26/08/2026
⚡ ဂျပန်မှာ တောင်တက်ရင်း မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသားတစ်ဦး အသက်ဆုံးရှုံး
ဂျပန်နိုင်ငံ၊ ကာဂိုရှီးမားခရိုင်၊ ခိရိရှိမားမြို့က နာမည်ကြီး Onami Pond တောင်တက်လမ်းမှာ ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တောင်တက်နေတဲ့ အမျိုးသားတစ်ဦး မိုးကြိုးထိမှန်ပြီး သေဆုံးသွားတဲ့ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
📌 အခင်းဖြစ်ပွားချိန်မှာ အသက်ဆုံးရှုံးခဲ့သူဟာ သူငယ်ချင်းဖြစ်သူနဲ့အတူ တောင်တက်နေတာဖြစ်ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်မှာ မိုးကြိုးပစ်ခံခဲ့ရတာပါ။
📌 မိုးကြိုးထိမှန်ပြီးနောက် နှလုံးရပ်တန့်ကာ သတိမေ့သွားခဲ့လို့ ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ပေမဲ့ ၄ နာရီခွဲခန့်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။
📌 အတူပါလာတဲ့ သူငယ်ချင်းဖြစ်သူမှာတော့ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အခင်းဖြစ်ပွားချိန်မှာ မိုးဖွဲဖွဲရွာနေပြီး မိုးခြိမ်းသံတွေ ကြားနေရပေမဲ့ အဆိုပါတောင်တက်လမ်းတစ်လျှောက်မှာ ဘေးကင်းလုံခြုံစွာ ခိုနားနိုင်မယ့်နေရာ မရှိခဲ့ဘူးလို့ သိရပါတယ်။
အခုတလော ဂျပန်နိုင်ငံရဲ့ နေရာအတော်များများမှာ မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးပစ်တာတွေ ရှိနေတာကြောင့် တောင်တက်တာ ဒါမှမဟုတ် အပြင်ထွက်တာမျိုးရှိရင် မိုးလေဝသသတင်းကို ဂရုတစိုက်နားထောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။
#ဂျပန်သတင်း