Thuta City

Thuta City News and Knowledge posts for Myanmar

သင့်ဦးနှောက်ကို ဖျက်ဆီးနေတဲ့ စကားတစ်ခွန်း မိတ်ဆွေရဲ့ နေ့စဉ်ဘဝမှာ "ငါတော့ အရမ်းအလုပ်များနေပြီ၊ ရူးတောင်ရူးတော့မယ်" ဆိုတဲ့...
21/09/2026

သင့်ဦးနှောက်ကို ဖျက်ဆီးနေတဲ့ စကားတစ်ခွန်း

မိတ်ဆွေရဲ့ နေ့စဉ်ဘဝမှာ "ငါတော့ အရမ်းအလုပ်များနေပြီ၊ ရူးတောင်ရူးတော့မယ်" ဆိုတဲ့စကားမျိုး ခဏခဏ ညည်းတွားမိဖူးပါသလား။ ရိုးရိုးသားသား ဝန်ခံကြည့်ပါ။

ဒီစကားကို လူတိုင်းလိုလို သုံးနေကြပေမဲ့ ကမ္ဘာကျော် TED Talk မှာ ဟောပြောခဲ့တဲ့ အမေရိကန် အရေးပေါ်ကုသရေးဆရာဝန် ဒေါက်တာ ဒါရီယာ လောင်း ကတော့ ဒီစကားကို လုံးဝမသုံးပါဘူး။ ဒီနေ့ကစပြီး မိတ်ဆွေတို့ကိုလည်း ဒီစကားကို မသုံးဖို့ သူက အပြင်းအထန် တိုက်တွန်းထားပါတယ်။

ဘာလို့လဲဆိုတော့ "ငါတော့ Crazy Busy ဖြစ်နေပြီ" လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်တာနဲ့ သင့်ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုဟော်မုန်းတွေ အလိုအလျောက် ထိုးတက်သွားလို့ပဲ ဖြစ်ပါတယ်။

အဲဒီအခါ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အရေးပါတဲ့ ရှေ့ပိုင်းဦးနှောက် (Prefrontal Cortex) ရဲ့ လုပ်ဆောင်ချက်တွေ ရပ်တန့်သွားပြီး၊ ဒေါသနဲ့ ကြောက်ရွံ့မှုကို ထိန်းချုပ်တဲ့ Amygdala က နေရာယူ လွှမ်းမိုးသွားပါတော့တယ်။ ရလဒ်အနေနဲ့ အမှားအမှန် ခွဲခြားနိုင်စွမ်း ကျဆင်းပြီး ဒေါသနဲ့ စိုးရိမ်ပူပန်မှုတွေပဲ ကြီးစိုးလာတာပါ။

တကယ်တော့ အရေးပေါ်ခန်း (ER) လို နေ့စဉ်နဲ့အမျှ သေရေးရှင်ရေး တိုက်ပွဲဝင်နေရတဲ့ နေရာမှာတောင် ရူးတော့မယ် လို့ မခံစားရဘဲ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ အဲဒါကို ဒေါက်တာလောင်းက Ready Mode (အသင့်အနေအထား) လို့ တင်စားပါတယ်။

ဘယ်လိုအခြေအနေဆိုးကြီးပဲ ကြုံလာလာ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးပါ။ ဒီ Ready Mode ကို ရောက်ဖို့ အဆင့် ၃ ဆင့် ရှိပါတယ်။

၁။ အရေးကြီးဆုံးကို ပြတ်ပြတ်သားသား ရွေးချယ်ပါ

"Crazy Busy" ဖြစ်နေသူတွေက ပြဿနာတိုင်းကို အရေးကြီးတယ်ထင်ပြီး အကုန်လုံးကို ပြာပြာသလဲ လိုက်ရှင်းလေ့ရှိပါတယ်။ နာမည်ကျော် အာရုံကြောပညာရှင် ဒေါက်တာ ရောဘတ် ဆာပိုစကီး ရဲ့ သုတေသနအရ တကယ့်အန္တရာယ်နဲ့ သာမန်ကိစ္စကို မခွဲခြားနိုင်ဘဲ အရာရာကို ပြာပြာသလဲ တုံ့ပြန်တတ်သူတွေဟာ စိတ်ဖိစီးမှုဟော်မုန်း ၂ဆ ပိုများနေတတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အရာအားလုံးကို တပြိုင်နက်တည်း ရှင်းစရာ မလိုပါဘူး။ ဆေးရုံအရေးပေါ်ဌာနတွေမှာဆိုရင် လူနာတွေကို အရောင် ၄ မျိုး ခွဲခြားပြီး ဦးစားပေး ကုသပါတယ်။

အနီရောင် - ချက်ချင်း အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ။

အဝါရောင် - ပြင်းထန်ပေမဲ့ ချက်ချင်း အသက်အန္တရာယ် မရှိသေးတဲ့ အခြေအနေ။

အစိမ်းရောင် - သာမန် ဒဏ်ရာအသေးစား အခြေအနေ။

အနက်ရောင် - ဆရာဝန်တွေအနေနဲ့ ဘာမှလုပ်ပေးလို့မရတော့တဲ့၊ နာကျင်စွာနဲ့ လက်လွှတ်လိုက်ရမယ့် အခြေအနေ။

အရေးပေါ်ခန်းမှာ အနီရောင် ကို အမြဲတမ်း ပထမဆုံး ဦးစားပေး ဖြေရှင်းရပါတယ်။ လက်တွေ့ဘဝမှာလည်း ဆူညံနေတိုင်း အရေးကြီး (အနီရောင်) တာ မဟုတ်ပါဘူး။ အသက်ရှူကျပ်ပြီး အသံတိတ်နေတဲ့ လူနာဟာ တကယ့် အနီရောင် ဖြစ်ပြီး၊ ကော်ဖီမကောင်းလို့ ဆူပူအော်ဟစ်နေတဲ့ လူနာကတော့ ဆူညံသံ သက်သက်သာ ဖြစ်ပါတယ်။ အသံကျယ်တိုင်း အရေးကြီးတာ မဟုတ်ပါဘူး။

ဒေါက်တာ လောင်း ရဲ့ ကိုယ်တွေ့ဘဝမှာဆိုရင် အိမ်ရေမြုပ်နေချိန်မှာပဲ သူ့ရဲ့ ၁ နှစ်အရွယ် ကလေးက ဆေးရုံရောက်နေတယ်။ ၄ နှစ်အရွယ် ကလေးအတွက် ကျောင်းရန်ပုံငွေပွဲကလည်း လုပ်ပေးရဦးမယ်။ စာအုပ်ရေးဖို့ကလည်း Deadline ကျော်နေပြီ။

အဲဒီလို ပူညံပူညံ အခြေအနေမှာ သူ့အတွက် တကယ့် အနီရောင် က ကလေးကျန်းမာရေးနဲ့ စာအုပ်အပြီးသတ်ဖို့ပဲ ဖြစ်ပါတယ်။ အိမ်ရေမြုပ်တာက အဝါရောင် (သို့) ဆူညံသံ သက်သက်ပါ။ ရန်ပုံငွေပွဲ ကိစ္စကတော့ နာကျင်ပေမဲ့ အဲဒီအချိန်မှာ လက်လွှတ်လိုက်ရမယ့် (အနက်ရောင်) ပါပဲ။ အရာအားလုံးကို ပြီးပြည့်စုံအောင် လုပ်ချင်နေရင် တကယ်အရေးကြီးတဲ့ အနီရောင် ကိစ္စတွေကိုပါ လက်လွှတ်လိုက်ရတတ်ပါတယ်။

၂။ ကြိုတင်ပြင်ဆင်ပါ

ရွေးချယ်စရာတွေ များလေလေ၊ ဦးနှောက်က ဆုံးဖြတ်ချက်ချဖို့ ပိုပင်ပန်းလေလေပါပဲ။ ကိုယ့်ရဲ့ စိတ်စွမ်းအင်ကိုချည်းပဲ အားကိုးမနေဘဲ နေ့စဉ် ဆုံးဖြတ်ရမယ့် ကိစ္စတွေကို ကြိုတင်လျှော့ချထားဖို့ လိုပါတယ်။

ကြိုတင်စီစဉ်ပါ - တစ်ပတ်စာ စားမယ့်ဟင်းလျာတွေကို ပိတ်ရက်မှာ ကြိုတွေးထားပါ။ ဗိုက်ဆာပြီး ဒေါသထွက်နေချိန် ကျမှ ဘာစားရမလဲ စဉ်းစားရင် အလွယ်တကူ Junk Food တွေပဲ ရွေးမိပါလိမ့်မယ်။

အလိုအလျောက် စနစ်သုံးပါ - လစဉ် ပုံမှန်ပေးရမယ့် ဘေလ်တွေ၊ ဝယ်ရမယ့် ပစ္စည်းတွေကို အလိုအလျောက် ဖြစ်အောင် လုပ်ထားပါ။ ခေါင်းထဲမှာ အမြဲတမ်း မှတ်မထားပါနဲ့။

တစ်စုတစ်စည်းတည်း ထားပါ - မနက်ပိုင်း ပြေးမယ်၊ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် လိုအပ်တဲ့ အဝတ်အစား၊ ဖိနပ်၊ ရေဘူး စတာတွေကို ညကတည်းက တစ်နေရာတည်းမှာ အသင့်စုထားလိုက်ပါ။

