21/08/2026
"အကုန်ယူတယ်" - ဒစ်ဂျစ်တယ်ခေတ်မှာ နောက်ဆုံးကျန်ရစ်တဲ့ ၈၁ နှစ်အရွယ် တံဆိပ်ခေါင်းဆိုင်ပိုင်ရှင်ကြီး
အသက် ၈၁ နှစ်အရွယ် မစ္စတာ တန်ချန်လင် (Tan Chun Lim) ဟာ စင်ကာပူနိုင်ငံမှာ နောက်ဆုံးကျန်ရစ်တဲ့ တံဆိပ်ခေါင်းသီးသန့်ဆိုင် ကို ပိုင်ဆိုင်ပြီး ကိုယ်တိုင်ဦးစီး လုပ်ကိုင်နေသူပါ။ တံဆိပ်ခေါင်း စုဆောင်းတာ၊ ရောင်းဝယ်တာတွေနဲ့ အနှစ် ၇၀ လောက် ဖြတ်သန်းလာခဲ့တဲ့ သူက တခေတ်တခါက အရမ်းရေပန်းစားခဲ့တဲ့ ဒီဝါသနာနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ နောက်ပြီး အခု တဖြည်းဖြည်း မှေးမှိန်လာတဲ့ သူ့လုပ်ငန်းရဲ့ အနာဂတ်အကြောင်းတွေကို မျှဝေထားပါတယ်။
CS Philatelic Agency ဆိုတဲ့ ဆိုင်လေးထဲ ဝင်သွားရင် ဆိုင်တစ်ဆိုင်ထဲ ရောက်သွားတာထက် အတိတ်ကာလဆီ ပြန်ရောက်သွားသလို ခံစားရပါတယ်။ နံရံမှာ တံဆိပ်ခေါင်းတွေကို နိုင်ငံအလိုက် ပလတ်စတစ်အိတ်လေးတွေနဲ့ ချိတ်ဆွဲထားပါတယ်။ တချို့နိုင်ငံတွေဆို အခုကမ္ဘာပေါ်မှာ မရှိတော့ပါဘူး (ဥပမာ- အရှေ့ဂျာမနီ၊ ယူဂိုဆလားဗီးယား၊ ဆိုဗီယက်ယူနီယံ)။
၁၉၇၀ နဲ့ ၈၀ ပြည့်လွန်နှစ်တွေက ပို့စကတ်တွေကလည်း ထောင့်တွေမှာ အပြည့်ပါပဲ။ အံဆွဲတွေထဲမှာတော့ ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက ပထမဆုံးရက်မှာ တံဆိပ်တုံးထုထားတဲ့ အထိမ်းအမှတ်စာအိတ်တွေ (First-day covers) အများကြီး ရှိနေပါတယ်။
"အကုန်ယူတယ်" ဆိုတဲ့ ခံယူချက်
ဆိုင်ရှင် မစ္စတာတန်ဟာ သာမန်ဝတ်စုံနဲ့ ဆိုင်ထဲမှာ လှုပ်ရှားသွားလာနေပါတယ်။ သူက အဘိုးအဘွားတွေရဲ့ အိမ်ကနေ ရှင်းထုတ်လိုက်တဲ့ တံဆိပ်ခေါင်းစာအုပ် အဟောင်းတွေကို သူအခုလေးတင် ဝယ်ထားကြောင်း ပြပါတယ်။
၁၉၄၀ ပြည့်လွန်နှစ်တွေက တံဆိပ်ခေါင်းဟောင်းတွေမို့ ဈေးကောင်းရမှာပဲလို့ ပြောလိုက်တော့ သူက "တကယ်တော့ အဟောင်းတိုင်း ဈေးကောင်းမရပါဘူး။ အများစုက အဝယ်မလိုက်တဲ့ ဟာတွေပါ။ ကျွန်တော်က လူတွေ ရှင်းထုတ်ရလွယ်အောင် ကူညီပြီး ဝယ်ပေးလိုက်တာပါ" လို့ ရယ်လျက် ဖြေပါတယ်။
သူသိသလောက်တော့ စင်ကာပူမှာ တံဆိပ်ခေါင်းသီးသန့်ရောင်းတဲ့ ဆိုင်ဆိုလို့ သူ့ဆိုင်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့ဆိုင်တွေက အကြွေစေ့တွေ၊ ရှေးဟောင်းပစ္စည်းတွေပါ တွဲရောင်းမှ ရပ်တည်နိုင်တာပါ။ (အကြောင်းကတော့ အကြွေစေ့တွေမှာ သတ္တုတန်ဖိုး ပါဝင်နေပေမဲ့၊ တံဆိပ်ခေါင်းက စက္ကူသက်သက်ဖြစ်လို့ ဒစ်ဂျစ်တယ်ခေတ်မှာ ရပ်တည်ဖို့ ပိုခက်ခဲသွားလို့ပါ)။
နေ့တိုင်း ဆိုင်ပိတ်ပြီးရင် သူက အသစ်ရလာတဲ့ တံဆိပ်ခေါင်းတွေကို ရွေးချယ်ခွဲခြားတာ၊ သန့်စင်တာတွေ လုပ်ပါတယ်။ တချို့ကို ရောင်းဖို့ဖယ်ထားပြီး၊ တချို့ကိုတော့ သူ့ရဲ့ စုဆောင်းမှုထဲ ထည့်လိုက်ပါတယ်။
"တံဆိပ်ခေါင်းကို ချစ်သလို၊ ပိုက်ဆံကိုလည်း ချစ်တယ်"
သူ့ဆိုင်မှာ ဝယ်သူလိုချင်တဲ့ တံဆိပ်ခေါင်း ရှားရှားပါးပါးလေးတွေ၊ ဥပမာ - ၁၉၇၁ တရုတ်ယဉ်ကျေးမှု တော်လှန်ရေးခေတ်က တံဆိပ်ခေါင်းတွေ၊ ဒိုင်နိုဆောပုံ တံဆိပ်ခေါင်းတွေကအစ အကုန်ရှိပြီး၊ ဘယ်နေရာမှာထားလဲဆိုတာကို သူ အတိအကျ သိပါတယ်။
သူဟာ ရိုးရှင်းတဲ့ ဝါသနာရှင်တစ်ယောက်ပုံ ပေါက်ပေမဲ့ တကယ့်တော့ အရောင်းအဝယ်ကို နှစ်သက်တဲ့ စီးပွားရေးသမား တစ်ယောက်ပါ။ "ကျွန်တော် တံဆိပ်ခေါင်းတွေကို ချစ်သလို၊ ပိုက်ဆံကိုလည်း ချစ်ပါတယ်" လို့ သူက ပြုံးပြီး ပြောပါတယ်။
တံဆိပ်ခေါင်းများဖြင့် လည်ပတ်နေသော ဘဝသံသရာ
မစ္စတာတန်ဟာ အသက် ၁၁ နှစ်ကတည်းက တံဆိပ်ခေါင်းတွေကို စိတ်ဝင်စားခဲ့တာပါ။ ၁၉၅၀ ပြည့်လွန်နှစ်တွေက စင်ကာပူမှာ တံဆိပ်ခေါင်းစုတာက အရမ်းခေတ်စားပါတယ်။ ယနေ့ခေတ် လူငယ်တွေ 'လာဘူဘူ (Labubu)' အရုပ်တွေကို အရူးအမူး စုဆောင်းနေကြသလိုမျိုးပေါ့။
အင်တာနက်မရှိတဲ့ အဲဒီခေတ်က တံဆိပ်ခေါင်းလေးတွေဟာ သူတစ်ခါမှ မရောက်ဖူးတဲ့ နိုင်ငံတွေအကြောင်း လေ့လာခွင့်ရတဲ့ ပြတင်းပေါက်လေးတွေ ဖြစ်ခဲ့ပါတယ်။ အသက် ၁၄ နှစ်ရောက်တော့ တံဆိပ်ခေါင်း ၅၀၀ ပါတဲ့ အထုပ်ကြီးတွေကိုဝယ်၊ ၁၀၀ စီ ပြန်ခွဲပြီး သူငယ်ချင်းတွေကို ပြန်ရောင်းကာ အမြတ်ရှာတတ်နေပါပြီ။ ရလာတဲ့ အမြတ်နဲ့ သူလိုချင်တဲ့ တံဆိပ်ခေါင်းတွေကို ထပ်ဝယ်ပါတယ်။ ဒါကို "တံဆိပ်ခေါင်းနဲ့ တံဆိပ်ခေါင်းကို ပြန်မွေးမြူတာ" လို့ သူက ဆိုပါတယ်။
အဲဒီနောက် တံဆိပ်ခေါင်းအသစ်ထွက်တဲ့ ပထမဆုံးရက်မှာ တံဆိပ်တုံးထုထားတဲ့ စာအိတ်တွေကို ကိုယ်တိုင်ရိုက်နှိပ်ပြီး ရောင်းချခဲ့ပါသေးတယ်။ ၁၉၆၃ ခုနှစ်မှာ အထက်တန်းအောင်တော့ စာတိုက်လုပ်ငန်းမှာ အလုပ်ဝင်လုပ်ပြီး ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
စွန့်ဦးတီထွင် စီးပွားရေးသမား
