02/04/2026
မနေ့က 𝒮𝒽𝒶𝓇𝒾𝓃𝑔 အဆက်လေးပါ...
-----------
The Four Agreements ရဲ့ ပထမဦးဆုံး အချက်ရဲ့ ဖော်ပြချက်လေးကို ဆက်လက်မျှဝေပေးပါမယ်နော်…
ပထမဦးဆုံး သဘောတူညီချက်ကတော့ ..
“ 𝗕𝗲 𝗜𝗺𝗽𝗲𝗰𝗰𝗮𝗯𝗹𝗲 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗪𝗼𝗿𝗱 စကားလုံးများကို အပြစ်ကင်းစွာ အသုံးပြုခြင်း” ဆိုတာပါပဲ။
စာရေးဆရာက ဒီအချက်နဲ့ပတ်သက်ပြီး လိုက်နာဖို့ အခက်ခဲဆုံးဖြစ်ပေမဲ့ အရေးကြီးဆုံးပဲလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် စကားလုံးတွေက ရိုးရိုးအသံတွေ၊ စာလုံးတွေ မဟုတ်ပါဘူး။ မှော်စွမ်းအင်တွေဖြစ်တယ်လို စာရေးသူက ဆိုပါတယ်။
စဉ်းစားကြည့်လိုက်တဲ့အခါမှာ စကားလုံးတွေက လူတစ်ယောက်ကို ကောင်းကင်ပေါ်ရောက်သွားသလို၊ ပျော်ရွှင်နိုင်သလို၊ ငရဲကျသွားသလို ခံစားရအောင်လည်း လုပ်နိုင်စွမ်းရှိပါတယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးတစ်လက်လိုပါပဲ။ ကောင်းတဲ့ဘက်သုံးမလား၊ ဖျက်ဆီးတဲ့ဘက်သုံးမလား ဆိုတာ ကျွန်ုပ်တို့ရဲ့ လက်ထဲမှာပါ.. လို့ဆိုပါတယ်။
ဒါဆိုရင် “𝐈𝐦𝐩𝐞𝐜𝐜𝐚𝐛𝐥𝐞”လို့ခေါ်တဲ့ အပြစ်ကင်းစင်ခြင်းဆိုတာ ဘာကိုဆိုလိုတာလဲဆိုရင်.. စာရေးဆရာက ဒီနေရာမှာ အပြစ်ဆိုတာ ဘာသာရေးအရ အပြစ်ကို ပြောတာမဟုတ်ဘူး Toltec ပညာရှိတွေရဲ့ အလိုအရ ကိုယ့်ကိုယ်ကို ဆန့်ကျင်ပြီး လုပ်ဆောင်သမျှအရာအာလုံးကိုခေါ်တာပါ လို့ဆိုပါတယ်။
ဥပမာ “ ငါကဝလိုက်တာ ..ငါက ရုပ်ဆိုလိုက်တာ..ငါက တုံးလိုက်တာ.” အဲလို ကိုယ့်ကိုယ်ကိုပြောနေတာကို ဒါက ကိုယ်ကိုယ်ကို ဆန့်ကျင်တိုက်ခိုက်နေတာဖြစ်တဲ့အတွက် အပြစ်ကျူးလွန်ရာရောက်ပါတယ်။ ဒါကြောင့် “စကားလုံးတွေကို အပြစ်ကင်းစွာသုံးပါ” ဆိုတာ စကားလုံးတွေကို အသုံးပြုပြီး ကိုယ့်ကိုယ်ကို နဲ့ သူတပါးကို ပြန်မတိုက်ခိုက်ပါနဲ့လို့ ဆိုလိုတာပဲ ဖြစ်ပါတယ် လို့ စာရေးသူက ဆိုပါတယ်။
သို့သော် ဝမ်းနည်းစရာကောင်းတာက ကျွန်ုပ်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ စကားလုံးတွေကို အတင်းအဖျင်းပြောခြင်း ဆိုတဲ့ ပုံစံနဲ့ အလွဲသုံးစားလုပ်နေကြပါတယ်။ စာရေးဆရာက အတင်းအဖျင်းပြောခြင်းကို Black Magic လမ်းမှားရောက်နေတဲ့ မှော်ပညာလိုတောင် တင်စားထားပါတယ်။ ကွန်ပျူတာ ဗိုင်းရပ်တစ်ခုလိုပါပဲ လူတစ်ယောက်က စေတနာမပါဘဲ သတင်းအမှာတစ်ခုခု၊ သတင်းစကားတစ်ခုခု ပြောလိုက်ရင် နားထောင်လိုက်တဲ့သူရဲ့ စိတ်ကို အဆိပ်ခတ်လိုက်သလို ဖြစ်သွားစေပါတယ်။
စာအုပ်ထဲမှာ ဥပမာလေးတစ်ခုကို ပြောပြထားတာကတော့ “ဉာဏ်ကောင်းပြီးတော့ ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်။ သူက သီချင်းဆိုတာ အရမ်းဝါသနာပါတယ် အသံလည်း အရမ်းကောင်းတယ်။ တစ်နေ့မှာ သူ့အမေ အလုပ်ကနေ ပြန်လာတဲ့အချိန်မှာ ခေါင်းတွေအရမ်းကိုက်ပြီးတော့ အရမ်းပင်ပန်းနေပါတယ်။ အဲဒီအချိန်မှာ ကလေးမလေးက ပျော်ပြီးတော့ အသံကုန် သီချင်းဆိုနေတာပေါ့…အဲအချိန်မှာ အမေလုပ်သူက ခေါင်းကိုက်နေတော့ စိတ်မရှည်ဘဲ ဒေါသထွက်ပြီး အော်မိလိုက်တယ်။ တိတ်စမ်း အသံက အရမ်းဆိုးတာပဲ..ပါးစပ်ပိတ်ထားစမ်းတဲ့.. တကယ်တော့ ကလေးမလေးအသံဆိုးလို့မဟုတ်ပါဘူး။ သူရဲ့အမေက စိတ်အခြေအနေမကောင်းလို့ ပြောလိုက်မိတာပါ။
ဒါပေမဲ့ အဲ့ဒီစကားလုံးတွေက ကလေးမလေးအပေါ် မှော်အစီအရင်တစ်ခုလို ဖြစ်သွားပါတယ်။ ကလေးမလေးက သူ့ကိုယ်သူ အသံဆိုးတယ်လို့ ယုံကြည်သွားပြီး အဲ့ဒီနေ့ကစပြီး ဘယ်တော့မှ သီးချင်းမဆိုတော့ပါဘူး။ လူတွေရှေ့မှာ စကားပြောဖို့တောင် ကြောက်သွားခဲ့ပါတယ်။
ဒီလိုပါပဲ ကျွန်ုပ်တို့ လူမှုပတ်ဝန်းကျင်မှာ ဒီလိုမျိုးတွေရှိနေလား…၊ လ္ဘက်ရည်ဆိုင်ထိုင်ရင်း သူများမကောင်းကြောင်းပြောတာတွေ၊ လူမှုစာမျက်နှာ(𝐟𝐚𝐜𝐞𝐛𝐨𝐨𝐤)ပေါ်မှာ လူတစ်ယောက်ကို ဝိုင်းပြီးတော့ 𝐂𝐲𝐛𝐞𝐫 𝐁𝐮𝐥𝐥𝐲𝐢𝐧𝐠 လုပ်တာတွေ ဒါတွေအားလုံးက ကိုယ့်ကိုယ်ကိုရော သူတပါးကိုပါ စိတ်ဒုက္ခပေးနေတဲ့ အရာတွေဖြစ်တယ်။
ဒါကြောင့် ဒီကနေ့ကစပြီး ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ပြောနေတဲ့ စကားလုံးတွေကို ရပ်လိုက်ပါ၊ ကိုယ့်ညံ့တယ်ဆိုတဲ့ အစား ကိုယ်ကြိုးစားနေတယ်လို့ ပြောင်းပြောကြည့်ပါ။ သူတပါးအကြောင်း၊ အတင်း ပြောမည့်အစား သူတို့ရဲ့ကောင်းတဲ့အရာလေးတွေကို ရှာပြီး ပြောကြည့်ပါ။ စကားလုံးတွေကို အချစ်နဲ့အမှန်တရား မျှဝေဖိုအတွက်ပဲ အသုံးပြုပါလို့ စားရေးသူဆိုပါတယ်။
စကားလုံးတွေရဲ့ စွမ်းအားတွေကို သိသွားပြီးရင် တစ်ခါတလေ သူများတွေက ကိုယ်ကို မကောင်းပြောလာတဲ့အခါမှာ စိတ်မဆင်းရဲရအောင် ဘယ်လိုနေမလဲ…ဖြေရှင်းဖို့အတွက်
ဒုတိယ သဘောတူညီချက် ဆိုတဲ့ “𝐃𝐨𝐧’𝐭 𝐓𝐚𝐤𝐞 𝐀𝐧𝐲𝐭𝐡𝐢𝐧𝐠 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐥𝐲 ဘယ်အရာကိုမှ ပုဂ္ဂိုလ်ရေးအရ ခံစားမနေခြင်း” ကို
နက်ဖန် ဆက်လက်မျှဝေပေးပါမယ်…
စာအရမ်းရှည်ရင် ဖတ်ရတာ ပျင်းမှာစိုးလို့ပါ။…..
ဒုတိယသဘောတူညီချက်ကို ဆက်လက်ဖတ်ချင်တယ်မလား…..