10/08/2026
လူသည် မျောက်မှဆင်းသက်လာခြင်းဟာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်
လူသားမှာ ပြဿနာတစ်ခုရှိပါတယ်။ အဲ့တာက မိမိဟာ ဘယ်သူဘယ်ဝါ၊ ဘယ်အနေအထားမှာပဲ ရှိပါစေ၊ မိမိကိုယ်ကိုယ်ကတော့ အထူးသီးသန့်လို့ ခံယူထားတာမျိုးပါ။ ဒါကို Egocentrism-မိမိဗဟိုပြု စိတ်သဘော လို့ခေါ်ပါတယ်။ ဒီလို မိမိဗဟိုပြုတဲ့ စိတ်သဘောဟာ မျိုးစိတ်အလိုက်အဆင့်မှာတော့ လူသားကို သဘာဝတရားရဲ့ဗဟိုအဖြစ် မြင်တဲ့ Anthropocentrism-လူသားဗဟိုပြုဝါဒ ဆိုတာမျိုးတွေဖြစ်လာပါတယ်။ ဘာသာတရားတွေမှာတော့ Anthropocentrism-လူသားဗဟိုပြုဝါဒက အတော်အားကောင်းတယ် ပြောရပါမယ်။ ဒီတော့ ဒီနေ့ခေတ် ကမ္ဘာ့လူဦးရေ 8 ဘီလီယံမှာ 4 ဘီလီယံကနေ 5 ဘီလီယံဝန်းကျင်က လူသားကို ဘုရားသခင်က သီးသန့်ဖန်ဆင်းထားတယိလို့ ယုံကြည်ကြပါတယ်။
ဒီလို ကိုယ့်ဟာကိုယ့် သီးသန့်ဖန်ဆင်းခံရတဲ့ အဖန်ဆင်းခံလို့ ယုံကြည်ကြတဲ့သူတွေကို "လူဟာ မျောက်ကနေ ဆင်းသက်လာတယ်" လို့ သွားပြောရင် ဘူးကန်ငြင်းဆန်မှာက ထူးတော့မထူးဆန်းပါဘူး။ Evolution-ဆင့်ကဲပြောင်းလဲခြင်းလို့ ဆိုလိုက်တာနဲ့ သူတို့အတွေးထဲမှာ "ဪ မျောက်ကနေ လူဖြစ်တယ်လို့ ပြောတဲ့ဟာမလား" ဆိုပြီး နှာခေါင်းရှုံ့တတ်ကြသလို၊ တချို့ကလဲ တိရစ္ဆာန်တစ်ကောင်က နောက်တစ်ကောင်ကို ရုတ်တရက်ကြီး မော်ဒယ်ပြောင်းသလို ပြောင်းသွားတယ်လို့ အပေါ်ယံတွေးပြီး ပယ်ချတတ်ပါတယ်။ တချို့ကလဲ ကြားဖူးနားဝလေး ရှိရုံနဲ့ "သီအိုရီသက်သက်ပါကွာ၊ ခန့်မှန်းတာတွေပါ၊ ဒါဝင်ရဲ့ ဂျင်းတွေပါ" စသဖြင့် ပုံဖျက်ပြောဆိုတတ်ကြပါတယ်။ တကယ်တော့ ဒါတွေက Evolution နဲ့ ပတ်သက်ရင် ဘာမှမသိ၊ နားမလည်သေးလို့ စိတ်ထင်ရာတွေ အရသာခံပြောနေရုံမျှသာ ဖြစ်ပါတယ်။
ပြဿနာက "လူဟာ မျောက်ကနေ ဆင်းသက်လာတယ်" ဆိုတာကို Evolution Theory ရဲ့ခန့်မှန်းမှုတစ်ခုလို့ လူအများစုက အထင်မှားနေကြတာပါ။ တကယ်တော့ "လူဟာ မျောက်ကနေ ဆင်းသက်လာတယ်၊ ကြက်ဟာ ဒိုင်နိုဆောကနေ ဆင်းသက်လာတယ်၊ ဘယ်သက်ရှိဟာ ဘယ်သက်ရှိကနေ ဆင်းသက်လာတယ်" စတဲ့ Evolution-ဆင့်ကဲပြောင်းလဲခြင်းဟာ တိုက်ရိုက်လက်တွေ့ တွေ့ရှိထားတဲ့ ငြင်းမရတဲ့အမှန်တရား-Facts တွေဖြစ်ပြီး၊ အဲ့ဒီ လက်တွေ့အထောက်အထားဖြစ်တဲ့ ဆင့်ကဲပြောင်းလဲတဲ့ဖြစ်စဉ်ကြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ နောက်ကွယ်ကယန္တရားကို ရှင်းပြဖို့ ကြိုးစားတဲ့ Explanation တွေကို Evolution Theory လို့ ခေါ်တာဖြစ်ပါတယ်။