စာတိုက်အလုပ်ကို နှစ်သက်ပေမဲ့ သူ့ရဲ့ စီးပွားရေးလုပ်ချင်စိတ်ကိုတော့ တားမရခဲ့ပါဘူး။ ၁၉၇၃ မှာ ဇနီးသည်နဲ့အတူ Batik အထည်ဆိုင် ဖွင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူလည်း စာတိုက်အလုပ်ကထွက်ပြီး ဆိုင်မှာ ကူညီခဲ့ပါတယ်။
အဲဒီအချိန်မှာ ရုံးခန်းလေးတွေခွဲငှားတဲ့ လုပ်ငန်းတွေ ခေတ်စားလာပြီး ရုံးသုံးစာပို့ဖို့ တံဆိပ်ခေါင်းတွေ အများကြီး လိုအပ်လာတာကို သူသတိထားမိပါတယ်။ ဒါနဲ့ ရုံးခန်းတစ်ခန်းငှားပြီး တံဆိပ်ခေါင်းတွေကို အထုပ်လေးတွေ ထုပ်ကာ စာတိုက်၊ စာအုပ်ဆိုင်၊ ကုန်တိုက်တွေနဲ့ ဘီစကွတ်ကုမ္ပဏီတွေကိုပါ လိုက်သွင်းခဲ့ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေမှာ လပ်ကီးပလာဇာ က ဆိုင်ခန်းတစ်ခန်းကို ဝယ်ပြီး ပြန်ငှားစားခဲ့ပါတယ်။ ရလာတဲ့ ဝင်ငွေနဲ့ ၁၉၈၄ ခုနှစ်မှာ Peninsula ဈေးဝယ်စင်တာမှာ ဆိုင်ခန်းဝယ်ပြီး တံဆိပ်ခေါင်းလုပ်ငန်းကို ဆက်လုပ်ခဲ့ပါတယ်။ ဒီကြားထဲမှာ သူဟာ အာမခံကိုယ်စားလှယ်ကနေ မန်နေဂျာအထိ၊ ကြွေပြားလုပ်ငန်း ညွှန်ကြားရေးမှူးအထိ အမျိုးမျိုး လုပ်ကိုင်ခဲ့ပါသေးတယ်။
၁၉၈၀ နှောင်းပိုင်းနဲ့ ၉၀ ပြည့်လွန်နှစ်တွေမှာ တံဆိပ်ခေါင်းဈေးကွက် အရမ်းကောင်းခဲ့ပါတယ်။ ပြပွဲတွေမှာဆို ဝယ်သူတွေ အရမ်းများလွန်းလို့ ပိုက်ဆံတောင် သေချာမရေနိုင်ခဲ့ဘူးလို့ သူက ပြန်ပြောပြပါတယ်။
၁၉၉၇ အကျပ်အတည်းနှင့် ယနေ့ခေတ် တံဆိပ်ခေါင်း စုဆောင်းသူများ
၁၉၉၇ ခုနှစ်ကို ရောက်တဲ့အခါမှာတော့ တံဆိပ်ခေါင်းဈေးကွက်ကြီး စတင် ပြိုကျပါတော့တယ်။ အကြောင်းရင်းကတော့ အဲဒီနှစ်မှာ တိုက်ခတ်ခဲ့တဲ့ အာရှဘဏ္ဍာရေး အကျပ်အတည်း (Asian Financial Crisis) ကြောင့်ပါ။ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို ဈေးကစားနေကြတဲ့ တံဆိပ်ခေါင်း ပူဖောင်းကြီး ပေါက်ကွဲသွားပြီး တကယ့် ဝါသနာရှင် အစစ်တွေလောက်ပဲ ကျန်ပါတော့တယ်။
၂၀၁၀ ပြည့်နှစ်အရောက်မှာတော့ သူဟာ တခြားလုပ်ငန်းတွေ အားလုံးကို ရပ်နားလိုက်ပြီး တံဆိပ်ခေါင်းလုပ်ငန်း တစ်ခုတည်းကိုပဲ အချိန်ပြည့် လုပ်ကိုင်ပါတော့တယ်။
အခုခေတ်မှာ တံဆိပ်ခေါင်းစုတဲ့ ကလေးနဲ့ လူငယ်တွေ မရှိသလောက်ပါပဲ။ ပြပွဲတွေသွားရင် ဆံပင်ဖြူဖြူ၊ ထိပ်ပြောင်ပြောင် လူကြီးတွေပဲ တွေ့ရတယ်လို့ သူက ရယ်လျက်ပြောပါတယ်။
ဝယ်သူအသစ် သိပ်မရှိပေမဲ့၊ မိဘဘိုးဘွားတွေရဲ့ အိမ်ကို ရှင်းလင်းရာကနေ ထွက်လာတဲ့ တံဆိပ်ခေါင်းဟောင်းတွေကိုတော့ သူက အကုန်သိမ်းကျုံး ဝယ်ယူလေ့ရှိပါတယ်။
"တခြားသူတွေလို ရွေးမဝယ်ဘူး၊ အကုန်ယူတယ်။ အဲဒါကြောင့်လည်း လူတွေက ကျွန်တော့်ဆီ လာရောင်းရတာ သဘောကျကြတာပါ" လို့ သူက ဆိုပါတယ်။
ခိုင်မာသော ဝါသနာနှင့် အနာဂတ်
အခုအချိန်မှာတော့ သူ့ဆိုင်ကို ပုံမှန်ဖောက်သည်တွေနဲ့ ရှားပါးတံဆိပ်ခေါင်း လာရှာသူတွေလောက်ပဲ လာကြပါတယ်။ သူ့ဆီမှာ နှစ် ၃၀ လောက် ပုံမှန်လာဝယ်နေတဲ့ ဘဏ်ဒါရိုက်တာဟောင်း တစ်ယောက်ရှိပါတယ်။ အဲဒီလူဆီမှာ စင်ကာပူက ထုတ်ဖူးသမျှ တံဆိပ်ခေါင်းတွေ အားလုံး အပြည့်အစုံ စာရွက်အပြည့် (Full sheets) ရှိနေတယ်လို့ သိရပါတယ်။
တခါတလေ ဝယ်သူတွေက ရှားပါးတံဆိပ်ခေါင်းတွေကို အွန်လိုင်းမှာ ဈေးကြီးပေး ဝယ်မယ့်အစား သူ့ဆီမှာ လာတိုင်ပင်ကြပါတယ်။ သူက ပိုလှပြီး ပိုသက်သာတဲ့ ဈေးနဲ့ အမြဲရှာပေးနိုင်ပါတယ်။
တံဆိပ်ခေါင်းတွေကို စတင်ချစ်မြတ်နိုးခဲ့တဲ့ အချိန်ကနေ ခုထိ အနှစ် ၇၀ ရှိသွားပေမဲ့ သူ့ရဲ့ ဒီအချစ်က ဘယ်တော့မှ ကုန်ဆုံးသွားမှာ မဟုတ်ပါဘူး။ အသက် ၈၀ ကျော်နေပြီ ဖြစ်ပေမဲ့ သူလိုချင်တဲ့ တံဆိပ်ခေါင်းတွေကို အမြဲလိုက်ရှာနေဆဲပါ။
ဒါပေမဲ့ ဆိုင်ရဲ့ အနာဂတ်ကတော့ မသေချာလှပါဘူး။ သူ့ရဲ့ သားသမီး နှစ်ယောက်စလုံးက ဒါကို စိတ်မဝင်စားပါဘူး။ "ငယ်ငယ်က သူတို့ကို ပညာရေးပဲ ဦးစားပေးခိုင်းပြီး ဆိုင်မှာ မကူခိုင်းခဲ့မိတာ ကျွန်တော့်အမှားပါ" လို့ သူက ဝန်ခံပါတယ်။
ဆိုင်ကို လွှဲယူချင်တဲ့သူတွေ ရှိခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ဘယ်သူဆက်ခံမလဲဆိုတာ မသေချာပေမဲ့ သူကတော့ စိတ်မပူပါဘူး။ သူ့အတွက် အရေးအကြီးဆုံးက သူချစ်တဲ့ တံဆိပ်ခေါင်းလေးတွေနဲ့ အတူရှိနေဖို့ပါပဲ။
"တံဆိပ်ခေါင်းတွေက ကျွန်တော့်သွေးထဲမှာ စီးဆင်းနေတာပါ။ မလုပ်နိုင်တော့တဲ့ အချိန်အထိ ဆက်လုပ်သွားမှာပါ" လို့ မစ္စတာတန်က ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ပြောပြခဲ့ပါတယ်။
Ref:
Channel News Asia - 'I'll take everything': The 81-year-old stamp shop owner who never says no
19/08/2026
လေ့ကျင့်ခန်းလုပ်နေချိန်မှာ ကြွက်သားတွေက လိုအပ်တဲ့ အောက်ဆီဂျင် အများကြီးကို ဘယ်လိုရယူသလဲ?"
