30/09/2024
ပဝါရဏာပြုခြင်း
▬▬▬▬▬▬▬▬▬
ပဝါရဏာဟူသည် တဦးနှင့်တဦး အပြစ်ကိုမြင်တွေ့လျှင် ထောက်ပြပြောဆို ဆုံးမပါရန် (ဖိတ်မန်ခြင်း) ဖြစ်သည်။
ပဝါရဏာ သုံးမျိုးရှိသည် -
1️⃣ သံဃာ့ ပဝါရဏာ - သံဃာတော်များပြုသော
ပဝါရဏာ။
2️⃣ ဒေ၀ ပဝါရဏာ - နတ်များပြုသော ပဝါရဏာ။
3️⃣ မနုဿ ပဝါရဏာ - လူများပြုသော ပဝါရဏာ
ဟု သုံးမျိုးရှိသည်။
▬▬▬▬▬▬▬▬▬▬
1️⃣ သံဃာ့ ပဝါရဏာ။
▬▬▬▬▬▬▬▬▬▬
သိမ်တခုတွင်း၀ယ် သံဃာတော်များ ညီညီညွတ်ညွတ် စုဝေးကြပြီးလျှင် တပါးနှင့်တပါး အချင်းချင်း အပြန်အလှန် အပြစ်ရှိက ပြောဆိုဖို့ရန် မိမိကိုယ်ကို အပ်နှံခြင်း, ဖိတ်ကြားခြင်း။
ထိုပဝါရဏာကို ခွင့်ပြုတော်မူခြင်း
အကြောင်းရင်းကား -
ဘုရားရှင် သာ၀တ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အခါက၊ ကောသလတိုင်း
ဇနပုဒ် ကျောင်းတကျောင်း၌ နေခဲ့ကြသော ရဟန်းတော်တို့သည် “အချင်းချင်း ငြင်းခုံမှုမရှိကြပဲ ညီညီညွတ်ညွတ်ဖြင့် ချမ်းသာစွာ နေထိုင်ကြရအောင် တပါးနှင့်တပါး စကားမပြောကြစတမ်း”ဟု ကတိက
၀တ် ထားကြလျက် ဝါတွင်းသုံးလပတ်လုံး စကား လုံး၀မပြောကြပဲ နေခဲ့ကြသည်ကို ဘုရားရှင် သိရှိတော်မူသောကြောင့် ထိုသို့ စကား-လုံး၀မပြောပဲ နေကြခြင်းသည်…
“သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်း (ပသုသံဝါသ) နှင့်တူ၏၊”
“စကားမပြောနိုင်သူ လူအ,တို့၏ အကျင့်
(မူဂပဗ္ဗတ) နှင့် တိတ္တိတို့ ဆောက်တည်သော
အကျင့်လည်း ဖြစ်၏” ဟု ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် -
သီလ-သမာဓိ ပညာတိုးပွား အကျိုးများသော တရားစကားကို ပြောဆိုနေထိုင်ကြကာ သီတင်းကျွတ်လပြည့်နေ့၌ သံဃာတော်များအားလုံး တသိမ်တည်းမှာ စုဝေးပြီး အချင်းချင်း အပြန်အလှန် ဖိတ်ကြား ပဝါရဏာပြုကြရမည်-ဟု ပညတ်တော်မူခဲ့လေသည်။
#ပဝါရဏာပြုပုံ
သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ, သုတေန ဝါ, ပရိသင်္ကာယ ဝါ,
၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။
ဒုတိယမ္ပိ ဘန္တေ သံဃံ ပဝါရေမိ ဒိဋ္ဌေန ဝါ, သုတေန ဝါ, ပရိသင်္ကာယ ဝါ,
၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။
တတိယမ္ပိ ဘန္တေ သံဃံ ပဝါရေမိ ဒိဋ္ဌေန ဝါ, သုတေန ဝါ, ပရိသင်္ကာယ ဝါ,
၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။ ( ဝိ-၃-၂၂၃ )
“အရှင်ဘုရားတို့၊ မြင်ခြင်းအားဖြင့်သော်၄င်း၊
ကြားခြင်းအားဖြင့်သော်၄င်း၊ ယုံမှားခြင်းအားဖြင့်သော်၄င်း၊
တပည့်တော်မှာ အပြစ်ရှိပါက ပြောဆိုဖို့ရန်
သံဃာတော်ကို ဖိတ်မန်ပါ၏၊
“အရှင်ဘုရားတို့သည် တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ပြောဆိုတော်မူကြပါဘုရား၊
တပည့်တော်သည် အပြစ်ကိုမြင်သော် ကုစားပါမည်ဘုရား”
နှစ်ကြိမ်မြောက်လည်း…………………….
