12/14/2025
💔 စစ်ပွဲများနှင့် မြန်မာ့ပညာရေး အနာဂတ်💔
ACLED ပဋိပက္ခညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဋိပက္ခအမြင့်မားဆုံး နိုင်ငံတွေထဲမှာ ဒုတိယနေရာကနေ ပါဝင်နေပါတယ်။ https://acleddata.com/series/acled-conflict-index
ဒါဟာ ဂဏန်းတစ်ခုသာသာ မဟုတ်ပါဘူး။ ဒါဟာ မြန်မာပြည်သူတွေရဲ့ အကြောက်တရားနဲ့ ရှင်သန်နေရတဲ့ နေ့စဉ်ဘဝကို မီးမောင်းထွန်းပြနေတာပါ။
ရွာတွေကို မီးရှို့၊ အပြစ်မရှိ ပြည်သူတွေရဲ့ ဘဝတွေကို ရက်ရက်စက်စက် ရပ်တန့်ပစ်လိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လူမဆန်မှုတွေကနေ အရင်းခံလာတဲ့ ကိန်းဂဏန်း တစ်ခုဖြစ်ပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတာ... ရွာတွေကို လက်နက်ကြီးနဲ့ပစ်တာ... ကလေးတစ်ယောက် သေဆုံးသွားတာ... ဒီသတင်းတွေကို မြင်တိုင်း၊ ကျွန်တော့်ရင်ထဲမှာ ဝမ်းနည်းပူဆွေးမှု၊ ဒေါသတွေ ရောပြွမ်းနေတဲ့ ခံစားချက်တစ်ခုတည်းပဲ အမြဲ ပေါ်လာတယ်။
ဆိုတော့ ကျွန်တော်ဟာ ကိုယ်တတ်ကျွမ်းထားတဲ့ ပညာရေးနဲ့ အသက်မွေးနေရတဲ့ သူဆိုတော့ မေးခွန်းတစ်ခု ကျွန်တော့်ကို ကျွန်တော် ပြန်မေးမိတယ်။
"ငါတို့ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကလေးတွေရဲ့ လုံခြုံစိတ်ချစွာ ပညာသင်ကြားခွင့်တွေကကော ဘယ်လိုလဲ"
ဒီမေးခွန်းက ကျွန်တော့်ကို နေ့တိုင်းလွှမ်းမိုးထားတယ်။ ဒါနဲ့ပဲ... ကျွန်တော် ဖုန်းကိုချလိုက်ပြီး ကျွန်တော် GIS ဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်တယ်။ ကိန်းဂဏန်းအချက်အလက်တွေကို ကိုယ်တိုင်ကြည့်ပြီး အကြောင်းအရာ တစ်ခု ပြပေးနိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်တော် မြန်မာတစ်နိုင်ငံလုံးက ကျောင်းတည်နေရာတွေ ကို မြေပုံဆွဲတယ်။ ပြီးတော့ ACLED က မှတ်တမ်းတင်ထားတဲ့ တိုက်ပွဲ၊ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ မိုင်းနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ အပါအဝင် နိုင်ငံရေး ပဋိပက္ခဖြစ်စဉ်တွေကို မြေပုံပေါ်တင်လိုက်တယ်။
အဲဒီ ပဋိပက္ခဖြစ်စဉ်တွေရဲ့ ပတ်ပတ်လည် ၄ ကီလိုမီတာ (၄ km) ကို "ပဋိပက္ခထိခိုက်မှုနယ်မြေ" အဖြစ် သတ်မှတ်လိုက်ပါတယ်။
💔 ရလဒ်က ကျွန်တော့်နှလုံးသားကို ဆွဲဆုတ်လိုက်သလိုပါပဲဗျာ.....
မြန်မာနိုင်ငံမှာ ရှိနေတဲ့ စာသင်ကျောင်း စုစုပေါင်းထဲက ၅၈ ရာခိုင်နှုန်း ဟာ ဒီ "ပဋိပက္ခထိခိုက်မှုနယ်မြေ" ထဲမှာ တည်ရှိနေပါတယ်။ ထက်ဝက်ကျော်ကို ပါပဲဗျာ...
ဆိုတော့ ကလေးတွေ ပညာသင်ယူပြီး အနာဂတ်ကို တည်ဆောက်ရမယ့် နေရာတွေဟာ... အခုတော့ အကြောက်တရား၊ စစ်ရှောင်ဒုက္ခနဲ့ အကြမ်းဖက်မှုတွေ ဝန်းရံခြင်းကို ခံနေရပါပြီ။
ဒါဟာ အဆောက်အအုံတွေ ပျက်စီးတာထက် ပိုပါတယ်။
ဒါဟာ အကြောက်တရားနဲ့ နေ့စဉ် ရှင်သန်နေရလို့ ပညာရေးကို အာရုံမစိုက်နိုင်တော့တဲ့ မြန်မာနိုင်ငံက ကလေးတွေ အကြောင်းပါ။
ဒါဟာ စာသင်ကျောင်းတွေမှာ ဆရာ/ဆရာမတွေ လုံခြုံစွာ မရှိနိုင်တော့တဲ့ အကြောင်းပါ။
ဒါဟာ မိမိတို့ ကလေးကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လှတဲ့မိဘတွေဟာ ကလေးတွေကို ကျောင်းပို့ဖို့ စိတ်မချနိုင်ရတော့တဲ့ အကြောင်းပါ။ တွေးလေ ရင်နာရလေ ပါပဲ...
လူသားမဆန် ရက်စက်လွန်းလှတဲ့ ပဋိပက္ခတွေ နေရာယူလာတဲ့အခါ ပညာရေးဟာ အရင်ဆုံး ပြိုလဲ ရပါတယ်။ ပညာရေး ပြိုလဲတဲ့အခါ... တစ်ဦးချင်း အနာဂတ်၊ မိသားစု တစ်စု အနာဂတ်၊ တိုင်းပြည် အနာဂတ် ပါ ပြိုလဲသွား ပါတော့တယ်။
မြန်မာနိုင်ငံဟာ စစ်ပွဲကို ခံစားနေရတာတင် မဟုတ်ပါဘူး။
ကျွန်တော်တို့ဟာ စာသင်ခန်းတွေကို ဆုံးရှုံးနေရတယ်... ဘေးကင်းလုံခြုံမှုကို ဆုံးရှုံးနေရတယ်... မျှော်လင့်ချက်တွေကို ဆုံးရှုံးနေရပါတယ်။
ဒီမှာ ဖော်ပြထားတဲ့ မြေပုံဟာ ပုံသက်သက် ကိန်းဂဏန်းတွေသက်သက် မဟုတ်ပါဘူး။
ဒါဟာ လူတစ်စု အဖွဲ့အစည်း တစ်ခုက မြန်မာ့ မျိုးဆက်တစ်ခုလုံး ဆီကနေ ဘာတွေကို သိမ်းယူနေလဲဆိုတာကို သတိပေးနေတဲ့ မှတ်တမ်းတစ်ခုပါပဲ။
JbJ