ဒီအခြေခံကျတဲ့ မေးခွန်းတစ်ခုကို အဖြေပေးနိုင်ခဲ့လို့ ၁၉၂၀ ပြည့်နှစ်မှာ ဒိန်းမတ်လူမျိုး ဇီဝကမ္မဗေဒပညာရှင် ဩဂတ်စ် ခရော့ဂ် (August Krogh) ဟာ ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ပါတယ်။
သွေးကြောမျှင်လေးတွေက ကြွက်သားမျှင်တွေဆီ လိုအပ်သလို အလိုအလျောက် သွေးတွေ ပိုရောက်အောင်ပို့ပေးပြီး အောက်ဆီဂျင် ပိုမိုဖလှယ်နိုင်အောင် လုပ်ဆောင်ပေးပုံကို သူက သက်သေပြခဲ့တာ ဖြစ်ပါတယ်။
တိရစ္ဆာန်ဗေဒမှသည် ဇီဝကမ္မဗေဒဆီသို့
ခရော့ဂ်ကို ၁၈၇၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဒိန်းမတ်နိုင်ငံက ဂရီနာမြို့မှာ မွေးဖွားခဲ့ပါတယ်။
၁၈၉၃ ခုနှစ်မှာ ကိုပင်ဟေဂင် တက္ကသိုလ်ကို ဝင်ရောက်ခဲ့ပြီး ဆေးပညာကို အရင်သင်ယူခဲ့ပေမဲ့ နောက်ပိုင်းမှာ တိရစ္ဆာန်ဗေဒဘက်ကို ပြောင်းလဲလေ့လာခဲ့ပါတယ်။
တက္ကသိုလ်မှာ နာမည်ကြီး သမားတော်ကြီး Christian Bohr ရဲ့ ဓာတ်ခွဲခန်းမှာ ဝင်ရောက်လုပ်ကိုင်ရင်း အသက်ရှူခြင်းနဲ့ ဓာတ်ငွေ့ဖလှယ်ခြင်းအကြောင်းကို စိတ်ဝင်စားလာခဲ့ပါတယ်။
သူဟာ ဇီဝဗေဒစမ်းသပ်မှုတွေနဲ့ သင်္ချာတွက်ချက်မှုတွေကို ပေါင်းစပ်လေ့လာခဲ့ပြီး ကိရိယာအသစ်တွေပါ တီထွင်ခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်မှာတော့ တက္ကသိုလ်ရဲ့ ဇီဝကမ္မဗေဒ ပါမောက္ခ တစ်ဦး ဖြစ်လာခဲ့ပါတယ်။
အောက်ဆီဂျင် ထောက်ပံ့မှု ပြဿနာနှင့် နိုဘယ်ဆု
သွေးထဲက အောက်ဆီဂျင်တွေ ကြွက်သားတွေဆီ ဘယ်လိုရောက်သွားလဲ ဆိုတာကို ခရော့ဂ် အဓိကထား လေ့လာခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ကြွက်သားတွေက အောက်ဆီဂျင် ပိုလိုပါတယ်။
သွေးထဲက အောက်ဆီဂျင်ဟာ သွေးကြောမျှင်လေးတွေကနေတစ်ဆင့် ဆဲလ်တွေဆီ သွားရပါတယ်။ ဒါကြောင့် ဆဲလ်နဲ့ သွေးကြောမျှင် အကွာအဝေးက အလွန်အရေးကြီးပါတယ်။
သူက ကြွက်သားတွေ အနားယူနေချိန်နဲ့ လှုပ်ရှားနေချိန်ကို ယှဉ်ကြည့်ခဲ့ပါတယ်။ ကြွက်သားတွေ လှုပ်ရှားနေချိန်မှာ သွေးကြောမျှင်တွေထဲ သွေးပိုရောက်နေတာကို တွေ့ရပါတယ်။
၁၉၁၉ ခုနှစ်မှာ ထုတ်ဝေတဲ့ စာတမ်းတွေမှာ ခန္ဓာကိုယ် လှုပ်ရှားချိန်မှာ သွေးကြောမျှင်တွေ ပိုပွင့်လာပြီး အောက်ဆီဂျင် သွားရမယ့် ခရီးကို တိုသွားစေတယ်လို့ သူက တွက်ချက်ပြခဲ့ပါတယ်။ ဒါကို Krogh cylinder model လို့ လူသိများပါတယ်။
ခရော့ဂ်ဟာ သွေးကြောမျှင်လေးတွေရဲ့ အချင်းနဲ့ သွေးပမာဏဟာ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အလိုအလျောက် ပြောင်းလဲနိုင်တယ်ဆိုတဲ့ အချက်ကိုပါ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီတွေ့ရှိချက်ကြောင့် ၁၉၂၀ ပြည့်နှစ်မှာ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ သွေးလှည့်ပတ်မှု အားနည်းတဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အနာမကျက်တဲ့ ရောဂါတွေကို ကုသရာမှာ အောက်ဆီဂျင် ဘယ်လိုရောက်ရှိသလဲဆိုတာ သိဖို့ အရေးကြီးလို့ပဲ ဖြစ်ပါတယ်။
(ခေတ်သစ်လေ့လာမှုတွေအရ သွေးလှည့်ပတ်မှုကို အဓိက ထိန်းချုပ်တာက သွေးကြောမျှင်တွေ မဟုတ်ဘဲ သူ့အထက်က သွေးလွှတ်ကြောငယ်တွေ (Arterioles) ဖြစ်တယ်လို့ ပြင်ဆင်လာကြပေမဲ့၊ သွေးကြောကွန်ရက်ရဲ့ ဖွဲ့စည်းပုံနဲ့ အောက်ဆီဂျင် သွားရမယ့် အကွာအဝေးဟာ အရေးအကြီးဆုံးပဲ ဆိုတဲ့ ခရော့ဂ်ရဲ့ အဓိကအယူအဆကတော့ အခုထိ မှန်ကန်နေဆဲ ဖြစ်ပါတယ်)
ဇနီးသည်ရဲ့ ဆီးချိုရောဂါ နဲ့ ကမ္ဘာကျော် Novo Nordisk
ခရော့ဂ်ရဲ့ ဘဝမှာ နောက်ထပ် ကြီးမားတဲ့ ဆေးပညာ မှတ်တိုင်တစ်ခုလည်း ရှိခဲ့ပါသေးတယ်။ အဲဒါကတော့ ဆီးချိုဆေး အင်ဆူလင် (Insulin) ပါ။
၁၉၂၂ ခုနှစ်မှာ ဆရာဝန်ဖြစ်တဲ့ သူ့ဇနီး မာရီ ဟာ ဆီးချိုရောဂါ ခံစားနေရလို့ အသစ်ပေါ်ခါစ အင်ဆူလင်ကုသမှုကို လေ့လာဖို့ ခင်ပွန်းကို တိုက်တွန်းခဲ့ပါတယ်။
သူတို့ဟာ ကနေဒါနိုင်ငံကို သွားပြီး အင်ဆူလင်ထုတ်လုပ်တဲ့ နည်းလမ်းကို လေ့လာကာ စကင်ဒီနေးဗီးယား ဒေသမှာ အင်ဆူလင်ထုတ်လုပ်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။
ဒိန်းမတ်ကို ပြန်ရောက်တဲ့အခါ အခြားပညာရှင်တွေနဲ့ ပူးပေါင်းပြီး ၁၉၂၃ ခုနှစ်မှာ ပထမဆုံး ဒိန်းမတ်လူနာကို အင်ဆူလင်နဲ့ ကုသပေးနိုင်ခဲ့ပြီး Nordisk ဆိုတဲ့ အင်ဆူလင်ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းကို တည်ထောင်နိုင်ခဲ့ပါတယ်။
အဲဒီ ဓာတ်ခွဲခန်းလေးဟာ ယနေ့ခေတ် ကမ္ဘာကျော် ဆီးချိုဆေးနဲ့ ဝိတ်ချဆေး တွေကို ထုတ်လုပ်နေတဲ့ ဥရောပရဲ့ တန်ဖိုးအကြီးဆုံး ဆေးကုမ္ပဏီကြီး Novo Nordisk ရဲ့ မူလအစပဲ ဖြစ်ပါတယ်။
ရာစုနှစ်တစ်ခု ကြာပြီးနောက်မှာတော့ အောက်ဆီဂျင် ထောက်ပံ့မှုဖြစ်စဉ်ဟာ အလွန်ရှုပ်ထွေးတယ်ဆိုတာကို ပိုသိလာရပါတယ်။ သူဟာ ၁၉၄၉ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
သွေးလှည့်ပတ်မှုကို အဏုကြည့်မှန်ပြောင်းအဆင့်အထိ သေချာလေ့လာခဲ့တဲ့ ဩဂတ်စ် ခရော့ဂ် ရဲ့ ကြိုးပမ်းမှုကတော့ သွေးကြောမျှင်လေးတွေနဲ့ အောက်ဆီဂျင် ပို့ဆောင်မှု သုတေသနတွေအတွက် ခိုင်မာတဲ့ အခြေခံကို ချမှတ်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် Novo Nordisk ကုမ္ပဏီကြီးကတဆင့် ကမ္ဘာတဝန်းက ဆီးချိုဝေဒနာရှင် သန်းပေါင်းများစွာကို ယနေ့တိုင် အသက်ကယ်တင်ပေးနေဆဲပဲ ဖြစ်ပါကြောင်း ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ရပါတယ်။
Ref:
TheHindu - August Krogh’s Nobel winning discovery of oxygen supply to muscles
18/08/2026
သွားတိုက်တံကို ဘယ်သူ တီထွင်ခဲ့သလဲ
သွားတိုက်တံကို ဘယ်သူတီထွင်ခဲ့သလဲလို့ မေးလာရင် အဖြေက တစ်ဦးတစ်ယောက်တည်းလို့ တပ်အပ်ပြောဖို့ ခက်ပါတယ်။ လူတွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက သွားကို သန့်ရှင်းအောင် နည်းလမ်းမျိုးစုံနဲ့ ထားလေ့ရှိကြပါတယ်။
ဒီတခါမှာတော့ ယနေ့ခေတ် ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ သွားတိုက်တံလေး ဘယ်လို ပေါ်ပေါက်လာသလဲဆိုတဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။
ရှေးခေတ်က လူတွေရဲ့ သွားတိုက်နည်းများ