သုံးကြိမ်မြောက်လည်း……………………
ပသုသံဝါသန်တိ ပသူနံ ဝိယ သံဝါသံ။
ပသဝေါပိ ဟိ အတ္တနော ဥပ္ပန္နံ သုခဒုက္ခံ အညမညဿ န အာရောစေန္တိ၊ ပဋိသန္ထာရံ န ကရောန္တိ၊ တထာ ဧတေပိ န အကံသု။
တသ္မာ နေသံ သံဝါသော“ပသုသံဝါသော”တိ ဝုစ္စတိ။
(ဝိ-ဋ္ဌ-၃-၃၅၆ )
သားကောင်တို့၏ ပေါင်းသင်းနေထိုင်ခြင်းဟူသည် -
တကောင်၏ချမ်းသာဆင်းရဲကို အခြားတကောင်အား ပြောဆိုရိုးမရှိချေ။
ထို့အတူ စကားလုံး၀မပြောပဲ နေထိုင်သူတို့မှာလည်း တဦး၏ချမ်းသာဆင်းရဲကို အခြားတဦးအား မပြောဆိုပဲ နေထိုင်လတ်သော်
“သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်းနှင့် မခြားတော့ချေ”ဟု ဆိုလိုသည်။
စကားမပြောပဲ နေရုံမျှကို
“မူဂပဗ္ဗတ-သူအတို့၏ အကျင့်”ဟု မိန့်တော်မူလိုရင်း မဟုတ်ပါ၊
“လုံး၀ စကား မပြောကြစတမ်း”ဟု ကတိက၀တ်ပြု၍ နေခြင်းကိုသာ “မူဂပဗ္ဗတ-အကျင့်”ဟု မိန့်တော်မူလိုပါသည်၊
ထိုအကျင့်မျိုးသည်သာ တိတ္တိတို့ ဆောက်တည်အပ်သောအကျင့်ဖြစ်သည်။
(ဝိ-ဋ္ဌ-၃-၃၅၆)
၀ိနည်းမဟာဝါ ပဝါရဏာက္ခန္ဓက ( ဝိ-၃-၂၂၀၊ ၂၂၃ )။
မူလပဏ္ဏာသ ပါဠိတော် ( ၂၁၇ ) နှင့် ဥဒါန်းပါဠိတော်
( ၈၉ ) တို့၌ ကြည့်ပါ။...........
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
2️⃣ ဒေ၀ ပဝါရဏာ - နတ်များပြုသော ပဝါရဏာ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သီတင်းကျွတ်လပြည့်နေ့တွင် စတုမဟာရာဇ်နတ်ပြည် နှင့် တာ၀တိံသာနတ်ပြည်၌ ရှိကြသော အချို့သော နတ်တို့သည် စည်းဝေးကြကုန်လျက်…
“ယနေ့ အဘယ်ကျောင်းတိုက်သို့ သွား၍ အဘယ်မထေရ်၏အထံ၌ ပဝါရဏာပြုရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြပြီးလျှင်
သိကြားမင်းသည် များသောအားဖြင့် ပိယင်္ဂုကျွန်း၌
ရှိသော မဟာဝိဟာရ (ကျောင်းတိုက်ကြီး) ၌သာလျှင်
ပဝါရဏာပြု၍ အခြားနတ်တို့သည်ကား ပင်လယ်ကသစ်-စသော နတ်ပန်းများ, စန္ဒကူးနံ့သာ စသော နတ်နံ့သာတို့ကို ယူဆောင်၍
မိမိတို့နှစ်သက်ရာ ကျောင်းတိုက်ရှိ ရဟန်းတော်များ
ထံသို့သာ သွားကြ၍ ပဝါရဏာ ပြုကြကုန်သည်။
ထိုနတ်တို့သည် မိမိတို့ရရှိထားသော စည်းစိမ်
ချမ်းသာ၏ တာရှည်စွာ မြဲမြံခိုင်ခံ့ရန် အလို့ငှါ၄င်း၊ နောင်အခါ၌ သုတ်သင်စင်ကြယ် သန့်ရှင်းစေရန်
အလို့ငှါ၄င်း၊ ငါးပါးသီလကို ထိန်းသိမ်းစောင့်ရှောက်
ကြကုန်၏။
မိမိတို့ စောင့်ရှောက်သော သီလ စင်ကြယ်, မစင်ကြယ်သည်၏ အဖြစ်ကို သုတ်သင်ရန်အလို့ငှါ အပြစ်ပြ၍ ဆုံးမနိုင်ရန် ရဟန်းတော်များအား ဖိတ်မန်ကြလေသည်။
နတ်တို့ဖိတ်မန်ပုံအစီအစဉ် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ တိုက်ရိုက်မပါရှိသော်လည်း သံဃာ့ပဝါရဏာနှင့် အလျော်ပြုရပါမူ -
“အရှင်ဘုရားတို့၊ တပည့်တော်များ စောင့်ထိန်း
အပ်သော သီလသည် စင်ကြယ်ပါသလားဘုရား၊
တပည့်တော်များအား သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မစင်ကြယ်သောအမှုကို မြင်သော်၄င်း၊ ကြားသော်၄င်း၊ ယုံမှားရှိသော်၄င်း၊ ထုတ်ဖော်၍ ပြောဆိုတော်မူကြပါဘုရား၊
တပည့်တော်များ ပြန်လည်ပြုပြင်၍ ကျင့်သုံးကြပါမည်ဘုရား”ဟု ဖိတ်မန်ခြင်းပင်တည်း။
မဟာပဝါရဏာယပိ ပုဏ္ဏမဒိဝသေ သန္နိပတိတွာ
"အဇ်ဇ ကတ်ထ ဂန်တှာ ကဿ သန်တိကေ ပဝါရေဿာမာ"
တိ မန်တန်ေတိ။
တတ္ထ သက္ကော ဒေဝါနမိန္ဒော ယေဘုယျေန ပိယင်္ဂုဒီပမဟာဝိဟာရသ္မိံယေ၀ ပဝါရေတိ။
သေသာ ဒေ၀တာ ပါရိစ္ဆတ္တကာဒီနိ ဒိဗ္ဗပုပ္ဖါ စေ၀ ဒိဗ္ဗစန္ဒနစုဏ္ဏာန်ိစ ဂဟေတွာ အတ္တနော အတ္တနော မနာပဋ္ဌာနမေ၀ ဂန္တွာ ပဝါရေန္တိ။ ဧဝံ ပဝါရဏသင်္ဂဟတ္ထာယ သန္နိပတန္တိ။
(ဒီ-ဋ္ဌ ၂၊ မဟာဂေါဝိန္ဒသုတ်၊ ၂၄၀-၂၄၂)
တာ၀တိံသာ, ဧကစ်စေ စ စာတုမဟာရာဇိကာ ယထာလဒ်ဓါယ သမ်ပတ်တိယာ ထာ၀ရဘာဝါယ,
အာယတိံ သောဓနာယ စ ပဉ္စ သီလာနိ ရက္ခန္တိ၊
တေ တဿ ဝိသောဓနတ္ထံ ပဝါရဏာသင်္ဂဟံ ကရောန္တိ။ တေန ဝုတ္တံ "မဟာပဝါရဏာယာ"တိ အာဒိ။
(ဒီ-ဋီ၊ ၂၊ ၂၁၉)။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
3️⃣ မနုဿ ပဝါရဏာ - လူများပြုသော ပဝါရဏာ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လူများအချင်းချင်း ပဝါရဏာပြုခြင်း၊ ဖိတ်ကြားခြင်း
မျိုးသည် ကျမ်းဂန်တို့၌ တိုက်ရိုက်မလာ ရှိသော်လည်း
ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားပုံ၊ နတ်သိကြားများ ဖိတ်ကြားပုံကို အတုယူပြီး လူများလည်း အချင်းချင်းအပြစ်ပြ၍ ပြောဆို ပြုပြင်နိုင်ကြရန် ဖိတ်ကြားခြင်း ပဝါရဏာပြုသင့်ကြသည်။
#ပြုပုံ
ကျွန်တော် ကျွန်မများအပေါ်မှာ တစုံတခုသော
အပြစ်ကို မြင်သော်၄င်း၊ ကြားသော်၄င်း၊
ယုံမှားသံသယ ရှိသော်၄င်း ပြောဆိုကြပါ၊
ပြုပြင်ကြပါ။
ကျွန်တော် ကျွန်မတို့ လိုက်နာကျင့်သုံး
ကြပါမည်-ဟု အချင်းချင်း ဖိတ်ကြားထားပါက
တစုံတယောက်၏အပြစ်ကို တွေ့ရှိခဲ့သော် ၀မ်းသာစွာ ပြောဆိုပြုပြင်ပေးခြင်း, လိုက်နာကျင့်သုံးခြင်းတို့ဖြင့် "ကျီးကို ဘုတ်က ရိုသေ ၊ ဘုတ်ကို ကျီးက ရိုသေ" ဆိုရိုးစကားကဲ့သို့ အချင်းချင်း တဦးနှင့်တဦး
ဂါရ၀ နိဝါတ တရား (ဂါရ၀-ရိုသေထိုက်သူကို
ရိုသေခြင်း၊ နိဝါတ-မိမိကိုယ်ကို နှိမ့်ချခြင်း၊
မာန မရှိခြင်း။)
လက်ကိုင်ထားကြလျက် မာန်မာနကင်းရှင်းကြ၍ ယခုဘ၀၌လည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေထိုင်ကြရပြီးလျှင် နောင်သံသရာ၌လည်း တဦးမေတ္တာ တဦးမှာ ကူးယှက်ခါဖြင့် အချင်းချင်း ကူညီဖေးမ,နိုင်ကြသော
ကြောင့် လူ-နတ်-နိဗ္ဗာန် သုံးတန်သောချမ်းသာတို့ကို ရရာရကြောင်း ထုံးကောင်းဖြစ်ပါသည်။
ထို့ပြင် ဝါကျွတ်ချိန်အခါ၌
မိဘများအား သားသမီးများက ပူဇော်ကန်တော့ခြင်း,
ဆရာများအား တပည့်များက ပူဇော်ကန်တော့ခြင်း,
အဘိုးအဘွားစသော သက်ကြီးရွယ်ကြီးများအား
ငယ်ရွယ်သူများက ပူဇော်ကန်တော့ခြင်း,
မိဘ, ဆရာ, သက်ကြီးရွယ်ကြီးတို့ကလည်း
ဆုပေးခြင်း, ဆုံးမစကားများ ပြောဆိုခြင်း-ဟူသော
အချင်းချင်း ကာယကံမေတ္တာ, ၀စီကံမေတ္တာ, မနောကံမေတ္တာများကို ခံယူကြရသောကြောင့်
ကိုယ်ရောစိတ်ပါ ချမ်းသာကြလျက်
ကုသိုလ်တရားများ တိုးပွားကြပါသည်။
ထိုကဲ့သို့ အပြစ်တွေကင်း ကျန်းမာချမ်းသာခြင်း
ဖြစ်ကြဖို့ရန်အတွက် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့၌ ပဝါရဏာပြုကြရခြင်း ဖြစ်ပါသည်။
အမေ့သား ပါဠိပါရဂူ မှ ပူဇော်တင်ဆက်သည်။
မောင်ဘုန်း
copy link
https://www.facebook.com/share/p/XMWAmpN8HkdtDxGX/?mibextid=oFDknk
https://www.facebook.com/share/p/WtsWkzcaF5kQ62Lq/?mibextid=oFDknk