26/01/2026
မနေ့က Netflix က လာတဲ့ skyscraper Live ကို ကြည့်နေရင်းနဲ့တင် လက်ဖဝါးတွေထဲ ချွေးတွေစို့လာတာ ရင်တမောမော နဲ့ အသက်တောင် ဝဝမရှူရဲဘူး။ လူတစ်ကိုယ်လုံးမှာ ဘာအကာအကွယ်ကြိုးမှလည်း မပါဘူး။
သူ အဲဒီတိုက်ကြီးပေါ်မှာ ပင့်ကူတစ်ကောင်လို ကပ်နေတာကို မြင်ရတာ တကယ့်ကို သေမင်းနဲ့ စစ်တုရင် ကစားနေသလိုပဲ။ အိုး..အသည်းယားစရာ။ ကြည့်ပြီးသမျှ အသည်းအယားဆုံး အကွက်လေးတွေ ပြောပြဦးမယ်။
သူ တိုက်ရဲ့အလယ်လောက် ရောက်တဲ့အချိန်မှာ ကင်မရာက အနီးကပ်ကြီး ဆွဲပြတာလေ။ အဲဒီမှာ သူ့လက်ချောင်းလေးတွေက ပင်ပန်းလွန်းလို့ တုန်နေတာ။ အမလေးဟယ် ပြုတ်တော့မှာပဲ ဆိုပြီး ရင်ထဲမှာ တထိတ်ထိတ်နဲ့။ အောက်ကို ငုံ့ကြည့်လိုက်ရင်လည်း ကားတွေက မြေကြီးပေါ်မှာ ပုရွက်ဆိတ်လေးတွေလိုပဲ။ ရင်တုန်ပန်းတုန် 😬
နောက်တခု က လေပြင်းတိုက်တဲ့ အခန်း
ဒါကတော့ အသည်းအယားဆုံးပဲ။ အမြင့်ကြီးကို ရောက်လာတော့ လေက ဝေါခနဲ တိုက်လာတာလေ။ အဲဒီမှာ သူက တိုက်နံရံကို အတင်းကပ်ထားရတာ။ တစ်ချက်လေးသာ ဟသွားရင် လေနဲ့အတူ လွင့်ပါသွားမယ့် အနေအထားမျိုး။ အောင်မြလေးပဲ။ ကြည့်နေရင်း နဲ့ ဘေးက ခုံတန်းကို ကုတ်ထားရတယ် 😂
ခြေချော်သလို ဖြစ်သွားတဲ့ အချိန်လဲ ရှိလိုက်သေးတယ်။ မှန်နံရံဆိုတော့ ချောမှာပေါ့နော်။ သူ ခြေလှမ်းတစ်လှမ်း အပြောင်းမှာ ခြေထောက်က နည်းနည်းလေး လျှောခနဲ ဖြစ်သွားတာ။ အဲဒီအချိန်မှာ ကြည့်နေတဲ့သူတွေအားလုံး ဟိုး ~~~ ခနဲ ဖြစ်သွားတာ Live ထဲမှာတောင် ကြားရတယ်၊ ကျမဖြင့် လန့်လိုက်တာ။
နှလုံးခုန်သံကြီးက ဒိန်းဒိန်းနဲ့ ဖြစ်နေတာကို Screen ရဲ့ ဘေးမှာ သူ့နှလုံးခုန်နှုန်း ကို ပြနေတာလေ။ အခက်ခဲဆုံး နေရာကို တက်နေရချိန်မှာ နှလုံးခုန်နှုန်းက အရှိန်အဟုန်နဲ့ တက်လာတာကို မြင်နေရတော့ ကိုယ်ပါ လိုက်ပြီး အမောဖောက်ချင်သလိုလိုပဲ။
သူ အပေါ်ဆုံးကို ရောက်သွားမှပဲ ကျမလည်း အသက်ကို ဝဝရှူနိုင်တော့တယ်။ ဒါဟာ လူတစ်ယောက်က သူ့အသက်ကို ရင်းပြီး သူ့ကျွမ်းကျင်မှု လို့ပဲ ခေါ်မလား ။ စွန့်စားမှု ကြိုက်တဲ့သူ တယောက် အနေနဲ့ သူ့ရဲ့ skill ကို ကမ္ဘာ က သိအောင် ပြသွားတာပေါ့လေ။
သူ အပေါ်ဆုံးကိုရောက်တော့ ကင်မရာ နဲ့ ပြတာ လှပေမယ့် ကြည့်ရတာ ကြောက် 😂သူတို့ ဆုံရပ် နေရာမှ ရောက်ဖို့ အတွက် အောက်ကို ဆင်းမှ ကြိုး ကို သုံးတာ။ ဒါလဲ သူ့ခြေတံ အရှည်ကြီးနဲ့ လွယ်လွယ်ကူကူ ပဲ ဆင်းပြသွားလိုက်တာပဲ။
ဆုံရပ်နေရာကို အောင်အောင်မြင်မြင် ဆင်းနိုင်သွားတော့ မှပဲ လက်ခုတ်ထတီးပြီး တော်သေးတာပေါ့ ဆိုပြီး ရင်ထဲက အလုံးကြီး ကျသွားတော့တယ်။ တကယ်ကို သေမင်းရဲ့ လက်ခုပ်ထဲကနေ လွတ်လာသလို ခံစားချက်မျိုးကြီး😅
ကြည့်ပြီးတဲ့ သူတွေရော ဘယ်လို လဲ။ နည်းနည်းလောက် ဝေမျှပေးပါဦးလား။
25/01/2026
ဂျပန်မှာ အမဲအသည်းအစိမ်းကို ပိတ်ထားပေမဲ့ ငါးနဲ့ မြင်းသားတွေကို ဘာလို့ စိတ်ချလက်ချ စားနေကြတာလဲ?ဗဟုသုတ တခု အနေနဲ့ Sharing လုပ်ပါရစေနော် 🍣🐎🇯🇵