ဘီစီ ၅၀၀၀ လောက်က ရှေးဟောင်း အီဂျစ်လူမျိုးတွေဟာ နွားခွာ၊ ပြာ၊ ခရုခွံနဲ့ ကြက်ဥခွံတွေကို အမှုန့်ကြိတ်ပြီး သွားတိုက်ဆေးအဖြစ် သုံးခဲ့ကြတယ်လို့ ယူဆရပါတယ်။
ဘီစီ ၃၅၀၀ လောက်မှာတော့ ဘေဘီလုံနဲ့ အီဂျစ်လူမျိုးတွေဟာ ထိပ်ဖျားကို ဖွထားတဲ့ သစ်ကိုင်းစ (Chew sticks / Miswak) တွေကို သွားတိုက်တံအဖြစ် အစောဆုံး အသုံးပြုခဲ့ကြပါတယ်။ ဂရိနဲ့ ရောမလူမျိုးတွေကတော့ ကြမ်းတမ်းတဲ့ အဝတ်စတွေ၊ သစ်ကိုင်းတွေကို သုံးပြီး သွားသန့်ရှင်းရေး လုပ်ခဲ့ကြပါတယ်။
ပထမဆုံး အမွေးကြမ်း သွားတိုက်တံရဲ့ အစ
ယနေ့ခေတ်လို လက်ကိုင်ရိုးနဲ့ အမွေးတပ်ထားတဲ့ သွားတိုက်တံ ပုံစံကိုတော့ တရုတ်လူမျိုးတွေက စတင်ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
၁၄၉၈ ခုနှစ် (မင်မင်းဆက်) ဝန်းကျင်လောက်မှာ ဝါး ဒါမှမဟုတ် ဆင်စွယ် လက်ကိုင်ရိုးမှာ ရာသီဥတုအေးခဲတဲ့ ဆိုက်ဘေးရီးယားဒေသက တောဝက်တွေရဲ့ အမွေးကြမ်းတွေကို တပ်ဆင်ပြီး စတင် အသုံးပြုခဲ့ကြပါတယ်။
အလယ်ခေတ်ရောက်တော့မှ ခရီးသွားတွေကတဆင့် ဒီသွားတိုက်တံတွေဟာ ဥရောပကို ရောက်ရှိသွားပါတယ်။
ဥရောပသားတွေကတော့ ဝက်မွေးဟာ ကြမ်းတမ်းလွန်းတဲ့အတွက် ပိုနူးညံ့တဲ့ မြင်းမွေးတွေကို အစားထိုး အသုံးပြုခဲ့ကြပါတယ်။
ထောင်ထဲကနေ စတင်ခဲ့တဲ့ စီးပွားရေး (ဝီလျံ အဒစ်)
၁၇၈၀ ပြည့်နှစ် ဝန်းကျင်မှာတော့ ဝီလျံ အဒစ် (William Addis) ဆိုတဲ့ အင်္ဂလိပ်လူမျိုးတစ်ဦးဟာ အဓိကရုဏ်း ဖန်တီးမှုနဲ့ အင်္ဂလန်မှာ ထောင်ကျနေခဲ့ပါတယ်။
အဲဒီခေတ်က အင်္ဂလန်မှာ ဆားနဲ့ မီးသွေးမှုန့်ကို အဝတ်စမှာဆွတ်ပြီး သွားပွတ်လေ့ရှိပါတယ်။ ထောင်ထဲမှာ အချိန်ဖြုန်းရင်း အဲဒီနည်းလမ်းကို သဘောမကျတဲ့ ဝီလျံဟာ စားကြွင်းစားကျန် အရိုးတစ်ခုကို လက်ကိုင်ရိုးလုပ်ခဲ့ပါတယ်။
အဲဒီအရိုးမှာ အပေါက်လေးတွေဖောက်ပြီး အစောင့်ဆီကတောင်းထားတဲ့ ဝက်မွေးတွေကို ဝါယာကြိုးနဲ့ သီချည်ကာ သွားတိုက်တံတစ်ခု ဖန်တီးခဲ့ပါတယ်။
ထောင်ကလွတ်လာတဲ့အခါ သူက ဒီသွားတိုက်တံတွေကို အမြောက်အမြား စီးပွားဖြစ် ထုတ်လုပ်ရောင်းချခဲ့ပြီး သူဌေးကြီး ဖြစ်သွားခဲ့ပါတယ်။
ယနေ့ခေတ် နိုင်လွန် သွားတိုက်တံတွေ ပေါ်ပေါက်လာပုံ
အရင်က တိရစ္ဆာန်အမွေးတွေကို သုံးပေမဲ့ ရေစိုမြန်ပြီး ဘက်တီးရီးယား ခိုအောင်းလွယ်တဲ့ ပြဿနာ ရှိပါတယ်။
၁၉၃၈ ခုနှစ်မှာတော့ DuPont ကုမ္ပဏီက တိရစ္ဆာန်အမွေးတွေထက် ပိုခိုင်ခံ့ပြီး သန့်ရှင်းတဲ့ နိုင်လွန် အမွေးတွေနဲ့ ပထမဆုံး ခေတ်သစ် သွားတိုက်တံကို အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံမှာတော့ သွားမှန်မှန်တိုက်တဲ့ အလေ့အကျင့်ဟာ ချက်ချင်း ခေတ်မစားခဲ့ပါဘူး။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးလို့ စစ်သားတွေ အိမ်ပြန်လာချိန်ရောက်မှသာ စစ်တပ်ထဲက တင်းကျပ်တဲ့ သန့်ရှင်းရေး အလေ့အကျင့်တွေ ပါလာပြီး ပုံမှန်သွားတိုက်တဲ့ အလေ့အထဟာ ကမ္ဘာတဝန်း တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီကနေတဆင့် ဆက်လက် ဆန်းသစ်လာလိုက်တာ ၁၉၅၄ ခုနှစ်မှာတော့ ဆွစ်ဇာလန်နိုင်ငံကနေ ပထမဆုံးသော လျှပ်စစ်သွားတိုက်တံ (Electric Toothbrush) ကိုပါ တီထွင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ယနေ့ခေတ် ကျွန်တော်တို့ နေ့စဉ် မပါမဖြစ် သုံးစွဲနေတဲ့ သွားတိုက်တံလေး တစ်ချောင်းဟာ ရှေးခေတ် သစ်ကိုင်းစလေးတွေ ကနေတဆင့်၊ ထောင်သားတစ်ဦးရဲ့ ဉာဏ်ကွန့်မြူးမှု၊ နိုင်လွန်နည်းပညာရဲ့ တိုးတက်မှု နဲ့ ဒုတိယကမ္ဘာစစ်ရဲ့ အကျိုးဆက်တွေ ပေါင်းစပ်ပြီးမှ ယနေ့ခေတ် ခေတ်မီ လျှပ်စစ်သွားတိုက်တံတွေ အဖြစ်အထိ ဆင့်ကဲ ပြောင်းလဲလာခဲ့တာပဲ ဖြစ်ပါကြောင်း ဗဟုသုတအဖြစ် ဝေမျှလိုက်ရပါတယ်။
17/08/2026
ကွန်ပျူတာတွေရဲ့ မိခင်ဟာ ရက်ကန်းစင် ဖြစ်တယ်
ရက်ကန်းရက်တာ၊ ချည်ထိုးတာတွေဟာ ရှေးဟောင်းလက်မှုပညာတွေ ဖြစ်ပေမဲ့ အခုခေတ် လူငယ်တွေ ကြားမှာ ကိုယ်တိုင်လုပ် ဝါသနာတစ်ခုအနေနဲ့ ပြန်လည် ခေတ်စားလာပါတယ်။ ဆိုရှယ်မီဒီယာမှာလည်း ကိုယ်တိုင်လုပ်လက်စ ပစ္စည်းလေးတွေကို (work in progress) ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ တင်လာကြပါတယ်။
ဒါပေမဲ့ ဒီလိုဝါသနာရှင်တွေ မသိသေးတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ သူတို့ရဲ့ လက်မှုပညာဟာ ခေတ်သစ်ကွန်ပျူတာတွေ ပေါ်ပေါက်လာဖို့ အဓိက အခြေခံ ဖြစ်ခဲ့တယ် ဆိုတာပါပဲ။
ရက်ကန်းစင်မှသည် ကွန်ပျူတာဆီသို့
၁၈၀၄ ခုနှစ်မှာ Joseph-Marie Jacquard ဆိုတဲ့ ပြင်သစ်ရက်ကန်းပညာရှင်ဟာ အပေါက်လေးတွေဖောက်ထားတဲ့ စက္ကူကတ်ပြား (Punch cards) တွေကိုသုံးပြီး ရှုပ်ထွေးတဲ့ ဒီဇိုင်းတွေကို ရက်လုပ်နိုင်တဲ့ ရက်ကန်းစင်ကို တီထွင်ခဲ့ပါတယ်။
ကတ်ပြားပေါ်မှာ အပေါက်လေးတွေ ပါခြင်း/မပါခြင်းက ရက်ကန်းစင်က ချည်မျှင်တွေကို အတက်/အကျ လုပ်ခိုင်းပါတယ်။ ဒါဟာ ကွန်ပျူတာတွေမှာသုံးတဲ့ Binary Code (၀ နဲ့ ၁) သဘောတရားရဲ့ အစောဆုံး ပရိုဂရမ်ရေးဆွဲနည်းပဲ ဖြစ်ပါတယ်။
၁၈၃၀ ပြည့်လွန်နှစ်တွေမှာ ခေတ်သစ်ကွန်ပျူတာရဲ့ ဖခင်ကြီးလို့ခေါ်တဲ့ Charles Babbage က ဒီကတ်ပြားအပေါက်ဖောက်တဲ့ စနစ်ကိုယူပြီး သူ့ရဲ့ တွက်ချက်ရေးစက်ကြီး (Analytical Engine) မှာ အသုံးပြုခဲ့ပါတယ်။
အဲဒီနောက် ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်မာအဖြစ် သတ်မှတ်ခံရတဲ့ Ada Lovelace က သင်္ချာတွက်ရုံတင်မကဘဲ ဂီတသင်္ကေတတွေ၊ ပုံကြမ်းတွေကိုပါ ကတ်ပြားတွေနဲ့ ဖန်တီးလို့ရတယ်လို့ တွေးခေါ်နိုင်ခဲ့ပါတယ်။ ဒါဟာ သမိုင်းမှာ ပထမဆုံးအနေနဲ့ ဆော့ဖ်ဝဲလ် နဲ့ ဟာ့ဒ်ဝဲလ် ကို ခွဲခြားစဉ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
လပေါ်သွားခဲ့သော ရက်လုပ်ထားတဲ့ ကွန်ပျူတာ
ရက်ကန်းပညာနဲ့ ကွန်ပျူတာရဲ့ အထွတ်အထိပ် ဆက်စပ်မှုကတော့ အာကာသ ခရီးစဉ်မှာ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်က လပေါ်ကို ပထမဆုံး သွားရောက်ခဲ့တဲ့ အပိုလို (Apollo 11) ယာဉ်မှာ သုံးခဲ့တဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေကို အခုခေတ်လို Keyboard နဲ့ ရိုက်ထည့်ခဲ့တာ မဟုတ်ပါဘူး။
Core Rope Memory လို့ခေါ်တဲ့ စနစ်ကိုသုံးပြီး အမျိုးသမီး အလုပ်သမားတွေက ကြေးနန်းကြိုးတွေကို သံလိုက်ကွင်းလေးတွေထဲကို အပ်ချည်ထိုးသလို ကိုယ်တိုင် ကိုယ်ကျ ရက်လုပ် (Weaving) ခဲ့ရတာပါ။ ကြိုးက ကွင်းထဲ ဖြတ်သွားရင် '1'၊ ဘေးကနေ ကွင်းသွားရင် '0' ဆိုပြီး သတ်မှတ်ကာ လပေါ်သွားမယ့် ပရိုဂရမ်တစ်ခုလုံးကို လက်နဲ့ ချည်ထိုး ရက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အနာဂတ်ကို ပုံဖော်နေဆဲဖြစ်တဲ့ လက်မှုပညာ
ဒီနေ့ခေတ်မှာလည်း ရက်ကန်းနဲ့ လက်မှုပညာတွေက နည်းပညာကို ဆက်ပြီး လွှမ်းမိုးနေတုန်းပဲ ဖြစ်ပါတယ်။
အခုခေတ် သုတေသနအဖွဲ့တွေဟာ သဘာဝချည်မျှင်တွေနဲ့ လျှပ်စစ်စီးကူးနိုင်တဲ့ ချည်မျှင်တွေကို ရက်လုပ်ပြီး စမတ်အထည် (Smart fabric) တွေ ဖန်တီးနေကြပါပြီ။ ဥပမာပြောရရင် Google နဲ့ Levi's တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Project Jacquard ဆိုရင် ဂျာကင်အင်္ကျီ လက်မောင်းကို ပွတ်ဆွဲလိုက်ရုံနဲ့ ဖုန်းခေါ်တာ၊ သီချင်းဖွင့်တာတွေ လုပ်လို့ရနေပါပြီ။ (ဒါဟာ ပထမဆုံး ရက်ကန်းစင် တီထွင်သူ ဂျက်ကွာ့ဒ် ကို ဂုဏ်ပြုပေးထားတဲ့ နာမည်ပါ။)
ဒီလိုဖန်တီးမှုတွေကြောင့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း (e-waste) တွေကို လျှော့ချနိုင်သလို၊ နည်းပညာနယ်ပယ်မှာ အမျိုးသမီးတွေနဲ့ မသန်စွမ်းသူတွေ ပိုပြီး ပါဝင်လာနိုင်အောင်လည်း အထောက်အကူ ပြုပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေမှာဆိုရင် လူတွေဟာ လျှပ်စစ်စီးကူးတဲ့ ချည်ကြိုးလေးတွေနဲ့ ကိုယ်ပိုင် အီလက်ထရောနစ်ပတ်လမ်းလေးတွေကို စိတ်ဝင်တစား ချုပ်လုပ်ကြပါတယ်။
ဘာကြောင့် ဒါက အရေးပါတာလဲ
ဒီလို လက်မှုပညာနဲ့ နည်းပညာ ပေါင်းစပ်မှုက အင်မတန် အရေးပါပါတယ်။ အခုဆိုရင် Arduino နဲ့ Raspberry Pi လိုမျိုး ဈေးသက်သာတဲ့ နည်းပညာပစ္စည်းတွေကြောင့် အင်ဂျင်နီယာ မဟုတ်သူတွေလည်း နည်းပညာနယ်ပယ်ထဲ အလွယ်တကူ ဝင်လာနိုင်ပါပြီ။ လက်မှုပညာ လုပ်တဲ့အခါ စမ်းသပ်တာ၊ အမှားကနေ သင်ယူတာ၊ လိုသလို ပြင်ဆင်တာတွေက နည်းပညာဖန်တီးမှု အသစ်တွေကို ဖြစ်ပေါ်စေပါတယ်။
ဥပမာအနေနဲ့ မသန်စွမ်းသူတွေအတွက် ဘီးတပ်ကုလားထိုင် လက်ကိုင်တွေကို 3D-printer နဲ့ စိတ်ကြိုက်ပုံနှိပ်ထုတ်လုပ်တဲ့ ပရောဂျက် (Empowering Hacks)၊ လက်ချောင်း အထောက်အကူပြု ကိရိယာတွေကို လူနာစိတ်ကြိုက် လှလှပပ ဖန်တီးနိုင်တဲ့ ပရောဂျက် (Fabric-Lego) စတာတွေ ပေါ်ပေါက်လာပါတယ်။
ရက်ကန်းစင်တွေက ကွန်ပျူတာတွေ ဖြစ်လာဖို့ လမ်းစဖွင့်ပေးခဲ့သလိုပါပဲ၊ အခုခေတ် လက်မှုပညာတွေကလည်း ဆန်းသစ်တဲ့ တီထွင်မှုအသစ်တွေကို ဆက်လက်ဖြစ်ပေါ်စေမှာ ဖြစ်ကြောင်း ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။
Ref:
TheConversation - How weaving helped invent modern computing — and is shaping its future
15/08/2026
အသက်အရွယ်မရွေး ဦးနှောက်စွမ်းရည် တိုးတက်စေမယ့် အံ့ဩစရာကောင်းလောက်အောင် လွယ်ကူတဲ့ နည်းလမ်း
အသက်ကြီးလာရင် ဦးနှောက်စွမ်းရည် ကျဆင်းလာတယ်ဆိုတာ မဖြစ်မနေ ကြုံရမယ့်ကိစ္စ မဟုတ်ဘူးလို့ လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။
အသက်ကြီးမှ စာသင်လို့မရဘူး ဆိုတဲ့ အယူအဆဟာ မှားယွင်းနေကြောင်း ဦးနှောက်ကျန်းမာရေး သုတေသနအသစ်က သက်သေပြလိုက်ပါပြီ။
Texas at Dallas တက္ကသိုလ် ရဲ့ ဦးနှောက်ကျန်းမာရေးစင်တာက သုတေသီတွေဟာ အသက် ၁၉ နှစ်ကနေ ၉၄ နှစ်ကြား လူ ၄,၀၀၀ နီးပါးကို ၃ နှစ်ကြာ လေ့လာခဲ့ပါတယ်။
ရလဒ်တွေအရ ဦးနှောက်စွမ်းရည် တိုးတက်ဖို့အတွက် အသက်ကန့်သတ်ချက် လုံးဝမရှိဘူးဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
နေ့စဉ် ဗီဒီယိုတိုလေးတွေ ကြည့်တာ၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်တာစတဲ့ ပစ်မှတ်ထား လေ့ကျင့်မှုတွေကို ပုံမှန်လုပ်ပေးရုံနဲ့ ဦးနှောက်စွမ်းရည် သိသိသာသာ တိုးတက်လာနိုင်ပါတယ်။
ဦးနှောက်ကျန်းမာရေးကို ဘယ်လို တိုင်းတာသလဲ
Scientific Reports ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီသုတေသနမှာ ဦးနှောက်ကျန်းမာရေး (BrainHealth Index) ကို အဓိက အပိုင်း (၃) ပိုင်းနဲ့ တိုင်းတာခဲ့ပါတယ်။
သိမြင်မှုစွမ်းရည် - မှတ်ဉာဏ်နဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း
ဆက်က်သွယ်မှု - လူမှုဆက်ဆံရေးနဲ့ ဘဝရည်မှန်းချက် ရှိမှု
စိတ်ခံစားမှု - စိတ်ခံစားချက် တည်ငြိမ်မှု
ဒီလို ဦးနှောက်ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ လူငယ်တွေရော သက်ကြီးရွယ်အိုတွေပါ တန်းတူ အကျိုးကျေးဇူးတွေ ရရှိတာကို တွေ့ရပါတယ်။ အထူးသဖြင့် စမ်းသပ်မှု စတင်ချိန်မှာ ရမှတ်အနိမ့်ဆုံး ရခဲ့သူတွေဟာ အများဆုံး တိုးတက်မှု ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဦးနှောက်ကျန်းမာရေးကို ဂရုစိုက်ဖို့ "ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး"။
နေ့စဉ် ၅ မိနစ်၊ ၁၀ မိနစ် လေ့ကျင့်ရုံပါပဲ
နေ့စဉ် အချိန်ခဏပေးပြီး လေ့ကျင့်ခန်း အတိုလေးတွေ (Micro-training) ပုံမှန်လုပ်သူတွေဟာ ဦးနှောက်ကျန်းမာရေး အမြင့်ဆုံး ရမှတ်တွေ ရရှိခဲ့ပါတယ်။
ဦးနှောက်ကျန်းမာရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ Sandra Bond Chapman က "ကျွန်တော်တို့ဟာ လူ့သက်တမ်းကို ပိုရှည်အောင် လုပ်နိုင်ခဲ့ပါပြီ။ အခုတော့ အသက် ၃၀ ကျော်ကစပြီး ကျဆင်းလာတတ်တဲ့ ဦးနှောက်စွမ်းရည်ကို တားဆီးပြီး ဦးနှောက်ကို အချိန်ပိုကြာကြာ ကောင်းမွန်အောင် လုပ်နိုင်နေပါပြီ" လို့ ပြောကြားခဲ့ပါတယ်။
လေ့ကျင့်ခန်းတွေက တစ်နေ့ကို ၅ မိနစ် ကနေ ၁၀ မိနစ်လောက်ပဲ အချိန်ပေးရတာပါ။
ဗီဒီယိုတိုလေးတွေ ကြည့်ခြင်း
ဗဟုသုတ စမ်းသပ်ခြင်းများ ပြုလုပ်ခြင်း
အလုပ်တွေကို တပြိုင်နက်တည်း အများကြီးလုပ်တာမျိုး (Multitasking) ကို ရှောင်ပြီး တစ်ကြိမ်မှာ အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်လုပ်ခြင်း
ဒီလို သေးငယ်တဲ့ အလေ့အကျင့်လေးတွေကို နေ့စဉ်ဘဝမှာ ပေါင်းစပ်ကျင့်သုံးဖို့ သုတေသီတွေက တိုက်တွန်းထားပါတယ်။ လိုအပ်ရင် ကျွမ်းကျင်သူတွေနဲ့လည်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
အခက်အခဲတွေကြားက ရုန်းထွက်နိုင်စွမ်း
နောက်ထပ် စိတ်ဝင်စားစရာ အချက်ကတော့ ပြန်လည်ရုန်းထနိုင်စွမ်း ပါပဲ။
အလုပ်ပြုတ်တာ၊ ချစ်ရသူနဲ့ ကွေကွင်းရတာ စတဲ့ ဘဝရဲ့ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ရချိန်မှာတောင် မှန်ကန်တဲ့ နည်းဗျူဟာတွေ သုံးရင် ဦးနှောက်ကျန်းမာရေးကို ပြန်လည်ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်နိုင်စွမ်း ရှိပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ဦးနှောက်ကျန်းမာရေးဆိုတာ ပုံသေရပ်တန့်နေတဲ့အရာ မဟုတ်ပါဘူး။ မှန်ကန် သက်သေပြထားတဲ့ နည်းလမ်းလေးတွေ သုံးပြီး ဂရုတစိုက် လေ့ကျင့်ပေးမယ်ဆိုရင် အသစ်ပြန်လည် ပုံဖော်လို့ရတယ်ဆိုတာကို ဒီသုတေသနက မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။
Ref:
ScienceFocus - Experts just found a surprisingly easy way to improve your brain at any age
15/08/2026
အသက်ပိုရှည်လာပေမယ့် ပိုမကျန်းမာလာတဲ့ စင်ကာပူသားများ
လူတွေ အသက်ရှည်ရှည်နဲ့ ကျန်းမာနေဖို့အတွက် နေ့စဉ်နေထိုင်မှုပုံစံ၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မအသက်အရွယ်နဲ့ ရောဂါကို စောစောစီးစီး သိရှိကာကွယ်မှုတွေက ဘယ်လိုကူညီပေးနိုင်မလဲ ဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာနေကြပါတယ်။
စင်ကာပူ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီး ဒေါက်တာ Tan See Leng က "ရောဂါဖြစ်လာမှ ကုသတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ဘက်ကို ပိုပြီး အာရုံစိုက်ဖို့ လိုအပ်တယ်" လို့ ပြောကြားခဲ့ပါတယ်။ စဉ်ဆက်မပြတ်တဲ့ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုတွေ၊ သုတေသနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့်သာ လူတွေရဲ့ ဘဝကို ပိုကောင်းမွန်အောင် ပြောင်းလဲပေးနိုင်မယ်လို့ သူက ဆိုပါတယ်။
ငါတို့တွေ ဘယ်လောက်ကြာကြာ ကျန်းမာနေနိုင်မလဲ
စင်ကာပူနိုင်ငံသားတွေဟာ အရင်ကထက် အသက်ပိုရှည်လာကြပါတယ်။ ဒါပေမဲ့ အသက်ရှည်တိုင်း တသက်လုံး ကျန်းမာနေတာတော့ မဟုတ်ပါဘူး။
၂၀၂၅ ခုနှစ် စာရင်းတွေအရ စင်ကာပူမှာ ပျမ်းမျှ သက်တမ်းဟာ ၈၃.၉ နှစ်အထိ တိုးလာပါတယ်။ အမျိုးသမီးတွေက (၈၆ နှစ်) နဲ့ အမျိုးသားတွေက (၈၁.၈ နှစ်) ဖြစ်ပါတယ်။
ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ လူတစ်ယောက်ဟာ ပျမ်းမျှ ၇၅ နှစ် လောက်ပဲ ကျန်းမာစွာ နေထိုင်နိုင်ပါတယ်။
ဆိုလိုတာက လူအများစုဟာ သူတို့ဘဝရဲ့ နောက်ဆုံး ဆယ်စုနှစ်တစ်ခုစာ လောက်ကို ရောဂါဘယတွေ၊ မသန်စွမ်းမှုတွေနဲ့ ဖြတ်သန်းနေကြရတာပါ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ကျန်းမာရေးချို့တဲ့တဲ့ အချိန်ကာလကို ပိုပြီး ဖြတ်သန်းရလေ့ရှိပါတယ်။
ဘာကြောင့် အသက်ပိုရှည်လာကြတာလဲ
အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါတွေကို စောစောစီးစီး သိရှိပြီး ကုသနိုင်လာလို့ ဖြစ်ပါတယ်။ ကင်ဆာ၊ နှလုံးရောဂါလို နာတာရှည် ရောဂါတွေကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လာနိုင်သလို၊ ခေတ်မီ ဆေးပညာနဲ့ နည်းပညာတွေကြောင့်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အသက်မသေစေနိုင်ပေမဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ၊ မသန်စွမ်းမှုတွေကတော့ အသက်ကြီးလာတာနဲ့အမျှ စုပုံလာတတ်ပါတယ်။ ဒီလို ပြဿနာတွေကို နောက်ဆုတ်သွားအောင် လုပ်နိုင်မှသာ အသက်ရှည်သလို ကျန်းမာစွာ နေထိုင်နိုင်မှာပါ။
နေထိုင်မှုပုံစံက တကယ်ပဲ အပြောင်းအလဲ ဖြစ်စေသလား
စင်ကာပူနိုင်ငံသား ၅,၄၀၀ ကျော်ကို ၁၁ နှစ်ကြာ လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ၊ နေ့စဉ် နေထိုင်မှု အလေ့အကျင့်တွေဟာ ခန္ဓာကိုယ်ရဲ့ တကယ့်အသက်အရွယ် (Biological age) အပေါ် အများကြီး သက်ရောက်မှု ရှိနေပါတယ်။
အိုမင်းရင့်ရော်စေသောအရာများ - ဆေးလိပ်သောက်ခြင်းနဲ့ အဝလွန်ခြင်းတွေက ခန္ဓာကိုယ်ကို ပိုမို အိုမင်းရင့်ရော်စေပါတယ်။
နုပျိုစေသောအရာများ - ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း၊ အသီးအရွက် ပိုစားခြင်းနဲ့ ရေနွေးကြမ်း (Green tea) သောက်ခြင်းတွေက ခန္ဓာကိုယ်ကို ပိုမို နုပျိုကျန်းမာစေပါတယ်။
အခုဆိုရင် သွေးစစ်ရုံနဲ့ ကိုယ့်ခန္ဓာကိုယ်က ဘယ်လောက် အိုမင်းနေပြီလဲဆိုတာကို ခန့်မှန်းပေးနိုင်တဲ့ AgeQ လို နည်းပညာတွေတောင် ရှိနေပါပြီ။ ဒီအချက်အလက်တွေကနေတစ်ဆင့် ကိုယ့်ကျန်းမာရေးကို စောစောစီးစီး ကြိုတင် ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂဏန်းတစ်ခုတည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်တာထက် ကျန်းမာရေး တစ်ခုလုံးကို ခြုံငုံသုံးသပ်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ဒီကွာဟချက်ကို ဘယ်လို ကျဉ်းမြောင်းအောင် လုပ်မလဲ
အသက်ကြီးမှ ကျန်းမာရေးကို ဂရုစိုက်တာထက် ငယ်ရွယ်စဉ်ကတည်းက စတင် ဂရုစိုက်ဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ။
စိတ်ဖိစီးမှုတွေကို ထိန်းချုပ်ပြီး စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။
အလုပ်နဲ့ ကိုယ်ပိုင်အချိန်ကို မျှတအောင် နေထိုင်ပါ။
အလုပ်အပြင် တခြား စိတ်ဝင်စားစရာ ဝါသနာတွေ ရှိပါစေ။
ဒါ့အပြင် ငွေကြေးလုံခြုံမှုရှိတာ၊ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖေးမကူညီမှု ရှိတာတွေကလည်း လူတစ်ယောက်ကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အများကြီး အထောက်အကူ ပြုပါတယ်။ ယနေ့ခေတ်မှာ လူတွေဟာ ကိုယ့်ကျန်းမာရေးကို ပိုပြီး ဂရုစိုက်လာကြတာဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။
Ref:
ChannelNewsAsia - Singaporeans are living longer, but not necessarily healthier. Can science close the gap?
15/08/2026
အီရန်စစ်ပွဲကြားက နံပါတ် ၁ နေရာကို ရောက်လာတဲ့ တောင်ကိုရီးယား လေဆိပ်
တောင်ကိုရီးယားနိုင်ငံရဲ့ အင်ချွန်း လေဆိပ်ဟာ ကမ္ဘာပေါ်မှာ နိုင်ငံတကာခရီးသည် အများဆုံး ဝင်ထွက်သွားလာတဲ့ လေဆိပ်ကြီး ဖြစ်လာပါပြီ။ အရှေ့အလယ်ပိုင်းက အီရန်စစ်ပွဲကြောင့် ခရီးစဉ်တွေ ပြောင်းလဲပျံသန်းရတာကလည်း ဒီလိုဖြစ်လာစေတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
ဆိုးလ်မြို့ ရဲ့ အနောက်ဘက် မိုင် ၃၀ ခန့် အကွာမှာရှိတဲ့ ဒီလေဆိပ်ဟာ နိုင်ငံရဲ့ အဓိက ဝင်ပေါက်ကြီး ဖြစ်ပါတယ် ။ အပြည်ပြည်ဆိုင်ရာ လေဆိပ်များကောင်စီ (ACI) ရဲ့ စာရင်းတွေအရ ၂၀၂၆ ခုနှစ်ရဲ့ ပထမ ၆ လအတွင်းမှာ အင်ချွန်းလေဆိပ်ကို အသုံးပြုခဲ့တဲ့ နိုင်ငံတကာခရီးသည် ၃၈.၃၉ သန်း အထိ ရှိခဲ့ပါတယ်။
ဒုတိယနေရာ မှာတော့ ခရီးသည် ၃၇.၇၉ သန်း နဲ့ ဗြိတိန်နိုင်ငံက ဟိသရိုးလေဆိပ်
တတိယနေရာမှာတော့ ခရီးသည် ၃၄.၅၃ သန်း နဲ့ စင်ကာပူနိုင်ငံက ချန်ဂီ တို့က အသီးသီး ရပ်တည်နေပါတယ်။
၂၀၀၁ ခုနှစ်မှာ လေဆိပ်စတင်ဖွင့်လှစ်ကတည်းက အခုလို ကမ္ဘာ့နံပါတ် ၁ နေရာကို ရောက်ဖူးတာ ဒါပထမဆုံးအကြိမ်ပါပဲ။ အင်ချွန်းလေဆိပ်ဟာ ၂၀၀၂ ခုနှစ်မှာ အဆင့် ၁၀ နေရာကနေ စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အဆင့် ၅၊ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ အဆင့် ၃ နေရာ အသီးသီး ရရှိခဲ့ပါတယ်။
အခုလို ခရီးသည်တွေ တိုးလာစေတဲ့ အဓိက အကြောင်းရင်း နှစ်ခုရှိပါတယ်။
၁။ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ - အမေရိကန်နဲ့ အီရန် စစ်ပွဲကြောင့် ဒူဘိုင်းလို အရှေ့အလယ်ပိုင်းက လေဆိပ်ကြီးတွေရဲ့ အခန်းကဏ္ဍ အားနည်းသွားပါတယ်။ ဒါကြောင့် လေယာဉ်ပြောင်းစီးမယ့် (Transit) ခရီးသည်တွေဟာ အရှေ့အာရှ လမ်းကြောင်းတွေဆီကို ပြောင်းလဲအသုံးပြုလာကြပါတယ်။
၂။ နိုင်ငံခြားသား ဧည့်သည်များပြားလာခြင်း - အင်ချွန်းလေဆိပ်ရဲ့ ခရီးသည်ဝင်ရောက်မှုဟာ ယမန်နှစ်ကထက် ၆.၃ ရာခိုင်နှုန်း တိုးလာပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ဂျပန်က ခရီးသည်တွေ သိသိသာသာ များလာတာပါ။ ၂၀၂၆ ခုနှစ် ဒုတိယ ၃ လပတ်မှာဆိုရင် လေဆိပ်အသုံးပြုသူတွေရဲ့ ၄၄.၄ ရာခိုင်နှုန်းအထိက နိုင်ငံခြားသားတွေ ဖြစ်နေပါတယ်။
အခြား ကမ္ဘာ့လေဆိပ်ကြီးတွေရဲ့ အခြေအနေ
ဗြိတိန်က ဟိသရိုးလေဆိပ်ဟာလည်း ဒီနှစ်ဝက်အတွင်း ခရီးသည် သန်း ၄၀ (ပြည်တွင်း+ပြည်ပ) ဝင်ရောက်ခဲ့လို့ သူ့သမိုင်းတလျှောက် အလုပ်အများဆုံး အချိန်ဖြစ်ခဲ့ပါတယ်။ အာရှ-ပစိဖိတ်ကို သွားတဲ့ ခရီးသည် ၇.၉ ရာခိုင်နှုန်း တိုးလာပေမဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အဲဒီဘက်ကိုသွားတဲ့ ခရီးစဉ်တွေကတော့ ၁၆.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။
ဒါ့အပြင် ဇူလိုင်လ စာရင်းတွေအရ ဥရောပရဲ့ အလုပ်အများဆုံး လေဆိပ်နေရာကို ဟိသရိုးလေဆိပ်ကနေ အစ္စတန်ဘူလ် လေဆိပ် က လွှဲပြောင်းရယူသွားပါတယ်။ ဇူလိုင်လမှာ ဟိသ်ရိုးလေဆိပ်ကို ခရီးသည် ၇.၉ သန်း ဝင်ရောက်ခဲ့ပြီး အစ္စတန်ဘူလ် လေဆိပ်ကိုတော့ ၈.၁၅ သန်း ဝင်ရောက်ခဲ့ပါတယ်။
ပိုမိုကြီးမားလာမယ့် အင်ချွန်းလေဆိပ်
အင်ချွန်းလေဆိပ်ဟာ နိုင်ငံတကာ အချက်အချာနေရာတစ်ခုအဖြစ် ပိုပြီး ကျယ်ပြန့်လာနေပါတယ်။ လက်ရှိမှာ လေကြောင်းလိုင်း ၁၀၁ ခုနဲ့ ချိတ်ဆက်ထားပြီး နိုင်ငံတကာ မြို့ပေါင်း ၁၅၈ မြို့ အပါအဝင် စုစုပေါင်း ၁၈၃ မြို့ကို ပျံသန်းပေးနေပါတယ်။ ၂၀၂၄ ခုနှစ် နှောင်းပိုင်းက အဆင့် ၄ ဆင့်ပါတဲ့ တိုးချဲ့မှုအပြီးမှာတော့ တစ်နှစ်ကို ခရီးသည် ၁၀၆ သန်းအထိ လက်ခံနိုင်စွမ်း ရှိသွားပြီ ဖြစ်ပါတယ်
လေဆိပ်တာဝန်ရှိသူ Kim Beom-ho ကတော့ အခုလို အောင်မြင်မှုဟာ အစိုးရရဲ့ ပံ့ပိုးမှု၊ ပြည်သူတွေရဲ့ အားပေးမှုနဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါလို့ ကျေးဇူးတင်စကား ဆိုထားပါတယ်။
စိတ်ဝင်စားစရာ အချက်တစ်ခု
တောင်ကိုရီးယားနိုင်ငံမှာ ကမ္ဘာ့အလုပ်အများဆုံး ပြည်တွင်းလေကြောင်းလိုင်းလည်း ရှိနေပါတယ်။ Gimpo လေဆိပ်နဲ့ နာမည်ကြီး Jeju ကျွန်းကို သွားတဲ့ လမ်းကြောင်းဟာ ၂၀၂၅ ခုနှစ်အတွင်း လေယာဉ်ထိုင်ခုံပေါင်း ၁၄.၄ သန်းအထိ ပြေးဆွဲခဲ့ရပြီး ကမ္ဘာပေါ်မှာ လူအများဆုံး စီးနင်းတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်အဖြစ် မှတ်တမ်းဝင်ထားပါတယ်။
Ref:
TheGuardian - South Korean airport becomes busiest in world for global traffic amid Iran war
14/08/2026
မိုးလေဝသ ခန့်မှန်းချက်တွေ အစပြုရာ အံ့ဖွယ်တီထွင်မှု
၁၆၄၃ ခုနှစ်မှာ အီတလီ ရူပဗေဒနဲ့ သင်္ချာပညာရှင်တစ်ဦးဟာ လေထုဖိအားကို တိုင်းတာနိုင်မယ့် အလွန်အရေးပါတဲ့ ကိရိယာတစ်ခုကို တီထွင်ခဲ့ပါတယ်။ ဒီတီထွင်မှုဟာ မိုးလေဝသ ခန့်မှန်းချက်တွေ၊ ခေတ်သစ် မိုးလေဝသပညာရပ်တွေအတွက် အခြေခံ ဖြစ်လာခဲ့ပါတယ်။
သူကတော့ ပြဒါးသုံး လေထုဖိအားတိုင်းကိရိယာ (Mercury Barometer) ကို တီထွင်ခဲ့တဲ့ အီဗန်ဂျယ်လစ်စတာ တော်ရီဆယ်လီ (Evangelista Torricelli) ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကြောင့် လေမှာ အလေးချိန်ရှိပြီး လေထုဖိအားဟာ အမြဲပြောင်းလဲနေတယ်ဆိုတာကို လူတွေ နားလည်လာကြပါတယ်။
ဖိအားတိုင်းတာခြင်း သမိုင်းကို ပြောင်းလဲပေးခဲ့တဲ့ တီထွင်မှု
တော်ရီဆယ်လီဟာ ဒီကိရိယာကို ၁၆၄၃ ခုနှစ်၊ ဖလောရင့် မြို့မှာ တီထွင်ခဲ့တာပါ။ ဒါဟာ လေထုဖိအားကို တိုင်းတာတဲ့ ပထမဆုံး ကိရိယာပါပဲ။
သူဘယ်လို လုပ်ခဲ့လဲဆိုရင် ဖန်ပြွန်အရှည်တစ်ခုထဲကို ပြဒါးတွေ အပြည့်ထည့်၊ ပြီးတော့ ပြဒါးတွေရှိနေတဲ့ ခွက်တစ်ခုထဲကို အဲဒီပြွန်ကို ပြောင်းပြန် မှောက်ထည့်လိုက်ပါတယ်။ အဲဒီအခါ ပြွန်ထဲက ပြဒါးတချို့က ခွက်ထဲကို ကျသွားပေမဲ့ အကုန်ကျမသွားပါဘူး။
ပြွန်အပြင်ဘက်က လေထုဖိအားနဲ့ ပြွန်ထဲက ပြဒါးရဲ့ အလေးချိန် ညီမျှသွားတဲ့ နေရာမှာ ရပ်သွားပါတယ်။ ပြဒါးတိုင်ရဲ့ အထက်မှာ လေလုံးဝမရှိတဲ့ လေဟာနယ် (Vacuum) ဖြစ်ကျန်ခဲ့ပါတယ်။ ပင်လယ်ရေပြင်အမြင့်မှာဆိုရင် ပြဒါးတိုင်ဟာ ၇၆ စင်တီမီတာ (၇၆၀ မီလီမီတာ) မှာ ရပ်နေတတ်ပါတယ်။ ဒါကို စံသတ်မှတ်ချက်အဖြစ် ၁ အက်တမော့စဖီးယား (1 atmosphere = 760 mmHg) လို့ သတ်မှတ်ခဲ့ကြပါတယ်။
ဒီစမ်းသပ်မှုကို ဘာကြောင့် စလုပ်ခဲ့တာလဲ
တော်ရီဆယ်လီဟာ နာမည်ကျော် သိပ္ပံပညာရှင်ကြီး ဂယ်လီလီယို ရဲ့ ရေစုပ်စက် စမ်းသပ်မှုတွေကို ဆက်လက်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ရေဟာ ပြွန်ထဲမှာ အမြင့် ၁၀ မီတာအထိပဲ တက်နိုင်ပါတယ်။ ပြဒါးက ရေထက် ၁၄ ဆ ပိုလေးတဲ့အတွက် ပြဒါးကို သုံးရင် ပြွန်အရှည်ကြီး သုံးစရာမလိုတော့ပါဘူး။ ဒါကြောင့် ၁ မီတာလောက် ရှည်တဲ့ ဖန်ပြွန်နဲ့ ပြဒါးကို သုံးပြီး အလွယ်တကူ စမ်းသပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြဒါး ဘာရိုမီတာ ဘယ်လိုအလုပ်လုပ်လဲ
ဘာရိုမီတာ အလုပ်လုပ်ပုံကို အဆင့် ၄ ဆင့်နဲ့ အလွယ်တကူ မှတ်သားနိုင်ပါတယ်။
၁။ ပြင်ဆင်ခြင်း - ၇၅ စင်တီမီတာထက်ရှည်တဲ့ ဖန်ပြွန်ထဲ ပြဒါးအပြည့်ထည့်ပြီး ထိပ်တစ်ဖက်ကို ပိတ်လိုက်ပါတယ်။
၂။ ပြောင်းပြန်လှန်ခြင်း - ပြွန်ကို ပြောင်းပြန်လှန်ပြီး ပြဒါးခွက်ထဲ စိုက်ထည့်လိုက်ပါတယ်။
၃။ ညီမျှသွားခြင်း - ပြွန်ထဲက ပြဒါးတွေ အောက်ကိုကျလာပြီး အပြင်က လေထုဖိအားနဲ့ ညီမျှသွားချိန်မှာ ရပ်သွားပါတယ်။
၄။ လေဟာနယ် ဖြစ်ပေါ်ခြင်း - ပြဒါးတိုင်ရဲ့ အထက်မှာ လေလုံးဝမရှိတဲ့ လေဟာနယ်နယ်ပယ်လေး ဖြစ်သွားပါတယ်။
ဒီနည်းနဲ့ လေထုဖိအား အတက်အကျရှိရင် ပြဒါးတိုင် အနိမ့်အမြင့်လည်း လိုက်ပြီး ပြောင်းလဲသွားပါတယ်။
မိုးလေဝသ ခန့်မှန်းချက်များအတွက် အခြေခံ
တော်ရီဆယ်လီဟာ ပြဒါးတိုင်ရဲ့ အမြင့်ကို နေ့စဉ် စောင့်ကြည့်တဲ့အခါ နေ့ရက်အလိုက် အနိမ့်အမြင့် ပြောင်းလဲနေတာကို သတိထားမိပါတယ်။ လေထုဖိအားဟာ အမြဲတမ်း ပုံသေမရှိဘူးဆိုတာကို သူနားလည်သွားပါတယ်။ ပြဒါးတိုင် မြင့်တက်လာခြင်း၊ ကျဆင်းခြင်းကို ကြည့်ပြီး ရာသီဥတု သာယာမည်၊ သို့မဟုတ် မုန်တိုင်းလာမည် ဆိုတာကို ခန့်မှန်းနိုင်တဲ့အတွက် ဒါဟာ မိုးလေဝသကို ကြိုတင်ခန့်မှန်းနိုင်တဲ့ အစပြုရာ ဖြစ်လာပါတယ်။
လေထုနဲ့ ပတ်သက်ပြီး ဘာတွေ သက်သေပြနိုင်ခဲ့လဲ
အရင်ခေတ် အာရစ္စတိုတယ် လက်ထက်ကတည်းက သဘာဝတရားမှာ လေဟာနယ်ဆိုတာ မရှိဘူး လို့ ယုံကြည်ခဲ့ကြတာပါ။ တော်ရီဆယ်လီရဲ့ စမ်းသပ်မှုက ဒီအယူအဆကို ချေဖျက်နိုင်ခဲ့ပါတယ်။ လေမှာ အလေးချိန်ရှိတယ်၊ လေဟာ ဖိအားပေးနိုင်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
မိုးလေဝသကနေ အမြင့်ပေ တိုင်းတာခြင်းဆီသို့
လေထုဖိအားဟာ အမြင့်ပေကိုလိုက်ပြီး လျော့ကျသွားပါတယ်။ ဒါကြောင့် ဘာရိုမီတာကို သုံးပြီး တောင်တွေရဲ့ အမြင့်ပေ၊ လေယာဉ်တွေရဲ့ အမြင့်ပေကိုပါ တိုင်းတာနိုင်လာပါတယ်။ ဖိအားတိုင်းတာတဲ့ စံယူနစ်တစ်ခုဖြစ်တဲ့ "တော်" (torr) ဆိုတာဟာ တော်ရီဆယ်လီကို ဂုဏ်ပြုမှည့်ခေါ်ထားတာပါ။ (၁ မီလီမီတာ ပြဒါးတိုင်အမြင့် = ၁ တော်)
တော်ရီဆယ်လီရဲ့ နောက်ခံအကြောင်း နဲ့ ဂယ်လီလီယို
တော်ရီဆယ်လီကို ၁၆၀၈ ခုနှစ်က ရောမမြို့မှာ မွေးဖွားခဲ့ပြီး ၁၆၄၇ ခုနှစ်မှာ အသက် ၃၉ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ဂယ်လီလီယိုရဲ့ တပည့်တစ်ဦးဆီမှာ သင်္ချာပညာကို သင်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂယ်လီလီယိုကိုယ်တိုင်က သူ့ကို ဖလောရင့်မြို့ကို ခေါ်ယူပြီး အတူအလုပ်လုပ်ခဲ့ပါတယ်။ ဂယ်လီလီယို ကွယ်လွန်ခါနီး လပိုင်းတွေမှာ သူဟာ လက်ထောက်အဖြစ် လုပ်ဆောင်ပေးခဲ့ပြီး ဂယ်လီလီယို ကွယ်လွန်ပြီးနောက် ဖလောရင့်တက္ကသိုလ်ရဲ့ သင်္ချာပါမောက္ခ ဖြစ်လာခဲ့ပါတယ်။
ဘာရိုမီတာအပြင် တခြားစွမ်းဆောင်ချက်များ
သူဟာ လေထုဖိအားတစ်ခုတည်းကိုပဲ လေ့လာခဲ့တာ မဟုတ်ပါဘူး။ ဂျီဩမေတြီ၊ အရာဝတ္ထုတွေရဲ့ ရွေ့လျားမှု၊ အရည်တွေရဲ့ စီးဆင်းမှုတွေကိုလည်း လေ့လာခဲ့ပါတယ်။ အထူးသဖြင့် အရည်တွေ အပေါက်ကနေ စီးထွက်တဲ့ အမြန်နှုန်းကို တွက်ချက်တဲ့ Torricelli's law ကို ဖော်ထုတ်ခဲ့ပါတယ်။
ဒီရှာဖွေတွေ့ရှိမှုက ဘာလို့ အရေးပါနေသေးတာလဲ
ပြဒါး ဘာရိုမီတာကြောင့် လေထုသိပ္ပံ၊ မိုးလေဝသ ခန့်မှန်းခြင်း၊ အမြင့်ပေ တိုင်းတာခြင်း၊ လေဟာနယ် လေ့လာမှုစတဲ့ နယ်ပယ်ပေါင်းစုံမှာ ကြီးမားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။
လေထုဖိအားဆိုတာ စိတ်ကူးထဲက အရာမဟုတ်ဘဲ တိတိကျကျ တိုင်းတာလို့ရတဲ့ အရာတစ်ခုအဖြစ် သူက ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်က တီထွင်ခဲ့တဲ့ ဒီအခြေခံသဘောတရားဟာ ယနေ့ခေတ် ဖိအားတိုင်းတာခြင်း ပညာရပ်တွေမှာ အသက်ဝင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် တော်ရီဆယ်လီရဲ့ နာမည်ဟာ မိုးလေဝသနဲ့ လေထုသိပ္ပံ သမိုင်းမှာ အမြဲတမ်း ရှင်သန်နေမှာပဲ ဖြစ်ပါတယ်။
Ref:
EconomicTimes - Barometer: In 1643, an Italian physicist and mathematician came up with a crucial invention