28/07/2022
ပလေတို ၏ မေးခွန်း (၄) ခု
----------
"အချစ် ဆိုတာ ဘာလဲ" တဲ့.... ဆိုးခရေးတ် ကို ပလေတို က မေးတယ်။ ဒါနဲ့ ဆိုးခရေးတ်က "သွား.. ပလေတို.. ဟိုးက ဂျုံခင်းထဲသွားပြီးတော့... ကောင်းပေ့ ကြီးပေ့ ဆိုတဲ့ ဂျုံနှံတစ်ခုကို မင်းစိတ်ကြိုက် ခူးခဲ့စမ်း.. နောက်တော့ ပြန်မလှည့်ရဘူးနော်.. တစ်ခု ခူးပြီး ရင် ပြီးပြီ.. ငါ့ဆီတန်းပြန်လာခဲ့.." လို့ ဆိုတယ်။ ဒီအခါ ပလေတိုက "အိုး... ဒါလေးများ.. " ဆိုပြီး ပေါ့ပါး လန်းဆန်း စွာနဲ့ ဂျုံခင်းထဲ ပြေးဝင်.. ကောင်းပေ့ ကြီးပေ့ ဆိုတဲ့ ဂျုံနှံ တစ်ခု ရှာတာပေါ့။ နေ့တစ်ဝက် လောက်ကြာတော့ ဂျုံခင်း ထဲကနေ လက်ဗလာနဲ့ စိတ်ပျက်လက်ပျက် ထွက်လာတဲ့ ပလေတိုကို ဆိုးခရေးတ် တွေ့လိုက်ရတယ်။ ဆိုးခရေးတ် အနားရောက်တော့ ပလေတိုက ရှင်းပြတယ်။ "ကောင်းပေ့ ကြီးပေ့ ဆိုတဲ့ ဂျုံနှံကို ကျွန်တော် တွေ့တယ် ဗျာ... ဒါပေမယ့်... ဒီ့ထက် ကောင်းတာ ကြီးတာ ရှိနိုင်ဦးမယ် မခူးသေးဘူး မခူး သေးဘူး နဲ့ ရွေးလာ လိုက်တာ... နောက်ဆုံး ဂျုံခင်းစပ်သာ ရောက်လာတယ်.. တစ်နှံမှ မခူး ဖြစ်ခဲ့ဘူး"...
ဒီတော့မှ ဆိုးခရေးတ် က "အေး... အဲ့ဒါ အချစ် နဲ့တူတယ်" လို့ပြောလိုက်တယ်။
နောက် မေ့လောက် ပျောက်လောက် ရှိတော့ တစ်ခါ ပလေတိုက "ဆရာ.. ဆရာ.. လက်ထပ် ထိမ်းမြှား ခြင်း ဆိုတာ ဘာလဲ" လို့ မေးပြန်တယ်။ ဒီတစ်ခါလည်း ဆိုးခရေးတ်က "ဟိုး မြင်နေရတဲ့ ထင်းရှုးတော တွေ့လား... အဲဒီတော ထဲကိုသွား... နောက်လုံးဝ ပြန်မလှည့်ပဲ အကောင်းဆုံး ထင်းရှုးပင် တစ်ပင် သွားခုတ် လာခဲ့ချေ..." လို့ ဆိုပြန်တယ်။
တစ်ခါ ခံထားရဘူးတော့ ပလေတိုခမျာ ပထမ တစ်ခေါက်ထက် ပိုမို ဂရုစိုက်စွာဖြင့် တောထဲကို ဝင်ခဲ့တယ်။ နေ့တစ်ဝက်လောက် အကြာမှာပဲ ကျိုးတိုးကျဲတဲ ထင်းရှုးပင်တစ်ပင်ကို မနိုင့် တနိုင် သယ်လာတဲ့ ပလေတို ကို ဆိုးခရေးတ် လှမ်းမြင်လိုက်တယ်။ အနားရောက်တော့ ဆိုးခရေးတ်က "ဟင်.. ဒါလား မင်းရဲ့ အကောင်းဆုံး ထင်းရှုးပင်.." လို့ ပြောလဲပြော ဆူလဲဆူ ပါလေရော။ ဒီအခါမှာ ပလေတိုက "ကျွန်တော်လဲ ရှာတာပဲဗျာ.. အကောင်းဆုံးကို တွေ့လို တွေ့ငြား လိုက်ရှာရင်း ကျွန်တော့်မှာ မောလဲမော အားလဲကုန်နေပြီ.. အချိန်လဲ နေ့တစ်ဝက် ကျိုးတော့မှာ နဲ့ မဖြစ်ချေဘူး ဆိုပြီး အနီးကတွေ့တဲ့ ကြည့်ပျော် ရှုပျော် အပင် တစ်ပင်ကို အမှီခုတ်ပြီး ပြန်လာခဲ့ မိတယ်ဗျာ..." လို့ ဖြေရှာတယ်။
ဒီတစ်ခါလဲ ဆိုခရေးတ်က "အေး.. အဲ့ဒါ လက်ထပ်ထိမ်းမြှားခြင်း နဲ့ တူတယ်" လို့ ပြန်ဖြေလိုက်တယ်။
ဒီလိုနေရင်းနဲ့ နောက်တစ်ကြိမ်ကျတော့ ပလေတိုက ထပ်မေးပြန် ပါသတဲ့။ "တိတ်တိတ်ပုန်း ဆိုတာ ဘာလဲဆရာ" တဲ့..။ ဒီတစ်ခါလဲ ပလေတိုကို ဆိုးခရေးတ်က တောထဲကို သွားပြီ အလန်းဆုံး ပန်း တစ်ပွင့် ကို ခူးခဲ့ခိုင်းတယ်။ သတိကြီးကြီး ထားလျက်နဲ့ ပလေတို တောထဲဝင်ပြီး နေ့တစ်ဝက် လောက် အကြာမှာ ခပ်နွမ်းနွမ်း ပန်းလေးနဲ့ လက်မှိုင်ကျလျက် ဆရာ့ဆီ ပြန်လာတာ တွေ့လိုက်ရတယ်။
ပြုံးပြုံးလေး ကြည့်နေတဲ့ ဆိုးခရေးတ်ကို ပလေတိုက "ကျွန်တော် အလန်းဆုံးလို့ ထင်တဲ့ပန်းကို ခူးလာခဲ့တာပါပဲ ဆရာရယ်... ဒါပေမယ့်.. အပြန်လမ်းမှာ ပန်းက တဖြည်းဖြည်း နွမ်းသွား တယ်ဗျာ..." လို့ ဆင်ခြေ ပေးတယ်။
ဒီတော့ ဆိုးခရေးတ်က "အေး.. အဲဒါ တိတ်တိတ်ပုန်း ပေါ့" လို့ အဖြေပေးလိုက်တယ်။
နောက် လ အနည်းငယ်ကြာတော့ ပလေတို ထပ်စပ်စု ပြန်တယ်။ "ဘဝ ဆိုတာ ဘာလဲ ဆရာ" ။ ဒီအခါလည်း ဆိုးခရေးတ်က တောထဲသွားပြီ အလှဆုံးပန်းကို ရှာလာခဲ့လို့ ခိုင်းလိုက်ပြန်တယ်။ ပလေတိုလဲ နောက်တစ်ကြိမ် တောထဲ ထပ်ဝင်သွား ခဲ့တယ်။ နေ့တစ်ဝက်ကျိုးသွားတယ်... ပလေတိုပေါ်မလာဘူး။ ညမိုးချုပ်တဲ့ အထိလဲ အရိပ်အရောင်မတွေ့ရဘူး။ ဒီလိုနဲ့ ဆိုးခရေးတ် စောင့်နေတာ သုံးရက်လောက်ကြာတဲ့ အထိ ပေါ်မလာတော့ ဆိုးခရေးတ် တောထဲမှာ တပည့် လုပ်သူကို လိုက်ရှာတာပေါ့။ ဒီအခါ တောစပ်နားတင်ပဲ တဲလေးထိုးပြီး ပန်းတစ်ပွင့်ကို ထိုင်ငေး နေတဲ့ ပလေတို ကို တွေ့လိုက် ရတယ်။ တွေ့တွေ့ချင်း ဆိုးခရေးတ်က "ဘယ်လိုလဲ ပလေတို.. ဘာလို့ ပြန်မလာတာလဲ.. အခုရော အလှဆုံးပန်းကို တွေ့ပြီ လား.." လို့ စမေးတယ်။ ဒီအခါ ပလေတိုက ပန်းပွင့်လေး ကို မေးငေါ့ပြပြီး "ဒီအပွင့်.. အလှဆုံး မဟုတ်ပေဘူး လား ဆရာရယ်..." လို့ ဖြေတယ်။ ဒီအခါ ဆိုးခရေးတ်က " မင်း တွေ့နေရက် နဲ့ ဘာလို့ ခူးပြီး မပြန်ခဲ့တာလဲ" လို့ဆိုတယ်။ ဒီအခါ ပလေတိုက "ကျွန်တော်ခူးလိုက်တဲ့အခါမှာ သူနွမ်းသွားလိမ့်မယ်။ ကျွန်တော် မခူးရင်လဲ သူနွမ်းသွားမှာ ပါပဲ။ ဒါ့ကြောင့် ကျွန်တော် မခူးရက်တော့ပဲ သူ လှလှပပ ပွင့်ဖူးနေတာကို တစိမ့်စိမ့် ထိုင်ကြည့် နေခဲ့တယ်။ သူနွမ်းသွားချိန်ကျတော့မှ ကျွန်တော် နောက်ထပ် အလှဆုံး တစ်ပွင့်ကို ထပ်ရှာမယ်။ ဒီလိုပဲ တစိမ့်စိမ့် ကြည့်နေဦးမယ်။ ဒီပန်းက ကျွန်တော် ကြည့်နေခဲ့တဲ့ ဒုတိယမြောက် အလှဆုံး ပန်းလေ ဆရာရဲ့.." လို့ ဆိုတယ်။
ဒီအခါကျမှ ဆိုးခရေးတ်က "အင်း.. ပလေတို.. မင်း ဘဝ အဓိပ္ပာယ် ကောင်းကောင်း နားလည် သွားပြီပဲ" လို့ ချီးကျူးလိုက် ပါတယ်။
----------
ref: plato & socrates on love, marriage, affair & life ကို ဆီလျော်အောင် ဘာသာပြန်သည်။
CRD!