Burmese - ဗဟုသုတ

Burmese - ဗဟုသုတ သိပ္ပံမှသည် ဒဿနအထိ၊ သမိုင်းမှသည် နိုင်ငံရေးအထိ အဆင့်မီဆောင်းပါးကောင်းများကို တစ်နေရာတည်းတွင် ဖတ်ရှုပါ။

"ငါတို့မှာ ဘဝနှစ်ခုရှိကြတယ်။ ဒုတိယမြောက်ဘဝရဲ့ အစက ငါတို့မှာ ဘဝတစ်ခုပဲရှိတယ်ဆိုတာကို စတင်သဘောပေါက်နားလည်တဲ့အချိန်ပဲ"— ကွန...
23/07/2026

"ငါတို့မှာ ဘဝနှစ်ခုရှိကြတယ်။ ဒုတိယမြောက်ဘဝရဲ့ အစက ငါတို့မှာ ဘဝတစ်ခုပဲရှိတယ်ဆိုတာကို စတင်သဘောပေါက်နားလည်တဲ့အချိန်ပဲ"

— ကွန်ဖြူးရှပ်စ် [Confucius]

ုသုတ #ဗဟုသုတ #ဒဿန #ကွန်ဖြူးရှပ်

Misogyny (သို့မဟုတ်) အမျိုးသမီးဟူသည်ကို မုန်းတီးခြင်း"မိန်းမဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရမယ်""မိန်းမဆိုတာ အိမ်မှာပဲ နေရမ...
22/07/2026

Misogyny (သို့မဟုတ်) အမျိုးသမီးဟူသည်ကို မုန်းတီးခြင်း

"မိန်းမဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရမယ်"
"မိန်းမဆိုတာ အိမ်မှာပဲ နေရမယ်"
"မိန်းမဆိုတာ အားနည်းတယ်"
"မိန်းမကို ယောက်ျားက ကာကွယ်ရမယ်"
"မိန်းမအချင်းချင်း မနာလိုတာ သဘာဝပဲ" ဆိုတဲ့ စကားတွေကို ကြားဖူးကြမှာပါ။ ဒီလို စကားတွေ၊ အတွေးအခေါ်တွေရဲ့ နောက်ကွယ်မှာရှိတဲ့ စိတ်ဓာတ်နဲ့ စနစ်ကို Misogyny-မစ်ဆာဂျနီ လို့ ခေါ်ပါတယ်။

မစ်ဆာဂျနီ ဆိုတာ အမျိုးသမီး ဆိုတာကို မုန်းတာ၊ အထင်သေးတာ၊ ခွဲခြားဆက်ဆံတာ စတဲ့ အမျိုးသမီးဆိုတဲ့ လူမှုရေးအခန်းကဏ္ဍနဲ့ 'အမျိုးသမီးဆန်မှု' လို့ သူတို့သတ်မှတ်ထားတဲ့ အရာမှန်သမျှကို ပေါ်တင်ဖြစ်စေ၊ မသိမသာဖြစ်စေ မုန်းတီးတဲ့ ဝါဒကိုခေါ်တာပါ။ ဒီနေရာမှာ ကျွန်တော်က တခြား Activist စာရေးသူတွေလို "အမျိုးသမီးဖြစ်တည်မှုကို မုန်းတီးခြင်း" လို့ အဓိပ္ပာယ်မဖွင့်ဆိုချင်ပါဘူး။ အကြောင်းက အဓိပ္ပာယ်နဲ့ သက်ရောက်မှုကို ဖော်ပြရမှာ နယ်မြေကျဉ်းသွားတယ် ခံစားရလို့ပါ။ ပြောရရင် ဒီလို မုန်းတီးသူတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဇီဝဗေဒအရ မွေးရာပါလိင်ဖြစ်တည်မှုကို မုန်းပါတယ်။ ဒါပေမဲ့ အဲဒီမုန်းတီးမှုက မွေးရာပါလိင်ဖြစ်တည်မှုတစ်ခုတည်း အပေါ်မှာသာ မကန့်သတ်ဘဲ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းအရ ဖြစ်လာတဲ့ အမျိုးသမီးဆိုတဲ့ လူမှုရေးအခန်းကဏ္ဍအထိ မုန်းတီးကြတာဖြစ်လို့ပါ။

Misogyny ဆိုတဲ့ ဝေါဟာရဟာ ဂရိဘာသာစကား Misein-မုန်းတီးခြင်း နဲ့ Gyne-အမျိုးသမီး ဆိုတဲ့ စကားလုံးနှစ်ခု ပေါင်းစပ်ရာက ဆင်းသက်လာတာ ဖြစ်ပါတယ်။ မစ်ဆာဂျနီနဲ့ ပတ်သက်ပြီး ထပ်သိထားရမဲ့ အဓိကအခြေခံဝေါဟာရ ၂ ခုရှိပါသေးတယ်။ ပထမဝေါဟာရက Misogynist-မစ်ဆာဂျနစ်ဆိုတဲ့ အမျိုးသမီးတွေကို မုန်းတီး၊ ခွဲခြားနှိမ့်ချဆက်ဆံတတ်တဲ့ လူပုဂ္ဂိုလ် (မုန်းတီးသူဟာ အမျိုးသားရော အမျိုးသမီးပါ ဖြစ်နိုင်ပါတယ်) ဒုတိယဝေါဟာရကတော့ Misogynistic Behavior-အမျိုးသမီးများကို နှိမ့်ချ၊ ခွဲခြား၊ စော်ကားရာရောက်တဲ့ ပြုမူဆောင်ရွက်ချက်၊ အပြုအမူတွေ ဖြစ်ပါတယ်။

ဒီလိုမျိုး အမျိုးသမီးတွေကို အထင်သေး၊ စော်ကားမုန်းတီးရာမှာ တချို့ကတော့ ပေါ်ပေါ်ထင်ထင်ပဲ မုန်းတီးလေ့ရှိသလို၊ တချို့ကတော့ မသိမသာနဲ့ စိတ်ထဲကြိတ်မုန်းနေကြလေ့ရှိပါတယ်။ ပေါ်ပေါ်ထင်ထင်မုန်းတဲ့ပုံစံအများစုက Patriarchy-အမျိုးသားဗဟိုပြုဝါဒနဲ့ Religions-ဘာသာတရားတွေကနေ လာတာများပြီး မသိမသာမုန်းတီးခွဲခြားတာက Patriarchal socialization-အမျိုးသားဗဟိုပြုလူမှုသွတ်သွင်းမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ Gender Stereotypes-ကျား/မဆိုင်ရာ ပုံသေယူဆချက်တွေကနေ လာပါတယ်။ ဒါကို Hostile Sexism-ရန်လိုစွာ လိင်ခွဲခြားမှုနဲ့ Benevolent Sexism-သကာရည်လောင်း လိင်ခွဲခြားမှုလို့ ခေါ်ပါတယ်။

အမျိုးသားဗဟိုပြုဝါဒနဲ့ ဘာသာတရားတွေက ခွဲခြားဖိနှိပ်တဲ့ပုံစံတွေကတော့ အပေါ်မှာပြောသလို Hostile Sexism-ရန်လိုစွာ ပေါ်ပေါ်ထင်ထင်လိင်ခွဲခြားမှုဆိုတဲ့အတိုင်း သိသိသာသာပါပဲ။ ဥပမာ- "မိန်းမဆိုတာ အိမ်ရှင်မဖြစ်ရမယ်၊ မိန်းမက ယောက်ျားကို နာခံရမယ်၊ အိမ်ထောင်ဦးစီးက ယောက်ျားပဲ ဖြစ်ရမယ်၊ မိန်းမက ယောက်ျားရဲ့ စကားကို မလွန်ဆန်ရဘူး၊ ယောက်ျားက ဆုံးဖြတ်ရမယ်၊ မိန်းမက လိုက်နာရမယ်၊ မိန်းမတွေကစဉ်းစားဉာဏ်နည်းတယ်၊ စိတ်ခံစားချက်ဦးစားပေးတယ်၊ မိန်းမကို ယောကျ်ားကပိုင်တယ်၊ မိန်းမတွေက အမျိုးသားတွေလောက် မစွမ်းဆောင်နိုင်ဘူး၊ မိန်းမတွေက ခေါင်းဆောင်နိုင်စွမ်း မရှိဘူး" စသဖြင့် သတ်မှတ်ချက်ပေါင်း သောင်းခြောက်ထောင်ပါပဲ။ Hostile Sexism ရဲ့ ဆိုးကျိုးကတော့ သိသာပါတယ်။ အမျိုးသမီးတွေကို အမျိုးသားတွေရဲ့အောက်မှာ ထားရှိပြီး အိမ်၊ မိသားစုနဲ့ သတ်မှတ်ထားတဲ့ အမျိုးသမီးအခန်းကဏ္ဍထဲမှာပဲ ကန့်သတ်ထားတာကြောင့် အမျိုးသမီးတွေရဲ့ ပညာသင်ယူခွင့်၊ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း၊ နိုင်ငံရေးနဲ့ လူမှုရေးမှာ ပါဝင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားစေပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းနဲ့ အိပ်မက်တွေကို သူမရဲ့ လိင်အပေါ်အခြေခံပြီး ကြိုတင်ကန့်သတ်လိုက်တာဖြစ်တဲ့အတွက် အမျိုးသမီးတစ်ဦးချင်းစီကိုသာမက လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ တိုးတက်နိုင်စွမ်းကိုပါ ထိခိုက်စေပါတယ်။

Gender Stereotypes-ကျား/မဆိုင်ရာ ပုံသေယူဆချက်ကနေလာတဲ့ မသိမသာ မုန်းတီးခွဲခြားတဲ့ပုံစံမှာကျ သူကနည်းနည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ Benevolent Sexism ဆိုတဲ့ သကာရည်လောင်းပြီး ခွဲခြား၊ ဖိနှိပ်တာပါ။ ဥပမာ- "အမျိုးသမီးဆိုတာ အားနည်းတယ်၊ စိတ်ခံစားလွယ်တယ်၊ နုနယ်တယ်၊ မိန်းမတွေက ခက်ခဲတဲ့အန္တရာယ်ရှိတဲ့အလုပ်တွေမလုပ်ရဘူး၊ မိန်းမ မလို့ ငွေရှာတဲ့တာဝန်ယူစရာမလိုဘူး၊ မိန်းမဆိုတာ ပင်ပင်ပန်းပန်းမလုပ်ရဘူး၊ မိန်းမ မလို့ဦးစားပေးရမယ်၊ မိန်းမ မလို့စားသောက်ဆိုင်မှာငွေရှင်းစရာမလိုဘူး၊ မိန်းမတွေကို အကာအကွယ်ပေးရမယ်၊ မိန်းမ မလို့အလျော့ပေးရမယ်" စသဖြင့်တွေပါ။ ဒီခွဲခြားမှုပုံစံက မုန်းတီးမှု၊ အထင်သေးမှုတွေနဲ့ ပေါ်ပေါ်ထင်ထင်လာတာမဟုတ်ပဲ ချီးကျူးမှု၊ ဦးစားပေးမှု၊ ကာကွယ်ပေးမှုနဲ့ စေတနာပုံစံတွေကို ဝတ်ဆင်ထားတာကြောင့် ကြားရရင်တော့ နားချိုစရာကောင်းပါတယ်။ "မိန်းမဆိုတာ အားနည်းလို့ ကာကွယ်ပေးရမယ်၊ မိန်းမဆိုတာ ပင်ပင်ပန်းပန်း အလုပ်လုပ်စရာမလိုဘူး" ဆိုတဲ့ စကားတွေဟာ အပေါ်ယံမှာ အမျိုးသမီးတွေကို ဂရုစိုက်သလို ထင်ရပေမဲ့ အောက်ခြေမှာတော့ အမျိုးသမီးတွေကို အားနည်းသူ၊ ကိုယ့်ဘဝကိုယ် တာဝန်ယူနိုင်စွမ်းမရှိသူအဖြစ် သတ်မှတ်ထားတာပါပဲ။

