Hnyune Life's Chapter

Hnyune Life's Chapter

Share

Chapters of my Life

16/08/2026

တစ်ခါတစ်လေကြရင် မနက် ၆နာရီလောက်ကြီးကို
ရပ်ကွက်တစ်ပတ် ခြေဦးတည့်ရာ သွားဖြစ်တယ်

ဘာရယ်မဟုတ်ပါဘူး မုန့်ဟင်းခါးဆိုင်များရှိမလားလို့ 😅

လွမ်းတယ် မြန်မာပြည်ရယ်🥺

16/08/2026

ကိုရီးယားနိုင်ငံရဲ့ Student Life က ပျော်ဖို့ကောင်းလားလို့
ကျွန်မကို မေးလာရင် ကျွန်မ အမြဲပြန်ဖြေဖြစ်တာ တစ်ခုတည်းပါ

..........

"ကိုယ်ရဲ့ ပျော်ရွှင်မှုဆိုတာကြီးကို ဘယ်လိုသတ်မှတ်ထားပါသလဲဆိုတာပဲ အရေးကြီးပါတယ်"

ပြည်တွင်းမှာပဲ နေနေ
ပြည်ပမှာပဲ နေနေ
လောကဓံ ရှစ်ပါးကတော့ အမြဲတွေ့ကြုံနေရတာပါပဲ

လောကဓံဆိုတာ ဂျိုနဲ့လားဟေ့...
ငါ့မှာလည်း ဂျိုပါတယ်ဆိုပြီး ပြန်ဝှေ့တက်တဲ့ လူမျိုးတွေ အတွက်ကတော့
ဘယ်မှာနေနေ အေးဆေးဖြစ်နေလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

08/08/2026

ကိုရီးယားကို စရောက်တုန်းက
ဘာလို့ ကိုရီးယားတွေအရက်ကို အရည်သောက်နဲ့မြည်းကြတာလဲဆိုတာ နားကိုမလည်ခဲ့တာ။
…….

ကျွန်မကိုရီးယားကို စရောက်ပြီး တစ်လတောင်မကြာဘူး
Video Editingနဲ့ Startup ကုမ္ပဏီတစ်ခုမှာအလုပ်စရတယ်။

အဲ့တုန်းက ကိုဗစ်ကြောင့် အတန်းတွေကမတက်ရတော့ အလုပ်ကို မနက်၉ညနေ၅လုပ်နိုင်တယ်။

ကျောင်းက လှမ်းခေါ်ရင်လည်း သူဌေးကချက်ချင်းပြန်လွှတ်ပေးတော့ အလုပ်လုပ်ရတာအေးဆေးပဲ။

ကိုယ်ကအသက်၃၀ပေမယ့် တစ်ရုံးလုံးမှာအငယ်ဆုံး
ကိုရီးယားစကားလည်းသိပ်မပြောတတ်ပေမယ့်
Video Editor သက်တမ်း ငါးနှစ်ကျော်ဆိုတော့
Video Rawတွေလက်ထဲထည့်ပေးလိုက်ရင် သူတို့ဘာလိုချင်လည်းသိတော့ Editing က Perfectအမြဲဖြစ်တော့

တစ်ရုံးလုံးက ဝိုင်းချစ်ကြတာ

အဲ့တုန်းက နှစ်ပတ်တစ်ခါ ကုမ္ပဏီညစာစားပွဲလုပ်တိုင်း
သူတို့တွေက အရက်ကို အရည်သောက်တွေနဲ့ မြည်းတာဘယ်လိုမှ နားမလည်တာ😅

အရက်ကို 어묵탕, 해장국, ခေါက်ဆွဲပြုတ် စတဲ့ စတဲ့အရည်သောက်တွေနဲ့တွဲသောက်၊ တွဲမြည်းကြတာ

တော်တော်ကြီးကို နားမလည်နိုင်ဖြစ်ခဲ့တာ
အရက်ဆိုတဲ့ အရည်ကို ဘာလို့အရည်နဲ့မြည်းလဲပေါ့

