လက်ရှိဘာလုပ်သင့်လဲ
ဒီလထဲ စတော့ဈေးတွေ အကြီးအကျယ် ထိုးကျတာအားလုံးတွေ့မှာပါ။ လက်ရှိ ရင်နှီးမြုပ်နှံတာတွေ Stock ဝယ်ဖို့တွေ ခဏလောက်မေ့ထားဖို့လိုပါတယ်။ Trading နဲ့စွန့်စားရဲသူတွေ ကိုယ့်ငွေကို စက္ကန့်အတွင်း အတက်အဆင်းခံနိုင်သူတွေကတော့ ဘယ်အချိန်မဆို လောင်းကစားဆန်ဆန် ဆက်သွားလို့ရပါတယ်။ ကိုယ်ကတော့ တလကို တယောက် ၁၀ ယူရိုလောက်သုံးပီး ထီထိုးတာမျိုး လုပ်လိုက်ပါတယ်
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် စတော့ဈေးကွက် တော်တော်လေးကို ကျဆင်းသွားခဲ့ပါတယ်။ Dow Jones အညွှန်းကိန်းဆိုရင် ပွိုင့် ၁၁၀၀ ကျော်အထိ ထိုးကျသွားပြီး ၂၀၂၅ ဧပြီလနောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုလို့ပြောလို့ရပါတယ်။ U.S. Treasury yields (ငွေတိုက်စာချုပ် အတိုးနှုန်း) တွေလည်း သိသိသာသာ တက်လာပါတယ်။
US အကြောင်းထပ်ဆက်ရရင် ဗဟိုဘဏ် (Fed) က အတိုးနှုန်း လျှော့ပေးမယ်လို့ အာမခံပေမယ့် တဖက်မှာလဲ ငွေကြေးဖောင်းပွမှုများသွားမစိုးလို့ ချက်ချင်းချမပေးရဲပါဘူး။ နောက်တချက်ကအရှေ့အလယ်ပိုင်းက စစ်ရေးတင်းမာမှုတွေကြောင့် ရေနံဈေးတွေ ပြန်တက်လာပါတယ်။ အခုဆို ဂျာမနီမှာလဲ ဓါတ်ဆီဈေးတွေ ပြန်တက်လာတယ်။ ရေနံဈေးတက်လာတာက သယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်မှုစရိတ်တွေကို တက်စေလို့ ငွေကြေးဖောင်းပွမှု (Inflation) ကိုပါ ပိုမြန်စေပါတယ်
နောက်တခု AI နဲ့ ပတ်သက်ပီး ရင်းနှီးမြှုပ်နှံသူတွေက နည်းပညာ စတော့ (Tech Stocks) တွေကနေ ကိုယ်ပိုင်ငွေတွေရသလောက် ပြန်ဆွဲထုတ်နေကြပါတယ်။ SpaceX နဲ့ SK Hynix တို့ရဲ့ IPO တွေကြောင့်လဲ ဈေးကွက်ထဲက ငွေကြေးစီးဆင်းမှု (Liquidity) လျော့နည်းသွားတာ တချက်ပါ။ Liquidity ကောင်းလေ ငွေပြန်ဖော်ရလွယ်လေ ငွေစီးဆင်းမှုကောင်းလေလို့ အလွယ်မှတ်ထားလို့ရတယ်။ လူအများစုက အရင်လို မျှော်လင့်ချက်သက်သက်နဲ့ ဈေးတက်တာမျိုးကို လက်မခံတော့ဘဲ ဒီကုမ္ပဏီတွေအနေနဲ့ တကယ်ရော အမြတ်ငွေနဲ့ Cash flow ရှာပေးနိုင်လား ဆိုတာကို သေချာစောင့်ကြည့်ပီးမှပဲ ရင်းနှီးမြှုပ်နှံကြတော့မှာပါ
အားလုံးချုံကြည့်ရင် စတော့ဈေးကွက်တစ်ခုလုံး ပျက်သွားတာတော့ မဟုတ်ပါဘူး။ Capital Rotation (ငွေကြေးရွှေ့ပြောင်းမှု) တွေလက်တလောအများကြီးဖြစ်နေတဲ့သဘောပါ။ ဈေးအရမ်းကြီးနေတဲ့ AI စတော့တွေဆီကနေ အမြတ်သေချာပြီး ဝင်ငွေခိုင်မာတဲ့ Blue-chip စတော့တွေ (ဥပမာ - စားသုံးသူကုန်စည်၊ ရေနံ၊ ဘဏ်လုပ်ငန်း) ဘက်ကို ငွေတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းနေတယ်လို့ ပြောရင်ရပါတယ်
Warren Buffet ကိုယ်တိုင်ကလဲ ဈေးအရမ်းကြီးနေတဲ့ AI စတော့တွေကို ရှောင်ပြီး Blue-chip စတော့တွေကို ဈေးကျချိန် (Pullbacks) တွေမှာ ဖြည်းဖြည်းချင်း ဝယ်စုဖို့ အကြံပေးထားပါတယ်။ အရေးကြီးဆုံးက ကိုယ့်ငွေကို စနစ်တကျ ခွဲဝေဖို့ (Position sizing) နဲ့ ဈေးအမြင့်မှာ လိုက်မဝယ်မိဖို့ (Don't chase highs) ဆိုတာကို နားလည်ဖို့လိုပါတယ်။ အနှစ်ချုပ်ကတော့ အချိန်တခုရောက်မှ စတော့တွေပြန်ဝယ်သင့်ပါတယ်
Wealth Compass
Welcome to Wealth Compass! With a passion for sharing my experiences, I am dedicated to lifelong learning & providing valuable insights.
This page is your go-to guide for personal finance, created specifically for the Burmese community living in Germany, the EU, and worldwide.