ဒါကို နားလည်အောင် ဥပမာပေးရရင် မိတ်ဆွေက မီးဖိုချောင်ထဲဝင်လာတဲ့အချိန် စားပွဲပေါ်တင်ထားတဲ့ ကြက်ဥတစ်လုံး ကြမ်းပြင်ပေါ်မှာ ကျကွဲနေတာကို တွေ့ရတယ်။ 'ကြမ်းပြင်ပေါ်မှာ ကြက်ဥကွဲနေသည်" ဟာ ငြင်းလို့မရတဲ့ fact အမှန်တရားဖြစ်ပါတယ်။ အကြောင်းက မိတ်ဆွေ မျက်စိနဲ့ ကြက်ဥကွဲနေတာကို မြင်နေရလို့ပါ။ ဒါပေမဲ့ ဒီကြက်ဥ ဘာကြောင့်ကွဲနေလဲဆိုတာကိုတော့ မိတ်ဆွေက မသိသေးပါဘူး။ အဲ့ဒီအချိန် ကြောင်က မီးဖိုးချောင်ကနေ ပြေးထွက်သွားတယ်ဆိုတော့ "အင်း..ကြောင်က ကြက်ဥကို တွန်းချလိုက်တာလား" လို့အဖြေထုတ်ဖို့ ကြိုးစားတာက Explanation-ရှင်းပြချက် ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိတ်ဆွေက ကြောင်တွန်းချတာကို မမြင်ခဲ့ပါဘူး။ ကြက်ဥကွဲနေတာကိုကြည့်ပြီး အခြားအထောက်အထားတွေကို ပေါင်းစပ်ပြီး အဖြစ်နိုင်ဆုံးရှင်းပြချက် တစ်ခုကို ထုတ်လိုက်တာဖြစ်ပါတယ်။ ဒီတော့ပြန်ပြောရရင် ကြက်ဥကွဲနေတာဟာ ငြင်းလို့မရတဲ့ လက်တွေ့အမှန်တရား-Fact ဖြစ်ပြီး၊ ကြက်ဥဘာကြောင့်ကွဲရသလဲဆိုပြီး အဖြေထုတ်တာဟာ Explanation-ရှင်းပြချက် ဖြစ်ပါတယ်။ ဒီအတိုင်းပဲ လူဟာ မျောက်ကနေ ဆင်းသက်လာသည်ဆိုတာဟာ ငြင်းလို့မရတဲ့ လက်တွေ့ အမှန်တရား-Fact ဖြစ်ပြီး မျောက်တွေ ဘာကြောင့် လူဖြစ်လာရသလဲဆိုတာကို အဖြေထုတ်တာဟာ Explanation/Theory ဖြစ်ပါတယ်။ နားလည်ထားရမှာက Evolution နဲ့ Evolutionary Theory မတူပါဘူး၊ Evolution ဟာ ငြင်းမရတဲ့အမှန်တရားဖြစ်ပြီး Evolution ဖြစ်စဉ်ကို သိဖို့ ဘာ Theory မှ မလိုပါဘူး၊ Evolution ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို နားလည်ဖို့အတွက်သာ Theory တွေလိုတာဖြစ်ပါတယ်။ အဲ့သီအိုရီကို Evolutionary Theory လို့ခေါ်ပါတယ်။