အမလေးအခုတော့
ကိုယ်က တစ်ပုံစံတည်းထွက်လာတာ

အရက်ကို 해장국လေးနဲ့မြည်းလိုက်ရမှ

အရက်သောက်ပြီးရင် ခေါက်ဆွဲပြုတ်ကို
အရွက်ဘာညာမထည့်ဘဲ ကြည်ဥလေးတစ်လုံးပဲထည့်ပြီး
သောက်လိုက်ရမှ အရသာရှိတာမျိုး😅

အခုတော့ Level မြင့်လာတာ
အရက်ကို မုန့်တီအရည်တွေ
မုန့်ဟင်းခါအရည်သောက်တွေနဲ့ပါ မြည်းပစ်တာ😅

05/08/2026

ကျွန်မတို့ Film Club လေး တစ်လတာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါပြီ။

ကျွန်မတို့ Film Club လေးရဲ့နောက်ဆုံးရက်မှာလည်း လက်ရှိ Dongguk University က ပါမောက္ခကိုယ်တိုင် ဝင် Join ပြီး ရုပ်ရှင်ဘယ်လိုကြည့်ရမလဲလည်းဆိုတဲ့ Lecture တစ်ချိန် ဝင်ပြောပြသွားတာမလို့ အဖွဲ့ထဲက ညီမလေးတွေ မောင်လေးတွေအတွက်လည်း အကျိုးရှိခဲ့တယ်ဆိုတာကြောင့်လည်း ကျေနပ်မိပါတယ်။

တစ်လတာ ကြိုးစားခဲ့ကြလို့ အမှတ်တရဖြစ်အောင် နောက်ရက်ဆုံဖြစ်ကြပြီး စကားတွေအများကြီးပြောဖြစ်ကြတယ်။

ကိုယ်ထက့်ပိုပြီးငယ်ရွယ်
ကိုယ့်ထက်ပိုပြီးကြိုးစားတဲ့ လူတွေနဲ့ ဆုံတွေ့ရတာလည်း

တကယ် စိတ်ချမ်းသာစရာကောင်းသလို
ခွန်အားတွေလည်း ရခဲ့ရပါတယ်။

ကျွန်မတို့ရဲ့ Film Club လေးကလည်း ရှေ့လျှောက်ဆက်ရှိနေဦးမှာမလို့ စိတ်ဝင်စားတဲ့လူတွေ ဝင်ရောက် Join နိုင်ကြောင်း သတင်းကောင်းလေးပေးချင်ပါတယ်ရှင့်။

Photos from Hnyune Life's Chapter's post 28/07/2026

ကိုရီးယားသူငယ်ချင်းတွေနဲ့ ပေါင်းရသင်းရတာ ဘယ်လိုနေလဲ။

ကျွန်မကို CB မှာ မကြာခဏ လာမေးတတ်ကြတဲ့ မေးခွန်းပါ။

ကျွန်မ အမြဲပြန်ဖြေဖြစ်တာကတော့ “ကျွန်မရဲ့ ကာရိုက်တာနဲ့ ကိုက်ပါတယ်” ဆိုတာပါပဲ။

ကျွန်မ MBTI ရဲ့ Eနဲ့I က E 57%, I 43% ပါ။
(အောက်က MBTI Result ပုံကိုကြည့်ရင် တခြားဟာတွေလည်း အများဆုံး % တောင် 61 ပဲရှိတာမို့ ဘယ်ဘက်ကိုမှ အရမ်းအစွန်းမရောက်တဲ့ လူမျိုးလို့ပဲ ပြောရမလားပေါ့။)

ဒါကြောင့် အပေါင်းအသင်းတွေနဲ့ သွားလာရတာလည်း အဆင်ပြေသလို၊ တစ်ယောက်ယောက်ကို ကိုယ့်ဘက်က စကားစပြီး မိတ်ဆက်ရတာလည်း ရှိန်မနေတတ်ဘူး။ တစ်ယောက်တည်း အိမ်မှာနေတာ၊ တစ်ယောက်တည်း ခရီးသွားတာတွေလည်း အဆင်ပြေတယ်။

အဲဒါကြောင့် ကိုရီးယားသူငယ်ချင်းတွေနဲ့လည်း ပရောဂျက်လုပ်ချိန်၊ အရက်သောက်ချိန်၊ ခရီးအတူတူသွားတဲ့အချိန် ကျောင်းသားသမ္မဂ meeting ရှိချိန်တွေမှာ ပေါင်းဖြစ်ပေမယ့် အဲဒီအချိန်တွေကလွဲရင်တော့ အဆက်အသွယ် သိပ်မရှိပါဘူး။ 😅

