Karen Vibes

Karen Vibes

แชร์

To inform, educate, and entertain with Sgaw Karen, Pwo Karen, English and Burmese Language.

17/05/2026

စကောကရင်စကားပြောကြမယ် အပိုင်း(၂၅)
🎙️ စကောကရင်စကားပြောကြမယ် - Let's Speak Sgaw Karen(ယခုအစီအစဉ်ကို Phan Foundation မှ ကူညီထောက်ပံ့ပေးထားပါသည်)
☺️Karen Vibes Media အနေဖြင့် ကရင်အမျိုးသားစာပေနှင့် ယဉ်ကျေးမှု ပြန့်ပွားရေးလုပ်ငန်းများတွင် အစဉ်တစိုက် ကူညီပံ့ပိုးပေးနေသော Phan Foundation ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ သင်တို့၏ ပံ့ပိုးမှုသည် ကျွန်ုပ်တို့၏ အမျိုးသားရေးလက္ခဏာကို ရေရှည်တည်တံ့စေရန် ကြီးမားသော ခွန်အားတစ်ခု ဖြစ်စေပါသည်။

17/05/2026

🟡တနင်္ဂနွေနေ့မှာ ဖတ်ဖို့ -
ကရင့်ခေါင်းဆောင်ကြီးများအကြောင်း
(Commentတွင်Link)

17/05/2026

😍စကောကရင်စကား၊အနောက်ပိုးကရင်စကား ပြောချင်သူတွေအတွက် ကရင်စကားပြောဗီဒီယို (commentတွင်Link)

17/05/2026

🟥အရှေ့ပိုးကရင်စာပေလေ့လာသူများအတွက် သတင်းကောင်း - Eastern Pwo Karen Dictionary ကို Windows ကွန်ပြူတာများတွင်ပါ အသုံးပြုနိုင်ပြီ။

[ Karen Vibes | ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်]

အရှေ့ပိုးကရင်စာပေကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေသော Eastern Pwo Karen Unicode Team (EPKUT) သည် ၎င်းတို့၏ "Eastern Pwo Karen Dictionary" ကို ယခုအခါ Windows ကွန်ပြူတာ (PC) များတွင် ဆော့ဖ်ဝဲအဖြစ် ထည့်သွင်းအသုံးပြုနိုင်ရန် ထုတ်လွှင့်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့က Web Dictionary အဖြစ် စတင်မိတ်ဆက်ခဲ့ပြီးနောက်၊ ယခုအခါ ကွန်ပြူတာတွင် အမြဲတမ်းတပ်ဆင်အသုံးပြုလိုသူများ၊ ကျောင်းသားလူငယ်များနှင့် စာပေပညာရှင်များအတွက် ပိုမိုလွယ်ကူလျင်မြန်စေရန် Windows Version ကိုပါ ထပ်မံဖြည့်စွက်ပေးလိုက်ခြင်း ဖြစ်သည်။

ဆော့ဖ်ဝဲ၏ ထူးခြားချက်များ
ယခု Windows အတွက် ထုတ်ပေးလိုက်သော ဆော့ဖ်ဝဲသည် -

၁။ အရှေ့ပိုးကရင်၊ မြန်မာ နှင့် အင်္ဂလိပ် ဘာသာစကားများဖြင့် အပြန်အလှန် ရှာဖွေနိုင်ခြင်း။

၂။ ကွန်ပြူတာတွင် အလွယ်တကူ တပ်ဆင် (Install) နိုင်ပြီး အသုံးပြုရ ရိုးရှင်းခြင်း။

၃။ အရှေ့ပိုးကရင်စာပေကို ကွန်ပြူတာဖြင့် စာစီစာရိုက်ပြုလုပ်သူများ၊ သုတေသနပြုသူများအတွက် ဝေါဟာရများကို အချိန်မရွေး အမြန်ဆုံးရှာဖွေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်သည်။

🔴ဒေါင်းလုဒ်ရယူရန်

အဆိုပါ အရှေ့ပိုးကရင် အဘိဓာန် Windows ဆော့ဖ်ဝဲကို အောက်ပါ Link တွင် အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပါသည်။

🔗 Download Link: https://easternpwokarenunicodeteam.com/download/

Eastern Pwo Karen Unicode Team (EPKUT) အနေဖြင့် အရှေ့ပိုးကရင်စာပေ မပျောက်ကွယ်စေရန်နှင့် ခေတ်မီနည်းပညာများဖြစ်သည့် AI ၊ OCR နှင့် Translate စနစ်များအထိ ရောက်ရှိရန် ရည်မှန်းချက်ထား လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ယခု Windows Software ထွက်ရှိလာခြင်းသည် ထိုရည်မှန်းချက်အတွက် နောက်ထပ် အရေးကြီးသော ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်သည်။

မိမိတို့၏ ကရင်စာပေကို ချစ်မြတ်နိုးသူများအနေဖြင့် ဤအဖိုးတန်နည်းပညာလက်ရာကို ဒေါင်းလုဒ်ရယူကာ လက်တွေ့အသုံးချခြင်းဖြင့် ဝိုင်းဝန်းကူညီကြပါရန် Karen Vibes Media မှ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