"ကဲ… ဒါဆို မင်းတတွင်တွင်ပြောနေတဲ့ Evolution ဒါမှမဟုတ် ဒီပို့စ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ လူဟာ မျောက်ကနေ ဆင်းသက်လာတယ်ဆိုတာ ဘာကြောင့် ငြင်းမရတဲ့ အမှန်တရားဖြစ်ရတာလဲ၊ ဘယ်မှာလဲ အထောက်အထား၊ ဘယ်မှာလဲ သက်သေ" ဆိုပြီး မေးချင်နေပါလိမ့်မယ်။ အဲ့မေးခွန်းတွေရဲ့ အဖြေတွေကို ကြည့်ရအောင်ပါ။
⬥ ရှေးဟောင်း ရုပ်ကြွင်း အထောက်အထားများ - Fossil Evidence
မီးဖိုချောင်ထဲမှာ ကြက်ဥကျကွဲနေတာကို လက်တွေ့မြင်ရသလိုပဲ၊ လူသားရဲ့ ဆင့်ကဲပြောင်းလဲမှု အတိတ်သမိုင်းကို မြေကြီးထဲက တူးဖော်ရရှိတဲ့ ရုပ်ကြွင်းတွေက အထောက်အထားအဖြစ် တိတိကျကျ ပြသနေပါတယ်။ လူသားဟာ မျောက်တစ်ကောင်ကနေ ရုတ်တရက်ကြီး မော်ဒယ်ပြောင်းသလို လူဖြစ်လာတာ မဟုတ်ပါဘူး။ အာဖရိကမှာ တွေ့ရှိခဲ့တဲ့ Hominin-ရှေးဦးလူသား ရုပ်ကြွင်းတွေကို ခေတ်စနစ်အလိုက် စီကြည့်တဲ့အခါ Australopithecus afarensis (ဩစထရာလိုပိသီးကပ်စ် - ခါးအောက်ပိုင်း လူလို လမ်းလျှောကါပြီး ခါးအထက်ပိုင်း မျောက်ဝံ ပုံစံရှိသူ) ကနေ Homo habilis-ဟိုမို ဟာဘိလစ်၊ အဲ့ဒီကတစ်ဆင့် Homo erectus-ဟိုမို အီရက်တပ်စ် နဲ့ ခေတ်သစ် Homo sapiens-ဟိုမို ဆေပီယန် အထိ အရိုးစု တည်ဆောက်ပုံနဲ့ ဦးနှောက် ပမာဏ တဖြည်းဖြည်း ကြီးမားပြောင်းလဲလာပုံကို အဆင့်လိုက် တွေ့ရပါတယ်။ ဒါဟာ အရိုးတစ်ခုတည်းကို ကြည့်ပြီး ထင်ရာဆွဲတွေးတာ မဟုတ်ဘဲ၊ Radiometric Dating-ဓာတ်ရောင်ခြည်သုံး သက်တမ်းတွက်ချက်ခြင်း နည်းလမ်းတွေ၊ ကျောက်လွှာ အနက်တွေနဲ့ နှိုင်းယှဉ်ပြီး အချိန်ကာလ အစဉ်လိုက် ရေးဆွဲထားတဲ့ သမိုင်းကြောင်း ဖြစ်ပါတယ်။
⬥ ခန္ဓာဗေဒ နှိုင်းယှဉ်ချက် - Comparative Anatomy
အဲ့တော့ "အရိုး ပုံစံတူရုံနဲ့ အမျိုး ဖြစ်ရောလား" လို့ မေးစရာ ရှိပါတယ်။ တကယ်ကတော့ ပုံစံတူရုံနဲ့ အမျိုးတော်တယ်လို့ ဘယ်သူမှ မသတ်မှတ်ခဲ့ကြပါဘူး။ ဒါကို နားလည်အောင် ဥပမာပေးရရင် ကား ၂ စီးဟာ အပြင်ပန်း ပုံစံတင် မဟုတ်ဘဲ အထဲမှာသုံးထားတဲ့စက်ပစ္စည်းတွေလဲတူ၊ တည်ဆောက်ပုံနဲ့ ဝိုင်ယာကြိုး သွယ်တန်းပုံတွေအထိ အတိအကျ တူညီနေတယ်ဆိုရင် ဒါက ဒီကား ၂ စီးကို ကုမ္ပဏီတစ်ခုတည်းက ထုတ်လိုက်လို့ပါပဲ။ ဒီလိုပါပဲ၊ လူနဲ့ Great Apes တွေ ဖြစ်ကြတဲ့ ချင်ပန်းဇီ၊ ဂေါ်ရီလာတို့ရဲ့ အရိုးစု၊ ဦးခေါင်းခွံ၊ သွား၊ လက်ချောင်းနဲ့ ကြွက်သား