03/16/2025
အမျိုးသမီးအခွင့်အရေးနှင့် ပညာသင်ယူခွင့်ရရှိခြင်း
To and with all women—trans, gay, disabled, and working-class women (အမျိုးသမီးအခွင့်အရေးကို ပံ့ပိုးပေးလိုသော မည်သူမဆို ဖတ်ရှုနိုင်ပါသည်)
ပြီးခဲ့သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့က ရေးဖို့ ကြံရွယ်ထားတဲ့ ကျွန်မရဲ့ စိတ်ကူးထားတဲ့စာလေးကို သူ့ရက်နဲ့သူ အတိအကျမတင်ဖြစ်နိုင်ခဲ့လို့ ကျွန်မစိတ်ထဲ အလုပ်အကြွေးတစ်ခုလို ခံစားနေခဲ့ရပါတယ်။ တကယ်တမ်းတော့ ကျွန်မ အမျိုးသမီးများနေ့လို့ သိတတ်စထဲက ကျွန်မ လေးလေးနက်နက်မတွေးဖြစ်ခဲ့သလို အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကိုလဲ ကျွန်မ အကျယ်တဝင့်မပြောဖြစ်ခဲ့ပါဘူး။
မြန်မာမှာမွေး၊ မြန်မာမှာကြီးပြင်းတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မသိထားတဲ့အမျိုးသမီးဆိုတဲ့ တန်ဖိုးတွေဟာ လူ့အသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဘာသာတရားအရ ပုံဖော်ပုံသွင်းခံထားရတဲ့ တန်ဖိုးတွေဖြစ်ခဲ့ပါတယ်။ ဥပမာ - အပျိုစင်ဘ၀ကို တန်ဖိုးထားခြင်း၊ အိမ်မှုကိစ္စနိုင်နင်းခြင်း၊ ဗိုင်းကောင်းကျောက်ဖိ၊ မိန်းမကောင်း၊ အိမ်ထောင်ရှင်မကောင်း၊ မိခင်ကောင်း စတာတွေဟာ ကျွန်မကို လူ့အသိုင်းအဝိုင်းက တံဆိပ်ကပ်ပေးထားတဲ့ မိန်းမပီသ တန်ဖိုးထားရမယ့် စံနှုန်းတွေပါ။ ဒီစံနှုန်းတွေဟာ အတိုင်းအတာတစ်ခုအထိ တန်ဖိုးရှိပေမယ့် ဇီ၀ကာမ္မဖြစ်စဉ်အရ၊ ကျင့်ဝတ်ပိုင်းအရ၊ လူ့အခွင့်အရေးအရ Critical lens လို့ခေါ်တဲ့ လက်တွေ့ကျတဲ့ ဝေဖန်ပိုင်းခြားခြင်း မျက်စိနဲ့ ကြည့်မယ်ဆိုရင် မလုံလောက်သေးသလို လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်စဉ်းစားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒီစံနှုန်းတွေရှိရုံနဲ့ ကျွန်မတို့တွေဟာ အမျိုးသမီးကောင်းတွေကို မွေးထုတ်ပေးတယ်၊ တန်ဖိုးရှိလှပါတယ်၊ ကောင်းမွန်တဲ့ တရားမျှတတဲ့ လူ့အသိုင်းအဝိုင်းဖြစ်ပါတယ်လို့ ပြောလို့မရသေးပါဘူး။
၂၀၂၂ ခုနှစ်ကစပြီး ကျွန်မ Global North မှာရှိတဲ့ တက္ကသိုလ်ကောင်းတစ်ခုမှာ ပညာဆက်လက်ဆည်းပူးရင်း လူသားအခွင့်အရေး၊ ဖိနှိပ်ချုပ်ချယ်မှု၊ နှင့် အမျိုးသမီး အခွင့်အရေးစတာတွေကို ခရီးသွားနယ်ပယ်နဲ့ဆက်စပ်ပြီးလေ့လာသင်ယူခွင့်ရခဲ့ပြီး ကျွန်မရဲ့ သုတေသနအတွက် သီအိုရီပိုင်းကိုလည်း Feminism ဆိုတဲ့ အမျိုးသမီးတန်းတူလွတ်လပ်ခွင့်ပိုင်းနဲ့ ပက်သက်ပြီး ဆက်လေ့လာဖြစ်ခဲ့ပါတယ်။ ဒီပညာရပ်နယ်ပယ်တွေက ကျွန်မရဲ့ အတွေး၊ အမြင်တွေကို တော်တော်လေးပြောင်းလဲစေခဲ့ပါတယ်။