#အရှေ့ပိုးကရင်စာပေ

17/05/2026

🟥စာပေပျောက်လျှင် လူမျိုးပျောက်မည်လော - ၆၇ နှစ်ကြာ အမှောင်ခေတ်ကို ကျော်ဖြတ်ပြီး ဒစ်ဂျစ်တယ်ကမ္ဘာသို့ လှမ်းတက်လိုက်သည့် ကရင်စာပေ။

ဆောင်းပါး

“ကျွန်တော် ကရင်လူမျိုးပါ၊ ဒါပေမဲ့ ကရင်စကား မပြောတတ်ဘူး” ဆိုသည့် စကားသည် ယနေ့ခေတ် ကရင်လူငယ်အတော်များများကြားတွင် ဝမ်းနည်းဖွယ်ရာ ကြားနေရသည့် အမှန်တရားတစ်ခု ဖြစ်နေသည်။ မှတ်ပုံတင်ထဲတွင်သာ “ကရင်” ဟု ရှိနေပြီး မိမိ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ဝိသေသလက္ခဏာများ ပျောက်ဆုံးနေခြင်းသည် လူမျိုးတစ်မျိုး ဆိတ်သုဉ်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ဆိုးပင် ဖြစ်သည်။
သမိုင်းပညာရှင်များက ဆိုကြသည်မှာ “စာပေနှင့် ဘာသာစကားသည် လူမျိုးတစ်မျိုး၏ အသက်ဝိညာဉ်ဖြစ်ပြီး၊ ၎င်းပျောက်ကွယ်သွားပါက ပျူလူမျိုးများကဲ့သို့ သမိုင်းထဲတွင် ပျောက်ဆုံးသွားလိမ့်မည်” ဟု သတိပေးထားကြသည်။ သို့သော် ယနေ့ ၂၀၂၆ ခုနှစ်တွင်တော့ ကရင်စာပေလောက၌ မျှော်လင့်ချက်ရောင်ခြည်သစ်များ သန်းလာခဲ့ပြီ ဖြစ်သည်။

🟥 ဘာကြောင့် ကရင်လူငယ်အများစု ကရင်စာ၊ ကရင်စကား မတတ်ကြသနည်း။
ဤမေးခွန်း၏ အဖြေမှာ လူငယ်များ၏ ပျက်ကွက်မှုကြောင့် မဟုတ်ဘဲ သမိုင်းပေးအခြေအနေများကြောင့်သာ ဖြစ်သည်။ ကိုလိုနီခေတ်နောက်ပိုင်း ၁၉၄၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ (၆၇) နှစ်တိုင်တိုင် မြန်မာနိုင်ငံ၏ အစိုးရကျောင်းများတွင် ကရင်စာပေ သင်ယူခွင့် လုံးဝမရရှိခဲ့ခြင်းက အဓိက အတားအဆီး ဖြစ်ခဲ့သည်။ ၂၀၁၅ ခုနှစ်ရောက်မှသာ ကျောင်းသင်ရိုးညွှန်းတမ်းများတွင် တိုင်းရင်းသားစာပေကို သင်ကြားခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ဤ ၆၇ နှစ်တာ ကာလလစ်ဟာမှုကြောင့် ကရင်လူမျိုးအတော်များများမှာ မိခင်ဘာသာစကားနှင့် ဝေးကွာသွားခဲ့ရသည်။ သို့သော် ယခုအခါတွင်တော့ မျိုးဆက်သစ် ကရင်လူငယ်နည်းပညာရှင်များက ဤဟဟာမှုကို ဒစ်ဂျစ်တယ်နည်းပညာ (Digital Technology) ဖြင့် ဖြည့်ဆည်းရန် ကြိုးပမ်းလာကြပြီ ဖြစ်သည်။

🟥 ခက်ခဲသော ခရီးမှသည် ဒစ်ဂျစ်တယ် အဘိဓာန်များဆီသို့

ယခင်က ကရင်စာပေလေ့လာရန်မှာ လက်ရေးမူများ၊ ခက်ခဲသော သင်ပုန်းကြီးများနှင့် ရှေးဟောင်းအဘိဓာန်များကိုသာ အားကိုးခဲ့ရသည်။ ယခုအခါတွင်တော့ ခေတ်မီလူငယ် နည်းပညာရှင်များ၏ စွမ်းဆောင်မှုကြောင့် စကောကရင်၊ အရှေ့ပိုးကရင် နှင့် အနောက်ပိုးကရင် ဆိုသည့် ဘာသာစကား (၃) မျိုးလုံးအတွက် ဒစ်ဂျစ်တယ် အဘိဓာန် (Digital Dictionary) များ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