ဒီလိုအယူအဆတွေကို အမျိုးသမီးတချို့ကိုယ်တိုင်ကလည်း အခွင့်ထူးခံရနေတာကြောင့် နှစ်ခြိုက်ကြတာမို့ Benevolent Sexism ရဲ့ အကျိုးဆက်ကအမျိုးသမီးတွေတင်မကပဲ အမျိုးသားတွေကိုပါ ဒုက္ခပေးပါတယ်။ အမျိုးသားတွေကိုလည်း "အမျိုးသားဆိုတာ မိသားစုအတွက် ငွေရှာရမယ်၊ အန္တရာယ်ကို ရင်ဆိုင်ရမယ်၊ အမျိုးသမီးကို ကာကွယ်ရမယ်၊ အိမ်ထောင်ပြုချင်ရင် အမျိုးသားကပဲ တာဝန်ယူပြီး တောင်းရမ်းရမယ်၊ ဘယ်ကိစ္စမဆို မားမားမတ်မတ်ရပ်တည်ပေးရမယ်၊ စားသောက်ဆိုင်မှာငွေရှင်းပေးရမယ်၊ အမျိုးသမီးကို ဦးစားပေးရမယ်" စသဖြင့် တာဝန်တွေနဲ့ ချည်နှောင်ထားပါတယ်။ စစ်ပွဲတွေ၊ အန္တရာယ်ရှိတဲ့အလုပ်တွေမှာ အမျိုးသားတွေကပဲ အဓိကတာဝန်ယူရမယ်ဆိုတဲ့ အယူအဆကလည်း ဒီလို Gender Role တွေရဲ့ အကျိုးဆက်တစ်ခုပါ။ ဒါ့အပြင် ဒီသတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့ အမျိုးသားတစ်ယောက်ကို လူ့အဖွဲ့အစည်းနဲ့ အမျိုးသမီးတချို့က "ငွေမရှာနိုင်သူ၊ မိသားစုကို မထောက်ပံ့နိုင်သူ၊ တာဝန်မယူနိုင်သူ၊ ယောက်ျားမပီသသူ" အဖြစ် အထင်သေးတတ်ကြပါသေးတယ်။

ဆိုလိုတာက အမျိုးသမီးတွေကို အားနည်းသူအဖြစ် သတ်မှတ်ပြီး အမျိုးသားတွေကို ကာကွယ်သူ၊ ငွေရှာသူ၊ အမြဲတာဝန်ယူသူအဖြစ် သတ်မှတ်ထားတဲ့ ဒီစနစ်ဟာ အမျိုးသမီးတွေကို အခွင့်အရေးကန့်သတ်သလို အမျိုးသားတွေကိုလည်း ကိုယ်ပိုင်ဘဝနဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်တွေကနေ ကန့်သတ်ထားတာပါပဲ။ ဒီနေရာမှာ အမျိုးသားတွေကလည်း ကိုယ်တိုင်အဲဒီစနစ်ကို "ငါက ယောက်ျားပဲ၊ ငါက တာဝန်ယူရမယ်" ဆိုတဲ့ အယူအဆကို ဂုဏ်ယူစရာအဖြစ် လက်ခံထားတာကြောင့် အမျိုးသမီးတချို့က အဲဒီအခွင့်အရေးကို အသုံးချလာတဲ့အခါတောင် မိမိကိုယ်တိုင် ဖန်တီးထားတဲ့ စည်းမျဉ်းထဲမှာ ပြန်ပိတ်မိနေပါတော့တယ်။ တစ်ကြောင်းတည်းနဲ့ ပြောရရင်တော့ အမျိုးသားတွေက ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့်တွေရလို့ အခွင့်ထူးရသလိုဖြစ်ပေမဲ့ ရေရှည်မှာ တာဝန်တွေထမ်း၊ ဖိအားတွေပိတဲ့သူဖြစ်လာနိုင်သလို၊ အမျိုးသမီးတွေက သက်တောင့်သက်သာနဲ့ အခွင့်ထူးခံရနေတယ်ဆိုတဲ့အရာတွေဟာလည်း ရေရှည်မှာ အိမ်တွင်းဖိနှိပ်မှုတွေ၊ သိမ်ငယ်မှုတွေ၊ အားကိုးရာမဲ့မှုတွေ ဖြစ်လာနိုင်တာပါပဲ။

အဆုံးသတ်အနေနဲ့ ပြောရရင်တော့ မစ်ဆာဂျနီ-Misogyny ပဲဖြစ်ဖြစ်၊ အမျိုးသားဗဟိုပြုဝါဒ-Patriarchy ပဲဖြစ်ဖြစ် ဒါတွေဟာ အမျိုးသားတွေက အမျိုးသမီးတွေကို မုန်းတီးအနိုင်ယူတဲ့ Men to Women ဆိုတဲ့ ရိုးရှင်းတဲ့ လိင်အခြေပြု တိုက်ပွဲမဟုတ်ပါဘူး။ ဒီနေ့ခေတ် ကျယ်ပြန့်လာတဲ့လှုပ်ရှားမှုတွေရဲ့ စစ်မှန်တဲ့သဘောတရား၊ ရည်ရွယ်ချက်အတိုင်းဆိုရင် ဒီစနစ်ဆိုးကြီးဟာ မလိုလားအပ်တဲ့ Sexism-လိင်ခွဲခြားမှုတွေ အားလုံးကို တိုက်ဖျက်ဖို့ ကြိုးစားတာဖြစ်ပြီး၊ ဒီအယူအဆဆိုးတွေဟာ ကျား/မ မရွေး မသိစိတ်ထဲ စွဲကပ်နေနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ မသိစိတ်ထဲမှာ ဒီအယူအဆတွေ ကိန်းအောင်းနေရင် မိန်းမအချင်းချင်းအပေါ်မှာလည်း ခွဲခြားနှိမ့်ချတာ ဒါမှမဟုတ် သကာရည်လောင်း အကာအကွယ်ပေးတာမျိုးတွေ လုပ်ဆောင်တတ်ကြပါတယ်။ ဥပမာ - မိခင်ဖြစ်သူက သမီးဖြစ်သူကို "မိန်းကလေးဆိုတာ ရိုရိုသေသေ နေရမယ်၊ အိမ်မှုကိစ္စနိုင်နင်းရမယ်" ဆိုပြီး စေတနာအယောင်ဆောင်ပြီး အခွင့်အလမ်းတွေကို ပိတ်ပင်လိုက်တာမျိုး၊ ဒါမှမဟုတ် "ငါက တခြား မိန်းမတွေလို ဇီဇာမကြောင်ဘူး" ဆိုပြီး ကျန်တဲ့အမျိုးသမီးတွေကို အနုတ်လက္ခဏာတံဆိပ်ကပ်ပြီး မိန်းမအချင်းချင်း နှိမ့်ချတာမျိုးတွေရှိပါတယ်။

တစ်ခါ အမျိုးသားအချင်းချင်း ကြားမှာလည်း ဒီစနစ်ကို လက်ကိုင်ထားပြီး ကာကွယ်တာ၊ ဖိနှိပ်ဒုက္ခပေးတာမျိုးတွေ ရှိပါတယ်။ ဥပမာ - "မင်းကယောကျ်ားပဲ ဒါလေးလုပ်တာဘာမှမဖြစ်ပါဘူး၊ ယောကျ်ားပဲ ချပါကွာ" ဆိုပြီး မြှောက်ပင့်ကာကွယ်ပေးတတ်သလို၊ "မိန်းမလိုမိန်းမရကောင်ပါကွာ၊ မိန်းမစိတ်နဲ့၊ ဒါလေးကိုငိုစရာလား၊ ဒါတောင်မလုပ်ရဲဘူးလား၊ ယောက်ျားဆိုတာ ငွေရှာနိုင်ရမယ်၊ ဒီလောက်မှ မလုပ်နိုင်ရင် မင်းကို ယောက်ျားလို့ မခေါ်ဘူး၊ ပျော့ညံ့တဲ့ကောင်" စသဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ကန့်သတ်လိုက်တာမျိုး ဒါမှမဟုတ် ဖယ်ကျဉ်အနိုင်ကျင့်ချင်တာမျိုးတွေ ရှိနိုင်ပါတယ်။

ဆိုလိုတာကတော့ ဒီစနစ်ဆိုးကြီးဟာ ကျား ဒါမှမဟုတ် မဆိုတဲ့ မွေးရာပါ လိင်ဖြစ်တည်မှု ပေါ်မှာတင် မူတည်နေတာ မဟုတ်ဘဲ၊ စနစ်ရဲ့ ရိုက်သွင်းခံထားရတဲ့ ဘယ်သူမဆို လူသားက တခြားလူသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်နဲ့ ဖြစ်တည်မှုကို ကျား/မ စံနှုန်း ပုံစံခွက်နဲ့ အကဲဖြတ်၊ စည်းခြား၊ ဖိနှိပ်နေကြတာသာဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။

နောင်အလျင်းသင့်ရင် 'Misandry-အမျိုးသားဟူသည်ကို မုန်းတီးခြင်း' ခေါင်းစဉ်ကိုလဲ ရေးသားပါဦးမယ်။

— William Abramson
22 July 2026

Copyright © 2026 Burmese - ဗဟုသုတ

ုသုတ #ဗဟုသုတ #တန်းတူညီမျှရေး #ဖိုဝါဒ

လကမ္ဘာပေါ်ခြေချခြင်း ၅၇ နှစ်ပြည့် အမှတ်တရဒီနေ့ နေ့စွဲဖြစ်တဲ့ ၂၀၂၆၊ ဇူလိုင် ၂၁ ရက်မှာတော့ လူသားသမိုင်းမှာ အကြီးမားဆုံးသမိ...
21/07/2026

လကမ္ဘာပေါ်ခြေချခြင်း ၅၇ နှစ်ပြည့် အမှတ်တရ

ဒီနေ့ နေ့စွဲဖြစ်တဲ့ ၂၀၂၆၊ ဇူလိုင် ၂၁ ရက်မှာတော့ လူသားသမိုင်းမှာ အကြီးမားဆုံးသမိုင်းဝင်ဖြစ်ရပ်ဖြစ်တဲ့ လူသားတွေ လကမ္ဘာပေါ်ခြေချခဲ့တာ ၅၇ နှစ် တိတိ ပြည့်မြောက်ခဲ့ပါပြီ။ ဒီအတွက် အမှတ်တရအနေနဲ့ လပေါ်ခြေချတဲ့ဖြစ်စဉ်အတွင်းက ဖြစ်ရပ်လေးတွေကို Burmese - ဗဟုသုတကနေ မျှဝေပေးချင်ပါတယ်။

