03/06/2026
"ကမ္ဘာတစ်ဝှမ်းက လူသားအားလုံးရဲ့ လျှာပေါ်မှာရှိတဲ့ အရသာခံဖုတွေ (Taste Buds) နဲ့ ဦးနှောက်ရဲ့ အာရုံခံ စားမှုစနစ်အပေါ် သိပ္ပံနည်းကျ လေ့လာဆန်းစစ်ပြီးမှထွက်လာတဲ့ "လူသားအားလုံးရဲ့ အကြိုက်ဆုံး မျှခြေ Sweet Spot" ကို ဆိုလိုတာ ဖြစ်ပါတယ်။"
"ကျွန်တော်တို့လူသားတွေရဲ့ သွေး၊ မျက်ရည်၊ ဆဲလ်အတွင်းပိုင်းအရည်တွေနဲ့ ဆေးရုံမှာသွင်းလေ့ရှိတဲ့ ပုလင်း ချိတ်ဆားရည် (Normal Saline) တွေရဲ့ ဆားဓာတ်ပြင်းအား (Sodium Chloride Concentration) ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ 0.9 % ဝန်းကျင် ရှိကြပါတယ်။"
"ဂီတာကြိုးကိုညှိရမယ့် Standard Key ထက် ပိုတင်းထားရင်အသံကမြင့်ပြီး တုန်ခါနေသလိုပါပဲ။ ငန်တာ အစားများတဲ့သူတွေရဲ့ လျှာဟာ ဆားဓာတ်ကို ထုံသွားတဲ့အတွက် သူတို့ရဲ့ Personal Sweet Spot က 1.5 % ကနေ 2 % အထိ အတင်းတက်သွားတတ်ပါတယ်။"
မနက်ဖြန် မနက် ၉ နာရီမှာ "ဘာ့ကြောင့်အငန်ဓာတ်သတ်မှတ်ချက်က ၁ ရာခိုင်နှုန်းလဲ။" ဆိုတဲ့အကြောင်းကိုအပြည့်အစုံ ဖတ်ရှုနိုင်ပါပြီ။
လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။
02/06/2026
ဂီတတူရိယာတစ်ခုမှာ Standard Key (စံနှုန်းသံစဉ်) မှန်မှန်ကန်ကန် ထွက်ပေါ်နေဖို့အတွက် မတီးခတ်ခင် အမြဲတမ်း Tuning လုပ်ကြရသလိုပါပဲ။
သင်ကိုယ်တိုင်က အပြင်မှာ အငန်ကြိုက်တဲ့သူပဲဖြစ်ဖြစ်၊ အပေါ့ကြိုက်တဲ့သူပဲဖြစ်ဖြစ်... စားသုံးသူ (Guest) တွေအတွက် ချက်ပြုတ်ရမယ့်အခါမျိုးမှာ သင့်လျှာရဲ့ အရသာခံနိုင်ရည်ကို "စံနှုန်းမှန်" အမြဲရှိနေစေဖို့ Tuning လုပ်ထားရပါမယ်။
အိမ်မှာ ကိုယ်တိုင် ဘယ်လိုပဲ စားစား... လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ "စားသုံးသူက ပေါ့တယ်၊ ငန်တယ်" လို့ ဝေဖန်မှတ်ချက် ပေးလာခဲ့ရင်တောင် -
• မိမိရဲ့ Recipe က ကမ္ဘာသုံး စံနှုန်းအတိုင်း မှန်ကန်တဲ့ အငန်အချိုးအစားမှာ တိတိကျကျ ရှိနေတယ်၊
• မိမိရဲ့ လျှာကိုလည်း မှန်ကန်တဲ့အငန်ဓာတ်အာရုံခံမှု စံနှုန်းအတိုင်းဂီတတူရိယာတစ်ခုလိုတိကျစွာ Tuning လုပ်ထားတယ်ဆိုတဲ့ အချက်ကို စနစ်တကျသိရှိနားလည်ထားခြင်းက သင့်ကိုယ်သင် ယုံကြည်စိတ်ချမှုကို အပြည့်အဝ ပိုမိုတိုးပွားစေမှာ သေချာပါတယ်။
အဲဒီလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ဟင်းပွဲတွေကိုဖန်တီးနိုင်ဖို့အတွက်... နောက်ထပ် လေ့လာစရာ၊ ဉာဏ်ကစားစရာ အနုပညာတွေကို ဆက်လက် မျှဝေပေးသွားပါဦးမယ်။
မနက်ဖြန် မနက် (၉:၀၀) နာရီမှာ Page မှာ ဆက်လက် စောင့်မျှော်ဖတ်ရှုနိုင်ပါပြီ ခင်ဗျာ။
လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။
26/05/2026
ဆားကပေးတဲ့ တော်လှန်ရေး ၊ အနုပညာ ၊ ယုံကြည်မှု
အင်ပါယာများကို ပြိုလဲစေခဲ့သော ဆားခွန် (The Revolutionary Salt)
ဆားဟာတိုင်းပြည်အတွက် ဝင်ငွေအကောင်းဆုံးဖြစ်လို့ ဘုရင်တွေက ဆားအပေါ်မှာမတရားအကောက်ခွန် တွေ ကောက်ခံရာကနေ တော်လှန်ရေးတွေဖြစ်ပေါ်ခဲ့တယ်။
ပြင်သစ်တော်လှန်ရေး
ပြင်သစ်ဘုရင်တွေဟာ "Gabelle" လို့ခေါ်တဲ့ ဆားအခွန်ကို ပြည်သူတွေအပေါ်မတရားကောက်ခံခဲ့ပါတယ်။ ပြည်သူတွေဟာ အစားအသောက်အတွက် ဆားကိုဈေးကြီးပေးဝယ်နေရလို့ဒေါသထွက်ပြီး ဘုရင်စနစ်ကိုဖြုတ် ချခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကြီးရဲ့ အဓိကမီးပွားတစ်ခုဟာ ဒီဆားအခွန် ဖြစ်ပါတယ်။
မဟတ္တမဂန္ဒီ၏ ဆားအဓိကရုဏ်း (၁၉၃၀)
ဗြိတိသျှအစိုးရက အိန္ဒိယလူမျိုးတွေကို ကိုယ်ပိုင်ဆားထုတ်ခွင့် ပိတ်ပင်ပြီး ဆားအခွန်အတင်းကောက်တဲ့အခါ ဂန္ဒီကြီးက မိုင် ၂၄၀ ကျော် လမ်းလျှောက်ပြီး ကမ်းခြေကဆားကို လက်နဲ့ကျုံးကာ "ဆားတော်လှန်ရေး" (Salt March) ကို ဆင်နွှဲခဲ့ပါတယ်။ ဒါဟာ ဗြိတိသျှအင်ပါယာကြီး ပြိုလဲဖို့ ပထမဆုံး စတင်လှုပ်ခါလိုက်တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။
အနုပညာနှင့် ယုံကြည်မှု (Superstition & Art)
ကမ္ဘာကျော် ပန်းချီကားကြီးတွေထဲမှာတောင် ဆားရဲ့ အဓိပ္ပာယ်ကို ထည့်သွင်းပုံဖော်ခဲ့ကြပါတယ်။
နောက်ဆုံးညစာ (The Last Supper)
လီယိုနာဒို ဒါဗင်ချီ (Leonardo da Vinci) ရေးဆွဲခဲ့တဲ့ ကမ္ဘာကျော် "နောက်ဆုံးညစာ" ပန်းချီကားထဲမှာ ယုဒ (Judas) ရဲ့လက်နားမှာ "ဆားဘူး မှောက်နေတာ" ကို အသေးစိတ်တွေ့နိုင်ပါတယ်။ ရှေးခေတ်က ဆားဘူး မှောက်ခြင်း ၊ ဆားဖိတ်ခြင်းဟာ "သစ္စာဖောက်ခံရခြင်း" သို့မဟုတ် "ကံဆိုးခြင်း" ရဲ့ နိမိတ်လို့ယူဆကြတဲ့အ တွက် ဒါဗင်ချီက ယုဒဟာယေရှုခရစ်တော်ကို သစ္စာဖောက်တော့မယ်ဆိုတာကို ဆားဘူးမှောက်ပြပြီး သမိုင်းဝင် ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။
နိဂုံးအနေနဲ့ ပြောရရင်တော့
ယနေ့ခေတ်ကာလမှာ ဆားဟာမီးဖိုချောင်တိုင်းမှာ အလွယ်တကူရရှိနိုင်နေပြီဖြစ်လို့ သူ့ရဲ့ သမိုင်းဝင် အရေးပါပုံတွေကို လူတွေမေ့လျော့နေတတ်ကြပါတယ်။ ဒါပေမဲ့ Professional Chef တစ်ယောက်အနေနဲ့ ဆားတစ်ပွင့်ကို ဟင်းပွဲပေါ်ဖြူးလိုက်တိုင်း ဒါဟာ သဘာဝတရားကြီးဆီကရတဲ့ သင်ခန်းစာ ၊ လူသားမျိုးနွယ်စုရဲ့ ရှင်သန်မှုတော်လှန်ရေးနဲ့ ကမ္ဘာ့အင်ပါယာကြီးတွေကို ကိုင်လှုပ်ခဲ့တဲ့နှစ်ထောင်ချီ သမိုင်းအမွေအနှစ်တစ်ခုကို လက်ဆင့်ကမ်း သယ်ဆောင်နေခြင်းဖြစ်ကြောင်း သတိချပ်နိုင်ကြပါစေ။
လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။
8:8 Salt History
ဆားသမိုင်း
&_Seasoning
25/05/2026
ဆားကြောင့် လူနေမှုဘဝသက်ရောက်မှုများ
ကမ္ဘာ့မြေပုံကို ပုံဖော်ခဲ့သည့် "ဆားလမ်းမကြီးများ" (The Salt Roads)
အခုခေတ်ကမ္ဘာကျော်မြို့ကြီးအချို့ဟာ ရှေးခေတ်က"ဆားကုန်သွယ်မှု"ကြောင့် သန္ဓေတည်ပေါ်ပေါက် လာခဲ့တာ ဖြစ်ပါတယ်။
ရောမအင်ပါယာ၏ အသက်သွေးကြော
ရောမမြို့ရဲ့ အစောဆုံးနဲ့ အရေးအကြီးဆုံး လမ်းမကြီးတစ်ခုဟာ "Via Salaria" (ဆားလမ်းမကြီး) ဖြစ်ပါတယ်။ Ostia ကမ်းခြေကထွက်တဲ့ ပင်လယ်ဆားတွေကို ရောမမြို့ထဲ သယ်ယူဖို့ တမင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး ဒီလမ်းမကြီးကို အခြေပြုပြီး ရောမစစ်တပ်ကြီး ချီတက်အင်ပါယာချဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြို့အမည်များထဲက ဆား
ဥရောပက မြို့အမည်တော်တော်များများမှာ Salz သို့မဟုတ် Wich ပါရင် ဆားကြောင့် ပေါ်လာတဲ့ မြို့တွေ ဖြစ်ပါတယ်။ ဥပမာ - ဩစတြီးယားနိုင်ငံက Salzburg ဆိုတာ "ဆားရဲတိုက်" လို့ အဓိပ္ပာယ်ရပြီး၊ အင်္ဂလန်က Norwich, Middlewich မြို့တွေဟာ ရှေးဟောင်းကျောက်ဆားတွင်းတွေ ရှိခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။
ဘာသာစကားနှင့် စီးပွားရေးအာဏာ (The Linguistic Legacy)
ဆားဟာ ရှေးခေတ်ကရွှေလိုတန်ဖိုးကြီးခဲ့လို့ ကျွန်တော်တို့နေ့စဉ်ပြောဆိုနေတဲ့ Modern အင်္ဂလိပ်စကားလုံး တွေထဲမှာ ဆားရဲ့ ဗီဇတွေ ဒီနေ့အထိ ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။
Salary (လစာ)
ရောမစစ်သားတွေကို သူတို့ရဲ့ စွမ်းဆောင်ရည်အလိုက် ဆားဝယ်ဖို့အတွက် ပေးတဲ့ စရိတ်စကကို "Salarium" လို့ ခေါ်ရာကနေ ဒီနေ့ခေတ် Salary ဆိုတဲ့ စကားလုံး ဖြစ်လာတာပါ။
Worth your salt
လူတစ်ယောက်က ပေးရတဲ့ လစာနဲ့ တန်တယ်၊ အရည်အချင်းရှိတယ်ဆိုရင် "Worth your salt" (သူ့ဆားဖိုးနဲ့သူ တန်တယ်) လို့ အင်္ဂလိပ်စကားပုံမှာ သုံးနှုန်းကြပါတယ်။
Salad (သုပ်ထားသောအသီးအရွက်)
ရောမလူမျိုးတွေဟာ အသီးအရွက်စိမ်းတွေကို အငန်ဓာတ်ရအောင် ဆားရည်စိမ်ပြီး စားလေ့ရှိပါတယ်။ အဲ့ဒါကို ရောမဘာသာစကား "Herba Salata" (Salted Vegetables) လို့ ခေါ်ဆိုရာကနေ ဒီနေ့ခေတ် Salad ဖြစ်လာတာ ဖြစ်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။
7:8 Salt History
ဆားသမိုင်း
ဆားရဲ့ သက်ရောက်မှု
&_Seasoning
24/05/2026
ဆားဖြင့် အာဏာတည်ဆောက်ခြင်း နယ်ချဲ့ခြင်း
ဗင်းနစ်သမ္မတနိုင်ငံ (Republic of Venice)
အေဒီ ၈ ရာစု မှ ၁၈ ရာစု
အီတလီနိုင်ငံက ဗင်းနစ်မြို့ဟာ ရေပေါ်မြို့လေးအဆင့်ကနေ ဥရောပရဲ့ အချမ်းသာဆုံး ကုန်သွယ်ရေး အင်ပါယာကြီး ဖြစ်လာရတဲ့ လျှို့ဝှက်ချက်က "ဆားလက်ဝါးကြီးအုပ်မှု" (State Salt Monopoly - Il Magistrato al Sal) ကြောင့် ဖြစ်ပါတယ်။
ဗင်းနစ်အစိုးရဟာ တခြားနိုင်ငံတွေဆားအလွယ်တကူမရအောင် မြေထဲပင်လယ်ထဲက ဆားကွင်းမှန် သမျှကိုစစ်အင်အားနဲ့လိုက်လံဖျက်ဆီးခြင်း သိမ်းပိုက်ခြင်းတို့ပြုလုပ်ခဲ့ပါတယ်။ ပြီးမှဆားကိုဈေးကြီးကြီးနဲ့ ပြန် ရောင်းချပြီးရလာတဲ့ဘဏ္ဍာငွေတွေနဲ့ ကမ္ဘာ့အကောင်းဆုံးသင်္ဘောတပ်ကြီးကိုတည်ထောင်ကာ ကမ္ဘာ့စီးပွား ရေးကို ကိုင်လှုပ်ခဲ့တာ ဖြစ်ပါတယ်။
ပိုလန်နိုင်ငံ (Kingdom of Poland)
အေဒီ ၁၃ ရာစု မှ ၁၈ ရာစု
ပိုလန်နိုင်ငံမှာရှိတဲ့ ကမ္ဘာကျော် ဝီလစ်စကာ (Wieliczka) မြေအောက်ကျောက်ဆားတွင်းကြီးဟာ ပို လန်ဘုရင်စနစ် ခိုင်မြဲဖို့အတွက် အဓိက ကျောထောက်နောက်ခံ ဖြစ်ခဲ့ပါတယ်။
ထိုခေတ်က ပိုလန်နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၃ ပုံ ၁ ပုံ (၃၃%) ဟာ ဒီဆားတွင်းတစ်ခုတည်းကနေ ရတာ ဖြစ်ပါတယ်။ ပိုလန်ဘုရင်တွေဟာ ဆားကရတဲ့ငွေတွေနဲ့ခံတံတိုင်းတွေ ဆောက်ခဲ့ကြသလို ၊ ဥရောပရဲ့ သမိုင်း ဝင် ကာကိုးတက္ကသိုလ် (Jagiellonian University) ကြီးကိုပါ ဆားဖိုးတွေနဲ့ တည်ထောင်ပေးခဲ့တာ ဖြစ်ပါ တယ်။
အေဒီ ၁၃၆၄ မှာ ပိုလန်ဘုရင် (Casimir III the Great) က ဒီတက္ကသိုလ်ကြီးကိုစတင်တည်ထောင် ခဲ့တာဖြစ်ပြီး သူကွယ်လွန်ပြီးနောက်ပိုင်းမှာတော့ တက္ကသိုလ်ကြီးပျက်စီးလုနီးပါးဖြစ်ချိန်မှာ ပိုလန်ဘုရင်မကြီး ဂျဒ်ဝီဂါ (Queen Jadwiga) က သူမရဲ့ကိုယ်ပိုင်ရတနာတွေနဲ့အတူ ဝီလစ်စကာ (Wieliczka) မြေအောက် ကျောက်ဆားတွင်းကရတဲ့ဆားဖိုးတွေနဲ့ ဒီတက္ကသိုလ်ကြီးကိုဒုတိယအကြိမ်ပြန်လည်မွမ်းမံထူထောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့အထိ ဥရောပရဲ့သမိုင်းဝင်တက္ကသိုလ်ကြီးရှင်သန်နေရခြင်းဟာ ဆားရဲ့ကျေးဇူး ကြောင့်လို့ သမိုင်းမှာကမ္ပည်းတင်ထားကြပါတယ်။
မာလီအင်ပါယာ
အေဒီ ၁၃ ရာစုမှ အေဒီ ၁၇ ရာစု
အေဒီ ၁၃ ရာစုကနေ ၁၇ ရာစုအထိ အာဖရိကအနောက်ပိုင်းမှာ အလွန်အာဏာစက်ကြီးခဲ့ပြီး ယနေ့ခေတ် အောက်ပါနိုင်ငံများ ပါဝင်နေပါတယ်။
မာလီနိုင်ငံ (Mali) ၊ ဆီနီဂေါနိုင်ငံ (Senegal) ၊ ဂမ်ဘီယာနိုင်ငံ (Gambia) ၊ ဂီနီနိုင်ငံ (Guinea) နဲ့ မော်ရီတေးနီးယားနိုင်ငံ (Mauritania) တို့ရဲ့ နယ်မြေအမြောက်အမြား ပါဝင်ပါတယ်။
ဆားမရှိလျှင် သေနိုင်သော ပတ်ဝန်းကျင်
မာလီအင်ပါယာ တည်ရှိရာ အာဖရိကအတွင်းပိုင်းဟာ အလွန်ပူပြင်းခြောက်သွေ့ပြီး ပင်လယ်နဲ့ ဝေးပါတယ်။ လူတွေဟာ ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်ထဲက အငန်ဓာတ် ခမ်းခြောက်လို့ သေဆုံးမယ့်အန္တရာယ်နဲ့ အမြဲရင်ဆိုင်နေရပါတယ်။ ဒါကြောင့် သူတို့ဆီမှာ ရွှေတွေ ဘယ်လောက်ပဲ ပေါပေါ "ဆားမရှိရင် အသက်မရှင်နိုင်တဲ့" အခြေအနေ ဖြစ်နေပါတယ်။
ဆားတစ်ပေါင် - ရွှေတစ်ပေါင် (Silent Barter)
သဟားရတ် သဲကန္တာရမြောက်ပိုင်းက တာဂါဇာ (Taghaza) ဆိုတဲ့ ဒေသမှာ သဘာဝကျောက်ဆား အဆွဲလိုက်အတုံးလိုက်ထွက်ပါတယ်။ ကုန်သည်တွေက အဲ့ဒီဆားတုံးတွေကို ကုလားအုတ်တွေနဲ့ ရက်ပေါင်း များစွာသဲကန္တာရကိုဖြတ်ပြီး မာလီအင်ပါယာဆီ သယ်လာကြပါတယ်။ ဆားရောက်လာတဲ့အခါ မာလီလူမျိုး တွေက မိမိတို့ဆီမှာပေါများလှတဲ့ ရွှေတုံးတွေနဲ့ "ဆားအလေးချိန်အတိုင်း ရွှေအလေးချိန်တူ" ပေါင်ချင်းခက်ပြီး တိုက်ရိုက် လဲလှယ်ခဲ့ကြပါတယ်။
ဆားအခွန်ကြောင့် ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာခြင်း
ကမ္ဘာ့သမိုင်းမှာ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ မာလီဘုရင် မန်ဆာမူဆာ (Mansa Musa) ဟာ ဒီလို ရွှေနဲ့ဆား ကုန်သွယ်မှု လမ်းကြောင်းကြီးတွေကို စစ်တပ်နဲ့ အပြည့်အဝ အုပ်ချုပ်ပြီး အလွန်ကြီးမားတဲ့ ဆားအခွန်တွေကို ကောက်ခံရာကနေ ဖြတ်သန်းဖူးသမျှ လူသားတွေထဲမှာ စည်းစိမ်အရှိဆုံး ဘုရင် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
မာလီအင်ပါယာကို "ရွှေတွေ ပေါများလွန်းလို့ ဆားကိုရွှေနဲ့ အလေးချိန်တူလဲလှယ်ခဲ့ရတဲ့ အာဖရိကရဲ့ ဒဏ္ဍာရီလာ ရွှေနန်းတော်ကြီး" လို့ဖော်ပြကြပါတယ်။
ဆားတွေ့ရှိမှု နောက်ကျရခြင်း
ရိုမေးနီးယား၊ တရုတ်နဲ့ ဘူဂေးရီးယားတို့က ခရစ်တော်မပေါ်မီ ဘီစီ ၆၀၀၀ ဝန်းကျင် (လွန်ခဲ့သော နှစ်ပေါင်း ၈,၀၀၀ ကျော်) ကတည်းက ဆားကို အကြီးအကျယ် ထုတ်နေကြပါပြီ။
တာဂါဇာဆားတွင်းဟာ ခရစ်နှစ် အေဒီ ၁၀ ရာစု မှ ၁၄ ရာစုဝန်းကျင် (ယခု ၂၀၂၆ ခုနှစ်အရ ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ မှ ၁,၀၀၀ ခန့်သာ) ရှိသေးတဲ့ မာလီအင်ပါယာခေတ်ကျမှသာ ကမ္ဘာ့သမိုင်းစာမျက်နှာပေါ်ကို ထင်ထင်ရှားရှား ရောက်လာတာ ဖြစ်ပါတယ်။
ဘာကြောင့် တာဂါဇာက ဆားတွေ့ရှိမှုနောက်ကျခဲ့ရတာလဲ။
အဓိကအချက်က "ပထဝီဝင် အဟန့်အတား" ကြောင့် ဖြစ်ပါတယ်။ တာဂါဇာဆိုတာ လူသူမနီး၊ သောက်သုံးရေမရှိ၊ အပူချိန် အဆမတန်ပြင်းထန်တဲ့ ဆဟားရတ်သဲကန္တာရကြီးရဲ့ အလယ်ခေါင်ခေါင်မှာ တည်ရှိတာပါ။ ရှေးဦးခေတ်တုန်းက လူသားတွေဟာ သဲကန္တာရကို ဖြတ်သန်းနိုင်စွမ်း မရှိခဲ့ကြပါဘူး။ ခရစ်နှစ် ၃ ရာစု / ၄ ရာစုဝန်းကျင်ကျမှ အာဖရိကကို "ကုလားအုတ်"တွေ စတင်ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှ သဲကန္တာရဖြတ်ကျော်ကုန်သွယ်မှုလမ်းကြောင်းကြီးများ (Trans-Saharan Trade) စနစ်တကျ ထွန်းကားလာ နိုင်ခဲ့တာကြောင့် တာဂါဇာကဆားတွေကိုသွားရောက်တူးဖော်ပြီး မာလီအင်ပါယာဆီ သယ်ဆောင်လာနိုင်ခဲ့ တာ ဖြစ်ပါတယ်။
တာဂါဇာ (Taghaza) ဆားတွင်းဟာ အာဖရိကသဲကန္တာရကြီးရဲ့အလယ်ခေါင်၊ ယနေ့ခေတ် နိုင်ငံမြေ ပုံအရ ဆိုရင် မော်ရီတေးနီးယားနိုင်ငံ (Mauritania) နဲ့ မာလီနိုင်ငံ (Mali) မြောက်ဘက်စွန်း နယ်စပ်ကြားက သဲကန္တာရ အလွန်ပူပြင်းခြောက်သွေ့တဲ့ နေရာ မှာ တည်ရှိတာ ဖြစ်ပါတယ်။
မာလီအင်ပါယာရဲ့ ထိန်းချုပ်မှု ဗျူဟာ
မာလီအင်ပါယာ (Mali Empire) ရဲ့ အချက်အချာနှလုံးသားမြို့တော်တွေဖြစ်တဲ့ ကမ္ဘာကျော် တင်ဘတ် တူး (Timbuktu) တို့ ၊ ဂါအို (Gao) တို့ကတော့ သဲကန္တာရရဲ့တောင်ဘက် နိုင်ဂျာမြစ်ဝှမ်း (Niger River) ဘက် မှာတည်ရှိပါတယ်။ တာဂါဇာ ဆားတွင်းကနေ မာလီအင်ပါယာ မြို့တော်တွေဆီကို ကုလားအုတ်အုပ်စုတွေနဲ့ သဲကန္တာရကို ရက်ပေါင်း ၅၀ ကျော် ဖြတ်သန်းပြီး သယ်ယူခဲ့ကြရတာပါ။
တာဂါဇာမှာ ဘယ်သူမှ အတည်တကျ မြို့တည်ပြီး မနေနိုင်ပါဘူး။ ဆားတူးတဲ့ အလုပ်သမားတွေပဲ နေကြတာပါ။ ဒါပေမဲ့ အဲ့ဒီဆားတွင်းက ထွက်သမျှ ဆားတုံးတွေကို မာလီအင်ပါယာက "စစ်အင်အားနဲ့ အပြည့်အဝ အကာအကွယ်ပေးပြီး လက်ဝါးကြီးအုပ် ထိန်းချုပ်ထားတာ" ဖြစ်ပါတယ်။
ဆားတွင်းကိုယ်တိုင်က သဲကန္တာရထဲမှာ ရှိနေပေမဲ့၊ အဲ့ဒီဆားတွေကို သယ်လာပြီး ရွှေနဲ့ အလေးချိန်တူ လဲလှယ်တဲ့ ဧရာမ ကုန်သွယ်ရေးဗဟိုချက် (Trading Hub) ကြီးကတော့ မာလီအင်ပါယာ ထဲမှာပဲ ရှိတာဖြစ်လို့ ဆားသမိုင်းမှာ ဒီနှစ်ခုကို ခွဲခြားလို့မရတဲ့ ကွင်းဆက်တစ်ခုတည်းအဖြစ် တွဲရက် ပြသထားခြင်း ဖြစ်ပါတယ်။
ဆားတွေ့ရှိမှု သမိုင်းက ဒီမှာတင်ပြီးဆုံးပါပြီ။
ဖိုနီရှန်းတွေရဲ့ ခေတ် (ဘီစီ ၃၀၀ ဝန်းကျင်) ကျော်သွားတဲ့နောက်ပိုင်းကတည်းက ကမ္ဘာပေါ်မှာ ဆားကို "အရာဝတ္ထု အသစ် တစ်ခုအနေနဲ့ ထူးထူးဆန်းဆန်း တွေ့ရှိခြင်း" ဆိုတဲ့ အဆင့်ကပြီးဆုံးသွားခဲ့ပါပြီ။
ဘာကြောင့်လဲဆိုတော့ ရှေ့ကရှေ့ဆောင်အင်ပါယာကြီး ၅ ခုက လူသားတွေဆားရယူနိုင်မယ့် ရင်းမြစ်ပတ်ဝန်း ကျင် အဓိက (၄) ခုလုံးကို အကုန်အစင် ရှာဖွေဖော်ထုတ်ပြီးသွားလို့ ဖြစ်ပါတယ် -
• ဆားစမ်းရေ (ရိုမေးနီးယား/ဘူဂေးရီးယား)
• သဘာဝဆားအိုင် (တရုတ် Xiechi)
• ပင်လယ်ရေ (အီဂျစ်/တရုတ်/ဖိုနီရှန်း)
• မြေအောက်အဝီစိဆားရည် (တရုတ် စီချွမ်း)
ဒါကြောင့် ဖိုနီရှန်းခေတ်နောက်ပိုင်းမှ ပေါ်လာတဲ့ မာယာ၊ ဗင်းနစ်၊ ပိုလန်နဲ့ မာလီအင်ပါယာတွေဟာ ဆားကို အသစ်အဆန်းအဖြစ် ရှာဖွေတွေ့ရှိတာမျိုး မဟုတ်တော့ဘဲ... ရှိပြီးသားဆားကို "ဘယ်လို စီးပွားရေးလက်နက် လုပ်မလဲ၊ ဘယ်လို လက်ဝါးကြီးအုပ်ချုပ်ကိုင်မလဲ" ဆိုတဲ့ မဟာဗျူဟာမြောက် အသုံးချမှု အပိုင်းကိုပဲ ကူးပြောင်းသွားကြတာ ဖြစ်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။
6:8 Salt History
ဆားသမိုင်း
&_Seasoning
23/05/2026
ဆားအကြောင်းကတော့ ဖော်ပြလို့အတော်စုံခဲ့ပြီလို့ မျှော်လင့်ပါတယ်။
ဟင်းစချက်တဲ့အချိန်ကစပြီးလက်ရှိအချိန်ထိ ဖုန်းအသစ်တစ်လုံးဝယ်တဲ့အခါလိုအပ်တဲ့ Software တွေ သွင်းရသလိုမျိုး... Chef အနေနဲ့ကြက်ပြုတ်ရည်ကို ပါဝင်ပစ္စည်းအပြည့်အစုံနဲ့ ဆားမထည့်သေးဘဲ တည်ပြီး တစ်ဆင့်ချင်းစီ မြည်းကြည့်ဖူးလား။
Chef ရဲ့ Culinary Life ကို စတင်ဝင်ရောက်ချိန်မှာ တကယ့်အခြေခံကြီးကို စနစ်တကျ ကျော်ဖြတ်ခဲ့ဖူးလား။
Chef!! ဖုန်းတစ်လုံးကို ဖွင့်ဖို့အတွက် Password လိုတယ်မို့လား။ ဒါဆို Chef ချက်မယ့် ဟင်းပွဲအရသာကို အပြည့်အဝ ခံစားမိဖို့အတွက်ကော "Password" က ဘာဖြစ်မလဲ။
ကြက်ပြုတ်ရည် (Chicken Stock) တည်ပါ။
ဘာဆား ၊ ဘာဟင်းခတ်မှုန့်မှမထည့်ဘဲ အရင်ဆုံးမြည်းကြည့်ပါ။ ဆီတွေဝေ့နေပြီး စိတ်ပျက်စရာကောင်းတဲ့ ပေါ့ပျက်ပျက်အရသာကြီးကို ခံစားမိပါလိမ့်မယ်။ ဒါဟာ ဘာမှမမြင်ရတဲ့"ဖုန်း Screen အမည်းကြီး" ကိုဒီအ တိုင်း ကြည့်နေရသလိုပါပဲ။
ဆားနည်းနည်း ထည့်ပါ... ပြီးရင် ထပ်မြည်းကြည့်ပါ။
ပါဝင်ပစ္စည်းတွေရဲ့ အနံ့နဲ့ အရသာတွေ လှုပ်နိုးလာတာကို စတင်ခံစားမိလိမ့်မယ်။ ဒါဟာ ဖုန်း Screen ကို လက်နဲ့ထိလိုက်လို့ Screen ပွင့်လာတဲ့ သဘောမျိုးပါ။
ဆား ထပ်ထည့်ပါ... ပြန်မြည်းကြည့်ပါ။
ပထမအကြိမ် မြည်းတုန်းက မရလိုက်တဲ့ ကြက်သားရဲ့ အသားချို၊ ဟင်းခတ်အမွှေးပင်တွေရဲ့ ရနံ့တွေကို ပိုပြီး ခံစားမိလာလိမ့်မယ်။ ဒါဟာ Password ကို စတင်ရိုက်ထည့်နေတဲ့ အချိန်ပါပဲ။
ဆား ထပ်ထည့်ပါ... ထပ်မြည်းကြည့်ပါ။
ပါဝင်ပစ္စည်းတွေရဲ့ အနံ့ရော၊ အရသာပါ အထွတ်အထိပ် ရောက်သွားပြီ၊ လုံးဝ ကောင်းမွန်ပြည့်စုံသွားပြီလို့ လက်ခံနိုင်တဲ့ အနေအထား ရောက်လာရင်... အဲဒါကို "Sweet Spot" လို့ ခေါ်ပါတယ်။ အဲဒီ အနေအထားကို စိတ်ထဲမှာ သေချာမှတ်ထားပါ။ ဒါဟာ Chef ဖန်တီးတဲ့ ဟင်းပွဲအရသာကို မြင်နိုင်မယ့် Password မှန်သွားတဲ့ အဆင့်ပါပဲ။ စတင်ပြီး Performance အကောင်းဆုံး ဖုန်းတစ်လုံးကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပါပြီ။
ဒါပေမဲ့ ဆားကိုထပ်ထည့်ပါ အခြေနေကို သိဖို့လိုအပါတယ်... မြည်းကြည့်လိုက်ပါ။ စောစောက ဖြည်းဖြည်းချင်း ပွင့်အာလာတဲ့ အနံ့တွေ၊ အရသာတွေဟာ တစ်ခုချင်းစီ ပြန်ပျောက်ကွယ်သွားတာကို သိလာလိမ့်မယ်။ ဒါဟာ "Password မှားနေတယ်" ဆိုတဲ့ သတိပေးချက်တွေ ဖုန်းမှာ ပေါ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။
ဆားကိုထပ်ထည့်ပါ လမ်းဆုံးထိလိုက်ကြည့်ပါ... မြည်းကြည့်လိုက်တဲ့အခါ မခံမရပ်နိုင်အောင် ငန်ကျိလာပြီး ထွေးထုတ်ချင်စိတ်ပေါက်တဲ့အထိ ဖြစ်လာပါလိမ့်မယ်။ ဒါဟာ Chef မြင်ချင်တဲ့ အရသာတွေကို ဘယ်လိုမှ မမြင်နိုင်တော့တဲ့ အခြေအနေ... ဖုန်း "Lock ကျသွားပြီ" တဲ့ အဆင့်ပါပဲ။
ဒါကတော့ ဆားကြောင့်ပြောင်းလဲလာတဲ့ Flavor အဆင့်ဆင့်ကို ကြက်ပြုတ်ရည်နဲ့လက်တွေ့လေ့ကျင့်ကြည့် တဲ့ နည်းလမ်းပါ။ Culinary Life ထဲ စဝင်ရောက်တဲ့အချိန်က Chef တယောက်အနေနဲ့ လုပ်ငန်းခွင်မှာ ဒီလိုမျိုး လေ့ကျင့်ခဲ့ဖူးလား။
အသားအလေးချိန်နဲ့ဆားအလေးချိန်ရဲ့ အချိုးအစားတွေကို Chef တို့အနေနဲ့ လေ့လာမိခဲ့လား။ Culinary Fundamentals မှာ ဒါတွေအတွက် တိကျတဲ့သတ်မှတ်ချက်တွေ ရှိတယ်ဆိုတာကို သတိပြုမိခဲ့လား။
ကိုယ်တိုင် ဟင်းပွဲကောင်းတခုကိုဖန်တီးတော့မယ်ဆိုရင် ဒီလိုဖြစ်နိုင်ခြေပမာဏတွေကို အရင်ဆုံးသိပ္ပံနည်းကျ သိထားမှသာ အမြဲတမ်းတည်ငြိမ်ပြီး ကောင်းမွန်တဲ့ရလဒ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Salt အပိုင်း ပြီးတဲ့နောက်... နောက်ထပ် စိတ်ဝင်စားစရာကောင်းမယ့် "Seasoning" ဆိုင်ရာ မျှဝေမှုတွေကို ဆက်လက် စောင့်ကြည့်အားပေးနိုင်ပါပြီ။
23/05/2026
ဆားနဲ့ ခေတ်ပြိုင်မြန်မာ
ဟန်မင်းဆက်ခေတ်
အေဒီ ၁ ရာစု မှ ၃ ရာစု
ဝါးလုံးတွင်းတူးနည်းပညာနှင့် သဘာဝဓာတ်ငွေ့ခေတ် (Advanced Drilling & Natural Gas Era)
တရုတ်တို့ရဲ့ နည်းပညာ အမြင့်မားဆုံး စွမ်းဆောင်ချက် ဖြစ်ပါတယ်။ စီချွမ်းဒေသ (အထူးသဖြင့် ဇီကုန်း - Zigong မြို့) မှာ မြေအောက်မီတာရာနဲ့ချီတဲ့အနက်အထိ စက်ယန္တရားမပါဘဲတွင်းတူးနိုင်ခဲ့ကြပါတယ်။
ဖားဖိုစနစ် (Cable-tool percussion drilling) ကို သုံးပြီး ဝါးလုံးရှည်ကြီးတွေကိုတစ်ခုနဲ့တစ်ခုဆက် ကာ မြေကြီးကိုသံချွန်နဲ့ ဆောက်ထုသလိုထုပြီး တွင်းနက်ကြီးတွေတူးခဲ့ကြတာပါ။ ပြီးရင် ဝါးလုံးအခေါင်းထဲမှာ သားရေဗား (Valves) တွေတပ်ပြီး မြေအောက်ကဆားရည်ကို အပေါ်ထိစုပ်တင်ပါတယ်။
ဆားတွင်းတွေအနက်ကြီးတူးတဲ့အခါ မြေအောက်ကနေထွက်လာတဲ့ သဘာဝဓာတ်ငွေ့ (Natural Gas) တွေကိုပါ တွဲရက်တွေ့ရှိခဲ့ကြပြီး ၎င်းကို "မီးတွင်း" (Fire Wells) လို့ ခေါ်ခဲ့ကြပါတယ်။ တရုတ်တွေဟာ ဝါးပိုက်လိုင်းတွေသုံးပြီး အဲ့ဒီသဘာဝဓာတ်ငွေ့တွေကို ဆားကျိုတဲ့ဖိုကြီးတွေဆီသွယ်တန်းကာ ဆားရည် ချက်ခဲ့ကြပါတယ်။ ဒါဟာ ကမ္ဘာ့သမိုင်းမှာထင်းခုတ်စရာမလိုဘဲ အစိမ်းရောင်စွမ်းအင် (Eco-friendly) ကို အသုံး ချပြီး အကြီးအကျယ်ဆားထုတ်လုပ်နိုင်ခဲ့တဲ့ ပထမဆုံးသော ကမ္ဘာ့အဆင့်မြင့်ဆုံး စက်မှုနည်းပညာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဒီလိုခေတ်အဆက်ဆက်နည်းပညာဆင့်ကဲပြောင်းလဲမှုတွေကြောင့် ဆားဟာ ဟင်းခတ် အမွှေးအကြိုင်တစ်ခုတင်မကဘဲ တရုတ်အင်ပါယာကြီးထောင်စုနှစ်ပေါင်းများစွာ ရေရှည်တည်တံ့ ခိုင်မြဲစေခဲ့တဲ့ အဓိကစီးပွားရေး ဒေါက်တိုင်ကြီး ဖြစ်ခဲ့ပါတယ်။
ဟန်မင်းဆက်နဲ့ ခေတ်ပြိုင်တွေ့ရှိမှု
ပျူခေတ် ၊ မြန်မာ
အေဒီ ၁ ရာစုမှ ၉ ရာစု
ပျူခေတ်ဦးကာလ (ပျူမြို့ပြနိုင်ငံများ မထွန်းကားမီ ရှေးဦးမြို့ပြအဆင့်) ဟာ ဘီစီ ၂ ရာစု မှ ၄ ရာစုဝန်း ကျင် ကတည်းက အစပြုခဲ့တာ ဖြစ်ပါတယ်။ မာယာလူမျိုး (ဘီစီ ၂၅၀) ခေတ်နဲ့ ပြိုင်တူနီးပါး ပေါ်ပေါက်ခဲ့တဲ့ "ခေတ်ပြိုင်" လို့ ပြောနိုင်ပေမယ့် ဆားထုတ်လုပ်မှုကိုတော့ ပျူခေတ်ရဲ့ ရွှေခေတ်ကာလဖြစ်တဲ့ "အေဒီ ၁ ရာစု မှ ၉ ရာစု" ဝန်းကျင်မှတွေ့ရတာဖြစ်ပါတယ်။
ဟန်လင်း / ဟလင်းဒေသ (စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်) မှာရှိတဲ့ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအ နှစ်ဝင် ပျူမြို့တော်ဟောင်းကြီးဟာ မြန်မာ့အစောဆုံးကုန်းဆား (မြေအောက်ဆားရည်) ချက် လုပ်မှုရဲ့ဗဟိုချက်ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်တွေတူးဖော်ချက်အရ အေဒီ ၁ ရာစု ဝန်းကျင် ကတည်းကသုံးစွဲခဲ့တဲ့ သိပ်သည်းဆများပြီးအပူဒဏ်ခံနိုင်တဲ့ ရွှံ့စေးဆားချက်အိုးကွဲအမြောက်အမြားကို ဟန် လင်းမြေပြင် အောက်လွှာတွေမှာ အထင်အရှား စတင်တူးဖော်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ပျူလူမျိုးတွေဟာ ပင်လယ်ရေကိုသုံးတာမဟုတ်ဘဲ ဟန်လင်းဒေသက သဘာဝအတိုင်းထွက်နေတဲ့ မြေအောက်ဆားငန်ရေ သို့မဟုတ် ဆားစမ်းရေတွေကို ခပ်ယူအသုံးချချက်လုပ်ခဲ့တဲ့လို့ တွေ့ရပါတယ်။
အဲ့ဒီဆားရည်တွေကို ရွှံ့အိုးကြီးတွေထဲထည့် ၊ ထင်းမီးဖိုကြီးတွေပေါ်မှာတည်ပြီး ရေခမ်းခြောက်သွား အောင် ကျိုချက်တဲ့ "ချက်ဆား (Boiled Salt)" နည်းစနစ်ကို စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။
5:8 Salt History
ဆားသမိုင်း
&_Seasoning