🔸၁။ အရှေ့ပိုးကရင် (Eastern Pwo Karen)
Eastern Pwo Karen Unicode Team (EPKUT) မှ နည်းပညာရှင် စအောင်မိုးဟိန်း ဦးဆောင်၍ ပထမဆုံးသော Digital အဘိဓာန်ကို ဖန်တီးနိုင်ခဲ့သည်။ ထူးခြားချက်မှာ ဤအဘိဓာန်ကို တည်ဆောက်ရာတွင် ခေတ်မီ AI (Artificial Intelligence) နည်းပညာကို အသုံးပြုထားခြင်း ဖြစ်သည်။ coding အခက်အခဲများကို AI ဖြင့် ကျော်ဖြတ်ကာ ဝေါဟာရပေါင်း ၁၃,၇၀၀ ကျော်ကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။
🔸၂။ အနောက်ပိုးကရင် (Western Pwo Karen)
အနောက်ပိုးကရင်စာပေနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PLITDT) မှ နည်းပညာရှင် စကျော်ဝင်းဦးနှင့် အဖွဲ့သားများက ၁၉၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ခေတ်အဆက်ဆက် အဘိဓာန်များကို စုစည်းကာ Pwo Karen Dictionary App ကို ဖန်တီးခဲ့သည်။ ဤ App တွင် စာပေသင်ပုန်းကြီးများသာမက အသံထွက်ဖိုင်များနှင့် လေ့ကျင့်ခန်းဂိမ်းများကိုပါ ထည့်သွင်းပေးထားသဖြင့် လူငယ်များအတွက် အထူးသင့်လျော်လှသည်။
🔸၃။ စကောကရင် (S'gaw Karen)
စကောကရင်ဘာသာစကားအတွက်လည်း Website ၊ PC Version နှင့် Mobile App များအပြင် iOS အတွက်ပါ စုံလင်စွာ ထွက်ရှိထားပြီး ဖြစ်သဖြင့် ကမ္ဘာ့မည်သည့်နေရာကမဆို လေ့လာနိုင်ပြီ ဖြစ်သည်။

🟥နည်းပညာသည် စာပေထိန်းသိမ်းရေး၏ အနာဂတ်

ယခုကဲ့သို့ ဒစ်ဂျစ်တယ် အဘိဓာန်များ ပေါ်ထွက်လာခြင်းသည် ကရင်လူမျိုးများအတွက် သမိုင်းဝင် မှတ်တိုင်တစ်ခု ဖြစ်သည်။ နည်းပညာရှင် စအောင်မိုးဟိန်းက ဆိုသကဲ့သို့ “Online ပေါ်မှာ ကျွန်တော်တို့စာပေ အချက်အလက်တွေ များလာလေ၊ AI ကမ္ဘာမှာ ကျွန်တော်တို့စာပေက ထာဝရ မပျောက်ကွယ်နိုင်တဲ့ စာပေတစ်ခု ဖြစ်သွားလေပါပဲ”။

လူငယ်များအနေဖြင့် မိမိဖုန်းထဲတွင် ဤ App များကို ထည့်သွင်းထားရုံဖြင့် မိမိ၏ ဖြစ်တည်မှု (Identity) ကို ပြန်လည်ရှာဖွေနိုင်ပြီ ဖြစ်သည်။ စာပေပျောက်လျှင် လူမျိုးပျောက်မည်ဆိုသော်လည်း၊ ယခုကဲ့သို့ နည်းပညာနှင့် စာပေပေါင်းကူးလိုက်ခြင်းက ကရင်လူမျိုးတို့၏ အနာဂတ်ကို ပိုမိုတောက်ပစေမည်မှာ အမှန်ပင် ဖြစ်သည်။

👉 ကရင်စာပေ လေ့လာနိုင်မည့် Digital အရင်းအမြစ်များ
* အနောက်ပိုးကရင် အဘိဓာန် (Android App): https://tinyurl.com/pwokarendictionary
* အရှေ့ပိုးကရင် အဘိဓာန် (Website): https://easternpwokarenunicodeteam.com/dictionary/
* စကောကရင် အဘိဓာန် (Website & App): http://karendictionary.org

Karen Vibes Media သည် ကရင့်သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို နေ့စဉ် တင်ဆက်ပေးနေပါသည်။ စောင့်မျှော်အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

Photos from Karen Vibes TV's post 17/05/2026

ဒီနေ့ဟာ ဗိုလ်မှူးကြီးထူးထူးလေး ကွယ်လွန်ခြင်း (၁) နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
🟥"ရန်ကုန်က တရားရေးဝန်ကြီးဌာန ရာထူးကိုစွန့်ပြီး ကရင့်တောင်တန်းတွေဆီ ခြေစုံပစ်ဝင်ခဲ့တဲ့ ဥပဒေဘွဲ့ရ တော်လှန်ရေးသမားကြီး..." ⚖️⛰️

ရန်ကုန်တက္ကသိုလ်ကနေ B.A. (LLB) ဥပဒေဘွဲ့ရခဲ့ပြီး အစိုးရတရားရေးဝန်ထမ်းအဖြစ် အောင်မြင်နေသူတစ်ဦးဟာ ဘာကြောင့် တောထဲကိုဝင်ပြီး သေနတ်ကိုင်ခဲ့ရတာလဲ? တိုက်ပွဲတစ်ခုမှာ နားတစ်ဖက် မကြားရတော့တဲ့အထိ ဒဏ်ရာရခဲ့ပေမယ့် အမျိုးသားရေးအတွက် ဇွဲမလျှော့ခဲ့တဲ့ ဗိုလ်မှူးကြီး ထူးထူးလေးရဲ့ ၄၆ နှစ်ကြာ တော်လှန်ရေးခရီးကြမ်းအကြောင်း...။ လွတ်လပ်သော ကရင်သမိုင်း သုတေသနဌာနမှ တင်ပြထားတဲ့ ခေါင်းဆောင်ကြီးရဲ့ ဘဝမှတ်တိုင်များကို အခုပဲ ဖတ်ရှုလိုက်ပါ။

