16/02/2026
တီမောသံရုံးတာဝန်ခံကို စစ်ကော်မရှင် နှင်ထုတ်
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆
စစ်ခေါင်းဆောင်များကို တီမောနိုင်ငံအစိုးရရှေ့နေရုံး၌ တရားစွဲရန် ချင်းလူ့အခွင့်အရေးအဖွဲ့ (CRHO) နှင့် တီမောသမ္မတတို့ တွေ့ဆုံဆွေးနွေးကာ အမှုလက်ခံပြီးနောက် မြန်မာ့ပြည်တွင်းရေးမကြာခဏဝင်ရောက်စွက် ဖက်သည်ဆိုကာ ရန်ကုန်မြို့ရှိ တီမောသံရုံး ယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒိုရိုဆားရီရှိ ဒီဆော်ဆာ ကို ဖေဖော်ဝါရီ၂၀ ရက်မတိုင်ခင် မြန်မာမှအပြီးအပိုင်ထွက်ရန် နှင်ထုတ်ခဲ့ကြောင်း စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်သည်။
တီမောသမ္မတသည် မြန်မာစစ်တပ်အရာရှိကြီးတချို့အပေါ် တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် လက်ခံတွေ့ဆုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏အကြီးအကဲတဦးက အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင် အဖွဲ့အစည်းတခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့်အပြင် အဆိုပါအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချုပ်တို့တွင်ပါရှိသည့် အခြေခံမူများကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ဆိုထားသည်။
သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၁) အပိုဒ် ၉ နှင့်အညီ နှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး တီမောနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ၎င်း၏ ရပ်တည်ချက်သဘောထားများ ပြောင်းလဲခြင်း မရှိသေးပါက ပိုမိုပြင်းထန်သည့်အစီအမံများ ထပ်မံချမှတ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ချင်း CRHO မှ စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တိုင်ကြားရာတွင် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို အုပ်စုလိုက် အဓမ္မကျင့်ခြင်း၊ ကလေးငယ်အပါအဝင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ခရစ်ယာန်ဘာသာရေးဆရာများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ဆေးရုံနှင့်ဘာသာရေး အဆောက် အအုံများအပါအဝင် အရပ်ဘက်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း စသည့် ချင်းပြည်နယ်အတွင်း စစ်တပ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို တိုင်ကြားစာ၌ ဖော်ပြထားသည်။
ပုံစာ- နိုင်ငံခြားရေးဒုဝန်ကြီး ဦးကိုကိုကျော်နှင့် တီမောသံရုံး ယာယီတာဝန်ခံတို့၂၀၂၅ ဇူလိုင်လက တွေ့ဆုံစဉ်/MOI