၁၉၆၉ ခုနှစ်၊ ဇူလိုင် ၂၀ မှာ အမေရိကန် အမျိုးသား လေကြောင်းနဲ့ အာကာသအေဂျင်စီ-NASA ကနေ လွှတ်တင်လိုက်တဲ့ Columbia အာကာသယာဉ်ကနေ Lunar Module-လဆင်းယာဉ် Eagle ဟာ ခွဲထွက်ပြီး လကမ္ဘာပေါ်က Sea of Tranquillity လို့ ခေါ်တဲ့ ချောမွေ့တဲ့ လွင်ပြင်နေရာကို စတင် ဆင်းသက်ခဲ့ပါတယ်။ လဆင်းယာဉ် Eagle ဟာ လမြေပြင်ပေါ်ကို ဆင်းသက်ဖို့ ပေ ၃၄,၀၀၀ အမြင့်ကနေ စတင်နိမ့်ဆင်းလာစဉ်မှာ ရေဒါ ၂ခုဖွင့်ထားမိတာကြောင့် Data Overload ပြီး ကွန်ပြူတာမျက်နှာပြင်မှာ သတိပေး Alarm တွေ တက်လာခဲ့ပါတယ်။ အာကာသယာဉ်မှူးတွေက ဒီ Alarm က ဘာကိုဆိုလိုမှန်း လုံးဝမသိကြပါဘူး။ မစ်ရှင်ကို ဖျက်သိမ်းရတော့မလို ဖြစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာပေါ်က နာဆာ ထိန်းချုပ်ရေးစခန်းကနေ ဒီ Alarm ဟာ ကွန်ပျူတာ Executive Overflow ဖြစ်တာဖြစ်ကြောင်း၊ ဆင်းသက်မှုကို ဆက်လုပ်လို့ရကြောင်း အလျင်အမြန် အသိပေးခဲ့ရပါတယ်။ အဲ့ဒီနောက် လမြေပြင်နဲ့ ပေအနည်းငယ်အလို ရောက်ခါနီးမှာ Auto Pilot စနစ်က လဆင်းယာဉ်ကို ပို့ဆောင်ပေးနေတဲ့ သတ်မှတ်နေရာဟာ ကျောက်တုံးကြီးတွေ၊ ချောက်ကရိုင့်ကြီးတွေနဲ့ ပြည့်နှက်နေတဲ့ နွံတွင်းထဲ ဖြစ်နေတာကို အမ်းစထရောင်းက မြင်လိုက်ရပါတယ်။ ဒီအတိုင်း ဆင်းရင် လဆင်းယာဉ် ပက်လက်လှန် မှောက်ရုံတင်မက ပေါက်ပါကွဲသွားနိုင်ပါတယ်။ ဒါကြောင့် အမ်းစထရောင်းဟာ Auto Pilot ကို ချက်ချင်း ပိတ်လိုက်ပြီး Manual-Semi-automatic Mode ပြောင်းပြီး လဆင်းယာဉ်ကို ဘေးတိုက် ရွေ့လျားပြီး ညီညာတဲ့ မြေပြင်လွတ်ကို စတင် ရှာဖွေခဲ့ပါတယ်။

ဘေးတိုက် ရွေ့လျားပြီး မြေလွတ် ရှာနေရတာကြောင့် လောင်စာဆီကုန်တာက ပိုပိုမြန်လာပါတယ်။ ထိန်းချုပ်ရေးစခန်းက အာကာသယာဉ်မှူး ချာလီ ဒူခ်-Charlie Duke က နောက်ဆုံးလောင်စာလက်ကျန်ကုန်မယ့် စက္ကန့်တွေကို ရေတွက်နေခဲ့ရပါတယ်။ "စက္ကန့် ၆၀...စက္ကန့် ၃၀..." စသဖြင့် သတိပေးနေချိန်မှာ လဆင်းယာဉ်ရဲ့ ဒုံးပျံအရှိန်ကြောင့် လမြေပေါ်က ဖုန်တွေတလိပ်လိပ် တက်လာပြီး မြေပြင်မြင်ကွင်းပါ လုံးဝ ကွယ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆင်းမရသေးရင် မစ်ရှင်ကို ဖျက်သိမ်းပြီး အရေးပေါ် အပေါ်ပြန်တက်ရမှာဖြစ်ပြီး၊ အချိန်လွန်သွားရင်တော့ ဆင်းတဲ့ အရှိန်နဲ့ဆောင့်ပြီး သေဆုံးသွားနိုင်ပါတယ်။

အမ်းစထရောင်းဟာ အေးဆေးတည်ငြိမ်စွာနဲ့ပဲ ဖုန်မှုန့်တွေကြားထဲက ညီညာတဲ့ မြေကွက်လွတ်လေးတစ်ခုကို တွေ့သွားပြီး လဆင်းယာဉ်ကို ညင်သာစွာ ချလိုက်နိုင်ခဲ့ပါတယ်။ လဆင်းယာဉ် ငြိမ်သက်သွားချိန်မှာ လောင်စာဆီဟာ ၁၇ စက္ကန့်ကနေ စက္ကန့် ၂၀ စာ လောက်ပဲ ကျန်တော့တာပါ။ ဆင်းသက်ပြီးပြီးချင်းမှာပဲ အမ်းစထရောင်းက ကမ္ဘာမြေဆီကို

"Houston, Tranquility Base here. The Eagle has landed.- ဟူစတန်... ဒါ Tranquility စခန်းကပါ။ Eagle လဆင်းယာဉ် ဘေးကင်းစွာ ဆင်းသက်လိုက်ပါပြီ"

ထိန်းချုပ်ရေးစခန်းက ချာလီ ဒူခ် ကလည်း

"Roger, Tranquility. We copy you on the ground. You got a bunch of guys about to turn blue. We're breathing again. Thanks a lot.- ဟုတ်ပါပြီ Tranquility ။ ကြားရပါတယ်။ ဒီမှာ ရင်တမမနဲ့ အသက်ရှူမှားပြီး မျက်နှာတွေ ပြာနှမ်းကုန်ကြတော့မလို့။ အခုမှ အသက်ပြန်ရှူနိုင်တော့တယ်၊ ကျေးဇူးအများကြီးတင်ပါတယ်"

လို့ ပြန်လည် အကြောင်းပြန်ခဲ့ပါတယ်။ ဆင်းသက်ပြီး ၆ နာရီ အကြာ၊ ဇူလိုင် ၂၁ ရက်နေ့မှာတော့ လူသားတစ်ဦးဖြစ်တဲ့ နေးလ် အမ်းစထရောင်း-Neil Armstrong ဟာ လကမ္ဘာမြေပြင်ပေါ်ကို ပထမဦးဆုံး စတင်ခြေချခဲ့ပါတယ်။ နေးလ် အမ်းစထရောင်းဟာ လဆင်းယာဉ်ရဲ့ လှေကားအတိုင်း ဆင်းလာပြီး ဘယ်ခြေထောက်နဲ့ လမြေပေါ်ကို စတင်ခြေချကာ

"That's one small step for [a] man, one giant leap for mankind.- ဒါဟာ လူသားတစ်ဦးအတွက် သေးငယ်တဲ့ ခြေလှမ်းတစ်ခုဖြစ်ပေမဲ့ ကမ္ဘာ့လူသားထု တစ်ရပ်လုံးအတွက်တော့ အင်မတန်ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုကြီးတစ်ခု ဖြစ်တယ်"

လို့ ပြောခဲ့ပါတယ်။ အမ်းစထရောင်း ခြေချပြီး မိနစ် ၂၀ အကြာမှာ ဘက်ဇ် အိုဒရင်-Buzz Aldrin လည်း ထပ်ဆင်းလာပြီး အမ်းစထရောင်းနဲ့ ပူးပေါင်းခဲ့ပါတယ်။ လကမ္ဘာရဲ့ ဆွဲအားဟာ ကမ္ဘာမြေရဲ့ ၆ ပုံ ၁ ပုံပဲ ရှိတာကြောင့် အစပိုင်းမှာ လမ်းလျှောက်ရတာ ထူးဆန်းနေခဲ့ပေမဲ့ ခုန်ဆွခုန်ဆွ လှုပ်ရှားရတာက သွားလာရပိုလွယ်တာ သိသွားကြပါတယ်။ အဲ့ဒီနောက် သူတို့နှစ်ယောက် လပေါ်မှာ အမေရိကန်ပြည်ထောင်စုအလံကို စိုက်ခဲ့ကြပြီး ကမ္ဘာပေါ်က အိမ်ဖြူတော်ကနေတဆင့် အမေရိကန်သမ္မတ ရစ်ချတ် နစ်ဆင်-Richard Nixon နဲ့ ၂ မိနစ်ခန့် ရေဒီယိုဆက်သွယ်ရေးကတစ်ဆင့် စကားပြောခဲ့ပါတယ်။

အဲ့ဒီနောက် အမှတ်တရပစ္စည်းတွေ လပေါ်ထားခဲ့ကြပြီး ဒီထဲမှာ လဆင်းယာဉ်ရဲ့ ခြေထောက်မှာ တပ်ဆင်ထားတဲ့ ကမ္ဗည်းပြားလည်း ပါဝင်ပါတယ်။ ကမ္ဗည်းပြားပေါ်မှာ "ဒီနေရာမှာ ကမ္ဘာဂြိုဟ်က လူသားတွေဟာ လကမ္ဘာပေါ်ကို ပထမဆုံး ခြေချခဲ့ကြတယ်။ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ။ သင်တို့ လူသားအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ ငါတို့ ရောက်ရှိလာခဲ့ကြတာဖြစ်တယ်" လို့ စာတမ်းထိုးထားပါတယ်။ အဲ့ဒီနောက် သေဆုံးခဲ့ရတဲ့ Apollo 1-အပိုလို ၁ အာကာသယာဉ်မှူးတွေရဲ့ အမှတ်တရ တံဆိပ်တွေ၊ အာကာသစူးစမ်းရေးမှာ သေဆုံးခဲ့ကြတဲ့ ဆိုဗီယက်အာကာသယာဉ်မှူး ယူရီ ဂါဂါရင်-Yuri Gagarin နဲ့ ဗလာဒီမာ ကိုမာရော့ဗ်-Vladimir Komarov တို့အတွက် ဂုဏ်ပြုတံဆိပ်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးရဲ့ သင်္ကေတအဖြစ် ရွှေရောင်သံလွင်ခက် သေးသေးလေးတစ်ခုကိုလည်း ထားရစ်ခဲ့ပါတယ်။

