09/08/2026
🎵 ဂီတမေဂျာယူပြီးရင် ဘာဆက်လုပ်လို့ရသလဲ။
===============================
ဒီမေးခွန်းက တက္ကသိုလ်အဆင့်ဂီတပညာကိုအထူးပြုဘာသာရပ်အနေနဲ့ယူလိုကြတဲ့ကျောင်းသားတွေနဲ့ပတ်သက်တဲ့အုပ်ထိန်းသူတွေ အမေးအများဆုံးဖြစ်တဲ့မေးခွန်းပါ။ တကယ်လည်းမေးသင့်တဲ့၊ လက်တွေ့ကျတဲ့မေးခွန်းပါ။ အခု ဒီမေးခွန်းကို ကျွန်မတစ်ယောက်ရဲ့အမြင်နဲ့ဘဲဖြေပါ့မယ်။ (ဒီနေရာမှာ ဂီတဆိုတာကို အနောက်တိုင်းဂီတကိုရည်ညွှန်းပါတယ်)
မဖြေခင်အရင်ဆုံး ဂီတကိုအဆင့်မြင့်ပညာ(higher education)အနေနဲ့သင်တဲ့အခါ ဘာတွေသင်တာလဲဆိုတာကို အကြမ်းဖျင်းသိထားဖို့လိုပါလိမ့်မယ်။ ဒါကိုသဘောတရားတစ်ခုအနေနဲ့ နားလည်သွားတဲ့အခါ ဒီပညာနဲ့ဘာဆက်လုပ်လို့ရသလဲဆိုတာ နဲနဲတော့ပိုမြင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။
တက္ကသိုလ်အဆင့်မှာသင်ပေးလိုက်မယ့်ဘာသာရပ်တွေဟာ လူတစ်ယောက်ဂီတနဲ့ပတ်သက်ပြီးတတ်မြောက်ထားရမယ့်အရာတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ယေဘုယျသတ်မှတ်ထားတဲ့စံချိန်စံညွှန်းနဲ့အညီ မဖြစ်မနေသင်ကိုသင်ရမယ့်ဘာသာရပ်တွေဖြစ်ပါတယ်။ (ကျောင်းတွေကလည်း ဒီလိုဖြစ်အောင်လုပ်ရမှာပါ။) သင်ကြားပေးတဲ့ဘာသာရပ်တွေကတော့ အကြမ်းဖျင်းအားဖြင့် music theory and musicianship, music history, တူရိယာအနည်းဆုံးနှစ်မျိုး၊ မိမိရဲ့အထူးပြုတူရိယာ သို့မဟုတ် ဘာသာရပ် (ဥပမာ- conducting, composing, music edu., စသဖြင့်...)၊ performance ပိုင်းနဲ့ပတ်သက်တဲ့လက်တွေ့လုပ်ဆောင်တင်ဆက်ရတဲ့အရာတွေ...စတာတွေဖြစ်ပါတယ်။ ဒါက အတိုချုံးပြီးပြောလိုက်တာပါ။ ဒီဘာသာရပ်တွေဟာ သစ်သီးတစ်လုံးရဲ့အူတိုင်ကြီးလိုပါဘဲ။ Musician တစ်ယောက်ဖြစ်သွားမယ့်သူအတွက် ရှိကိုရှိထားရမယ့် ဗဟိုအချက်အခြာကျတဲ့ အရာတွေဖြစ်ပါတယ်။ ဒါတွေရှိထားပြီဆိုရင် လုပ်လို့ရတာတွေတွေ့လာပါလိမ့်မယ်။ လုပ်ချင်တဲ့အရာတွေကိုလည်း ပိုကျယ်ပြန့်တဲ့လမ်းကြောင်းတွေနဲ့ လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ music education ကို စလုပ်နေတာ တစ်နှစ်သာသာဘဲရှိပါသေးတယ်။ မနှစ်က ကျွန်မသားငယ်ရဲ့ ကျောင်းဖတ်စာထဲမှာ သီချင်းတွေပါလာတော့ ပြောမပြတတ်အောင်ဝမ်းသာမိပါတယ်။ ဒီခရီးဘယ်လောက်တွင်ကျယ်မလဲဆိုတာ ဆက်စောင့်ကြည့်ရပါအုံးမယ်။ Music edu.ဆိုတာမရှိခင် ကျွန်မတို့ဆီမှာ popular music ဆိုတာ လူထုထဲမှာရှိလာတာ ဓါတ်ပြားခေတ်ကတည်းကပါ။ ဒါကြောင့်လည်း music လို့ပြောလိုက်ရင် လူအများစုက အသံတွေသွင်းတယ်၊ ရှိုးတွေမှာဆိုတယ် ဆိုတာလောက်ဘဲမြင်ပါတယ်။တကယ်တော့ popular music ဆိုတဲ့ကမ္ဘာလေးတစ်ခုအပြင်၊ music ကို လူတွေရဲ့အခြေခံပညာတစ်ခုအနေနဲ့သင်ကြားနေတဲ့ကမ္ဘာလေး၊ တစ်ကမ္ဘာလုံး (အထူးသဖြင့် ဥရောပနဲ့အမေရိကားမှာ) နှစ်ရာချီပြီး လေ့လာလိုက်စားကြ၊ ခံစားသက်ဝင်ကြတဲ့ ဂန္တဝင်မြောက်တဲ့ဂီတဆိုတဲ့ကမ္ဘာလေး၊ စတဲ့ ဂီတရဲ့ကမ္ဘာလေးတွေရှိနေပါလားဆိုတာကိုတောင် အများစုက မသိကြသေးပါဘူး။
***ဂီတကျောင်းတွေမှာသင်ပေးလိုက်မယ့်ဘာသာရပ်တွေက ဂီတရဲ့ဗဟိုအချက်အခြာကျတဲ့အရာတွေဖြစ်တဲ့အတွက် အခုပြောသွားတဲ့ကမ္ဘာလေးတွေအားလုံးနဲ့ ဆက်စပ်နေပါတယ်။ ဗဟိုချက်ကိုပိုင်ထားရင် ကြိုက်တဲ့လမ်းကြောင်းကိုသွားနိုင်တယ်ဆိုတာကိုမြင်စေချင်တာပါ။
➡ဗဟိုကိုရထားပြီဆိုရင် ဒီရထားတာတွေနဲ့ ကိုယ့်နိုင်ငံမှာ ဘာတွေလုပ်လို့ရမလဲ။
🔸အခုလက်ရှိတော့ အတော်လေးအလုပ်ဖြစ်နေတာက သင်ကြားရေးပိုင်းလို့ ထင်ပါတယ်။ Private lessons တွေ ကိုယ့်အိမ့်၊ ကိုယ့် studio မှာဘဲဖြစ်ဖြစ်၊ အိမ်တွေမှာလိုက်ပေးတာဘဲဖြစ်ဖြစ် လုပ်နိုင်သလို၊ အခုနောက်ပိုင်း ပေါ်လာတဲ့သင်တန်းကျောင်းတွေမှာလည်း သင်နိုင်ပါတယ်။ သင်တန်းကျောင်းတွေက ဆက်ပေါ်လာအုံးမယ့် အလားအလာကောင်းတွေရှိပါတယ်။ TV အစီအစဥ်တွေကလာနေတဲ့ အဆိုပြိုင်ပွဲတွေကြောင့် ဂီတကိုအရင်ကထက် နားလည်လိုသူတွေများလာတာ ငြင်းလို့မရပါဘူး။ သင်ယူလိုစိတ်၊ လေ့လာကြည့်လိုစိတ်ရှိသူတွေ အခုပိုများလာပါတယ်။ စနစ်တကျသင်ပေးနိုင်မယ့်သူတွေ ပိုပြီးလိုအပ်လာနေတဲ့အချိန်ပါ။ ကိုယ့်ဘာသာကိုယ် ကိုယ်ပိုင်သင်တန်းကျောင်းတွေလည်းဖွင့်လို့ရပါတယ်။
🔸Music edu ပိုင်းကိုပိုစိတ်ဝင်စားမယ်ဆိုရင်တော့ private schools တွေမှာလည်း အလုပ်ရနိုင်မယ့်အခွင့်အရေးတွေရှိပါတယ်။ မကြာခဏလည်း လုပ်မယ့်သူတွေလိုအပ်နေကြပါတယ်။