ကျွန်မအခုလက်ရှိကျောင်းမှာ ကျောင်းတက် ဆရာမလုပ်နေရင်းအချိန်အတွင်း အတန်းဖော် ယောကျာ်း လေးများနှင့် တူညီသော လစာရရှိခြင်း၊ အိမ်ထောင်ပြုပြီးသော်လည်း Full-time student အနေနဲ့ ပညာသင်ကြားလေ့လာခွင့်ရရှိခြင်းစတာတွေဟာ ကျွန်မထူးချွန်ထက်မြတ်နေလို့ မဟုတ်ပါဘူး။ ကျွန်မအခုလို အခွင့်အရေးတွေ ရရှိတယ်ဆိုတာဟာ ရှေးယခင်ကတည်းကနေ ယနေ့အထိ ကျားမတန်းတူ အခွင့်အရေး၊ အမျိုးသမီးများ ပညာသင်ယူခွင့် ၊ လုပ်ခွင့်လစာတန်းတူရရှိရေး စတာတွေ အတွက်တိုက်ပွဲဝင်ခဲ့ပေးတဲ့ နိုင်ငံအရပ်ရပ်က အမျိုးသမီးများကြောင့် ဖြစ်တယ်ဆိုတာကို ကျွန်မတဖြည်းဖြည်း သဘောပေါက်လာခဲ့ပါတယ် (Feminist Waves တစ်လျှောက် လှုပ်ရှားခဲ့တဲ့ ထင်ရှားသူများအကြောင်းကိုတော့ အခွင့်အခါသင့်တဲ့အခါမျှဝေပေးပါမယ်။)
ကျွန်မပြောနေဆွေးနွေးနေတဲ့ "အမျိုးသမီး" ဆိုတဲ့ နာမ်စားဟာ အမျိုးသမီးလို့ခံယူထားသူတိုင်း (trans, gay, disabled, and working-class women) အကုန်ပါဝင်ပါတယ်။ ဒါကြောင့် ကျွန်မအမြင်မှာတော့ အမျိုးသမီးများနေ့က အထူးတလည်ဂုဏ်ပြုပေးတဲ့ နေ့တစ်ခုဖြစ်ပေမယ့် အမျိုးသမီးတွေရဲ့တန်ဖိုးကို တစ်ရက်တာ အမျိုးသမီးများနေ့တစ်ခုတည်းဖြင့်သာ မှတ်တမ်းတင်ရုံနဲ့ လုံလောက်မှာ မဟုတ်ပါဘူး။ သမိုင်းတလျှောက်မှာဆိုရင် ယခင်က အမျိုးသမီးတွေဟာ ပညာ သင်ကြားသင်ယူခွင့်မရခဲ့ကြသလို၊ ပညာသင်ယူခွင့်ရတဲ့ အခါမှာလည်း ခွဲခြားဆက်ဆံမှုတွေများစွာရှိခဲ့ပါတယ် ။ ဥပမာ- ဂျာမန်သင်္ချာပညာရှင် Emmy Noether ဆိုရင် ကျားမ ခွဲခြားမှုအခက်ခဲများကြောင့် သူ့ကိုယ်သူ အမျိုးသားတစ်ယောက် နာမည်နဲ့ အလုပ်တွေလုပ်ခဲ့ရပါတယ်။
သမိုင်းထဲက ကာလတွေနဲ့ ယှဉ်ကြည့်ရင်တော့ ယခုကာလအမျိုးသမီးတွေဟာ နိုင်ငံတော်တော်များများမှာ ပညာရေး၊ အသက်မွေးဝမ်းကြောင်းနှင့် ဥပဒေရေးရာ အခွင့်အရေးတွေ တန်းတူရရှိလာကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ ပြီးပြည့်စုံတဲ့ တန်းတူအခွင့်အရေးတွေ မဟုတ်သေးပါဘူး။ ဥပမာ၊ လက်ရှိ လုပ်ငန်းခွင်တိုင်းမှာ တပတ် ၅ ရက် အလုပ်လုပ်ရက်သတ်မှတ်ထားပေမယ့် ဒီသတ်မှတ်ချက်တွေဟာ အမျိုးသမီးများရဲ့ သဘာဝဇီဝဖြစ်စဉ်နဲ့ ကိုက်ညီပြီး ခံစားခွင့်မရှိသေးပါဘူး။ ဥပမာ- ရာသီသွေးဆင်းတဲ့ရက် မအီမသာဖြစ်ချိန်တွေမှာ သင့်တင့်တဲ့ အနားယူချိန်ရတာမျိုး၊ အလုပ်တဖက်နဲ့ မိခင်တွေရဲ့ ကိုယ်စိတ်ကျန်းမာရေးစတဲ့ လုံလောက်တဲ့ ပံ့ပိုးပေးခြင်းမျိုးတွေ ကမ္ဘာအနှံ့မှာ မရှိသေးသလောက်ပါဘဲ။ ဒါ့အပြင် ယနေ့ကာလ ကမ္ဘာနိုင်ငံရေး ဖြစ်စဉ်အရလည်း နည်းပညာတွေတိုးတက်သလောက် အမျိုးသမီးအခွင့်အရေးဟာတိုးတက်ပြောင်းလဲလာခြင်းတော့ ထူးထူးခြားခြားမရှိလှသေးပါဘူး။ အမေရိကန်နိုင်ငံမှာ The Handmaid’s Tale ဆိုတဲ့ စာအုပ်ကို အခုလိုခေတ်မှာ တားမြစ်ခြင်းဟာ Feminist လှုပ်ရှားသူတွေအတွက် မေးခွန်းထုတ်စရာတစ်ခုဖြစ်နေတာမျိုးပါ။
ကျွန်မတို့နိုင်ငံမှာ ဆိုရင်လည်း အမျိုးသမီးတွေကို အကြမ်းဖက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ ဖိုဝါဒကြီးစိုးထားတဲ့ ဆိုးရွားသော ဇတ်သရုပ်ဖော်ခြင်းတွေက တဖြည်းဖြည်းပို များလာပြီး ဒီပုံဖော်ခြင်းတွေက ပုံမှန်ဖြစ်နေကျပုံစံတွေအလား သရုပ်ဖော်မှုများကို လူမှုမီဒီယာများမှာ မကြာခဏ တွေ့ရပါတယ်။ ကျွန်မအရင်က မျှဝေဖူးတဲ့ Post တစ်ခုမှာလိုဘဲ ကိုယ်ဟာ နေ့စဉ်ကြည့်ရှုနားထောင်နေတဲ့ အရာတွေရဲ့ ပုံရိပ်ယောင်ပါ။
ကျွန်မတို့ လူမှုအသိုင်းအဝိုင်းမှာဆိုရင် ယနေ့အချိန်အထိ ပြောနေကြတဲ့စကားတွေဟာ မိမိကိုယ်တိုင်အတွက် ပြသနာမရှိရင်တောင် လူ့အသိုင်းအဝိုင်း အနာဂတ်မျိုးဆက်သစ် အမျိုးသမီးလေးတွေအတွက် တံဆပ်ကပ်ထားတဲ့ မိန်းမစံနှုန်းကြီးတွေဖြစ်နေစေပါတယ်။ ဥပမာ။ ပညာတတ်တဲ့ အလုပ်လုပ်တဲ့ မိန်းမတွေက ပင်ပမ်းတယ်၊ toxic ဖြစ်တယ်၊ ထက်မြတ်တဲ့ အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးက Risk များတယ်စသဖြင့် portraying intelligent, educated, and working women as troublesome and normalizing patriarchal domination within families, such as over-reliance on husbands. If that choice works for you, there is no problem, but do not perpetuate this status quo for all women. တတကယ်လို့ ကိုယ့်အတွက် ဒီအယူအဆဟောင်းတွေက အလုပ်ဖြစ်နေရင်တောင် ခေတ်အဆက်ဆက် အမျိုးသမီးတန်းတူအခွင့်အရေးအတွက် ကြိုးစားပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြု၊လေးစားသင့်ပါတယ်။
ယခင်က တိုက်ပွဲဝင်ခဲ့သော အမျိုးသမီးများကြောင့် ကျွန်မတို့ပညာသင်ခွင့်တွေ၊ အလုပ်လုပ်ခွင့်တွေရရှိခဲ့ကြသလို ပိုမိုကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်းကို ထပ်မံဖန်တီးဖို့ ကျွန်မတို့အားလုံးမှာ တာဝန်ရှိပါတယ်။ မျိုးဆက်သစ်သားသမီးတွေကို ပညာကောင်းကောင်းသင်ပေးဖို့ ပညာသင်ပေးရာမှာလဲ ကျောင်းစာတစ်ခုထဲမဟုတ်ဘဲ ကောင်းမွန်မှန်ကန်၊ တရားမျှတတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုဖြစ်အောင် လမ်းမှန်တည့်ပေးဖို့ အရေးကြီးပါတယ်။