24/07/2026
Netflix ရဲ့ အကျပ်အတည်းစတင်ခြင်း
ပြီးခဲ့တဲ့ သုံးလပတ် ရလဒ်တွေ ထွက်လာပြီးနောက်ပိုင်း Netflix ရဲ့ ရှယ်ယာဈေးတွေ အကြီးအကျယ် ထိုးကျသွားခဲ့ပါတယ်။ ဒီအခြေအနေက ပြီးခဲ့တဲ့ (၂) နှစ်စာ ရထားတဲ့ အမြတ်တွေအကုန် ပျောက်ကုန်တဲ့အထိ ဆိုးရွားခဲ့သလို NASDAQ ဈေးကွက်တစ်ခုလုံးကိုပါ ဆွဲချသွားခဲ့တာပါ။
☢ တကယ့် တရားခံဖြစ်တဲ့ "Audience Capture" ဗျူဟာ
ပြဿနာရဲ့ အဓိက အကြောင်းရင်းကတော့ သုံးစွဲသူတွေကို လှောင်ပိတ်ထားတဲ့ "Audience Capture" ဗျူဟာ ကျရှုံးလာတာပါပဲ။ အစပိုင်းမှာ ဈေးပေါပေါနဲ့ ဆွဲဆောင်ပြီး နောက်ပိုင်းကျမှ လစဉ်ကြေးတွေ ထပ်တက်၊ ကြည့်စရာ ဇာတ်လမ်းသစ်တွေကို လျှော့ချပစ်တဲ့ နည်းလမ်းဖြစ်ပါတယ်။
ကုမ္ပဏီက သူတို့ရဲ့ ကြည့်ရှုသူ အရေအတွက် (Viewership numbers) ကို ၂၀၂၇ အထိ ထုတ်မပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်တာက အခြေအနေ တော်တော်ဆိုးနေပြီဆိုတာကို ပြနေတာပါ။ (ပုံတွေ/ဒေတာတွေအရ) လူတွေက နာမည်ကြီး ဇာတ်လမ်းတွဲတွေရဲ့ Season 2 တွေကို ဆက်မကြည့်ကြတော့သလို၊ ဇာတ်လမ်းသစ်တွေကိုလည်း စိတ်ဝင်စားမှု လျော့ကျလာပါတယ်။
ဒုတိယသုံးလပတ်မှာ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတောင် နောက်ထပ် Season ဆက်မရိုက်တော့ပါဘူး။ Reddit လို ပလက်ဖောင်းတွေမှာ သုံးစွဲသူတွေက ဈေးတက်လာတာနဲ့ ကြည့်စရာမရှိတော့တာကို တော်တော်လေး စိတ်ပျက်ပြီး ဝေဖန်နေကြပါတယ်။
💫အနာဂတ် ခန့်မှန်းချက်
Meta မှာတောင် ကုမ္ပဏီသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သုံးစွဲသူအရေအတွက် ကျဆင်းသွားတာကို တွေ့ရပါတယ်။ Spotify နဲ့ Disney တို့မှာလည်း ဒီလိုပြဿနာတွေ ရှိနေတာပါ။ လာမယ့် ၁၂ လ ကနေ ၁၈ လအတွင်းမှာ ဒီလို အမြတ်ထုတ်တဲ့ ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေးစာရင်းတွေမှာ အထိနာလာတာကို မြင်ရဖို့ ရှိပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အရင်လို မတရား အမြတ်ထုတ်နေလို့ မရတော့ဘဲ သုံးစွဲသူတွေကို တကယ် ဝန်ဆောင်မှုပေးတဲ့ဘက်ကို မဖြစ်မနေ ပြန်လှည့်လာဖို့တကယ်လိုအပ်နေပါပြီ
လက်ရှိ အမေရိကန် စတော့ဈေးကွက် အခြေအနေနဲ့ ပတ်သက်ပြီး Safe Havens ဘက်သွားသင့်သလား?
Safe Havens ဆိုတာ ဈေးကွက် မတည်မငြိမ်ဖြစ်တဲ့ အချိန်တွေမှာ ငွေကြေးဆုံးရှုံးမှု အန္တရာယ်ကင်းအောင် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဆီ (ဥပမာ - ရွှေ၊ ငွေတိုက်စာချုပ်၊ ခိုင်မာတဲ့ ကုမ္ပဏီကြီးများ၊ အိမ်ခြံမြေ) ငွေတွေ ရွှေ့ပြောင်းတာကို ပြောတာပါ။
၂၀၂၆ ဇူလိုင်အတွင်း နည်းပညာရှယ်ယာတွေ ဈေးပြန်ကျလာပါတယ်။ အထူးသဖြင့် Semiconductor နဲ့ AI ဆိုင်ရာ ရှယ်ယာတွေ (ဥပမာ - Nvidia, Micron, Applied Materials) ဈေးဆက်တိုက် ကျလာပါတယ်။ SMH ETF ဆိုရင် တစ်ပတ်အတွင်း ၇% လောက်အထိ ကျသွားပါတယ်။ အခုလိုကျတာဟာ AI လုပ်ငန်းတွေအပေါ် ယုံကြည်မှု ပျက်သွားလို့ မဟုတ်ပါဘူး။ အရင်က AI နာမည်ပါတာနဲ့ ဈေးတွေတက်ခဲ့တဲ့ (Storytelling) အဆင့်ကနေ၊ အခုအခါမှာ တကယ်ပဲ အမြတ်အစွန်း ထုတ်ပေးနိုင်လား (Earnings delivery) ဆိုတာကို ဈေးကွက်က ပြန်ချိန်ညှိနေတာ (Valuation digestion) ကြောင့်ပါ
နောက်တချက်က နိုင်ငံရေးနဲ့ စီးပွားရေး သက်ရောက်မှုတွေကြောင့်ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း (အမေရိကန်-အီရန်) တင်းမာမှုတွေ ပြန်ဖြစ်လာတာ၊ ရေနံဈေးတွေ ပြန်တက်လာတာတွေက ဈေးကွက်ကို ဖိအားဖြစ်စေပါတယ်။ ကုန်ဈေးနှုန်းတွေ (Inflation) ပြန်တက်လာမလား ဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ဝင်လာပြီး ဗဟိုဘဏ် (Fed) ရဲ့ အတိုးနှုန်းမူဝါဒတွေ အပြောင်းအလဲဖြစ်မလား ဆိုတာကို စောင့်ကြည့်နေကြပါတယ်။ ဒီအချိန်မှာ သတိထားရမယ့် အဓိက အချက် (၃) ချက်ရှိပါတယ်