🔸 Popular trend ဘက်သွားချင်တယ်ဆိုရင်တော့ live show တွေဆိုနိုင်မှ အသက်ရှူချောင်မယ်လို့ နားလည်ရပါတယ်။ ကိုယ့်အိတ်စိုက်ရတာများပါမယ်။ (ဒီနေရာမှာ အဆိုသမားထက် အတီးသမားတွေနဲ့တေးရေးတွေ ပိုအဆင်ပြေနိုင်ချေများသလားလို့။ အဆိုသမားတွေအတွက်က နာမည်ရလာရင်တော့တစ်မျိုးပေါ့။) ကျွန်မတို့ စတူဒီယိုလောကခေတ်ပျက်ကြီးထဲမှာ နေလာခဲ့ရတာပါ။ network တွေရှာလို့မလွယ်၊ producer တွေလမ်းပျောက်နေခဲ့တာ ဆယ်စုနှစ်တွေကျော်လာပါပြီ။ ဒီဒဏ်တွေရှိနေသေးပေမယ့် အခုinternet ခေတ်မှာ စနစ်တွေပြောင်းလာပါပြီ။ ဒီစနစ်သစ်ထဲဘယ်လိုဝင်ဆန့်အောင်လုပ်မလဲဆိုတာ လေ့လာရင်း ဒီလောကမှာရပ်တည်ချင်ရင် ကြိုးစားကြည့်နိုင်ပါတယ်။ ခုထိတော့ မြန်မာပြည်က online စနစ်နဲ့လုပ်နေတဲ့နေရာတွေကနေ အနုပညာရှင်တွေရပ်တည်လို့ရနိုင်တဲ့အခြေအနေမျိုးတော့မပေးနိုင်သေးဘူးလို့နားလည်ရပါတယ်။ ဆက်စောင့်ကြည့်ရအုံးမှာပါ။
🔸ခရစ်ယာန်အသင်းတော်တွေဟာ သာသနာပြုများရဲ့လေ့ကျင့်သင်ကြားပေးခဲ့မှုများကြောင့် အနောက်တိုင်းဂီတကိုအစောပိုင်းကာလကတည်းက ရရှိကျင့်သုံးနေတဲ့နေရာတွေဖြစ်ပါတယ်။ ဒီလိုအသင်းတော်တွေမှာ စနစ်တကျသင်ယူထားတဲ့ဂီတသမားတွေကို လစာပေးပြီးနေရာပေးလာကြမယ်ဆိုရင် ခရစ်ယာန်ဂီတသမားတွေအတွက် နောက်ထပ်အခွင့်အလမ်းတစ်ခုဖြစ်လာမှာပါ။
🔸နောက်တစ်ခုကတော့ ကျွန်မတို့ဆီမှာ classical ပွဲလေးတွေ ရှိလာပါပြီ။ အများကြီးတော့မဟုတ်သေးပေမယ့် လမ်းတွေပွင့်လာတာနဲ့အမျှ ကျယ်ပြန့်လာနိုင်တဲ့နယ်ပယ်တစ်ခုပါ။ ဒါလည်း ပညာရှင်အားလုံးမဟုတ်ရင်တောင် တိုးပေါက်နိုင်မယ့်သူတွေအတွက် အလားအလာကောင်းတွေရှိနိုင်မယ့်နယ်ပယ်တစ်ခုဖြစ်မှာပါ။ ဂီတကိုသင်ယူမှုအင်အားများလာလေလေ ဒီလိုဂီတမျိုးကို အားပေးလက်ခံမှုပိုများလာမယ်လို့မြင်မိပါတယ်။
🔸ဒီပညာနဲ့ အလုပ်အကိုင်တစ်ခုခုလုပ်နေမှမဟုတ်ပါဘူး။ ဘွဲ့ရကျောင်းအောင်သွားမယ့်သူတွေအနေနဲ့ ဒီပညာနဲ့နောက်ထပ်ဘွဲ့ဒီဂရီတွေယူနိုင်တဲ့အခွင့်အရေးရှိရင်ယူလို့ရသေးတယ်။ နိုင်ငံပြင်ပကိုတော့ထွက်ရလိမ့်မယ်။ ဒီမှာက အခုအချိန်မထိတော့ music program ရှိတဲ့ကျောင်းတွေမှာတောင် undergraduate level ကိုတောင် အနိုင်နိုင်လုပ်နေရတာပါ။ အပြင်ရောက်သွားရင် ဒီပညာနဲ့လုပ်လို့ရမယ့်လမ်းတွေ အများကြီးထပ်တွေ့သွားပါလိမ့်မယ်။
🔴အရေးကြီးတဲ့အချက်ရှိပါတယ်။ သင်ကြားရေးပိုင်းဘဲသွားသွား၊ ဖျော်ဖြေရေးပိုင်းဘဲလုပ်လုပ် ကျွမ်းကျင်မှုကတော့ အထိုက်အလျောက်ရှိရပါမယ်။ သြ ဒါပေါ့ လို့လွယ်လွယ်လေးမပြောလိုက်ပါနဲ့။ ကျွမ်းကျင်တဲ့ဂီတသမားဖြစ်ဖို့ အထုံပါရမီရော၊ ဝီရိယရော နှစ်ခုစလုံး ရှိကိုရှိရမှာပါ။ ဒါကြောင့် ဂီတပညာကို အထူးပြုဘာသာရပ်အနေနဲ့ယူရင် ဘာလုပ်ကိုင်စားသောက်လို့ရမလဲဆိုတဲ့မေးခွန်းကို အုပ်ထိန်းသူတွေနဲ့မေးတဲ့အခါ မိမိရဲ့သားသမီးက ပါရမီနဲ့ဝီရိယ တွဲပြီးရှိသလားဆိုတာကိုလည်း ထည့်စဥ်းစားပေးရပါမယ်။ မရှိရင် သို့မဟုတ် ရှိသင့်သလောက်မရှိဘူးထင်ရင် ဖြောင်းဖျပြီး တခြားသာလုပ်ခိုင်းပါ။ မလုပ်နိုင်တာကြီးကိုလုပ်နေရရင် အိပ်မက်ဆိုးကြီးဖြစ်သွားလိမ့်မယ်။ ရှိတယ်ဆိုရင်တော့ လုပ်ခွင့်ပေးကြည့်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်မကိုယ်တိုင် မိဘတစ်ဦးလည်းဖြစ်၊ ဒီပညာနဲ့အသက်မွေးနေသူတစ်ဦးလည်းဖြစ်တဲ့သူအနေနဲ့ပြောတာပါ။ မိမိရဲ့ကလေး ဒါကိုဘယ်လောက်အထိဖြစ်အောင်လုပ်သွားနိုင်မလဲဆိုတာ ရှာဖွေခွင့်ပေးစေချင်ပါတယ်။ ဒီပညာနဲ့ဘွဲ့ရပြီး ဒါနဲ့အသက်မမွေးချင်ဘူးလို့ သူတို့ဆုံးဖြတ်ရင်လည်းရတာပါဘဲ။ ကျောင်းပြီးလာတဲ့မေဂျာနဲ့ လုပ်နေတဲ့အလုပ်တခြားစီဆိုတဲ့သူတွေ အောင်မြင်နေကြတာလည်းအများကြီးပါဘဲ။ သေချာတာကတော့ ဂီတဆိုတဲ့ပါရမီဟာ လူနည်းစုမှာဘဲပါလာတာပါ။ ကိုယ့်သားသမီးမှာ အဲဒီပါရမီပါလာတယ်ဆိုရင်တော့ လမ်းစကိုမဖြတ်ပစ်လိုက်ဘဲ လမ်းတည့်ပေးရမယ့်တာဝန်ရှိတယ်လို့မြင်ပါတယ်။ ဒါလည်း မိသားစုတစ်ခုစီမှာ ကိုယ့်အကြောင်းနဲ့ကိုယ်တွေရှိကြမှာပါ။ ကျွန်မတစ်ဦးတည်းရဲ့အမြင်ကိုသာဖော်ပြခြင်းဖြစ်ပါတယ်။ အခုပြောသွားတာတွေကိုလည်း မှားနေရင်ပြင်၊ လိုနေရင်ထပ်ဖြည့်ပေးစေလိုပါတယ်။
အိပ်မက်နဲ့လက်တွေ့ တစ်ထပ်တည်းကျနိုင်ကြပါစေ။💞
မြန်မာနိုင်ငံ၏ပထမဦးဆုံးသော Music Learning Application ''Rhythm18'' ကနေတဆင့် ဆရာမရဲ့ Online Piano Class ကိုတက်ချင်ရင်တော့ Page Messenger
ကနေဆက်သွယ်နိုင်ပါတယ်။
နည်းစနစ်မှန်ကန်မှုအပိုင်းကို အပြည့်အ၀အာမခံပါတယ်။ တကယ်လေ့ကျင့်ရင် တကယ်တတ်မြောက်နိုင်ပါတယ်။
Instructor's Information
=============
Name: Ruth Khin Aung
Qualification and Experience: Master of Arts in Church Music
Southwestern Baptist Theological Seminary, Fort Worth, Texas, USA.
More than 20 years of teaching experience at all levels of students, from children to college level students.