24/04/2026
မျက်နှာလေးညှိုးသွားရင်
ပြာပြာသလဲနဲ့
မေးခွန်းတွေ တရစပ်မေးတတ်တဲ့
နှုတ်ခမ်းလေး ရှိဖူးသလို
ကျွန်မ တိတ်ဆိတ်လိုက်မိရင်
စာတွေ အဆက်မပြတ်ပို့လာမယ့်
Conservation တစ်ခုကိုလည်း
ပိုင်ခဲ့ဖူးပါတယ်
ဘယ်သွားမလို့နော် ...
ဘာလုပ်မလို့နော် စသည်ဖြင့်
ဘယ်အရာကိုမဆို
ပထမဦးဆုံး သိခွင့်ရတဲ့
မိန်းကလေးတစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ် ။
ဒီတစ်ကြိမ်တော့ ...
ကိုယ်ရွေးတဲ့လူ မမှားဘူးဆိုတဲ့
အတွေးနဲ့
ပိုချစ်မိသွားတဲ့အချိန်မှာမှ
ကျွန်မရဲ့ နာကျင်ခြင်းတွေက စခဲ့တာ ။
သူ ... ဖုန်းခေါ်မလာခင်
သတိရနေလို့ဆိုပြီး
ဖုန်းတွေ ခေါ်ခဲ့ရာက
နောက်ဆုံး ကိုယ်မှ စမဆက်ရင်
အသက်မ၀င်တော့တဲ့
ဆက်ဆံရေး တစ်ခုဖြစ်လာတယ်
မျက်နှာလေး ညှိုးနေရင်
ပြာပြာသလဲ ဖြစ်ရတဲ့သူ
ကျွန်မ ဖြစ်လာပြီး
ကျွန်မ ငိုနေရင်တောင်
သူက
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်လာတယ် ။
ဘယ်အရာကိုမဆို
သူ့သဘောကျ ရှင်သန်ရင်းက
ကိုယ်သဘောကျတဲ့ အရာတွေကို
မေ့သွားတဲ့လူက
ကျွန်မဖြစ်လာပြီး
သူက ...
ကိုယ် မနှစ်မြို့တာတွေကို
ပိုနှစ်သက်လာတယ် ။
ကျွန်တော့်ကို ဘယ်တော့မှ
ထားမသွားရဘူးနော်ဆိုတဲ့
စကားလုံးကို
အရင်စသုံးတဲ့ သူက
သူဖြစ်ပြီး
ကျွန်မတို့
ဝေးတော့ မဝေးကြဘူးမဟုတ်လားဆိုပြီး
စိုးရိမ်စိတ်နဲ့ မေးနေမိတဲ့သူက
ကျွန်မ ဖြစ်လာခဲ့တယ် ။
ဘာများ ... အဆင်မပြေခဲ့တာလဲ လို့
အတိတ်ကို ပြန်ကောက်ကြည့်ပြန်တော့လည်း
ကိုယ့်ဖက်
အဆင်ပြေအောင်
ပိုကြိုးစားခဲ့တာတွေပဲ တွေ့တယ်
ဘာလို့ အရင် မချစ်နိုင်ရတာလဲ ဆိုပြီး
တွေးမိပြန်တော့လည်း
အရင်ကထက် ပိုချစ်နေမိတဲ့
ကျွန်မကိုယ်ကျွန်မပဲ တွေ့တယ် ။
အချစ်ခံနေရပြီလို့ ထင်နေတုန်းမှာ
တဖြေးဖြေး အပစ်ခံထားရတဲ့
ခံစားချက်က
ကောင်းတော့ ကောင်းမနေဘူးပေါ့ ။
23/04/2026
မနှောင့်ယှက်တော့ဘူးနော် ...
ဒီစကားဟာနာကျင်တုန်းခဏ
ပြောဖြစ်တာမျိုး မဟုတ်တာသေချာပါတယ် ။
မင်းကြောင့်ဆိုပြီး
အိပ်မက်တွေ အများကြီး မက်ခဲ့ဖူးသလိုမင်း နဲ့ ဆိုပြီး
မျှော်လင့်ချက်တွေထားခဲ့ဖူးပေမယ့်
ဒီအချိန်မှာ ...ကိုယ်မရှိလည်း
အစစအရာရာ အဆင်ပြေနေတဲ့
လူတယောက်ကိုလွမ်းလို့ဆိုတဲ့စကားလုံးတွေနဲ့နှောင့်ယှက်ဖို့ မကောင်းသလိုကိုယ့်တွယ်တာခြင်းတွေကတဖက်အတွက် အနှောင့်အယှက်ဖြစ်ရင် ရပ်တန့်ပေးရမှာက
ကိုယ့် ၀တ္တရားပဲ မဟုတ်လား ။
စောင့်ဆိုင်းခြင်းတွေ ...
မျှော်ရခြင်းတွေကြားမှာ
ကိုယ်လည်း မပင်ပန်းချင်တော့သလိုမင်းကိုလည်း ...ကိုယ့်အတွက်နဲ့
နောက်ဆံမတင်းစေချင်တော့ပါဘူး ။ကိုယ်က ...ချန်ထားခံရခြင်းတွေမှာနေသားတကျ ဖြစ်ခဲ့ပြီးသားဖြစ်သလိုတယောက်တည်း ရှင်သန်ခြင်းတွေမှာလည်းကျင့်သားတကျပဲမို့
အချိန်တခုရောက်လာတဲ့အခါ
အဆင်ပြေပြေဖြစ်သွားမှာပါ
နေကောင်းကျန်းမာအောင်နေနော် ...
ကိုယ့်ကိုယ်ကိုယ် မေ့ထားတဲ့ရက်တွေအများကြီး မဖြစ်စေနဲ့ဦး
ဒီထက်ပိုပြီး မင်းကို ...
မနှောင့်ယှက်တော့ပါဘူးဆိုတဲ့
ကတိလေးတည်နိုင်အောင်
ကိုယ် ကြိုးစားပါမယ် ။
22/04/2026
စီးလက်စရထား မကောင်းဘူးထင်လို့...
နောက်ရထားသစ်ပြောင်းစီးချင်ခဲ့ရင်
ကိုယ့်ကိုခရီးဆုံးထိ ခေါ်ဆောင်သွားမယ့်ရထားကြီး
ဖြစ်ဖို့လိုတယ်။
နားလက်စကိုင်း မကောင်းဘူးထင်လို့
နောက်အကိုင်းသစ်ပြောင်းနားချင်တဲ့အခါ
ကိုယ့်အတွက်သီးသန့်နားခွင့်ပြုတဲ့ သစ်ပင်ကြီး
ဖြစ်ဖို့လိုတယ်။
ယုံကြည်ရာအရပ်မှာ ဘဝကိုမြှုပ်နှံနိုင်သလို
အားသန်ရာပုခုံးမှာလည်း မှေးစက်နားခိုနိုင်သည်။
တစ်ခုပါပဲ..
ကိုယ်ရွေးချယ်လိုက်တဲ့ရထားသစ်မှာ
ကိုယ့်ထက် အရေးကြီးတဲ့ ခရီးသည်ရှိလာတဲ့အခါ၊
ကိုယ်ယုံကြည်နားခိုလိုက်တဲ့ အကိုင်းသစ်မှာ
ကိုယ့်ထက် နေရာပေးရမယ့် ငှက်တစ်ကောင်ပေါ်လာတဲ့
အခါ...
"ဘယ်လိုလုပ်မလဲ" ?
တွေးကြည့်တာနဲ့တင် အဖြေရခက်ပါလိမ့်မယ်။
အဲ့အခါ ထားခဲ့မိတဲ့ရထားဟောင်းကြီးက
မတွေ့နိုင်လောက်အောင် ဝေးသွားခဲ့ပြီ။
"ခုစွန့်ပစ်ချင်တဲ့အဟောင်းဟာ တစ်ချိန်က အထင်ကြီးရတဲ့
အသစ်အဆန်းဖြစ်သလို..
ခု အထင်ကြီးနေတဲ့ အသစ်အဆန်းဟာလည်း
တစ်ချိန်ရောက်ရင် အဟောင်းဖြစ်သွားမှာပါပဲ" ။
လက်ရှိပန်းချီကားကိုတောင် ဘယ်လိုပုံဖော်ရေးဆွဲရမှန်းမသိဘဲ တစ်ခြားအသစ်တစ်ခု ထပ်ပုံဖော်မယ်ဆိုတာ....။ 😊😊
ရူးမိုက်တဲ့ အတွေးပါ။
လက်ရှိအနားက ဆိုးခြင်းကောင်းခြင်းသိတဲ့လူကို
တန်ဖိုးထားပါ။
ငါးကင်ထက် ငါးစိမ်းက ပိုမချိုနိုင်ပါဘူး။
21/04/2026
ကိုယ်ဟာ မင်းအတွက်တော့ အပြောအဆို မတတ်တဲ့သူတစ်ယောက် ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ သူများတွေလို ချိုသာတဲ့ စကားလုံးတွေ၊ နားဝင်ချိုမယ့် ကတိကဝတ်တွေနဲ့ မင်းကို မသိမ်းသွင်းတတ်ခဲ့တာ ကိုယ့်ရဲ့ အားနည်းချက်တစ်ခုပေါ့။ ဒါပေမဲ့ မင်းကို သိစေချင်တာက ကိုယ့်ရဲ့ နှုတ်ဖျားက ထွက်တဲ့ စကားတွေထက် ကိုယ့်ရဲ့ ရင်ထဲက ခံစားချက်တွေက ပိုပြီး လေးနက်တယ်ဆိုတာပါပဲ။တခါတလေကျရင်လေ... စကားလုံးတွေက လူတစ်ယောက်ကို လှည့်စားဖို့ သိပ်လွယ်လွန်းတယ်။ အဲ့ဒါကြောင့်ပဲ ကိုယ်က စကားတွေအများကြီး ပြောပြီး ချစ်ပြနေတာထက်၊ တိတ်တိတ်ကလေးနဲ့ မင်းအပေါ်မှာ နစ်နစ်နွယ်နွယ် ချစ်နေရတာကိုပဲ ပိုသဘောကျတယ်။ မင်း ရှေ့မှာတင်မဟုတ်ဘဲ မင်းမရှိတဲ့ နေရာတွေမှာပါ မင်းအပေါ်မှာ သစ္စာရှိရှိနဲ့ အဆုံးထိ ချစ်ပေးနေမှာပါ။ကိုယ့်ရဲ့ အပြုအမူတွေ၊ ကိုယ့်ရဲ့ ဂရုစိုက်မှုတွေက မင်းအတွက်တော့ လုံလောက်ချင်မှ လုံလောက်မယ်။ ဒါပေမဲ့ အဲ့ဒီအရာအားလုံးက ကိုယ့်ရဲ့ နှလုံးသားတစ်ခုလုံးကို ပုံအောပြီး ပေးဆပ်ထားတာပါ။ အပြောမတတ်လို့ မင်းကို ဝမ်းနည်းအောင် လုပ်မိခဲ့တာတွေ ရှိရင်လည်း ခွင့်လွှတ်ပေးပါ...။ အပြောအဆိုမတတ်တာကလွဲရင် မင်းကိုတော့ ရင်ထဲကနေ တကယ်ကို နစ်နေအောင် ချစ်ရပါတယ် အချစ်ရယ်။
20/04/2026
ငယ်ငယ်တုန်းက အိမ်မှာ ထမင်းခူးရင်
မေမေက အပေါ်ယံကပဲ မခူးခိုင်းဘူး။
“ကိုယ်က ကောင်းတာတွေချည်း ရွေးယူနေရင်
နောက်လူအတွက် ဘာကျန်မလဲ
ထမင်းဂျိုးစားနေရမှာပေါ့” လို့ အမြဲဆူပြောတတ်တယ်။
အဲဒီအချိန်တုန်းကတော့ နားမလည်ခဲ့ဘူး။
ဆရာမဆိုတော့ ထမင်းခူးတာလေးကအစ
စည်းကမ်းတကျ လုပ်ခိုင်းနေပြီးဆူတယ်လို့ပဲ ထင်ခဲ့တယ်။
အခု အသက်ကြီးလာတော့မှ သိလာတယ်။
အဲဒါက ထမင်းခူးနည်းအကြောင်းတင် မဟုတ်ဘူး။
လူနေထိုင်မှုနဲ့ ပတ်သက်တဲ့ သင်ခန်းစာတစ်ခုဖြစ်နေတယ်။
တချို့လူတွေက
ကိုယ့်အတွက် ကောင်းတာတွေကိုပဲ ယူချင်တယ်။
ကိုယ်ပြောချင်တာကိုပဲ ပြောပစ်တတ်တယ်။
ကိုယ်လိုချင်တာကိုပဲ ရအောင်ယူတတ်ကြတယ်။
ကောင်းတာတွေကို မျှဝေပေးရမှာလည်း လက်ရွံ့တတ်ကြတယ်။
နောက်လူ ဘယ်လိုခံစားရမလဲ၊
ဘာတွေ ကျန်ခဲ့မလဲဆိုတာကို
တစ်ခါတလေ မစဉ်းစားမိကြဘူး။
မေမေသင်ပေးခဲ့တာက
တစ်ကိုယ်ကောင်းမဆန်ဖို့၊
ကိုယ့်အဆင်ပြေမှုတစ်ခုတည်းကိုပဲ မကြည့်ဖို့၊
နောက်လူအတွက်လည်း နေရာချန်ပေးတတ်ဖို့ပဲ။
လူတစ်ယောက်ရဲ့ အဆင့်အတန်းကို
ဘာတွေ ယူထားလဲဆိုတာနဲ့ပဲ မတိုင်းဘူး။
ဘာတွေ ချန်ထားပေးနိုင်လဲဆိုတာနဲ့လည်း တိုင်းလို့ရတယ်။
တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်ဆိုတာ
အိမ်စားပွဲပေါ်က ထမင်းအိုးလေးကစပြီး
သင်ပေးလို့ရတဲ့ အရာတစ်ခုပါပဲ။
19/04/2026
လူတစ်ယောက်က ကျွန်တော့်ကိုမေးဖူးတယ်
ခုလက်ရှိတွဲနေတဲ့လူကို ဘာလို့အဲ့လောက်တောင်ချစ်တာလဲတဲ့
သူနဲ့လည်းဝေးနေတယ် တကယ်လို့သူနဲ့သာဝေးသွားရင် နင်ဘယ်လိုလုပ်မလဲတဲ့။
အနေဝေးတာကနီးအောင်အတူတူကြိုးစားလို့ရတယ်လေ။ သစွာမရှိရင် တစ်အိမ်ထဲနေလည်းဖောက်ပြန်နေတဲ့ခေတ်ကြီးပါလို့။
ဝေးသွားရင်လည်း နောက်တစ်ယောက်ကိုထပ်ချစ်ဖြစ်မှာပဲမဟုတ်လားတဲ့။အပိုတွေလုပ်လွန်းတယ်တဲ့။
ခုလက်ရှိတွဲနေတဲ့လူကို ကျွန်တော်ဘာကြောင့် အဲ့လောက် တောင်ချစ်တာလည်းဆိုရင်
ကျွန်တော်ချစ်ပေးတာထက် သူက ကျွန်တော်ကိုပိုချစ်ပေးတယ် ရည်မှန်းချက်ထားပေးတယ်
နွေးထွေးမှုပေးတယ်
အချစ်ခံရတဲ့ခံစားချက်က ဘယ်လိုလဲဆိုတာကို သိအောင်မြင်အောင်ချပြပြီးချစ်ပေးတယ် ချစ်တတ်အောင်သူပဲသင်ပေးခဲ့တယ်။
သူမျက်နှာတစ်ချက်ညှိုးတာနဲ့ ပြာယာခတ်တဲ့လူမျိုးပါ
နေ့တိုင်းပြုံးပျော်နိုင်အောင်ဖန်တီးပေးမယ်
သူကကျွန်တော့်ဘဝရဲ့မရှိမဖြစ်လို့ပြောရင် ကျွန်တော့်ကိုရူးနေတာပဲလို့ လူတွေသတ်မှာပဲ...
သတ်မှတ်လည်းမတတ်နိုင်ဘူး
ကျွန်တော်က သူနဲ့မှမဟုတ်ရင် ကျွန်တော့်ရဲ့အနာဂတ်တွေကို လူစားထိုးနဲ့ဖြတ်သန်းဖို့အစီစဉ်မရှိဘူး ဘယ်ဆက်ဆံရေးမှ အစကနဲ့ ပြန်မစချင်တော့ဘူး။
သူမှမဟုတ်ရင် ကျွန်တော်ဘယ်သူ့ကိုမှလည်းလက်မထပ်ချင်ဘူး။
သူ့ရဲ့အရှိတိုင်းကို ကျွန်တော် ချစ်မြတ်နိုးတယ်
ဒါဟာသူတစ်ယောက်တည်းအပေါ်မှာပဲ
ကျွန်တော်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့သစ္စာစောင့်သိမှုပဲ။
16/04/2026
ကမ္ဘာကြီးပေါ်မှာ လူတွေအများကြီးပါ ဒီတစ်ယောက်နဲ့ ဝေးခဲ့ရင်လည်း နောက်တယောက်နဲ့ ထပ်ဆုံ နိုင်ပြီး ထပ်ချစ်ဖြစ်ဦးမှာပဲ ဒါပေမယ့် ဘာလို့ ဒီလူနဲ့ပဲ ဖြတ်သန်းနိုင်ဖို့ ကြိုးစားနေလဲဆို ရင် အသက်တွေကြီးလာမယ့် အနာဂတ်အထိကို ကြိုတွေး ထားမိလို့ပါ
နေပူပူ မိုးရွာရွာ ခါးလေးဖက် လက်လေးတွဲပြီး သွားရမယ့် မြင်ကွင်းကို ပုံဖော်မိတိုင်း သူ့ ဘေးကလူဟာ ကိုယ်ပဲဖြစ်ချင်တယ် ဘာလေးဝတ် ဘယ်လိုလေးသွားဆိုပြီး
သူ့ရဲ့အင်္ကျီ အသုံးအဆောင် ဖိနပ်လေး နာရီလေးကအစ သူ့အကြိုက်အတိုင်း စီစဉ်ဝယ်ခြမ်းပြီး ဆင်မြန်းပေးရတဲ့သူက
ကိုယ်ပဲဖြစ် ချင်တယ် လက်တွဲဖော်တစ်ယောက်ရဖို့များ အားစိုက်ထုတ်စရာမလိုဘဲ ပိုလွယ်တဲ့သူကိုပဲ ရွေးချယ်လို့မရဘူး လား
မဟုတ်ဘူး ရပါတယ် ဘဝခရီးရဲ့ အဓိပ္ပါယ်တွေကတော့ အများကြီး ခြား နားသွားတယ် ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရဖို့ ညှိယူရတဲ့ အခြေအနေတွေ ခက်ခဲလိုက်တာလို့ထင်တဲ့ အခိုက်အတန့်တွေ
စောင့်ဆိုင်းရတဲ့ကာလတွေ ကွာဟနေတဲ့မတူညီမှုတွေက များပါလိမ့် မယ်
ဘယ်လောက်ပဲများများ အတူတူအိုမင်းသွားခွင့်ရမယ့် အနာဂတ်ခရီးရှည်ကြီးနဲ့ ယှဉ်လိုက်ရင်တော့ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရတာဟာ မပြောပလောက်တဲ့ အချိန်အပိုင်းအခြား လေးပါပဲ့
ပင်ပန်းရတာတွေရှိလည်း ဘာလို့လွှတ်မချတမ်း ဆုပ်ကိုင်ထားနေလဲလို့ မေးရင်
"အန်တီကြီး ဦးလေးကြီး"အရွယ်တွေ ရောက်တဲ့အချိန်ထိကိုယ့်ဘေးနားမှာ ရှိစေချင်တဲ့သူက မင်းဖြစ်နေလို့ပဲလေ အချစ်ရေ.
15/04/2026
တစ်ယောက်ကို တစ်ယောက် ပိုင်ဆိုင်ဖို့ထက် "တစ်ယောက်အတွက် တစ်ယောက်ပဲ ရှိနေပေးဖို့" က ပိုပြီး အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ လောကကြီးမှာ လူတွေအများကြီး ရှိနေတဲ့ကြားထဲကမှ ကိုယ့်ရဲ့ ကမ္ဘာငယ်လေးထဲမှာ မင်းက မင်းပဲဖြစ်နေပေးဖို့ပဲ လိုတာပါ။ကိုယ့်ဘက်ကလည်း မင်းကလွဲရင် တခြားဘယ်သူ့ကိုမှ စိတ်ထဲမရှိသလို၊ မင်းဘက်ကလည်း ကိုယ့်ကိုပဲ မြင်နေပေးရင် ဒါဟာ အပြည့်စုံဆုံးသော ဆုလာဘ်တစ်ခုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် "အလေးထားမှု" တွေ ရှိနေမယ်၊ တစ်ယောက်ရဲ့ ဖြစ်တည်မှုကို တစ်ယောက်က "တန်ဖိုးထား" နေမယ်ဆိုရင် ဒါဟာ တကယ့်ကို ရိုးရှင်းပြီး ခိုင်မြဲတဲ့ အချစ်စစ်တစ်ခုပါ။အချစ်ဆိုတာ အမြဲတမ်း ရင်ခုန်စရာတွေချည်းပဲ မဟုတ်နိုင်ဘူး။ ဒါပေမဲ့ အေးအေးချမ်းချမ်းနဲ့ တစ်ယောက်မျက်လုံးကို တစ်ယောက်ကြည့်ပြီး "ကိုယ့်မှာ မင်းရှိတယ်၊ မင်းမှာ ကိုယ်ရှိတယ်" ဆိုတဲ့ ယုံကြည်မှုမျိုးက ဘဝအတွက် တကယ့်ကို ခွန်အားဖြစ်စေပါတယ်။ မင်းကလည်း ကိုယ့်ကို မြတ်နိုးသလို၊ ကိုယ်ကလည်း မင်းကို တန်ဖိုးထားရင်း…တစ်ယောက်ကိုတစ်ယောက် ထပ်တူကျနေတဲ့ ဖြစ်တည်မှုမျိုးနဲ့ပဲ ရှေ့ဆက်ချင်ပါတယ်။ဒီထက်ပိုပြီး ဘာမှမလိုချင်တော့ပါဘူး။ မင်းက မင်းပဲဖြစ်နေပေးပါ၊ ကိုယ်ကလည်း မင်းအတွက် ကိုယ်ပဲ ဖြစ်နေပေးပါ့မယ်။ ဒီလို ရိုးရှင်းတဲ့ မေတ္တာတရားလေးနဲ့တင် ကျွန်တော်တို့ဘဝက အဓိပ္ပာယ်တွေ ပြည့်စုံနေပါပြီ။
14/04/2026
စာတိုလေးတစ်ခုဖတ်ဖူးတာ...
"ကိုယ်ချစ်တဲ့ယောက်ျားရဲ့ချစ်ခြင်းမေတ္တာကိုအပြည့်အဝရတဲ့မိန်းမဟာ တစ်လောကလုံးအပေါ်မောက်မာနိုင်တယ်"တဲ့ အဲ့ဒါတကယ်အမှန်ပဲနော်ယောက်ျားတစ်ယောက်ရဲ့အချစ်က သူ့ဘေးကမိန်းမအတွက်တော့ အကြီးအမားဆုံးသောအကာအကွယ်ပဲတလောကလုံးနဲ့တစ်ယောက်ဆိုရင်တောင်"ကိုကိုရှိတယ် ကို သဲကိုယုံတယ်"ဆိုတဲ့ကိုယ်ချစ်တဲ့ယောက်ျားက ကိုယ့်ဖက်မှာယုံကြည်ရပ်တည်ပေးတဲ့ အဲ့ဒီစိတ်လုံခြုံမှုက ဘာနဲ့မှမတူဘူး။အမှားလုပ်မိလား?
"ဘာမှမဖြစ်ဘူးနော် ကိုကိုရှိတယ်"
တန်ဖိုးကြီးတာတစ်ခုခုဖျောက်လိုက်မိလား?
"ဘာမှမဖြစ်ဘူး ကိုကိုပြန်ဝယ်ပေးမယ်"စသဖြင့်ပေါ့....
အရာအားလုံးထက် ကိုယ့်ကိုပိုစိတ်ရှည်ပြီးချစ်တဲ့သူ။
ကိုယ်ဘာလုပ်လုပ်အပြစ်မမြင်ရက်သူ....
ကိုယ်မျက်ရည်ကျမှာသေမှာထက်ကြောက်တဲ့ယောက်ျား ပြသနာတစ်ခုဖြစ်ရင် ကိုယ့်လက်ကိုဆွဲ ကိုယ့်ဖက်ကရပ်ပြီး ဖြေရှင်းပေးတဲ့ယောက်ျားးးး....
အဲ့လိုယောက်ျားရဲ့ရင်ခွင်ထဲကမိန်းမကို ဘယ်သူမှမထိရဲဘူးးစကားနဲ့တောင်မစော်ကားရဲဘူးး
ရှေ့ကစာတိုလေးလိုဘဲ..ကိုယ်ချစ်ရတဲ့ယောက်ျားရဲ့ဘေးမှာ အပြည့်အဝအချစ်ခံပြီးး ပျော်ရွှင်နေရတဲ့မိန်းမမျိုးကတကယ်ပဲ ဘယ်လောက်တောင် မောက်မာချင်စရာကောင်းလိုက်လည်းနော်....
13/04/2026
တစ်ခါတလေမှာ ကျမငြိမ်နေတယ်ဆိုတာက အမှန်တရားကို မသိလို့ ဒါမှမဟုတ် စကားလုံး မကြွယ်ဝ လို့ မဟုတ်ပါဘူး။
တစ်ဖက်လူကို ပြန်ပြီး နာကျင်အောင် ဘယ်လို စကားလုံးမျိုးနဲ့ တိုက်ခိုက်ရမလဲဆိုတာ ကောင်းကောင်း သိပေမဲ့ ကိုယ့်ရဲ့ စိတ်ဓာတ်ကိုအောက်ခြေအထိ ဆွဲချပြီး သူတို့ကို သူတို့လို သူတို့လုပ်သလို အောက်တန်းမကျ ချင်သောကြောင့်ဖြစ်ပါတယ်။
လောကမှာ ပြောချင်တိုင်းပြောပြီး ပေါက်ကရလုပ်တတ် တဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ ကိုယ့်ဘက်က ပြန်တုံ့ပြန်လိုက်ရင် သူတို့နဲ့ ကိုယ် နဲ့ ဘာမှ ထူးခြားတော့မှာ မဟုတ်ဘူးလေ။
ကိုယ်ခံစားခဲ့ရတဲ့ နာကျင်မှုကို တခြားသူတစ်ယောက် ကို ပြန်မပေးချင်တဲ့ "ကိုယ်ချင်းစာစိတ်" က ကျမကို နှုတ် ဆိတ်နေဖို့ သင်ပေးခဲ့တာပါ။ဒီနာကျင်မှုကို ကျမ ကောင်းကောင်းသိလို့ပါ။
တကယ်တော့ နှုတ်ဆိတ်နေခြင်းဟာ အရှုံးပေးတာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ စိတ်အေးချမ်းမှု့ကို တန်ဖိုးထားတာ ဖြစ်သလို၊ မထိုက်တန်တဲ့သူတွေအတွက် ကိုယ့်ရဲ့ အဖိုးတန်တဲ့ စကားလုံးတွေကို အလဟဿ မဖြုန်းတီးချင်တာလည်း ပါပါတယ်။
အမှန်တရားဆိုတာ အချိန်တန်ရင် သူ့အလိုလို ပေါ်လာမှာမို့ ကျွန်မကတော့ ကိုယ်ချင်းစာတရားကိုပဲ လက်ကိုင်ထားပြီး အေးအေးဆေးဆေးပဲ နေလိုက်တော့တယ်။
12/04/2026
နောက်ထပ်ငါးနှစ်ကြာရင်တောင်မှငါ အိမ်ထောင်ပြုပြစ်မှာ မဟုတ် လောက်ပါ ဘူး။
လေးနှစ်ကြာပြီးရင်လည်း ငါ အိမ်ထောင်ပြုမှာ မဟုတ် ဘူး။
ရှစ်နှစ်ကြာရင်တောင်မှ ငါ အိမ်ထောင်ပြုဖြစ်မှာ မဟုတ် လောက်ပါဘူး။
ကိုယ့်စိတ်ထဲက လိုလားတောင့်တတဲ့သူနဲ့ မဆုံတွေ့ရဘူးဆို ရင်...
ငါ့တစ်သက်မှာ ဘယ်တော့မှ အိမ်ထောင်ပြုတော့မှာ မဟုတ်ဘူးလို့ တွေးထားတယ်။
အိမ်ထောင်ပြုဖို့ စိတ်ကူးလည်း ငါ့မှာ မရှိတော့ဘူး။
ငါ့မှာ တည်ငြိမ်တဲ့ အလုပ်တစ်ခုရှိမယ်၊
ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ စီးပွားရေးအင်အားရှိမယ်၊
ကိုယ့်အတွက်ပဲ သီးသန့်ဖြစ်တဲ့ အိမ်လေးတစ်လုံးရှိမယ်။ တည်ငြိမ်အေးချမ်းတဲ့ စိတ်ခံစားချက်ရှိမယ်၊
ဝါသနာပါရာ အလုပ်လေး နှစ်ခုသုံးခုလောက်ရှိမယ်။
ပြီးတော့... သွားချင်တဲ့အချိန် ထသွားလိုက်ရုံပဲဆိုတဲ့ သတ္တိ မျိုးလည်း ငါ့မှာ ရှိနေပါလိမ့်မယ်... ကိုယ့်ဘဝကိုဘယ်သူမှထိန်းချုပ်မှုအောက်မှာမရှိစေရ ဘူး....😳😳😳
11/04/2026
တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းဆုံးဖြစ်အောင် လုပ်မိတဲ့ အမှားကတော့ "မသိတတ်တဲ့ လူတစ်ယောက်ဆီကနေ သိတတ်မှုကို မျှော်လင့်မိတာ" ပါပဲ။ ကိုယ်က ဘယ်လောက်ပဲ နားလည်ပေးပါစေ၊ ဘယ်လောက်ပဲ ရှေ့တန်းတင်ပေးပါစေ... တစ်ဖက်လူက အလေးမထားတတ်တဲ့အခါ၊ ကိုယ့်ရဲ့ စေတနာတွေကို အသိအမှတ်မပြုတဲ့အခါမှာ ရလာတဲ့ စိတ်ပင်ပန်းမှုက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ နေ့ရက်တွေဟာ အဲ့ဒီလို မျှော်လင့်ချက်အမှားတွေကြောင့်ပဲ ဒုက္ခနေ့ရက်တွေ ဖြစ်ကုန်ကြရတယ်။ "ချစ်ခြင်းမေတ္တာ" ဆိုတာကြီးကို ရှေ့တန်းတင်ပြီး အရာအားလုံးကို သည်းခံခဲ့ပေမဲ့၊ အဲ့ဒီမေတ္တာရဲ့ ဟိုဘက်ခြမ်းမှာတော့ နာကျင်မှုတွေ၊ လျစ်လျူရှုခံရမှုတွေနဲ့ အထီးကျန်ခြင်းတွေပဲ စုပြုံနေတတ်ပါတယ်။ မေတ္တာရှိရင် အေးချမ်းရမယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ မသိတတ်တဲ့သူနဲ့ ဆုံတဲ့အခါ မေတ္တာဟာ အပူမီးတစ်ခု ဖြစ်လာရတာပါပဲ။အခုတော့... ဘာကိုမှ ထပ်ပြီး မျှော်လင့်မနေချင်တော့ပါဘူး။ သိတတ်မှုဆိုတာ တောင်းဆိုလို့ရတဲ့အရာ မဟုတ်မှန်း သိသွားတဲ့အခါ၊ ကိုယ့်ရဲ့ နေ့ရက်တွေကို ဒုက္ခတွေကြားထဲကနေ ဘယ်လိုပြန်ဆွဲထုတ်ရမလဲဆိုတာကိုပဲ အဖြေရှာနေမိပါတော့တယ်။