ဂျပန်ရောက်ခါစ မြန်မာတွေအတွက် ထူးဆန်းနေတတ်တာက အသားနဲ့ ငါးတွေကို အစိမ်းစားတဲ့ ယဉ်ကျေးမှုပါပဲ။ ဒါပေမဲ့ အသားတိုင်းကိုတော့ အစိမ်းစားလို့ မရပါဘူးနော်။ ဘယ်အသားက စားလို့ရပြီး ဘယ်အသားက အန္တရာယ်ရှိလဲဆိုတာ သေချာရှင်းပြပေးမယ်နော်။
၁။ အမဲအသည်းအစိမ်း (Rebasashi) - လုံးဝ (မရပါ) 🚫
အရင်က ဂျပန်မှာ အမဲအသည်းအစိမ်းကို လူကြိုက်များခဲ့ပေမဲ့ ၂၀၁၂ ခုနှစ်ကစပြီး ဥပဒေနဲ့ တရားဝင် ပိတ်ပင်လိုက်ပါတယ်။ အသည်းရဲ့ အတွင်းပိုင်းအထိ ရှိနေနိုင်တဲ့ O157 ဘက်တီးရီးယားဟာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပြီး အအေးပေးရုံနဲ့ မသေနိုင်လို့ပါပဲ။ အခုဆိုရင် အသည်းကို ကျက်အောင်ချက်ပြီးမှပဲ ရောင်းချခွင့် ရှိပါတော့တယ်ရှင်။
၂။ ဆူရှီနဲ့ ဆာရှိမိ (ငါးအစိမ်းများ) 🐟
ငါးအစိမ်းတွေကို ဆူရှီဆိုင်တွေ နဲ့ Izagaya တွေမှာ ထမင်းဆိုင်တွေမှာ စိတ်ချလက်ချ စားနိုင်တာက နည်းလမ်း (၂) မျိုးကြောင့်ပါ။
• Deep Freezing: စူပါမားကတ်တွေနဲ့ ဆိုင်ကြီးတွေမှာ ရောင်းတဲ့ငါးတွေကို အပူချိန်အနုတ်ဒီဂရီမှာ အချိန်အတော်ကြာ ခဲထားပြီး သန်ကောင် (Anisakis) တွေကို သေစေတဲ့ စနစ်ကို သုံးပါတယ်။
• Ikejime (အရှင်လတ်လတ်): ငါးဖမ်းလှေတွေ ဒါမှမဟုတ် ငါးဈေးတွေမှာ ရေထဲကဆွဲထုတ်ပြီး ချက်ချင်းလှီးစားတာမျိုးလည်း ရှိပါတယ်။ ဒါကတော့ ငါးသေပြီးမှ အသားထဲကို ပိုးမဝင်ခင် ကျွမ်းကျင်တဲ့ စားဖိုမှူးတွေက အချိန်မီ သန့်စင်ပေးနိုင်လို့ စားလို့ရတာ ဖြစ်ပါတယ်။ ဒါကတော့ဈေးကြီးတဲ့ အထဲ မှာ ပါတယ်။ ဆိပ်ကမ်းနားက ဆိုင်တို့ ငါးအရှင်တွေကို မှန်ပုံးထဲ ထည့်ရောင်းတဲ့ ဆိုင်တွေမှာပဲ ရနိုင်တယ်။
၃။ မြင်းသားအစိမ်း (Basashi) ✅
မြင်းသားကို "Sakura Niku" လို့တောင် တင်စားပြီး စားကြပါတယ်။ မြင်းတွေက အမဲတွေလို ရောဂါပိုးသယ်ဆောင်နိုင်ခြေ အလွန်နည်းတဲ့အပြင် -20°C မှာ (၄၈) နာရီကြာအောင် ခဲထားပြီးမှ ရောင်းရတာဖြစ်လို့ စိတ်ချရပါတယ်။ မြင်းအသားကြီးပဲ ရောင်းတဲ့ ဆိုင်လဲ ရှိပေမယ့် ခုထိ တော့ မစားဖူးသေးဘူး။
၄။ ကြက်သားအစိမ်း (Torizashi) - (သတိထားစားပါ) ⚠️
ကြက်သားကတော့ တချို့ဒေသတွေမှာ စားလေ့ရှိပေမဲ့ အစာဆိပ်သင့်နိုင်တဲ့ Campylobacter ပိုး ပါနိုင်လို့ ကျန်းမာရေးဝန်ကြီးဌာနကတော့ အမြဲတမ်း သတိပေးထားပါတယ်။
မိတ်ဆွေတွေရော... ဆူရှီထဲက ငါးအစိမ်းတွေနဲ့ မြင်းသားအစိမ်း၊ ဘယ်ဟာကို စားဖူးလဲ? ပိုကြိုက်ကြလဲဟင်? ဂျပန်ရောက်ခါစကရော အသားစိမ်းစားရမှာ ကြောက်ခဲ့ကြလား ပြောပြခဲ့ဦးနော်။" 👇
မှတ်ချက်။ ။ ဗဟုသုတအဖြစ် တင်ပြခြင်းဖြစ်ပြီး အသားစိမ်း/ငါးအစိမ်းများကို စားသုံးသည့်အခါ သန့်ရှင်းလတ်ဆတ်မှုရှိသော ဆိုင်များတွင်သာ ရွေးချယ်စားသုံးကြဖို့ အကြံပြုချင်ပါတယ်ရှင်။
#ဂျပန်ရောက်မြန်မာများ #ဂျပန်စာ #ကျန်းမာရေးဗဟုသုတ
23/01/2026
ဂျပန်ပစ္စည်းဆိုတာနဲ့ အရည်အသွေး စိတ်ချရတာကြောင့် မြန်မာပြည်ကလူတွေရော၊ ဂျပန်ရောက်မြန်မာတွေပါ အားကိုးကြတဲ့ အားဆေးကောင်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်ရှင်။ လိုအပ်တဲ့ သူတွေက ရန်ကုန်မှာ ဂျပန်ပစ္စည်းရောင်းတဲ့ သူတွေ ဆီက မှာပါနော်။ ကျမ ပစ္စည်း မရောင်းတော့လိုပါရှင် 😔
Chocola BB Plus (チョコラBBプラス)
• Vitamin B Complex ဆေးဖြစ်တဲ့ အတွက်ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ ပါးစပ်အပူကန်တာနဲ့ အသားအရေ ခြောက်သွေ့တာတွေအတွက် အကောင်းဆုံး supplement လေးပါရှင်။
• အသားအရေ ကြည်လင်ချင်တဲ့ ညီမလေးတွေနဲ့ အလုပ်ပင်ပန်းတဲ့သူတွေအတွက် မရှိမဖြစ်ပါပဲ။
DHC Vitamins (Vitamin C / Multi Vitamins)
• ဂျပန်မှာ ဈေးနှုန်းအသင့်တင့်ဆုံးနဲ့ အစွမ်းအထက်ဆုံး Brand တစ်ခုပါ။ မြန်မာနိုင်ငံမှာလဲ သောက်တဲ့သူ တွေ များတယ်။ ကျမ ဆိုင်ဖွင့်တုန်းက လဲ အရောင်းရဆုံးထဲက တခုပေါ့။ ဈေးသင့်တင့်တယ်။ အာနိသင် အရမ်း ကောင်းတယ်။
• Vitamin C ကတော့ ကိုယ်ခံအားကောင်းစေပြီး အသားဖြူစင်စေလို့ အမြဲ Sold Out ဖြစ်လေ့ရှိတဲ့ ပစ္စည်းလေးပါ။
Alinamin EX Plus (アリナミンEXプラス)
• ဇာတ်ကြောတက်တာ၊ ခါးနာတာနဲ့ မျက်စိညောင်းညာတာတွေအတွက် ဂျပန်မှာ နာမည်အကြီးဆုံး အားဆေးပါ။
• ဖုန်းနဲ့ ကွန်ပျူတာ အသုံးများတဲ့သူတွေအတွက် တကယ်ကို အစွမ်းထက်တဲ့ ဆေးကောင်းတစ်လက်ပါပဲ။
ဒီအားဆေးလေးတွေ မှာဖူးတဲ့သူတွေ ရှိလားဟင်? ဘယ်ဆေးက အကောင်းဆုံးလဲ Comment မှာ မျှဝေပေးခဲ့ပါဦးနော်။
#ဂျပန်အားဆေး #ကျန်းမာရေးဗဟုသုတ
22/01/2026
ဂျပန်ပစ္စည်းဝယ်ရင် အမြဲတွေ့နေရတဲ့ 賞味期限 နဲ့ 消費期限 ဘာကွာလဲ? ဘယ်လိုကြည့်ရမလဲ? 🇯🇵🍱
ဂျပန်ပစ္စည်းတွေကို အားပေးခဲ့ကြတဲ့ ချစ်မိတ်ဆွေတို့ရေ... ဘူးတွေပေါ်မှာ ရေးထားတဲ့ ရက်စွဲတွေကို ကြည့်ပြီး ဒါက သက်တမ်းကုန်တာလား၊ စားလို့ရသေးတာလားဆိုတာ ဝေခွဲမရဖြစ်ဖူးကြမှာပါ။ ဒီနေ့မှာတော့ အလွယ်ဆုံး ခွဲခြားနည်းလေး ပြောပြပေးမယ်နော်။
၁။ 賞味期限 (Shoumi Kigen) - "Best Before"
• ဒါကတော့ အစားအသောက်ရဲ့ "အရသာအကောင်းဆုံးအချိန်" ကို ပြောတာပါ။
• အများအားဖြင့် မုန့်များ၊ ခေါက်ဆွဲခြောက်၊ ဗူးသွင်းအစားအစာတွေမှာ ပါလေ့ရှိပါတယ်။
• ဒီရက်စွဲ ကျော်သွားရင်တောင် ပျက်စီးမသွားသေးဘဲ စားလို့ရပါသေးတယ် (ဒါပေမဲ့ အရသာတော့ အနည်းငယ် ပြောင်းသွားနိုင်ပါတယ်)။
• ကျမလဲ တပတ်လောက် ကျော် သွားရင် စားသေးတယ်နော်။ အရမ်း ကျော်ရင် တော့ မစားတော့ဘူး 😬
၂။ 消費期限 (Shouhi Kigen) - "Expiry Date"
• ဒါကတော့ စားသုံးရန် နောက်ဆုံးရက် ပါ။
• လတ်ဆတ်တဲ့ အသား၊ ငါး၊ နွားနို့နဲ့ ပေါင်မုန့်တွေမှာ ပါလေ့ရှိပါတယ်။
• ဒီရက်စွဲ ကျော်သွားရင်တော့ ကျန်းမာရေးအတွက် မစားသင့်တော့ပါဘူးနော်။ ( လုံးဝ လုံးဝ မစားနဲ့နော်)
💡 ရက်စွဲဖတ်နည်း (ဂျပန်စတိုင်)
ဂျပန်မှာက နှစ်/လ/ရက် အစီအစဉ်အတိုင်း ရေးကြတယ်။ စ ရောက်ခါစ က မမှတ်နိုင်ပေမယ့် ခုတော့ YYYYMMDD ကိုပဲ မှတ်မိပြီး ထိုင်း ပစ္စည်းတွေ ကြည့်ရင် ရှုပ်ကုန်ရော 😅
ဥပမာ - 2026.05.20 ဆိုရင် ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်လို့ အဓိပ္ပာယ်ရပါတယ်နော်။
ဂျပန်ပစ္စည်းဝယ်တဲ့အခါ ဒါလေးတွေကို သတိထားကြည့်တတ်ရင် ပိုပြီး စိတ်ချလက်ချ အသုံးဆောင်နိုင်တာပေါ့။ မိတ်ဆွေတို့ရော ဂျပန်ပစ္စည်းတွေ ဝယ်တဲ့အခါ ဘာတွေကို အခက်အခဲဆုံး ဖြစ်ရလဲဟင်? Comment မှာ မေးထားခဲ့လို့ ရပါတယ်
ရှင်။ 👇
#ဂျပန်ပစ္စည်းဗဟုသုတ #ဂျပန်ရောက်မြန်မာများ
20/01/2026
ဂျပန်ရောက်ရင် အခက်ဆုံးလို့ ပြောကြတဲ့ အမှိုက်ပစ်တဲ့ စနစ် (Garbage Disposal System) အကြောင်း 🇯🇵🗑️
ဂျပန်နိုင်ငံမှာ နေထိုင်ရတာ အဆင်ပြေဖို့အတွက် ဂျပန်စာအပြင် အရေးအကြီးဆုံး သိထားရမှာက အမှိုက်စနစ်တကျ ခွဲခြားပစ်တတ်ဖို့ပါပဲ။ ဒေသတစ်ခုနဲ့ တစ်ခု စည်းကမ်းတွေ အနည်းငယ် ကွဲပြားနိုင်ပေမဲ့ အခြေခံအားဖြင့် ခွဲခြားရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင်။
၁။ မီးရှို့နိုင်တဲ့အမှိုက်
• ဟင်းသီးဟင်းရွက် အခွံများ၊ စက္ကူအစုတ်များနှင့် အဝတ်အထည်ဟောင်းများ ပါဝင်ပါတယ်။
• များသောအားဖြင့် တစ်ပတ်မှာ ၂ ရက် သတ်မှတ်ထားတဲ့ နေရာမှာ ပစ်ရလေ့ရှိပါတယ်။ ကျမ နေတဲ့ နေရာက တနင်္လာ နဲ့ ကြာသပတေးနေ့က အဲ့အမှိုက် ပစ်ရမယ့် ရက်။
၂။ မီးမရှို့နိုင်တဲ့အမှိုက်
• ဖန်ခွက်၊ ကြွေထည်၊ သတ္တုပစ္စည်းငယ်များနှင့် လျှပ်စစ်ပစ္စည်းအသေးလေးတွေ ပါဝင်ပါတယ်။
• ဒါကတော့ တစ်လမှာ ၂ ကြိမ်
လောက်ပဲ သိမ်းဆည်းလေ့ရှိပါတယ်။
၃။ ပြန်လည်အသုံးပြုနိုင်တဲ့အမှိုက်
• ပလတ်စတစ်ဘူး (PET Bottles)၊ သံဗူး၊ ဖန်ဗူးနဲ့ သတင်းစာ စက္ကူထုပ်တွေ ဖြစ်ပါတယ်။ ဓါးအကျိုး၊ ပန်းကန်ပြားကွဲ လူကို အန္တရာယ် ဖြစ်မယ့် အရာ ဆိုရင် သတင်းစာနဲ့ သေချာပတ်။ အထုတ် ပေါ် မှာရDanger လို့ ရေးပေးရတယ်။ အဲ့ဒါမှ အမှိုက် ရှင်း တဲ့သူတွေ မထိခိုက်စေမှာပါ။
လွင့်ပစ်တဲ့ အခါမှာ ပလတ်စတစ်ဘူးတွေကို ပစ်ရင် အဖုံးနဲ့ အညွှန်း (Label) ခွာပြီး ဆေးကြောပြီးမှ ပစ်ရပါတယ်။ဥပမာ ပဲငံပြာရည်ဗူး တို့ဆိုရင် သုံးလို့ ကုန်သွားတယ်။ ဒါမှ မဟုတ် တဝက် ကျန်တယ်ဆိုလဲ ရှိသမျှ အကုန် သွန်ပစ်။ရေလေး နည်းနည်းဆေးပြီး လွင့်ပစ်ရပါတယ်။ ပတ်ဝန်းကျင် မနံအောင်ရယ် သိမ်းတဲ့ သူတွေ ကိုလဲ အနံ့မဆွဲအောင်ပါ။
၄။ အမှိုက်အကြီးစားများ
• ဗီရို၊ ကုတင်၊ စက်ဘီး စတဲ့ အမှိုက်အကြီးစားတွေကို ပစ်ချင်ရင်တော့ မြို့နယ်ရုံးကို ဖုန်းဆက်ပြီး Sticker ဝယ်ပြီးမှ ပစ်ရတာပါ။
Sticker ကပ်ထားတဲ့ ပစ္စည်းတွေကိုလဲ လွင့်ပစ်မှာပဲ ဆိုပြီး မဆိုင်တဲ့သူက ကောက်လို့ မရပါဘူး။ ပစ္စည်း ခိုးမှု မြောက်ပါတယ်နော်။
အဲ့တော့ ဂျပန်ရောက်စမှာ အမှိုက်ခွဲရတာ အခက်ခဲဆုံးလို့ ကျမ ကတော့ ခံစားရတယ်။
တခြား နိုင်ငံ တော့ မရောက်ဖူးလို့ မသိတော့ နိုင်ငံ တခု နဲ့ တခုညကတော့ ကွာခြားမှာပါလေ။ ကွာတာလေးများ ရှိရင်
Comment မှာ ပြောပြသွားပါဦး။
👇
#ဂျပန်ရောက်မြန်မာများ #ဂျပန်ဗဟုသုတ
16/01/2026
ဒီနေ့တော့ အဝတ်လျှော်တာလေးနဲ့ ပတ်သက်ပြီး မျှဝေပါရစေနော်။ သူများတွေ သိကောင်းသိနေနိုင်တဲ့ အချက်တွေ ဖြစ်မှာပါ။
( ကျမ ပဲ မသိတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်နော်။ )
၁။ အဝတ်လျှော်စက်ကို အလွန်အကျွံ မထည့်တဲ့ အလေ့အထ 👕
အဝတ်တွေကို အရမ်းပြောင်စင်စေချင်လို့ အဝတ်လျှော်စက်ထဲကို အပြည့်သိပ်မထည့်ရပါဘူးတဲ့။ စက်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ပဲ ထည့်လျှော်တာက ဆပ်ပြာရည်တွေ သေချာနှံ့စပ်ပြီး အဝတ်တွေကို ပိုသန့်ရှင်းစေသလို စက်ကိုလည်း ကြာရှည်ခံစေလို့ပါ။
၂။ Laundry Net (အဝတ်လျှော်ပိုက်ကွန်အိတ်) ရဲ့ အသုံးဝင်ပုံ 🕸️
အင်္ကျီတွေ ပုံပျက်သွားမှာ စိုးရိမ်လို့ Laundry Net လေးတွေ သုံးပြီး ခွဲလျှော်လေ့ရှိပါတယ်။ အတွင်းခံတွေ၊ ဇာပါတဲ့ အင်္ကျီလေးတွေကို ဒီအိတ်ထဲထည့်လျှော်ရင် အင်္ကျီတွေ ဆွဲဆန့်ခံရတာမျိုး မရှိတော့ဘဲ အမြဲအသစ်အတိုင်း ဖြစ်နေစေမှာပါ။
( ဂျပန်မှာတော့ ယန်းတရာတန် ဆိုင်တွေမှာ ရောင်းတယ်။ ဘရာ အတွက် ယူမလား? အင်္ကျီ အတွက်လား? Size အစုံ ရှိတယ်)
၃။ ရာသီဥတုမရွေး အနံ့မွှေးနေစေမယ့် လျှို့ဝှက်ချက် 🌸
ဂျပန်ရဲ့ အိမ်လေးတွေက ကျဉ်းပါတယ်။ ( ယုန်အိမ်လေးတွေ လို့တောင် တင်စားပြောကြတယ်) အိမ်မှာပဲ အဝတ်လျှော်မယ် ဆိုရင် မိုးရွာ၊ နှင်းကျတဲ့နေ့ဆို အိမ်ထဲမှာပဲ အဝတ်လှန်းရတယ်။ အဲ့ဒီအခါ အဝတ်တွေ အနံ့မနံအောင် "Heyaboshi" (အိမ်တွင်းလှန်းရန်) လို့ သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာရည်နဲ့ အမွှေးဆီတွေကို သုံးကြပါတယ်။ ဒါဆိုရင် အနား လာကပ်လိုက်ရင်လဲ အမြဲတမ်း သန့်ရှင်းတဲ့ အနံ့လေး ရနေမယ်နော်။
၄။ စက်ကိုလည်း ပုံမှန် ပြန်ဆေးကြောတတ်ကြတယ် ✨
အဝတ်တင်မကဘဲ အဝတ်လျှော်စက်ကိုပါ သန့်ရှင်းနေအောင် ဂရုစိုက်ကြတာပါ။ တစ်လတစ်ခါလောက် Washing Machine Cleaner သုံးပြီး စက်ထဲက မှိုတွေနဲ့ အညစ်အကြေးတွေကို ဆေးကြောပေးရတယ်။ ဒါမှ အဝတ်အထည်တွေ မဆွေးမြေ့စေမှာပါနော်။ ( ရန်ကုန်မှာလဲ ဒီလို cleaner ရောင်းတတ်တာ တခါတလေ တွေ့ဖူးတယ်ရှင့်။ ဝယ်သုံးကြည့်ပါနော်။ တကယ် အဆင်ပြေတယ်)
✨နောက်ထပ်လဲ သိထားသမျှလေးတွေ လိုအပ်မှာလေးတွေ ရှဲ ပေးမှာမို့ page လေးကို like & share လုပ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
#ဂျပန်နိုင်ငံ၏ထူးခြားချက်များ
15/01/2026
✨ မင်္ဂလာပါရှင်... ဒီနေ့တော့ ကျွန်မ နေ့တိုင်း နေ့လည်စာ မစားခင်မှာ ပုံမှန်သောက်ဖြစ်နေတဲ့ FANCL တံဆိပ် Aojiru (အိုဂျီရု) လေးအကြောင်း Review ပေးရင်းနဲ့ ကျွန်မရဲ့ ကျန်းမာရေး အတွေ့အကြုံလေးကိုပါ မျှဝေချင်ပါတယ်ရှင်။
ဂျပန်မှာ နေထိုင်ရင်း နှစ်စဉ် ဆေးစစ်တဲ့အခါ ဆီးချိုအဆင့်အထိ မရောက်သေးပေမဲ့ ဆီးချိုအကြိုအဆင့် (Pre-diabetes) ထဲကို ဝင်နေတာ သိခဲ့ရပါတယ်။ မေမေတွေဆိုတာ ကိုယ့်ကျန်းမာရေး သီးသန့်ဆိုရင် ပစ်ထားချင် ပစ်ထားမိပေမဲ့၊ ရင်သွေးလေးတွေ ရှိလာတဲ့အခါမှာတော့ ကလေးတွေအတွက် ကိုယ့်ကျန်းမာရေးက နံပါတ် (၁) ဆိုတာ လက်ခံလိုက်ရပါတယ်။
ဒါကြောင့် ဆီးချိုအဆင့်ထိ မရောက်သွားအောင် အစားအသောက် ဆင်ခြင်တဲ့အပြင် အထောက်အကူဖြစ်စေမယ့် Supplement တစ်ခုခု မှီဝဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲ့ဒီမှာ ဒီ FANCL Aojiru လေးက ကျွန်မအတွက် အားကိုးရာ ဖြစ်လာပါတယ်ရှင်။
🍃 ဒီ Aojiru က ကျန်းမာရေးအတွက် ဘယ်လိုကောင်းလဲ?
• ဆီးချိုကာကွယ်ရေး: အစာမစားခင် သောက်ပေးခြင်းက သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်မလာအောင် ထိန်းညှိပေးလို့ ဆီးချိုအကြိုအဆင့် ရှိသူတွေအတွက် အရမ်းသင့်တော်ပါတယ်။ သူ့ထဲမှာပါတဲ့ Kale (ကိုက်လန်) မှာပါတဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်ရဲ့ Insulin တုံ့ပြန်မှုကို ပိုကောင်းစေပါတယ်။ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း: Aojiru ထဲမှာပါတဲ့ အမျှင်ဓာတ် (Dietary Fiber) က အစာစားပြီးနောက် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်မလာအောင် တားဆီးပေးနိုင်ပါတယ်။
• အကျိုးပြုဘက်တီးရီးယားများ ပါဝင်ခြင်း: Lactobacillus နဲ့ Bifidobacteria တွေ ပါဝင်လို့ အူလမ်းကြောင်း ကျန်းမာစေပြီး ဝမ်းမှန်စေပါတယ်။
• Matcha အရသာ: Uji Matcha ပါဝင်လို့ သောက်ရတာလည်း အရသာရှိပြီး အနံ့မနံပါဘူးရှင်။
ကိုယ့်ကျန်းမာရေးက ကိုယ့်မိသားစုအတွက် အရေးကြီးဆုံးမို့ ကျန်းမာရေးကို ကြိုတင်ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။ ဂျပန်ပစ္စည်းကောင်းလေးတွေအကြောင်း ပိုသိချင်ရင် Page ကို Follow လုပ်ထားကြဦးနော်။ ✨
14/01/2026
ဂျပန်က အိမ်ရှင်မတွေရော၊ ပျိုမေတွေပါ ဆောင်ထားတတ်ကြတဲ့ အသားအရေထိန်းသိမ်းဖို့ Heidi Dorf Aloe Vera Soothing Gel 97% လေးအကြောင်း ဒီနေ့ အသေးစိတ် Review ပေးချင်ပါတယ်ရှင်။
ဒီ Gel လေးက သဘာဝရှားစောင်းလက်ပတ် ၉၇% အထိ ပါဝင်တဲ့အပြင် Sensitive Skin သမားတွေပါ စိတ်ချလက်ချ သုံးလို့ရပါတယ်ရှင်။
💖 ဘာလို့ ကြိုက်တာလဲ?
• ချက်ချင်းစိမ့်ဝင်ပြီး လိမ်းလိုက်ရင် စေးကပ်မှုမရှိဘဲ အသားထဲ ချက်ချင်းစိမ့်ဝင်သွားပြီး အေးမြသွားတာကို ခံစားရလို့ပါ။
• စွယ်စုံသုံးနိုင်တယ်။ မျက်နှာတင်မကဘဲ တစ်ကိုယ်လုံးကိုပါ Body Lotion အစား သုံးလို့ရသလို၊ ညဘက်မှာ Sleeping Mask အဖြစ်လည်း သုံးလို့ရပါတယ်။
• နေလောင်ဒဏ်သက်သာတဲ့ အတွကိ နေပူထဲက ပြန်လာရင် ဒီ Gel လေး လိမ်းလိုက်တာနဲ့ အသားအရေ နီမြန်းတာတွေ ချက်ချင်းလျော့ပါးသွားပါတယ်။
✅ ဘယ်သူတွေနဲ့ သင့်တော်လဲ?
• အသားအရေ ခြောက်သွေ့သူများ: အစိုဓာတ် အပြည့်အဝ ဖြည့်ပေးလို့ပါ။• Sensitive Skin ရှိသူများ အတွက် Paraben, အရောင်ဆိုးဆေးတွေ မျိုး မပါဝင်လို့ Sensitive skin သမားတွေ အတွက်လဲ စိတ်ချရပါတယ်။
• နေပူထဲ အထွက်များသူများ အနေနဲ့ နေလောင်ဒဏ် ကုသဖို့ အကောင်းဆုံးပါ။
💰 ဈေးနှုန်း ဘယ်လောက်ရှိလဲ?
• ဂျပန်မှာတော့ (၃၀၀) ml ဗူး အကြီးကြီးကို ၅၀၀ ယန်း ကနေ ၇၀၀ ယန်း ဝန်းကျင် (အရောင်းဆိုင်အလိုက် ကွာခြားနိုင်) ပဲ ရှိတာမို့ အရမ်းကို တန်တဲ့ ပစ္စည်းလေးပါ။
📍 ဘယ်လိုနေရာတွေမှာ ဝယ်လို့ရနိုင်လဲ?
• ဂျပန်နိုင်ငံက Drugstores (Matsumoto Kiyoshi စသဖြင့်) တွေမှာ အလွယ်တကူ ဝယ်လို့ရသလို၊ Don Quijote (Donki) တွေမှာလည်း ပေါပေါများများ ရှိတတ်ပါတယ်ရှင်။
💡 Skincare Step မှာ ဘယ်လိုသုံးမလဲ?
• Toner လိမ်းပြီးတဲ့ အဆင့်မှာ လိမ်းပေးရမှာပါရှင်။ ညဘက်ဆိုရင်တော့ Skincare အားလုံးလိမ်းပြီး နောက်ဆုံးအဆင့်မှာ Sleeping Mask အဖြစ် အလွှာလိုက် ထူထူလေး လိမ်းအိပ်လိုက်ရင် မနက်ကျ မျက်နှာလေး စိုအိနေမှာပါရှင်။
•မျက်နှာတင်မကဘဲ တစ်ကိုယ်လုံးကိုပါ လိမ်းလို့ရပါတယ်။ နေလောင်ထားတဲ့ အသားအရေကို ပြန်လည်ကုသဖို့ ဒါမှမဟုတ် ရေချိုးပြီးရင် Body Lotion အစား သုံးဖို့ အရမ်းကောင်းပါတယ်။ လိမ်းလိုက်ရင် ချက်ချင်း စိမ့်ဝင်သွားပြီး အသားအေးအေးလေး ဖြစ်ကျန်ခဲ့တာက သူ့ရဲ့ အားသာချက်ပါပဲ။
မိတ်ဆွေတို့ရော ဒီ Gel လေးကို သုံးဖူးကြလားဟင်? Aloe Vera gel ကတော့ ဘာ တံဆိပ်ပဲ ဖြစ်ဖြစ် အသုံးဝင် လွန်းလို့ Top ဖြစ်နေတာ မဆန်းပါဘူးနော်။
13/01/2026
အစဉ်အမြဲ အားပေးခဲ့ကြတဲ့ မိတ်ဟောင်း၊ ဆွေဟောင်းများအားလုံးပဲ မင်္ဂလာပါရှင်🌸
ကျွန်မ ဒီပေ့ချ်လေးကနေ လူမှုရေး၊ ပတ်ဝန်းကျင်အသစ် နဲ့ ကလေး ပညာရေးတွေကြောင့် ခဏတာ ပျောက်ကွယ်နေခဲ့တာ ကြာပြီဖြစ်ပေမဲ့၊ ဂျပန်နိုင်ငံမှာ အခြေချနေထိုင်ရင်း ဂျပန်ပစ္စည်းကောင်းလေးတွေနဲ့ ဂျပန်ရဲ့ လူနေမှုဘဝအတွေ့အကြုံတွေကိုတော့ အမြဲလေ့လာနေဖြစ်ပါတယ်။
အခုကစပြီး ဒီပေ့ချ်လေးမှာ ဂျပန်ရောက်ရင် ဘာတွေဝယ်ရမလဲ? ဘယ်ပစ္စည်းလေးတွေက တကယ်ကောင်းပြီး အသုံးဝင်လဲ? ဆိုတဲ့ Shopping Guides တွေနဲ့ Japan Lifestyle ဗဟုသုတလေးတွေကို ပြန်လည်မျှဝေပေးသွားဖို့ စီစဉ်ထားပါတယ်ရှင်။
ရောင်းဖို့မဟုတ်ဘဲ ဂျပန်မှာနေထိုင်တဲ့ ကျွန်မရဲ့ လက်တွေ့အတွေ့အကြုံတွေနဲ့ အကောင်းဆုံးတွေကိုပဲ ရွေးချယ်ညွှန်းဆိုပေးသွားမှာမို့လို့ Page လေးကို See First လုပ်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 😊
"
27/02/2025
ဒိနေ့ ဝယ်ထားတဲ့ Dyson Airwrap HS01 model လေး ရောက်တယ်။ အသစ်စက်စက် တော့ မဟုတ်ဘူး။ ဆိုင်တွေမှာ Display ပြတဲ့ အလုံး။
Model အသစ်တွေ ပေါ်တော့ model အဟောင်းတွေကို လျှစ်စစ်ပစ္စည်းဆိုင်တွေကို အလုံးလိုက်ပြန်ရောင်းတာပေါ့။ လုံးဝ သုံးထားတာ မဟုတ်တော့ အသစ် အတိုင်းပဲ။ အသစ်လားဆိုတော့ လဲ အသစ်မဟုတ်ဘူး။ Packing ဖောက်ထားတယ်။ ပုံးအခွံကို ဖောက်ပြီး ပစ္စည်း ပြထားတဲ့ အလုံးတွေပေါ့။
မူရင်းဈေး ယန်း ၄၇၈၀၀ (၁၆ သိန်းကျပ်) ကို ခု ယန်း၃၃၀၀၀ (၁၁သိန်းကျပ်) နဲ့ ဝယ်လာတာ။ ပစ္စည်းရောက်လာတော့ ဖောက်လိုက်တာ so amazing ပဲ။ လုံးဝ ပစ္စည်း အသန့် ။ ခြစ်ရာလေး တခုတောင် မပါတော့ ဒီပစ္စည်း ဒီဈေး နဲ့ ရတာ တအား ပျော်သွားပြီး တန်လိုက်တာ တန်လိုက်တာနဲ့ တသသ ဖြစ်နေရောပဲ။
Dyson ကတော့ ပစ္စည်း အရည်အသွေးလဲ ကေင်းသလို ဈေးလဲကောင်းတယ်။ သုံးကြည့်လိုက်တော့ ဘာလို့ ဒီလို ဈေးကြီးတာလဲ ဆိုတာ သိသွားရော။ ဒါတောင် Model အနိမ့်မို့ ဒီဈေး နဲ့ ရတာနော်။ ခု ထွက်တာမျိုး ဆိုရင် ယန်း၆သောင်း အထက်ပဲ။
Yahoo မှာ လက်ရှိရောင်းဈေး လေး တင်ပေးထားတယ်နော်။ ကျမ ဝယ်တာ အရမ်းသက်သာလို့ ပျော် ☺️
26/12/2024
ဂျပန် ဆောင်းဝင် နဲ့ ဖျားနာခြင်း
ဆောင်းတွင်း စ ဝင်ပြီဆိုရင် ဒီမှာတော့ ကလေးတွေ ဖျားနာတာ စပါပြီ။ နှစ်တိုင်း လိုလိုပဲ ဆိုတော့ ဒီရာသီ ရောက်တာနဲ့ သတိထားရတော့တာပါပဲ။ အရင်ကဆို တုတ်ကွေး၊ ရိုးရိုးရာသီဖျား ပဲ ဖြစ်တတ်တာများပေမယ့် ခုက Covid တိုးလာတယ်။ ဒီနှစ်ဆို Mycoplasma ဆိုတဲ့ အဆုတ်ရောင် ရောဂါ တခု တိုးလာတယ်။
အိမ်ကသားလေးက Mycoplasma ဖြစ်တာ တလ လောက် ခံလိုက်ရတယ်။ ကျောင်းလဲ ပျက် ရတာပေါ့။ ပြီးတော့ သူက ကိုယ်ခံအားနဲ့ ပျောက်သွားတဲ့သူ ရှိသလို Antibiotic သောက်မှ ပျောက်တာမျိုးလဲ ရှိတယ်။ ဒီမှာက ကလေးတွေ နေမကောင်း ဖြစ်ရင် antibiotic မပေးတတ်ကြဘူး။ အအေးမိဆေးပဲ ပေးတတ်ကြတယ်။ ကျမသားလေး ဆို အဆုတ်ရောင်ကြောင့် ခေါင်းက ခြေအဆုံး ဘာလို့ နာမှန်းကို မသိတာ အတော်ခံလိုက်ရတယ်။ နာပြီဆိုရင် သူ နာတော့မှာကို သိတယ်။ ဓါတ်လိုက်သလို ကျင်သလို နာတာ လို့ ပြောတယ်။ X-Ray, ultrasound သွေးစစ် အကုန် လုပ်ရတယ်။ ဘာပြဿနာမှ မရှိ။ နောက်ဆုံး အဆုတ်ရောင် ရဲ့ နောက်ဆက်တွဲ ဝေဒနာ လို့ပဲ နာမည် တပ်ရတယ်။
ဂျပန်ကို ခုမှ ရောက်လာတဲ့ ကျောင်းသားလေးတွေ၊ Training နဲ့ အကြောင်း အမျိုးမျိုး နဲ့ ရောက်လာကြသူတွေ ဖျားတာနဲ့ ဆေးခန်းသွားကြနော်။ ကိုယ်က ကျန်းမာရေးအာမခံကြေးပေးထားရတာ ဆိုတော့ ဆေးခန်းပြရင် ယန်း တထောင် ဝန်းကျင် လောက်ပဲ ပေးရမှာမို့ မပေါ့ကြနဲ့နော်။
ညဘက် အဖျား ၄၀ လောက် ထိ တက်သွားတာမျိုး၊ ဒါမှမဟုတ်လဲ သွေးပါင်ချိန် အရမ်းတက်နေတာမျိုးဆို အရေးပေါ် ဖုန်းဆက်ပြီး Ambulance ခေါ်လို့ရတယ်နော်။ ဂျပန်မှာ အရေးပေါ်ကားခေါ်တာ ပိုက်ဆံ မပေးရပါဘူး။ အဲ့ဒီ အတွက် စိတ်မပူနဲ့နော်။ အရေးပေါ်ကားပေါ် ရောက်မှ ဖြစ်တဲ့ ပြဿနာ သူတို့မေးပြီး ဆေးရုံ တွေကို ဖုန်းဆက်ပြီး လက်ခံတဲ့ ဆေးရုံကို ပို့ပေးပါတရ်။ အပြန်ကတော့ ကိုယ့်အစီအစဉ် နဲ့ ပြန်ရပါမယ်နော်။
ဆောင်းတွင်း အစရော အလယ်ရော အဆုံးရော😬 အေးပါတယ်။ နယ်ဖက်ဆို ပိုအေးပါတယ်နော်။ အဲ့တော့ နွေးနွေးထွေးထွေး နေပြီး နေထိုင်မကောင်း ဖြစ်ရင် ဆေးဆိုင်က ဆေး ဝယ်မသောက်ပဲ ဆေးခန်းသာ သွားကြပါလို့ ...
#風邪
#風邪予防