၁. AI ခေါင်းဆောင် ကုမ္ပဏီတွေက ဈေးကွက်က မျှော်မှန်းထားတာထက် ပိုကောင်းတဲ့ အမြတ်အစွန်းတွေ ဆက်ပြီး ပြနိုင်မလား။
၂. အရှေ့အလယ်ပိုင်း စစ်ရေးအခြေအနေနဲ့ ရေနံဈေး အပြောင်းအလဲတွေက ငွေကြေးဖောင်းပွမှုကို ဘယ်လောက်ထိ တွန်းတင်မလဲ။
၃. ဈေးကွက်ထဲက ငွေတွေဟာ ကောလာဟလနဲ့ တက်နေတဲ့ ရှယ်ယာတွေဆီကနေ တကယ် အမြတ်ရပြီး ငွေကြေးစီးဆင်းမှု ခိုင်မာတဲ့ အရည်အသွေးမြင့် AI ကုမ္ပဏီတွေဆီကို ဆက်ပြီး ရွှေ့ပြောင်းသွားဖို့ ရှိမရှိ
ဒီအချက် ၃ ချက်ပေါ်မူတည်ပီး Stock ရင်းနှီးမြှုပ်နှံသူတွေကို အကြံပြုချင်တာကတော့
○ အလောတကြီး မလုပ်ပါနဲ့ - အခုကျတာက ဈေးတက်တဲ့ကာလ (Bull Market) အတွင်းမှာ ခဏတာ ဈေးပြန်ညှိတာသာ ဖြစ်ပြီး ဈေးအတက်အကျ ရှိနေအုံးမှာပါ
○ ကိုယ့်အိတ်ကပ်ကို ပြန်စစ်ပါ - ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အရမ်းများနေရင် အန္တရာယ်လျှော့ချဖို့ နည်းနည်း ပြန်ရောင်းချပါ။ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ ပြန့်ကျဲနေရင် သေချာတဲ့ ရှယ်ယာတွေမှာပဲ ပြန်စုစည်းပါ။
○ ငွေသားကို ထိန်းထားပါ - လက်ထဲမှာ ငွေသားရှိနေသေးရင် အဲ့ဒီအားသာချက်ကို ဆက်ထိန်းထားပြီး ဈေးကွက်ပြန်ကောင်းလာမယ့် အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပါ
16/07/2026
Dan Martell ရေးသားထားတဲ့ "Buy Back Your Time" ဆိုတဲ့ နာမည်ကြီးစာအုပ်မှာ အလုပ်များလွန်းလို့ ကိုယ့်ဘဝကိုယ် ပျောက်ဆုံးနေသူတွေအတွက် အချိန်ကို ငွေပေးပြီး ပြန်ဝယ်ယူနည်းနဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို စနစ်တကျ လည်ပတ်အောင် တည်ဆောက်နည်းတွေကို လက်တွေ့ကျကျ လမ်းညွှန်ထားတယ်
ကိုယ်မုန်းတဲ့အလုပ်လုပ်နေတာမျိုး ကိုယ့်ဆီက စွမ်းအင်တွေကို ကုန်ခမ်းစေတဲ့ အလုပ်တွေကို ကိုယ်တိုင်လုပ်နေရတာမျိုးဆိုရင် ငွေစုမိတယ် ထင်ရပေမယ့် တဖက်မှာလဲ အချိန် ပျော်ရွှင်မှု လွတ်လပ်မှု စတဲ့ဆုံးရှုံးမှုတွေရှိပါတယ်
ငွေကြေးစုမိတဲ့ အနေအထားတခုကို ရောက်လာပီဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို အောက်ပါ ကဏ္ဍ (၄) ခု ခွဲခြားပြီး စီမံခန့်ခွဲသင့်တယ်လို့ဆိုပါတယ်
ဒါကို DRIP Matrix (စွမ်းအင်နဲ့ ဝင်ငွေ ခွဲခြားမှု ဇယား) လို့ နာမည်ပေးထားတယ်
▪ Delegation (လွှဲအပ်ရန်): ဝင်ငွေလည်း သိပ်မရ၊ ကိုယ့်ဆီက စွမ်းအင်တွေကိုပဲ စုပ်ယူနေတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ (ဥပမာ - စာရွက်စာတမ်းလုပ်တာ၊ အီးမေးလ်ပြန်တာ)။ ဒါတွေကို ချက်ချင်း တခြားသူဆီ လွှဲပေးနိုင်ရင် လွှဲပေးပါ
▪ Replacement (အစားထိုးရန်): ဝင်ငွေကောင်းပေမယ့် ကိုယ်တိုင်လုပ်ရတာ မပျော်တဲ့ အလုပ်တွေ ဖြစ်ပါတယ်။ (ဥပမာ - နည်းပညာပိုင်းဆိုင်ရာ ရောင်းဝယ်မှုတွေ)။ တခြားကျွမ်းကျင်သူနဲ့ အစားထိုးနိုင်ရင်ထိုးပါ
▪ Production (ဖန်တီးထုတ်လုပ်ရန်): ကိုယ်လည်း ဝါသနာပါပြီး ဝင်ငွေလည်း အများကြီးရစေမယ့် ကိုယ့်ရဲ့ "Genius Zone" ဖြစ်ပါတယ်။ ဒီအလုပ်တွေအပေါ်မှာပဲ အာရုံအပြည့်စိုက်နိုင်လေ ရေရှည်အတွက်ကောင်းလေပါပဲ
▪ Investment (ရင်းနှီးမြှပ်နှံရန်): ချက်ချင်းကြီး ဝင်ငွေမရပေမယ့် ကိုယ့်ကို စွမ်းအင်အပြည့် ပြန်ပေးနိုင်တဲ့ အလုပ်တွေ ဖြစ်ပါတယ်။ (ဥပမာ - ဝါသနာပါရာလုပ်တာ၊ မိသားစုကို အချိန်ပေးတာ)
နောက်တခုက အချိန်ဖြုန်းတီးသူ အမျိုးအစား (၅) မျိုးရှိပါသတဲ့