သွေးဆောင်မှုများကို လျှော့ချပါ - ချောကလက်လိုမျိုး အချိုတုံးတွေကို မျက်စိရှေ့မှာ မထားပါနဲ့။ သုတေသနတွေအရ အဲဒီလိုအရာတွေကို ခုံပုလေး တစ်ခုခုခံပြီးမှ လှမ်းယူရမယ့် ခပ်မြင့်မြင့် နေရာမျိုးမှာ တမင် ဝှက်ထားလိုက်ရင်၊ လူတွေဟာ အလိုအလျောက် စားသုံးမှု ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

၃။ ကိုယ့်စိတ်ထဲကနေ ရုန်းထွက်ပါ

တခါက အရေးပေါ်ခန်းကို ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ကလေးလာမွေးပါတယ်။ ကလေးရဲ့ လည်ပင်းမှာ ချက်ကြိုးက ၂ ပတ်တောင် ရစ်ပတ်နေတာကို တွေ့လိုက်ရချိန်မှာ တစ်ဦးတည်းသေယ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ လောင်း တစ်ယောက် အရမ်းကို ထိတ်လန့်သွားပါတယ်။

လူတိုင်း ကြောက်တတ်၊ စိုးရိမ်တတ်တာ သဘာဝပါ။ အဓိကက ကြောက်စိတ်ဝင်လာတဲ့အခါ "ငါတော့ သေပါပြီ၊ ဒုက္ခပါပဲ" ဆိုပြီး ကိုယ့်အတွေးထဲမှာ ကိုယ်ပိတ်လှောင်သွားတဲ့အထိ အဖြစ်မခံဖို့ပါပဲ။ အဲဒီလိုအချိန်မှာ အကောင်းဆုံး နည်းလမ်းက တခြားလူအပေါ် အာရုံစိုက်လိုက်ခြင်း ပဲ ဖြစ်ပါတယ်။

"ဒီမိခင် ဘယ်လောက် ကြောက်နေမလဲ၊ သူတို့ ဘာလိုအပ်နေလဲ၊ ငါ ဘယ်လို ကူညီပေးရမလဲ" ဆိုပြီး ကိုယ့်စိတ်ကို မိမိကိုယ်တွင်းကနေ အပြင်ဘက်ကို ဆွဲထုတ်လိုက်တဲ့အခါ ဦးနှောက်က ပိုကျယ်ကျယ်ပြန့်ပြန့် တွေးလာနိုင်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချလာနိုင်ပါတယ်။ အဲဒီနေ့က သူမဟာ ကိုယ်ပိုင် အကြောက်တရားထက် မိခင်နဲ့ ကလေးအပေါ်ကိုသာ အပြည့်အဝ အာရုံစိုက်လိုက်တဲ့အတွက် ကလေးလေးကို အောင်မြင်စွာ အသက်ကယ်တင် မွေးဖွားပေးနိုင်ခဲ့ပါတယ်။

ဒီလို Crazy Mode (ရူးလောက်အောင် အလုပ်များတဲ့ အခြေအနေ) ကနေ "Ready Mode (အသင့်ရင်ဆိုင်နိုင်တဲ့ အခြေအနေ) ကို ပြောင်းလဲနိုင်တာကို တခြားသူတွေ မြင်တဲ့အခါ၊ သူတို့လည်း သင့်ရဲ့ တည်ငြိမ်မှုကို အတုယူလာကြပါလိမ့်မယ်။

အလုပ်များတာကို ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်အဖြစ် ဂုဏ်ယူစွာ လက်ခံပါ။ ဒါပေမဲ့ Crazy Busy (ရူးလောက်အောင် အလုပ်များတယ်) လို့ ခဏခဏ ညည်းတွားပြောဆိုပြီး ကိုယ့်ဦးနှောက်ကို ဖျက်ဆီးနေတာကိုတော့ အခုပဲ ရပ်တန်းက ရပ်လိုက်ပါတော့။

Ref:
TED - An ER doctor on triaging your "crazy busy" life | Darria Long

မိုင် ၆၀၀၀ အကွာကို ဖျက်ဆီးမယ့် အမေရိကန်ရဲ့ နျူကလီးယား ဒုံးကျည်သစ်လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်၊ စစ်အေးတိုက်ပွဲ ကာလကတည်း...
21/09/2026

မိုင် ၆၀၀၀ အကွာကို ဖျက်ဆီးမယ့် အမေရိကန်ရဲ့ နျူကလီးယား ဒုံးကျည်သစ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်၊ စစ်အေးတိုက်ပွဲ ကာလကတည်းက တပ်ဆင်ခဲ့ပြီး အခုချိန်ထိ ဟောင်းနွမ်းနေတဲ့ အမေရိကန်ရဲ့ မြေပြင်အခြေစိုက် နျူကလီးယား ဒုံးကျည်ကြီးတွေကို အစားထိုးဖို့ အချိန်တန်နေပါပြီ။

အဲဒီနေရာမှာ အစားထိုး ဝင်ရောက်လာမယ့် လက်နက်ကတော့ မိုင်ပေါင်း ၆,၀၀၀ ကျော်အထိ နျူကလီးယားထိပ်ဖူး သယ်ဆောင် ပစ်ခတ်နိုင်စွမ်းရှိတဲ့ LGM-35A Sentinel လို့ခေါ်တဲ့ ဧရာမ တိုက်ချင်းပစ် ဒုံးကျည်ကြီး (ICBM) ပဲ ဖြစ်ပါတယ်။

မကြာသေးမီကပဲ အမေရိကန် လေတပ်နဲ့ ကာကွယ်ရေးကုမ္ပဏီကြီး Northrop Grumman တို့ဟာ ဒီဒုံးကျည်သစ်ကြီးကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၇ ခုနှစ် အစစ်အမှန် ပျံသန်းမှုစမ်းသပ်ပွဲအတွက် ဧရာမ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

Pathfinder လို့ အမည်ရတဲ့ အစမ်းလေ့ကျင့်မှု

ကယ်လီဖိုးနီးယားမှာရှိတဲ့ Vandenberg အာကာသစခန်းမှာ ၄ လကြာ ပြုလုပ်ခဲ့တဲ့ ဒီစမ်းသပ်မှုကို Pathfinder လို့ နာမည်ပေးထားပါတယ်။ အဓိက ရည်ရွယ်ချက်က ဒုံးကျည်သစ်ကို မြေအောက်ကျင်း (Silo) တွေထဲ ကိုင်တွယ်ထည့်သွင်းရာမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို လက်တွေ့လေ့လာဖို့ပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ အချက်က ဒီစမ်းသပ်မှုမှာ သုံးခဲ့တာဟာ ယမ်းတွေ၊ လောင်စာတွေ ထည့်ထားတဲ့ ဒုံးကျည်အစစ် မဟုတ်ဘဲ အလေးချိန်၊ အရွယ်အစား အတိအကျတူညီတဲ့ ပုံစံတူ ဒုံးကျည်အွတ် (Inert Missile) ကို အသုံးပြုခဲ့တာပါ။

အင်ဂျင်နီယာတွေဟာ အမေရိကန်တဝန်းကနေ ဒုံးကျည် အစိတ်အပိုင်းတွေကို အထူးယာဉ်တွေ၊ ကရိန်းတွေသုံးပြီး သယ်ဆောင်လာခဲ့ပါတယ်။ အဲဒီနောက် ဒုံးကျည်ကို အစိတ်အပိုင်းတစ်ခုချင်းစီ ချိတ်ဆက်ပြီး ဒေါင်လိုက်တပ်ဆင်ခဲ့ပါတယ်။ အားလုံးပြီးသွားတဲ့အခါမှာတော့ တပ်ဆင်ပုံ အဆင့်ဆင့် မှန်ကန်မှုရှိမရှိ သေချာစေဖို့အတွက် အားလုံးကို ပြန်လည် ဖြုတ်ချခဲ့ပါတယ်။

ဒါဟာ စက်ပစ္စည်းတွေကိုချည်းသက်သက် စမ်းသပ်တာ မဟုတ်ဘဲ လုပ်ငန်းခွင်မှာ အင်ဂျင်နီယာတွေ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်နိုင်မလား ဆိုတာကိုပါ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ နျူကလီးယား လက်နက်ဖြစ်လို့ အမှားအယွင်း နည်းနည်းရှိတာနဲ့ အလွန်ကို အန္တရာယ်များနိုင်လို့ပါ။

ဒေါ်လာ ဘီလီယံ ၁၄၀ တန် အကျပ်အတည်းကို ကျော်ဖြတ်ခြင်း

ကုမ္ပဏီနဲ့ လေတပ်ရဲ့ အမှတ် ၇၁၉ စမ်းသပ်ရေးအဖွဲ့တို့ဟာ ၂၀၂၇ ခုနှစ် တကယ့် ပျံသန်းမှုအတွက် လိုအပ်တဲ့ ဒီဇိုင်းပိုင်း၊ ဘေးကင်းရေးနဲ့ စွမ်းဆောင်ရည်ပိုင်းတွေကိုပါ ဒီစမ်းသပ်မှုကနေတဆင့် သေချာ ပြန်လည်စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီလို အောင်မြင်သွားတာဟာ အမေရိကန်လေတပ်အတွက် အတော်လေး အသက်ရှုချောင်သွားစေပါတယ်။ ဘာလို့လဲဆိုတော့ မကြာသေးခင်ကမှ ဒီစင်တီနယ် စီမံကိန်းကြီးဟာ မူလခန့်မှန်းခြေထက် ကုန်ကျစရိတ် ၈၁ ရာခိုင်နှုန်း (ဒေါ်လာ ၁၄၁ ဘီလီယံအထိ) အဆမတန် ထိုးတက်သွားလို့ အမေရိကန်လွှတ်တော်မှာ စီမံကိန်း ဖျက်သိမ်းရမလို အကျပ်အတည်း ကြုံခဲ့ရလို့ပဲ ဖြစ်ပါတယ်။