တည်ဆောက်ပုံတွေ တူညီနေတယ်ဆိုတာ ဆဲလ်အတွင်းထဲက DNA မျိုးရိုးဗီဇတွေကိုက တူညီနေတာမလို့ပါ။ အပြင်ပန်းပုံသဏ္ဍာန်တူတယ်ဆိုတာကလဲ အပေါ်ယံတူနေရုံမဟုတ်ပါဘူး။ လက်တွေ၊ ခြေထောက်တွေရဲ့ အသေးစိတ်ဖွဲ့စည်းပုံ၊ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အသေးစိတ်ဖွဲ့စည်းပုံ၊ ကိုယ်တွင်းအင်္ဂါတွေရဲ့ပုံသဏ္ဍာန်နဲ့ဖွဲ့စည်းပုံ စတာတွေအားလုံး အသေးစိတ်တူညီကြတာ ဖြစ်ပါတယ်။
⬥ ခန္ဓာဗေဒဆိုင်ရာ အကြွင်းအကျန်များ - Vestigial Structures
ခန္ဓာဗေဒဆိုင်ရာ အကြွင်းအကျန်တွေဖြစ်တဲ့ Vestigial Structures တွေကို ကြည့်ရင်လည်း Evolution ရဲ့ လက်ဆုပ်လက်ကိုင် အထောက်အထားတွေကို မိမိတို့ ခန္ဓာကိုယ်ထဲမှာတင် တိုက်ရိုက် တွေ့ရှိနိုင်ပါတယ်။ အတိတ်က Ape မျောက်ဝံဘိုးဘေးတွေဆီကနေ ဆင်းသက်လာစဉ်မှာ ကျန်ရစ်ခဲ့တဲ့ ဒီခန္ဓာဗေဒဆိုင်ရာ အကြွင်းအကျန်တွေဟာ ယနေ့ခေတ် လူသားတွေဆီမှာ အသုံးမလိုတော့ဘဲ ပါလာဆဲဖြစ်တာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ခန္ဓာကိုယ်အောက်ပိုင်းမှာရှိတဲ့ Coccyx ခေါ် မြှီးညောင်းရိုးဟာ အတိတ်က အမြီးပါခဲ့စဉ်က အရိုးစု တည်ဆောက်ပုံရဲ့ အကြွင်းအကျန်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဖျံမှာပါတဲ့ Palmaris Longus Muscle ဆိုတဲ့ ကြွက်သားဟာ သစ်ပင်တက်တဲ့ Ape မျောက်တွေမှာ အလွန်အားကောင်းစွာ အသုံးပြုကြပေမဲ့၊ ယနေ့ခေတ် လူသား ၁၄ ရာခိုင်နှုန်းခန့်မှာတော့ ဒီကြွက်သား လုံးဝ မပါတော့ပါဘူး။ အံ့ဩစရာကောင်းတာက ဒီကြွက်သား မပါဘဲ မွေးဖွားလာသူတွေမှာလည်း လက်အလုပ်လုပ်ပုံနဲ့ အားစိုက်နိုင်စွမ်းမှာ ဘာမှ ထိခိုက်မှု မရှိတာကို တွေ့ရပါတယ်။ နောက်တစ်ခုကတော့ မျက်လုံးထောင့်မှာ ရှိတဲ့ Plica Semilunaris ဆိုတဲ့ ပန်းရောင် အမြှေးပါးလေးဖြစ်ပြီး၊ ဒါဟာ ငှက်တွေနဲ့ တွားသွားသတ္တဝါတွေမှာ ပါရှိတဲ့ Nictitating Membrane ခေါ် တတိယ မျက်ခွံရဲ့ အကြွင်းအကျန်တစ်ခုအဖြစ် ခန္ဓာကိုယ်မှာ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါတွေဟာ မိတ်ဆွေငြင်းဆန်ချင်နေပါတယ်ဆိုရင်တောင် မိတ်ဆွေခန္ဓာကိုယ်က "မင်းက မျောက်ကနေ ဆင်းသက်လာတာ" လို့ နေ့တိုင်းအသိပေးနေတဲ့ ဖယ်ထုတ်မရတဲ့ သက်သေတွေဖြစ်ပါတယ်။