အမ်းစထရောင်းနဲ့ အိုဒရင်တို့ဟာ လမြေပြင်ပေါ်မှာ ၂ နာရီနဲ့ ၃၁ မိနစ်ခန့် ကြာအောင် အချိန်ကုန်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ကမ္ဘာပေါ် ပြန်လည်ယူဆောင်ဓာတ်ခွဲဖို့အတွက် လကျောက်တုံးနဲ့ မြေဆီလွှာ ၄၇.၅ ပေါင် (၂၁.၅ ကီလိုဂရမ်) လောက်ကိုလည်း ကောက်ယူစုဆောင်းခဲ့ကြပါတယ်။ အမ်းစထရောင်းနဲ့ အိုဒရင်တို့ လမြေပေါ်ခြေချနေချိန်မှာ Michael Collins-မိုက်ကယ် ကောလင်း ကတော့ လပတ်လမ်းကြောင်းထဲမှာ ပင်မယာဉ် Columbia ကို တစ်ယောက်တည်း ထိန်းသိမ်းမောင်းနှင်နေခဲ့ရပါတယ်။ သူဟာ လရဲ့ အနောက်ဘက်ခြမ်းကို ရောက်သွားချိန်တိုင်း ကမ္ဘာမြေ၊ နာဆာ ထိန်းချုပ်ရေးစခန်းတို့နဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့ပြီး "လူသားသမိုင်းမှာ အထီးကျန်ဆုံးအခြေအနေကိုရောက်ရှိတဲ့သူ" လို့ တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရပါတယ်။ လပေါ်မှာ လေထုနဲ့ ရေ မရှိတာကြောင့် အဲ့ဒီနေ့က ရိုက်ကျန်ရစ်ခဲ့တဲ့ အမ်းစထရောင်းနဲ့ အိုဒရင်တို့ရဲ့ ခြေရာတွေဟာ သဘာဝအတိုင်း ပျက်စီးသွားခြင်းမရှိဘဲ နှစ်ပေါင်း သန်းနဲ့ချီပြီး ဒီအတိုင်း ကျန်ရှိနေမှာ ဖြစ်ပါတယ်။

ဒီ သမိုင်းဝင်ဖြစ်စဉ်တစ်ခုလုံးကို အဲဒီအချိန်က ကမ္ဘာ့လူဦးရေရဲ့ ၅ ပုံ ၁ ပုံခန့်ရှိတဲ့ လူပေါင်း သန်း ၆၅၀ ကျော် ဟာ TV မျက်နှာပြင်တွေ၊ မြို့နယ်ခန်းမတွေနဲ့ လမ်းဘေး TV ဆိုင်တွေရှေ့မှာ စုဝေးပြီး Live-တိုက်ရိုက်ကြည့်ရှုခဲ့ကြပါတယ်။ ဒီနေ့ နေ့စွဲဖြစ်တဲ့ ၂၀၂၆၊ ဇူလိုင် ၂၁ ရက်မှာတော့ အကြီးမားဆုံးသမိုင်းဝင်ဖြစ်ရပ်ဖြစ်တဲ့ လူသားတွေ လကမ္ဘာပေါ်ခြေချခဲ့တာ ၅၇ နှစ် တိတိ ပြည့်မြောက်ခဲ့ပါပြီ။

— William Abramson
21 July 2026

References:
• NASA – Apollo 11 Mission Overview
• NASA – Apollo 11 Lunar Surface Journal
• NASA History Office – 50 Years Ago: One Small Step, One Giant Leap
• Apollo 11 Mission Report (NASA)
• Smithsonian National Air and Space Museum Archives

Copyright © 2026 Burmese - ဗဟုသုတ

#သမိုင်း #လကမ္ဘာ #နာဆာ #အာကာသ #သိပ္ပံ #ဗဟုသုတ ုသုတ

"ဘာသာတရားဆိုတာ သာမန်လူထုကို ငြိမ်ဝပ်ပိပြားနေအောင် လုပ်ဖို့ အကောင်းဆုံးအရာပဲ။ ဆင်းရဲသားတွေက ချမ်းသာတဲ့သူတွေကို ထပြီး သတ်ဖ...
20/07/2026

"ဘာသာတရားဆိုတာ သာမန်လူထုကို ငြိမ်ဝပ်ပိပြားနေအောင် လုပ်ဖို့ အကောင်းဆုံးအရာပဲ။ ဆင်းရဲသားတွေက ချမ်းသာတဲ့သူတွေကို ထပြီး သတ်ဖြတ်မပစ်အောင် တားဆီးပေးထားတာလည်း ဘာသာတရားပဲ ဖြစ်တယ်"

— နပိုလီယံ ဘိုနာပတ် [Napoleon Bonaparte]

ုသုတ #ဗဟုသုတ #ဒဿန #နပိုလီယံ

အထွေထွေဗဟုသုတ ဉာဏ်စမ်း အဖြေမှန်များ၈:၃၀ တုန်းက တင်ပေးခဲ့တဲ့ အထွေထွေဗဟုသုတ ဉာဏ်စမ်း မေးခွန်း ၄ ခုရဲ့ အဖြေမှန်တွေ ရပါပြီ။ ...
19/07/2026

အထွေထွေဗဟုသုတ ဉာဏ်စမ်း အဖြေမှန်များ

၈:၃၀ တုန်းက တင်ပေးခဲ့တဲ့ အထွေထွေဗဟုသုတ ဉာဏ်စမ်း မေးခွန်း ၄ ခုရဲ့ အဖြေမှန်တွေ ရပါပြီ။ ၄ ခုလုံး မှန်တဲ့သူတွေရှိရင်လည်း ကောမန့်မှာ ပြောခဲ့ပါဦး။

ုသုတ #ဉာဏ်စမ်း #ဗဟုသုတ #သမိုင်း #အသိပညာ

အထွေထွေဗဟုသုတ ဉာဏ်စမ်းအထွေထွေဗဟုသုတ ဉာဏ်စမ်းအတွက် Burmese - ဗဟုသုတ ကနေ မေးခွန်း ၄ ခုပြင်ဆင်ထားပါတယ်။ မေးခွန်း ၄ ခုလုံးကိ...
19/07/2026

အထွေထွေဗဟုသုတ ဉာဏ်စမ်း

အထွေထွေဗဟုသုတ ဉာဏ်စမ်းအတွက်
Burmese - ဗဟုသုတ ကနေ မေးခွန်း ၄ ခုပြင်ဆင်ထားပါတယ်။ မေးခွန်း ၄ ခုလုံးကို အဖြေမှန်ရွေးပြီး ကောမန့်မှာ ဝင်ရောက်ဖြေဆိုပေးခဲ့ပါဦး။ အဖြေမှန်တွေကိုတော့ ဒီနေ့ည မြန်မာစံတော်ချိန် ၉:၃၀ နာရီ မှာ တင်ပေးသွားပါမယ်။

မှတ်ချက် : Google နှင့် AI သွားမမေးရ။

ုသုတ #ဉာဏ်စမ်း #ဗဟုသုတ #သမိုင်း #အသိပညာ

အိုင်းစတိုင်းရဲ့ အမှားကိုပြင်ပေးခဲ့တဲ့ ကက်သလစ်ဘုန်းတော်ကြီးGeorges Lemaître-ဂျော့ချ် လမက်ထျာ ကိုသာမန်သိပ္ပံစာဖတ်သူ၊ လေ့လ...
17/07/2026

အိုင်းစတိုင်းရဲ့ အမှားကိုပြင်ပေးခဲ့တဲ့
ကက်သလစ်ဘုန်းတော်ကြီး

Georges Lemaître-ဂျော့ချ် လမက်ထျာ ကိုသာမန်သိပ္ပံစာဖတ်သူ၊ လေ့လာသူတွေဆို ကြားဖူးမှာမဟုတ်လောက်ပါဘူး။ ဒါပေမဲ့ သူဟာ ခေတ်သစ် အာကာသရူပဗေဒရဲ့ အရေးကြီးဆုံး အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ စကြဝဠာကြီး စတင်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး လူသားတွေရဲ့ အယူအဆကို တစ်ဆစ်ချိုး ပြောင်းလဲပစ်ခဲ့တဲ့ ကက်သလစ်ဘုန်းတော်ကြီး တစ်ပါးပါ။

Lemaître ကို ခရစ်နှစ် ၁၈၉၄၊ ဇူလိုင်လ၊ ၁၇ရက်နေ့ Belgium နိုင်ငံ Charleroi မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် Lemaître ဟာ မနေ့က နေ့စွဲဖြစ်တဲ့ ဇူလိုင်၊ ၁၇၊ ၂၀၂၆ မှာ အသက် ၁၃၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူ Joseph Lemaître ဟာ စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ Marguerite Lannoy ကတော့ ဘာသာရေးအလွန်ကို ကိုင်းရှိုင်းတဲ့ ကက်သလစ်ခရစ်ယာန်အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် Lemaître ဟာ ငယ်စဉ်ကတည်းက ဘာသာရေးနဲ့ သိပ္ပံပညာ နှစ်ခုစလုံးကို ထူးထူးခြားခြား စိတ်ဝင်စားခဲ့ပါတယ်။ Lemaître ဟာ မောင်နှမ ၄ ယောက်ထဲမှာ အကြီးဆုံးသားဖြစ်ပြီး မိသားစုကလည်း အထက်တန်းစား ပညာတတ်မိသားစု ဖြစ်တာကြောင့် ငယ်စဉ်ကတည်းက စာအုပ်စာပေတွေ၊ သိပ္ပံပညာရပ်တွေနဲ့ ရင်းနှီးခွင့်ရခဲ့သလို ကောင်းမွန်တဲ့ ပညာရေးကိုလည်း အပြည့်အဝ ရရှိခဲ့ပါတယ်။

Lemaître ဟာ အလယ်တန်းလောက်တည်းက သင်္ချာကို အထူးကျွမ်းကျင်သလို ဘာသာရေးသင်ခန်းစာတွေအတွက်လည်း မပြတ်လပ်ခဲ့ပါဘူး။ ဒီလိုနဲ့ ၁၉၁၃ မှာတော့ Catholic University of Leuven မှာ အရပ်ဘက် အင်ဂျင်နီယာပညာ-Civil Engineering ကို စတင်သင်ယူခဲ့ပါတယ်။ ဒါပေမဲ့ ပထမကမ္ဘာစစ် ဖြစ်ပွါးလာတာကြောင့် ဘယ်လ်ဂျီယံတပ်မတော်မှာ အမြောက်တပ်အရာရှိအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ရပါတယ်။ စစ်ပြီးတဲ့နောက်မှာတော့ အင်ဂျင်နီယာဘာသာရပ်ကနေ ရူပဗေဒနဲ့ သင်္ချာကို ကူးပြောင်းသင်ယူခဲ့ပြီး ၁၉၂၀ မှာ ပါရဂူဘွဲ့ ရခဲ့ပါတယ်။

၁၉၂၃ မှာတော့ ကက်သလစ်ဘုန်းတော်ကြီး-Priest အဖြစ်ပါ ထပ်မံခံယူခဲ့ပါတယ်။ Lemaître အတွက် သိပ္ပံပညာလေ့လာတာနဲ့ ဘုရားသခင်ကို ယုံကြည်တာဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်မဟုတ်ဘဲ အမှန်တရားကို ရှာဖွေတဲ့ နည်းလမ်း ၂ ခုသာဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။ ၁၉၂၃ ကနေ ၁၉၂၄ ကာလမှာတော့ ကင်းဘရစ်ချ်-Cambridge တက္ကသိုလ်မှာ နာမည်ကျော် နက္ခတ္တဗေဒပညာရှင် Arthur Eddington-အာသာ အက်ဒင်တန်နဲ့အတူ ပညာသင်ကြားခဲ့ပါတယ်။ အဲ့ဒီနောက် အမေရိကန်ရဲ့ Harvard Observatory နဲ့ MIT တို့မှာ ပညာထပ်သင်ယူပြီး ၁၉၂၇ မှာ MIT ကနေ PhD ဘွဲ့ကို ရခဲ့ပါတယ်။

Lemaître ရဲ့ အဓိကအကြီးမားဆုံး ပံ့ပိုးမှုဟာ အဲလ်ဘတ် အိုင်းစတိုင်း-Albert Einstein ရဲ့ယေဘုယျနှိုင်းရသီအိုရီ-General Relativity ကို အခြေခံပြီး စကြဝဠာကြီးရဲ့ သဘောသဘာဝကို တွက်ချက်ခဲ့တာပါ။ အဲ့ဒီခေတ်က အိုင်းစတိုင်းအပါအဝင် သိပ္ပံပညာရှင်အများစုဟာ စကြဝဠာကြီးက မပြောင်းမလဲ ငြိမ်သက်နေတယ်လို့ပဲ ယုံကြည်ကြပါတယ်။ ဒါကို Static Universe-ငြိမ်သက်နေသော စကြဝဠာအယူအဆလို့ ခေါ်ပါတယ်။ ဒါပေမဲ့ Lemaître က ၁၉၂၇ မှာထုတ်ဝေခဲ့တဲ့ သူ့ရဲ့ သုတေသနစာတမ်းမှာ စကြဝဠာဟာ ငြိမ်သက်မနေဘဲ တစ်ချိန်လုံး ပြန့်ကားကျယ်ပြန့်နေတယ်ဆိုပြီး သင်္ချာနည်းအရ တွက်ချက်ဖော်ထုတ်ခဲ့ပါတယ်။

ဒါက ဒီနေ့လူသိများတဲ့ Hubble-Lemaître Law ဆိုတဲ့ စကြဝဠာပြန့်ကားနှုန်း ညီမျှခြင်းကို ပထမဆုံး ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ လူအများစုက ဒီဥပဒေသကို အက်ဒ်ဝင်ဟာဘယ်-Edwin Hubble က ၁၉၂၉ မှာ စတင်တွေ့ရှိခဲ့တယ်လို့ ထင်ကြပေမဲ့ Lemaître က ၁၉၂၇ ကတည်းက Hubble ထက် ၂ နှစ်စောပြီး သီအိုရီအရ တွက်ချက်ပြခဲ့ပြီး ဖြစ်ပါတယ်။ အစောပိုင်းက Hubble's Law-ဟာဘယ်ရဲ့ ဥပဒေဿလို့ပဲ ခေါ်ခဲ့ကြပေမဲ့ ၂၀၁၈ ကျမှာသာ အပြည်ပြည်ဆိုင်ရာ နက္ခတ္တဗေဒသမဂ္ဂ-IAU ကနေ Lemaître ကိုဂုဏ်ပြုတဲ့အနေနဲ့ Hubble's Law ကနေ Hubble-Lemaître Law ဆိုပြီး တရားဝင် နာမည်ပြောင်းလဲ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Lemaître က သူ့တွက်ချက်မှုအရ စကြဝဠာကြီးဟာ အချိန်နဲ့အမျှ ပြန့်ကားနေတယ်ဆိုရင် အချိန်ကို နောက်ပြန်ရစ်ကြည့်လိုက်ရင် စကြဝဠာဟာ အစအဦးတုန်းက တစ်နေရာတည်းမှာ စုဆုံနေရမယ်လို့ တွေးခဲ့ပါတယ်။ ၁၉၃၁ မှာတော့ သူက စကြဝဠာကြီးတစ်ခုလုံးဟာ အစပိုင်းမှာ အလွန်သိပ်သည်းပြီး အင်မတန်ပူပြင်းတဲ့တစ်ခုတည်းသော အမှုန်အမွှားကလေး-Primeval Atom ဒါမှမဟုတ် Cosmic Egg အဖြစ် တည်ရှိခဲ့ရာကနေ ပေါက်ကွဲထွက်လာပြီး ပြန့်ကားလာခဲ့တာဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။ Lemaître ရဲ့သီအိုရီကို ရူပဗေဒပညာရှင် Fred Hoyle-ဖရက်ဒ်ဟွိုင်းက မယုံကြည်တာကြောင့် လှောင်တဲ့အနေနဲ့ အဲ့ဒီတုန်းက ရေဒီယိုအစီအစဉ်တစ်ခုမှာ Big Bang-မဟာပေါက်ကွဲမှုကြီး ဆိုပြီး သရော်ပြီး ခေါ်လိုက်ရာကနေ ဒီနာမည်က ယနေ့ထိတိုင် တရားဝင်နာမည် ဖြစ်လာပါတော့တယ်။

ဒါပေမဲ့ Lemaître သီအိုရီကို သိပ္ပံလောကက ချက်ချင်း လက်မခံခဲ့ပါဘူး။ အထူးသဖြင့် အဲလ်ဘတ် အိုင်းစတိုင်း ကိုယ်တိုင်က ငြင်းပယ်ခဲ့ပါတယ်။ သူနဲ့ အိုင်းစတိုင်း တွေ့ဆုံတာလည်း ၁၉၂၇ မှာပါပဲ။ အိုင်းစတိုင်းက အဲ့ဒီအချိန်မှာ သတင်းစာတွေမှာ နေ့တိုင်းပါတဲ့ Celebrity တစ်ယောက်ဖြစ်နေပါပြီ။ သူ့ကို တွေ့ဖို့ဆိုတာက နိုင်ငံတကာက ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ အပတ်တိုင်းတန်းစီနေကြတာဖြစ်ပြီး သာမန်လူ နေနေသာသာ သိပ္ပံပညာရှင်ချင်းတောင် တွေ့ခွင့်ရဖို့ မလွယ်ကူတဲ့ အချိန်ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၂၇ အောက်တိုဘာမှာ ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ်မြို့မှာ ပဉ္စမအကြိမ်မြောက် ဆိုးလ်ဗေး ညီလာခံ-Solvay Conference ကို ကျင်းပကြပါတယ်။ ဒါဟာ သိပ္ပံသမိုင်းမှာ အကျော်ကြားဆုံး ညီလာခံဖြစ်ပြီး အိုင်းစတိုင်း၊ မာရီ ကျူရီ၊ နီးလ်ဗိုး အပါအဝင် ကမ္ဘာ့ထိပ်သီး ရူပဗေဒပညာရှင်တွေချည်းပဲ တက်ရောက်ရတဲ့ ညီလာခံပါ။ Lemaître က ဒီညီလာခံမှာ တရားဝင် ဖိတ်ကြားခံရတဲ့ ကိုယ်စားလှယ်အဆင့် မဟုတ်ပါဘူး။ သူက အဲ့ဒီအချိန်မှာ အသက် ၃၃ နှစ်ပဲ ရှိသေးပြီး သိပ္ပံလောကမှာ ဘယ်သူမှမသိသေးတဲ့ ဘယ်လ်ဂျီယံက ဘုန်းတော်ကြီးဝတ်စုံနဲ့ သာမန်ရူပဗေဒပါမောက္ခလေးသာသာပါပဲ။ ဒါပေမဲ့ ညီလာခံကျင်းပတဲ့နေရာက သူ့နိုင်ငံမှာ ဖြစ်နေတာရယ်၊ သူ့ရဲ့ ဆရာဟောင်း နာမည်ကြီး နက္ခတ္တဗေဒပညာရှင် Arthur Eddington က ညီလာခံတက်ရောက်သူ ဖြစ်နေတာရယ်ကြောင့် Lemaître ဟာ အိုင်းစတိုင်းနဲ့ စကားပြောခွင့်ရဖို့ နီးကပ်ခဲ့ပါတယ်။

Lemaître ဟာ အိုင်းစတိုင်းဆီ သွားပြီး သူ ၁၉၂၇ အစောပိုင်းကမှ ထုတ်ဝေထားတဲ့ စကြဝဠာ ပြန့်ကားနေတယ်ဆိုတဲ့ သုတေသနစာတမ်းကို လက်ဆောင်ပေးရင်း ရှင်းပြခဲ့ပါတယ်။ Lemaître ရှင်းပြတာကို နားထောင်ပြီး အိုင်းစတိုင်းက ပြတ်ပြတ်သားသားပဲ..

"Your calculations are correct, but your physics is abominable.-မင်းရဲ့ သင်္ချာတွက်ချက်မှုတွေကတော့ မှန်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ ရူပဗေဒကတော့ ဆိုးရွားလွန်းတယ်"

လို့ ပြန်ပြောခဲ့ပါတယ်။ ဒါက အိုင်းစတိုင်းကိုယ်တိုင်က Static Universe-ငြိမ်သက်နေတဲ့စကြဝဠာအယူအဆကို အကြွင်းမဲ့ယုံတာကြောင့်ပါ။ အိုင်းစတိုင်းဟာ အစတည်းက သူ့ရဲ့ ယေဘုယျနှိုင်းရသီအိုရီ ညီမျှခြင်းတွေအရ စကြဝဠာက ကျုံ့နိုင်ပွနိုင်တယ်လို့ အဖြေထွက်လာတုန်းကလည်း သူက စကြဝဠာကို အတင်းငြိမ်နေစေဖို့အတွက် Cosmological Constant ဆိုတဲ့ ကိန်းသေတစ်ခုကို ညီမျှခြင်းထဲ အတင်းဇွတ်ထည့်ပြီး ညှိခဲ့ပါတယ်။ ဒါကြောင့် Lemaître က စကြဝဠာက ပြန့်နေတယ်လို့ ပြောတဲ့အခါ အိုင်းစတိုင်းက ဒါကိုလက်မခံပါဘူး။ နောက်တစ်ခုက Lemaître က ကက်သလစ်ဘုန်းတော်ကြီး ဝတ်စုံကြီးနဲ့ လာပြောတာဆိုတော့ အိုင်းစတိုင်းက Lemaître ကို သိပ္ပံပညာရှင်ဆိုတာထက် ဘုန်းကြီးအနေနဲ့ ပိုမြင်ပြီး "ဒီဘုန်းကြီးက စကြဝဠာမှာ အစရှိတယ်ဆိုတာကို သက်သေပြပြီး ဘုရားသခင်ရဲ့ စကြဝဠာဖန်ဆင်းခြင်းကို သိပ္ပံနည်းကျ ဇွတ်သွင်းချင်နေတာပဲ" လို့ သံသယဝင်ခဲ့ပုံရပါတယ်။

ဒီလိုနဲ့ ၁၉၂၉ မှာ အက်ဒ်ဝင်ဟာဘယ်-Edwin Hubble က တယ်လီစကုပ်ကြီးနဲ့ ကြည့်ပြီး ဂလက်ဆီတွေဟာ တစ်ခုနဲ့ တစ်ခုဝေးရာကို ပြေးနေကြပြီး ဝေးလေ ပိုမြန်လေ ဖြစ်နေတယ်ဆိုတဲ့ လက်တွေ့တိုင်းတာချက်ကို ကြေညာလိုက်ပါတယ်။ အိုင်းစတိုင်းဆီကိုလည်း ဒီသတင်း ရောက်သွားပါတယ်။ ၁၉၃၁ ဇန်နဝါရီမှာ အိုင်းစတိုင်းဟာ အမေရိကန်၊ ကယ်လီဖိုးနီးယားမှာရှိတဲ့ Mount Wilson Observatory-မောင့်ဝီလ်ဆန် နက္ခတ်တာရာကြည့်စခန်းကို ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။ အဲ့ဒီစခန်းမှာ အဲ့ခေတ်က ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ အချင်း လက်မ ၁၀၀ ရှိတဲ့ Ho**er Telescope ကြီး ရှိပြီး ဒါက Hubble စကြဝဠာပြန့်ကားမှုကို ရှာဖွေတွေ့ရှိခဲ့တဲ့ တယ်လီစကုပ်ပါ။

Hubble ကိုယ်တိုင်က အိုင်းစတိုင်းကို ဧည့်ခံပြီး ဒီတယ်လီစကုပ်ကြီးနဲ့ ဂလက်ဆီတွေကို ဘယ်လို လေ့လာခဲ့တယ်ဆိုတာ ရှင်းပြခဲ့သလို၊ သူတို့ တိုင်းတာရရှိထားတဲ့ ဂလက်ဆီတွေရဲ့ အလင်းလှိုင်းစဉ် တွက်ချက်မှု အထောက်အထား Redshift Data တွေကိုပါ အသေးစိတ် ချပြခဲ့ပါတယ်။ Hubble ပြသတဲ့ လက်တွေ့ အထောက်အထားတွေကို မျက်မြင်တွေ့လိုက်ရပြီးနောက်မှာတော့ အိုင်းစတိုင်းဟာ ဆင်ခြေပေးလို့ မရတော့ဘဲ စကြဝဠာကြီး ပြန့်ကားနေတာကို အပြည့်အဝ လက်ခံလိုက်ပါတော့တယ်။ ဒီခရီးစဉ်အပြီးမှာပဲ အိုင်းစတိုင်းဟာ သူစကြဝဠာကို အတင်းငြိမ်နေအောင် ညီမျှခြင်းထဲ ဇွတ်ထည့်ခဲ့တဲ့ Cosmological Constant ကို လုံးဝ ဖြုတ်ချပစ်ခဲ့ပြီး၊ ဒါဟာ ငါ့ဘဝရဲ့ အကြီးမားဆုံး အမှားကြီးလို့ ဝန်ခံခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၃၃ မှာတော့ ကယ်လီဖိုးနီးယားမှာလုပ်တဲ့ California Institute of Technology ဆွေးနွေးပွဲမှာ လွန်ခဲ့တဲ့ ၆ နှစ်က သူငြင်းခဲ့တဲ့ ဘုန်းတော်ကြီး Georges Lemaître က စကြဝဠာပြန့်ကားမှု၊ Cosmic Rays နဲ့ Primeval Atom သီအိုရီအကြောင်းတွေကို သင်္ချာ၊ ရူပဗေဒ ညီမျှခြင်းတွေနဲ့ စင်ပေါ်ကနေ ရှင်းလင်းပွဲ လုပ်နေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အိုင်းစတိုင်းဟာ ပရိသတ်ထဲမှာ ထိုင်နားထောင်နေခဲ့ပြီး Lemaître ရဲ့ ရှင်းလင်းချက်လည်း ပြီးရော အိုင်းစတိုင်းက မတ်တပ်ရပ်၊ လက်ခုပ်တီးပြီး "ဒါဟာ ကျွန်တော် ကြားဖူးသမျှထဲမှာ ဖန်ဆင်းခြင်းနဲ့ပတ်သက်ပြီး အလှပဆုံးနဲ့ စိတ်ကျေနပ်စရာ အကောင်းဆုံး ရှင်းပြချက်ပဲ" လို့ လူသိရှင်ကြား ချီးကျူးခဲ့ပါတယ်။

Lemaître ဟာ ဘာသာရေးလိုက်စားတဲ့ ကက်သလစ်ဘုန်းတော်ကြီး ဆိုပေမဲ့ သိပ္ပံ နဲ့ ဘာသာရေးကို မရောပဲ သီးခြားစီ ခွဲထားဖို့ အမြဲတိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၁ မှာ ပုပ်ရဟန်းမင်းကြီး Pius XII က Lemaître ရဲ့ Big Bang သီအိုရီဟာ ကမ္ဘာဦးကျမ်း-Genesis လာ ဘုရားသခင်ရဲ့ စကြဝဠာဖန်ဆင်းခြင်းကို သိပ္ပံနည်းကျ သက်သေပြလိုက်တာဖြစ်ကြောင်း ကြေညာဖို့ လုပ်ပါတယ်။ Lemaître က ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူ့သီအိုရီဟာ သာမန်ရူပဗေဒ သီအိုရီတစ်ခုသာဖြစ်ပြီး ဘာသာရေးဆိုင်ရာ ဖန်ဆင်းခြင်းနဲ့ မသက်ဆိုင်ကြောင်း၊ သိပ္ပံသီအိုရီတွေဆိုတာ နောင်တစ်ချိန်မှာ အစားထိုးပြောင်းလဲရတတ်တာကြောင့် သူ့သီအိုရီကို ဘာသာရေးနဲ့ မချိတ်ဆက်ဖို့ ပုပ်ရဟန်းမင်းကြီးကို တိုက်ရိုက် တားဆီးနားချခဲ့ပါတယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းကြီးလည်း ဒါကို လူသိရှင်ကြား ဆက်မပြောတော့ပါဘူး။

Georges Lemaître ရဲ့ ဘဝနိဂုံးကတော့ လှတယ်ပြောရပါမယ်။ Lemaître ဟာ ဒီလိုအရေးကြီးတဲ့ သီအိုရီတွေကို ဖော်ထုတ်ပြီးနောက်မှာလည်း သူ့ဘဝနောက်ဆုံးအချိန်အထိ သိပ္ပံပညာကို ဆက်လေ့လာပြီး အချိန်ကုန်ခဲ့ပါတယ်။ သူကံကောင်းတာက သူမကွယ်လွန်မီ ရက်ပိုင်းအလို ၁၉၆၆ ဇွန်လထဲမှာ Lemaître ဆီကို သူ့ရဲ့ တပည့်ဖြစ်သူ Odon Godart က သတင်းကောင်းတစ်ခုယူလာခဲ့ပါတယ်။ အဲ့တာကတော့ သူ့ရဲ့ Big Bang သီအိုရီကို အခိုင်မာဆုံးထောက်ခံပေးမယ့် သက်သေဖြစ်တဲ့ CMBR-Cosmic Microwave Background Radiation-Big Bang ကနေကျန်ခဲ့တဲ့ ရောင်ခြည်ကို သိပ္ပံပညာရှင် Arno Penzias နဲ့ Robert Wilson တို့က သက်သေပြလိုက်ပြီဆိုတဲ့ သတင်းပါ။ ဒီရှာဖွေတွေ့ရှိမှုက လွန်ခဲ့တဲ့ ၁ နှစ်တည်းကဆိုပေမဲ့ Lemaître ကတော့ သူမကွယ်လွယ်ခင် ရက်ပိုင်းအလိုမှ ဆေးရုံကုတင်ပေါ်မှာ ကြားသိသွားရတာကြောင့် သူ့သီအိုရီမှန်ကန်ကြောင်း ကိုယ်တိုင်သိမြင်ပြီးမှ အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။

▪Georges Lemaître သည် ဘယ်လ်ဂျီယံနိုင်ငံ၏ အမြင့်ဆုံး သိပ္ပံဆုဖြစ်သော Francqui Prize ကို ၁၉၃၄ တွင် ရရှိခဲ့သည်။
▪ International Astronomical Union-IAU မှ လပေါ်ရှိ မီးတောင်ဝတစ်ခုကို Lemaître Crater ဟု အမည်ပေးခဲ့သည်။
▪ ဥရောပ အာကာသအေဂျင်စီ-ESA ၏ စတုတ္ထမြောက် အာကာသ ကုန်တင်ယာဉ်ကို Georges Lemaître ATV ဟု အမည်ပေး ဂုဏ်ပြုခဲ့သည်။

Georges Lemaître ရဲ့ မွေးနေ့က မနေ့ကပါ။ စာရေးနေတာ ဒီနေ့မှ ပြီးတာမလို့ နောက်ကျသွားပေမဲ့ Happy Birthday Lemaître !

ဓာတ်ပုံ-ဝဲမှယာ : Georges Lemaître , Albert Einstein

— William Abramson
18 July 2026

References:
• Université catholique de Louvain – Georges Lemaître
• The Big Bang and Georges Lemaître (1984)
• IAU – Hubble–Lemaître Law (2018)
• Scientific American – What Einstein Got Wrong
• American Physical Society – Georges Lemaître proposes that the universe has a beginning
• KU Leuven – Cosmology: On the trail with Georges Lemaître

Copyright © 2026 Burmese - ဗဟုသုတ

#ရူပဗေဒ #သိပ္ပံ #သမိုင်း #ဗဟုသုတ ုသုတ

"ကိုယ့်မျက်စိ၌ရှိသော သစ်လုံးကို မမြင်ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း"— နဇရသ်သား ယေရှု ...
16/07/2026

"ကိုယ့်မျက်စိ၌ရှိသော သစ်လုံးကို မမြင်ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း"

— နဇရသ်သား ယေရှု [Jesus of Nazareth]

ုသုတ #ဗဟုသုတ #ဒဿန #ယေရှု #ခရစ်တော်

သိပ္ပံပညာ၏ သမိုင်းကြောင်း – ပထမပိုင်း - အပိုင်း (၃)လူ့သမိုင်းမှာ သိပ္ပံဆိုတဲ့ အသိဉာဏ်တော်လှန်ရေးကြီး တစ်ဆင့်စီ ဘယ်လိုဆင့...
15/07/2026

သိပ္ပံပညာ၏ သမိုင်းကြောင်း – ပထမပိုင်း - အပိုင်း (၃)

လူ့သမိုင်းမှာ သိပ္ပံဆိုတဲ့ အသိဉာဏ်တော်လှန်ရေးကြီး တစ်ဆင့်စီ ဘယ်လိုဆင့်ကဲတိုးတက်လာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပထမပိုင်းဖြစ်တဲ့ ဂရိခေတ်အကြောင်းမှာ အပိုင်း (၁) နဲ့ (၂) ဆိုပြီး တင်ပြခဲ့ပြီးပါပြီ။ စကြဝဠာရဲ့ လျှို့ဝှက်ချက်ကို ဒြပ်စင်အမှုန်တွေထဲမှာ ရှာဖွေခဲ့ကြတဲ့ ခေတ်ဦးကာလ ကုန်ဆုံးသွားတဲ့အခါမှာတော့ ဂရိကမ္ဘာဟာ ပိုမိုကျယ်ပြန့်ပြီး စနစ်ကျတဲ့ သိပ္ပံနဲ့ ဒဿနအရိပ် အောက်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒီကနေ့ ပထမပိုင်းရဲ့ အပိုင်း (၃) မှာတော့ ကမ္ဘာကြီးကို ပိုမိုရင့်ကျက်တဲ့ ယုတ္တိဗေဒ၊ လက်တွေ့စောင့်ကြည့်မှုတွေနဲ့ ရှုမြင်တတ်လာအောင် လမ်းပြပေးခဲ့ကြတဲ့ ဂရိခေတ်ရဲ့ အထွတ်အထိပ် ပညာရှင်ကြီး ၂ယောက်နဲ့ သူတို့လုပ်ဆောင်မှုတွေ အကြောင်းကို ဆက်လက်ကြည့်ကြရအောင်ပါ။

⬥ ရှေးဟောင်းဂရိခေတ် - အပိုင်း (၃)

⬩ ဘီစီ ၄၇၀-၃၉၉

ဂရိတွေးခေါ်ရှင်လို့ ဆိုလိုက်ရင် မသိသူမရှိလောက်အောင် လူသိအများဆုံး ပုဂ္ဂိုလ်ကတော့ ကိုယ်ပိုင်စာအုပ်စာပေ တစ်လုံးတစ်ပါဒမျှ ရေးသားမချန်ထားခဲ့ဘဲ၊ စကားပြော ဆွေးနွေးခြင်းသက်သက်နဲ့တင် ဂရိတစ်ခွင်ကို လှုပ်ခတ်စေခဲ့တဲ့ ဆော့ကရေတီးစ်-Socrates ပါပဲ။ ဆော့ကရေတီးစ်ဟာ အေသင်မြို့ပြနိုင်ငံမှာ ဉာဏ်အကောင်းဆုံးနဲ့ ရုပ်အဆိုးဆုံးလို့ သတ်မှတ်ခံရသူ ဖြစ်ပါတယ်။ သူ့ရဲ့ လောကကြီးအပေါ် စူးစမ်းလေ့လာပုံက အတော်လေး ထူးခြားပါတယ်။ သူက စာကြည့်တိုက်ထဲမှာ အောင်းနေတာမျိုး မဟုတ်ဘဲ၊ မနက် နေထွက်ချိန်ကနေ ညနေ နေဝင်ချိန်အထိ အေသင်မြို့လယ်ခေါင်မှာ လှည့်လည်သွားလာပြီး တွေ့သမျှလူတွေနဲ့ အမေးအဖြေ လုပ်လေ့ရှိပါတယ်။ ပညာတတ်၊ မင်းစိုးရာဇာ၊ ကုန်သည်၊ စစ်သူကြီးမကျန် လူမျိုးစုံ၊ အလွှာစုံနဲ့ စကားပြောပြီး သူတို့ရဲ့ အတွေးအခေါ်တွေကို စမ်းသပ်ခဲ့တာပါ။

သူက အေသင်မြို့ပြနိုင်ငံကြီးကို ပျင်းရိလေးလံပြီး အိပ်ငိုက်နေတဲ့ မြင်းကြီးတစ်ကောင်လို့ ဥပမာပေးခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ အဲဒီမြင်းကြီး မအိပ်ပျော်သွားအောင်၊ အမြဲတက်ကြွနိုးကြားနေအောင် လိုက်ကိုက်တဲ့ ဖြုတ်ကောင်ပါတဲ့။ လူတွေ အမှန်တရားကို တွေးတောလာအောင် မေးခွန်းတွေနဲ့ လိုက်ဆွပေးတဲ့အတွက် လူအများစုကတော့ သူ့ကို ကြည့်မရဘဲ စိတ်အနှောင့်အယှက် ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဆော့ကရေတီးစ်ကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ဒီလူတွေ လောကအကြောင်း ဘယ်လောက်သိလဲ၊ လောကကြီးအပေါ် ဘယ်လိုရှုမြင် ခံယူထားကြလဲဆိုတာတွေကို ပြန်လှန်မေးခွန်းထုတ် သုံးသပ်ရင်း လောကကြီးရဲ့ သဘာဝကို လေ့လာသင်ယူခဲ့ပါတယ်။ ဆော့ကရေတီးစ်ဟာ ကိုယ်ပိုင်အယူအဆတွေကို စင်မြင့်ပေါ်ကနေ ဟောပြောပို့ချတဲ့ စနစ်မျိုး မသုံးပါဘူး။ သူသုံးတဲ့ နည်းလမ်းကတော့ အမေး-အဖြေ နည်းလမ်း-Socratic Dialogue ဖြစ်ပါတယ်။ လူတစ်ယောက်က ဥပမာ- "တရားမျှတမှု ဆိုတာ ဒါပါပဲ" လို့ လာပြောရင်၊ ဆော့ကရေတီးစ်က "အော်... ဟုတ်လား၊ ဒါဆိုရင် ဒီလိုအခြေအနေမျိုးမှာရော တရားမျှတပါ့မလား" ဆိုပြီး ထောက်ပြမေးခွန်းထုတ်ပါတယ်။ တစ်ဖက်လူက ပြန်ဖြေရင်လည်း အဲဒီအဖြေထဲက ဟာကွက်ကို နောက်ထပ် မေးခွန်းတစ်ခုနဲ့ ထပ်ထောက်ပြပြန်ပါတယ်။ ဒီလိုနဲ့ မေးခွန်းတွေ အထပ်ထပ် မေးပြီးတဲ့နောက်မှာ တစ်ဖက်လူဟာ မိမိရဲ့ အယူအဆဟာ အပေါ်ယံသာဖြစ်ပြီး၊ တကယ်တမ်း ဘာမှရေရေရာရာ မသိပါလားဆိုတာကို ကိုယ်တိုင် နားလည်သဘောပေါက်သွားစေတာ ဖြစ်ပါတယ်။ လူတွေကို မေးခွန်းတွေ တရစပ်မေးခြင်းအားဖြင့် သူတို့ လက်ခံထားတဲ့ အယူအဆတွေမှာ အားနည်းချက်တွေ၊ ဟာကွက်တွေ ရှိကြောင်း ကိုယ်တိုင်သိမြင်လာအောင် လုပ်တာပါ။ ဒါဟာ သိပ္ပံပညာမှာ ယူဆချက်တစ်ခု-Hypothesis ကို မှားယွင်းကြောင်း သက်သေပြဖို့ ကြိုးစားတဲ့ ဖြစ်စဉ်-Refutation လိုပါပဲ။

နှစ်ကာလပေါင်းများစွာ အေသင်မြို့မှာ ဒီလို အမေးအဖြေတွေ ပြုလုပ်ရင်းနဲ့ ဆော့ကရေတီးစ်ဟာ ပိုနာမည်ကြီးလာပြီး တပည့်တပန်းတွေ အများအပြား ရှိလာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပြန်လှန်မေးခွန်းထုတ်ခြင်းဝါဒက အရှိန်ရလာတာနဲ့အမျှ တစ်ဖက်က စစ်ရှုံးလို့ စိတ်ပျက်နေတဲ့အေသင်အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့ဖို့ လမ်းစဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အာဏာပိုင်တွေက ဆော့ကရေတီးစ်ကို 'ရိုးရာ နတ်ဘုရားများကို မကိုးကွယ်မှု၊ လူငယ်များကို လမ်းမှားရောက်အောင် အယူလွဲစေမှု' စတဲ့ စွပ်စွဲချက်တွေနဲ့ တရားစီရင်ပြီး၊ အပြစ်ရှိကြောင်း ဝန်မခံရင် သေဒဏ်ပေးမယ်ဆိုတဲ့ စီရင်ချက် ချမှတ်ခဲ့ပါတယ်။ သူဟာ အယူဝါဒကို စွန့်လွှတ်ပြီး အသက်ရှင်သန်ခွင့်ထက် အမှန်တရားအတွက် အဆိပ်ခွက်ကို သောက်ဖို့ ရဲရဲဝံဝံ ရွေးချယ်သွားခဲ့ပါတယ်။

ဆော့ကရေတီးစ် ချန်ထားခဲ့တဲ့ နာမည်ကျော် အတွေးအခေါ်ကတော့ "ဆန်းစစ်ဝေဖန်ခြင်း မရှိတဲ့ ဘဝဟာ ရှင်သန်နေထိုင်ဖို့ တန်ဖိုးမရှိဘူး" ဆိုတာပါပဲ။ လူဟာ မိမိရဲ့ အတွေးအခေါ်နဲ့ ယုံကြည်ချက်တွေကို အမြဲမပြတ် စူးစမ်းလေ့လာပြီး မေးခွန်းထုတ်နေသင့်တယ်လို့ သူက မြင်ခဲ့ပါတယ်။ ဒီအတွေးအခေါ်တွေဟာ နောက်တစ်ချိန်မှာ ခေတ်သစ်သိပ္ပံပညာရဲ့ အခြေခံအုတ်မြစ်ကြီးတွေဖြစ်တဲ့ သံသယပွား မေးခွန်းထုတ်ခြင်း-Skepticism နဲ့ အပြန်အလှန် ဆွေးနွေးဆန်းစစ်ခြင်း-Debate တို့ကို စတင်ပျိုးထောင်ပေးခဲ့တာ ဖြစ်ပါတယ်။

⬩ ဘီစီ ၄၆၀-၃၇၀

ဘီစီ ၅ ရာစုမတိုင်ခင်အချိန်က ရှေးဟောင်းဂရိလူမျိုးတွေဟာ ရောဂါဝေဒနာ ခံစားရတဲ့အခါ နတ်ဘုရားတွေက အပြစ်ပေးတာ၊ စုန်းမတွေ ညှို့ယူဖမ်းစားတာ ဒါမှမဟုတ် ကျိန်စာမိတာကြောင့်လို့ အပိုင်တွက် ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့် ရောဂါပျောက်ကင်းဖို့အတွက် သိပ္ပံနည်းကျ ကုသဖို့ မတွေးဘဲ နတ်ကွန်းတွေမှာ ယဇ်ပူဇော်တာ၊ ဂါထာမန္တန်တွေ ရွတ်ဖတ်ပူဇော်တာမျိုးတွေနဲ့ပဲ အချိန်ကုန်လေ့ရှိကြတာပါ။ ဒီလို အယူအဆဟောင်းတွေကို တော်လှန်ပြောင်းလဲပြီး ဆေးပညာအတွက် လမ်းသစ်ဖောက်ပေးခဲ့သူကတော့ ဟစ်ပိုကရေတီးစ်-Hippocrates ဆိုသူပါပဲ။ သူ မပေါ်ထွန်းခင်က ဆေးပညာဆိုတာ နတ်ဆရာတွေ၊ စုန်းကဝေတွေနဲ့ နတ်ဘုရားတွေရဲ့ နယ်ပယ်လို့သာ သတ်မှတ်ထားကြပေမယ့်၊ ဟစ်ပိုကရေတီးစ်ကတော့ ဆေးပညာကို သိပ္ပံနည်းကျပြီး လက်တွေ့ကျတဲ့ လမ်းကြောင်းပေါ်ရောက်အောင် သေချာတွန်းပို့ခဲ့ပါတယ်။

သူက ရောဂါဝေဒနာမှန်သမျှဟာ နတ်ဘုရားတွေရဲ့ ဖန်ဆင်းမှုကြောင့် ဖြစ်တာမဟုတ်ဘဲ သဘာဝတရားရဲ့ အကြောင်းတရားတွေ-Natural Causes ကြောင့်သာ ဖြစ်တယ်လို့ အခိုင်အမာ ရှုမြင်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရာသီဥတု အပြောင်းအလဲ၊ စားသောက်တဲ့ အစားအသောက်၊ နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ရေဆိုးရေညစ်တွေကြောင့်သာ ရောဂါတွေ ဖြစ်ပွားရတာလို့ သမိုင်းမှာ ပထမဆုံးအကြိမ် လမ်းခွဲတွေးခေါ်ခဲ့တာပါ။ အဲဒီခေတ်က ဝက်ရူးပြန်ရောဂါကိုဆိုရင် လူတွေက နတ်ဝင်ပူးတာလို့ ယူဆပြီး မြင့်မြတ်သောရောဂါဆိုပြီး ဝေါ်ကိုးကွယ်ခဲ့ကြပါတယ်။ ဟစ်ပိုကရေတီးစ်ကတော့ ဒါကို လက်မခံဘဲ အထူးစာတမ်းရေးသားပြီး ကန့်ကွက်ခဲ့ပါတယ်။ ဝက်ရူးပြန်တာဟာ နတ်ဝင်ပူးတာ လုံးဝမဟုတ်ဘဲ၊ ဦးနှောက်ထဲက သဘာဝလွန်ကဲမှု တစ်ခုခုကြောင့် ဖြစ်ပေါ်လာရတဲ့ ရောဂါသက်သက်သာ ဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။

ဟစ်ပိုကရေတီးစ်ဟာ လူနာတစ်ယောက်ကို ဟန်ပြကြည့်ပြီး ရမ်းသမ်းဆေးပေးတာမျိုး လုံးဝမလုပ်ပါဘူး။ လူနာရဲ့ ရောဂါလက္ခဏာတွေကို အသေးစိတ် စောင့်ကြည့်လေ့လာတတ်တဲ့ စနစ်ကို စတင်ပျိုးထောင်ခဲ့ပါတယ်။ သူဟာ လူနာရဲ့ ကိုယ်အပူချိန်၊ သွေးခုန်နှုန်း၊ အသက်ရှူပုံ၊ ဆီးနဲ့ ဝမ်း အရောင်ကအစ သေသေချာချာ စစ်ဆေးလေ့ရှိပါတယ်။ အထူးသဖြင့် လူနာတစ်ဦးချင်းစီရဲ့ ရောဂါရာဇဝင်-Medical History ကို ကမ္ဘာပေါ်မှာ ပထမဆုံး မှတ်တမ်းတင်ခဲ့သူလည်း ဖြစ်ပါတယ်။ "ဒီနေ့ ဘာလက္ခဏာဖြစ်တယ်၊ နောက်ရက်မှာ ဘာတွေထပ်တိုးလာတယ်" ဆိုပြီး နေ့ရက်အလိုက် စနစ်တကျ မှတ်တမ်းရေးသားပြီးမှ ဘယ်အချိန်မှာ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာနိုင်သလဲဆိုတာကို ခန့်မှန်းတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆင်ခြင်မှုတွေထဲမှာ ထင်ရှားတာကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အခြေခံအရည် ၄ မျိုး ဖြစ်တဲ့ သွေး-Blood, သလိပ်-Phlegm, သည်းခြေဝါ-Yellow Bile, သည်းခြေမည်း-Black Bile ရှိတယ်လို့ ယူဆပြီး အဲဒီအရည်တွေရဲ့ မျှခြေပျက်ယွင်းသွားတဲ့အခါ ရောဂါဖြစ်ပွားရတယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ဒီအယူအဆဟာ ဒီနေ့ခေတ် သိပ္ပံနည်းကျ ခန္ဓာဗေဒအရတော့ မှားယွင်းနေပြီ ဖြစ်ပေမယ့်၊ အဲဒီခေတ်ကာလကတော့ ရောဂါဆိုတာ ပြင်ပက ကမ္ဘာလွန်အစွမ်းတွေကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကြောင့် ဖြစ်ရတာဆိုတဲ့ အမြင်ကို လမ်းခင်းပေးခဲ့တာမို့ လွန်စွာအရေးပါတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။

ဟစ်ပိုကရေတီးစ်ရဲ့ အဓိက ကုသမှုခံယူချက်ကတော့ "သဘာဝတရားကသာ ရောဂါကို အမှန်တကယ် ကုသပေးတာဖြစ်ပြီး၊ ဆရာဝန်က ဘေးကနေ ကူညီပေးရုံသာ ဖြစ်တယ်" ဆိုတာပါပဲ။ ဒါကြောင့် သူဟာ အတင်းအဓမ္မ ဆေးပြင်းတွေ တိုက်ပြီး ကုသတာထက် လတ်ဆတ်တဲ့ လေကောင်းလေသန့်ရရှိအောင် နေထိုင်ခိုင်းတာ၊ စားသောက်တဲ့ အစားအသောက် အာဟာရကို အထူးဂရုစိုက်စေတာ၊ အနားယူခိုင်းတာနဲ့ သန့်သန့်ရှင်းရှင်း နေဖို့တွေကိုသာအဓိကထားပြီး ညွှန်ကြားခဲ့ပါတယ်။

ဟစ်ပိုကရေတီးစ် မပေါ်ထွန်းခင်က ဆရာဝန်တချို့ဟာ ငွေကြေးရရင် လူသေစေနိုင်တဲ့ အဆိပ်တွေ ဖော်စပ်ပေးတာ၊ ကိုယ်ဝန်ဖျက်ချပေးတာတွေကို လက်ရဲဇက်ရဲ လုပ်လေ့ရှိကြပါတယ်။ ဟစ်ပိုကရေတီးစ်ကတော့ ဆရာဝန်ဆိုတာ လူ့အသက်ကို ကယ်တင်ရမယ့် ဖြူစင်သန့်ရှင်းတဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်ရမယ်လို့ ခံယူပြီး၊ ဆရာဝန်တွေ မသွေမဖေ လိုက်နာရမယ့် ကိုယ်ကျင့်တရား ကျင့်ဝတ်စနစ်ကို ထူထောင်ပေးခဲ့ပါတယ်။ အဲဒါကတော့ ဒီနေ့ခေတ်အထိ တစ်ကမ္ဘာလုံးက ဆေးကျောင်းဆင်း ဆရာဝန်တိုင်း ရွတ်ဆိုရဆဲဖြစ်တဲ့ ဟစ်ပိုကရေတီးစ် သစ္စာဆိုချက်-Hippocratic Oath ပဲ ဖြစ်ပါတယ်။ ဒီသစ္စာဆိုချက်ရဲ့ အဓိက ကျင့်ဝတ်စည်းကမ်းတွေကတော့ လူနာကို ကုသတဲ့နေရာမှာ ကိုယ့်ကြောင့် လူနာ ပိုပြီး ဝေဒနာမဆိုးသွားစေရဘူး။ ဘယ်သူကပဲ တောင်းဆိုတောင်းဆို လူသေစေနိုင်တဲ့ အဆိပ်မျိုးကို ဆရာဝန်က လုံးဝ မဖော်စပ်ပေးရဘူး။လူနာနဲ့ ပတ်သက်ပြီး ကုသမှုကာလအတွင်း မြင်သမျှ၊ ကြားသမျှ အကြောင်းအရာတွေကို ပြင်ပလူတွေကို ဖွင့်ဟမပြောဘဲ လျှို့ဝှက်ချက်အဖြစ် စောင့်ထိန်းရမယ်။ လူနာဟာ ဆင်းရဲသားဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျေးကျွန်ဖြစ်စေ ခွဲခြားမှုမရှိ တန်းတူညီတူ စေတနာထား ကုသပေးရမယ် စသဖြင့် ကျင့်ဝတ်တွေ ဖြစ်ပါတယ်။

ဟစ်ပိုကရေးတီးစ်ဟာ သူ့ရဲ့ တပည့်ပညာရှင်တွေ ပူးပေါင်းပြီး ဟစ်ပိုးကရက်တစ် ကောပတ်စ်-Hippocratic Corpus လို့ခေါ်တဲ့ ဆေးပညာကျမ်းပေါင်း ၆၀ ကျော်ကို ရေးသားပြုစုခဲ့ကြပါတယ်။ ဒီကျမ်းတွေထဲမှာ ခန္ဓာဗေဒ၊ ရောဂါလက္ခဏာများ၊ ခွဲစိတ်မှုပညာနဲ့ ဆရာဝန်တို့ရဲ့ ကိုယ်ကျင့်တရားတွေကို အသေးစိတ် တိတိကျကျ ဖော်ပြထားပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဆုံး စနစ်တကျ ပြုစုထားတဲ့ ဆေးပညာ ပြဌာန်းစာအုပ်ကြီးတွေ ဖြစ်လာခဲ့ပြီး၊ နောင်ရာစုနှစ်ပေါင်းများစွာအထိ လူသားတို့ရဲ့ ဆေးကုသရေးမှာ အဓိက အကိုးအကား ဖြစ်ခဲ့ပါတယ်။

ဒီနေ့ကတော့ ဒီလောက်ပါပဲ။ ပထမပိုင်းဖြစ်တဲ့ ရှေးဟောင်းဂရိခေတ်က မပြီးသေးပါဘူး။ စာကရေးမယ်လို့ ဆုံးဖြတ်ထားတာထက် ပိုရှည်အောင်ရေးမိနေလို့ အပိုင်းတွေတော့ များသွားနိုင်ပါတယ်။ ကျန်တဲ့ခေတ်တွေက ဒီဂရိခေတ်ပြီးမှ ဒုတိယပိုင်း၊ တတိယပိုင်းနဲ့ စတုတ္ထပိုင်း စသဖြင့်လာမှာပါ။ 'ပထမပိုင်း' ဆိုတာက စီးရီးရဲ့ အပိုင်းကြီးဖြစ်ပြီး အပိုင်း (၁)-(၂)-(၃) ဆိုတာတွေက အပိုင်းကြီးတစ်ခုရဲ့ အပိုင်းငယ်တွေဖြစ်ပါတယ်။

တင်ခဲ့ပြီးပြီ ဖြစ်တဲ့ ပထမပိုင်းရဲ့ အပိုင်း (၁) နဲ့ (၂) လင့်ခ်ကို မန့်မှာကြည့်ပါ။

— William Abramson
15 July 2026

References:
• Bertrand Russell – History of Western Philosophy (1945)
• W.K.C. Guthrie – A History of Greek Philosophy, Vol. 3 (1969)
• Plato – Apology
• Stanford Encyclopedia of Philosophy – (Socrates, Hippocrates)

Copyright © 2026 Burmese - ဗဟုသုတ

#သိပ္ပံ #ဂရိ #သမိုင်း #ဗဟုသုတ #ဒဿန ုသုတ

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burmese - ဗဟုသုတผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท