27/08/2026
လူကြီးနဲ့ လူငယ် အနုပညာကို အတူတူ ဖန်တီးတဲ့အခါ
မျိုးဆက်မတူတဲ့ လူတွေ အတူတူ အနုပညာဖန်တီးတဲ့အခါ သူတို့ရဲ့ ဦးနှောက်လှိုင်းတွေဟာ တူညီစွာ အလုပ်လုပ်ကြပါတယ်။ ဒီလို ဦးနှောက်လှိုင်း တူညီမှုကနေတစ်ဆင့် အထီးကျန်ဆန်မှု (သို့) လူမှုရေးအရ ရင်းနှီးကျွမ်းဝင်မှုတွေကို ခန့်မှန်းနိုင်တယ်လို့ ဆွစ်ဇာလန်နိုင်ငံ ETH Zurich တက္ကသိုလ်က သုတေသီ Ryssa Moffat နဲ့ အဖွဲ့က PLOS Biology ဂျာနယ်မှာ ဩဂုတ်လ ၂၀ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
အထီးကျန်ခြင်းရဲ့ အန္တရာယ်
အထီးကျန်ဆန်တာဟာ ကျန်းမာရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါတယ်။ ဒါကြောင့် ကျန်းမာရေးပညာရှင်တွေက လူတွေ (အထူးသဖြင့် မျိုးဆက်မတူသူတွေ) အချင်းချင်း ပိုမိုရင်းနှီးလာအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။ လူကြီးတွေနဲ့ လူငယ်တွေ ရင်းနှီးလာရင် သက်ကြီးရွယ်အိုတွေအတွက် စိတ်ချမ်းသာမှု ပိုရလာတယ်ဆိုတာ သိပေမဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ထဲမှာ ဘာတွေပြောင်းလဲသွားလဲ ဆိုတာကိုတော့ သေချာ မသိခဲ့ကြပါဘူး။
သုတေသနကို ဘယ်လိုလုပ်ခဲ့လဲ
ဒီအပြောင်းအလဲကို သိရဖို့အတွက် သုတေသီတွေက အသက် ၇၀ ကျော် လူကြီးတွေနဲ့ အသက် ၁၈ ကနေ ၃၅ နှစ်ကြား လူငယ်တွေကို စုံတွဲ ၃၁ တွဲ ဖွဲ့ပေးခဲ့ပါတယ်။ ပြီးတော့ လူငယ်အချင်းချင်း စုံတွဲ ၃၀ နဲ့ နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။
သူတို့ကို ပုံဆွဲတဲ့ အစီအစဉ်တစ်ခုမှာ ၆ ကြိမ်တိတိ ပါဝင်စေခဲ့ပါတယ်။ တစ်ယောက်တည်း ပုံဆွဲတာရော၊ စကားမပြောဘဲ နှစ်ယောက်အတူတူ ဆွဲတာပါ လုပ်ခိုင်းခဲ့ပါတယ်။ အကြိမ်တိုင်းမှာ သူတို့ရဲ့ အထီးကျန်ဆန်မှု၊ တစ်ဖက်လူအပေါ် သဘောထားနဲ့ ဘယ်လောက်ရင်းနှီးလာလဲ ဆိုတာတွေကို မေးမြန်းမှတ်တမ်းတင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ လူနှစ်ယောက် အပြန်အလှန် ဆက်သွယ်နေချိန်မှာ ဦးနှောက်လှိုင်း နှစ်ခုကို တစ်ပြိုင်နက်တည်း တိုင်းတာတဲ့ Hyperscanning နည်းပညာကို အသုံးပြုပြီး ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကိုပါ စောင့်ကြည့်တိုင်းတာခဲ့ပါတယ်။
အံ့ဩဖွယ် တွေ့ရှိချက်များ
အတူတူ ဖန်တီးခြင်း၏ စွမ်းအား - တစ်ယောက်တည်း ပုံဆွဲတာထက်၊ နှစ်ယောက်အတူတူ ပုံဆွဲတဲ့အခါ ဦးနှောက်လှိုင်းတွေ ပိုပြီး တူညီစွာ အလုပ်လုပ်ကြတာကို တွေ့ရပါတယ်။
အထီးကျန်မှု လက္ခဏာ - မျိုးဆက်မတူတဲ့ စုံတွဲတွေမှာ တစ်ယောက်တည်း ပုံဆွဲနေချိန် ဦးနှောက်လှိုင်း တူညီမှုရှိရင် အဲဒီလူတွေဟာ အထီးကျန်နေတတ်ပါတယ်။
ရင်းနှီးမှုရဲ့ သင်္ကေတ - မျိုးဆက်မတူသူတွေ "အတူတူ" ပုံဆွဲချိန်မှာ လူမှုဆက်ဆံရေးကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ ညာဘက်အခြမ်း (Right inferior frontal cortex) မှာ ဦးနှောက်လှိုင်း တူညီလာတာကတော့ သူတို့တွေ ပိုပြီး ရင်းနှီးကျွမ်းဝင်လာတာကို ပြသနေတာ ဖြစ်ပါတယ်။
ဦးနှောက်လှိုင်း ကျဆင်းသွားခြင်းရဲ့ လျှို့ဝှက်ချက်
အကြိမ်ရေများလာတာနဲ့အမျှ လူငယ်အချင်းချင်း စုံတွဲတွေမှာ ဦးနှောက်လှိုင်းတူညီမှုက မြင့်တက်လာပေမဲ့ မျိုးဆက်မတူတဲ့ စုံတွဲတွေမှာတော့ တဖြည်းဖြည်း လျော့ကျသွားတာကို တွေ့ရပါတယ်။
ဒါဟာ သူတို့ မရင်းနှီးတော့လို့ မဟုတ်ပါဘူး။ သိပ္ပံပညာအရ သူတို့တွေ အချင်းချင်း ပိုရင်းနှီးကျွမ်းဝင်လာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ ဦးနှောက်က အရင်ကလောက် အားစိုက်ထုတ်စရာ မလိုတော့လို့ ဦးနှောက်လှိုင်း တူညီမှု ကျဆင်းသွားတာ ဖြစ်ပါတယ်။
သုတေသနက ၆ ကြိမ်ပဲ လုပ်ခဲ့ရပေမဲ့ ဦးနှောက်လှိုင်း တူညီမှုဆိုတာ အသေမမှတ်ယူနိုင်ဘဲ လူမှုဆက်ဆံရေး ပြောင်းလဲလာတာနဲ့အမျှ အမြဲလိုက်လံ ပြောင်းလဲတတ်တဲ့ သဘောရှိတယ်လို့ သုတေသီတွေက သုံးသပ်ထားပါတယ်။
သုတေသီတွေရဲ့ အမြင်နဲ့ မျှော်လင့်ချက်
ဦးဆောင်သုတေသီ ရစ်ဆာ မော့ဖတ် က "ကမ္ဘာတဝန်းက သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်ဆန်မှု ပြဿနာကို ဖြေရှင်းချင်လို့ အခုလို သုတေသန လုပ်ဖြစ်ခဲ့တာပါ။ သုတေသနအပြီး ၆ လအကြာမှာ ပါဝင်ခဲ့သူတွေကို ဖိတ်ပြီး သူတို့ဆွဲခဲ့တဲ့ ပုံတွေကို ပြန်ပြခဲ့ပါတယ်။ စုံတွဲတွေက သူတို့ရဲ့ လက်တွဲဖော်ကို ပြန်ရှာပြီး ပုံတွေကို အတူတူ ကြည့်နေကြတာဟာ တကယ့်ကို ကြည်နူးစရာပါပဲ။ ဒါဟာ လူမှုဆက်ဆံရေး သုတေသနတွေရဲ့ တန်ဖိုးကို ပိုပြီး ပေါ်လွင်စေပါတယ်" လို့ ပြောပါတယ်။
နောက်ထပ် သုတေသီ Guillaume Dumas ကလည်း "ဒီလေ့လာမှုကနေတဆင့် လူမှုဆက်ဆံရေးတစ်ခု အချိန်နဲ့အမျှ ဘယ်လို ဖြစ်တည်လာသလဲ ဆိုတာကို လေ့လာနိုင်ခဲ့ပါတယ်။ ဦးနှောက်လှိုင်း တူညီမှုဆိုတာ 'များတိုင်းကောင်းတာ' မဟုတ်ဘဲ၊ အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲနေတယ်ဆိုတာကို သိလိုက်ရတယ်" လို့ ဆိုပါတယ်။
ပါမောက္ခ Emily S. Cross ကတော့ "ဒါဟာ အင်မတန် ရည်မှန်းချက်ကြီးတဲ့ သုတေသနတစ်ခု ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် ချက်ချင်း အကျိုးရှိစေမယ့် ရလဒ်တွေ ထွက်လာအောင် အစအဆုံး အကောင်းဆုံး ဦးဆောင်နိုင်ခဲ့တဲ့ ရစ်ဆာ ကို တကယ်ပဲ ချီးကျူးပါတယ်" လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Ref:
Medicalxpress - When people of different generations create together, brain activity changes