16/02/2026
Tokyo မြို့ Akihabara အရပ်မှာ စမတ်အမှိုက်ပုံးတွေ စသုံးမယ်
Tokyo မြို့ Chiyoda မြို့နယ်က Akihabara အရပ်မှာ စမတ်အမှိုက်ပုံးတွေကို စတင်အသုံးပြုဖို့ စီစဉ်ထားပါတယ်။
အဲဒီဧရိယာဟာ ပြည်ပခရီးသွားတွေအကြား လူကြိုက်များတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းတွေပေါ်မှာ အမှိုက်စွန့်ပစ်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေဆီက တိုင်ကြားမှုတွေ အများအပြား လက်ခံရရှိထားတယ်လို့ အဲဒီမြို့နယ်က ပြောပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မြို့နယ်ဟာ အဲဒီအရပ်က နေရာ ၁၀ ခုမှာ စမတ်အမှိုက်ပုံးတွေ ချထားဖို့ စီစဉ်နေပါတယ်။
အဲဒီအမှိုက်ပုံးတွေဟာ အမှိုက်တွေကို မူလအရွယ်အစားရဲ့ ၅ ပုံ ၁ ပုံအထိ ဖြစ်သွားအောင် အလိုအလျောက် ဖိနိုင်ပြီး အမှိုက်ပုံးတစ်ခုစီမှာ အမှိုက်ပမာဏ ၆၀၀ လီတာအထိ ဆံ့ပါတယ်။
အမှိုက်တွေ ဘယ်လောက် ပြည့်နေတယ်ဆိုတာကို အင်တာနက်ကနေ အချက်အလက်တွေ ပေးပို့နိုင်တာကြောင့် အဆင်အပြေဆုံးအချိန်တွေမှာ အမှိုက်တွေကို သိမ်းယူနိုင်ပါတယ်။
Akihabara ဟာ ခရီးသွားအများအပြားကို ဆွဲဆောင်တယ်ဆိုပေမဲ့ ဒေသခံတွေ နေထိုင်တဲ့ နေရာလည်း ဖြစ်တယ်လို့ မြို့နယ်က ဆိုပါတယ်။
ခရီးသွားတွေ ချန်ထားခဲ့တဲ့အမှိုက်တွေကို လိုက်လံသိမ်းဆည်းဖို့အတွက် ရပ်ရွာလူမှုအသိုက်အဝန်းနဲ့ စေတနာ့ဝန်ထမ်းတွေ လုပ်နိုင်တာက အကန့်အသတ်နဲ့သာ ရှိတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
အမှိုက်တွေကို အိမ်ပြန်ယူသွားရမယ်ဆိုတဲ့ မူကို စွဲကိုင်ထားမှာ မဟုတ်ဘူးလို့ အဲဒီမြို့နယ်က ဆိုပြီး အစီအမံအသစ်ဟာ ဒေသခံတွေရဲ့ နေထိုင်မှုပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်လာစေလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
𝐑𝐞𝐟 ; 𝐍𝐇𝐊 𝐖𝐨𝐫𝐥𝐝 - 𝐉𝐚𝐩𝐚𝐧
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