07/10/2021
အစာမကြေခဲ့တဲ့ Grammar အကြွေးတစ်ခု
အင်္ဂလိပ်စာကိုလေ့လာနေကြသူ လူငယ်များ ဖြစ်ဖူးကြမယ် ထင်ပါတယ်။ စာဖတ်နေရင်းဖြစ်စေ အင်္ဂလိပ်သီချင်း နားထောင်နေရင်းဖြစ်စေ စကားလုံးတစ်လုံး အသုံးအနှုန်းတစ်ခုဟာ အဓိပ္ပာယ်ကို သိသလိုလိုတော့ရှိတယ်၊ သိပ်တော့မသေချာဘူး၊ သို့သော်လည်း စာကြောင်းတစ်ကြောင်းလုံးရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်လို့ အဲဒီသိပ်မသေချာတဲ့ စကားလုံးလေးကို အရေးတယူ dictionary လှန်ကြည့်မနေတော့ဘူး။ သိသလိုလို မသိသလိုလိုနဲ့ အကြွေးတင်နေတဲ့ စကားလုံးလေးတွေ၊ usage လေးတွေ ရှိကြမှာပါ။
ကျနော်လည်း အလားတူပါပဲ။ ဟိုးတုန်းက prose တွေ novel တွေဖတ်ရင် "until kingdom come" ဆိုတဲ့ phrase လေးကို မကြာခဏ တွေ့ခဲ့ဖူးတယ်။ Bible ထဲက ဆင်းသက်လာတဲ့ အသုံးဖြစ်မယ်လို့ မှန်းဆခဲ့တယ်။ သူ့ရဲ့ အဓိပ္ပာယ်ကိုလည်း နောင်အနာဂတ်ကာလမှာ လို့ မှန်းယူခဲ့တယ်။ သို့သော် dictionary မကြည့်ဖြစ်ဘူး၊ Reference တွေ မရှာဖြစ်ခဲ့ဘူး။ သိသလိုလို မသိသလိုလိုနဲ့ ထားမိခဲ့တဲ့ usage တစ်ခုပေါ့။
ဒါပေမယ့် အောက်က ဝါကျမျိုးကို ဂရုစိုက် ဖတ်မိပြန်တော့ ဒီ usage လေးကို ပြန်အာရုံစိုက်မိလာပြန်တယ်။ Grammar အားသန်သူများ ဒီဝါကျကို ဖတ်ကြည့်ပါ။ ဘာကို သတိထားမိပါသလဲ။
My wife and her sister will talk on the phone until kingdom come if nothing interrupts them!
ဒီဝါကျမှာ subject - verb agreement ဟာ "off" ဖြစ်နေတယ်လို့ မထင်ဘူးလား။
if nothing interrupts .... မှာတော့ nothing ဟာ singular noun ဖြစ်လို့ interrupt မှာ "s" ပါတယ်။
ဒါဆိုရင်
until kingdom come မှာ kingdom ဟာလည်း singular noun ဖြစ်ရဲ့နဲ့ come မှာ ဘာလို့ "s" မထည့်ထားတာလဲ။ စဉ်းစားမိသလား။ ဒါဖြင့်ရင် British English grammar မှာလို government လို noun မျိုးကို The government are.... လို့သုံးတဲ့ပုံမျိုး kingdom ကိုလည်း public, family စသည့် collective noun များကဲ့သို့ ယူဆပြီး until kingdom come ဆိုကာ come မှာ "s" မထည့်ထားတာလား။ ဒီလိုမေးခွန်းတွေကြောင့် ကျနော် dictionary သုံးလေးအုပ် ဖွင့်ဖြစ်သွားခဲ့ပါတယ်။
Webster အဘိဓာန်ထဲမှာ kingdom come ကို တွဲပြီး ဝေါဟာရတစ်ခုအဖြစ် ဖွင့်ဆိုထားတယ်။
kingdom come (noun) = the next world; heaven
ဒီအသုံးဟာ Bible ဘယ်အပိုင်းက လာတယ်ဆိုတာလည်း Webster က ပြထားတယ်။
from the phrase "Thy kingdom come" (Matthew 6:10)
သေချာအောင် Oxford အဘိဓာန်မှာ ထပ်ရှာဖတ်ကြည့်တော့ အဓိပ္ပာယ်နှစ်မျိုး ရှင်းပြထားတယ်။ မူရင်း ဘယ်ကဆင်းသက်လာတယ်ဆိုတာကိုလည်း ဖော်ပြထားတယ်။
kingdom come
Pronunciation /ˌkɪŋdəm ˈkʌm/
NOUN
• 1. informal The afterlife, the next world; specifically heaven, paradise. Hence also: death, utter destruction.
• 2. Christian Church
• The rule of God or Christ in a future age, especially in a future thousand-year age of blessedness. Also more widely: a future golden age. Earliest in attributive use.
Origin
Mid 18th century. From kingdom come in the phrase thy kingdom come in the Lord's Prayer.
ကဲ... ဒီလောက်ဆိုရင် လုံလောက်ပြီ။ until kingdom come ဟာ until she comes လိုမျိုးမဟုတ်ဘူး။ until tomorrow လိုမျိုး until နောက်မှာ အချိန် noun ကို သုံးထားတာ။ kingdom come ဆိုတာ noun တစ်ခုဖြစ်တယ်။ နောင်ဘဝတိုင်အောင်၊ သေမှ ရောက်နိုင်တဲ့ နိဗ္ဗာန်ဘုံကိုပြောတာဆိုတော့ အချိန်တွေ အတော်ကြာဦးမယ်ဆိုတဲ့သဘော ဆိုတာကို နားလည်သွားပြီ။ ဆိုတော့ကာ ဒီ post အစမှာ ပေးထားတဲ့ ဝါကျရဲ့ အဓိပ္ပာယ်ဟာ....
My wife and her sister will talk on the phone until kingdom come if nothing interrupts them!
ကျနော့်မိန်းမနဲ့ သူ့အမဟာ ဘာမှနှောင့်ယှက်တာမရှိဘူးဆိုရင် ဖုန်းပြောကြတာ တသက်တာကြာပါတယ်။
ဒီမှာ until kingdom come ဟာ For a very long, indefinite amount of time; forever ဆိုတာကို နားလည်သွားပြီ။ interrupt မှာ "s" ပါပေမယ့် come မှာ "s" မထည့်ရတာကိုလည်း ရှင်းသွားပြီပေါ့။ Wait until kingdom come! ဆိုရင် တသက်လုံး စောင့်ပေတော့၊ ကြာမယ့် ဇာတ်မျောကြီး ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ For you, I will wait till kingdom come. မင်းအတွက်ဆို ကိုယ် ထာဝရစောင့်ပါ့မယ်... ဆိုတဲ့ သီချင်းစာသားကိုလည်း appreciate လုပ်နိုင်ပြီပေါ့။
မြန်မာအဘိဓာန်ကတော့ ဒီလိုဖွင့်ဆိုထားတယ်။
till / until kingdom come [IDM] (infml) ကပ်ကမ္ဘာ ရေမြေဆုံးတိုင်အောင်။ Don't mention politics or we'll be here till kingdom come.
to kingdom come [IDM] (infml) ဘဝတစ်ပါးသို့။ The bomb exploded and blew them all to kingdom come.
ရုပ်ရှင်တွေထဲ လူမိုက်တွေပြောကြသလို၊ ဒီကောင့်ကို နတ်ပြည်ပို့ပေးလိုက်ကွာ ဆိုတာမျိုးကလည်း euphemism ဖြစ်တယ်။ သတ်ပစ်ခိုင်းတာပဲ။ kingdom come ကို အဲဒီအဓိပ္ပာယ်နဲ့ သုံးတဲ့ usage နှစ်ခုကိုတော့ Cambridge အဘိဓာန်မှာ ပေးထားပါတယ်။
1. blast/blow sb/sth to kingdom come = to destroy someone or something completely using a gun or bomb:
The bombs are capable of blasting a whole city to kingdom come.
2. to kingdom come ( idiom)= to a state of complete destruction
He took out his shotgun and threatened to blast/blow them all to kingdom come.