ကရင့်သမိုင်းသုတေသနအဖွဲ့က တင်ဆက်တဲ့ ဗိုလ်မှူးကြီး ထူးထူးလေး
အထုပ္ပတ္တိအကျဉ်း ကို Karen Vibes မှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီ။

ဗိုလ်မှူးကြီး ထူးထူးလေး အထုပ္ပတ္တိအကျဉ်း ဖတ်ရန် Link - https://karenvibes.com/2026/05/07/htoo-htoo-lay/

ကရင့်သမိုင်းဆိုင်ရာ၊ ကရင်အမျိုးသားခေါင်းဆောင်ကြီးများအကြောင်း၊ကရင့်တော်လှန်ရေးခေါင်းဆောင်ကြီးများအကြောင်းတွေကို နေ့စဥ် တင်ပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်။

17/05/2026

🟥ဒေါက်တာတီသံပြာ (၁၈၄၂ - ၂၉ အောက်တိုဘာ ၁၉၂ဝ)

စောတီသံပြာကို (၁၈၄၂)ခုနှစ် ပုသိမ်မြို့ အပိုင် ကျုံလာရွာတွင် မွေးဖွားသည်။ (၆)နှစ်သားအရွယ်တွင် ဖခင်သေဆုံး၍ မိခင်၏ ကျွေးမွေးစောင့်ရှောက်မူဖြင့် ကြီးပြင်းလာခဲ့ရသည်။ ။ စောတီသံပြာသည် ငယ်စဉ်က မိခင်၏ သွန်သင်မှုကို တသွေမတိမ်းနာခံတတ်သော သားလိမ္မာတစ်ဦးဖြစ်သည်။ ငယ်စဉ်ကလေးအရွယ်ကပင် ကျောင်းပြီး ဝမ်းစာရှာဖွေပြီး မိခင်၏ဝန်ထုပ်ကို ကူညီထမ်းရွက်ခဲ့သည်။

စောတီသံပြာ (၈)နှစ်သားအရွယ်တွင် ကျုံလာရွာကို ဓားပြများဝင်ရောက်မီးရှို့ သဖြင့် တစ်ရွာလုံး ပြာကျ လေသည်။ ထိုကြောင့် ကျုံလာရွာထက် ပိုမိုလုံခြုံသည့် ကျုံတာရွာသို့ တစ်ရွာလုံး ပြောင်းရွှေ့ နေထိုင်ရလေသည်။

ငယ်စဉ်ကပင် ကြည့်တတ်၊ မှတ်တတ် လေ့လာစူးစမ်းတတ်ခြင်းနှင့် နားလည်လွယ်ကူတတ်သော မေ့ရာပါ ပင်ကိုယ်အရည်အချင်းများရှိသောကြောင့် ဦးလေးတော်သူ ဦးရွှေငုံက သူ၏ ဆေးပညာ အရိုက်အရာကို ခံယူစေရန် ရည်ရွယ်ခဲ့သည်။ ဦးလေးဦးရွေငုံက ဆေးမြစ်များကို တူး၍ မှတ်သားစေလေသည်။ စောတီသံပြာလည်း ဦးလေးခိုင်းသမျှကို ဂရုတစိုက် ကြိုးစားလုပ်ကိုင်ကာ မှတ်သားစေလေသည်kb။

စောတီသံပြာငယ်စဉ် နွားကျောင်းသားဘဝ အောက်မြန်မာနိုင်ငံ၏ အခြေအနေမှာ မငြိမ်မသက် ဖြစ်နေသည်။ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲအပြီး၌ ရခိုင်နှင့် တနင်္သာရီတိုင်းကို အင်္ဂလိပ်လက်သို့ ပေးအပ်လိုက်ရသည်။ ယခုလည်း အောက်မြန်မာပြည်သည် မင်းနေပြည်တော်၏ အုပ်ချုပ်မှုမှ ကင်းလွတ်နေသည်။ ထို့ကြောင့် တော မီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသကဲ့သို့ လူဆိုးသူခိုး ဓားပြများ အလွန်ပေါများ၏။ မီးရှို့ လုယက် တိုက်ခိုက်ကြသည်။ ထို့ကြောင့် အောက်မြန်မာပြည် ပြည်သူများမှာ မရှုနိုင်မရှိုက်နိုင် ဖြစ်နေကြရသည်။

စောတီသံပြာ (၁ဝ)နှစ်သားအရွယ်တွင် ဒုတိယစစ်ပွဲဖြစ်လာသဖြင့် သူတို့သားအမိမှာ ကျုံတာရွာတွင် ဆက်လက်မနေနိုင်တော့ဘဲ ပုသိမ်မြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရလေသည်။ ပုသိမ်တွင် အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့မှ ဖွင့်လှစ်သော သာသနာကျောင်း၌ သူပညာသင်ကြားခွင့်ရခဲ့သည်။ ထိုသာသနာကျောင်း ကရင်စာကို အဓိကထားသင်ကြားပြီး ပထဝီ၊ သင်္ချာ စသော ကျောင်းစာများအပြင် တောင်း၊ ပလုံးယက်ခြင်း လက်သမားလုပ်ငန်းစသည့် လက်တွေ့အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း တွဲဘက်သင်ကြားပေးသည့် ကျောင်းလည်း ဖြစ်လေသည်။ ထိုကျောင်းသည် နောက်တွင် ကိုးဆူ အကယ်ဒမီကျောင်း ဖြစ်လာလေသည်။

