10/03/2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ဖွဲ့စည်းဖြစ်ပေါ်လာပုံ
သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဤကဏ္ဍဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောကဏ္ဍများ ဖြစ်သည့်အားလျော်စွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အမိန့်အမှတ် (၃၆/၉၆)ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပညာရေးဝန်ကြီးဌာနနှင့်ပေါင်းစည်းခဲ့ပြီး ၂၀၂၁ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်(၁၃၈/၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
နိုင်ငံတော်၏ လုပ်ငန်းခွင်များတွင် အင်ဂျင်နီယာပညာရှင်၊ ဗိသုကာပညာရှင်၊ ကွန်ပျူတာ ပညာရှင်နှင့်သုတေသီများ စဉ်ဆက်မပြတ်ပြုစုပျိုးထောင်ပေးရန်အတွက် နည်းပညာတက္ကသိုလ် (၃၃)ခုနှင့် ကွန်ပျူတာတက္ကသိုလ်(၂၇)ခုတို့ကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ ကွပ်ကဲမှုဖြင့်လည်းကောင်း၊ ကျွမ်းကျင်လုပ်သားများနှင့်နည်းပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် သက်မွေးသင်တန်းကျောင်း(၇)ခု၊ နည်းပညာအထက်တန်းကျောင်း(၃၅) ခု၊ အစိုးရစက်မှုလက်မှု သိပ္ပံ(၂၅) ခု၊ အစိုးရနည်းပညာကောလိပ်(၃)ခုတို့ကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန၏ကွပ်ကဲမှုဖြင့်လည်းကောင်း၊ အမျိုးသားအရည်အသွေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စံချိန်စံညွှန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာလွှဲပြောင်း ထောက်ပံ့ရေးတို့ ဆောင်ရွက်နိုင်ရေးအတွက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒြပ်ပစ္စည်းသိပ္ပံကဏ္ဍဖွံ့ဖြိုးရေးနှင့် မော်တော်ယာဉ်နည်းပညာဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးတို့အတွက် နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဆောင်ရွက်မှုများဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာများတွင် ဇီဝနည်းပညာဆိုင်ရာအထောက်အပံ့များ ဆောင်ရွက်နိုင်ရေးအတွက် ဇီဝနည်းပညာသုတေသနဦးစီးဌာန၏ အစီအမံများဖြင့်လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် ကုသရေးစင်တာများတွင် ဓာတ်ရောင်ခြည်အန္တရာယ်ကင်းရှင်းစေရေး၊ နျူကလီးယားနှင့်ဓာတ် ရောင်ခြည်ဆိုင်ရာသုတေသနများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဏုမြူစွမ်းအင်ဦးစီးဌာန၏ အကောင်ထည်ဖော်ဆောင်ရွက်မှုများဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနတစ်ခုလုံး၏ စီမံကိန်းနှင့်လုပ်ငန်းများအတွက် အရည်အသွေးအာမခံမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်ကာလအရ မဖြစ်မနေလိုအပ်မှုအား လေ့လာဆန်းစစ်အကဲဖြတ်ရေး ဦးစီးဌာန၏ လေ့လာဆန်းစစ်မှုများဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၇)ခု တို့ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။
အသေးစစ် လေ့လာရန်>>>>