အမျိုးသမီးတစ်ယောက်အနေနဲ့ရယ်၊ သမိုင်းအဆက်ဆက် အမျိုးသမီးတွေဖြတ်သန်းလာကြတဲ့ အခက်အခဲတွေ၊ ရင်ဆိုင်မှုတွေကို လေ့လာရင်း ရလာတဲ့ သင်ခန်းစာအရ အမျိုးသမီးငယ်လေးတွေ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ကိုယ်ကိုကိုယ် ပညာပေးပါ။ စာသင်ရတာမပျင်းပါနဲ့၊ ကျွန်မတို့ဒီနေ့ရတဲ့ အခွင့်အရေးကို တန်ဖိုးထားပါလို့ပြောချင်ပါတယ်။
မလိုလားအပ်တဲ့ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုနဲ့ အနိုင်ကျင့်စော်ကားခြင်းတွေကို ကာကွယ်ဖို့ Paris Paloma ပြောသလိုဘဲ “အမျိုးသမီးတစ်ဦးအပေါ် ရိုက်ခတ်သော အကြမ်းဖက်မှုသည် အမျိုးသမီးအားလုံးအပေါ် သက်ရောက်ပါတယ်: one act of violence against a woman is violence against all women".
အခုချိန်ထက်ပိုပြီး အမျိုးသမီးတိုင်းဟာ ကိုယ့်ကိုကိုယ် ကောင်းမွန်စွာ စောင့်ရှောက်ဖို့၊ ပညာရှာဖွေဖို့၊ ကာကွယ်ဖို့ ကောင်းတဲ့အချိန်မရှိပါဘူး။ To all women and young girls: educate yourselves and appreciate the rights we have today. These rights were earned through struggle, and we must not take them for granted. I encourage all girls and women to pass on knowledge and awareness to future generations.
ကျွန်မအနေနဲ့ အခုလို အမျိုးသမီးအခွင့်အရေးကို ဆွေးနွေးခြင်းက အမျိုးသားတွေကို ဝေဖန်ခြင်း အပြစ်ပြောခြင်းမျိုးမဟုတ်ပါဘူး။ ကျွန်မအနေနဲ့ အခုလို ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့ တန်းတူဆက်ဆံခံခွင့်ရခြင်းဟာ ကျွန်မရဲ့ ဖခင်၊ အကို၊ အဖိုး၊ ဦးလေး၊ ဆရာများနှင့် အမျိုးသား တို့ရဲ့ ပံ့ပိုးပေးခြင်းကြောင့်ဖြစ်ပါတယ်။ အမျိုးသမီးတန်းတူအခွင့်အရေးအတွက် ကြိုးစားပါဝင်နေခဲ့၊ ပေးနေကြတဲ့ အမျိုးသားများစွာလည်းရှိတာမို့ Feminism and women rights (အမျိုးသမီး အခွင့်အရေး) လို့ပြောတိုင်း အမျိုးသားတွေကို အပြစ်တင်ခြင်း၊ မုန်းတီးခြင်းမျိုး ကျွန်မယူဆထားတဲ့ Feminist ရပ်တည်ချက်မှာ မရှိပါဘူး။ Feminism ဟာ အင်မတန်ရှုပ်ထွေးတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ သို့သော် ကျောင်းပညာရေးမှမဟုတ်ပါဘူး အခုခေတ်မှာ နေရာမျိုးစုံကနေလေ့လာလို့ရနေပြီဖြစ်လို့ အမျိုးသမီးတိုင်းသိထားသင့်တဲ့ ခေါင်းစဉ်လို့ယူဆပါတယ်ရှင်။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
ချစ်လှစွာသော….
Wut Wut’s Learning Space Myanmar