နော့သရော့ပ် ဂရမ်မန် ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Amanda Davis က "အခုလို ဒေါင်လိုက်တပ်ဆင်နိုင်ခဲ့တာဟာ ၂၀၂၇ ပျံသန်းမှုအတွက် ကြီးမားတဲ့ တွန်းအားတစ်ခုပါပဲ။ ၂၀၃၀ ပြည့်လွန်နှစ် အစောပိုင်းလောက်မှာ ဒီဒုံးကျည်တွေကို အပြည့်အဝ အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်" လို့ ဂုဏ်ယူစွာ ဆိုပါတယ်။

ဆယ်စုနှစ်များစွာ ကမ္ဘာကြီးကို လွှမ်းမိုးမည့် လက်နက်

စင်တီနယ် ဒုံးကျည်ဟာ အမေရိကန်ရဲ့ လက်ရှိ ဟောင်းနွမ်းနေပြီဖြစ်တဲ့ Minuteman III တိုက်ချင်းပစ် ဒုံးကျည် ၄၀၀ လုံး နေရာမှာ အစားထိုး ဝင်ရောက်လာမှာပါ။ ဒါဟာ ရုရှားနဲ့ တရုတ်တို့ရဲ့ နျူကလီးယား အင်အား ခြိမ်းခြောက်လာမှုတွေကို တန်ပြန်ဖို့ အမေရိကန်လေတပ်ရဲ့ မြေပြင်အခြေစိုက် နျူကလီးယား လက်နက်စနစ်ကို အကြီးအကျယ် အဆင့်မြှင့်တင်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြီးမှာ မိတ်ဖက်ကုမ္ပဏီ ၅၀၀ ကျော်နဲ့ လုပ်သားအင်အား ၁၀,၀၀၀ ကျော် ပါဝင်လုပ်ဆောင်နေပါတယ်။ သူတို့ရဲ့ မျှော်မှန်းချက်ကတော့ ဒီဒုံးကျည်စနစ်ကို လာမယ့် ၂၀၇၅ ခုနှစ်အထိ ခေတ်မီမီ ဆက်လက် အသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။

အခု လောလောဆယ် မြေပြင်ပေါ်က ပုံစံတူ စမ်းသပ်မှုမှာ အောင်မြင်နေပေမဲ့ ၂၀၂၇ ခုနှစ်မှာ လောင်စာတွေထည့်ပြီး တကယ်တမ်း ပစ်လွှတ်စမ်းသပ်တဲ့ အခါမှာတော့ ဒီထက်ပိုပြီး ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။

Ref:
Interesting Engineering - Fully integrated 6,000-mile Sentinel missile assembled vertically for the first time

ဂျပန်ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံခြားလုပ်သား အခက်အခဲဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားတဲ့ ကုမ္ပဏီ ၃ ...
21/09/2026

ဂျပန်ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံခြားလုပ်သား အခက်အခဲ

ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားတဲ့ ကုမ္ပဏီ ၃ ပုံ ၂ ပုံခန့်ဟာ နောက်ထပ် ထပ်မငှားနိုင်တော့ဘူးဆိုရင် လုပ်ငန်းလည်ပတ်မှုတွေ အကြီးအကျယ် ထိခိုက်လာနိုင်တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းကို ဂျပန်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ တိုကျိုကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းပြီး ပြည်နယ် ၄၇ ခုလုံးမှာရှိတဲ့ အသင်းဝင်ကုမ္ပဏီတွေကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

လုပ်သားရှားပါးမှု အခြေအနေ

ဖြေဆိုသူ ၆၀ ရာခိုင်နှုန်းက ဝန်ထမ်းမလုံလောက်ဘူးလို့ ဆိုပါတယ်။ အဆောက်အအုံ ဆောက်လုပ်ရေး (၇၇.၄%)၊ သယ်ယူပို့ဆောင်ရေး (၇၂.၂%) နဲ့ သူနာပြုနှင့် ကျန်းမာရေးစောင့်ရှောက်မှု (၇၀.၅%) ကဏ္ဍတွေမှာ အဆိုးရွားဆုံး ဖြစ်နေပါတယ်။

စစ်တမ်းကောက်ခဲ့တဲ့ ကုမ္ပဏီပေါင်း ၂,၆၅၄ ခုထဲက ၂၅.၁ ရာခိုင်နှုန်းဟာ လက်ရှိမှာ နိုင်ငံခြားသားတွေကို ခန့်အပ်ထားပြီး ၁၉.၅ ရာခိုင်နှုန်းကလည်း ခန့်ဖို့ စဉ်းစားနေပါတယ်။ လက်ရှိခန့်ထားပြီး ထပ်ခန့်ချင်သူက ၉.၈ ရာခိုင်နှုန်း၊ လက်ရှိအရေအတွက်အတိုင်းပဲ ဆက်ထားချင်သူက ၁၃.၉ ရာခိုင်နှုန်း ရှိပါတယ်။ ဝန်ထမ်းလျှော့ချမယ်လို့ ဖြေသူကတော့ ၁.၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

နိုင်ငံခြားသား အများဆုံး ခန့်ထားတဲ့ လုပ်ငန်းတွေကတော့ ဟိုတယ်နဲ့ စားသောက်ဆိုင် (၄၂.၉%)၊ ကုန်ထုတ်လုပ်ငန်း (၄၀.၁%) နဲ့ သူနာပြုနှင့် ကျန်းမာရေး ကဏ္ဍ (၃၆.၄%) တို့ ဖြစ်ပါတယ်။

အလုပ်သမား မရပါက ဖြစ်လာမည့် ဂယက်

နိုင်ငံခြားသား ခန့်ထားတဲ့ ကုမ္ပဏီတွေရဲ့ ၆၅.၉ ရာခိုင်နှုန်းက နောက်ထပ် အလုပ်သမား အသစ်မခန့်နိုင်ရင် လုပ်ငန်းထိခိုက်မယ်လို့ ယူဆကြပါတယ်။ ၁၅.၆ ရာခိုင်နှုန်းကတော့ လုပ်ငန်းဆက်လုပ်ဖို့တောင် အန္တရာယ်ရှိလာနိုင်ပြီး ပိတ်သိမ်းရနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုထိခိုက်မှုဟာ သူနာပြုနဲ့ ကျန်းမာရေးကဏ္ဍမှာ အဆိုးဆုံးဖြစ်ပြီး ၉၃.၈ ရာခိုင်နှုန်းအထိ ရှိပါတယ်။ သယ်ယူပို့ဆောင်ရေးမှာ ၇၃.၇ ရာခိုင်နှုန်းနဲ့ ကုန်ထုတ်လုပ်ငန်းမှာ ၇၃.၁ ရာခိုင်နှုန်း ပြဿနာဖြစ်လာနိုင်ပါတယ်။ မြို့ကြီးတွေထက်စာရင် နယ်ဘက်က ကုမ္ပဏီတွေက နိုင်ငံခြားသား လုပ်သားတွေအပေါ် ပိုမှီခိုနေရတာကိုလည်း တွေ့ရပါတယ်။ လုပ်ငန်းထိခိုက်နိုင်တယ်လို့ ဖြေဆိုမှုဟာ မြို့ကြီးတွေမှာ ၅၃.၁ ရာခိုင်နှုန်းရှိပေမဲ့၊ နယ်ဘက်မှာတော့ ၆၈.၉ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ဖြေလျှော့မှု နဲ့ အစိုးရထံ တောင်းဆိုချက်များ

ဖြေဆိုသူ ၅၅.၆ ရာခိုင်နှုန်းက ဂျပန်အနေနဲ့ နိုင်ငံခြားသားလုပ်သားတွေကို ပိုပြီး တိုးချဲ့လက်ခံသင့်တယ်လို့ ဆိုပါတယ်။ ၁၈ ရာခိုင်နှုန်းက ယေဘုယျအားဖြင့် အားလုံးကို တိုးချဲ့လက်ခံစေချင်ပြီး ၃၇.၆ ရာခိုင်နှုန်းကတော့ လုပ်သားရှားပါးတဲ့ လုပ်ငန်းနဲ့ ဒေသတွေမှာပဲ တိုးချဲ့စေချင်ကြပါတယ်။

ထက်ဝက်ကျော် (၅၁.၇%) ကတော့ ကျွမ်းကျင်မှုနဲ့ ဗဟုသုတရှိပြီး ဂျပန်မှာ အသားကျနေတဲ့ နိုင်ငံခြားသားတွေကို နေထိုင်ခွင့်ကာလ ကန့်သတ်ချက်မထားဘဲ မိသားစုကိုပါ ခေါ်ယူနေထိုင်ခွင့် ပေးသင့်တယ်လို့ ထောက်ခံကြပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားတွေ လူ့အဖွဲ့အစည်းမှာ အသားကျဖို့ အစိုးရရဲ့ အကူအညီတွေကိုလည်း တောင်းဆိုထားပါတယ်။ ၅၁.၅ ရာခိုင်နှုန်းက နေ့စဉ်ဘဝ နေထိုင်ရေး အကူအညီတွေ ပိုပေးဖို့နဲ့ ၅၁.၄ ရာခိုင်နှုန်းက ဂျပန်စာ သင်ကြားရေး အထောက်အပံ့တွေ ပိုပေးဖို့ တောင်းဆိုကြပါတယ်။

"လူတွေကို အလုပ်သမား သက်သက်လို့ပဲ မြင်နေတာမျိုး မလုပ်သင့်တော့ပါဘူး။ သူတို့ကို ဂျပန်စာ၊ နေထိုင်မှုပုံစံနဲ့ လူမှုရေးစံနှုန်းတွေ သင်ပေးပြီး လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တက်တက်ကြွကြွ ပါဝင်ခွင့်ပေးသင့်ပါတယ်" လို့ ဝန်ထမ်း ၂၁ ဦးကနေ ၅၀ ကြားရှိတဲ့ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုက အကြံပြုပါတယ်။

ဒါပေမဲ့ အစိုးရကို အများဆုံး တောင်းဆိုထားတဲ့ အချက် (၆၀.၆ ရာခိုင်နှုန်း) ကတော့ တရားမဝင် နေထိုင်သူတွေကို ထိထိရောက်ရောက် အရေးယူ ဒဏ်ပေးဖို့ပဲ ဖြစ်ပါတယ်။

Ref:
Japan Times - Over 60% of Japanese firms with foreign workers would struggle without overseas hiring: survey

စာဖတ်ရင် ပိုက်ဆံပေးမယ့်နိုင်ငံရထားစောင့်နေရင်းဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာ အေးအေးဆေးဆေး ထိုင်နေရင်းဖြစ်ဖြစ် စာဖတ်တာဟာ အခုခေတ...
20/09/2026

စာဖတ်ရင် ပိုက်ဆံပေးမယ့်နိုင်ငံ

ရထားစောင့်နေရင်းဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာ အေးအေးဆေးဆေး ထိုင်နေရင်းဖြစ်ဖြစ် စာဖတ်တာဟာ အခုခေတ်မှာ တွေ့ရခဲတဲ့ အလေ့အကျင့်တစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ အရှေ့တောင်အာရှက နိုင်ငံငယ်လေးတစ်ခုကတော့ ပြည်သူတွေ စာဖတ်လာအောင် တွန်းအားပေးနေပါတယ်။

စင်ကာပူနိုင်ငံဟာ ပြည်သူတွေ စာဖတ်တဲ့ အလေ့အကျင့်ရှိလာဖို့ ရည်ရွယ်ပြီး ၅ နှစ်ကြာမယ့် နိုင်ငံလုံးဆိုင်ရာ ကမ်ပိန်းအသစ်တစ်ခုကို ဒီလထဲမှာ စတင်လိုက်ပါတယ်။ အစိုးရ ဝက်ဘ်ဆိုက်မှာ ကိုယ်စာဖတ်ခဲ့တဲ့ အချိန်မှတ်တမ်းကို ဖြည့်သွင်းရင် ငွေကြေးအနည်းငယ် ပြန်လည်ရရှိမယ့် အစီအစဉ် ဖြစ်ပါတယ်။

ဦးနှောက်စွမ်းရည် ကျဆင်းခြင်းကို တိုက်ဖျက်ခြင်း

ဒီလို ဂိမ်းဆော့သလို အမှတ်ပေးတဲ့စနစ်နဲ့ ဆုကြေးပေးပြီး ပြည်သူတွေ ပါဝင်လာအောင် လုပ်တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ အွန်လိုင်းပေါ်က အကျိုးမရှိတဲ့ အရာတွေကိုချည်း ထပ်ခါတလဲလဲ ကြည့်ရင်း ဦးနှောက်စွမ်းရည် ကျဆင်းလာတဲ့ (Brain rot) ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။

" ဗီဒီယိုအတိုလေးတွေက သတင်းအချက်အလက် သိဖို့ ကောင်းပေမဲ့၊ စာကို သေသေချာချာ ဖတ်တာကမှ အာရုံစိုက်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ စိတ်ကူးယဉ်နိုင်စွမ်းကို ပိုကောင်းစေပါတယ်" လို့ အမျိုးသား စာကြည့်တိုက်အဖွဲ့ (NLB) ရဲ့ အကြီးအကဲ Melissa Tam က ပြောပါတယ်။ လူတိုင်း စူးစမ်းလေ့လာလိုစိတ်ရှိပြီး စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေချင်တာပါ။

ဆုကြေးငွေ ဘယ်လောက်ရမလဲ

ဒီအစီအစဉ်က စာဖတ်သူတွေကို ပိုက်ဆံအများကြီး ရစေမှာတော့ မဟုတ်ပါဘူး။ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ် စာဖတ်ရင် virtual coin (ဒင်္ဂါးပြား) ၂၀ ရပါမယ်။ ဒင်္ဂါးပြား ၁,၀၀၀ ပြည့်မှ စင်ကာပူဒေါ်လာ ၁ ဒေါ်လာ ရမှာပါ။ ဒါကြောင့် ၁ ဒေါ်လာရဖို့ ရက် ၅၀ လောက် စာဖတ်ရမှာ ဖြစ်ပြီး တစ်နေ့ကို တစ်ကြိမ်ပဲ စာရင်းသွင်းခွင့် ရှိပါတယ်။

ကမ္ဘာတဝန်းမှာ လူတွေရဲ့ အာရုံစိုက်နိုင်စွမ်း တိုတောင်းလာပြီး စာဖတ်နှုန်း ကျဆင်းလာချိန်မှာ ဒီအစီအစဉ် ထွက်ပေါ်လာတာပါ။ မကြာသေးခင်က ထုတ်ပြန်ချက်တွေအရ အမေရိကန်မှာ အသက် ၁၅ နှစ်အရွယ် ကလေးတွေရဲ့ စာဖတ်စွမ်းရည် သိသိသာသာ ကျဆင်းလာပေမဲ့ စင်ကာပူနဲ့ တရုတ်ကတော့ ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါဟာ စာသင်ခန်းထဲမှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေကြောင့် အာရုံလွင့်ပါးမှုတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။

စင်ကာပူ အမျိုးသား ပညာရေးအင်စတီကျုက သုတေသီ Loh Chin Ee ကတော့ "၁၅ မိနစ်ဆိုတာ စာဖတ်တဲ့ အလေ့အကျင့်စဖို့ အကောင်းဆုံး အချိန်ပမာဏပါပဲ။ ဖုန်းစခရင်ပေါ်မှာ စာဖတ်နေကြပေမဲ့၊ သေသေချာချာ အာရုံစိုက်ပြီး ဖတ်တာမျိုးကတော့ တော်တော်လေး နည်းသွားပါပြီ" လို့ သုံးသပ်ပါတယ်။

စာမေးပွဲအတွက်သာ မဟုတ်ဘဲ အပန်းဖြေဖို့ စာဖတ်ခြင်း

စင်ကာပူကျောင်းသားတွေဟာ စာမေးပွဲတွေ ဖြေဖို့အတွက်ပဲ စာဖတ်ကြပြီး ကြီးလာတဲ့အခါ အပန်းဖြေဖို့ စာဖတ်တဲ့ အလေ့အကျင့် ပျောက်သွားတတ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ Modern Men's Book Club ကို ပူးတွဲတည်ထောင်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် Isaac Neo က "ဆယ်ကျော်သက်အရွယ် စာမေးပွဲဖိအားတွေကြောင့် စာဖတ်ဝါသနာ ပျောက်သွားကြတာများတယ်။ ကျွန်တော့်ကလပ်က အဖွဲ့ဝင်တွေဆိုရင် စာမဖတ်ဖြစ်တာ ကြာပြီဖြစ်လို့ အခုလို ပြန်စဖတ်ဖြစ်အောင် ကြိုးစားနေကြတာပါ" လို့ ဆိုပါတယ်။

ဒီ စာဖတ်ရင်း ငွေရှာ အစီအစဉ်ကို ဒီနှစ်ကုန်အထိ စမ်းသပ်လုပ်ဆောင်သွားမှာပါ။ ဒါ့အပြင် စာဖတ်ချိန် မိနစ် ၇.၅ သန်း ပြည့်ရင် အလှူငွေ စင်ကာပူဒေါ်လာ ၁ သိန်းခွဲ လှူဒါန်းမယ့် ပရဟိတ အစီအစဉ်လည်း ပါဝင်ပါတယ်။

ပိုက်ဆံပေးရုံနဲ့ စာဖတ်ချင်စိတ် တကယ်ဖြစ်လာမလား

ပိုက်ဆံပေးတာနဲ့တင် စာဖတ်ဝါသနာ တကယ်ပါလာပါ့မလား ဆိုတဲ့ ငြင်းခုံမှုတွေလည်း ရှိနေပါတယ်။ တချို့က စာဖတ်တာကို ဝါသနာအရပဲ ဖတ်သင့်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ အသက် ၂၈ နှစ်အရွယ် ကွန်တင့်ခရီအေတာ Charmaine Lim ကတော့ "ရထားပေါ်မှာ TikTok သံတွေ ဆူညံနေတာထက်စာရင်၊ လူတွေ စာဖတ်ရင်း မှတ်တိုင်ကျော်သွားတာကိုပဲ ပိုမြင်ချင်ပါတယ်" လို့ ပြောပါတယ်။

စာဖတ်ကလပ် တည်ထောင်သူ Ashley Chia ကလည်း "တစ်နေ့ ၁၅ မိနစ် ဖတ်ရုံတင်မကဘဲ၊ ကိုယ်နဲ့ စိမ်းတဲ့ အကြောင်းအရာတွေကိုပါ စူးစမ်းဖတ်ရှုလာမှ တကယ်အောင်မြင်တာပါ" လို့ ဆိုပါတယ်။

စိတ်ပညာရှင် Charissa Ng ကတော့ "ငွေကြေးဆုချတာဟာ စာဖတ်ဖို့ နည်းနည်းပါးပါး စိတ်ဝင်စားသူတွေအတွက် အလုပ်ဖြစ်ပေမဲ့ လုံးဝ ဝါသနာမပါသူတွေအတွက်တော့ ရေရှည် အလေ့အကျင့်ဖြစ်လာဖို့ ခက်ပါတယ်" လို့ ထောက်ပြပါတယ်။ ငွေကြေးပေးတဲ့ အစီအစဉ် ရပ်သွားရင် စာဆက်ဖတ်ချင်စိတ်လည်း ပျောက်သွားတတ်လို့ပါ။

အွန်လိုင်းက ပေးတဲ့ ချက်ချင်းပျော်ရွှင်မှု (Dopamine) တွေကို ဒီဆုကြေးငွေ အနည်းငယ်က အနိုင်ယူနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမဲ့ အများပြည်သူ သန့်ရှင်းရေးနဲ့ ယဉ်ကျေးမှုရှိရေး ကမ်ပိန်းတွေမှာ အောင်မြင်ခဲ့ဖူးတဲ့ စင်ကာပူနိုင်ငံအတွက်တော့ ဒီလို ဆုကြေးလေးတွေနဲ့ တွန်းအားပေးတာဟာ ပြည်သူတွေ စာအုပ်ပြန်ကိုင်လာအောင် လုပ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

သေချာတာကတော့ စင်ကာပူအစိုးရဟာ နိုင်ငံကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲ ၊ နိုင်ငံသားတွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ ဆိုတာတွေကိုပဲ အစဉ်တစိုက် ကြိုးပမ်းနေတယ် ဆိုတာပါပဲ...

Ref:
CNN News - This country is paying its people to read. Can it stop brain rot?

ကိုယ့် လ ကို ပြန်ဖျက်ဆီးခဲ့တဲ့ ဗီးနပ်စ်ဂြိုဟ်ရဲ့ လျှို့ဝှက်ချက်ကျွန်တော်တို့ နေအဖွဲ့အစည်းမှာ ကမ္ဘာဂြိုဟ်မှာ လတစ်စင်း၊ အင...
20/09/2026

ကိုယ့် လ ကို ပြန်ဖျက်ဆီးခဲ့တဲ့ ဗီးနပ်စ်ဂြိုဟ်ရဲ့ လျှို့ဝှက်ချက်

ကျွန်တော်တို့ နေအဖွဲ့အစည်းမှာ ကမ္ဘာဂြိုဟ်မှာ လတစ်စင်း၊ အင်္ဂါဂြိုဟ်မှာ နှစ်စင်း၊ ဂျူပီတာနဲ့ စေတန်လို ဧရာမဂြိုဟ်ကြီးတွေမှာဆိုရင် လဆယ်ဂဏန်းကနေ ရာဂဏန်းအထိ အသီးသီး ရှိကြပါတယ်။

ဒါပေမဲ့ လ (ဂြိုဟ်ရံလ) လုံးဝ မရှိတဲ့ ဂြိုဟ်ဆိုလို့ မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) နဲ့ ဗီးနပ်စ် (သောကြာဂြိုဟ်) နှစ်လုံးပဲ ရှိပါတယ်။ ဘာကြောင့်များ သူတို့မှာ လမရှိရတာလဲ။

နေမင်းကြီး အနိုင်ကျင့်တဲ့ မာကျူရီ

မာကျူရီမှာ လမရှိတဲ့ အကြောင်းရင်းက ရှင်းပါတယ်။ သူက နေအဖွဲ့အစည်းမှာ အရွယ်အစားရော၊ ဒြပ်ထုပါ အသေးဆုံးဂြိုဟ်ပါ။ သေးငယ်လွန်းတဲ့အတွက် သူ့ရဲ့ ဆွဲငင်အားက အရမ်းအားနည်းပြီး ဘယ်အရာကိုမှ သူ့နားမှာ လှည့်ပတ်နေအောင် ဆွဲမထားနိုင်ပါဘူး။

ပိုအရေးကြီးတဲ့ အချက်ကတော့ သိပ္ပံပညာမှာ Hill Sphere လို့ခေါ်တဲ့ ဂြိုဟ်တစ်ခုက လတစ်စင်းကို ဆွဲထားနိုင်တဲ့ အာကာသ ဧရိယာ သတ်မှတ်ချက် ရှိပါတယ်။ မာကျူရီဟာ နေနဲ့ အရမ်းနီးကပ်လွန်းတဲ့အတွက် သူ့ရဲ့ ဟေးလ်စက်ဝန်းဟာ အလွန်ကို သေးငယ်ပါတယ်။

ဒါကြောင့် မာကျူရီနားမှာ လတစ်စင်း ဖြစ်လာဖို့ ကြိုးစားခဲ့ရင်တောင် နေမင်းကြီးရဲ့ ဧရာမဆွဲငင်အားနဲ့ ပြင်းထန်တဲ့ Solar wind တွေက အဲဒီလကို ချက်ချင်း လုယူ ဖျက်ဆီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မာကျူရီမှာ လမရှိတာ သိပ်တော့ မဆန်းပါဘူး။

ဗီးနပ်စ် (သောကြာဂြိုဟ်) ရဲ့ ပထမအကြိမ် တိုက်ပွဲ

ဗီးနပ်စ်ရဲ့ ဇာတ်လမ်းကတော့ နည်းနည်း ပိုရှုပ်ထွေးပါတယ်။ သူက မာကျူရီထက် အများကြီး ပိုကြီးပါတယ်။ ကမ္ဘာ့အရွယ်အစားရဲ့ ၈၀ ရာခိုင်နှုန်းလောက် ရှိလို့ သူ့ရဲ့ ဆွဲငင်အားက လတစ်စင်းကို ဆွဲထားနိုင်စွမ်း အလုံအလောက် ရှိပါတယ်။

တကယ်တော့ အတိတ်မှာ ဗီးနပ်စ်ဆီမှာ ဂြိုဟ်ရံလ တစ်စင်း ရှိခဲ့ဖူးတယ်လို့ ပညာရှင်တွေ (Double Impact Theory) က လက်ခံထားကြပါတယ်။ နေအဖွဲ့အစည်း စတင်ဖြစ်ပေါ်စ အချိန်တုန်းက ဂြိုဟ်တွေဟာ အခုလို ၈ လုံးတည်း မဟုတ်ဘဲ ရာနဲ့ချီ ရှိခဲ့ပြီး တစ်လုံးနဲ့တစ်လုံး ဝင်တိုက်မိတာတွေ ခဏခဏ ဖြစ်လေ့ရှိပါတယ်။

ကျွန်တော်တို့ ကမ္ဘာ့ရဲ့ လ လိုပဲ၊ ဗီးနပ်စ်ဟာလည်း တခြားဂြိုဟ်တွေနဲ့ အကြီးအကျယ် ဝင်တိုက်မိခဲ့ပါတယ်။ ပထမတစ်ကြိမ် တိုက်မိချိန်မှာ လွင့်ထွက်သွားတဲ့ အစအနတွေကနေ စုပေါင်းပြီး ဗီးနပ်စ်အတွက် လှပတဲ့ လတစ်စင်း ဖြစ်လာခဲ့ပါတယ်။

ဒုတိယအကြိမ် ဝင်တိုက်ခံရခြင်း

ဒါပေမဲ့ ဒုတိယအကြိမ် ထပ်တိုက်မိတဲ့အခါ ပြဿနာ စပါတော့တယ်။ နောက်ထပ် ဧရာမ ဂြိုဟ်တစ်လုံးက ဗီးနပ်စ် လည်ပတ်နေတဲ့ လမ်းကြောင်းရဲ့ ပြောင်းပြန်ဘက်ကနေ ဝင်တိုက်လိုက်တာပါ။

အဲဒီအရှိန်နဲ့အတူ နေမင်းကြီးရဲ့ ဆွဲငင်အား (Atmospheric thermal tides) ကပါ သက်ရောက်သွားတဲ့အခါ ဗီးနပ်စ်ဟာ (တခြားဂြိုဟ်တွေနဲ့မတူဘဲ) ဝင်ရိုးစွန်း လည်ပတ်မှု ပြောင်းပြန် (Retrograde rotation) လည်သွားပါတော့တယ်။
ပြောင်းပြန်လည်ရုံသာမက လည်ပတ်နှုန်းပါ အလွန် နှေးကွေးသွားလို့ ဗီးနပ်စ်ရဲ့ တစ်ရက်ဟာ ကမ္ဘာ့အချိန်နဲ့ဆိုရင် ၂၄၃ ရက်တောင် ကြာပါတယ်။

ဒီလို ပြောင်းပြန်လည်သွားတာက သူ့ရဲ့ လလေးအပေါ် အများကြီး သက်ရောက်သွားပါတယ်။ ပုံမှန်အားဖြင့် ဂြိုဟ်တစ်လုံး လည်ပတ်တဲ့အခါ ပွတ်တိုက်အားတွေကနေတစ်ဆင့် သူ့ရဲ့ စွမ်းအင်တချို့ကို လဆီကို ပို့ပေးပါတယ်။ (ဒီစွမ်းအင်ကြောင့် ကမ္ဘာ့ရဲ့ လဟာ တစ်နှစ်ထက်တစ်နှစ် ကမ္ဘာနဲ့ ပိုဝေးဝေးသွားနေတာပါ)။

ဒါပေမဲ့ ဂြိုဟ်က ပြောင်းပြန်လည်သွားတဲ့အခါ ဗီးနပ်စ်ပေါ်က ချော်ရည်ပူ သမုဒ္ဒရာ (Magma Ocean) တွေရဲ့ ဆွဲငင်အားက ပြောင်းပြန်ဖြစ်သွားပြီး လဆီကို စွမ်းအင် မပို့ပေးတော့ဘဲ လရဲ့ စွမ်းအင်တွေကို ဂြိုဟ်က ပြန်စုပ်ယူလိုက်ပါတော့တယ်။

ကြေကွဲဖွယ် နိဂုံး

စွမ်းအင်တွေ ဆုံးရှုံးသွားတဲ့အခါ လဟာ တဖြည်းဖြည်း အားနည်းလာပြီး ဂြိုဟ်နားကို ပိုပိုကပ်လာပါတယ်။ နောက်ဆုံးမှာတော့ လလေးဟာ ဗီးနပ်စ်ဂြိုဟ်နဲ့ အရမ်း နီးကပ်လွန်းသွားတဲ့ အမှတ်တစ်ခုကို ရောက်သွားပါတယ်။ အဲဒီ သေမင်းတမန် အမှတ်ကို သိပ္ပံပညာရှင်တွေက Roche Limit လို့ ခေါ်ပါတယ်။

အဲဒီမျဉ်းကိုလည်း ကျော်သွားရော ဗီးနပ်စ်ရဲ့ ပြင်းထန်တဲ့ ဆွဲငင်အားက လလေးကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်ပါတယ်။ အပိုင်းပိုင်း ကွဲသွားတဲ့ အစအနတွေဟာ စေတန်ဂြိုဟ်လို ကွင်းကွင်းကြီး ဖြစ်သွားပြီး မကြာခင်မှာပဲ ဗီးနပ်စ်ပေါ်ကို မီးခဲမိုးတွေရွာချသလို ပြုတ်ကျပျက်စီးသွားပါတော့တယ်။

နှစ်ဘီလီယံပေါင်းများစွာက ဖြစ်ခဲ့တဲ့ ဒီလို ပြင်းထန်ပြီး ကြမ်းတမ်းလွန်းတဲ့ အာကာသ ဖြစ်စဉ်တွေကြောင့်ပဲ ဒီနေ့အချိန်မှာ သောကြာဂြိုဟ် (ဗီးနပ်စ်) ဆီမှာ တကယ့် လ အစစ် မရှိတော့တာပဲ ဖြစ်ပါတယ်။

မျှော်လင့်မထားသော သူငယ်ချင်းသစ် Zoozve

ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာ မဆုံးသေးပါဘူး။ ဗီးနပ်စ်ကြီးဟာ လုံးဝ အထီးကျန် မနေပါဘူး။ အာကာသထဲမှာ ဗီးနပ်စ်ကို အဝေးကနေ အဖော်ပြုပြီး ပတ်လမ်းတူ အတူတူ လှည့်ပတ်နေတဲ့ (Quasi-moon) ဂြိုဟ်သိမ်ဂြိုဟ်မွှားလေး တစ်ခု ရှိနေပါတယ်။

အဲဒီ ဂြိုဟ်သိမ်လေးကို ၂၀၂၄ ခုနှစ် အစောပိုင်းမှာ နိုင်ငံတကာ နက္ခတ္တဗေဒ သမဂ္ဂ (IAU) က တရားဝင် နာမည်ပေးလိုက်တဲ့ အခါမှာတော့ တကမ္ဘာလုံးက အာကာသချစ်သူတွေ ပြုံးသွားခဲ့ကြပါတယ်။ အဲဒီနာမည်လေးကတော့ Zoozve (ဇူးဗ်) လို့ ခေါ်ပါတယ်။ 2002 VE ကို မှားဖတ်ပြီး ပေးခဲ့တယ် အမည်ဖြစ်လို့ပါ။ ကဲ..အခုတော့ ...ဗီးနပ်စ်မှာ လအစစ် မရှိတော့ပေမဲ့ အခုချိန်မှာတော့ Zoozve ဆိုတဲ့ သူငယ်ချင်း အသစ်လေးက ဗီးနပ်စ်ရဲ့ လအဖြစ် အဖော်ပြုပေးနေပြီပဲ ဖြစ်ပါတော့တယ်။

အိပ်မက်မက်စဉ်မှာ ကမောက်ကမတွေကို ဘာလို့ တကယ်လို့ ထင်ရတာလဲလူတိုင်း အိပ်မက်မက်ဖူးကြမှာပါ။ အိပ်မက်ထဲမှာ ကိုယ်က ကောင်းကင်မှာ ...
20/09/2026

အိပ်မက်မက်စဉ်မှာ ကမောက်ကမတွေကို ဘာလို့ တကယ်လို့ ထင်ရတာလဲ

လူတိုင်း အိပ်မက်မက်ဖူးကြမှာပါ။ အိပ်မက်ထဲမှာ ကိုယ်က ကောင်းကင်မှာ ပျံသန်းနေတာမျိုး၊ ပြီးခဲ့တဲ့ နှစ်တော်တော်ကြာက သေဆုံးသွားတဲ့ သူတွေနဲ့ စကားပြန်ပြောနေတာမျိုး၊ ဒါမှမဟုတ် ရန်ကုန်မှာ လမ်းလျှောက်နေတယ် ပြီးတော့ အနီးက တံခါးတစ်ချပ်ကို ဖွင့်လိုက်တာနဲ့ ကိုယ့်ရဲ့ဇာတိမြို့ကို ရောက်သွားတာမျိုး ၊ ပြီးတော့ စာမေး့ပွဲခန်းထဲရောက်သွားပြီး ဟာ ဘာတွေဖြေရမှာလဲ စာတွေကျက်မလာမိဘူး စသည်ဖြင့် အခြေအနေမျိုးစုံ ဖြစ်တတ်ပါတယ်။

ဒါပေမဲ့ ထူးဆန်းတာက အဲဒီလို အစီအစဉ်မကျ၊ ကမောက်ကမတွေ ဖြစ်နေချိန်မှာ ကိုယ့်စိတ်က ဒါကို ဘာမှထူးထူးခြား မရှိတဲ့ ပုံမှန်အတိုင်းလို့ပဲ ယုံကြည်နေတတ်ပါတယ်။ အိပ်ယာက နိုးလာတော့မှ ဟာ ငါအဓိပ္ပါယ်မရှိ အဆက်အစပ်မရှိတာတွေ မက်နေပါလား ဆိုပြီး သတိထားမိသွားပါတယ်။

ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ဒီတခါမှာတော့ ကျွန်တော်တို့ကို လှည့်စားနေတဲ့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ လျှို့ဝှက်ချက်တွေကို လေ့လာကြည့်ရအောင်ပါ။

ယုတ္တိဗေဒ အစောင့်ကြီး အိပ်ပျော်သွားခြင်း

ရှင်းရှင်းပြောရရင် အိပ်မက်မက်နေချိန်မှာ ကျွန်တော်တို့ရဲ့ ယုတ္တိဗေဒ (Logic) စဉ်းစားတဲ့ ဦးနှောက်အပိုင်းက အလုပ်မလုပ်တော့လို့ပဲ ဖြစ်ပါတယ်။

လူတွေရဲ့ နဖူးနောက်ဘက် တည့်တည့်မှာ Prefrontal Cortex လို့ခေါ်တဲ့ ဦးနှောက်အပိုင်း ရှိပါတယ်။ သူက လက်တွေ့ဘဝမှာ အမှားအမှန် ခွဲခြားတာ၊ အကြောင်းအကျိုး ဆင်ခြင်တာနဲ့ ဆုံးဖြတ်ချက် ချတာတွေကို အဓိက လုပ်ပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အိပ်မက်မက်တဲ့ အချိန် (REM Sleep လို့ခေါ်တဲ့ အိပ်စက်ခြင်း အဆင့်) မှာ အဲဒီ Prefrontal Cortex ကြီးက လုံးဝနီးပါး အနားယူသွားပါတယ်။

တချိန်တည်းမှာပဲ အာရုံစူးစိုက်မှုနဲ့ ယုတ္တိကျမှုကို ထိန်းချုပ်တဲ့ Serotonin နဲ့ Norepinephrine ဆိုတဲ့ ဦးနှောက်တွင်း ဓာတုပစ္စည်းတွေ ထွက်ရှိမှုကလည်း လုံးဝ ရပ်တန့်သွားပါတယ်။ ဒါကြောင့် လူက ကောင်းကင်မှာ ပျံလို့ မရဘူးလေ လို့ ဆင်ခြင်တွေးတောမယ့် လုံခြုံရေး အစောင့် ကြီး အိပ်ပျော်သွားတဲ့အတွက် ဦးနှောက်ထဲ ပေါ်လာသမျှ ကမောက်ကမ ပုံရိပ်တွေကို အစစ်လို့ပဲ အလွယ်တကူ လက်ခံလိုက်ပါတော့တယ်။

ဒါရိုက်တာ DMN နဲ့ စိတ်ခံစားမှု ဦးနှောက် နိုးကြားလာခြင်း

ယုတ္တိဗေဒ ဦးနှောက်က အိပ်ပျော်နေပေမဲ့ ခံစားချက်တွေကို ဖန်တီးတဲ့ Amygdala ဆိုတဲ့ ဦးနှောက်အပိုင်းကတော့ အိပ်မက်မက်ချိန်မှာ အလွန် သွက်လက် တက်ကြွနေပါတယ်။ ဒါကြောင့် အိပ်မက်ထဲမှာ ကြောက်စရာ ကြုံရင် တကယ် ကြောက်လန့်ပါတယ်။ ဝမ်းသာစရာ ကြုံရင် တကယ် ပျော်ရွှင်ပါတယ်။ သွေးခုန်နှုန်းတွေလည်း မြန်လာတတ်ပါတယ်။

ဒီလို ခံစားချက်တွေနဲ့အတူ အတိတ်က မှတ်ဉာဏ်တွေ၊ ကြောက်ရွံ့မှုတွေကို ဇာတ်လမ်းတစ်ပုဒ်လို ဆက်စပ်ပေးလိုက်တာကတော့ ဦးနှောက်ရဲ့ Default Mode Network (DMN) လို့ခေါ်တဲ့ ကွန်ရက်ကြီး ဖြစ်ပါတယ်။ သူက ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ တစ်ဦးလိုပဲ လုံးဝမဆိုင်တဲ့ အရာတွေကို ဆက်စပ်ပြီး ဇာတ်လမ်းဆင်ပေးလိုက်ပါတယ်။ ခံစားချက်တွေက ၁၀၀ ရာခိုင်နှုန်း အစစ် ဖြစ်နေတဲ့အတွက် ဦးနှောက်က ဒီအဖြစ်အပျက်တွေ အားလုံးကို လက်တွေ့လို့ပဲ အလိုအလျောက် သတ်မှတ်လိုက်တာပါ။

HD ရုပ်ရှင်ပြသခြင်း နဲ့ အကြောသေခြင်း (REM Atonia)

အိပ်မက်မက်ချိန်မှာ မျက်စိတွေ ပိတ်ထားလို့ အပြင်က မြင်ကွင်းတွေကို လက်ခံတဲ့ အပိုင်းက အိပ်ပျော်နေပါတယ်။ ဒါပေမဲ့ ဦးနှောက်ရဲ့ အနောက်ဘက်က အဆင့်မြင့် အမြင်အာရုံ ပေါင်းစပ်စင်တာ (Extrastriate Visual Cortex) ကတော့ ဆက်ပြီး အလုပ်လုပ်နေပါတယ်။ အဲဒီအချိန်မှာ Acetylcholine လို့ခေါ်တဲ့ ဓာတ်တစ်မျိုး အများကြီး ထွက်လာပြီး ပုံရိပ်ယောင်တွေကို အလွန် တောက်ပ အသက်ဝင်စေလို့ မျက်စိမှိတ်ထားပေမဲ့ အတွင်းထဲမှာ HD ရုပ်ရှင်တစ်ကားကို ကြည့်နေရသလို ဖြစ်နေတာပါ။

ဒီလောက် အစစ်လို ဖြစ်နေရင် ဘာလို့ အိပ်ရာပေါ်ကနေ ထပြေးတာ၊ ထလုပ်တာမျိုး မလုပ်တာလဲ? အကြောင်းကတော့ အဲဒီအချိန်မှာ ဦးနှောက်က ခန္ဓာကိုယ် ကြွက်သားတွေကို ယာယီ အကြောသေစေတဲ့ ဖြစ်စဉ် (REM Atonia) နဲ့ အတိအကျ ထိန်းချုပ်ထားလို့ ကျွန်တော်တို့ဟာ ကိုယ်ထိလက်ရောက် ထမလုပ်နိုင်ဘဲ အိပ်ရာပေါ်မှာ ဘေးကင်းနေတာပဲ ဖြစ်ပါတယ်။

ဦးနှောက်က ဘာလို့ ဒီလို လှည့်စားရသလဲ

သိပ္ပံပညာရှင်တွေရဲ့ (Threat Simulation Theory) အဆိုအရ အိပ်မက်ဆိုတာ အလကားသက်သက် မက်နေတာ မဟုတ်ပါဘူး။ အထူးသဖြင့် အိပ်မက်ဆိုးတွေဟာ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ခေတ်ကတည်းက ပါလာတဲ့ ဗီဇတစ်ခုပါ။ တောရိုင်းသတ္နဝါတွေ အန္တရာယ်ကနေ ဘယ်လို လွတ်မြောက်အောင် ပြေးမလဲ၊ ခြိမ်းခြောက်မှုတွေကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကို အပြင်လက်တွေ့မှာ အသက်အန္တရာယ် မရှိဘဲ ကြိုတင် လေ့ကျင့်ခန်းဆင်းပေးနေတဲ့ ဦးနှောက်ရဲ့ Virtual Reality (VR) Simulator ကြီး တစ်ခု ဖြစ်ပါတယ်။

ခြွင်းချက်အနေနဲ့ ကိုယ့်အိပ်မက်ကို ကိုယ်သိခြင်း (Lucid Dreaming)

ဒါဆိုရင် အိပ်ရာကနေ ရုတ်တရက် လန့်နိုးလာတဲ့ အချိန်ကို စဉ်းစားကြည့်ပါ။ နိုးလာတာနဲ့ တပြိုင်နက် ခုနက အနားယူနေတဲ့ Prefrontal Cortex (ယုတ္တိဗေဒ ဦးနှောက်) က မီးခလုတ် ဖွင့်လိုက်သလို ချက်ချင်း ပြန်ပွင့်လာပါတယ်။ အဲဒီအချိန် ရောက်မှသာ "ဟာ... ဒါကြီးက ဖြစ်မှ မဖြစ်နိုင်တာ" ဆိုပြီး ခုနက အိပ်မက်ကို အဓိပ္ပာယ်မဲ့မှန်း ချက်ချင်း သိလိုက်တာပါ။

ဒါပေမဲ့ ရှားရှားပါးပါး ခြွင်းချက်တစ်ခု ရှိပါတယ်။ တခါတလေမှာ အိပ်မက်မက်နေရင်းနဲ့ အဲဒီ Prefrontal Cortex ကြီးက တဝက်တပျက် နိုးလာတတ်ပါတယ်။ အဲဒီအခါမှာ "ငါ အိပ်မက်မက်နေတာပဲ" ဆိုတာကို အိပ်မက်ထဲမှာတင် သိသွားပြီး ကိုယ့်အိပ်မက်ကို စိတ်ကြိုက် ပြန်ထိန်းချုပ်လို့ရတဲ့ ကောင်းကင်မှာ ကိုယ်တိုင် ပျံသန်းကြည့်လို့ရတဲ့ အသိဝင် အိပ်မက် (Lucid Dreaming) ဆိုတာမျိုးလည်း ထူးဆန်းစွာ ဖြစ်ပေါ်တတ်ပါသေးတယ်။

ဆိုရရင်တော့ အိပ်မက်တွေ အစစ်လို ထင်ရတာဟာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ အမှားအမှန် ခွဲခြားပေးတဲ့ ယုတ္တိဗေဒ ဦးနှောက်အပိုင်းက အိပ်ပျော်နေပြီး ခံစားချက်နဲ့ အမြင်အာရုံ ဖန်တီးတဲ့ အပိုင်းတွေက နိုးကြားနေလို့ ဖြစ်ပေါ်လာတဲ့ သဘာဝ ဇီဝကမ္မ ဖြစ်စဉ် သက်သက်သာ ဖြစ်ပါတယ်။

ဒါဟာ လူသားတွေ အန္တရာယ်ကင်းစွာ ရှင်သန်နိုင်ဖို့ ညစဉ်ညတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည် လေ့ကျင့်တည်ဆောက်နေတဲ့ ကျွန်တော်တို့ ဦးနှောက်ရဲ့ အံ့မခန်း အနုပညာလက်ရာ တစ်ခုပဲ ဖြစ်ပါတော့တယ်။

Ref:
Sleep Foundation: Why Do Dreams Feel So Real?
Psychology Today: The Neuroscience of Dreaming
Scientific American: Why Dreams Seem So Real

ပိုးသတ်ဆေးဖျန်းခြင်းက နောက်ဆုံးရွေးချယ်မှုသာ ဖြစ်သင့်တယ်လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်မှာ ပိုးကျရင် ဆေးဖျန်းမယ် ဆိုတာက ...
20/09/2026

ပိုးသတ်ဆေးဖျန်းခြင်းက နောက်ဆုံးရွေးချယ်မှုသာ ဖြစ်သင့်တယ်

လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်မှာ ပိုးကျရင် ဆေးဖျန်းမယ် ဆိုတာက တောင်သူတွေအတွက် အလွယ်ကူဆုံးနဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် တစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမဲ့ အဲဒီ ဓာတုပိုးသတ်ဆေးတွေ ဘယ်လောက်ဖျန်းဖျန်း လုံးဝ မတိုးတော့တဲ့ အခြေအနေမျိုး ကြုံလာရရင်ကော... ဘာဆက်လုပ်မလဲ?

ဒါဟာ ကင်ညာနိုင်ငံ၊ Makueni ဒေသက အသက် ၇၂ နှစ်အရွယ် သရက်နဲ့ ရှောက်၊ သံပရာစိုက် တောင်သူမကြီး Phyllis Nduva ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာပါ။

ဆယ်စုနှစ် နှစ်ခုကြာအောင် သူမရဲ့ ခြံထဲမှာ ပုံမှန် ယင်ကောင်တွေကျရင် ပိုးသတ်ဆေးဝယ်ဖျန်းလိုက်ရုံနဲ့ အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာတော့ ဖလံဖျက်ပိုး (False codling moth) လို့ခေါ်တဲ့ အာဖရိကတိုက်ရဲ့ အဆိုးဆုံး စိုက်ပျိုးရေးရန်သူတော်ကြီး သူမခြံထဲကို ဝင်ရောက်လာပါတော့တယ်။

ပိုးသတ်ဆေးတွေ ဘယ်လောက်ပဲဖျန်းဖျန်း မတိုးတော့ဘဲ ၂၀၁၆ ခုနှစ်မှာ သူမရဲ့ သီးနှံအထွက်နှုန်း ၆၀ ရာခိုင်နှုန်းလောက်အထိ အဖျက်အဆီး ခံလိုက်ရပါတယ်။ ပိုဆိုးတာက ဒီပိုးမွှားတွေနဲ့ ဓာတုဆေးကြွင်းတွေကြောင့် ဥရောပသမဂ္ဂ က ကင်ညာကလာတဲ့ သရက်သီးတွေကို တင်ပို့ခွင့် ပိတ်ပင်လိုက်ပါတယ်။

အဲဒီအခါ တစ်ကီလိုကို သျှီလင် ၄၀၀ လောက် ရနေတဲ့ သရက်သီးတွေဟာ ဒေသတွင်းဈေးကွက်မှာ သျှီလင် ၅၀ အထိ ထိုးကျသွားပါတော့တယ်။

ဦးနှောက်သုံးပြီး တိုက်ခိုက်သည့် ဘက်စုံ ပိုးမွှားနှိမ်နင်းရေးစနစ်

အရှုံးပေါ်လွန်းလို့ စိတ်ပျက်နေချိန်မှာ သူမဟာ ဓာတုဆေးတွေကို စွန့်လွှတ်ပြီး ဦးနှောက်သုံးပြီး ဖြေရှင်းရတဲ့ IPM (Integrated Pest Management) လို့ခေါ်တဲ့ ဘက်စုံ ပိုးမွှားနှိမ်နင်းရေးစနစ်ကို စတင် ပြောင်းလဲအသုံးပြုခဲ့ပါတယ်။

ဒီစနစ်က ပိုးသတ်ဆေးကို အဓိကမထားဘဲ ထောင်ချောက်တွေ ထောင်တာ၊ သဘာဝရန်သူ (အင်းဆက်) တွေကို အသုံးချတာနဲ့ စိုက်ခင်းကို ရှင်းလင်းရေးလုပ်တဲ့ နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုတာပါ။

သူမဟာ ခြံထဲမှာ အနံ့နဲ့မြှူဆွယ်တဲ့ ယင်ထောင်ချောက်တွေ၊ ညဘက်သုံး ဆိုလာထောင်ချောက်တွေကို စတင်အသုံးပြုခဲ့ပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံး နည်းလမ်းကတော့ ခြံထဲမှာ ကြွေကျနေတဲ့ ပိုးကိုက်သီးတွေကို ကောက်ယူပြီး Augmentorium လို့ခေါ်တဲ့ တဲပုံစံ ပိုက်ကွန်အိတ်တွေထဲကို ထည့်လိုက်တာပါပဲ။

ဒီအိတ်ရဲ့ နည်းပညာက အင်မတန် အစွမ်းထက်ပါတယ်။ အသီးထဲကနေ ပေါက်ဖွားလာမယ့် ဖလံဖျက်ပိုး တွေဟာ အိတ်ထဲမှာတင် ပိတ်မိပြီး သေသွားပါတယ်။ ဒါပေမဲ့ အဲဒီပိုးတွေကို စားသုံးပေးမယ့် သဘာဝ ကပ်ပါးနကျယ်ကောင် (Parasitoid wasps) လေးတွေကျတော့ အိတ်ရဲ့ ဇကာပေါက်လေးတွေကနေ အပြင်ကို အလွယ်တကူ ပြန်ထွက်သွားနိုင်ပါတယ်။ ဒါဟာ ရန်သူကိုလှောင်ပိတ်ပြီး မိတ်ဆွေကို ပြန်လွှတ်ပေးတဲ့ သဘာဝဇီဝလက်နက်လို့ ဆိုနိုင်ပါတယ်။

"ပိုးသတ်ဆေးကနေ ဒီသဘာဝနည်းလမ်းကို ပြောင်းသုံးလိုက်တာဟာ စိုက်ပျိုးရေးသက်သက် မဟုတ်ဘဲ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ဓာတုဆေးတွေက ပတ်ဝန်းကျင်ကိုရော၊ ကိုယ့်မိသားစုနဲ့ စားသုံးသူတွေကိုပါ ဘယ်လောက် အန္တရာယ်ပေးနေတယ်ဆိုတာ ကျွန်မ နားလည်သွားလို့ပါ" လို့ အင်ဒူဗာက ဆိုပါတယ်။

Boomerang ပြန်လှည့်လာမယ့် ပိုးသတ်ဆေးတွေရဲ့ အန္တရာယ်

ကင်ညာနိုင်ငံမှာ ရာသီဥတု ဖောက်ပြန်လာတာနဲ့အမျှ ပိုးမွှားအန္တရာယ် ပိုများလာလို့ ပိုးသတ်ဆေး သုံးစွဲမှုဟာလည်း တစ်နှစ်ထက်တစ်နှစ် အဆမတန် မြင့်တက်လာနေပါတယ်။ လေ့လာမှုတွေအရ အသုံးပြုနေတဲ့ ဆေးတွေရဲ့ ၆၃ ရာခိုင်နှုန်းဟာ အလွန်အန္တရာယ်ရှိပြီး ဥရောပမှာ တားမြစ်ထားတဲ့ ဆေးတွေ ဖြစ်နေပါတယ်။

အနောက်နိုင်ငံတွေက ဒီအဆိပ်တွေကို အာဖရိကကို ရောင်းချပေမဲ့ တကယ်တမ်းကျတော့ အဲဒီဆေးတွေက အသီးအနှံတွေကတဆင့် သူတို့ဆီ ပြန်ရောက်လာမယ့် 'Boomerang Effect' ကြီး ဖြစ်နေတာပါ။

ဒီဆိုးကျိုးတွေကြောင့် ရေထုညစ်ညမ်းမှုတွေ ဖြစ်လာသလို စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တောရိုင်းပျား ကောင်ရေတွေလည်း ကမ္ဘာတဝန်းမှာ သိသိသာသာ လျော့ကျလာခဲ့ပါတယ်။

သဘာဝနည်းလမ်းကပေးသော ကြီးမားတဲ့ အကျိုးအမြတ်

IPM စနစ်ကို သုံးပြီးနောက်မှာတော့ အင်ဒူဗာရဲ့ ခြံမှာ ပျက်စီးဆုံးရှုံးမှုက ၂၀ ရာခိုင်နှုန်းအောက်အထိ ကျဆင်းသွားပါတယ်။ ဓာတုဆေးကင်းစင်သွားလို့ ဝတ်မှုန်ကူးပေးမယ့် ပျားလေးတွေ၊ အင်းဆက်လေးတွေ ပြန်ရောက်လာပြီး အသီးအရည်အသွေးလည်း သိသိသာသာ ပိုကောင်းလာပါတယ်။ ပိုးသတ်ဆေး မသုံးတဲ့အတွက် ဆေးအာနိသင်ပြယ်ဖို့ စောင့်စရာမလိုဘဲ အသီးတွေကို ခူးပြီးတာနဲ့ ဈေးကွက်ကို ချက်ချင်း ရောင်းချနိုင်ပါတယ်။

အရေးအကြီးဆုံးကတော့ သူမရဲ့ ဓာတုကင်းလွတ် အသီးတွေဟာ ဥရောပ (EU) ဈေးကွက်ရဲ့ တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့လို့ ပြည်ပကို တိုက်ရိုက်တင်ပို့ခွင့် ပြန်ရခဲ့ပါတယ်။ ဒါကြောင့် တစ်ကီလိုကို ၅၀ သျှီလင်လောက်နဲ့ ကောက်ရောင်းနေရတဲ့ ဘဝကနေ အခုဆို ၄၀၀ သျှီလင်အထိ ၈ ဆနီးပါး ဈေးကောင်းပြန်ရနေပြီ ဖြစ်ပါတယ်။

အခုဆိုရင် အင်ဒူဗာဟာ သူမရဲ့ အတွေ့အကြုံကို တခြားတောင်သူ ၆၀၀ ကျော်ကိုပါ ပြန်လည်သင်ကြားပေးနေပါပြီ။ ကင်ညာ၊ ယူဂန်ဒါ၊ တန်ဇန်းနီးယား အပါအဝင် တရုတ်၊ ဘရာဇီးနဲ့ အိန္ဒိယတို့မှာပါ ဒီလို သဘာဝနဲ့ သဟဇာတဖြစ်တဲ့ စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။

မှန်ပါတယ်။ ထောင်ချောက်တွေ၊ အိတ်တွေ ဝယ်ရတဲ့ ကနဦး ကုန်ကျစရိတ်က တောင်သူတွေအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အပင်ကျန်းမာရေးပညာရှင် တစ်ဦးဖြစ်တဲ့ Kelvin Musyoki ကတော့ အခုလိုပဲ ပြောပါတယ်။
"ပိုးမွှားတွေ့တိုင်း ဆေးအပြင်းစားတွေ ကောက်ဖျန်းဖို့ မလိုပါဘူး။ သဘာဝနည်းလမ်းတွေ၊ ဇီဝထိန်းချုပ်မှုတွေ အများကြီး ရှိနေပါပြီ။ ဓာတုပိုးသတ်ဆေးဖျန်းတယ်ဆိုတာ လုံးဝ မလွှဲသာမရှောင်သာမှသာ သုံးရမယ့် နောက်ဆုံးရွေးချယ်မှု တစ်ခုသာ ဖြစ်သင့်ပါတယ်"

Ref:
The Guardian - ‘Spraying should be the last option’: how farmers are exploring alternatives to pesticides

Address

Singapore

Alerts

Be the first to know and let us send you an email when Thuta City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category