01/07/2026
FYI 💡
JLPT မှာ ဘယ်အပုဒ်မှန်ရင် ဘယ်နှမှတ်ရမလဲ??
အောင်စာရင်းမှာ ဖော်ပြတဲ့ 0~180 ဆိုတဲ့ ဂဏန်းတွေဟာ အဖြေမှန်အပုဒ်တွေရဲ့ ရမှတ်စုစုပေါင်း မဟုတ်ဘဲ IELTS 7တို့ 7.5 တို့လို အဆင့်သတ်မှတ်ချက်တွေ ဖြစ်တယ်ဆိုတာ သိပါသလား?
အနှစ်ချုပ်ပြောရရင် JLPT မှာ ဘယ်အပုဒ်အတွက် အမှတ်ဘယ်လောက်ပေးတယ်ဆိုတာ သတ်မှတ်မထားပါဘူး။
📚📚📚📚📚📚📚📚📚📚📚
JLPT စာမေးပွဲ နီးလာပြီဆိုတော့ စာမေးပွဲ အမှတ်ပေးစနစ်နဲ့ ပတ်သတ်ပြီး တော်တော်များများ အမှတ်မှားတတ်ကြတဲ့ အချက်နဲ့ပတ်သတ်ပြီး JLPTကထုတ်ပြန်ထားတဲ့尺度得点ဆိုတဲ့ အမှတ်ပေးပုံပေးနည်းကို ကိုးကားပြောပြချင်ပါတယ်။
စာမေးပွဲရလဒ်ထွက်လာတဲ့ အခါ "ငါတော့ ၁မှတ်နဲ့ ကပ်ကျတာကွာ။ နောက်တစ်ပုဒ်လောက်သာ မှန်လိုက်ရင် အောင်ပြီ" စသဖြင့် မခံမရပ်နိုင်ဖြစ်ရတဲ့ ကိစ္စမျိုးတွေ ကြားဖူးကြပါတယ်။ တကယ်တော့ လိုနေတဲ့ ၁မှတ်ရဖို့ နောက်တစ်ပုဒ် မကလို့ နောက်၄,၅ ပုဒ် မှန်နေရင်တောင် ရချင်မှရမှာပါ။ "ဟင်! စာမေးပွဲဆိုမှ မေးခွန်း၁ပုဒ်ကို အနည်းဆုံး ၁မှတ်တော့ ပေးတယ်မဟုတ်ဘူးလား။ ၁ပုဒ်ထပ်ရရင် ကျိန်းသေအောင်ပြီ မဟုတ်လား။" ဆိုပြီး စောဒက တက်ကောင်းတက်ပါလိမ့်မယ်။
အဲ့ဒါမျိုးက သမားရိုးကျစာမေးပွဲ အမှတ်ပေးနည်းတွေမှာ ဆိုရင်တော့မှန်ပေမယ့် JLPT လိုမျိုး Item Response Theory (IRT) ဆိုတဲ့ နည်းစဉ်ပေါ်မှာ အခြေခံတဲ့ အမှတ်ပေးစနစ်မျိုးမှာဆိုရင်တော့ ကျိန်းသေအောင်မယ်လို့ ပြောလို့မရပါဘူး။ ပြီးတော့ JLPT မှာ အားလုံးပြောနေကြတဲ့ Reading အမှတ်ပြည့် 60 တို့ Listening အမှတ်ပြည့် 60 တို့ဆိုတာ တကယ်တမ်းတော့ အမှတ်တွေမဟုတ်ကြပါဘူး။ 0~60 ဆိုပြီး သတ်မှတ်ထားတဲ့ အဆင့်သတ်မှတ်ချက်တွေသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ IELTS 7 တို့ 8 တို့ဆိုတာ မှန်တဲ့ အပုဒ်တွေရဲ့ အမှတ်ပေါင်းကို ဖော်ပြတာ မဟုတ်ဘူး ဆိုတာ လူတိုင်းသိကြပါတယ်။ JLPT လည်း အလားတူပါပဲ။ ရှုပ်သွားကြပြီလား?
အောက်မှာ အကျယ်တဝင့် ဆက်ရှင်းပြပါ့မယ်။
သမားရိုးကျအမှတ်ပေးစနစ်တွေရဲ့ အားနည်းချက်ကို အရင်ပြောပြချင်ပါတယ်။ ဆိုကြပါတော့ သင်ဟာ ပြဌာန်းစာအုပ် တစ်အုပ်လုံးရဲ့ အကုန်လုံးကို ထုံးလိုချေရေလိုနှောက် လေ့လာပြီး စာမေးပွဲအတွက်ပြင်ဆင်ထားတယ်ဆိုပါတော့။ တကယ့်စာမေးပွဲ မဖြေခင်တစ်ရက် အိမ်မှာ အစမ်းအနေနဲ့ နမူနာမေးခွန်း ၂စုံကို မနက်၁စုံ ညနေ၁စုံဖြေကြည့်တယ် ဆိုပါတော့။ မနက်ပိုင်းဖြေတဲ့ အစုံက နည်းနည်းလွယ်လို့ 95 မှတ်ရပြီး၊ ညနေပိုင်းဖြေတဲ့ အစုံက ခက်လို့ 85 ပဲရတယ်ဆိုပါတော့။ 10 မှတ်လျော့သွားတယ်ဆိုတော့ စာမေးပွဲရလဒ်အရ ဆိုရရင် သင်ဟာ တစ်ရက်အတွင်းမှာပဲ ဒီဘာသာရပ်နဲ့ပတ်သတ်တဲ့ သင်ကျွမ်းကျင်တတ်မြောက်မှု စွမ်းရည်ကလျော့ကျသွားတယ်လို့ ဆိုရမလိုဖြစ်နေတယ် မဟုတ်လား။ တကယ်ပဲ စွမ်းရည်တွေ လျော့ကျသွားတာလား?
နောက်ထပ် ဥပမာအနေနဲ့ ကျောင်းသားA နဲ့ B ရှိတယ်ဆိုပါတော့။ ကျောင်းသား A က ဒဂုံမှာ ကျောင်းတက်တယ်။ ကျောင်းသား B က ဗဟန်းမှာ ကျောင်းတက်တယ်။ သူတို့နှစ်ယောက်က ဉာဏ်ရည်လည်းတူကြတယ်။ ဖတ်မှတ်လေ့လာထားတဲ့ သင်ခန်းစာတွေအတူတူပဲ၊ နမူနာမေးခွန်းတစ်စုံ အတူတူဖြေကြည့်တော့လည်း အမှတ်တူတူရတဲ့ နှစ်ယောက်က ကျောင်းတွေကစစ်တဲ့ စာမေးပွဲအသီးသီးကိုဖြေတော့ A က 85 နဲ့ ဂုဏ်ထူးရပြီး၊ B က 74 နဲ့ ဂုဏ်ထူးပြုတ်ကျန်ခဲ့တယ်ဆိုရင် A က B ထက်ပိုတော်တယ်လို့ သတ်မှတ်မှာလား?
သမားရိုးကျအမှတ်ပေးစနစ်တွေရဲ့ အားနည်းချက်ကတော့ အပေါ်က ဖော်ပြခဲ့တဲ့ဥပမာတွေအတိုင်းပဲ အရည်အချင်းတူရင်တောင် စာမေးပွဲမေးခွန်းရဲ့ အလွယ်အခက်ပေါ်မူတည်ပြီး ရမှတ်တွေကွာသွားတော့ စာမေးပွဲရလဒ်ကိုကြည့်ပြီး တကယ့်အရည်အချင်းကို ဆုံးဖြတ်တာဟာ အလုံးစုံမှန်ကန်မှုမရှိပါဘူး။
IRT ကိုအခြေခံပြီး အမှတ်ပေးတဲ့ JLPT, TOEFL, TOEIC လို စာမေးပွဲတွေမှာ ဆိုရင်တော့ ကျွမ်းကျင်မှုအရည်အချင်းတူညီရင် ဘယ်အချိန် ဘယ်နေရာမှာ ဘယ်မေးခွန်းကိုဖြေဖြေ ရလဒ်အတူတူထွက်နေအောင် စီမံထားပါတယ်။ ရမှတ်က မေးခွန်းအလွယ်အခက်ပေါ်မူမတည်ဘဲ အရည်အချင်းတစ်ခုတည်းပေါ်ပဲ မူတည်အောင် ပြုလုပ်ထားတဲ့ သဘောပါ။