ဒါနဲ့ ပတ်သက်ပြီး ရီရတဲ့အဖြစ်အပျက်တစ်ခု ရှိတယ်။

ကျွန်မက လမ်းလျှောက်ရင်း ဖုန်းနဲ့ အလုပ်ရှုပ်နေတာမျိုး အရမ်းများတယ်။ အဲဒီတော့ ဓာတ်လှေကားရှေ့ ရပ်စောင့်နေရင်း ကိုယ်က ရှေ့ဆုံးရောက်နေတာကိုတောင် သတိမထားမိဘဲ ဓာတ်လှေကားခေါ်တဲ့ ခလုပ်မနှိပ်မိတာ မကြာခဏဖြစ်တတ်တယ်။

အတန်းထဲက ကိုရီးယားသူငယ်ချင်းတချို့နဲ့ တိုးရင် သူတို့က ခလုပ်နှိပ်ပေးတတ်ပြီး “ရှေ့ဆုံးမှာ ရပ်နေတာနင်ဆိုရင် ကြိမ်းသေတယ် ဓာတ်လှေကားမခေါ်ထားဘူး”လို့ နောက်ပြောတတ်တယ်။

ဘာလို့လဲဆိုတော့
တစ်ခါ ကျောင်းကအပြန် စာကြည့်တိုက်ကနေ ထွက်လာပြီး မြေအောက်ရထားဘူတာအထိ လမ်းတစ်လျှောက် ဖုန်းနဲ့ပဲ အလုပ်ရှုပ်နေခဲ့တယ်။ ဓာတ်လှေကား သုံးခုလောက်စီးခဲ့တာ။ ဘူတာရောက်ပြီး ကဒ်ရိုက်မလို့ ခေါင်းမော့လိုက်တော့မှ ဘေးမှာ ကဒ်ရိုက်နေတဲ့ ကိုရီးယားသူငယ်ချင်းတစ်ယောက်ကို တွေ့တာနဲ့ “ဟဲ့… နင်လည်း ပြန်မလို့လား” လို့ နှုတ်ဆက်လိုက်တယ်။

သူပြန်ဖြေတာက…

“တော်သေးတယ်… နင် ငါ့ကို ဘယ်တော့မှ မြင်မလဲလို့ တွေးနေတာ။ ငါ စာကြည့်တိုက်က ထွက်လာကတည်းက နင်နောက်က ပါလာတာ။ ဓာတ်လှေကားတွေလည်း နင်မခေါ်လို့ ငါပဲ ခေါ်ပေးလာတာ။”

အဲဒီစကားကြားတော့ ကျွန်မ အရမ်းအံ့ဩသွားသလို အားလည်းနာသွားတယ်။ အဲဒီနေ့ကစပြီး ဓာတ်လှေကားရှေ့မှာ ဖုန်းမသုံးဖြစ်တော့ဘူး။

နောက်ပိုင်း သူနဲ့ ဓာတ်လှေကားရှေ့မှာ ဆုံတိုင်း နှစ်ယောက်သား ပြုံးစိစိနဲ့ပဲ။ 😅

ခေါင်းစဉ်ကို ပြန်ဆက်ရရင်…

ကိုရီးယားသူငယ်ချင်းတွေနဲ့ ပေါင်းရတာကတော့ သာမန်လူတစ်ယောက်လိုပဲ ပေါင်းပါတယ်။ သူတို့ကြောင့် ကိုယ့်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်၊ ကိုယ့်ကြောင့်လည်း သူတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ကိုယ့်စည်းလေး ကိုယ်ထားပြီး နေတာပါ။ ဒါကတော့ ကျွန်မနဲ့ ကိုက်တဲ့နည်းလမ်းပါ။ တခြားလူတွေအတွက်တော့ တူချင်မှ တူပါလိမ့်မယ်။ ကိုယ်နဲ့ ကိုက်တဲ့နည်းလမ်းကို ကိုယ်တိုင် ရှာတွေ့နိုင်ဖို့ပဲ လိုတယ်လို့ ထင်ပါတယ်။

ကျွန်မ ကိုယ့်ကိုယ်ကို အမြဲသတိပေးဖြစ်တဲ့ အတွေးတစ်ခုကတော့…

“ကိုရီးယားလူမျိုးတွေလည်း လူတွေပဲ။”

ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူလည်း ရှိတယ်။

စနစ်ကောင်းတဲ့နိုင်ငံမှာ နေနေတာကြောင့် ကျွန်မတို့ထက် ပိုတော်တယ်၊ ပိုကောင်းတယ်လို့ ထင်ရပေမယ့် အမြဲတမ်း အဲဒီလိုတော့ မဟုတ်ဘူး။

ကြိုးစားတဲ့လူက ကြိုးစားသလို၊ ပျင်းတဲ့လူက ပျင်းတယ်။ လူတန်းစားခွဲခြားတဲ့လူ ရှိသလို မခွဲခြားတဲ့လူလည်း ရှိတယ်။

ကိုယ့်ကြိုးစားမှုကို အသိအမှတ်ပြုပြီး လက်တွဲခေါ်ပေးတဲ့လူ ရှိသလို၊ ကိုယ်တိုးတက်သွားမှာကို စိုးရိမ်လို့ နေရာမပေးချင်တဲ့လူလည်း ရှိပါတယ်။

နောက်ပြီး ကျွန်မနဲ့ သူတို့ရဲ့ ဆုံတွေ့မှုကလည်း ကိုရီးယားမှာ ရှိနေတဲ့ အချိန်အတွင်းပဲ ဖြစ်မှာပါ။ ကျွန်မ ကိုရီးယားက ထွက်သွားတဲ့နေ့မှာတော့ သူငယ်ချင်းဟောင်း၊ မိတ်ဆွေဟောင်းဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်သွားမယ့် လူတွေပဲဆိုတာ သိထားတာကြောင့် အရမ်းကြီး တွယ်တာမနေဖြစ်တော့ဘူး။

အရင်ကတော့ အပေါင်းအသင်းကို အရမ်းမက်ခဲ့လို့ ခွဲခွာတိုင်း အရမ်းဝမ်းနည်းရတယ်။ အခုတော့ လူတစ်ယောက်နဲ့ ဆုံတွေ့တိုင်း “တစ်နေ့ ခွဲခွာရမှာပဲ” လို့ ကြိုတွေးထားပြီး လက်ရှိ တွေ့ဆုံနေတဲ့ အခိုက်အတန့်ကိုပဲ ပိုတန်ဖိုးထားဖြစ်တယ်။

19/07/2026

ဒီနေ့ Convenience Store ညဆိုင်းလုပ်တုန်း ပြသနာရှာတဲ့ ဧည့်သည်ကြောင့် ငွေရှင်းတဲ့စက်က ရဲခေါ်တဲ့ ခလုပ်ကိုပါနှိပ်ဖူးသွားတယ်။ 😩

ရဲတွေကလည်း မြန်ချက် တစ်မိနစ်လားပဲကြာလိုက်တယ်။ ရောက်ချလာပါရော။

သတ္တိခဲကိုယ်က ရဲတွေ ရောက်လာတော့ အကျိုးအကြောင်းတွေ ရှင်းပြပြောဆိုပြီး

အကုန်ပြီးသွားမှ သူဌေးမကို ငိုပြီးတိုင်တော့တာ
😅

ပထမတော့ ဧည့်သည်ကို ပြန်မပြောနဲ့ ဧည့်သည်သာအဓိကလို့ပြောလာရင် အလုပ်တန်းထွက်မယ်လည်း တွေးပြီးသား

သူဌေးမက ရောက်နေကြအချိန်ထက်အစောကြီးရောက်လာပြီး အကျိုးအကြောင်းသေချာနားထောင်ပြီး

နောက်တစ်ခါ အဲ့ဧည့်သည်လာရင် မရောင်းပေးနိုင်ဘူး။ တခြားဆိုင်မှာ သွားဝယ်လို့ ပြောလိုက်တဲ့။ အဲလို ငြင်းလွှတ်လိုက်တာကို ထပ်ပြသနာရှာရင် အင်အားကုန်ခံပြီးရန်ဖြစ်မနေနဲ့ ရဲသာခေါ်ပေးလိုက်တဲ့

အဲဒါကိုမှ
နောက်တစ်ခါထပ်လာရင် သူတံခါးဖွင့်ဝင်လာတာနဲ့ ရဲတိုင်တဲ့ 😅

သေအောင်ပင်ပန်းပြီး
တအားဒေါသဖြစ်၊ တအားဝမ်းနည်းနေပေမယ့်လည်း
သူဌေးမ ပြောတဲ့ စကားတွေနဲ့တင် စိတ်တော်တော်ပြေသွားတယ်😅

အလုပ်လည်း မထွက်ဖြစ်တော့ဘူး။

16/07/2026

ပြီးခဲ့တဲ့ Sem တုန်းက Advanced Cinematography အတန်းမှာ
ကိုယ်ရေးထားတဲ့ ဇာတ်ညွှန်းထဲက Scene တစ်ခုကို ကိုယ်တိုင် DOP လုပ်ပြီးရိုက်ရတုန်းက ဗီဒီယိုလေးပါ။

ဇာတ်ညွှန်းကလည်း ကိုယ့်ဇာတ်ညွှန်း၊ ဒါရိုက်တာလည်းကိုယ်ပဲ😁
သရုပ်ဆောင်လည်း ကိုယ်ပဲရှာ၊
Location, Camera Blocking နဲ့ lighting plan လည်းကိုယ်ပဲ 😁

ဘဝမှာ ရိုက်ကွင်းပေါ်
ကင်မရာကို ကိုင်ပြီး ကိုယ်တိုင် DOP လုပ်ဖူးတဲ့ ပထမဆုံး Video ပဲ

Video ထဲက မင်းသမီးလေးကိုတော့ ၂၀၂၇, ၂၀၂၈ ကို Netflix မှာ မြင်ရတော့မှာနော်☺️

09/07/2026

ကျောင်းသား ၁၃၃ယောက်မှာ အဆင့်ငါးတဲ့ ကိုယ့်ကိုယ်တောင် မယုံဘူး

ငါဟုတ်ရဲ့လား😅

25/06/2026

ရုပ်ရှင်မေဂျာ တက်သူတွေသာ ကြုံတွေ့ရတာလား
တခြားမေဂျာတွေရောအဲလိုပဲလားမသိပေမယ့်

စားမေးပွဲလည်းပြီးပြီ
အမှတ်စာရင်းလည်းထွက်ပြီ
ကျောင်းလည်း ပိတ်ပြီ

ဒါပေမယ့်လည်း ကျောင်းက
ပရောဂျက်တွေက နောက်နှစ်၂၀၂၇ ဖေဖော်ဝါရီလောက်အထိ ဆက်တိုက်🫢

အခုလည်း ကျောင်းကို
လကုန်အပြီးတင်ရမယ့် ပရောဂျက်တစ်ခုအတွက်
မိုးလင်းပေါက် 3D Modeling လုပ်နေဆဲ

တော်သေးတယ် ဝါသနာပါလို့
မဟုတ်ရင် မတွေးရဲဘူး

ဘုရားစူးကျောင်းပိတ်ရက်ပါနော်😎

(မတင်လို့လည်းမဖြစ် တင်ရင်စကော်လားရှစ်ပေးမယ်ဆိုလို့🫢😅😅)

Photos from Hnyune Life's Chapter's post 24/06/2026

ကိုယ့်ဘာသာအလုပ်လုပ်ပြီး ကျောင်းတက်တာနဲ့ မိဘပိုက်ဆံနဲ့ ကျောင်းတက်တာ ဘာကွာလဲသိလား

Result ကတော့ ကျောင်းလခ ၆၀ရာခိုင်နှုန်းလောက် လျှော့စျေးရဖို့ကို အသေကြိုးစားဖြစ်သွားတာပဲ။

Dongguk University က ကျောင်းစလျှောက်တဲ့တစ်ကြိမ်ပဲ Topik နဲ့ စကော်လားရှစ်ပေးပြီး ကျောင်းဝင်ခွင့်ရပြီးတာနဲ့ Topik နဲ့ မပေးတော့ဘဲ Gade နဲ့ပဲပေးတာပါ။

