21/07/2026
လကမ္ဘာပေါ်ခြေချခြင်း ၅၇ နှစ်ပြည့် အမှတ်တရ
ဒီနေ့ နေ့စွဲဖြစ်တဲ့ ၂၀၂၆၊ ဇူလိုင် ၂၁ ရက်မှာတော့ လူသားသမိုင်းမှာ အကြီးမားဆုံးသမိုင်းဝင်ဖြစ်ရပ်ဖြစ်တဲ့ လူသားတွေ လကမ္ဘာပေါ်ခြေချခဲ့တာ ၅၇ နှစ် တိတိ ပြည့်မြောက်ခဲ့ပါပြီ။ ဒီအတွက် အမှတ်တရအနေနဲ့ လပေါ်ခြေချတဲ့ဖြစ်စဉ်အတွင်းက ဖြစ်ရပ်လေးတွေကို Burmese - ဗဟုသုတကနေ မျှဝေပေးချင်ပါတယ်။
၁၉၆၉ ခုနှစ်၊ ဇူလိုင် ၂၀ မှာ အမေရိကန် အမျိုးသား လေကြောင်းနဲ့ အာကာသအေဂျင်စီ-NASA ကနေ လွှတ်တင်လိုက်တဲ့ Columbia အာကာသယာဉ်ကနေ Lunar Module-လဆင်းယာဉ် Eagle ဟာ ခွဲထွက်ပြီး လကမ္ဘာပေါ်က Sea of Tranquillity လို့ ခေါ်တဲ့ ချောမွေ့တဲ့ လွင်ပြင်နေရာကို စတင် ဆင်းသက်ခဲ့ပါတယ်။ လဆင်းယာဉ် Eagle ဟာ လမြေပြင်ပေါ်ကို ဆင်းသက်ဖို့ ပေ ၃၄,၀၀၀ အမြင့်ကနေ စတင်နိမ့်ဆင်းလာစဉ်မှာ ရေဒါ ၂ခုဖွင့်ထားမိတာကြောင့် Data Overload ပြီး ကွန်ပြူတာမျက်နှာပြင်မှာ သတိပေး Alarm တွေ တက်လာခဲ့ပါတယ်။ အာကာသယာဉ်မှူးတွေက ဒီ Alarm က ဘာကိုဆိုလိုမှန်း လုံးဝမသိကြပါဘူး။ မစ်ရှင်ကို ဖျက်သိမ်းရတော့မလို ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာပေါ်က နာဆာ ထိန်းချုပ်ရေးစခန်းကနေ ဒီ Alarm ဟာ ကွန်ပျူတာ Executive Overflow ဖြစ်တာဖြစ်ကြောင်း၊ ဆင်းသက်မှုကို ဆက်လုပ်လို့ရကြောင်း အလျင်အမြန် အသိပေးခဲ့ရပါတယ်။ အဲ့ဒီနောက် လမြေပြင်နဲ့ ပေအနည်းငယ်အလို ရောက်ခါနီးမှာ Auto Pilot စနစ်က လဆင်းယာဉ်ကို ပို့ဆောင်ပေးနေတဲ့ သတ်မှတ်နေရာဟာ ကျောက်တုံးကြီးတွေ၊ ချောက်ကရိုင့်ကြီးတွေနဲ့ ပြည့်နှက်နေတဲ့ နွံတွင်းထဲ ဖြစ်နေတာကို အမ်းစထရောင်းက မြင်လိုက်ရပါတယ်။ ဒီအတိုင်း ဆင်းရင် လဆင်းယာဉ် ပက်လက်လှန် မှောက်ရုံတင်မက ပေါက်ပါကွဲသွားနိုင်ပါတယ်။ ဒါကြောင့် အမ်းစထရောင်းဟာ Auto Pilot ကို ချက်ချင်း ပိတ်လိုက်ပြီး Manual-Semi-automatic Mode ပြောင်းပြီး လဆင်းယာဉ်ကို ဘေးတိုက် ရွေ့လျားပြီး ညီညာတဲ့ မြေပြင်လွတ်ကို စတင် ရှာဖွေခဲ့ပါတယ်။
ဘေးတိုက် ရွေ့လျားပြီး မြေလွတ် ရှာနေရတာကြောင့် လောင်စာဆီကုန်တာက ပိုပိုမြန်လာပါတယ်။ ထိန်းချုပ်ရေးစခန်းက အာကာသယာဉ်မှူး ချာလီ ဒူခ်-Charlie Duke က နောက်ဆုံးလောင်စာလက်ကျန်ကုန်မယ့် စက္ကန့်တွေကို ရေတွက်နေခဲ့ရပါတယ်။ "စက္ကန့် ၆၀...စက္ကန့် ၃၀..." စသဖြင့် သတိပေးနေချိန်မှာ လဆင်းယာဉ်ရဲ့ ဒုံးပျံအရှိန်ကြောင့် လမြေပေါ်က ဖုန်တွေတလိပ်လိပ် တက်လာပြီး မြေပြင်မြင်ကွင်းပါ လုံးဝ ကွယ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆင်းမရသေးရင် မစ်ရှင်ကို ဖျက်သိမ်းပြီး အရေးပေါ် အပေါ်ပြန်တက်ရမှာဖြစ်ပြီး၊ အချိန်လွန်သွားရင်တော့ ဆင်းတဲ့ အရှိန်နဲ့ဆောင့်ပြီး သေဆုံးသွားနိုင်ပါတယ်။
အမ်းစထရောင်းဟာ အေးဆေးတည်ငြိမ်စွာနဲ့ပဲ ဖုန်မှုန့်တွေကြားထဲက ညီညာတဲ့ မြေကွက်လွတ်လေးတစ်ခုကို တွေ့သွားပြီး လဆင်းယာဉ်ကို ညင်သာစွာ ချလိုက်နိုင်ခဲ့ပါတယ်။ လဆင်းယာဉ် ငြိမ်သက်သွားချိန်မှာ လောင်စာဆီဟာ ၁၇ စက္ကန့်ကနေ စက္ကန့် ၂၀ စာ လောက်ပဲ ကျန်တော့တာပါ။ ဆင်းသက်ပြီးပြီးချင်းမှာပဲ အမ်းစထရောင်းက ကမ္ဘာမြေဆီကို
"Houston, Tranquility Base here. The Eagle has landed.- ဟူစတန်... ဒါ Tranquility စခန်းကပါ။ Eagle လဆင်းယာဉ် ဘေးကင်းစွာ ဆင်းသက်လိုက်ပါပြီ"
ထိန်းချုပ်ရေးစခန်းက ချာလီ ဒူခ် ကလည်း
"Roger, Tranquility. We copy you on the ground. You got a bunch of guys about to turn blue. We're breathing again. Thanks a lot.- ဟုတ်ပါပြီ Tranquility ။ ကြားရပါတယ်။ ဒီမှာ ရင်တမမနဲ့ အသက်ရှူမှားပြီး မျက်နှာတွေ ပြာနှမ်းကုန်ကြတော့မလို့။ အခုမှ အသက်ပြန်ရှူနိုင်တော့တယ်၊ ကျေးဇူးအများကြီးတင်ပါတယ်"
လို့ ပြန်လည် အကြောင်းပြန်ခဲ့ပါတယ်။ ဆင်းသက်ပြီး ၆ နာရီ အကြာ၊ ဇူလိုင် ၂၁ ရက်နေ့မှာတော့ လူသားတစ်ဦးဖြစ်တဲ့ နေးလ် အမ်းစထရောင်း-Neil Armstrong ဟာ လကမ္ဘာမြေပြင်ပေါ်ကို ပထမဦးဆုံး စတင်ခြေချခဲ့ပါတယ်။ နေးလ် အမ်းစထရောင်းဟာ လဆင်းယာဉ်ရဲ့ လှေကားအတိုင်း ဆင်းလာပြီး ဘယ်ခြေထောက်နဲ့ လမြေပေါ်ကို စတင်ခြေချကာ
"That's one small step for [a] man, one giant leap for mankind.- ဒါဟာ လူသားတစ်ဦးအတွက် သေးငယ်တဲ့ ခြေလှမ်းတစ်ခုဖြစ်ပေမဲ့ ကမ္ဘာ့လူသားထု တစ်ရပ်လုံးအတွက်တော့ အင်မတန်ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုကြီးတစ်ခု ဖြစ်တယ်"
လို့ ပြောခဲ့ပါတယ်။ အမ်းစထရောင်း ခြေချပြီး မိနစ် ၂၀ အကြာမှာ ဘက်ဇ် အိုဒရင်-Buzz Aldrin လည်း ထပ်ဆင်းလာပြီး အမ်းစထရောင်းနဲ့ ပူးပေါင်းခဲ့ပါတယ်။ လကမ္ဘာရဲ့ ဆွဲအားဟာ ကမ္ဘာမြေရဲ့ ၆ ပုံ ၁ ပုံပဲ ရှိတာကြောင့် အစပိုင်းမှာ လမ်းလျှောက်ရတာ ထူးဆန်းနေခဲ့ပေမဲ့ ခုန်ဆွခုန်ဆွ လှုပ်ရှားရတာက သွားလာရပိုလွယ်တာ သိသွားကြပါတယ်။ အဲ့ဒီနောက် သူတို့နှစ်ယောက် လပေါ်မှာ အမေရိကန်ပြည်ထောင်စုအလံကို စိုက်ခဲ့ကြပြီး ကမ္ဘာပေါ်က အိမ်ဖြူတော်ကနေတဆင့် အမေရိကန်သမ္မတ ရစ်ချတ် နစ်ဆင်-Richard Nixon နဲ့ ၂ မိနစ်ခန့် ရေဒီယိုဆက်သွယ်ရေးကတစ်ဆင့် စကားပြောခဲ့ပါတယ်။
အဲ့ဒီနောက် အမှတ်တရပစ္စည်းတွေ လပေါ်ထားခဲ့ကြပြီး ဒီထဲမှာ လဆင်းယာဉ်ရဲ့ ခြေထောက်မှာ တပ်ဆင်ထားတဲ့ ကမ္ဗည်းပြားလည်း ပါဝင်ပါတယ်။ ကမ္ဗည်းပြားပေါ်မှာ "ဒီနေရာမှာ ကမ္ဘာဂြိုဟ်က လူသားတွေဟာ လကမ္ဘာပေါ်ကို ပထမဆုံး ခြေချခဲ့ကြတယ်။ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ။ သင်တို့ လူသားအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ ငါတို့ ရောက်ရှိလာခဲ့ကြတာဖြစ်တယ်" လို့ စာတမ်းထိုးထားပါတယ်။ အဲ့ဒီနောက် သေဆုံးခဲ့ရတဲ့ Apollo 1-အပိုလို ၁ အာကာသယာဉ်မှူးတွေရဲ့ အမှတ်တရ တံဆိပ်တွေ၊ အာကာသစူးစမ်းရေးမှာ သေဆုံးခဲ့ကြတဲ့ ဆိုဗီယက်အာကာသယာဉ်မှူး ယူရီ ဂါဂါရင်-Yuri Gagarin နဲ့ ဗလာဒီမာ ကိုမာရော့ဗ်-Vladimir Komarov တို့အတွက် ဂုဏ်ပြုတံဆိပ်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးရဲ့ သင်္ကေတအဖြစ် ရွှေရောင်သံလွင်ခက် သေးသေးလေးတစ်ခုကိုလည်း ထားရစ်ခဲ့ပါတယ်။
အမ်းစထရောင်းနဲ့ အိုဒရင်တို့ဟာ လမြေပြင်ပေါ်မှာ ၂ နာရီနဲ့ ၃၁ မိနစ်ခန့် ကြာအောင် အချိန်ကုန်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ကမ္ဘာပေါ် ပြန်လည်ယူဆောင်ဓာတ်ခွဲဖို့အတွက် လကျောက်တုံးနဲ့ မြေဆီလွှာ ၄၇.၅ ပေါင် (၂၁.၅ ကီလိုဂရမ်) လောက်ကိုလည်း ကောက်ယူစုဆောင်းခဲ့ကြပါတယ်။ အမ်းစထရောင်းနဲ့ အိုဒရင်တို့ လမြေပေါ်ခြေချနေချိန်မှာ Michael Collins-မိုက်ကယ် ကောလင်း ကတော့ လပတ်လမ်းကြောင်းထဲမှာ ပင်မယာဉ် Columbia ကို တစ်ယောက်တည်း ထိန်းသိမ်းမောင်းနှင်နေခဲ့ရပါတယ်။ သူဟာ လရဲ့ အနောက်ဘက်ခြမ်းကို ရောက်သွားချိန်တိုင်း ကမ္ဘာမြေ၊ နာဆာ ထိန်းချုပ်ရေးစခန်းတို့နဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့ပြီး "လူသားသမိုင်းမှာ အထီးကျန်ဆုံးအခြေအနေကိုရောက်ရှိတဲ့သူ" လို့ တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရပါတယ်။ လပေါ်မှာ လေထုနဲ့ ရေ မရှိတာကြောင့် အဲ့ဒီနေ့က ရိုက်ကျန်ရစ်ခဲ့တဲ့ အမ်းစထရောင်းနဲ့ အိုဒရင်တို့ရဲ့ ခြေရာတွေဟာ သဘာဝအတိုင်း ပျက်စီးသွားခြင်းမရှိဘဲ နှစ်ပေါင်း သန်းနဲ့ချီပြီး ဒီအတိုင်း ကျန်ရှိနေမှာ ဖြစ်ပါတယ်။
ဒီ သမိုင်းဝင်ဖြစ်စဉ်တစ်ခုလုံးကို အဲဒီအချိန်က ကမ္ဘာ့လူဦးရေရဲ့ ၅ ပုံ ၁ ပုံခန့်ရှိတဲ့ လူပေါင်း သန်း ၆၅၀ ကျော် ဟာ TV မျက်နှာပြင်တွေ၊ မြို့နယ်ခန်းမတွေနဲ့ လမ်းဘေး TV ဆိုင်တွေရှေ့မှာ စုဝေးပြီး Live-တိုက်ရိုက်ကြည့်ရှုခဲ့ကြပါတယ်။ ဒီနေ့ နေ့စွဲဖြစ်တဲ့ ၂၀၂၆၊ ဇူလိုင် ၂၁ ရက်မှာတော့ အကြီးမားဆုံးသမိုင်းဝင်ဖြစ်ရပ်ဖြစ်တဲ့ လူသားတွေ လကမ္ဘာပေါ်ခြေချခဲ့တာ ၅၇ နှစ် တိတိ ပြည့်မြောက်ခဲ့ပါပြီ။
— William Abramson
21 July 2026
References:
• NASA – Apollo 11 Mission Overview
• NASA – Apollo 11 Lunar Surface Journal
• NASA History Office – 50 Years Ago: One Small Step, One Giant Leap
• Apollo 11 Mission Report (NASA)
• Smithsonian National Air and Space Museum Archives
Copyright © 2026 Burmese - ဗဟုသုတ
#သမိုင်း #လကမ္ဘာ #နာဆာ #အာကာသ #သိပ္ပံ #ဗဟုသုတ ုသုတ