ဥပမာ A နဲ့ B နှစ်ယောက် JLPT N2 level ဖြေကြတယ်ဆိုပါတော့။ B က A ထက် ဂျပန်စာပိုရတယ်။ ဒါပေမယ့် စာမေးပွဲမှာ ၁၀ပုဒ်မှာ ၅ပုဒ်စီပဲ မှန်ကြတယ်။ A က လွယ်တဲ့မေးခွန်း ၅ပုဒ်မှန်ပြီးတော့၊ B ကလွယ်တာ ၃ပုဒ်နဲ့ ခက်တာ ၂ပုဒ် မှန်တယ်။ အဲ့ဒီလိုအနေအထားမှာဆို B က အမှတ်ပိုရမှာပါ။ ခက်တဲ့မေးခွန်းကိုဖြေနိုင်ဖို့ skill ပိုလိုအပ်တဲ့အတွက် ဖြေနိုင်တဲ့သူဟာ ကျွမ်းကျင်မှုအားဖြင့် ပိုမြင့်တဲ့အဆင့်သတ်မှတ်ချက်ကို ရမှာပါ။ လွယ်တဲ့မေးခွန်းတွေ အကုန်ဖြေနိုင်ဦးတော့၊ ခက်တဲ့မေးခွန်းတစ်ပုဒ်မှ မဖြေနိုင်ရင်တော့ ကျွမ်းကျင်မှုသတ်မှတ်ချက် အနိမ့်ပိုင်းမှာပဲ ရှိနေမှာပါ။ (စာမေးပွဲမှာ ကံကိုတော့ ထည့်မစဉ်းစားပါ။)
ဘယ်မေးခွန်းက ခက်ပြီး၊ ဘယ်မေးခွန်းက လွယ်တယ်ဆိုတာ မေးခွန်းထုတ်တဲ့သူကလည်း သိပြီးသားဖြစ်သလို၊ စာမေးပွဲဖြေသူတွေရဲ့ အဖြေကိုစာရင်းပြုစုခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ ကျောင်းသားအများစု မဖြေနိုင်တဲ့မေးခွန်းကို ခက်တယ်လို့ ယူဆလို့ရတာပေါ့။
အမှတ်ပေးဖို့(အဆင့်သတ်မှတ်ဖို့အတွက်) မေးခွန်းတစ်စုံလုံးမှာ ဖြစ်နိုင်ချေရှိတဲ့ ဖြေပုံဖြေနည်း pattern (1,1,2,3,3.... လား၊ 1,2,3,2,1... လား စသည်ဖြင့်) တွေကို list လုပ်ပါတယ်။
ပေါ်ထွက်လာနိုင်တဲ့ Pattern တွေကို list လုပ်ကြည့်ရင် အတော်လေးကိုများတာပါ။ N1 ရဲ့ Vocabularyနဲ့ Grammar မေးခွန်းsectionနဲ့ ဥပမာပေးရရင် အဖြေ 1~4ကနေ အမှနိကိုရွေးရတာဖြစ်ပြီး၊ မေးခွန်းပေါင်းက 45 ခုရှိတဲ့အတွက် ဖြစ်နိုင်ချေရှိတဲ့ pattern ပေါင်းက 4^45 = 1.238 x 10^27 ခုရှိပါတယ်။ အတော့်အတော့်ကို များတဲ့ အရေအတွက်ပါ။
အဲ့ဒီ pattern တွေကို 0~60 ဆိုတဲ့ အဆင့်သတ်မှတ်ချက် 61 ခုထဲကို ခွဲထည့်ပါတယ်။ အဲ့ဒီအတွက် အဆင့်တစ်ခုမှာ pattern ပေါင်း သန်းနဲ့ ကုဋေနဲ့ချီပြီး ပါဝင်နိုင်ပါတယ်။
အဲ့ဒီလိုမျိုးခွဲပြီး အမှတ် 0~60 ကို သတ်မှတ်တာဖြစ်ပါတယ်။ ဒါကြောင့် မေးခွန်းအရေအတွက်တူတူမှန်ရင်တောင် ဖြေဆိုပုံ pattern မတူရင် ရမှတ်ကွဲသွားနိုင်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် မှန်တဲ့မေးခွန်းအရေအတွက် မတူလည်းဘဲ ရလဒ်အမှတ်တူနေနိုင်ပါတယ်။
ဒါ့ကြောင့် အနှစ်ချုပ်ပြောရရင် JLPT ဖြေပြီး နောက်ရက်အဖြေ list ထွက်လာလို့ စစ်ကြည့်ကြတဲ့အခါမှာ လွယ်တဲ့မေးခွန်းကို သူများတွေအကုန်မှန်ပြီးကိုယ်က မှားနေခဲ့ရင်တောင် အမှတ်လျော့ဖို့ သိပ်စိတ်မပူရပါဘူး။ တစ်ချိန်တည်းမှာပဲ သူများတွေ မမှန်ကြတဲ့ ခက်ခဲတဲ့ မေးခွန်းကို ကံကောင်းလို့ပဲဖြစ်ဖြစ် မှန်သွားခဲ့ရင် သူများတွေထက် သိသိသာသာ အမှတ်ကောင်းသွားနိုင်ချေလည်းရှိပါတယ်။
ကိုးကား : https://www.jlpt.jp/about/pdf/scaledscore_j.pdf?mode=pc