သိသလိုလို မသိသလိုလိုနဲ့ အစာမကြေတဲ့ စာကြွေးတွေ ကြေအောင်ဆပ်ဖို့လိုပါတယ်။
With love,
Dr.Soe Than
October 7, 2021
https://m.facebook.com/story.php?story_fbid=1366548583808553&id=100013602720192
05/10/2021
အကျိုးပြုပုစဉ်း (dragonfly )
===================
ဗဟုသုတအဖြစ်ပြောပြအုံးမယ်။ ပုစဉ်းအမဟာ #ရေငုပ်ချန်ပီယံတွေဆိုတာလူသိပ်မသိကြပါဘူး။
ပုံ (၁) မှာ ပုစဉ်းအမကရေငုပ်နေချိန်မှာ ပုစဉ်းထီးကအနားကစောင့်ပေးနေတာကိုတွေ့ရပါလိမ့်မယ်။
အချစ်ရေ ... မင်းရေငုပ်လို့ပြန်ပေါ်မလာရင် ကိုယ်ဆင်းကယ်မယ်ဆိုပြီးစောင့်နေတယ်လို့ထင်စရာရှိပါတယ်။
တကယ်တော့ ပုစဉ်းတွေမိတ်လိုက်ချိန်မှာ ဥဥကာနီးပုစဉ်းမကိုလည်း အခြားပုစဉ်းထီးတွေက အလစ်ဝင်ဆွဲတတ်တာကြောင့် ပုစဉ်းထီးကအနားကနေစောင့်နေတာပါ။
ပုစဉ်းထီးဟာ ပုစဉ်းမကိုအတွဲဖြုတ်မပေးပဲ ခေါင်းပိုင်းကိုသူ့အမြီးနဲ့ဆက်ချိတ်ထားကာ အတူရေထဲလိုက်ဆင်းတာလည်းရှိပါတယ်။
ကျနော်ဒီနေ့စင်ကာပူက မြက်ခင်းပြင်တွေမှာပုစဉ်းမရှိ၊ လိပ်ပြာနည်းတာကိုသတိထားမိရင်း ပုစဉ်းတွေရေငုပ်တာကိုသွားသတိရပြီး ရေးဖို့စဉ်းစားမိတာပါ။
ကျနော်တို့ငယ်ငယ် လမ်းဘေးကရေမြောင်းတွေမှာ ပုစဉ်းတွေအရမ်းပေါပါတယ်။
ဘုန်းကြီးကျောင်းထဲမှာ ရေကန်လေးတစ်ကန်ရှိပြီး ပုဇွန်နဲ့ခပ်ဆင်ဆင်အကောင်လေးတွေအများကြီးကူးနေတာကို ဘာကောင်လေးတွေပါလိမ့်လို့ အမြဲတွေးခဲ့ဖူး သိချင်ခဲ့ဖူးပါတယ်။ ပုံ (၄) မှာကြည့်ပါ။
ပုစဉ်းနဲ့ ရေကန်၊ ရေမြောင်းတွဲတွေ့ရတာကို သတိထားမိမှာပါ။ ပုစဉ်းမဟာ ရေထဲကမြက်ပင်ကျူပင်တလျှောက် ရေအောက်ကိုဆင်းသွားပါတယ်။
ပုံ (၂) မှာ ပုစဉ်းမရေထဲဆင်းတာကို ပုစဉ်းထီးပါလိုက်ရေငုပ်ပေးတာကိုတွေ့ရပါလိမ့်မယ်။
အမယ်အမတွေရေငုပ်ပြီး ဥဥတာကိုစောင့်ရင်း အထီးဘော်ဒါအချင်းချင်းစကားလက်ဆုံကျနေတဲ့ပုံလည်းရှိပါတယ်။ နောက်တစ် post အနေနဲ့ ပုံခွဲတင်ပေးပါမယ်။
ကျနော်ပြထားတဲ့ ပုစဉ်းမျိုးက Damselflies လို့ခေါ်တဲ့ ပုစဉ်းမျိုးပါ။ Dragonflies ကအကောင်ကြီးပါတယ်။
ပုစဉ်းတွေမိတ်လိုက်ချိန်မှာ အသည်းပုံ Heart shape နဲ့ နှစ်ကောင်တွဲပျံတတ်ပါတယ်။
ပုစဉ်းဟာ လေထဲမှာပျံတာချန်ပီယံဖြစ်တဲ့အပြင် လေထဲမှာပျံရင်းလည်းမိတ်လိုက်နိုင်တဲ့ အင်းဆက်မျိုးဖြစ်ပါတယ်။
ပုစဉ်းအကြောင်းဒီလောက်ပြောရတာက ပုစဉ်းဟာ လူသားအကျိုးပြုသတ္တဝါဖြစ်လို့ပါပဲ။
ကျနော်တို့အိမ်နားက ရေမြောင်းရေအိုင်တွေထဲက လောက်လန်းတွေကို ပုစဉ်းသားလောင်းတွေကစားသောက်ရှင်းလင်းပေးပါတယ်။
ပုစဉ်းဟာသားလောင်းဘဝမှာ ရေထဲမှာနေကာ အရွယ်ရောက်လာမှ ရေပေါ်တက်လာပြီး ပိုးအိမ်ထဲကရုန်းထွက်ကာ အတောင်ပေါက်လာတာဖြစ်ပါတယ်။ အဲ့ဒီအချိန်ဟာ ပုစဉ်းအတွက်အန္တရာယ်အများဆုံးအချိန်ဖြစ်ပါတယ်။
ပုစဉ်းဟာ Organic agriculture အော်ဂန်းနစ်စိုက်ပျိုးရေးမှာ အလွန်အသုံးဝင်ပါတယ်။
🇺🇸 USDA Organic လက်မှတ်ရ ထိုင်းဆန်ကို ပိုးသတ်ဆေးမသုံးပဲ ပုစဉ်းမွေးပြီးပိုးမွှားရှင်းလင်းတယ်လို့ဆိုပါတယ်။
ပုစဉ်းဟာ ကျနော်တို့အိမ်နားကခြင်တွေကိုလည်း ဖမ်းစားပစ်ပါတယ်။ ပုစဉ်းဟာလေထဲမှာပျံရင်းနဲ့ဖမ်းမိတာကိုစားတဲ့အကောင်ဖြစ်ပါတယ်။
Harvard University ရဲ့သုသေသနတစ်ခုမှာ ပုစဉ်းဟာ သူ့လှောင်အိမ်ထဲကိုထည့်ပေးလိုက်တဲ့ ပိုးကောင် ၉၀ ကနေ ၉၅ ရာနှုန်းအထိမလွတ်တမ်းဖမ်းစားနိုင်တာကိုတွေ့ရတယ်လို့ဆိုပါတယ်။
ပုစဉ်းကိုယ့်ဆီလာရင် ကံကောင်းတယ်လို့ယူဆကြပါတယ်။ Symbol of Change ဘဝမှာအပြောင်းအလဲလုပ်ပြီး ကံကောင်းစေဖို့ လာအသိပေးတယ်လို့ ရှေးအယူအဆရှိပါတယ်။
လေနဲ့ရေထဲမှာနေတာ ကျွမ်းကျင်သူ အမြန်ဆုံးပျံနိုင်တဲ့အင်းဆက်မျိုး။ နေသာတဲ့နေ့မှာ တွေ့ရတဲ့အကောင်မျိုး။
သက်တန့်လိုပဲနေထိုးရင် ပုစဉ်းတောင်ပံဟာအရောင်မျိုးစုံပြောင်းကာ လှပပါတယ်။ ပုစဉ်းဟာအကွေ့နဲ့အဆင်းအတက်ကို ချောချော့မွေ့မွေ့ပျံနိုင်တက်နိုင်သူဖြစ်တယ်။
🌈 သက်တန့်နဲ့အတူ ပုစဉ်းတွေပျံနေတာတွေ့ရလို့ ကံကောင်းခြင်းတွေကိုသယ်လာသောအကောင်လို့ ယူဆကြတာဖြစ်ပါကြောင်း။
Richard Myo Thant
https://www.facebook.com/106587747410231/posts/719656469436686/
26/04/2021
#အမြင့်- #အနိမ့် ဆိုပြီး ဆန့်ကျင်ဘက်နှစ်ခု အမည်ပေးပြီးတည်ထားတဲ့ မြို့နှစ်မြို့ကို သိကြပါသလား...။
အမြင့်မြို့က နာမည်ကျော်သတင်းစာဆရာကြီး အိုးဝေဦးညိုမြ၊ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် အရီးတောင်းဦးကျော်သိန်း၊ ထင်ရှားတဲ့ နိုင်ငံရေးသမားသခင်လေးမောင်တို့ရဲ့ ဒေသဖြစ်ပါတယ်။ ‘ ညိုမြတို့ရွာ စာကြည့်တိုက်’ ရှိတယ်။သတင်းစာဆရာမကြီး လူထုဒေါ်အမာကိုယ်တိုင် သွားရောက်ဖွင့်လှစ်ပေးခဲ့တဲ့ စာကြည့်တိုက် ဖြစ်ပါတယ်။
အနိမ့်မြို့ကတော့ ရန်ကုန်မြို့တော်ကြီးမှာ ဦးဝိစာရလမ်းလို့ တစ်ခမ်းတနား ဂုဏ်ပြုမှည့်ခေါ်ရလောက်အောင် ထင်ရှားတဲ့ သာသနာ့အာဇာနည် ဦးဝိစာရ ရဲ့ ဒေသဖြစ်ပါတယ်။
အမြင့်မြို့နဲ့ အနိမ့်မြို့က စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ မလှမ်းမကမ်းမှာ တည်ရှိတယ်။ ချောင်းဦးမြို့နယ်ထဲမှာပါ။ ချင်းတွင်းမြစ်ရဲ့ နုံးတင်မြေနုတွေကြောင့် စိုက်ပျိုးရေးဖြစ်ထွန်းတယ်။ စိုက်ပျိုးခင်း၊ယာခင်းတွေနဲ့ စိမ်းမြသာယာတယ်။ သွားရတဲ့လမ်း ဘေးနှစ်ဘက်မှာ သက်တမ်းရင့် တမာပင်ကြီးတွေက အုပ်မိုးထားလို့ အေးချမ်းတယ်။ ထန်းပင်တွေ တဝေဝေနဲ့ ရှုခင်းက လှပတယ်။ ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးတွေလည်း များပါတယ်။ သွားရောက်နိုင်ဖို့ လမ်းညွှန်ပြချင်တယ်။
#ရှေးဟောင်းမြို့လေး(အမြင့်) A Myint Ancient City အမြင့်မြို့ဟောင်း ( ယခုအမြင့်မြို့ ) ဟာ စိတ်ဝင်စားဖွယ် သမိုင်းများနှင့် ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ် ။ အမြင့်မြို့ ဆိုတာ မြန်မာနိုင်ငံအထက်ပိုင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာခရိုင်၊ ချောင်းဦးမြိုနယ်ထဲမှာရှိတဲ့ ရှေးမြို့ဟောင်းတစ်ခုဖြစ်ပါတယ်။ မုံရွာမြို့ကနေဆိုရင် ၁နာရီ လောက်သာမောင်းရပါတယ်။ မိုးညှင်းသမ္ဗုဒ္ဓေကနေ ( 25km)သာကွာဝေးပါတယ်။အနိမ့်နဲ့အမြင့် နှစ်နေရာစလုံးတကယ့်သမိုင်းဝင်ရှေး ဟောင်းမြို့များ ဖြစ်ပါတယ် ။
ဒုတိယပုဂံလို့တင်စားရနိင်အောင်ထိ ပုဂံခေတ်လက်ရာ စေတီပုထိုးများနဲ့ သာသနာ့ အဆောက်အအုံများရှိနေပြီး ရှေးဟောင်းကျောက်စာပေါင်း ၆ဝ ကျော် လည်း ရှိတယ်လို့လည်းသိရပါတယ် ။ ကျန်စစ်သားမင်းကြီး ပုဂံခေတ်က တည်ထားခဲ့ဘုရားတွေအပြင် ကုန်းဘောင်ခေတ်က တည်ထားခဲ့ဘုရားတွေ အများအပြားတည်ရှိပါတယ်။ သမိုင်း အချက်အလက်တွေအရ ''ကြာကြာရစ် အမြင့်'' လို့အမှတ်အသား ပြုခဲ့တဲ့အမြင့်မြို့ဟောင်းကို သက္ကရာဇ် ၂၂၄ (ခရစ်နှစ် အေဒီ ၈၆၂ )မှာ စတည်ခဲ့တယ် သိရပါတယ် ။ ပုဂံခေတ်မတိုင်မီ ကတည်းက ရှေးဟောင်း အမြင့်မြို့ တည်ရှိခဲ့ခြင်းပါ။
နရပတိ စည်သူ (၁၁၆၅-၁၂ဝ၁) လက်ထက်မှာမြို့ ရိုးကျုံးတွေဖော်ပြီး အသစ်မွမ်းမံခဲ့တယ်လို့လည်း သမိုင်းက ဆိုသည်။ အမြင့်မြို့ဟောင်းဟာ မြို့ အင်္ဂါရပ်နှင့် တည်ခဲ့တာကြောင့် 'အမြင့်မြို့ ဟောင်းကျုံး'ကို ယနေ့တိုင် တွေ့မြင်ရတာဖြစ်ပါတယ် ။ အင်းဝခေတ် ဘုရင်စွာစော်ကဲ ဟာ အင်းဝဘုရင် မဖြစ်မီက အမြင့်မြို့စားဖြစ်ခဲ့ပါတယ်။ သူ့ရဲ့တိုင်းပြည်အပေါ် သစ္စာစောင့်သိမှု၊ ထူးချွန်မှုတို့ကြောင့် အင်းဝဘုရင် သတိုးမင်းဖျားရဲ့ ယောက်ဖတော် ရမည်းသင်းမြို့စားမင်းကြီးသီလဝက သတိုးမင်းဖျားနတ်ရွာစံတဲ့အခါ ပုဂံမင်းမျိုး အမြင့်မြို့စား စွာစော်ကဲကိုသာ ထီးနန်းတင်စေခဲ့ပါတယ် ။ ဒါ့အပြင်အမြင့်မြို့ပြဟာခေတ်အဆက်ဆက်မှာအရေးပါအရာရောက်တဲ့မြို့တစ်မြို့ဖြစ်ခဲ့ပါတယ် ။ အမြင့်မြို့ဝန် မင်းကြီးလက်ဖဝါး(မင်းလက်ဝါး)ဆိုတာကလည်း ကုန်းဘောင်ခေတ်ထင်ရှားသူများထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
လွတ်လပ်ရေးတိုက်ပွဲခေတ်ဦး အမျိုးသားအာဇာနည်ဆရာတော် ဦးဝိစာရကလည်း အမြင့်ကျေးရွာအုပ်စုဝင် ကမ်းနိမ့်ဇာတိသားဖြစ်တယ်လို့မှတ်သားရပါတယ်။ ဒါ့ပြင် ၁၉၄၈-၁၉၆၂ ပါလီမန်ဒီမိုကရေစီခေတ် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဆရာညိုမြ ကလည်း အမြင့်တိုက်နယ် သောတာပန်ရွာဇာတိဖြစ်ပါတယ်။
ဒီလိုသမိုင်ဝင်း အချက်အလက်တွေဖြစ်တည်ရာအမြင့်ရွာလေးဟာ စိတ်ဝင်စားစရာတွေအပြည့်နဲ့ပါ။ အမြင့်မြို့ဟောင်းဟာ အနိမ့်မြို့ဟောင်း နဲ့ တစ်နာရီဝက်လောက်သွားရတဲ့ခရီးအကွာအဝေးလောက်မှာရှိပါတယ် ။ အမြင့်မြို့က အနိမ့်မြို့ဟောင်းထက်ပိုစည်ကားပါတယ် ။ အမြင့်မြို့မှာ သမိုင်းတန်ဘိုးကြီးမားတဲ့ ရှေးဟောင်း အမွေအနှစ် ဘုရားကျောင်းကန်များကို ထိမ်းသိမ်းမှု အားနည်းနေတဲ့အတွက် တိမ်မြုပ်ပျောက်ကွယ်မှာ စိုးရိမ်စရာကောင်းပါတယ်။
သွားချင်တဲ့သူတွေအတွက် Map ကနေလည်းရှာနိုင်ပါတယ် ။
A Myint Ancient Cityအမြင့်မြို့ဟောင်း Unnamed Road, Ah Myint https://maps.app.goo.gl/7Vbf9GS3vXKjuL2Q8
#ရှေးဟောင်းမြို့လေး (အနိမ့်) Aneint Ancient City(သုံးပန်လှ)
အနိမ့်ရွာကိုတော့ အရင်က 'ကမ်းနိမ့်ရွာ'လို့ခေါ်ခဲ့ကြပီး ယခု တော့ 'သုံးပန်လှရွာ'လို ခေါ်နေကြပါတယ်။မြန်မာ့သမိုင်းရဲ့ သာသနာ့ အာဇာနည် 'ဦးဝီစာရ' ဇာတိဖြစ်တယ်လို့လည်း သိရပါတယ်။
ရှေးဟောင်း အမြင့်မြို့နဲ့ သုံးပန်လှ (အနိမ့်)ရွာ ၄ မိုင်လောက်ပဲကွာဝေးတာပါ ။ ပုဂံပြည်ကိုသာ လူသိများခဲ့ပေမယ်ရှေးဟောင်းမြို့လေး (အနိမ့်)ကို မသိတဲ့သူများပါတယ် ။ ကျေးရွာနေလူများကမသိနားမလည်စွာနဲ့ဘုရားတွေကိုပြင်ဆင်တာတွေ ဆေးသုတ်တာတွေကြောင့်ရှေးနံရံရေဆေးပန်ချီတွေနဲ့ ရှေးဟောင်းဘုရားတွေပျက်စီးမှုတွေဖြစ်ပေါ်နေပြီး ရှေးဟောင်းသုတေသနကလည်းရှေးဟောင်းဘုရားများပြုပြင်ခြင်းများကို တားဆီးတာတွေ ၊ ထိန်းသိမ်းတာတွေနဲ့ အသိပညာပေးတာတွေကို ပြုလုပ်နေရပါတယ်။ နှမြောစရာကောင်းတဲ့ရှေးဟောင်းဘုရားတွေဆီကိုသွားတဲ့လမ်းတွေမှာ စိုက်ခင်းတွေရှိနေလို့လမ်းမပေါက်တာတွေရှိနေသလို ဘုရားပတ်ပတ်လည်မှာ ကျွဲနွားဆိပ်တွေလွှတ်ကျောင်းထားတာမျိုးတွေကိုလည်းတွေ့နေရတာပါ ။ ရွာခံတွေကတော့ ရိုးသားကြပါတယ် ။ ရောက်လာတဲ့ ဧည့်သည်တွေကို ရေနွေးကြမ်းတည်ခင်းပြီး ဧည့်ဝတ်ပြုတာအပြင် သူတို့သိထားတဲ့ ဘုရားသမိုင်းတွေကိုလည်းပြောပြကြပါတယ် ။
အနိမ့်မြို့ဟောင်း ( သုံးပန်းလှရွာ ) မှာဖူးမျှော်နိုင်တဲ့ဘုရားတွေက တော့ ကျန်စစ်သားမင်းကြီး တည်ထားခဲ့တယ်ဆိုတဲ့ဘုရား၊ သမ္ဘူလတည်ထားခဲ့တယ်ဆိုတဲ့ဘုရား၊ရန်ကင်း၊ရန်ရှင်း၊ရန်အေး၊ရန်ငြိမ်း၊ရန်နိုင်ဘုရားများ၊ညီနောင်သုံးဖော်ဘုရား၊သုံးပန်လှဘုရား၊ သက်တောင်စောင့်၊သက်တော်ရ၊သက်တော်ရှည်ဘုရားများ ငွေဘုံသာ၊ရွှေဘုံသာ၊ ကြံ့ဆင်ဘုရား၊ ကြံတက်ဘုရား၊ ရွှေမြင်တင်ဘုရား၊ သိမ်ဘုရား ခိုနန်းပြဿဒ်ဘုရား၊ ယွန်းကျောင်းကန်ဂူ၊ ရွှေဆံတော်၊ အောင်တော်မှု စေတီ၊ ဝါဆိုတိုက်၊ ထီးတန်ဆောင်းဘုရား၊ အင်းနားကျောင်း၊ အင်းနားဘုရား၊ ရွှေဂူထွဋ်ဘုရား၊ ရှစ်မျက်နှာဘုရား၊ သံတော်ကိုင်ဘုရား၊ သုံးထပ်ဘုရား၊ သမ္ဗုဒွေဘုရားနဲ့ကောင်းမှုတော်(ဗူးဘုရား)ဘုရားတို့ပဲဖြစ်ပါတယ် ။ ယခုအချိန်မှာတော့ ရှေးဟောင်းအမြင့်မြို့ဟောင်းမှာ ညိုမြတို့ရွာ စာကြည့်တိုက်' ကိုပါဖွင့်လှစ်ထားပြီးပြီလို့လည်း သိရပါတယ်။
ခရီးသွားရတာကိုနှစ်သက်တဲ့ မိတ်ဆွေတို့ အနေနဲ့ လည်း ဘုရားဖူးရင်း၊ သမိုင်းကို လေ့လာလို့ရတာဖြစ်လို့ မုံရွာ-မန္တလေး ကားလမ်းပေါ်က ချောင်းဦးမြို့ကနေတစ်ဆင့် ရှေးဟောင်းအမြင့်မြို့နဲ့ အနိမ့်မြို့လေးကို သွားရောက်သင့်ကြောင်းပါ။
Credit. .. # The_New_Traveller
https://m.facebook.com/story.php?story_fbid=1130735650465734&id=1056986684507298
🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯
၁၅ ၊ ၁ ၊ ၂၀၂၀ ရက်ထုတ်
ရတနာပုံ သတင်းစာမှ....
အမြင့် နှင့် အနိမ့်မြို့ဟောင်း
မောင်သာ(ရှေးဟောင်းသုတေသန)
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းရှိ အနိမ့်နှင့် အမြင့် ဟူ၍ ဆန့်ကျင်ဘက် အမည်ပေးထားသည့် မြို့ ဟောင်းနှစ်ခုသည် ချင်းတွင်းမြစ်ကမ်းပေါ်တွင် တစ်မြို့နှင့်တစ်မြို့မနီးမဝေး တည်ရှိနေကြရာ အနိမ့်သည် အမြင့်မြို့မှ တောင်ဘက် သို့ လေးမိုင်သာကွာဝေးသည်။
အမြင့်မြို့သည် သတင်စာဆရာကြီး ဦးညိုမြ၊စီးပွားရေး လုပ်ငန်းရှင် အရီးတောင်းဦးကျော်သိန်း၊ နိုင်ငံရေးသမား သခင် လေးမောင်တို့၏ ဇာတိမြေ အဖြစ်ထင်ရှားကာ အနိမ့်မြို့သည် နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ရဲရဲတောက်ပါ၀င်ကာ အလွန် ထင်ရှားခဲ့သည့် ဆရာတော် ဦးဝိစာရ၏ ဇာတိမြေဖြစ်သည်။
အနိမ့်နှင့်အမြင့် မြို့ဟောင်း နှစ်နေရာလုံးတွင် ရှေးဟောင်း စေတီပုထိုးများကို တည်ရှိနေကြကာ အချို့မှာလည်း ပျက်စီး နေကြပြီဖြစ်သည်။
ချောင်းဦး
ချောင်းများဦးတိုက်ရာအရပ်၊ ချောင်းများ၏အစဟု အမည်တွင်ခဲ့သည့် ချောင်းဦးမြို့နယ်ကို ခင်မွန်ရွာ ရွှေစည်းခုံ ဘုရား ကျောက်စာတွင် ချောင်းဦးမြေဟု ဖော်ပြသည်။ မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားချက်များအရ မြန်မာသက္ကရာဇ် ၂၈၇ ခုနှစ်၊ တန် ဆောင်မုန်း လဆုတ် ၄ ရက်တွင် ညောင်ဦး စောရဟံ သည် ချောင်းဦးရွာမကို အရံကျေးရွာငယ် ၉ ရွာခြံရံလျက် တည်ထားခဲ့ရာ မြို့၏ ထောင့်လေးထောင့် ၌ အင်းချပ်များ မြှုပ်နှံရန် မြေတူးစဉ် သံတူးရွင်းမှ မီးတောက်သဖြင့် သံတောက်ဟုလည်း ခေါ်ဆိုခဲ့သည်။
ချောင်းဦးမြို့၏ အရှေ့မြောက်ဘက်ရှိ နွယ်ခွေကျေးရွာမှ အနောက်မြောက်ဘက် တစ်မိုင်ကွာဝေးသည့် ရွှေ မြင်တင်တောင် တန်းရှိ ဒင်္ဂါးကုန်းမှ ရှေးဦး လူသားပရိုင်းမိတ်ရုပ်ကြွင်းအံသွားကို ၁၉၈၁ ခုနှစ်က တွေ့ရှိခဲ့သဖြင့် ပညာရပ်နယ်ပယ် အသီးသီးတွင် အထူးထင်ရှားခဲ့သည်။
ဧရိယာ ၁၈၈ ဒသမ ၅၇ စတုရန်းမိုင်ကျယ်၀န်းသည့် လက်ရှိ ချောင်းဦးမြို့နယ်ကို ရပ်ကွက် ခြောက်ခု၊ ကျေးရွာအုပ်စု ၂၆ အုပ်စု ၊ ကျေးရွာ ၈၉ ရွာဖြင့် ဖွဲ့စည်းထားပြီး အရှေ့ဘက်တွင် မြင်းမူမြို့နယ် ၊ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်၊ တောင် ဘက်တွင် မြောင်မြို့နယ်နှင့် မြောက်ဘက်တွင် မုံရွာ မြို့နယ်တို့နှင့်နယ်နိမိတ်ထိဆက်နေသည်။
၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်တွင် ချောင်းဦးမြို့နယ်အတွင်း မှီတင်းနေထိုင်သူ ၁၀၈၃၈၇ ဦးရှိသည့် အနက် ဗမာ လူမျိုးများ က ၁၀၈၂၉၈ ဦး (၉၉ ဒသမ ၉ ရာခိုင်နှုန်း) ဖြစ်သည်။မြို့နယ်အတွင်း၌် ခရစ်ယာန်ဘာသာနှင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူ အနည်းငယ်ရှိကာ မြို့နယ် လူဦးရေ၏ ၉၉ ဒသမ ၃ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။
ချောင်းဦး မြို့နယ်၌ အထက်တန်း နှင့် အထက်တန်း ကျောင်းခွဲ ၉ကျောင်း ၊ အလယ်တန်းနှင့် အလယ်တန်းကျောင်း ခွဲ ၁၀ ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၆၂ ကျောင်း ၊၂၅ ကုတင်ဆန့် ချောင်းဦးမြို့ နယ် ပြည်သူ့ ဆေးရုံ၊ ၁၆ ကု တင်ဆန့် အမြင့် တိုက်နယ်ဆေးရုံနှင့် သုံးပန်လှ တိုက်နယ် ဆေးရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၂၆ ခုကို ဖွင့် လှစ်ထားသည်။
လက်ရှိအချိန်တွင် ချောင်းဦး မြို့နယ်၌ ဘုရား စေတီ ပုထိုးအဟောင်း၊ အသစ်စုစုပေါင်း ၁၄၅၄ ဆူရှိရာ ချောင်းဦးမြို့၊ ခင် မွန်ရွာ၊ အမြင့်ကျေးရွာ၊ အနိမ့်ကျေးရွာနှင့် မှန်ချိုကျေးရွာရှိ စေတီပုထိုးများသည် ထင်ရှားကြသည်။ယင်းတို့အနက် ခင်မွန်ကျေး ရွာရှိ မင်္ဂလာအောင်မြင် ဂူဘုရား၊ ရုပ်စုံဘုရား၊ အောင်မြေလောက ဂူဘုရား၊ ပြာသာဒ်ဘုရား၊ မဟာဇောတိကာ ရာမကျောင်းတိုက်၊ အမြင့် ကျေးရွာရှိ မင်းအိုချမ်းသာ ဘုရားစု၊ ပြာသာဒ် ဘုရားစု၊ မင်းရဲ ဘုရားစုမှ စေတီ တစ်ဆူ၊ ရပ်သစ်ကျောင်း ဘုရားစုမှ စေတီ တစ်ဆူ၊
အနိမ့်(သုံးပန်လှ ကျေးရွာ)ရှိ သမ္ဘူလဘုရား၊တောရကျောင်း ပိဋကတ်တိုက် အနီးမှ စေတီ၊ ခြင်္သေ့ဦး ဘုရားစု လေးဆူ၊ ယွန်း ကျောင်း စေတီဘုရားစု လေးဆူ၊ တောကျောင်းကြီး ကျောက်စာရုံ၊ သုံးပန်လှ စေတီစု၊ ရွှေဂူထွဋ်စေတီစု၊ ဗူးကုန်းစေတီနှင့် နံရံ ဆေးပန်းချီရှိသည့် လိုဏ်ဘုရားကြီးတို့ကို ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနက ကာကွယ်ထိန်းသိမ်းထား သောဇုန် အဖြစ် ၂၀၁၂ ခုနှစ်တွင် သတ်မှတ်၍ စောင့်ရှောက်ထားသည်။
အမြင့်မြို့ဟောင်း
အမြင့် ကျေးရွာသည် လက်ရှိအချိန်တွင် အိမ်ခြေ ၅၇၃ လုံး နှင့် လူဦးရေ ၂၆၁၃ ဦးသာရှိသည့် ရွာငယ်တစ်ခုအဖြစ်သာ တည်ရှိနေသော်လည်း တစ်ချိန်က စည်ပင်ဖွံ့ဖြိုးခဲ့သည့် ရှေးဟောင်းမြို့တစ်ခု ဖြစ်သည်နှင့် အညီ စေတီပုထိုးဟောင်းများ ၊ အပြို အပျက်များ ၊ အုတ်ပုံများကို မြင်တွေ့ကြရသည်။
အမြင့်သည် ချောင်းဦးမြို့၏ အနောက်ဘက်တည့် တည့် ၇ မိုင်ခွဲအကွာတွင် ချင်းတွင်းမြစ်ကမ်းပေါ်၌ တည်ရှိသည်။ အမြင့် ၏ မူလအမည်သည် ကမ်းမြင့်ဖြစ်၍ ချင်းတွင်း မြစ်အတိုင်း မျောပါလာသည့် ကြံ့တစ်ကောင်သည် ကမ်းသို့တက်ရန် ကြိုးပန်းခဲ့စဉ် ကမ်းပါးက မြင့် နေသဖြင့် ယင်းနေရာကို ကမ်းမြင့်၊ ကမ်းပါးနိမ့်သည့် နေရာတွင် တက်နိုင်ခဲ့သဖြင့် ကမ်းနိမ့်ဟု ခေါ်ဆိုခဲ့ကြောင်း ညိုမြ တို့ရွာ စာကြည့်တိုက်မှူး ဦးညိုသောင်းက ရှင်းပြခဲ့သည်။
အမြင့်သည် ရာဇ၀င်ကျမ်းများအလိုအရ အမည်ငါးမျိုးတွင်ခဲ့ရာ ပွင့်တော်မူခဲ့သည့်ဘုရားလေးဆူလက်ထက်တွင် ငမည်း၊ ငဆည်း၊ ကြံ့ကူး၊ ဥဇ္ဇေနီ ဟု ထင်ရှားခဲ့ပြီး နောင်ပွင့်တော်မူမည့် အရိမေတ္တေယျ ဘုရားရှင်လက်ထက်တွင် ဖူးမစဲအမည် ဖြင့် ထင်ရှား မည်ဟု ဆိုကြသည်။
ပုဂံ ဘုရင်ထီးလိုမင်းလို နှင့် လောင်းရှည်မိဖုရားတို့ အပိုင်စားခဲ့သည့် အမြင့်တွင် အင်း၀ဘုရင်ဖြစ်လာမည့် မင်း ကြီးစွာစော်ကဲ နှင့် ကုန်းဘောင်ခေတ် မင်းလက်ဝါးတို့က မြို့စားများ ဖြစ်ခဲ့ကြသည်။ မှန်နန်းရာဇ၀င်အရ အမြင့်သည် စစ်သည် ၈၀၀ ပြုမြို့ဖြစ်ခဲ့ပြီး ကုန်းဘောင်ခေတ်တွင်စစ်သည် ၂၀၀ စုဆောင်းပေးရ သည့် မြို့ဖြစ်ခဲ့သည်ဟု ဆိုသည်။
`ကြာကြာရစ် အမြင့်`ဟူသည့် စကားအရ အမြင့်ကို သက္ကရာဇ်၂၂၄ ခုနှစ်တွင် တည်ထားခဲ့သည်ဟု ယုံကြည်ကြသည်။ ပုဂံဘုရင် နရပတိစည်သူ (၁၁၆၅-၁၂၀၁) လက်ထက်တွင် အမြင့်မြို့ဟောင်း ကျုံးကို ပြုပြင် မွမ်းမံ ခဲ့ရာ အမြင့်မြို့ဟောင်း ကျုံးကို အမြင့်သို့ အ၀င်တွင် ယနေ့တိုင် မြင်တွေ့နိုင်ကြပေသည်။
အမြင့် မြို့ဟောင်း အ၀န်းအဝိုင်းအတွင်း၌ စေတီ ပုထိုး ၃၃၆ ဆူ ၊ ဘုန်းကြီးကျောင်း ၁၁ ကျောင်းနှင့် ပုဂံခေတ်မှ ကုန်း ဘောင်ခေတ် အထိ ရေးထိုးခဲ့သည့် ကျောက်စာ ၆၃ ချပ် တည်ရှိသည်။အမြင့်မြို့ ဘုံစဉ်ကျောင်း ဆရာတော် မှတ်စုတွင် အမြင့်မြို့
ကို စေတီ ၁၀ ဆူ၊ နတ်ကြီး ၉ ပါး၊ ဂူ ၉ လုံး၊ ကုန်း ၉ ကုန်း၊ အင်း ၉ အင်း ၊ ရေ၀င်ပေါက် ၅ ပေါက်ဖြင့် တည်ထားခဲ့ကြောင်း ဖော်ပြ ထားသည်။
အမြင့်မြို့ဟောင်းတွင် ကျန်စစ်သား ပုန်းအောင်းခဲ့သည့်နေရာဟု ယူဆကြသည့် ရွှေတွင်းအောင်းဘုရား၊ ကျန်စစ်သား ပုန်းအောင်း ခဲ့သည့် လိုဏ်ခေါင်း၊ ရွှေကြိုးရာဇ်ရုပ်ပွားတော်၊ ကျွန်းတိုင် ၁၁၉ တိုင်ဖြင့် တည်ဆောက်ခဲ့သည့် မင်းရဲကျောင်းတိုက်နှင့် မင်းရဲတိုက် အတွင်းရှိ စေတီတော်များကို လေ့လာနိုင်ကြသည်။ သက္ကရာဇ်၁၂၂၀ ပြည့်နှစ်တွင် မင်းတုန်းမင်း၏ သက်တော်ရှည် အမတ်ကြီး မင်းလက်ဝါး ဆောက်လုပ်လှူဒါန်းခဲ့သည့် မင်္ဂလာ ဘုံပျံကျောင်းသည် တိုင် ၁၃၆ တိုင်၊ အဆောင် ၁၂ ဆောင် နှင့် အုတ်လှေကား လေးစင်း ပါရှိသည်။ထို့အတူ မြန်မာနိုင်ငံတွင် တစ်ဆူတည်းသာ ရှိသည်ဟု ဆိုသည့် လက်တော်ရာကို ကိုယ်တော် ပျောက်ဘုရား ၀င်းအတွင်း၌ မြင်တွေ့ကြရပေသည်။
အမြင့်ရှိ ရှေးဟောင်းစေတီများ၏ ဘုရားပွဲတော်များကို ကျင်းပရာ ရဇ် ကြီး မြစ် လျောင်း ၊ ရဲ တွင်း ပေါင်း မဲ ၊ သက် မင်း နန်း ရိုး ၊ မံ ဘုံ သိမ်ဟု မှတ်သား ကြသည်။ဝါဆိုလပြည့်မှ သီတင်းကျွတ် လကွယ်နေ့အထိ ဥပုသ်ရက်များတွင် ဘုရားပွဲများကိုအစဉ် လိုက်ကျင်းပခဲ့ရာ ဘုရားပွဲ အစဉ်သည် ရွှေကြိုးရာဇ် ၊ ကိုယ်တော်ကြီး၊ ရှင်ပင်မြစ်တနံ၊ ရွှေသာလျောင်း၊ မင်းရဲ ဘုရားကြီး၊ ရွှေ တွင်း အောင်း၊ မင်းပေါင်း၊ ရှင်ပင်မဲတလီ၊ သက်တော်ရ၊ မင်းရဲ၊ နန်းဦး၊ ရိုးတော်ပုံ၊ မံဘုရား၊ ဘုံပျံ နှင့် ရွှေသိမ်တော်တို့ ဖြစ်ကြသည်။
မင်းရဲဘုရားစု အတွင်းရှိ လိုဏ် ဘုရားတစ်ဆူ၏ အတွင်းနံရံတွင် နံရံဆေးပန်းချီများရှိနေကာ ယင်းတို့ကို ရှေးဟောင်း သုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေသည်။
အနိမ့်မြို့ဟောင်း
အနိမ့်မြို့ဟောင်းသို့ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်တို့ဖြင့် အမြင့် မြို့ဟောင်းမှ တောင်ဘက်သို့ သွားရောက်နိုင် သကဲ့သို့ ဆင်ဖြူရှင် တံတား အဆင်းမှ မြောက်ဘက်သို့ သွားရောက်နိုင်ကြသည်။
အနိမ့်မြို့ဟောင်းသည် ထောင့်မှန်စတုဂံ ပုံရှိ၍ မြို့ရိုးသည် အရှေ့တောင်ဘက်မှ အနောက်ဘက်သို့ တိမ်းစောင်းနေ သည်။ အရှေ့မြို့ရိုးဟု ယူဆရသည့် နေရာသည် ခြောက်ပေခန့်မြင့်၍ အနောက်မြို့ရိုးကို စပါးခင်းများအကြား၌ နှစ်ပေခန့် အမြင့် ကျန်ရှိ နေသည်ကို မြင်တွေ့နိုင်သည်။တောင်ဘက်မြို့ရိုးသည်လည်း ခြောက်ပေခန့်မြင့်၍ မြောက်ဘက်မြို့ရိုးမှာမူ ကွယ်ပျောက် နေပြီဖြစ် သည်။
ယခုအခါတွင် ကျုံးဟောင်းကို ဆယ်ဖို့၍ ဆည်မြောင်းပြုလုပ်ထားကာ တူးဖော်ထားသည့် မြေများကို တောင်ဘက်မြို့ ရိုး ပေါ်သို့ တင်ထားသည်။
အနိမ့်သည် အမြင့် ငါး မြို့ စာရင်းတွင် အလ္လာကပ္ပ၊ ချောင်းဦး၊ အမြင့် ၊ နဘက်တို့ နှင့် အတူပါ၀င်ခဲ့ကာ လက်ရှိအချိန်တွင် သုံးပန်လှကျေးရွာဟုလည်း အမည်တွင်သည်။ အနိမ့်မြို့ဟောင်းသည် အိမ်ထောင်စု ၆၈၉ စု၊ လူဦးရေ ၃၉၂၃ ဦးသာရှိသည့် ရွာ ငယ်တစ် ခုဖြစ်သော်လည်း ရှေးဟောင်း စေတီပုထိုးများ စုစည်း တည်ရှိနေသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။
အနိမ့်မြို့ဟောင်းတွင် ကျန်စစ်သားမင်း တည်ခဲ့သည်ဟု ဆိုသည့် စေတီ၊ သမ္လူလ မိဖုရား တည်ခဲ့သည်ဟု ယူဆကြသည့် စေတီ၊ ရန်ကင်း၊ ရန်ရှင်း၊ ရန်အေး၊ ရန်ငြိမ်း၊ ရန်နိုင် စေတီများ၊ ညီနောင်သုံးဖော် ဘုရားတို့ကို ဖူးတွေ့ကြရသည်။ထို့ အတူ သုံး ပန်လှ၊ သက်တော်စောင့်၊ သက်တော်ရ၊ သက်တော်ရှည်၊ ငွေဘုံသာ၊ ရွှေဘုံသာ၊ ကြံ့ဆင်း၊ ကြံ့တက်၊ ရွှေ့မြင်တင်၊ သိမ်ဘုရား၊ ခို နန်းပြာသာဒ် အစရှိသည့် စေတီများကို မြင်တွေ့ကြရသည်။သုံးပန်လှ စေတီနှင့် စေတီ၀င်းအတွင်းရှိ ဂုဘုရားကြီးတို့သည် ပုဂံခေတ် လက်ရာများဖြစ်ကြကာ မြန်မာရာဇ၀င်ကျမ်း များ တွင် အနိမ့်ကို ပုဂံခေတ်က တည်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
အချို့သော စေတီများကို ဆေးများသုတ်ကာ ပြုပြင်မွမ်းမံခဲ့ကြသဖြင့် မူလလက်ရာများ မကျန်ရှိတော့သဖြင့် ကျန်စေတီ များကို မိမိတို့ ဆန္ဒြ့ဖင့် ပြုပြင်ခြင်း မလုပ်ရန် ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက မေတ္တာရပ်ခံထားကြောင်း သိရှိခဲ့ရပါသည်။
အနိမ့်မြို့ရှိ ရှေးဟောင်း စေတီပုထိုးများအနက် သမ္ဘူလ ဘုရား၊ အနိမ့်တောကျောင်းပိဋကတ်တိုက်အနီးရှိစေတီ၊ ခြင်္သေ့ဦး ဘုရားစု လေးဆူ၊ ယွန်းကျောင်း ဘုရားစု လေးဆူ၊ သုံးပန်လှ စေတီစု၊ရွှေဂူထွတ် စေတီစု၊ ဗူးကုန်းစေတီ၊ နံရံဆေးပန်းချီ များရှိ သည့် လိုဏ်ဘုရားနှင့် တောကျောင်းကြီး ကျောက်စာရုံ တို့ကို ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။
စနစ်ထူးခြားသော ပြာသာဒ်...
ဆရာကြီး တမ္ပ၀တီ ဦး၀င်းမောင်၏ သုတေသန ပြုချက်အရ အနိမ့်မြို့မှ မြောက်ဘက်သို့ အထွက် လမ်းဘေးတွင် တည် ရှိသည့်အုတ်ပြာသာဒ်ဆောင်သည် တည်ဆောက်ပုံ စနစ် ထူးခြားနေပေသည်။ယင်းပြာသာဒ်သည်ဘုံ သုံး ဆင့်ပါရှိကာ ပထမဆင့် ထက် အောက်ခံ ကုလားကျောင်းက ဗျက် အနည်းငယ်ပိုရှည်၍ ဖောင်းတန်း အပို တစ်ခုပါရှိသည်။ဘုံ သုံးဆင့်လုံးတွင် ထောင့်ပန်း များ မပါရှိဘဲ ကြာပွင့် စိန်တောင်များကို အပြည့် ပြုလုပ်ထားသည်။ အပွင့်တန်းပြုလုပ်ထားသည့် အောက်ဆင့် စိန်တောင်ပေါ်တွင် အပေါ်ဆင့် ဖောင်းကို တင်ထားကာ ရေဆင်းမပါရှိချေ။
မြန်မာမှု ပညာရှင် ဆရာကြီးဦး၀င်းမောင်က ဘုံ သုံးဆင့်၏ အမြင့်သည် ပထမဘုံဆင့် အလျား၏ လေးပုံသုံးပုံရှိ၍ အောက်ခံ ကလပ်နှင့် ထုပိကာတို့၏ အမြင့် သည် ပထမဘုံ အလျား၏ တစ်၀က်သာရှိ သဖြင့် နှစ်ပြန်မတ်တင်းအချိုး ဘုံသုံးဆင့် ပြာသာဒ် ဖြစ် ကြောင်း နှင့်တတိယဘုံအလျားသည်ပထမဘုံအလျား၏ သုံးပုံ နှစ်ပုံရှိသဖြင့် ပုံမှန်အချိုးထက်ကြီးနေကာ ဗျက်က အမြင့်ထက် ပိုကြီး နေကြောင်း၊ ပုံမှန်အချိုးအစားအရ ထိပ်ဆုံး တတိယဘုံ ၏ ဗျက်သည် ပထမဘုံ အလျား၏ လေးပုံ တစ်ပုံသာ ရှိကြောင်း ရှင်းလင်း ရေးသားခဲ့သည်။
ပုဂံခေတ်လက်ရာ စေတီများနှင့် အတူ ရှေးဟောင်းစေတီများ တည်ရှိနေသည့် အမြင့်နှင့် အနိမ့်မြို့ဟောင်းသည် သမိုင်းနှင့် ရှေးဟောင်းသုတေသန သုတေသီများ စိတ်၀င်စားကြသည့် ရှေးဟောင်းဒေသ နှစ်ခုအဖြစ် ထင်ရှားလျက်ရှိနေပေသည်။ ။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)
စနစ်ထူးခြားသော ပြာသာဒ်တစ်ဆောင်(တမ္ပ၀တီ ဦး၀င်းမောင်)
ရှေးဟောင်း အမြင့်မြို့(မောင်မောင်ချစ်ဦး)
ရှေးဟောင်း အဆောက်အုံများစာရင်း(၂၀၁၃)
မင်းတုန်းမင်းခေတ် အမြင့်ငါးမြို့ဝန်၊ မဟာသမိန်ဘရမ်း၊ မင်းကြီးမင်းခေါင်သူရိန်၊ မင်းကြီးမဟာသက်တော်ရှည် ဘွဲ့များချီးမြှင့်ခံခဲ့ရသောမင်းလက်ဝါးအကြောင်းအောက်မှLink ကိုဖိပြီး ဖတ်ရှု့နိုင်ပါသည်။
https://m.facebook.com/groups/2823264514562208/permalink/2911351049086887/
📷 All Photos Credit
ခရက်ဒစ် ... 🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ
24/04/2021
" မိချောင်းတံတား "
မိချောင်း တံတားဟူသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိသည့် အိမ်တော်ရာဘုရား အနောက်ဘက်မှာ ရှိပါသည်။
ပုဂံမင်းသားခေတ္တစိုးစံရာ အိမ်တော်နေရာကို ''မဟာလောကရံသီ'' ဘွဲ့ အမည်ခံပြီး စေတီ ကြီးတစ်ဆူတည်ထားကိုးကွယ်ခဲ့၏။ မန္တလေးသား တွေက ''အိမ်တော်ရာဘုရား''ဟုပဲ သိနေကြပါသည်။
ထိုဘုရားသို့ အမရပူရမြို့မှ ပုဂံမင်းက ဘုရားဖူး ကြွတော်မူလာလျှင် မြေနိမ့်အရပ်များဖြစ်သော ဥယျာဉ် တန်း၊ လှေတန်းတို့မှ ရွှံ့တော၊ ဗွက်တောများကို ဖြတ် ကူးနိုင်ရန် အုတ်တံတားကြီး တည်ခင်းပေးခဲ့သည်။
တံတားကြီးကို ''မဟာသုဒဿန မိချောင်းတံတား'' ဟုခေါ်ဆိုကာ မင်းသားကြီး ဦးကျောက်လုံးက ၁၂၁၁ ခု ပြာသိုလတွင် ကုသိုလ်ပြုလှူဒါန်းခဲ့သည်။ တံတား ကြီးမှာ ၃၅ လမ်းမှ အိမ်တော်ရာဘုရားအနောက်ထိပ် ထိရှည်သည်။ ခုနစ်ပြနီးပါးရှိပါသည်။ မြောက်ဘက် ထိပ်တွင် မိချောင်းနှစ်ကောင်ရှိသည်။ တောင်ဘက် ထိပ်တွင် ခြသေ့ၤကြီးနှစ်ကောင်ရှိပါသည်။ ကျွန်တော် တို့ငယ်စဉ်ကတော့ အုတ်တံတားကြီး၏ အပိုင်းအစ များကို ထီးလင်းတိုက်ရှေ့နှင့် ပုဏ္ဏားစုဘက်များတွင် တွေ့ရှိခဲ့ရဖူးပါ၏။
၂၉ လမ်းသည် မိချောင်းတံတားမြောက်ဘက် ထိပ်မှစသော် တောင်ဘက်တစ်ပြတွင် စတင်ပါတော့ သည်။ ထိုနေရာသည် လူနေထူထပ်သောရပ်ကွက် ဖြစ်ကာ ၂၉ လမ်း၏မြောက်ဘက်က သီရိဟေမာ အရှေ့ရပ်ကွက်ဖြစ်ပြီး တောင်ဘက်က ပြည်ကြီး ပျော်ဘွယ် အရှေ့ရပ်ကွက်ဖြစ်ပါသည်။
၂၉ လမ်းအနောက်ထိပ် ပြည်ကြီးပျော်ဘွယ် အရပ်သည် မြန်မာမင်းများလက်ထက်ကတည်းက ပုဏ္ဏားပေါက်ပေါက်ဆုပ်၊ ပုဏ္ဏားကုလားပဲသုတ်၊ ရာမ ဇာတ်တော်၊ မဟာပိန္နဲလှည်းဆွဲပွဲ၊ စန္ဒီနတ်သမီးရေချ တို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါသည်။
မြောက်ဘက်ခြမ်း သီရိဟေမာအရှေ့ရပ်ကွက် ကတော့ မြန်မာရပ်ကွက်စစ်စစ်ဖြစ်၏။ ဘုတလင်နယ်၊ ဆားလင်းကြီးနယ်ဘက်က မန္တလေးမှာလာရောက် အခြေချသူများ၏ ရပ်ကွက်လည်းဖြစ်ပါသည်။ နှစ်ခန်း တစ်ခန်း၊ နှစ်အိမ့်တစ်အိမ်၊ တံခါးမရှိ၊ ဝင်းထရံမရှိ၊ ခြံစည်းရိုးမရှိ၊ ပူးပူးကပ်ကပ်နေကြသည်။
တချို့က တော့ သည်ရပ်ကွက်ကို ဆီသည်ချောင်ဟုခေါ်၏။ သို့သော်ဆီဝင်းဟုပဲ လူသိများပါသည်။ အဘယ် ကြောင့်ဆိုသော် ထိုအရပ်၏အရှေ့ဘက်ကပ်လျက်က ဝင်းကျယ်ကြီးမှာ ဆီစက်ကြီးရှိနေပြီး ထိုဆီစက် ကိုမှီခိုကာ ဆီရောင်းချခဲ့ကြသည့် ခေါင်းရွက်ဗျပ်ထိုး ဆီသည်များရှိသောကြောင့် ဖြစ်ပါသည်။
ထိုဆီသည်များ ကား ကျွန်တော့်မိသားစု၊ ကျွန်တော့်ဆွေမျိုးများဖြစ်၏။ ယခုတော့ ဈေးချိုကိုင်းတန်းဈေး၊ ထီးထိုင်ဈေးတို့နှင့် နီးကပ်ကာ အရောင်းအဝယ် ဈေးရည်လည်ကြသော ကြောင့် ထိုရပ်ကွက်လေးမှာ ဇာတ်အဖွဲ့တစ်ဖွဲ့၏ ပြဇာတ် တစ်ပုဒ်မှ တောကားမပြီး မြို့ကား ချလိုက်သလို ရုတ်ခြည်း ပြောင်းလဲကုန်ပါပြီ။ အခုတော့ နံကပ်တိုက်များ၊ ပွဲရုံ များ၊ အိမ်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင် များနှင့် ရွှန်းရွှန်းဝေလို့။
ထိုရပ်ကွက်လေးအရှေ့ဘက်က ဆီစက်ကြီးကတော့ လည်ပတ်နေဆဲ ဖြစ်ပါ၏။ ဆီစက်တည်ရာဝင်းကြီးကို စိုင်ပြွန်ရိပ်သာဟု ကမ္ပည်းထိုးထားပါသည်။ ပြပေါက် နီးပါး ကျယ်ဝန်းသော ဝင်းကြီးဖြစ်သည်။ မြန်မာမင်း များလက်ထက် စိုင်ပြွန်မင်းသားကြီး၏ ဆွေတော် မျိုးတော်များ အစဉ်အဆက်နေထိုင်ခဲ့ကြသည်။ လက်ရှိ လူနေအဆောက်အအုံကြီးကလည်း နာမည်ကျော်ဗိသုကာ ဆရာကြီး ဆရာဆိုင်၏သား ဗိသုကာ ဦးငွေလှိုင်၏ ကနဦးလက်ရာလည်းဖြစ်သည်။၂၉ လမ်း၏ ထိုအနောက်ပိုင်းကို ဒေါင်းရိုးသင်္ဘော တန်းဟုလည်း ခေါ်ဆိုကြ၏။
''ရှေးတုန်းက မြစ်ဆိပ်ဆို တာ ဒီနားပေါ့။ သင်္ဘောတွေ ဆိုက်တဲ့နေရာတွေ'' ဟု လူကြီးသူမများ ပြောစကားကို တအံ့တသြနားထောင်ခဲ့ ရဖူးလေသည်။ ဟုတ်သည် မဟုတ်သည် အပထား မြစ်ဆိပ်နှင့်ဈေးချိုကို ဟင်းသီးဟင်းရွက်ကုန်၊ ကောက်ပဲ သီးနှံကုန်တွေကိုတော့ ဒီလမ်းကပဲ သယ်ပို့ကြရသည်။
အနောက်ကျွန်းထဲဆီမှ ပဲစိမ်းစား ဥလှည်းတန်းကြီးလာလျှင် ကျွန်တော်တို့သည် လှည်းမြီးခိုကာ ရိုင်ပတ်ကြားမှ ပဲစိမ်းစားဥများ ဆွဲဖြုတ်ပြေးကြရသည်။ သဘောကောင်းသော လှည်းသမားတစ်ယောက် တလေကမူ ကျွန်တော် တို့မြင်သည်နှင့် ပဲစိမ်းစားဥတစ်တွဲဖြုတ်ယူပြီး လှမ်းပစ် ပေးတတ်သည်။ ထို့ကြောင့် ၂၉ လမ်းပေါ်တွင် လှည်းတွေတအီအီလည်းဖြတ်နေကြ၏။ ဈေးသွားဈေးပြန် မြင်းလှည်းများလည်း မနက်သုံးနာရီလောက်ကတည်းကခွာသံတခွပ်ခွပ်နှင့် ဥဒဟိုသွားလာနေကြပါသည်။
၂၉ လမ်းအနောက်ပိုင်းက မြန်မာရပ်ကွက်မို့ မြန်မာမုန့်ပဲ သရေစာတွေလည်းရနိုင်၏။ မနက်လင်းလျှင် အနောက်ထိပ်မှာ ဒေါ်လှရီအကြော်ဖိုက ကောက်ညှင်းပေါင်း အကြော်ရှိသည်။ ထို့နောက် အနားပတ်ဝန်းကျင်မှာ မုန့်ကြက်အူ၊ မုန့်လုပ်ဆောင်း၊ အုန်းပေါင်းငှက်ပျောသီး ကြော်၊ ပဲမြစ်၊ ကုလားစပါးယိုစသည့် ဈေးသည်များကား နေဝင်သည်ထိ မပြတ်တော့။
မနက်စောစောတွင်မူ ဆီစက်ဝင်းအနောက်ဘက် လမ်းကြားမှ အငွေ့တထောင်းထောင်းနှင့်လက်တွန်း လှည်းကြီး တအိအိထွက်လာတတ်ပါသည်။ ဓားပြား ရိုက်ကြက်သွန်ဖြူနှင့် ဂျုံနုနုလေးကို ပြုလုပ်ထားသော ခေါက်ဆွဲ၊ ကြက်သားနိုင်းချင်း၊ အဆာပလာနိုင်းချင်း နှင့်ဦးမှန်ခေါက်ဆွဲလည်း စားနိုင်ပါသေးသည်။ ထို့နောက် ဒေါ်မြကျင်မုန့်တီမုန့်ဟင်းခါး။
ဒေါင်းရိုးဆီစက်ဝင်း အရှေ့ဘက်ရောက်တော့ အိမ်ကြီးအိမ်ကောင်းတွေများလာ၏။
မြောက်ဘက် ငန်ပြာရည်ဝင်းပေါက်မှာ မြူနီစီပယ်မြို့တော်ဝန် ဟောင်း ဦးစံရွှေတိုက်ရှိသည်။ မျက်စောင်းထိုးမှာ ဦးတုတ်-ဒေါ်ရင်ငွေပန်းထိမ်ရှိသည်။ ထိုစဉ်အခါက မန္တလေးတိုင်းဘောလုံးအသင်းသည် နှစ်နှစ်ဆက်တိုက် မကြာခဏဗိုလ်စွဲ၏။ ပြည်ထောင်စုဒိုင်းကြီး မန်းတောင် ရိပ်ခိုပြီးနောက် တစ်ကြိမ်ပြိုင်ပွဲ ပြန်လည်စနိုင်ရန် ဒိုင်းကြီးကို ပြန်လည်မအပ်နှံမီ ဦးတုတ်-ဒေါ်ရင်ငွေ ပန်းထိမ်ဖိုမှာ အမြဲတမ်းလာရောက်ကာ ငွေရည်စိမ် အရောင်တင်လေသည်။ ထိုရက်များဆိုလျှင်ပန်းထိမ်ဖိုအိမ်ရှေ့က ချောင်းမြောင်း၍ ဒိုင်းကြီးအား ကြည့်မဝ နိုင်တော့။ ငွေပန်းထိမ်ဖို၏ အရှေ့နားမှာဒေါ်ချစ်စု လက်ဖက်တိုက်ရှိသည်။
ဝါတွင်းဆွမ်းကြီးခံထွက်ပြီ ဆိုလျှင် ဆွမ်းကြီးခံအဖွဲ့သားများအား အကြော်စုံနှင့် လက်ဖက်သားများရောနယ်သုတ်ထားသော လက်ဖက် သုတ်တွေတဝကြီးကျွေးတတ်ပါသည်။
မြောက်ဘက်မျက်စောင်းထိုးမှာ စိန်ဘကျွဲ၏အိမ်ရှိ သည်။ နံကပ်နှစ်ထပ်တိုက်ဖြစ်၏။ စိန်ဘကျွဲသည် ရုပ်သေးရွှေဘိုတင်မောင်၏ ရုပ်သေးဆိုင်းဆရာကြီး ဖြစ်ပါသည်။
မန္တလေးအကြောင်းပြောကြပြီဆိုလျှင် စာရေးဆရာ ဆူးငှက်၏ ''မန္တလေးမျဉ်းဖြောင့်များ''အကြောင်းက အခြားသော မန္တလေးသား စာရေးဆရာ၊ စာရေးဆရာမကြီးများ၏ စာအုပ်များနည်းတူ မပါမဖြစ်ပြောဆိုခဲ့ကြရသည်။
အဘယ့်ကြောင့်ဆိုသော် သမိုင်းအစဉ်အလာကြီးမားသော မန္တလေးမြို့၏ပုံရိပ်များကို အပြောင်းအလဲမြန်သည့် နှစ်ကာလများတွင် မျက်ခြည်မပြတ် ရသဟန်ဖြင့် မှတ်တမ်းတင်ခဲ့ သောကြောင့်ဖြစ်သည်။ အတိတ်နှင့်ပစ္စုပ္ပန်ကို ဆက်စပ်သုံးသပ်ပြသည့် ရေးဟန်ဖြစ်သည်။
''မန္တလေးမျဉ်းဖြောင့်များ''ကို မြန်မာ့ဓနစီးပွားရေးမဂ္ဂဇင်းတွင် ၁၉၉၆ ခုနှစ် မေလ ထုတ်မှစတင်၍ လစဉ်မပြတ်ရေးသား ခဲ့သည်ဟုမှတ်မိနေသည်။ ၂ဝ၁၁ ခုနှစ်ဝန်းကျင် မြန်မာ့ဓနမဂ္ဂဇင်း မရပ်နားမီအထိ ရေးသားခဲ့ပုံရသည်။
အပြောင်းအလဲမြန်လွန်းသည့် ၁၉၉ဝ ပြည့်လွန်ကာလများ(ဝါ) ၂၁ ရာစု ကြိုကာလများက မန္တလေးပုံရိပ်များသည်ပင် အခုတော့ သမိုင်းဖြစ်သွားပြန်ပါပြီ။ အဆိုပါ ကဏ္ဍမှ ကနဦးဆောင်းပါးများကို ၂ဝဝဝ ပြည့်နှစ်က မန္တလေး စာအုပ်တိုက်အစီအစဉ်ဖြင့် ဆောင်းပါး ၁၄ ပုဒ်ကိုစုစည်းကာ 'မန္တလေးမျဉ်းဖြောင့်များ' အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ဖူးသည်။ အဆိုပါ စာအုပ်ကိုပင် ၂ဝဝ၃ ခုနှစ်တွင် ' The Straight Lines of Mandalay ' အမည်ဖြင့် ဆရာ ရေချမ်း(မန္တလေး)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ ဥတ္တရလွင်ပြင် စာအုပ်တိုက်က ထုတ်ဝေဖူးသည်။
ယခုတဖန် သမိုင်းဖြစ်သွားပြန်လေသော 'မန္တလေးမျဉ်းဖြောင့်များ'ကို မြန်မာ့အလင်းက ပြန်လည်ဖော်ပြအပ်ပါသည်။ လတ်တလောနှစ် ၂ဝ အတွင်း မန္တလေးသည် ဘာတွေအမြတ်ရ၍ ဘာတွေဆုံးရှုံးသွားလေပြီနည်း၊ ဘာတွေသင်ခန်းစာယူ၍ ဘာတွေဆင်ခြင်ရမည်နည်း၊ သင်္ခါရဟုဖြစ်စေ၊ ပြောင်းလဲခြင်းတရားဟုဖြစ်စေ၊ သုံးသပ်ရုံဖြင့် လုံလောက်မှုမရှိတော့တာက သေချာပါပြီ။ ထို့ကြောင့် ရှားပါးစာအုပ်ဖြစ်နေသော မူလ'မန္တလေး မျဉ်းဖြောင့်များ'ကို သမိုင်းအဖြစ် ပြန်လည်ဆင်ခြင်နိုင်ရန် မပြုမပြင် မတည်းမဖြတ် ပြန်လည်ဖော်ပြအပ်ပါကြောင်း။ ။
ဆူးငှက်
ThuRein
🐊🐊🐊🐊🐊🐊🐊🐊🐊🐊🐊🐊
အိမ်တော်ရာစေတီသွား-မိကျောင်းနှင့်ခြင်္သေ့ရုပ်တုရှိသော မိကျောင်းတံတား
"ဆင်သွားလျှင် လမ်းဖြစ်"ဟူသော မြန်မာဆိုရိုးစကား ရှိ၏။ ဆင်သည် ကိုယ်ခန္ဓာကြီးမား၍ သူ၏ခြေချရာနေရာ များက လမ်းပေါက်သွားခဲ့သည်။
နိုင်ငံအုပ်ချုပ်ဘုရင်လုပ် သူများ ရောက်ရှိရာဒေသတွင်လည်း လာမည်ဆိုကတည်းက လမ်းမရှိလျှင် လမ်းဖောက်၊ လမ်းပျက်လျှင် ပြင်ဆင်ကြသည့် အလေ့အထကြောင့် "ဘုရင်လာလမ်းဖြစ်"သွားလေသည်။
ပုဂံမင်း မြန်မာသက္ကရာဇ် ၁၂၀၈-၁၂၁၄ ခုနှစ်သည် မန္တလေးမြို့ ၈၉ လမ်း၊ ၂၇ လမ်း နှင့် ၂၈ လမ်း သီရိဟေမာ အရှေ့ရပ်ကွက်တွင် မြန်မာသက္ကရာဇ် ၁၂၀၉ ခုနှစ်၌ မဟာလောကရံသီအိမ်တော်ရာစေတီ တည်တော်မူသည်။ အမရပူရ စံနန်းတော်မှ ပုဂံမင်းကြွချီလာလျှင် လမ်းသာဖို့ လိုသည်ဖြစ်၍ ပုဂံမင်း၏ ယောက်ဖတော်စပ်သူ ဦးကျောက် လုံးက အုတ်ရိုးတံတားဆောက်လုပ်သည်။
တစ်ဖက်တစ် ချက် မိကျောင်းတစ်ကောင်စီရုပ်တုဖြင့် "မဟာသုဒသန မိကျောင်းတံတား"ဟု အမည်သမုတ်ခဲ့သည်။ တောင် မြောက် ရေဝပ်ရာနေရာကိုဖြတ်ကာ ဝါးတစ်ပြန်ခန့်မြင့်၍ တစ်မိုင်နီးပါးရှည်ပြီး တောင်ဘက်ထိပ်၌ ခြင်္သေ့နှစ်ကောင် အား ဘုရင်လာရာလမ်းကိုကြိုဆိုသည့် အဝင်မုခ်ဦးတွင် ထုဆစ်ထားရှိသည်။
ခမည်းတော် သာယာဝတီမင်းကြီး ကျန်းမာရေး မကောင်း၍ ဓာတ်ယတြာချေသည့်အနေဖြင့် အမရပူရမှ မန္တလေးသို့ ယာယီပြောင်းရွှေ့စံတော်မူစဉ် ခမည်းတော်အား စောင့်ရှောက်ရန် ပုဂံမင်းအိမ်နိမ့်စံကာလ ယာယီနေထိုင် ခဲ့သောနေရာတွင် စေတီတည်ထားသည်မို့ အိမ်တော်ရာ စေတီ၊ တံတားကို မိကျောင်းတံတားဟု လူသိများသည်။
တံတားသည် ယနေ့ ၈၇ လမ်းဖြစ်၍ မန္တလေးမှ အမရပူရသို့ စီးဆင်းပြီး လောင်းလှေများသွားလာသည့် ရွှေတချောင်း မြောင်းအနောက်ဘက်တွင်ရှိသည်။ ခြင်္သေ့နှစ်ကောင် ရှိသောအရပ်တွင် ရွှေတချောင်းနှင့်စုဆုံသဖြင့် ရေလမ်းမှ လာ၍ အုတ်တံတားအတိုင်း အိမ်တော်ရာစေတီသို့ လမ်း ပေါက်ပါ၏။
အိမ်တော်ရာစေတီ၏ အနောက်တောင်ထောင့်တွင် မိကျောင်းနှစ်ကောင်၊ ယင်းမှ တောင်သို့ တစ်ဆက်တည်းသော တံတားထိပ်ရှိရာ ၃၄ လမ်းနှင့် ၃၅ လမ်းကြားတွင် ခြင်္သေ့ နှစ်ကောင်သည် အမရပူရမင်းနေပြည်မှ အိမ်တော်ရာ ဘုရားသို့ ဘုရင်လာရာလမ်း၌ အကြိုမုခ်ဦးအဖြစ် ငွားငွား စွင့်စွင့် တည်ရှိနေဆဲဖြစ်သည်။ လက်ရာမြောက်၍ အချိုးကျ လှသဖြင့် နှောင်းခေတ်တွင် စံနမူနာအဖြစ် ပုံစံယူကြရသည်။ မန္တလေးတောင်မှ ခြင်္သေ့နှစ်ကောင်သည်ပင် ထိုခြင်္သေ့ကို ပုံစံယူခဲ့သည်ဟု ဆိုပါသည်။
တံတားတည်ဆောက်စဉ်က ဘုရားအနောက်ဘက်တွင် ရေဝပ်ရာဖြစ်ပြီး ရွှံ့ညွန်များနှင့် သွားလာရေးမကောင်း သောကြောင့် ဘုရင်လာရာလမ်းတစ်လျှောက် သာယာ စေကြောင်း အုတ်ရိုးတံတားပေါ်ပေါက်ခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က မိကျောင်းရုပ်နှင့်နီးသော၂၉ လမ်း ဒေါင်းရိုးရပ်၊ ဥယျာဉ်တန်းရပ်နှင့် ခြင်္သေ့နှစ်ကောင်နှင့် နီးသောရတနာဦးရပ်၊ စမွန်းရပ်ကွက်တို့အနီးတွင် မိကျောင်း တံတား၏အုတ်အကာအရံများရှိခဲ့ပြီး နေအိမ်အဆောက် အအုံများတိုးလာသည်၊ ဝင်းခြံခတ်ကြသည်။ ယနေ့တွင် အုတ်ရိုးဟောင်းတို့ ပျောက်ကွယ်သွားခဲ့ပေပြီ။
"လွန်ခဲ့တဲ့နှစ် ၅၀ လောက်က တံတားရဲ့နှစ်ဖက် စလုံးမှာ ဝါးတစ်ပြန်လောက်နက်တယ်။ တံတားပေါ်တက် ချင်ရင် အုတ်လှေကားက တံတားအနောက်ဘက်ဘုန်းကြီး ကျောင်းဝင်ပေါက်မှာ ၂၇ ထစ်လောက်ရှိတယ်။ ဥယျာဉ် တန်းရပ်ဆိုတာ ဥယျာဉ်ရှိခဲ့တဲ့နေရာပေါ့။
နောက်ပြီး တံတားရဲ့တစ်ဖက်တစ်ချက်စီမှာ ရေတွင်းတစ်တွင်းစီတူး ထားခဲ့တယ်"ဟု မိကျောင်းရုပ်ရှိရာအနီး အိမ်တော်ရာ စေတီတောင်ဘက် ဆီဝင်းနေသူ ကျောင်းဆရာ ဦးတင် ထွန်းက ရှင်းပြခဲ့သည်။
အိမ်တော်ရာစေတီတောင်ဘက်တွင် ဆီဝင်းနှင့်ဒေါင်း ရိုးရပ်ကွက်တို့က အနီးဆုံးမှာတည်ရှိ၍ ဆီဝင်းဟုအမည် တွင်ခြင်းမှာ စိုငြွ်ပန်မင်းသားကြီး၏ မျိုးဆက်တို့နေထိုင်ခဲ့၍ ဆီစက်တည်ထောင်ကာ ဆီစက်လုပ်သားများနှင့် ဆီရောင်း ပေးသူများကို အိမ်နေရာပေးထားသည်။
ရပ်ကွက်လူငယ် များက "မိကျောင်းနှစ်ကောင်- သာသနာ့အလင်းရောင်"ဘုံဆွမ်းလောင်းအသင်းဖွဲ့စည်း၍ မိကျောင်းနှစ်ကောင် နှင့် ထီးလင်းတိုက်ကျောင်းအုတ်တံတိုင်းကို နှစ်စဉ်ထုံးသုတ် ကုသိုလ်ယူသည်၊ ဘုံဆွမ်းလောင်းသည်၊ ကထိန်ခင်းသည်။
"ရေတက်ချိန် လှေသင်္ဘောတွေတောင် ဆိုက်တဲ့နေရာ ဖြစ်ခဲ့လို့ ဒေါင်းရိုးရပ်ကို ရှေးတုန်းက ဒေါင်းရိုးသင်္ဘော တန်းလို့ ခေါ်ကြတယ်။ ခြင်္သေ့ဆိုတာက ဘုရင်ကို ခရီးဦး ကြိုတာဖြစ်လို့ အဝင်မှာထားတယ်။ အထွက်ဘက်မှာ ထားဖို့က ဘယ်လိုရုပ်တုသင့်မလဲ။ ရေနဲ့ တံတားနဲ့ လိုက် ဖက်တာဆိုရင် မိကျောင်းပဲရှိတယ်။ ဒါကြောင့် မိကျောင်းနဲ့ ခြင်္သေ့တွဲပြီး မိကျောင်းရုပ်တုလုပ်တာလို့ သုံးသပ်တယ်"ဟု ပြောဆိုခဲ့ပြီး ၎င်းငယ်စဉ်က မြင်တွေ့ခဲ့သမျှကိုလည်း ဆက်လက်ရှင်းပြခဲ့သည်။
မိကျောင်းနှင့်ခြင်္သေ့ဆက်စပ်နေသည့် ထိုမိကျောင်း တံတားတစ်လျှောက် တစ်ဖက်တစ်ချက်စီ၌ ရေတွင်းတစ် တွင်းစီတူးဖော်ထားရှိခဲ့ရာ ခန့်မှန်းခြေတစ်ပြလျှင် ရေတွင်း အစုံလိုက် နှစ်တွင်းစီရှိခဲ့သည်ဟု ဆိုနိုင်သည်။ ခြင်္သေ့ နှစ်ကောင်ရှိသည့် ရတနာဦးရပ်ကွက် (ယခင် ခြင်္သေ့ဦးရပ်) ညောင်ပင်အောက်တွင် အုတ်ရေတွင်းဟောင်းတစ်ခုနှင့် အောက်သို့ဆင်းသည့် လှေကားထစ်အုတ်ရိုးများကို လွန်ခဲ့ သောနှစ် ၃၀ ခန့်ကတွေ့ရှိခဲ့ရာ တစ်ပြလျှင် နှစ်တွင်းနှင့် တွက်ချက်ပါက ရေတွင်း ၁၀ တွင်းခန့်ရှိနိုင်ပါသည်။
အိမ်တော်ရာစေတီသည် သမိုင်းမှတ်တိုင်များစွာကျော် ဖြတ်ခဲ့ပြီး တိုင်းရေးပြည်ရာလှုပ်ရှားမှုများ စုဝေးရာလည်း ဖြစ်ခဲ့သည်။ အိမ်တော်ရာ ထီးနှင့်အိမ်တော်ရာ မလိုင် ပေါက်စီတို့သည် ဒုတိယကမ္ဘာစစ်ကာလနှင့် ယင်းနောက် ပိုင်းတွင် မန္တလေးမြို့ သင်္ကေတအဖြစ် ထင်ရှားစေခဲ့သည်။
အရှေ့ရပ်တွင် ဆင်တံတားနှင့်ဈေးချိုတော်ရှိသည်။ အနောက် တောင်ဘက်တွင်ရှိသော မိကျောင်းတံတားတစ်ဖက် မုခ်ဦးက ခြင်္သေ့နှစ်ကောင်သည် အမရပူရမြို့ဟောင်းဆီသို့ ဦး ခေါင်းထောင်မျက်နှာမူလျက် ယနေ့တိုင် တည်ရှိနေပြီး ပုဂံမင်းကြီးကို ခရီးဦးကြိုပြုနေသလား ထင်မှတ်မှားနိုင် လေတော့သည်။ ။
Credit. .. Myanmar Times
🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