေးလိပ်ဆန့်ကျင်ရေး အသင်းအဖွဲ့များ ပေါ်ပေါက် လာခြင်းတို့ကြောင့် စီးကရက် ကုမ္ပဏီကြီးများ၏ ဈေးကွက်မှာ ကျဉ်းမြောင်းလာပါသည်။ ထိုအခါ စီးပွားရေးသမားများပီပီ ဆေးလိပ်အစား e-cigarette သို့မဟုတ် e-v**e များကို ထုတ်လုပ်ပြီး လူငယ်များကို စွဲဆောင်စည်းရုံးလာကြပါသည်။
သူတို့၏ ထုတ်ကုန်ပစ္စည်းများ ဈေးရောင်းကောင်းစေရန်အတွက် နာမည်ကျော် ဆယ် လီများကို အသုံးပြုပြီး အီး-စီးကရက် ကြော်ငြာများ၊ v**e ကြော်ငြာများကို ရိုက်ကူး ဖြန့်ဝေလာကြပါသည်။ သူတို့၏ ပစ္စည်းများသည် ကျန်းမာရေးကို မထိခိုက်နိုင်ကြောင်း၊ ဆေးလိပ်ဖြတ်လိုသူများအတွက် အလွန်အကျိုးများသော ဆေးလိပ်ဖြတ်စက်များ ဖြစ်ကြောင်း ပြောဆိုစည်းရုံးလာကြပါသည်။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ဆေးလိပ်ဖြတ်စက်များ ရနိုင်သည်ဟူသော ကြော်ငြာများဖြင့် ဆိုင်ကြီးများ၊ စူပါမားကတ်များတွင် ရောင်းချ ဖြန့်ဖြူး လာကြသည်ကို တွေ့ရှိရပါသည်။ Stop Smoking, Start Va**ng စသည့် ကြော်ငြာများကို အင်တာနက်တွင်ဖြန့်ဝေရင်း လူငယ်များကို e-cigarette သောက်သုံးခြင်း၊ v**e သုံးစွဲခြင်းသည် ခေတ်မီသယောင်၊ ကျန်းမာရေးနှင့် ညီညွတ်သယောင် ဖျားယောင်းစည်းရုံးနေကြသည်ကို တွေ့ရှိရပါသည်။
အမှန်စင်စစ် e-cigarette ကို ကမ္ဘာပေါ်တွင် ပထမဆုံး မူပိုင်ခွင့် မှတ်ပုံတင်ခဲ့သူမှာ အမေရိကန်နိုင်ငံသား ဟားဘတ် အေလန် ဂေးလ်ဘတ် (Herbert Allan Gilbert) (1931-2023) ဖြစ်ပါသည်။ သို့သော် သူသည် မှတ်ပုံတင်ရုံသာ တင်ခဲ့ပြီး တစ်ကြိမ်မျှ ထုတ်လုပ်ရောင်းချခြင်း မပြုခဲ့ဘူးပါ။ ထို့ကြောင့် ဂေးလ်ဘတ် ထုတ်လုပ်သော e-cigarette ဟူ၍ တစ်လိပ်တစ်လေမျှပင် မရှိခဲ့ပါ။
စီးပွားဖြစ် ထုတ်လုပ်မည့် e-cigarette များကို စတင်ဖြန့်ဖြူးရောင်းချသူမှာ တရုတ်နိုင်ငံသား ဟွန်လင့် (Hon Lik)ဆိုသူ ဖြစ်ပါသည်။ ၎င်းသည် ဆေးဝါးပညာရှင် တစ်ဦး ဖြစ်ပြီး ၁၉၅၁-ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၁-ရာစုဆန်းစတွင် e-mail, e-ticket, e- government စသည်ဖြင့် ခေတ်စားလာသောအခါ ဟွန်လင့်ကလည်း e-cigarette ကို ထူထောင် လျှင် ကောင်းမည်ဟု စိတ်ကူးရလာပါသည်။ ထို့ပြင် သူသည် ဆေးလိပ်ကို အလွန်အမင်း နှစ်ခြိုက်စွဲလန်းသူ တစ်ဦးလည်း ဖြစ်ပါသည်။ သူ့ဖခင်မှာ ဆေးလိပ်ကြောင့်ပင် အဆုပ်ကင်ဆာ ဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါသည်။ သူသည်လည်း ဆေးလိပ်အလွန်အကျွံ သောက်သုံးသူ ဖြစ်ရာ သူ့ဖခင်ကဲ့သို့ မသေအောင် ဆေးလိပ်ဖြတ်ချင်စိတ် ကြီးမားနေပါသည်။ သို့သော် ဆေးလိပ်တွင် ပါသော နီကိုတင်းဓါတ်သည် ဘိန်းဖြူကဲ့သို့ပင် လူကို အလွန်အမင်း စွဲလန်းစေရကား သူ့မှာ ဆေးလိပ်ဖြတ်ချင်သော်လည်း မဖြတ်နိုင်ပါ။
ထို့ကြောင့် ဟွန်လင့်သည် ဆေးလိပ်အစားထိုးရန်အတွက် ပစ္စည်းတစ်မျိုးကို တီထွင် ခဲ့ပါသည်။ သူ၏ ပစ္စည်းမှာ ဘောလ်ပင်ကဲ့သို့ အချောင်းလေး ဖြစ်ပြီး ဓါတ်ခဲအသေးလေးလည်း ပါပါသည်။ အထဲတွင် နီကိုတင်းအမှုန်အစား နီကိုတင်းအရည်များကို ထည့်သွင်းထားပါသည်။ ဆေးလိပ်သောက်လို၍ ခလုတ်နှိပ်လိုက်သောအခါ ဓါတ်ခဲတွင်ပါသော စနစ်တစ်ခုက နီကိုတင်း အရည်ကို အပူပေးစေပြီး နီကိုတင်းအငွေ့များ ထွက်ပေါ်လာပါသည်။ ထိုအငွေ့များကို ရှုရှိုက်သုံးစွဲရင်း ဆေးလိပ်ကို ရှောင်ရှားနိုင်မည်ဟု သူက ယူဆခဲ့ပါသည်။ ထိုပစ္စည်းကို e-cigarette ဟု သူကခေါ်ဆိုပြီး ၂၀၀၃ ခုနှစ်တွင် Ruyan ဟူသော အမည်ဖြင့် တရုတ်နိုင်ငံတွင် စတင်ဖြန့်ဖြူးရောင်းချခဲ့ပါသည်။
ဟွန်လင့်သည် ဆေးလိပ်ဖြတ်ရန် ရည်ရွယ်ပြီး e-cigarette ကို ထုတ်လုပ်ခဲ့သော်လည်း သူကိုယ်တိုင် ဆေးလိပ်မပြတ်သည့်အပြင် ဆေးလိပ်ရော e-cigarette ပါ နှစ်ခုလုံး စွဲသွားသည့် အခြေအနေသို့ ရောက်ရှိသွားပါသည်။ သို့သော် သူထုတ်လု်ပလိုက်သော e-cigarette မှာမူ ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် ဥရောပနိုင်ငံများသို့ ရောက်ရှိသွားပြီး ၂၀၁၀ နောက်ပိုင်းမှ စကာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားပါတော့သည်။
လက်ရှိအခြေအနေတွင် e-cigarette များတွင် နီကိုတင်းအရည်က တစ်ကန့်၊ စတော် ဘယ်ရီ၊ စပျစ်စသည်ဖြင့် အနံ့အရည်များက တစ်ကန့်၊ အအေးဓါတ်ရစေရန် ပရုတ်ရည် ကဲ့သို့သော အရည်များက တစ်ကန့် စသည်ဖြင့် တိုးတက်များပြားသော ဓါတုပစ္စည်းများ ပါဝင်လာပါသည်။ e-cigarette မှ ထွက်သော အငွေ့များကို ရှုရှိုက်ခြင်းကို v**e လုပ်သည်ဟု ခေါ်ဆိုကြပါသည်။ အဆိုပါ အငွေ့များတွင် လူကိုအန္တရာယ်ပေးစေသော ဓါတုပစ္စည်းပေါင်း ၄၀၀၀ကျော် ပါဝင်ပြီး ကင်ဆာဖြစ်စေသော ပစ္စည်း ၄၀ကျော် ပါဝင်နေပါသည်။ စပ်ဟပ် ထားသော ဓါတုဆေးရည် များလျှင်များသလို အဆိပ်ဓါတ်လည်း ပိုမိုများပြားပါသည်။
အချို့သော စားသောက်ဆိုင်များတွင် နီကိုတင်းအရည်ကို ရေဖန်ပေါင်းချောင်ထဲ ထည့်ကာ မွှေးသောအနံ့များဖြင့် ရောစပ်ပြီး လူငယ်များ ရှုရျိုက်နိုင်အောင် စီစဉ် ရောင်းချ လာကြပါသည်။ အဆိုပါပစ္စည်းကို ရှီရှား (shishar)ဟု ခေါ်ဆိုပြီး လူငယ်များအကြားတွင် ခေတ်စားနေသော ပစ္စည်း တစ်မျိုး ဖြစ်ပါသည်။ ဆေးလိပ်တစ်လိပ်သည် (၇-၈)ကြိမ်လောက် ရှုလိုက်လျှင် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း e- cigarette တစ်လိပ်မှာမူ အကြိမ် ၃၅၀အထိ ရှုရှိုက်နိုင်ပါသည်။ ပါဝင်သော အဆိပ်ပမာဏမှာလည်း စီးကရက်ထက် အဆပေါင်းများစွာ ပါဝင်နေပါသည်။
သို့ဖြစ်ပါ၍ အိန္ဒိယ၊ စင်္ကာပူ၊ ဟောင်ကောင် စသော နိုင်ငံများတွင် v**e သုံးစွဲခြင်း၊ e-cigarette သောက်သုံးခြင်းကို ပြင်းထန်စွာ တားမြစ်လျက် ရှိပြီး ကျန်ကမ္ဘာ့နိုင်ငံများတွင်လည်း တားမြစ်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ လူငယ် လူရွယ်များကြားတွင် ဆေးလိပ်ဖြတ်စက် အသွင်ဆောင်ပြီး ဖျားယောင်းစွဲမက်စေသော လူသတ်ကောင် e-cigarette နှင့် e-v**e များကို တစ်မျိုးသားလုံးက လက်မခံဘဲ ဝိုင်းဝန်းတိုက်ထုတ်ရန် လိုအပ်လျက် ရှိပါကြောင်း ဖြေကြားအပ်ပါသည်။
ဒေါက်တာသန်းမင်းထွဋ်
(ပင်းတယ မီးအိမ်ရှင်)