ထိုစဉ်က သူသင်ကြားရသော ကရင့်စာများမှာ အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့မှ ဒေါက်တာ ဂျော်နသန်ဝိတ် (၁၈၃ဝ)ခုနှစ်တွင် တီထွင်သော စကောကရင်စာနှင့် (၁၈၄ဝ)ခုနှစ်က ဘုန်းတော်ကြီးဘရေတန် တီထွင်သော ပိုးကရင်စာတို့ ဖြစ်သည်။ ပိုး စကော စာနှစ်မျိုးလုံးမှာ မြန်မာ၊ မွန်ဗျည်းအက္ခရာအပေါ် အခြေခံ ထားခြင်းဖြစ်သည်။

အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီး မွန်နှင့် မြန်မာနယ်များကို အင်္ဂလိပ်စစ်တပ်က သိမ်းပိုက်လိုက်သည် အခါတွင် မော်လမြိုင်၌ အခြေပြုနေသော အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့သည် ရန်ကုန်သို့ပြောင်းရွှေ့ အခြေချလိုက်တော့သည်။

ထို့နောက် အောက်မြန်မာပြည်ရှိ ပုသိမ်၊ ပြည်၊ ပဲခူး စသော ဒေသများ၌ သာသနာပြုလုပ်ငန်း စတင် ဆောင်ရွက်ကြသည်။ သာသနာပြုလုပ်ငန်းများမှာ သာသနာပြုလုပ်ငန်းသက်သက်မဟုတ်ဘဲ စာပေသင်ကြား နှင့် ဆေးဝါးကုသမှုများကိုလည်း ပူးတွဲဆောင်ရွက်သဖြင့် ဒေသခံလူမျိုးများမှာ စာပေများတတ်မြောက်လာကြပြီး သာသနာပြုလုပ်ငန်းအဖို့လည်း ပိုမို၍ အခြေခိုင်မြဲလာခဲ့သည်။

(၁၈၅၄)ခုနှစ်တွင် ပုသိမ်နှင့် ဟင်္သာတသို့ သာသနာပြုမူ စတင်ဆောင်ရွက်ခဲ့သည်။ ဓနုဖြူမြို့တွင် ဘုန်းတော်ကြီး ဒီ အယ်လ် ဘရေတန် တည်ထောင်သော သာသနာပြုကျောင်းဖွင့်ပွဲတွင် စောတီသံပြာတို့သားအမိ တက်ရောက်ခဲ့ကြသည်။ (စောတီသံပြာတို့သားအမိနှင့် ရန်ကုန်မြို့တွင် ရောက်ရှိလာသော သာသနာပြုဆရာ မစ္စတာဗင်တန်ဇနီးတို့နှင့် ပထမဦးဆုံးတွေ့ဆုံကြခြင်း ဖြစ်သည်။)

သာသနာပြုဆရာ မစ္စတာဗင်တန်တို့ ဇနီးမောင်နှံသည် စောတီသံပြာ၏ ဖျတ်လတ်မှုကို သဘောကျ သည်။ ထို့ကြောင့် ဓနုဖြူမှ သာသနာပြု အစည်းအဝေးပွဲပြီးသည့်အခါ စောတီသံပြာကို ရန်ကုန်သို့ ခေါ်ဆောင် ခဲ့သည်။ ရန်ကုန်မှ တစ်ဆင့် အမေရိကန်သို့ ပညာသင်ခေါ်ဆောင်သွားရန်ဖြစ်သည်။ သို့သော် မစ္စတာဗင်တန်သည် သာသနာလုပ်ငန်းတွင် မနားမနေပင်ပန်းမှုဒဏ်များကြောင့် (၁၈၅၈) ခုနှစ်တွင် ကွယ်လွန်သွားခဲ့ရာ စောတီသံပြာ ၏ အမေရိကန်သို့ ပညာသင်သွားရန် အစီအစဉ်မှာ ယာယီရပ်ဆိုင်းသွားခဲ့ရသည်။ သို့သော် အကျပ်အတည်းကြား ထဲကပင် ဆက်လက်သင်ကြားခဲ့သည်။ စောတီသံပြာသည် လုံ့လဝီရိယရှိပြီး မှတ်ဉာဏ်ကောင်းသူဖြစ်သည်။ သာသနာပြုဆရာများ၏ သင်ကြားမှုကိုလည်း ဂရုတစိုက် ကြိုးစားလေ့လာ နာယူမှတ်သားခဲ့သည်။

ထိုသို့ ရှိစဉ်သာသနာပြုဆရာ မစ္စတာအင်ဂေါလ်၏ ဇနီး မစ္စက်အင်ဂေါလ်၏ကျေးဇူးဖြင့် စောသံပြာ အမေရိကန်သို့သွားရန် အကြောင်းတိုက်ဆိုင်လာပြန်သည်။ မစ္စတာအင်ဂေါလ်တို့၏ ဇနီးမောင်နှံမှာ မော်လမြိုင် ရခိုင်နှင့် ရန်ကုန်ဒေသတစ်လျှောက်တွင် ၁၉ နှစ်တိုင်တိုင် အတူတကွ သာသနာပြုဆောင်ရွက်ခဲ့သူများဖြစ်သည်။ သာသနာပြုနေစဉ်မှာပင် မစ္စတာအင်ဂေါလ် (၁၈၅၆)ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ မစ္စက်အင်ဂေါလ်သည် (၁၈၆ဝ)ခုနှစ် ရန်ကုန်မြို့ မြန်မာအသင်းတော်ဖွဲ့စည်းရာတွင်လည်းကောင်း၊ သုံးဆယ်မြို့ မြန်မာအသင်းဖွဲ့စည်းရာ တွင်လည်းကောင်း ထင်ရှားအောင်မြင်ခဲ့သူတစ်ဦး ဖြစ်သည်။

(၁၈၆၅)ခုနှစ်တွင် မစ္စတာအင်ဂေါလ်၏ဇနီး မစ္စက်အင်ဂေါလ် အမေရိကန်သို့ ပြန်လည်အနားယူမည် ဖြစ်ရာ စောသံပြာလည်း လိုက်ပါခွင့်ရခဲ့လေသည်။ ထိုအချိန်တွင် စောတီသံပြာသည် (၂၃)နှစ်သာ ရှိသေးသည်။ ဖြစ်သည့်နည်းနှင့် အမေရိကန်သို့ လိုက်လာခဲ့ရသဖြင့် ပထမဦးဆုံးရင်ဆိုင်ရသောအခက်အခဲမှာ စားရေးသောက်ရေး ပင် ဖြစ်လေသည်။ (၁၈၆၀)ခုနှစ် ရန်ကုန်မြို့ မြန်မာအသင်းတော် ဖွဲ့စည်းရာတွင်လည်းကောင်း ထင်ရှားအောင်မြင်သူတစ်ဦးဖြစ်သည်။ ဒုတိယအခက်အခဲမှာ ပညာသင်ကြားခွင့်ရရေးပင် ဖြစ်လေသည်။ စောသံပြာ အမေရိကန် သို့ ရောက်ပြီးနောက် ပထမဦးဆုံး နယူးယောက်တွင် အခြေချဖြစ်သည်။ ထို့နောက် ဘော်စတွန်သို့ ရောက်လာသည်။

သူပထမဦးဆုံးလုပ်ရသောအလုပ်မှာ သတင်းစာရောင်းသော လုပ်ငန်းဖြစ်သည်။ ကျောင်းနေရန် အတွက် သတင်းစာရောင်းရင်း ငွေကြေးစုဆောင်းသည်။ ထို့နောက် မီးရထား ကမ္မဏီတစ်ခု၌ မီးရထားလမ်း ဖောက်လုပ်သည့်လုပ်ငန်းတွင် မြေတိုင်းစာရေးအဖြစ် အလုပ်ရသည်။ မီးရထားလမ်းပြီးသောအခါ မီးရထားလမ်း ပေါ် ကျော်ဖြတ်သွားတတ်သော ကျွဲရိုင်းများကို ပစ်ခတ်ရသောအလုပ် ရပြန်သည်။ ဤနည်းဖြင့် စောတီသံပြာ မိမိကျောင်းစရိတ်ကိုရှာကာ ပညာသင်ကြားခဲ့ရာမှ မန်ချက်စတာတက္ကသိုလ်၌ တက်ရောက်နိုင်ခဲ့လေသည်။ အလုပ်လုပ်ရင်းမှ ပညာကိုဆက်လက်သင်ကြားခဲ့ရာ (၆)နှစ်အကြာ (၁၈၇၁)ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးရရှိ ခဲ့သည်။

နောက်ထပ်နှစ်နှစ် ဆက်လက်သင်ကြားခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ကို ထပ်မံရရှိခဲ့ပြန်သည်။ ဘွဲ့ရသောအခါ သူ့အား အလုပ်ခန့်လိုသူများ အများအပြားရှိသော်လည်း မိမိအမျိုးသားကို ပြန်လည် အလုပ်အကျွေးပြုရန် သံန္နိဋ္ဌာန်ချထားသော စောတီသံပြာသည် မည်သည့်နိုင်ငံသား၏အလုပ်ကိုမှ လက်ခံခြင်းမပြုခဲ့ပေ။ ဘာသာ ရေးဆိုင်ရာ စာပေများကို လေ့လာဆည်းပူးခဲ့သည်။

မြန်မာပြည်သို့ ပြန်ရောက်သောအခါ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားတွင် စောတီသံပြာအနေဖြင့် ရာထူးရာခံများ ရယူနိုင်သော်လည်း မိမိအမျိုးသားအတွက် သာသနာအလုပ်ဖြင့် အကျိုးပြုရန်သာ စိတ်ဆုံးဖြတ်ထားသည်။

မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် ဦးစွာပထမ ပဲခူး ကရင်အထက်တန်းကျောင်း (ယခု အထက - ၁၊ အလုံ)တွင် ကျောင်းဆရာဝင်လုပ်သည်။ ထို့နောက် မိမိအမျိုးသားအတွက် စာအုပ်များကို ပြုစုရေးသားခဲ့ရာ စုစုပေါင်း (၂၅) အုပ် ပြုစုနိုင်ခဲ့ သည်။

ဤသို့ မိမိအမျိုးသားများအတွက် ပြန်လည်အကျိုးပြုနိုင်ခဲ့သော အခွင့်ထူးကြီးမှာ သူ့အား ပညာရေး လမ်းကြောင်းပေါ်သို့ ပထမဆုံးတင်ပို့ပေးခဲ့သော သာသနာပြုဆရာ ဗင်တန်၏ ကျေးဇူးကြောင့်သာဖြစ်ကြောင်း ဒေါက်တာတီသံပြာ မမေ့ခဲ့ချေ။

ထိုကြောင့် ကျေးဇူးရှင်အတွက် သူကိုယ်တိုင်ဦးဆောင်ပြီး ဗင်တန်ခန်းမဆောင်ကို ဆောက်လုပ်ခဲ့လေသည်။ ဘာသာရေးကိုဆောင်ရွက်ရင်း တစ်ဖက်တစ်လမ်းမှ အမျိုးသားရေးလုပ်ကိုင်ရန် (၁၈၈၁)ခုနှစ်တွင် ဒေါကလူအသင်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည်kb။

ခရစ်ယာန်သာသနာပြန့်ပွားရေးနှင့် စာပေပို့ချမှုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သော ဒေါက်တာတီသံပြာ အား ဂိုချက်စလာ တက္ကသိုလ်မှ ဘာသာတရားနှင့်ဆိုင်သော ဂုဏ်ထူးပါရဂူ (D-D)ဘွဲ့ကို ထပ်မံချီးမြင့်ခဲ့လေသည်၊ ဒေါက်တာတီသံပြာ၏ နာမည်အပြည့်အစုံမှာ (Theodore Tha Bya)ဖြစ်သည်။

(“နိုင်ငံသစ်စာစောင် အမှတ် ၇” မှ “ကရင်အမျိုးသားခေါင်းဆောင်များ၊ ဒေါက်တာ တီသံပြာ” )

လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။

16/05/2026

အနောက်ပိုးကရင်စကားပြောကြမယ် အပိုင်း(၂၂)
🎙️အနောက်ပိုးကရင်စကားပြောကြမယ် - Let's Speak West Pwo Karen(ယခုအစီအစဉ်ကို လွတ်လပ်သော ကရင့်သမိုင်းသုတေသနအသင်း (IKHRA) မှ ကူညီထောက်ပံ့ပေးထားပါသည်)
☺️Karen Vibes Media အနေဖြင့် ကရင်အမျိုးသားစာပေနှင့် ယဉ်ကျေးမှု ပြန့်ပွားရေးလုပ်ငန်းများတွင် အစဉ်တစိုက် ကူညီပံ့ပိုးပေးနေသော လွတ်လပ်သော ကရင့်သမိုင်းသုတေသနအသင်း (IKHRA) ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ သင်တို့၏ ပံ့ပိုးမှုသည် ကျွန်ုပ်တို့၏ အမျိုးသားရေးလက္ခဏာကို ရေရှည်တည်တံ့စေရန် ကြီးမားသော ခွန်အားတစ်ခု ဖြစ်စေပါသည်။

Photos from Karen Vibes's post 16/05/2026

"အနောက်ပိုးကရင်စာပေကို လက်ဖျားပေါ်သို့ ယူဆောင်လာပေးမည့် ဒီဂျစ်တယ်ပေါင်းကူးတံတား - Pwo Karen Dictionary App"

🟥နည်းပညာနှင့် စာပေပေါင်းကူးပေးမည့် "အနောက်ပိုးကရင် အဘိဓာန်အပလီကေးရှင်း" ကို "အနောက်ပိုးကရင်စာပေနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့" အဖွဲ့မှ စတင်ဖြန့်ချိ။

Karen Vibes | ၂၀၂၆ခုနှစ်၊ မေလ ၁၆ ရက်။

အနောက်ပိုးကရင်စာပေနှင့် ဘာသာစကားကို ခေတ်နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဒီဂျစ်တယ်နည်းပညာဖြင့် မြှင့်တင်နိုင်ရန်ရည်ရွယ်၍ "အနောက်ပိုးကရင်စာပေနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့" (PLITDT) မှ စီစဉ်ဖန်တီးထားသော "Pwo Karen Dictionary App" ကို အောင်မြင်စွာ စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အပလီကေးရှင်းကို အနောက်ပိုးကရင်စာပေ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် မျိုးဆက်သစ်များ မိမိတို့၏ စာပေကို အလွယ်တကူ လေ့လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် PLITDT ၏ နည်းပညာအဖွဲ့ခွဲတာဝန်ခံ စကျော်ဝင်းဦးမှ ဦးဆောင်ကာ အဖွဲ့ဝင်များ စုပေါင်းအားထုတ်မှုဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။
ဤအဘိဓာန်တွင် အဓိကအားဖြင့် အပိုင်း (၃) ပိုင်းဖြင့် ဖွဲ့စည်းထားပြီး အသုံးပြုသူများအတွက် စုံလင်လှပါသည်။

၁။ အဘိဓာန်ကဏ္ဍ: ခေတ်အဆက်ဆက် အဖိုးတန်ခဲ့သော အဘိဓာန်ကျမ်း (၃) ကျမ်းဖြစ်သည့် ၁၉၂၀ ခုနှစ်ထုတ် အင်္ဂလိပ်-ပိုးကရင်-စကောကရင် နှိုင်းယှဉ်ပြအဘိဓာန်၊ ၁၉၈၉ ခုနှစ်ထုတ် ပိုးကရင်-မြန်မာ အဘိဓာန် နှင့် ၂၀၂၁ ခုနှစ်ထုတ် မြန်မာ-အနောက်ပိုး-အင်္ဂလိပ် အဘိဓာန်တို့ကို စုစည်းထည့်သွင်းထားသည်။ ထို့ကြောင့် ခေတ်ဟောင်းနှင့် ခေတ်သစ် ဝေါဟာရများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ရှာဖွေနိုင်မည်ဖြစ်သည်။
၂။ သင်ကြားရေးကဏ္ဍ: အနောက်ပိုးကရင်စာပေကို အခြေခံမှစ၍ လေ့လာလိုသူများအတွက် ဗျည်း၊ သရ၊ တက်ကျသံပြနှင့် ဗျည်းတွဲသင်္ကေတများကို အက္ခရာသာမက အသံထွက်များ၊ နိုင်ငံတကာသုံး သဒ္ဒဗေဒသင်္ကေတ (IPA) များဖြင့် စနစ်တကျ ဖော်ပြပေးထားသည်။
၃။ နေ့စဉ်သုံးစကားပြောနှင့် လေ့ကျင့်ခန်းကဏ္ဍ: နေ့စဉ်သုံးစကားပြောဝါကျများ၊ ဂဏန်းသင်္ချာများနှင့် စကားဖိုမများအပြင်၊ အသုံးပြုသူများ စိတ်ဝင်စားစွာ လေ့လာနိုင်ရန် ဂိမ်းများ၊ အမေးအဖြေများနှင့် လေ့ကျင့်ခန်းများကိုပါ ထည့်သွင်းထားသည်။
ဤ App ဖြစ်မြောက်ရေးအတွက် နည်းပညာရှင် စကျော်ဝင်းဦးနှင့်အတူ PLITDT အဖွဲ့သားများက ဝေါဟာရများကို ကိုယ်တိုင်ရိုက်ထည့်ခဲ့ကြပြီး၊ အသံထွက်များအတွက် ကျောက်ကပ်အထူးကုဆရာဝန် ဒေါက်တာ Hudson's Heart၊ စထောင်ရှာဖန်း(ကော့မူး) နှင့် နန့်ဆန်းဟှီဘွား(RVA PWO KAREN) တို့က ကူညီအားဖြည့်ပေးထားကြသည်။
"ကျွန်တော်တို့ဟာ ပညာရှင်တွေမဟုတ်ပေမယ့် မိမိတို့စာပေကို နည်းပညာနဲ့ပေါင်းကူးပြီး အဆင့်မီတဲ့ အဘိဓာန်တစ်ခုဖြစ်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားထားပါတယ်" ဟု PLITDT အဖွဲ့မှ ဆိုသည်။ လက်ရှိတွင် စာလုံးပေါင်းအမှားအယွင်းအချို့ရှိနိုင်သော်လည်း နောင်လာမည့် Update ဗားရှင်းများတွင် ပြန်လည်ပြင်ဆင်မွမ်းမံသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
မိမိတို့၏ စာပေဘာသာစကားကို ထိန်းသိမ်းရန်အတွက် အားလုံးစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် PLITDT အဖွဲ့က တိုက်တွန်းထားပြီး၊ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် App ကို ဒေါင်းလုဒ်ရယူ အသုံးပြုနိုင်ပြီဖြစ်ပါသည်။ Androidဖုန်းများတွင် Google Play က ဒေါင်းလို့ရပါသည်။

[Pwo Karen Dictionary app Download Link: - https://tinyurl.com/pwokarendictionary ]

16/05/2026

စကောကရင်စကားပြောကြမယ် အပိုင်း(၂၄)
🎙️ စကောကရင်စကားပြောကြမယ် - Let's Speak Sgaw Karen(ယခုအစီအစဉ်ကို Phan Foundation မှ ကူညီထောက်ပံ့ပေးထားပါသည်)
☺️Karen Vibes Media အနေဖြင့် ကရင်အမျိုးသားစာပေနှင့် ယဉ်ကျေးမှု ပြန့်ပွားရေးလုပ်ငန်းများတွင် အစဉ်တစိုက် ကူညီပံ့ပိုးပေးနေသော Phan Foundation ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ သင်တို့၏ ပံ့ပိုးမှုသည် ကျွန်ုပ်တို့၏ အမျိုးသားရေးလက္ခဏာကို ရေရှည်တည်တံ့စေရန် ကြီးမားသော ခွန်အားတစ်ခု ဖြစ်စေပါသည်။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok