Myanmar Education Centre

Myanmar Education Centre Helping everyone who interests in Burmese language to read, write, and speak fluently.

https://www.facebook.com/share/1BHrCZNorC/
20/02/2025

https://www.facebook.com/share/1BHrCZNorC/

အခြေခံမြန်မာစာသင်ပြနည်းများ
~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာတို့၏ အစဉ်အလာအရ အသုံးပြုခဲ့သော မြန်မာစာသင်နည်းမှာ သုံးမျိုးရှိခဲ့သည်။ အဆိုပါ မြန်မာစာသင်နည်း သုံးမျိုးမှာ-
(၁) ရှေးရိုးသင်ပုန်းကြီးနည်း
(၂) အသံထွက်နည်း
(၃) ကြည့်ဆိုနည်းတို့ ဖြစ်သည်။

၁။ ရှေးရိုးသင်ပုန်းကြီးနည်း
~~~~~~~~~~~~~~~~~~~~~~~~
ရှေးရိုးသင်ပုန်းကြီးနည်းသည် ရှေ့ခေတ်မှ ယနေ့တိုင် အသုံးများသော သင်နည်းတစ်ရပ်ဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက် ဘုန်းတော်ကြီးကျောင်းများတွင် မြန်မာစာသင်ရာ၌ ရှေးဦးသင်ရသောစာမှာ ရှေးရိုးသင်ပုန်းကြီးစာပင်ဖြစ်သည်။
ကိုလိုနီခေတ် မြန်မာစာဖတ်စာများ ပေါ်​ပေါက်လာသောအခါ ရှေးရိုးသင်ပုန်းကြီးနည်းကို ပြုပြင်အသုံးပြုခဲ့သည်။ ယနေ့တိုင် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် အသုံးပြုလျက်ရှိသောနည်းမှာ ရှေးရိုးသင်ပုန်းကြီး နည်းပင်ဖြစ်သည်။

(က) ဗျည်းများကို သင်ပြနည်း
~~~~~~~~~~~~~~~~~~~~~~~~~
ဗျည်းအက္ခရာများဖြစ်သော ကကြီးI ခခွေးစသည့် ဗျည်း၃၃လုံးကို သင်ပြရာတွင် ဗျည်းများ၏ အမည်I ဗျည်းများ၏ အသံထွက်ကို သင်ပြသော နည်းစနစ်ဖြစ်သည်။ ကကြီးရေးကI ခခွေးရေးခI ဂငယ်ရေးဂဟူ၍ ဗျည်းအမည်များကို ထုတ်ဖော်ရွတ်စေသော နည်းပင်ဖြစ်သည်။

(ခ) ဗျည်းနှင့်သရ သင်ပြနည်း
~~~~~~~~~~~~~~~~~~~~~~~~~
ဗျည်းနှင့်သရတွဲသောအခါတွင် ဗျည်းအမည်နှင့်သရတွဲစပ်သင်ပြသောနည်းဖြစ်သည်။ ရေးချခန်းဖြစ်သော အI အာI အားကို ဗျည်းနှင့်တွဲစပ်ရွတ်ဆိုရာတွင် ကကြီးရေးကI ကကြီးရေးချကာI ကကြီးရေးချဝစ္စနှစ်လုံးပေါက်ကား-က ကာ ကား ဟူ၍ ရွတ်ဆိုသင်ပြသောနည်းပင်ဖြစ်သည်။ ဗျည်းနှင့်သရ တွဲပုံကို သင်ပြပြီးသောအခါ မြန်မာစာလုံးပေါင်းသင်ရသည်။ စာလုံးပေါင်းရာတွင်လည်း ရှေးနည်းအတိုင်းပေါင်း၍ ရွတ်ဆိုစေသောနည်းဖြစ်သည်။ ဥပမာ- ဆရာမI စပါးI ဝါးစသော ဝေါဟာရကို သင်ရာတွင် ဆလိမ်ရေးဆI ရကောက်ရေးချရာ ဆရာI မရေးမ ဆရာမဟူ၍ လည်းကောင်းI စလုံးရေးစI ပစောက်ရေးချ ဝစ္စနှစ်လုံးပေါက်ပါး စပါးဟူ၍ လည်းကောင်းI ဝရေးချ ဝစ္စနှစ်လုံးပေါက်ဝါးဟူ၍ လည်းကောင်း ဗျည်းအက္ခရာ၏ အမည်ကို ထုတ်ဖော်ရွတ်ဆိုလျက် သရအက္ခရာနှင့် ပေါင်းစပ်ရွတ်ဆို သင်ပြရသော နည်းဖြစ်သည်။
ထိုနည်းအတိုင်း ဖတ်စာသင်ရာတွင်လည်း စာလုံးပေါင်းနည်းအတိုင်း သင်ပြရသည်။ ဥပမာ- ညအခါI လသာသာကို သင်ပြရာတွင် ညရေးညI အရေးအ ည အI ခခွေးရေးချခါ ညအခါဟူ၍လည်းကောင်းI လရေးလI သရေးချသာ လ သာဟူ၍ စာလုံးပေါင်းသင်ရသောနည်းကို ရှေးရိုးသင်ပုန်းကြီးဟုခေါ်သည်။

(ဂ)ဗျည်းတွဲများကို သင်ပြခြင်း
~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာစာတွင် အခြေခံဗျည်းတွဲ သင်္ကေတ(၄)ခုရှသည်။ -ျI ​ြI -ွI -ှအစရှိသော သင်္ကေတ (၄)ခုဖြစ်သည်။ အဆိုပါဗျည်းတွဲများကို စာလုံးပေါင်းသင်ရာတွင် ဗျည်းအက္ခရာအမည်နှင့် ဗျည်းတွဲအမည်ကို ထုတ်ဖော်ရွတ်ဆိုရသောနည်းကို သင်ပုန်းကြီးနည်းဟုဆိုသည်။ ဥပမာ- ကျI ကျာI ကျားI ကြI ကြာI ကြားဟူသော ဗျည်းတွဲကို ရွတ်ဆိုသင်ပြရာတွင် ကကြီးယပင့်ကျI ကကြီးယပင့်ရေးချကျာI ကကြီးယပင့်ရေးချ ဝစ္စနှစ်လုံးပေါက်ကျား- ကျ ကျာ ကျားဟူ၍ လည်းကောင်းI ကကြီးရရစ်ကြI ကကြီးရရစ်ရေးချကြာI ကကြီးရရစ်ရေးချ ဝစ္စနှစ်လုံးပေါက်ကြား- ကြ ကြာ ကြားဟူ၍ သင်ရသောနည်းဖြစ်သည်။
ထိုနည်းတူ စာလုံးပေါင်းသင်ရာတွင်လည်း ဗျည်းအက္ခရာအမည်နှင့် ဗျည်းတွဲအမည်ကို ထုတ်ဖော်ရွတ်ဆိုပေါင်းဖက်ရသော သင်ပြနည်းပင်ဖြစ်သည်။ ဥပမာ- ကြာဖူးI မြေပဲI ကြိုးကြာအစရှိသော ဝေါဟာရစကားလုံးများကို ဖတ်စေရာတွင် ကကြီးရရစ်ရေးချကြာI ဖဦးထုပ်ရေး နှစ်ချောင်းငင်ဖူ ဝစ္စနှစ်လုံးပေါက်ဖူး ကြာဖူးI သဝေထိုး မရရစ်မြေI ပ​စောက်ရေး နောက်ပစ်ပဲ မြေပဲI ကကြီးရရစ်လုံးကြီးတင် တစ်ချောင်းငင်ကြို ဝစ္စနှစ်လုံးပေါက်ကြိုးI ကကြီးရရစ်ရေးချ ကြာ ကြိုးကြာဟူ၍ စာလုံးပေါင်းဖတ်ရသောနည်းကို ရှေးရိုးသင်ပုန်းကြီးနည်းဟူ၍ ခေါ်ဆိုကြသည်။ ထိုနည်းအတိုင်း ဖတ်စာများကိုလည်း စာလုံးပေါင်းဖတ်ရသော နည်းစနစ်ပင်ဖြစ်သည်။

၂။ အသံထွက်နည်း
~~~~~~~~~~~~~~~~~
အသံထွက်နည်းသည် အသံကို အခြေပြုရသောသင်နည်းပင်ဖြစ်သည်။ မြန်မာဖတ်စာတွင် အသံ(၅ဝ)ကို အခြေပြု၍ သင်ခန်းစာI ဖတ်စာဖွဲ့ရသည်။ သူငယ်တန်း မြန်မာဖတ်စာတွင် မြန်မာ့အသံ (၂၄)သံကိုအခြေပြု၍ ပြုစုသည်။
စဉ် သရသံ
၁။ အ အာ အား
၂။ အိ အီ အီး
၃။ အု အူ အူး
၄။ အေ အေ့ အေး
၅။ အယ် အဲ့ အဲ
၆။ အော အော့ အော်
၇။ အန် အန့် အန်း/ အမ် အမ့် အမ်း
၈။ အို အို့ အိုး
ဟူသော သရသံစဉ် (၂၄) မျိုးကို အခြေခံသည်။
ပထမတန်း မြန်မာဖတ်စာတွင် မြန်မာ့အသံ(၂၆)သံကို အခြေပြု၍ ပြုစုထားသည်။
စဉ် သရသံ
၁။ အင် အင့် အင်း/ အဉ် အဉ့် အင်း
၂။ အောင် အောင့် အောင်း
၃။ အိုင် အိုင့် အိုင်း
၄။ အိန် အိန့် အိန်း/ အိမ် အိမ့် အိမ်း
၅။ အုံ အုံ့ အုံး/ အုန် အုန့် အုန်း
၆။ အွန် အွန့် အွန်း/ အွမ် အွမ့် အွမ်း
၇။ အက်
၈။ အောက်
၉။ အိုက်
၁၀။ အစ်
၁၁။ အတ်/ အပ်
၁၂။ အွတ်/ အွပ်
၁၃။ အိတ်/ အိပ်
၁၄။ အုတ်/ အုပ်
ဟူသော သရသံစဉ်( ၂၆)မျိုးကို အခြေခံသည်။

(က)ဗျည်းများကို သင်ပြနည်း
~~~~~~~~~~~~~~~~~~~~~~~~
အသံထွက်နည်းဖြင့် မြန်မာစာကို သင်ပြရာတွင် ရှေးရိုးနည်းမှာကဲ့သို့ ဗျည့်အက္ခရာတို့၏ အမည်များကို ထုတ်ဖော်ရွတ်ဆိုခြင်း မပြုပါ။ ကကြီး ခခွေး ဂငယ်ဟူ၍ ရွတ်ဆိုစေသောနည်းမဟုတ်ပါ။ က ခ ဂဟူ၍ အသံထွက်ကို တိုက်ရိုက်ဆိုစေသော သင်နည်းဖြစ်ပါသည်။ က ကလေးငယ် ချစ်စဖွယ်I ခ ခရေးကုံး မလေးပြုံးI ဂ ဂဏန်းသင် ပြုံးရွှင်ရွှင် ဗျည်း လင်္ကါကဗျာသည် အသံထွက်နည်းအတွက် ဗျည်းသင်ရာတွင် အထောက်အကူပြုနိုင်သော ကဗျာဖြစ်ပါသည်။

(ခ) ဗျည်းနှင့်သရ သင်ပြနည်း
~~~~~~~~~~~~~~~~~~~~~~~~~
အသံထွက်နည်းတွင် ဗျည်းနှင့်သရပေါင်းရာတွင် ဗျည်းအသံထွက်နှင့် သရသံကို တိုက်ရိုက်ပေါင်းရသည်။ ဥပမာ- က ကာ ကားကို စာလုံးပေါင်းရာတွင်-
က + အ - ကအ -က
က + အာ- ကအာ -ကာ
က + အား-ကအား -ကား ဟူ၍ ပေါင်းရသော နည်းဖြစ်သည်။ ထိုနည်းတူ အိ အီ အီး သရတွဲနှင့် ဗျည်းကို ပေါင်းရာတွင် ကအိ - ကိI ကအီ - ကီI ကအီး - ကီး ဟူ၍လည်းကောင်း စာလုံးပေါင်းရသော နည်းဖြစ်သည်။
စာလုံးပေါင်းသင်ရာတွင်လည်း ထိုနည်းတူ ပေါင်းရသည်။ ဥပမာ- သာလိကာI နာရီI ဆီမီးစသော ဝေါရကို သင်ပြရာတွင်-
သ+အာ - သာ
လ+အိ - လိ
က+အာ - ကာ - သာလိကာ
န+အာ - နာ
ရ+အီ - ရီ - နာရီ
ဆ+အီ - ဆီ
မ+အီး - မီး - ဆီမီးဟူ၍ စာလုံးပေါင်းရသောနည်းကို အသံထွက်နည်းဟုခေါ်သည်။ ထိုနည်းတူ ဖတ်စာသင်ရာတွင်လည်း စာလုံးပေါင်းဖတ်ရသည်။ ဥပမာ- ညီညီညာညာ အနီးလာI ဆရာIမိဘI သတိရဖတ်စာကို ညအီညီI ညအီညီ ညီညီI ညအာညာI ညအာညာ ညီညီညာညာ။ အIနအီးနီး အနီးI လအာ လာ အနီးလာ။ ဆအဆI ရအာရာ ဆရာI မအိမိI ဘအဘ ဆရာမိဘI သအ သI တအိတိ သတိI ရအရ သတိရဟူ၍ စာလုံးပေါင်းဖတ်ရသော နည်းဖြစ်သည်။

(ဂ) ဗျည်းတွဲများကို သင်ပြနည်း
~~~~~~~~~~~~~~~~~~~~~~~~~~
ဗျည်းတွဲသင်္ကေတ(၄)ခုကို သင်ပြရာတွင် ကကြီးယပင့်ကျI ကကြီးရရစ်ကြI ပစောက်ဝဆွဲပွI လဟထိုးလှဟူ၍ ရှေးရိုးနည်းမှာကဲ့သို့ အသံထွက်နည်းတွင် မပေါင်းပေ။ ယပင့်ကို ယI ရရစ်ကို ရI ဝဆွဲကို ဝI ဟထိုးကို ဟ ဟူ၍ သင်္ကေတပြုသည်။ ဥပမာ- ကကြီးယပင့်ကျကို ကယကျI ကကြီးရရစ်ကြကို ကရကြI ပစောက်ဝဆွဲပွကို ပဝပွI လဟထိုးလှကို လဟလှဟူ၍ ပေါင်းဖတ်သော နည်းဖြစ်သည်။

၃။ ကြည့်ဆိုနည်း
~~~~~~~~~~~~~~~
ကြည့်ဆိုနည်းကို တိုက်ရိုက်ဖတ်နည်းဟူ၍လည်း ဆိုနိုင်သည်။ Look And Say Method ဟူ၍ အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဆိုသည်။

(က) ဗျည်းများကို သင်ပြနည်း
ဗျည်းအက္ခရာများဖြစ်သော ကကြီး ခခွေး ဂငယ်ကို ဗျည်အမည်များ ရွတ်ဆို၍ ကြည့်ဆိုနည်းတွင် မဖတ်ရပါ။ က ခ ဂ ဟူ၍ တိုက်ရိုက်အသံထွက်ဖတ်သောနည်းပင်ဖြစ်သည်။ ဗျည်းအက္ခရာများကို သင်ရာတွင် က ခ ဂ ဃ င ဟူ၍ အသံထွက်နည်းမှာကဲ့သို့ တိုက်ရိုက်ဖတ်စေသော နည်းပင်ဖြစ်သည်။

(ခ) ဗျည်းနှင့် သရ သင်ပြနည်း
ကြည့်ဆိုနည်းတွင် ဗျည်းနှင့်သရ ပေါင်းစပ်ရာတွင် ရှေးရိုးသင်ပုန်းနည်းနှင့် အသံထွက်နည်းမှာကဲ့သို့ စာလုံးပေါင်းဖတ်ခြင်းမပြုပါ။ က ကာ ကားကို က ကာ ကားဟူ၍ လည်းကောင်းI ကိ ကီ ကီးကို ကိ ကီ ကီးဟူ၍ လည်းကောင်းI ကု ကူ ကူးကို ကု ကူ ကူးဟူ၍လည်းကောင်း တိုက်ရိုက်အသံထွက်ဖတ်စေ၍ သင်ပြရသော နည်းပင်ဖြစ်သည်။ စာလုံးပေါင်း​ဝေါဟာရများကို သင်ပြရာတွင်လည်း အလားတူပင် ပျံသန်းကို ပျံသန်းI စပါးကျီကို စပါးကျီI ကျေးဇူးကို ကျေးဇူးI ချီးကျူးကို ချီးကျူးဟူ၍ တိုက်ရိုက်အသံထွက် ဖတ်စေသော နည်းပင်ဖြစ်သည်။
ဖတ်စာသင်ရာတွင်လည်း တိုက်ရိုက်ဖတ်ပြI ဖတ်စေသောနည်းကိုပင် အသုံးပြုသည်။
``ဤရွာကလေး သာယာသည်။
ဘူးသီး သခွားသီး ပေါ၏။
ရာသီမရွေး မအားကြပါ။
နွားများ မွေးမြူထားသည်။
ပျော်မွေ့စွာနေကြသည်။´´
ဖတ်စာကို ဖတ်တတ်ရန် သင်ပြရာတွင် စာလုံးပေါင်း မဖတ်စေတော့ဘဲ ဆရာဖြစ်သူက တိုက်ရိုက်ဖတ်ပြI ဖတ်ခိုင်းသောနည်းဖြင့် သင်ပြသော စနစ်ကို ကြည့်ဆိုနည်းဟူ၍ ခေါ်သည်။ ဗျည်းတွဲပါ ဖတ်စာများကို သင်ပြရာတွင်လည်း ကြည့်ဆိုနည်းစနစ်အရ တိုက်ရိုက်ဖတ်စေ၍ သင်ပြရမည်။

ဦးသန်းထွတ်(ပါ​​မောက္ခ -ငြိမ်း)၏ မြန်မာစာသင်ကြားရေး(မူလတန်း)စာအုပ်မှ ထုတ်နုတ်တင်ပြသည်။

ဦးသူရိန်လင်း(မြန်မာစာ)
၁၀-ဇူလိုင်-၂၀၂၁(စနေ)

သြစတြေးလျ နိုင်ငံ ဗစ်တိုးရီယား ပြည်နယ် မဲလ်ဘုန်းမြို့ကြီးမှာ အစိုးရ အသိအမှတ်ပြု မြန်မာစာ သင်ကြားခြင်း အစီအစဥ်ကို ၈ ရက် ဖ...
12/02/2025

သြစတြေးလျ နိုင်ငံ ဗစ်တိုးရီယား ပြည်နယ် မဲလ်ဘုန်းမြို့ကြီးမှာ အစိုးရ အသိအမှတ်ပြု မြန်မာစာ သင်ကြားခြင်း အစီအစဥ်ကို ၈ ရက် ဖေဖော်ဝါရီလ ၂၀၂၅ စနေနေ့ မှ စ၍ Box Hill High School တွင် စတင်သင်ကြား ပေးနေ ပါပြီ။
ဗစ်တိုးရီးယား ပြည်နယ် ကျောင်းတက်ချိန် ဇယားအတိုင်း အပတ်စဥ် စနေနေ့တိုင်း ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

စာသင်ချိန် ဇယား
ကျောင်းတက်ချိန်- မနက် ၀၉:၀၀ တိတိ
အားလပ်ချိန်- မနက် ၁၀:၂၀ - ၁၀:၄၀ ထိ
ကျောင်းဆင်းချိန်- နေ့လည် ၁၂:၂၀ တိတိ

Address

1/5 Garden Avenue, Mitcham
Melbourne, VIC
3132

Website

Alerts

Be the first to know and let us send you an email when Myanmar Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Myanmar Education Centre:

Shortcuts

Featured

Share