⬥ မျိုးရိုးဗီဇဆိုင်ရာ သက်သေနှင့် တူညီသော အမှားများ - DNA Evidence & Shared Mutations
ဒီအချက်ကတော့ အခိုင်မာဆုံးဖြစ်ပါတယ်။ လူနဲ့ ချင်ပန်းဇီရဲ့ DNA ဟာ ၉၈ ရာခိုင်နှုန်းကျော် တူညီတာ အားလုံးသိကြမှာပါ။ ဒါပေမဲ့ အဲ့လို တူညီရုံတင် မဟုတ်ဘဲ၊ ပိုပြီး အံ့ဩစရာကောင်းတာက Shared Genetic Errors-တူညီတဲ့ မျိုးရိုးဗီဇဆိုင်ရာ အမှားတွေကို တူညီတဲ့ DNA နေရာတွေမှာ အတိအကျ တွေ့ရတာပါ။ ဒါကို ဥပမာပေးရရင် စာမေးပွဲဖြေတဲ့ ကျောင်းသား နှစ်ယောက်ဟာ အဖြေလွှာမှာ အမှတ်ပြည့် တူနေရင် စာအတူတူ ကျက်လာလို့ ဖြစ်နိုင်ပေမဲ့၊ စာပိုဒ် အလယ်က စာလုံးပေါင်း အမှားတစ်ခုကိုမှ နေရာ အတိအကျမှာ နှစ်ယောက်လုံး မှားထားရင်တော့ တစ်ယောက်ဆီကနေ တစ်ယောက် ကူးချထားတာ ဒါမှမဟုတ် မူရင်း စာရွက်အမှားတစ်ခုတည်းကနေ လက်ဆင့်ကမ်း ကူးယူထားတာ ငြင်းမရပါဘူး။ DNA ထဲမှာ ရှိတဲ့ Pseudogenes-အလုပ်မလုပ်တော့တဲ့ မျိုးရိုးဗီဇအမှားတွေ နဲ့ Endogenous Retroviruses-ဗိုင်းရပ်စ် ဒဏ်ရာ အမှတ်အသားတွေဟာ လူနဲ့ ချင်ပန်းဇီရဲ့ Genome-မျိုးရိုးဗီဇ တည်ဆောက်ပုံထဲမှာ ဒီလို တူညီတဲ့ အမှားတွေအဖြစ် တည်ရှိနေတာကြောင့် ဘုံဘိုးဘေးတစ်ခုတည်းကနေ အမွေဆက်ခံခဲ့ကြတယ်ဆိုတာ အခိုင်မာဆုံး သက်သေပြနေတာ ဖြစ်ပါတယ်။ ဒါဟာ မူရင်းစာရွက်အမှားကနေ ၂ ယောက်လုံး လက်ဆင့်ကမ်းကူးလာတဲ့ သက်သေပါပဲ။
⬥ လူသား၏ ခရိုမိုဆုန်း အမှတ် ၂ ပေါင်းစပ်မှု - Human Chromosome 2 Fusion
Great Apes တွေမှာ Chromosome-ခရိုမိုဆုန်း ၂၄ စုံ ဒါမှမဟုတ် ၄၈ ခု ရှိပြီး၊ လူသားမှာတော့ ၂၃ စုံ ဒါမှမဟုတ် ၄၆ ခုပဲ ရှိပါတယ်။ Evolution သဘောတရားအရ လူနဲ့ မျောက်ဝံမှာ ဘုံဘေး တူညီခဲ့ရင် လူသားမှာ ပျောက်ဆုံးနေတဲ့ ခရိုမိုဆုန်း တစ်စုံဟာ ဘာဖြစ်သွားတာလဲဆိုတဲ့ မေးခွန်း ပေါ်လာပြီး၊ ခရိုမိုဆုန်း နှစ်ခု ပေါင်းစပ်သွားခဲ့တာ ဖြစ်ရမယ်လို့ ခန့်မှန်းချက် ထွက်လာပါတယ်။ လူ့ခရိုမိုဆုန်းတွေကို စစ်ဆေးလိုက်တဲ့အခါ Chromosome 2-ခရိုမိုဆုန်း အမှတ် ၂ရဲ့ အလယ်တည့်တည့်မှာ Telomere-ခရိုမိုဆုန်း ထိပ်ဖျားပိုင်းနှစ်ခု ပေါင်းစပ်သွားတဲ့ အမှတ်အသားနဲ့ အသုံးမပြုတော့တဲ့ Centromere-ခရိုမိုဆုန်း ဗဟိုချက်ဒုတိယတစ်ခုကို အတိအကျ သွားတွေ့ရပါတယ်။ ဒါဟာ မျောက်ဝံ ဘိုးဘေးတွေမှာ သီးခြားစီ ရှိခဲ့တဲ့ ခရိုမိုဆုန်း နှစ်ခုဟာ လူသား လိုင်းထဲမှာ ပေါင်းစပ်သွားခဲ့တယ်ဆိုတာကို DNA အဆင့်ထိ သက်သေပြလိုက်တာ ဖြစ်ပါတယ်။
⬥ သက်သေအသီးသီး တစ်နေရာတည်း ဆုံဆည်းမှု - Converging Lines of Evidence
ဒီနေရာမှာ အဓိက သဘောပေါက်ရမှာက Evolution ဟာ ရုပ်ကြွင်း တစ်ခုတည်း ဒါမှမဟုတ် DNA တစ်ခုတည်းကို ကြည့်ပြီး အတည်ပြုထားတာ မဟုတ်ပါဘူး။ Paleontology-ရှေးဟောင်း ဇီဝဗေဒ၊ Comparative Anatomy-ခန္ဓာဗေဒ နှိုင်းယှဉ်ချက်၊ Genetics-မျိုးရိုးဗီဇဗေဒနဲ့ Biogeography-ဇီဝပထဝီဝင်ဗေဒဆိုတဲ့ လွတ်လပ်တဲ့ သိပ္ပံပညာရပ် ကဏ္ဍပေါင်းစုံက သီးခြားစီ ရှာဖွေတွေ့ရှိချက် အားလုံးဟာ Converging Lines of Evidence-တစ်နေရာတည်းကို စုစည်း ညွှန်ပြနေတဲ့ သက်သေတွေအဖြစ် "လူသားသည် ဧကန် မျောက်မှ ဆင်းသက်လာသည်" ဆိုတဲ့ အမှန်တရားတစ်ခုတည်းကိုပဲ အဖြေထုတ်ပေးနေခြင်း ဖြစ်ပါတယ်။
⬥ DNA နည်းပညာကို ရွေးချယ်လက်ခံကြသည့် စံနှုန်းနှစ်ခွ- The Genetic Double Standard
မိတ်ဆွေအနေနဲ့ Evolution ကို လုံးဝ ငြင်းဆန်ချင်သေးတယ်ဆိုရင် ဒီမေးခွန်းလေးကို စဉ်းစားကြည့်စေချင်ပါတယ်။ မိတ်ဆွေက မိတ်ဆွေဇနီးမွေးလာတဲ့ ကလေးကို ကိုယ့်သွေးသားရင်း ဟုတ်၊ မဟုတ် သံသယဝင်နေတယ်ဆိုပါစို့။ မိတ်ဆွေမှာ ဒါကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက DNA testing နည်းပညာပဲ ရှိပါတယ်။ ဒီနေ့ခေတ်မှာ တရားရုံးတွေနဲ့ လူ့အဖွဲ့အစည်းကလည်း ဖခင်၊ သားသမီးအရင်း ဟုတ်၊ မဟုတ် စစ်ဆေးတဲ့ Paternity Test ကို DNA နည်းပညာနဲ့ စစ်ဆေးပြီး အပြည့်အဝ လက်ခံကြပါတယ်။ ဒီတော့ စစ်ဆေးပြီးတဲ့အခါ ရလာမယ့်အဖြေကိုလဲ လူတိုင်းလိုလို လက်ခံကြပါတယ်။ ဖခင်နဲ့ ကလေးကြား DNA စစ်ဆေးတာမှာ သုံးတဲ့ နည်းပညာ၊ ဓာတုဗေဒ အခြေခံနဲ့ ဗီဇဆိုင်ရာ တွက်ချက်ပုံ စည်းမျဉ်းတွေဟာ လူနဲ့ ချင်ပန်းဇီး/Ape တွေကြား DNA နှိုင်းယှဉ်စစ်ဆေးရာမှာ သုံးတဲ့ စည်းမျဉ်းတွေနဲ့ အတူတူနီးပါးပဲ ဖြစ်ပါတယ်။ ဖခင်နဲ့ ကလေး DNA ကို စစ်တဲ့အခါ "ဒီမော်လီကျူး