25/01/2025
Moin Moin! 🖖
🇩🇪 ဂျာမန်စာသင်ယူမယ့်ခရီးစဥ်အတွက် ကြိုတင်ပြင်ဆင်ခြင်း..
ဂျာမန်စာမှ မဟုတ်ပါဘူး ဘာသာစကား တစ်ခုခု သင်ယူတော့မယ်ဆိုရင်တော့ သင်ချင်တဲ့အကြောင်းရင်း၊ ဘယ်လိုသင်ရမလဲနဲ့ အချိန်ဘယ်လောက်လောက်ပေးရမလဲ စသည်ဖြင့် သိထားဖို့လိုအပ်ပါတယ်.. နေ့ချင်းညချင်း တတ်သွားတယ်ဆိုတာမျိုးကတော့ မဖြစ်နိုင်ပါဘူး.. သင်မယ်ဆိုပြီး သင်လိုက်တာမျိုးထက် နေရာတစ်ခုခုကို သွားချင်တဲ့အခါ အထိရောက်ဆုံးနဲ့ အမြန်ဆုံး ရောက်ဖို့အတွက် ကိုယ်ဘယ်လိုသွားရမလဲဆိုတဲ့ Roadmap ကိုသေချာသိထားရင် ပိုပြီးအဆင်ပြေမှာပါ.. ဒီနေရာမှာ စီမံခန့်ခွဲမှုတစ်ခုခုလုပ်တဲ့အခါမှာ အသုံးများတဲ့ SMART Goal ကိုသုံးပြီးတော့ ဂျာမန်စာကို သင်ဖို့ လမ်းကြောင်းချပုံကို ဆက်ဆွေးနွေးသွားပါမယ်..
၁) S = Specific (ရည်ရွယ်ချက် တိတိကျကျ သတ်မှတ်ထားရှိခြင်း)
ဂျာမန်စာသင်ချင်တဲ့ ရည်ရွယ်ချက် တိတိကျကျ သတ်မှတ်ထားဖို့လိုအပ်ပါတယ်.. ဥပမာ
- ကျောင်းတက်ဖို့အတွက်လိုလို့
- အလုပ်အတွက်လိုလို့
- ဂျာမနီသွားလည်ရင် ဒေသခံတွေနဲ့ စကားစမြည်ပြောချင်လို့
- ဂျာမနီမှာ အခြေချချင်လို့
- ဂျာမန်စာသင်ရတာကိုပဲ ကြိုက်လို့ စသည်ဖြင့် အကြောင်းရင်းအရင်ရှိရပါမယ်..
၂) M = Measurable (တိုင်းတာလို့ ရနိုင်ခြင်း)
ကျွမ်းကျင်မှုအဆင့်အနေနဲ့ A1 > A2 > B1 > B2 > C1 > C2 စသဖြင့် ဘယ်လောက်လောက်တော့ တတ်ရမယ်ဆိုပြီး ကြိုတင်တွေးထားရပါမယ်.. အဲ့ဒါတွေအပြင် ကိုယ်သင်ခဲ့တဲ့အကြောင်းအရာတွေကို တစ်ပတ်စာ တစ်လစာ ပြန်လေ့ကျင့်ပြီး ကိုယ့်တိုးတက်မှုကို တိုင်းတာရပါမယ်..
၃) A = Achievable (လုပ်ဆောင်မယ်ဆိုရင် အောင်မြင်နိုင်စွမ်းရှိခြင်း)
ဘာသာစကားဆိုတာ သူ့အဆင့်နဲ့သူ ဆက်ဆက်ပြီး သင်ယူသွားရတဲ့ အရာမျိုးဖြစ်ပါတယ်.. သာမန်လူတစ်ယောက်အတွက် စိတ်ဝင်စားတယ်ဆိုရင် နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ယူတတ်မြောက်နိုင်စွမ်းရှိပါတယ်.. အဲ့တော့ ကိုယ်က ဂျာမန်စာကို သင်ချင်တယ် တတ်ချင်တယ် ဆိုတာလဲ မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး..
၄) R = Relevant (ဆီလျော်မှု ရှိခြင်း)
ဘာသာစကားတစ်ခုကို သင်ယူတဲ့အခါ ကိုယ်ဘာကြောင့် သင်ချင်တာလဲဆိုတဲ့အကြောင်းရင်းက ကိုယ်ဆက်လက်ပြီး သင်ယူဖို့အတွက် အားတစ်ခုဖြစ်စေပါတယ်.. ကိုယ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်လုပ်နေတာတွေက ကိုက်ညီမှုရှိတဲ့ခါ ပိုပြီးခရီးရောက်နိုင်ပါတယ်.. မဟုတ်ရင်တော့ အချိန်တစ်ခုရောက်လာရင် တွန့်ဆုတ်ပြီး ဆက်မသင်ချင်တော့တာမျိုး ဖြစ်သွားနိုင်ပါတယ်..
၅) T = Time-bound (အချိန်ကာလတစ်ခု သတ်မှတ်ထားခြင်း)
ဂျာမန်စာကို သင်တဲ့အခါမှာလဲ သင့်လျော်တဲ့အချိန်ကာလတစ်ခုသတ်မှတ်ထားရပါမယ်.. မဟုတ်ရင် တစ်ဝဲလည်လည်နဲ့ ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်ဖို့ နှောင့်နှေးသွားတာမျိုး ဖြစ်တတ်ပါတယ်.. ဥပမာ တစ်ရက်ကို ဘယ်နနာရီစာကြည့်ချိန်ထားမယ်၊ ဘယ်နလအတွင်းမှာတော့ ဘယ် level တစ်ခုပြီးရမယ် စသဖြင့်သတ်မှတ်ထားမှ ဂျာမန်စာကို အချိန်မနှောင့်နှေးပဲ တတ်မြောက်နိုင်မှာဖြစ်ပါတယ်..
အခုမျှဝေခဲ့တဲ့ အချက် (၅) ချက် ရှိတဲ့ SMART Goal ကိုသုံးပြီး ကိုယ့်ရဲ့ ဂျာမန်စာသင်ယူရေး ခရီးစဥ်ကို ကြိုတင်ပြင်ဆင်ပြီး စတင်နိုင်ပါတယ်.. အဆင်ပြေကြမယ်လို့လဲ မျှော်လင့်ပါတယ်.. နောက်ပို့စ်မှာတော့ ဂျာမန်စာ Level တွေနဲ့ လိုအပ်တဲ့အချိန်ကာလတွေကို ဆွေးနွေးသွားပါမယ်ခင်ဗျာ..
ကျတော်နဲ့ အတူတူ ဂျာမန်စာသင်တဲ့ ခရီးစဥ်လေးကိုလိုက်ပါချင်တယ်ဆိုရင်တော့ ဒီပေ့ချ်လေးကို Like and Follow လုပ်ဖို့ မမေ့ကြပါနဲ့ဦးနော်..
နောက်ပို့စ်တွေမှာ ပြန်ဆုံကြပါဦးမယ်.. ကျေးဇူးတင်ပါတယ်ခင်ဗျာ..
Vielen Dank !
22/01/2025