17/11/2019
Flightradar24
**************
By: ဦးကာတွန်း
အခြေခံအလုပ် လုပ်ဆောင်ပုံ
Flightradar24 သည် ကမ္ဘာတစ်ဝှမ်းရှိ လေကြောင်းပျံသန်းမှုများအား အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့်ဖော်ပြ ပေးခြင်းဖြစ်ပါသည်။ Flightradar24 သည် ရရှိနိုင်သမျှသောသတင်းအချက်အလက်များအား ပေါင်းစပ်ဖော်ပြခြင်း ဖြစ်ပါသည်။ (ဥပမာ ADS-B, MLAT, Radar data)။ ADS-B, MLAT, Radar data တို့အပြင် လေကြောင်းလိုင်းများနှင့် လေယာဉ်ကွင်းများရှိ ပျံသန်းမှုအစီအစဉ်များ၊ လေကြောင်းပျံသန်းမှုများအား စနစ်တကျစုစည်းပေါင်းစပ်ညှိနှိုင်း၍ တိကျ သောလေကြောင်းပျံသန်းမှုရှာဖွေခြင်းများအား ပြုလုပ်ပေးပါသည်။ အဆိုပါ လေကြောင်းပျံသန်းမှုရှာဖွေခြင်းများအား www.flight- radar24.com နှင့် Flightradar24 application တို့တွင် ကြည့်ရှုနိုင်ရန် လုပ်ဆောင်ပေးထားပါသည်။
ADS-B
ADS-B သည် Automatic Dependent Surveillance-Broadcast ဖြစ်ပြီး Flightradar24 ၏ အချက်အလက်များရယူ သော အဓိကနည်းပညာဖြစ်ပါသည်။ လေယာဉ်တစ်စီးသည် ဂြိုဟ်တုစနစ်သုံး GPS တည်နေရာရှာဖွေရေးစနစ်အသုံး ပြု၍ ကိုယ်ပိုင်တည်နေရာကို ရှာဖွေတွက်ချက်ပါသည်။ အဆိုပါလေယာဉ်၏ တည်နေရာအချက်အလက်များအပါအဝင် အခြားသောအချက်အလက်များအား လေယာဉ်ပေါ်တွင်ပါဝင်သည့် လှိုင်းထုတ်လွှင့်စက် (Transponder) ဖြင့် ထုတ်လွှင့် ပေးပါသည်။ လွှင့်ထုတ်လိုက်သောလှိုင်းများအား ADS-B လှိုင်းဖမ်းယူစက် (Receiver) ဖြင့်ဖမ်းယူပြီး Flightradar24 တွင် ပြန်လည်ဖော်ပြပေးပါသည်။ ADS-B စနစ်သည် ခေတ်မီနည်းပညာဖြစ်ပြီး လေကြောင်းထိန်းသိမ်းရေး (ATC-Air Traffic Control) တွင် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေပြီဖြစ်ပါသည်။ ခန့်မှန်းတွက်ချက်မှုများအရ စီးပွားရေးသုံး ခရီးသည်တင်လေယာဉ် ၇၀% ခန့် (ဥရောပတွင် ၈၀ % ခန့်နှင့် US တွင် ၆၀% ခန့်) သည် ADS-B လှိုင်းလွှင့်
ထုတ်စက် (Transponder) တပ်ဆင်ထားကြပါသည်။ ADS-B စနစ်တပ်ဆင်ထားသော လေယာဉ်များ၏အရေအတွက် သည် တစ်ဆထက်တစ်ဆတစ်ဖြည်းဖြည်းတိုးတက်လျက်ရှိပါသည်။ ၎င်းတို့၏ ပြောကြားချက်များအရ ၂၀၂၀ ပြည့်နှစ်တွင် ADS-B စနစ်သည် လေယာဉ်တိုင်းတွင် မဖြစ်မနေတပ်ဆင်ရမည့်အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ စည်းမျဉ်း စည်းကမ်းများအဖြစ် အတည်ပြုထုတ်ပြန်ပါက ATC တွင် လက်ရှိအသုံးပြုနေသော ပင်မရေဒါစနစ်များနေရာတွင် ADS-B စနစ်အား ပြောင်းလဲအစားထိုးအသုံးပြုနိုင်မည်ဟုဆိုပါသည်။
Flightradar24 သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ADS-B လှိုင်းဖမ်းယူစက် (Receiver) အလုံးပေါင်း ၁၇၀၀၀ ကျော်နှင့် ကွန်ရက်ချိတ်ဆက်ထားပြီးဖြစ်ပါသည်။ ADS-B လှိုင်းလွှင့်ထုတ်စက်ပါသော လေယာဉ်များမှပေးပို့သည့် အချက်အလက် များအားရယူ၍ ဆာဗာသို့ တစ်ဆင့်ပြန်လည်ပေးပို့ပါသည်။ လှိုင်းဖမ်းယူစက်များသည် HF frequency လှိုင်းနှုန်း 1090 MHz ဖြင့် အသုံးပြုထားသောကြောင့် လွှမ်းခြုံဖမ်းယူနိုင်သောဧရိယာသည် တည်နေရာများအပေါ်မူတည်၍ ၂၅၀ မှ ၄၅၀ ကီလိုမီတာ (၁၅၀ မှ ၂၅၀ မိုင်) အတွင်းရှိပါသည်။ လှိုင်းဖမ်းယူစက်နှင့် ဝေးကွာစွာပျံသန်းသော လေယာဉ်များသည် အမြင့်ပေများသော အခြေအနေမှသာ ဖမ်းယူရရှိနိုင်မည်ဖြစ်ပြီး အမြင့်ပေနိမ့်ပါက အချက်အလက်မရရှိနိုင်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ အကွာအဝေးကန့်သတ်ချက်များအရလည်း ADS-B သည် အလွန်ဝေးကွာသောပင်လယ်သမုဒ္ဒရာ များအတွင်းတွင် လေယာဉ်အချက်အလက်များရယူရန်ခက်ခဲလျက်ရှိပါသည်။
ပုံမှန်ပျံသန်းသည့်အမြင့် (ပေ ၃၀၀၀၀)အထက် ပျံသန်းပါက ဥရောပနှင့် USA တို့တွင် ၁၀၀ % ဖမ်းယူရရှိနိုင်ပါသည်။ ကနေဒါ၊ မက္ကဆီကို၊ ကာရေဗီယံ၊ ဗင်နီ ဇွဲလား၊ ကိုလမ်ဘီယာ၊ အီကွေဒေါ၊ ပီရူး၊ ဘရာဇီး၊ တောင်အာဖရိက၊ ရုရှား၊ အရှေ့အလယ်ပိုင်း၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဩစတြီးယားနှင့် နယူးဇီလန်တို့တွင် ADS-B စနစ်၏လွှမ်းခြုံနိုင်မှုသည် ကောင်းမွန်ပြီး အခြားသောဒေသများတွင် ပြောင်းလဲမှုများ၊ မတည်ငြိမ်မှုများရှိနိုင်ပါသည်။ Flightradar24 စနစ်သည် လှိုင်းလွှင့်ထုတ်စက်များ ကမ္ဘာအနှံ့တွင်တပ်ဆင်ပြီး လွှမ်းခြုံ နိုင်မှုပိုမိုကောင်းမွန်စေရန် လုပ်ဆောင်လျက်ရှိပါသည်။
MLAT
အချို့သောဒေသများတွင် ADS-B စနစ် မတပ်ဆင်ထားသောလေယာဉ်များအား တည်နေရာရှာဖွေတွက်ချက်ရန်အတွက် MLAT (Multilatration) စနစ်ကို အသုံးပြုပါသည်။ MLAT သည် တည်နေရာပြောင်းလဲမှု အချိန်ခြားနားခြင်း တွက်ချက်မှု စနစ် (TDOA - Time Difference of Arrival) ကို အဓိကအသုံးပြုထားပါသည်။ ပုံစံဟောင်း Mode-S စနစ် လွှင့်ထုတ် စက်ပါဝင်သောလေယာဉ်များအား တည်နေရာရှာဖွေတွက်ချက်ပေးနိုင်ပြီး MLAT စနစ်အတွက် အဆိုပါလှိုင်းလွှင့်ထုတ် စက်လေးလုံးမှပေးပို့သောအချက်အလက်များ ပေါင်းစပ်တွက်ချက်ပုံဖော်ရန်လိုအပ်ပါသည်။ MLAT စနစ်လွှမ်းခြုံနိုင်မှု သည် ပေ ၃၀၀၀ မှ ၁၀၀၀၀ အတွင်း ရှိပါသည်။
North America Radar Data
ADS-B နှင့် MLAT တို့အပြင် မြောက်အမေရိကတိုက်ပတ်ဝန်းကျင်ရှိ လေကြောင်းပျံသန်းမှုအချက်အလက်များအား ရယူထည့်သွင်းတွက်ချက်ပါသည်။ အဆိုပါအချက်အလက်များသည် ရေဒါများမှရရှိသော အချက်အလက်များဖြစ်ပြီး (ADS-B စနစ်မပါဝင်သော လေယာဉ်များအပါအဝင်) US၊ ကနေဒါ၊ အတ္တလန်တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာများအတွင်းရှိ ပျံသန်းမှုခရီးစဉ်များ၊ စီးပွားဖြစ်ခရီးသည်တင်လေကြောင်းပျံသန်းမှုများအား ဖမ်းယူရရှိနိုင်ပါသည်။
Flarm
Flarm သည် ADS-B စနစ်နှင့်ဆင်တူပြီး အကွာအဝေးအနည်းအငယ်သာဖမ်းယူနိုင်သည့် ရိုးရှင်းသောပုံစံရှိပါသည်။ အဓိကအားဖြင့် လေဟုန်စီးသည့် (Gliders) များနှင့် သေးငယ်သောလေယာဉ်များ ဖမ်းယူနိုင်ရန်အသုံးပြုပါသည်။ Flarm ၏ အကွာအဝေးလွှမ်းခြုံနိုင်မှုသည် ၂၀ မှ ၁၀၀ ကီလိုမီတာအတွင်းရှိပါသည်။ Flarm သည် Glider ပျံသန်းမှုများသည့် လေယာဉ်ကွင်းငယ်များတွင် တပ်ဆင်လေ့ရှိကြပါသည်။
ခန့်မှန်းတွက်ချက်မှုများ
လေယာဉ်တစ်စင်း၏ ခရီးအဆုံးဆင်းသက်မည့်နေရာ (Destination) ကြိုတင်သိရှိရသည့်အခြေအနေဖြစ်ပါက လေယာဉ် သည် Flightradar24 receiver စနစ်များ၏ လွှမ်းခြုံနိုင်မှုဧရိယာပြင်ပတွင် ပျံသန်းလျက်ရှိသော်လည်း လမ်းကြောင်း ခန့်မှန်းတွက်ချက်မှုအား ၂ နာရီစာပြု လုပ်ပေးနိုင်ပါသည်။ Destination မသိရှိရပါက လေယာဉ်၏တည်နေရာ ခန့်မှန်း တွက်ချက်မှုအား ၁၀ မိနစ်ထိ လုပ်ဆောင်ပေးနိုင်ပါသည်။ Destination မသိရှိပါက တည်နေရာအားတွက်ချက်ရာတွင် အခြေခံအချက်အလက်ပေါင်းများစွာ ထည့်သွင်းတွက်ချက်ခြင်းဖြစ်ပြီး အချို့သောလေကြောင်းပျံသန်းမှုများသည် အလွန် ပင်တိကျပါသည်။ သို့သော် အချို့သောလေကြောင်းပျံသန်းမှုများသည် လွှမ်းခြုံနိုင်သောဧရိယာပြင်ပဖြစ်ပါက လွှဲမှားနိုင် မှုသည် ၁၀၀ ကီလိုမီတာ (၅၅ မိုင်)အထိရှိနိုင်ပါသည်။ Flightradar24 ၏ Setting ချိန်ညှိခြင်းတွင် ခန့်မှန်းတွက်ချက် ထားသည့် လေကြောင်းပျံသန်းမှုများအား အချိန်မည်မျှအထိထားမည်ကို သတ်မှတ်ချိန်ညှိနိုင်ပါသည်။
Flightradar24 စနစ်အား စတင်ထုတ်လွှင့်စဉ်တွင် ခရီးသည် ၁၀၀ ဦးအထက်ပါသော စီးပွားရေးသုံးလေယာဉ်များ အတွက် အဓိကထားအသုံးပြုနိုင်ရန်စီစဉ်ထားပြီး လက်ရှိတွင် ADS-B စနစ်တွင်ပါဝင်သော လေယာဉ်/ရဟတ်ယာဉ် များအတွက်ပင် အသုံးပြုနိုင်ပါသည်။ လေယာဉ်ကုမ္ပဏီများနှင့် ထုတ်လုပ်သူများသည် ADS-B လွှင့်ထုတ်စက် (Transponder) တပ်ဆင်ခြင်းအား မဖြစ်မနေလုပ်ဆောင်ရမည့်အခြေအနေသို့ ရောက်ရှိလာနိုင်ပါသည်။
ADS-B လွှင့်ထုတ်စနစ် (Transponder) ပါဝင်ပြီး Flightradar24 တွင် ဖော်ပြပေးနိုင်သည့် လေယာဉ်အမျိုးအစားများ မှာ-
(က) Airbus အားလုံး (A300, A310, A318, A319, A320, A321, A330, A340, A350, A380)
(ခ) Antonov An-148 and An-158
(ဂ) ATR 72-600 (အသစ်)
(ဃ) BAe ATP
(င) BAe Avro RJ70, RJ85, RJ 100
(စ) Boeing 737, 747, 757,767,777,787
(ဆ) Bombardier CS 100 and CS 300
(ဇ) Embraer E190 (အသစ်)
(ဈ) Fokker 70 and 100
(ည) McDonnell Douglas DC-10 and MD-11
(ဋ) Sukhoi SuperJet 100
(ဌ) Ilyushin and Tupolev အမျိုးအစားအသစ် (ဥပမာ IL-96, TU-204)
ADS-B စနစ်မပါဝင်သောလေယာဉ်များနှင့် Flightradar24 တွင် မဖော်ပြနိုင်သောလေယာဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) Antonov AN-124 and An-225
(ခ) ATR 42, 72 (အသစ်ရောက်ရှိသော ATR72-600 လေယာဉ်များမှလွဲ၍)
(ဂ) Boeing 707, 717, 727, 737-200, 747-200, 747-100, 747SP
(ဃ) BAe Jetstream 31 and 32
(င) All Bombardier CRJ models (အသစ်ရောက်ရှိသော CRJ-900 လေယာဉ်များမှလွဲ၍)
(စ) All Bombardier Dash models
(ဆ) All CASA models
(ဇ) All Dornier models
(ဈ) All Embraer models (အသစ်ရောက်ရှိသော Embraer E190 လေယာဉ်မှလွဲ၍)
(ည) De Havilland Canada DHC-6 Twin Otter
(ဋ) Fokker 50
(ဌ) McDonnell Douglas DC-9, MD-8x, MD-90
(ဍ) Saab 340 and 2000
(ဎ) ရဟတ်ယာဉ်အများစု
(ဏ) ခေတ်ဟောင်းလေယာဉ်အများစု
(တ) စီးပွားရေးသုံးလေ ယာဉ်အများစု
(ထ) တပ်မတော်လေယာဉ်အများစု
(ဒ) ပန်ကာတပ်လေယာဉ်အများစု
အထက်ပါလေယာဉ်များသည် Flightradar24 တွင်ပေါ်သည့်လေယာဉ်များနှင့် မပေါ်သည့်လေယာဉ်များဖြစ်သော်လည်း ချွင်းချက်အနေဖြင့် အချို့သောလေယာဉ်များသည် ADS-B စနစ်မပါရှိဘဲ ADS-B လွှမ်းခြုံနိုင်သော ဧရိယာအတွင်း၌သာ ပျံသန်းပါက Flightradar24 တွင် ဖော်ပြပေးနိုင်မည်မဟုတ်ပါ။ အချို့သောလေယာဉ်ငယ်များသည် ADS-B စနစ် တပ်ဆင်ထားပြီး ADS-B လွှမ်းခြုံနိုင်သောဧရိယာအတွင်း၌သာပျံသန်းပါက Flightradar24 တွင် ဖော်ပြပေးနိုင်မည် ဖြစ်သည်။
Flightradar24 တွင် ဖော်ပြနိုင်သည့်လေယာဉ်များ
MLAT, Radar, Flarm တို့၏ လွှမ်းခြုံနိုင်သော ဧရိယာများအတွင်းဖြစ်ပါက လေယာဉ်များသည် အမျိုးအစားများအပေါ် တွင်မူတည်မှုမရှိဘဲ Flight-radar24 တွင် ဖော်ပြပေးနိုင်ပါသည်။ ပန်ကာတပ်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Glider များပင် ဖမ်းယူရရှိနိုင်ပါသည်။ သို့သော်လည်း MLAT တွင် ကန့်သတ်ချက်များစွာရှိပါသည်။ အမြင့်ပေ ၃၀၀၀ နှင့် ၁၀၀၀၀ ကြားတွင်ရှိသော လေယာဉ်များကိုသာ ဖမ်းယူရရှိနိုင်ပါသည်။ Radar Data များနှင့်ဖမ်းယူသောလေယာဉ်များသည် ပျံသန်းမှုအစီအစဉ် (Flight Plan) တင်ထားခြင်းမရှိသော ပုံမှန်လေယာဉ်များသည် ဖော်ပြပေးနိုင်ခြင်းမရှိသည့်အပြင် အချို့သောလေယာဉ်များသည် လေယာဉ်မှတ်ပုံတင်အမှတ်အသား (Registration) များနှင့် ပျံသန်းမည့်လမ်းကြောင်း အချက်အလက်များ မဖော်ပြနိုင်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ထို့အတူ MLAT စနစ်အသုံးပြုရာတွင်လည်း လေယာဉ် အခေါ်အဝေါ် (Call Sign) များ မဖော်ပြနိုင် ခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသည်။
ကန့်သတ်ပိတ်ပင်ခြင်းများ
လုံခြုံရေးကိစ္စရပ်များနှင့် လျှို့ဝှက်ကိစ္စများအတွက် အချို့သောပျံသန်းမှုခရီးစဉ်များအားကန့်သတ်ခြင်း၊ ပိတ်ပင်တားမြစ် ခြင်းများပြုလုပ်ထားပါသည်။ တပ်မတော်လေယာဉ်များနှင့် နိုင်ငံ့ထိပ်သီးပုဂ္ဂိုလ်များ၏ ခရီးစဉ်များအား မဖော်ပြနိုင်ရန် ဆောင်ရွက်ထားပါသည်။
Flightradar24 ၏ လွှမ်းခြုံနိုင်မှု
Flightradar24 တွင် အဓိကကျသည့် လေယာဉ်ကွင်းများအား အပြာရောင်အမှတ်အသားများဖြင့် ဖော်ပြထားပါသည်။ လွှမ်းခြုံနိုင်သည့်ဧရိယာသည် ကမ္ဘာတစ်ဝှမ်းရှိအချက်အလက်ထောက်ပံ့ကူညီသူများပေါ်တွင် မူတည်နေပါသည်။ သတိထားရမည့်အချက်အနေဖြင့် လေကြောင်းပျံသန်းမှုများအားဖော်ပြနိုင်မှုနှင့် စနစ်၏ဧရိယာလွှမ်းခြုံနိုင်မှုသည် လေယာဉ်အမျိုးအစား၊ လွှင့်ထုတ်စက်အမျိုးအစား၊ အမြင့်ပေနှင့် မြေပြင်/ရေပြင်အခြေအနေတို့ပေါ်တွင်မူတည်၍ ပြောင်း လဲမှုများရှိနိုင်ပါသည်။ တည်နေရာတစ်ခုတည်း၌ပင် လေယာဉ်အမျိုးအစားမတူညီပါက ဖော်ပြနိုင်မှုသည်လည်း ခြားနား မှုများစွာရှိမည်ဖြစ်ပါသည်။ အကယ်၍သိရှိစုံစမ်းလိုသော လေယာဉ်အချက်အလက်သည် Flight-radar24 တွင် မပေါ်ပါ က သင့်တော်သောလွှင့်ထုတ်စက်မပါ၍သော်လည်းကောင်း၊ Flightradar24 ၏ လွှမ်းခြုံနိုင်မှုဧရိယာပြင်ပတွင် ရောက်ရှိ နေသောကြောင့်လည်းကောင်း ဖြစ်နိုင်ပါသည်ဟု စုစည်းတင်ပြအပ်ပါသည်။
Source:https://www.Flightradar24.com/how-it-works credit