အစီအစဉ်တွေ တူညီနေလို့ ဒါဟာ မိတ်ဆွေရဲ့ကလေးဖြစ်တယ်" လို့ လက်ခံရင်၊ လူနဲ့ ချင်ပန်းဇီး DNA စစ်တဲ့အခါ "ဒီမော်လီကျူး အစီအစဉ်တွေ ၉၈% တူညီနေလို့ ဒါဟာ ဘုံဘေးဆင်းသက်လာတာ ဖြစ်တယ်" ဆိုတာကိုလည်း မလွဲမသွေ လက်ခံရမှာဖြစ်ပါတယ်။ တကယ်တော့ လူနဲ့ Ape မျောက်တွေကြား ဘုံဘေးဆင်းသက်မှုကို ပြသတဲ့ DNA သက်သေဟာ ဖခင်နဲ့ ကလေး DNA စစ်တာထက်တောင်မှ ပိုမို များပြားကျယ်ပြန့်ပါသေးတယ်။ Paternity Test မှာ DNA နေရာ အနည်းငယ် (Loci) ကိုပဲ စစ်ဆေးတာဖြစ်ပေမဲ့၊ Evolution အတွက်ကတော့ မျိုးစိတ်တစ်ခုလုံးရဲ့ Genome တခုလုံး-Genomics အပြင် အတိတ်က ဗိုင်းရပ်စ် ကူးစက်ခံရမှု အမှတ်အသား ERV တွေကိုပါ အသေးစိတ် စစ်ဆေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် "DNA နည်းပညာဖြင့် ဖခင်အရင်းကို ရှာဖွေနိုင်သည်" လို့ လက်ခံထားသူတစ်ယောက်က "DNA နည်းပညာဖြင့် လူသား၏ ဘုံဘေးကို ရှာဖွေနိုင်သည်" ဆိုတာကို ငြင်းဆန်နေတာဟာ စက်ကိရိယာနဲ့ သိပ္ပံနည်းလမ်းကို ငြင်းတာမဟုတ်ဘဲ မိမိယုံကြည်ထားတဲ့အရာတွေပြိုလဲထိခိုက်မှာ ကြောက်လို့ အမှန်တရားကို မျက်စိမှိတ် ငြင်းဆန်နေခြင်းသာ ဖြစ်ပါတယ်။
ဒီတော့ ချုပ်ပြောရရင် "လူသည် မျောက်မှ ဆင်းသက်လာသည်" ဆိုတာဟာ ရမ်းသမ်းပြောဆိုမှု၊ ခန့်မှန်းမှု လုံးဝမဟုတ်ပဲ "နေသည် အရှေ့အရပ်မှ ထွက်ပြီး အနောက်အရပ်တွင် ဝင်သည်" ဆိုသလိုမျိုး အရင်လဲမှန်ခဲ့တယ်၊ ခုလဲမှန်နေတယ်၊ နောင်လဲမှန်နေဦးမယ့် ဘယ်တော့မှ မပြောင်းလဲတဲ့ ငြင်းလို့လုံးဝမရတဲ့ လက်တွေ့အမှန်တရားသာဖြစ်ပါတယ်။ တကယ်တော့ "လူသည် မျောက်မှ ဆင်းသက်လာသည်" ဆိုတဲ့ အသုံးအနှုန်းကတောင် အပြည့်အဝ တိကျမနေပါဘူး။ ဘာလို့လဲဆိုတော့ လူသားဟာ အတိတ်ကမှ မျောက်ဖြစ်ခဲ့တာ မဟုတ်ဘဲ ယနေ့ထိအောင်လည်း ဇီဝဗေဒအရ မျောက်တစ်ကောင်အဖြစ် တည်ရှိနေဆဲမို့လို့ပါပဲ။ ကျွန်တော်တို့ လူသားတွေဟာ Primates ခေါ် မျောက်မျိုးစဉ်-Order ထဲမှာ ပါဝင်ပြီး၊ အဲ့ဒီထဲကမှ Hominidae ခေါ် မဟာမျောက်ဝံကြီး မျိုးရင်း-Family ထဲမှာ ပါဝင်ပါတယ်။ အဲ့ဒီ မျိုးရင်းထဲကမှတစ်ဆင့် Homininae ခေါ် အာဖရိကမျောက်ဝံ မျိုးရင်းခွဲ-Subfamily၊ အဲ့ဒီကတစ်ဆင့် Homo ခေါ် လူသားမျိုးစု-Genus ဆိုပြီး အဆင့်ဆင့် ခွဲထွက်လာတာ ဖြစ်ပါတယ်။ အဲ့ဒီ Homo မျိုးစုထဲမှာမှ ဒီနေ့ခေတ် လူသားတွေအားလုံးဟာ Sapiens-ဆေပီယန်ဆိုတဲ့ မျိုးစိတ်-Species ဝင်တွေ ဖြစ်ကြတာကြောင့် ကျွန်တော်တို့ရဲ့ သိပ္ပံနည်းကျ အမည်ရင်းဟာ Homo Sapiens ဖြစ်ပြီး၊ လူသားကိုယ်တိုင်ကလည်း ယနေ့ထက်ထိ မျောက်ဝံမျိုးနွယ်ဝင်တစ်ဦး ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။
— William Abramson
10 August 2026
References:
• Smithsonian Institution – Human Origins Program, Evidence of Human Evolution / Human Evolution Evidence
• Smithsonian Institution – Human Origins Program, Genetics & Human Primate Family Tree
• Smithsonian Institution – Human Origins Program, Human Fossils & Human Evolution
• Smithsonian Institution – Human Origins Program, How Do We Know Humans Are Primates?
• Charles Darwin – The Descent of Man, and Selection in Relation to S*x (1871)
• Ijdo, J.W. et al. – Origin of Human Chromosome 2: An Ancestral Telomere-Telomere Fusion, Proceedings of the National Academy of Sciences (1991)
• Stanyon, R. et al. / related comparative genomic studies – Human chromosome 2 fusion and ancestral ape chromosomes
• Polavarapu, N. et al. – Identification, Characterization and Comparative Genomics of Chimpanzee Endogenous Retroviruses, BMC Genomics (2006)
• Moore, G.E. et al. – Studies on the variation and absence of the Palmaris Longus muscle/tendon in humans
• Plica Semilunaris / Nictitating Membrane – Comparative anatomical studies of the human vestigial plica semilunaris
• National Academies of Sciences, Engineering, and Medicine – Science, Evolution, and the Evidence for Evolution
Copyright © 2026 Burmese - ဗဟုသုတ
ုသုတ #ဗဟုသုတ #ဆင့်ကဲပြောင်းလဲခြင်း #သိပ္ပံ #ဇီဝဗေဒ #ဟိုမိုဆေပီယန်