▪ The Staller (ကြောက်ရွံ့သူ): ဆုံးဖြတ်ချက်ကြီးကြီးမားမား ချရမှာကို ကြောက်လို့ အချိန်ဆွဲနေသူ။
▪ The Speed Demon (အမြန်သမား): သေချာမတွေးဘဲ မြန်မြန် ဆုံးဖြတ်ချက်ချပြီး အမှားသေးသေးလေးတွေ ခဏခဏ ပြန်ပြင်နေရသူ။
▪ The Supervisor (အရာရာလိုက်ချုပ်ကိုင်သူ): ဘယ်သူ့ကိုမှ မသင်ပေးဘဲ အသေးစိတ်ကအစ လိုက်စစ်ဆေးပြီး လုပ်ငန်းကြန့်ကြာအောင် လုပ်နေသူ။
▪ The Saver (ငွေနှမြောသူ): တခြားသူကို ငွေပေးခန့်ဖို့ နှမြောပြီး ကိုယ်တိုင်လုပ်ရင်း ဒေါ်လာတစ်ရာချွေတာဖို့ ဒေါ်လာတစ်ထောင်ဖိုး အချိန်ကုန်ခံနေသူ။
▪ The Self-Medicator (အပန်းဖြေလွန်သူ): အလုပ်ဖိစီးမှုတွေကနေ လွတ်မြောက်ဖို့ မကောင်းတဲ့ အလေ့အကျင့်တွေ၊ စွဲလမ်းမှုတွေနောက် လိုက်နေသူ။
ဒီအချက်တွေအတိုင်း ကိုယ်ဟာ အချိန်ဖြုန်းတီးသူတယောက်ဖြစ်နေပီလား ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ သင်ကိုယ်တိုင်ကော ဘယ်အချက်မှာ အချိန်ဖြုန်းတီးမိနေပီလဲ ကောမန့်မှာရေးသွားလို့ရပါတယ်
13/07/2026
ရွှေနဲ့ငွေ ရင်းနှီးမြှုပ်နှံသင့်လား? ဘယ်လိုဝယ်ရမလဲ
လက်ရှိ ၂၀၂၆ ခုနှစ် ဇူလိုင်လ စာရင်းတွေအရ ရွှေဈေးက တစ်အောင်စကို ၄၀၇၃ ကနေ ၄၁၂၂ ဒေါ်လာဝန်းကျင်မှာ ရှိနေပြီး၊ ငွေ (Silver) ဈေးကတော့ ၅၉.၇၀ ဒေါ်လာဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေပါတယ်။ တရုတ်ဗဟိုဘဏ် (PBoC) က ရွှေဝယ်ယူစုဆောင်းတာကို မရပ်တန့်ဘဲ ၂၀၂၆ ခုနှစ် ဇွန်လအထိ အကြိမ် ၂၀ ဆက်တိုက် ဝယ်ယူခဲ့ပါတယ်။ ဇွန်လ တစ်လတည်းမှာတင် ၁၄.၉၃ တန် (အောင်စအားဖြင့် ၄၈၀,၀၀၀ ခန့်) အထိ အများအပြား ထပ်မံဝယ်ယူခဲ့ပါတယ်။ ဒီလိုဝယ်ယူခဲ့လို့ လက်ရှိ ဇွန်လကုန်မှာ တရုတ်နိုင်ငံရဲ့ ရွှေစုဆောင်းမှုဟာ အောင်စ ၇၅.၄၄ သန်း (တန်ချိန် ၂,၃၄၆ တန်ဝန်းကျင်) အထိ ရောက်ရှိလာပါတယ်
ရွှေဈေးတွေ နှစ်အစပိုင်းကနေ ကျလာခဲ့ပေမဲ့ လက်ရှိအချိန်က ရေရှည်ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် ဈေးသက်သက်သာသာနဲ့ ဝယ်ယူစုဆောင်းနိုင်မယ့် အခွင့်အရေး ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ကမ္ဘာတစ်ဝန်းက ဆိုလာပြားထုတ်လုပ်ရေးနဲ့ အီလက်ထရောနစ်ကဏ္ဍတွေမှာ ငွေ Silver ကို အများကြီး သုံးလာကြလို့ ၂၀၂၆ မှာ အောင်စ ၄၆.၃ သန်းလောက်အထိ လိုအပ်ချက် (Supply Deficit) ပြတ်လပ်မှုတွေ ဆက်ဖြစ်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ဈေးတက်လာရင် သတင်းက ပိုဆူလာပီး လူတွေပိုသတိထားမိပါတယ်။ အဲ့လိုအချိန်မျိုးမှာ လုံးဝမဝယ်သင့်ပါ။ သတင်းအေးနေချိန် ဈေးကျချိန်တွေမှာ ကြိုဝယ်ထားဖို့လိုပါတယ်
ရွှေကို Broker Platform တွေကနေဝယ်မယ်ဆိုရင် Commission Fee တွေ သိထားဖို့လိုပါတယ်
Trade Republic - တစ်ခါဝယ်ရင် ကော်မရှင်ခ ၁ ယူရို ကျသင့်ပါတယ်။ App ထဲက လက်ကျန်ငွေပေါ်မှာတော့ အတိုးနှုန်းပြန်ရပါတယ်။ (Savings Plan) အချိန်ဇယားဆွဲပြီး စုနိုင်ပါတယ်။
Trading 212 - အရောင်းအဝယ်ခ လုံးဝမရှိပါဘူး။ ရှယ်ယာတွေကို အပိုင်းလိုက် (Fractional shares) ဝယ်လို့ရလို့ ကုန်ကျစရိတ် အနည်းဆုံးပါ
Scalable Capital - တစ်ခါဝယ်ရင် ကော်မရှင်ခ ၀.၉၉ ယူရို ကျသင့်ပြီး၊ ETF တွေကို လစဉ် ဒါမှမဟုတ် သုံးလတစ်ကြိမ် စသဖြင့် ပုံမှန်အရစ်ကျ (Savings Plan) အချိန်ဇယားဆွဲပြီးလဲ စုနိုင်ပါတယ်။
ဥရောပသမဂ္ဂ (EU) စည်းမျဉ်းအရ ရွှေ/ငွေ အစစ်နဲ့ ကျောထောက်နောက်ခံပြုထားတဲ့ ရန်ပုံငွေတွေကို ETF အစား ETC (Exchange Traded Commodities) လို့ သုံးနှုံးပါတယ်။ ရွှေနဲ့ငွေဝယ်တဲ့အခါ တစ်နှစ်စာစီမံခန့်ခွဲခဆိုတဲ့ TER ရာခိုင်နှုန်းကို သိထားဖို့လိုပါတယ်။ TER (Total Expense Ratio) ဆိုတာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (ETF သို့မဟုတ် ETC) တွေကို စီမံခန့်ခွဲရာမှာ တစ်နှစ်စာအတွက် ဖြတ်တောက်မယ့် အထွေထွေကုန်ကျစရိတ် ရာခိုင်နှုန်းကို ဆိုလိုပါတယ်။ ရွေးချယ်ရင် TER အနည်းဆုံးကို ဦးစားပေးရပါမယ်။ ဥရောပကနေ ရွှေကိုဝယ်စုချင်တယ်ဆိုရင် Xetra-Gold (Code: 4GLD) နဲ့ EUWAX Gold II (Code: EWG2) ဆိုပီးနှစ်ခုရှိပါတယ်
Xetra-Gold (4GLD)
TER 0% လို့ ပြထားပေမဲ့ ရွှေကို လုံခြုံစွာသိမ်းဆည်းခ (Custody Fee) အဖြစ် တစ်နှစ်ကို ၀.၃၆% လောက် ထပ်ပေးရလေ့ရှိပါတယ်။ အဝယ်အရောင်းဈေးကွာဟချက် (Spread) တအားနည်းလို့ ခဏခဏ အရောင်းအဝယ်လုပ်မယ့်သူတွေအတွက် ကိုက်ပါတယ်။ Trading 212 မှာပဲ ဝယ်လို့ရပါတယ်
iShares Physical Gold (PPFB) & Silver (ISLN): Trade Republic အပါအဝင် Broker တိုင်းမှာ ဝယ်လို့ရပြီး TER ကတော့ ဝ.၁၂% ကနေ ဝ.၂၀% ကြား ကျသင့်ပါတယ်။ iShares တွေအများစုက Domiciled in Ireland ဖြစ်တဲ့အတွက် အိုင်ယာလန်မှာ အခြေစိုက်ပါတယ်။ ဝယ်တာကတော့ EU နိုင်ငံတိုင်းကနေ ဝယ်လို့ရပါတယ်
EUWAX Gold II (EWG2)
သိမ်းဆည်းခအပါအဝင် ဘာစရိတ်မှမရှိဘဲ တကယ့်ကို ကုန်ကျစရိတ် 0% စစ်စစ်ဖြစ်ပါတယ်။ Spread များတတ်လို့ ခဏခဏ အရောင်းအဝယ်မလုပ်ဘဲ ရေရှည်ဝယ်စုမယ့်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ Scalable Capital မှာပဲ အလွယ်တကူ ဝယ်လို့ရပါတယ်။ Boerse Stuttgart EUWAX Gold နဲ့ Boerse Stuttgart EUWAX Gold II ဆိုပီး ၂ခုရောင်းပါတယ်။ Gold II က အသစ်ထပ်ထုတ်ထားပီး ဈေးအနည်းငယ်မြင့်ပါတယ်။ EUWAX Gold II မှာ ထူးခြားချက်တခုက ဂျာမနီအခွန်ဥပဒေမှာ သူ့ကို "ရွှေအစစ် (Physical Gold)" အဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီရွှေစာချုပ်ကရတဲ့ အမြတ်ကို ယူရို ၂၀၀၀ ကင်းလွတ်ခွင့် (Sparer-Pauschbetrag) နဲ့ ကင်းလွတ်ခွင့်မပြုပါဘူး။ သူ့အတွက် သီးသန့် ဥပဒေရှိပါတယ်။ ဒီရွှေကို ဝယ်ပြီး ၁၂ လ (၁ နှစ်) ကျော်တဲ့အထိ မရောင်းဘဲ ကိုင်ထားမယ်ဆိုရင် အမြတ်ဘယ်လောက်ပဲရရ အခွန် ပေးဆောင်စရာ မလိုပါဘူး
30/06/2026
Admin တယောက် ဒီလထဲ ETF အဝယ်ရပ်ပီး အတိုးသက်သက်ပဲရအောင် ထည့်နေရင်း ကွာခြားချက်လေး ၂ ခုတွေ့တာကို ရှယ်ပေးပါမယ်
အတိုးအတွက် သုံးနေဆဲ Trading 212 မှာ 3.5% ဂျာမနီအပါအဝင် Euro လက်ဝယ်ကိုင်ထားသူတွေကိုပေးပါတယ်
Scalable Overnight ကတော့ အရင်အတိုင်း 2.5% ပါ
ဘာလို့ အတိုးနှုန်းတွေ ကွာနေရလဲ သေချာလိုက်ဖတ်ကြည့်တော့ ခုလိုတွေ့ပါတယ်
✅ Trading 212 (3.5%)
• ပုံမှန်ဘဏ်အပ်ငွေလိုမျိုး မဟုတ်ဘဲ Qualifying Money Market Funds (QMMFs) ထဲ ရင်းနှီးမြှုပ်နှံတာမျိုးမို့ အတိုးက ပိုရတာပါ။
• နေ့တိုင်း အတိုးဝင်တယ်၊ ပိုက်ဆံကလည်း လိုအပ်ရင် ချက်ချင်းပြန်ထုတ်လို့ရပါတယ်။
• ဒါပေမဲ့ သူက ရင်းနှီးမြှုပ်နှံမှု သဘောမျိုးဖြစ်နေတော့ ဘဏ်အပ်ငွေလိုမျိုး အကာအကွယ်နဲ့တော့မဟုတ်ပါဘူး
• Interest on Cash ကိုရွေးမှ 3.5% အတိုးရပါတယ်။ QMMFs မှာ ကိုယ့်ငွေရှိနေလား ဘဏ်ထဲမှာ စုငွေသဘောမျိုးရှိနေလားဆိုတာကိုတော့ ကြည့်လို့ရပါတယ်
✅ Scalable Capital (2.5%)
• လူတိုင်းသိတဲ့ "Tagesgeld" (Saving Account) ပုံစံမျိုးပါ။
• Partner ဘဏ်တွေနဲ့ ချိတ်ထားတာဖြစ်လို့ ပိုပြီး စိတ်ချရပါတယ်။ ဥရောပရဲ့ Deposit Guarantee အကာအကွယ် (100000 EUR အထိ) ပါဝင်တယ်။
• အတိုးက နည်းပေမယ့် တည်ငြိမ်ပါတယ်၊ စိတ်အေးလက်အေး စုချင်သူတွေအတွက် အဆင်ပြေတယ်။
💡 ဘယ်ဟာကို ရွေးသင့်လဲ?
• အတိုးနှုန်းကိုပဲ အဓိကထားပြီး၊ အခြေအနေကို နားလည်ထားမယ်ဆိုရင် Trading 212 က ပိုကောင်းပါတယ်။
• မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပိုက်ဆံကို အိပ်ရာဝင်ရင် စိတ်အေးအေးနဲ့ အိပ်ချင်တယ်၊ အလုံခြုံဆုံးဖြစ်ချင်တယ်ဆိုရင်တော့ Scalable Capital က အကောင်းဆုံးလို့ထင်ပါတယ်။
Disclaimer: အခုပြောတာတွေက ငွေကြေးဆိုင်ရာ အကြံပေးချက် မဟုတ်ပါ။ အတိုးနှုန်းတွေ အချိန်နဲ့အမျှ ပြောင်းလဲတတ်လို့ အသုံးမပြုခင် App ထဲမှာ တစ်ခါလောက် ပြန်စစ်ကြည့်သင့်ပါတယ်
05/06/2026
Elon Musk တောင် မျက်နှာသာ မရတဲ့ S&P 500 ရဲ့ ဆုံးဖြတ်ချက်
တန်ဖိုး ဒေါ်လာ ၁.၈ ထရီလီယံ (၁.၈ သန်းသန်း) ကျော်အထိ ရှိလာနိုင်ပြီး သမိုင်းမှာ အကြီးမားဆုံးဖြစ်လာမယ့် SpaceX ရဲ့ IPO (အများပိုင်ရှယ်ယာထုတ်ရောင်းခြင်း) သတင်းကြောင့် Wall Street တစ်ခုလုံး လှုပ်ခတ်နေတာ အားလုံးအသိပဲ ဖြစ်မှာပါ။
ဒါပေမဲ့ ဘယ်လောက်ပဲ Mega Company ကြီးဖြစ်ဖြစ်၊ Elon Musk ရဲ့ ကုမ္ပဏီပဲဖြစ်ဖြစ် S&P 500 Index ကြီးကတော့ မျက်နှာသာမပေးဘဲ ဂိတ်ပိတ်လိုက်ပါပြီ! တခြား Nasdaq တို့ FTSE Russell တို့က SpaceX ကို သူတို့ Index ထဲ အမြန်ဆုံးထည့်ဖို့ စည်းမျဉ်းတွေအထိ လျှော့ပေါ့ပေးခဲ့ပေမဲ့ S&P ကတော့ "No!" လို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တာပါ။
ဒီအကြောင်းရင်းက ဘာကြောင့်လဲ? ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘာတွေ သတိထားစရာ ရှိလာမလဲဆိုတာ ကြည့်ရအောင်
🛑 ဘာလို့ ချက်ချင်း အဝင်မခံတာလဲ?
S&P 500 ရဲ့ စည်းမျဉ်းအရ ဘယ်ကုမ္ပဏီမဆို IPO လုပ်ပြီး အနည်းဆုံး ၁ နှစ် (၁၂ လ) ကြာမှသာ Index ထဲ ဝင်ခွင့် လျှောက်လို့ရမှာပါ။ SpaceX အတွက်လည်း ဒီသက်တမ်းကို လျှော့မပေးဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
အမြတ်အစွန်းနဲ့ ရှယ်ယာ အရောင်းအဝယ်ပမာဏပိုင်းကို S&P 500 ကအလေးထားပါတယ်။ ကုမ္ပဏီက တကယ် အမြတ်ထွက်နေရဲ့လား၊ အများပြည်သူ လက်ထဲမှာ တကယ် လည်ပတ်နေတဲ့ ရှယ်ယာပမာဏ (Public Float) ဘယ်လောက်ရှိလဲဆိုတဲ့ စံနှုန်းတွေကိုလည်း လုံးဝ အလျှော့အတင်း လုပ်မှာမဟုတ်ပါဘူး။
⚖️ စျေးကွက်ထဲက အမြင်နှစ်ဖက်
ဒီလောက် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိတဲ့ ထရီလီယံတန် ကုမ္ပဏီကြီးကို Index ထဲ အမြန်ထည့်မှသာ အမှန်တကယ် စျေးကွက်အခြေအနေကို ထင်ဟပ်နိုင်မယ်လို့ မြင်ကြပါတယ်။
ကန့်ကွက်သူတွေဘက်ကတော့ စည်းမျဉ်းတွေကို လျှော့ပေးပြီး အလောတကြီး ထည့်လိုက်ရင် Hype (ခေတ်ရေစီးကြောင်းအတိုင်း ပွက်လောရိုက်တာ) နောက်ကို လိုက်သလို ဖြစ်သွားနိုင်တယ်။ ဒါ့အပြင် တကယ့် စျေးကွက်ပေါက်စျေး အတည်မဖြစ်သေးခင် Index Funds တွေကို ဝယ်ခိုင်းသလို ဖြစ်သွားပြီး ရင်းနှီးမြှုပ်နှံသူတွေ ပိုပြီး အရှုံးအန္တရာယ် (Volatility) များစေနိုင်တယ်လို့ ထောက်ပြကြပါတယ်။
💡 ဒါက ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘာကို ပြလဲ?
S&P 500 ဆိုတာ ရာစုနှစ်ချီပြီး စျေးကွက်ရဲ့ ယုံကြည်မှုကို တည်ဆောက်ထားတာပါ။ ဘယ်လောက်ပဲ နာမည်ကြီးပြီး Trend ဖြစ်ဖြစ် စည်းကမ်းက စည်းကမ်းပဲဆိုတာပြလိုက်တာမို့ Passive Income အတွက် Index Fund တွေကို ရွေးချယ်တဲ့သူတွေအတွက်တော့ ပိုပြီး စိတ်ချရတဲ့ သတင်းစကားပါပဲ။ SpaceX ကတော့ S&P 500 ထဲ ဝင်ချင်ရင် IPO လုပ်ပြီး နောက်ထပ် အနည်းဆုံး ၁ နှစ် စောင့်ရတော့မှာ ဖြစ်ပါတယ်။
💬 အားလုံးရဲ့ အမြင်ကိုလည်း ကော်မန့်မှာ ပြောခဲ့ကြပါဦး!
S&P 500 ရဲ့ အခုလို စည်းကမ်းတင်းကျပ်တဲ့ မူဝါဒအပေါ် သဘောတူလား? ဒါမှမဟုတ် ခေတ်ရေစီးကြောင်းအတိုင်း SpaceX လို ကုမ္ပဏီကြီးတွေကို အမြန်ဆုံး အဝင်ခံသင့်တယ်လို့ ထင်ပါသလား?
ကိုယ်ကိုတိုင် ရင်းနှီးမြှုပ်နှံသူတဦးဆိုရင် SpaceX IPO ကို ဝယ်ဖို့ စိတ်ဝင်စားလား?
02/06/2026
IPO ဆိုတာဘာလဲ
ကုမ္ပဏီတစ်ခုက စတော့ဈေးကွက်ကို စတင်ဝင်ရောက်တာကို IPO (Initial Public Offering) လို့ခေါ်ပါတယ်။
IPO မလုပ်ခင်အချိန်အထိတော့ ကုမ္ပဏီကို တည်ထောင်သူတွေနဲ့ သီးသန့် ရင်းနှီးမြှုပ်နှံသူ (Private Investors) တွေကပဲ ပိုင်ဆိုင်တာပါ။ ဒါပေမယ့် စတော့ဈေးကွက်မှာ တရားဝင် စာရင်းသွင်းပြီးသွားပြီ ဆိုတာနဲ့ လူတိုင်း ဘဏ်ကနေဖြစ်ဖြစ်၊ အရောင်းအဝယ်လုပ်တဲ့ App တွေကနေဖြစ်ဖြစ် အဲဒီကုမ္ပဏီရဲ့ ရှယ်ယာ (Stock) တွေကို အလွယ်တကူ ဝယ်ယူနိုင်ပြီး အစုရှယ်ယာရှင် (Shareholder) လေးတွေ ဖြစ်လာနိုင်ပါတယ်။
မကြာခင် သမိုင်းတစ်လျှောက် အကြီးမားဆုံး စတော့ရှယ်ယာ (IPO) ပွဲကြီးတွေ လာပါတော့မယ်
ဇွန်လ ၁၁ ရက်နေ့မှာ Elon Musk ရဲ့ SpaceX က ဒေါ်လာ ၇၅ ဘီလီယံ တန်ကြေးနဲ့ Stock ဈေးကွက်ထဲ ဝင်ရောက်လာတော့မှာဖြစ်သလို၊ နာမည်ကြီး AI ကုမ္ပဏီတွေဖြစ်တဲ့ Anthropic နဲ့ OpenAI ကလည်း တစ်ခုကို ဒေါ်လာ ၆၀ ဘီလီယံစီနဲ့ စတော့ဈေးကွက်ထဲ ဝင်လာဖို့ ပြင်ဆင်နေကြပါတယ်။ ဒီကုမ္ပဏီ ၃ ခုပေါင်းလိုက်ရင် စတော့ဈေးကွက်ထဲကို ဒေါ်လာ ၄ ထရီလီယံလောက် တန်ဖိုးတွေ ထပ်တိုးလာမှာပါ
မေးစရာရှိတာက စတော့ဈေးကွက်ကြီးက ဒီလောက်များပြားတဲ့ ရှယ်ယာအသစ်တွေကို အစာကြေနိုင်ပါ့မလား? ကိုယ့်ပတ်ဝန်းကျင်ကလူတွေ လောဘနဲနဲတက်နေပီဆိုရင် ကိုယ့်ဘက်က ပိုသတိထားဖို့လိုပါတယ်
ဒီနေရာမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေ ရှိပါတယ်...
အမေရိကန် စတော့ဈေးကွက်ကြီးက အရမ်းကြီးမားတဲ့အတွက် အစပိုင်းမှာတော့ ပုံမှန်လိုပဲ အရောင်းအဝယ်ဖြစ်ပြီး လည်ပတ်သွားနိုင်မှာပါ။ အမေရိကန်ရဲ့ ထိပ်တန်းကုမ္ပဏီတိုင်းကို တကမ္ဘာလုံးကလူတွေရင်းနှီးမြှုပ်နှံချင်ကြတာလဲပါတာမို့ပါ
ရေရှည်မှာ သတိထားရမှာတွေတော့ရှိပါတယ်။ ကုမ္ပဏီဘက်ခြမ်းက မတည်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ရှယ်ယာပြန်ရောင်းချခွင့် (Lock-up period ကုန်သွားတဲ့) အချိန်ရောက်ရင်တော့ ဈေးကွက်ထဲ ရှယ်ယာတွေ အများကြီး ပေါများလာပြီး ဈေးကွက်ကို ဖိအားဖြစ်စေနိုင်တယ်။
Lock-up period ဆိုတာ ကုမ္ပဏီတစ်ခု စတော့ဈေးကွက်ထဲ စဝင် (IPO)လုပ်ရင် ကုမ္ပဏီတည်ထောင်သူတွေနဲ့ မူလရင်းနှီးမြှုပ်နှံသူတွေ (Insiders) တွေဘက်က သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ချက်ချင်း ပြန်ရောင်းခွင့် မရှိပါဘူး။ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခု (ဥပမာ - ၆ လခန့်) စောင့်ရပါတယ်။ အဲဒီစောင့်ရတဲ့ ကာလကို Lock-up period လို့ ခေါ်ပါတယ်။
ဟိုးအရင်က ဒီလို အကြီးစား IPO ပွဲကြီးတွေ (ဥပမာ - ၁၉၉၀ နှောင်းပိုင်းနဲ့ ၂၀၀၈ မတိုင်ခင်) ရောက်လာတိုင်း စတော့ဈေးကွက် ကျဆင်းတတ်တဲ့ လက္ခဏာ (Bear Market အစ) ပြလေ့ရှိပါတယ်။
Bear Market ဆိုတာ တန်ဖိုး တအိအိကျတာကိုခေါ်ပီး Bull Market ကတော့ တအိအိတက်လာတာကို ခေါ်ပါတယ်
လက်ရှိ စတော့အများစုကတော့ AI ဆီကိုပဲ ငွေတွေစီးဆင်းနေတာပါ
အခုနောက်ပိုင်း နည်းပညာကုမ္ပဏီကြီးတွေက အရင်လို သူတို့ရှယ်ယာတွေကို ပြန်ဝယ်ပြီး ဈေးတင်တာမျိုး (Share buy-backs) သိပ်မလုပ်တော့ဘဲ AI နည်းပညာဖွံ့ဖြိုးဖို့အတွက်ပဲ ငွေတွေကို ပုံအောပြီး ရင်းနှီးမြှုပ်နှံနေကြသေးတာမို့ အခုထိတော့ အဆင်ပြေနေပါသေးတယ်
နှစ်အနည်းငယ်ကြာရင်တော့ စတော့ဈေးကွက်ကြီးတခုလုံး ငွေကြေးရှားပါးမှုဒဏ် (Capital diet) ကို ခံစားရနိုင်တယ်လို့ ပညာရှင်တွေကတော့ သုံးသပ်ထားကြတယ်။
ကိုယ့်အမြင်ကတော့ SpaceX ဟာ Apple လိုမျိုး တန်ဖိုးမြင့်မားတဲ့ စတော့ဖြစ်တာမို့ ဝယ်ဖို့ သင့်တယ်လို့ထင်မိပါတယ်။ အများကြီး မဟုတ်တောင် အနည်းအကျဉ်းလောက်ဝယ်ထားသင့်တဲ့ စတော့တခုပါ။ Lock-up period အခြေအနေပေါ်ကြည့်ပီး ၆ လမတိုင်ခင် ပြန်ရောင်းထုတ်ရင်လဲ အဆင်ပြေနိုင်ပါတယ်
Wealth Compass မှာ မြန်မာတွေရဲ့ ငွေကြေးစီမံမှု မှန်မှန်ကန်ကန်တည်ဆောက်နိုင်ဖို့နဲ့ အကျိုးစီးပွားတိုးတက်ဖို့ရရည်သန်ပီး Knowledge Sharing တွေအမြဲလုပ်ပေးနေတာဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာတွေအတွက်လဲ Private Group သီးသန့်ရှိပီး ဒီလင့်ကနေ ကိုယ့်ရဲ့ ID အစစ်အမှန်ကိုပြသပီး ဝင်လို့ရပါတယ်
https://www.facebook.com/groups/4480478542274028/
29/05/2026
Part 1
Stock ကို ဘယ်ကနေ စပီးလေ့လာသင့်လဲ
အချိန်သီးသန့်မပေးနိုင်ဘူးဆိုရင် စတော့ဈေးကွက်မှာ ကြီးစိုးနေတဲ့အထင်ကရ ကုမ္ပဏီကြီးတွေရဲ့ စတော့ဈေးနှုန်းအတက်အကျနဲ့ ထူးခြားသတင်းတွေကို Yahoo Finance လိုနေရာမျိုးမှာ သွားကြည့်တဲ့အလေ့အကျင့်တခု ထားဖို့လိုပါတယ်
ဒီတလထဲက သတင်း ၂ ခုကို ဥပမာလေးတွေနဲ့ ရှင်းပြပါမယ်
၂၀၂၆ ဖေဖော်ဝါရီတုန်းက Donald Trump ကသူ့ရဲ့ Social Media အကောင့်ကနေ Dell ကိုဝယ်ဖို့သင့်တယ်ဆိုပီး အမှတ်မထင်ပြောခဲ့ပါတယ်။ Insider Trading ဟုတ်မဟုတ်မသေချာပေမယ့် US အစိုးရနဲ့ Dell နဲ့ စာချုပ်ကြီးကြီးမားမားချုပ်ဖို့ ရည်ရွယ်ထားလို့ ဒီစကားပြောခဲ့တာဖြစ်နိုင်ပါတယ်။ အခု မေလ တလထဲမှာ Dell ရဲ့ စတော့တွေ သိသိသာသာထိုးတက်သွားပါတယ်။ မေလဆန်းမှာ ၁၀ ယူရို ဝယ်ထားတဲ့သူ ဒီနေ့မှာ ၁၅ ယူရိုရသွားပါပြီ။ ပုံ ၁ မှာကြည့်ပါ
https://www.google.com/finance/beta/quote/DELL:NYSE...
နောက်တခုက မေ ၂၆ ရက်နေ့တုန်းက Ferrari ကားကုမ္ပဏီက ပထမဆုံး EV ပြိုင်ကားကို စမိတ်ဆက်တဲ့အချိန် စတော့ဈေးထိုးကျသွားပါတယ်။ Luxury Product တွေရဲ့ စတော့လှုပ်ရှားပုံက ထူးခြားပါတယ်။ Ferrari ကို သန်းချီပေးဝယ်ကျတဲ့သူတွေက EV ကို မကြိုက်ပါဘူး။ အမြန်နှုန်းတွေ တင်ချင်သလောက်တင်ပီး အသံပါဝါတွေက လူတွေရှိန်သွားလောက်စေတဲ့ ဆီအင်ဂျင်သုံးတဲ့ကားမျိုးတွေပဲကြိုက်ကြပါတယ်။ EV က အသံတမျိုးပဲ ပုံမှန်ထွက်တာမို့ပါ။ EV ကို Sport Car ပုံစံမသတ်မှတ်တာမို့ ရှယ်ရာတွေထိုးကျပါတယ်
သို့သော် Ferrari စတော့တွေ ၂၇ ရက်မှာ အကုန်ပြန်တက်ပါတယ်။ သင်ခန်းစာကတော့ Brand တခုက အရမ်းကိုကောင်းလွန်းမြင့်လွန်းနေရင် စတော့ကျသွားလဲ ခဏလောက်ပါပဲ။ အများစုက ချက်ချင်းပြန်တက်လေ့ရှိပါတယ်
နောက်ပိုင်း တနေ့နေ့မှာ LV တို့ Gucci တို့လို Brand တွေ အကြောင်းတခုခုကြောင့် စတော့ဈေးကျသွားခဲ့တယ်ဆိုရင် ကျတဲ့သတင်းသိလိုက်တာနဲ့ အမြန်ဝယ်ထားကြဖို့ အကြံပြုပါတယ်
Wealth Compass မှာ မြန်မာတွေရဲ့ ငွေကြေးစီမံမှု မှန်မှန်ကန်ကန်တည်ဆောက်နိုင်ဖို့နဲ့ အကျိုးစီးပွားတိုးတက်ဖို့ရရည်သန်ပီး Knowledge Sharing တွေအမြဲလုပ်ပေးနေတာဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာတွေအတွက်လဲ Private Group သီးသန့်ရှိပီး ဒီလင့်ကနေ ကိုယ့်ရဲ့ ID အစစ်အမှန်ကိုပြသပီး ဝင်လို့ရပါတယ်
https://www.facebook.com/groups/4480478542274028/
Klicken Sie hier, um Ihren Gesponserten Eintrag zu erhalten.
Lage
Kategorie
Webseite
Adresse
Berlin