Grade 4.0 ~4.5 ကြားရှိမှ ကျောင်းလခရဲ့ ၆၀ရာခိုင်နှုန်းကိုပဲ လျှော့ပေးတာပါ။(တစ်ရာလုံးဝမပေးပါဘူး။ ပုံထဲမှာလည်း ကြည့်လို့ရပါတယ်)

အဲတော့ကာ အချိန်ပိုင်းအလုပ်တစ်ဖက်နဲ့ ကျောင်းတက်တဲ့အခါ ကျောင်းမသွားချင်တဲ့နေ့၊ အိပ်ယာကမထချင်တဲ့ နေ့တွေအများကြီးရှိပါတယ်။

ပြီးတော့ ကျောင်းသွားဖို့ကို အမြဲနှိုးပေးမယ့် အမေလည်း အနားမှာမရှိပါဘူး။

အဲဒီမှာပဲ တစ်ကယ့်ဘဝကစတာပါပဲ။😅

ကိုယ့်ပိုက်ဆံကြတော့ သိပ်နှမျောတတ်တဲ့ ကိုယ့်ကိုယ်ကို တစ်ခါတလေ အရမ်းရီချင်တာပဲ။

တစ်ခါတလေ ညဘက် အလုပ်ကြောင့်သော်လည်းကောင်း
Assignment ကြောင့်သော်လည်းကောင်း
တစ်နာရီလောက်၊ သုံးနာရီလောက်ပဲအိပ်ပြီး
ကျောင်းသွားဖို့ မနက် အိပ်ယာမထချင်တဲ့အခါမျိုးတွေမှာ ခေါင်းထဲရောက်လာတဲ့ အတွေးတွေက ကျောင်းမသွားရင် ပျက်ကွက်ဖြစ်မယ်
ပျက်ကွက်များရင် ငါစာမေးပွဲဖြေနိုင်လည်း အမှတ်ကောင်းမှာမဟုတ်ဘူး။

အမှတ်မကောင်းရင် ကျောင်းလခ ဝမ်၅၉သိန်းကျော်ကို ငါဘယ်လိုပေးမလဲဆိုပြီး

လူကသာမနိုးတာ ခေါင်းက တစ်ချိန်လုံးတွက်တော့တာပါပဲ။🤣

အဲလိုနဲ့ငါးမိနစ်ပြန်အိပ်ပြီး ထပ်အိပ်ပျော်သွားမှာ စိုးလို့ ရေချိုးခန်းထဲ တန်းဝင်ပြီး ခေါင်းကနေ ရေလောင်းချလိုက်ရတဲ့ နေ့ရက်တွေက ပိုများတယ်။

ဒါပေမယ့်လည်း အခုလို Result ကောင်းလေးထွက်လာတော့လည်း ပျော်ရပြန်ရော 🥰

ဘာရယ် မဟုတ်ပါဘူး။
အမှတ်ထွက်လာတော့ ပျော်လို့ ကိုယ့် Achievement လေးလာတင်ရင်း
သူငယ်တန်းကနေ ဘွဲ့တစ်ခုရတဲ့အထိ မညည်းမငြူနဲ့ ကျောင်းထားပေးခဲ့တဲ့ မိဘတွေကို သတိရလို့ 🥰

(ပြီးတော့ ဘာလို့ကျောင်းမပျက်လည်းဆိုတော့ အမှတ်စာရင်း စာရွက်ကို ကြည့်ရင်သိပါတယ်။ အကုန် A+ ပေမယ့် တစ်ဘာသာက A ပါ။ အဲ့ဘာသာကတော့ ကျောင်းတစ်ရက်မသွားခဲ့တဲ့ ဘာသာပါပဲ🥲။ တစ်နေ့နှစ်ချိန်တက်တာကို မနက်ပိုင်းအတန်းက ပိတ်ပေးတဲ့နေ့မှာ ညနေပိုင်းအတန်းကို ပျင်းလို့ သွားမတက်ဖြစ်လိုက်တာပါ။ 😁)

Want your school to be the top-listed School/college in Seoul?

Click here to claim your Sponsored Listing.

Location

Telephone

Address


Seoul