Thuta City

Thuta City

Share

News and Knowledge posts for Myanmar

21/06/2026

ကမ္ဘာ့မြေပုံကို အသစ်ပြန်ရေးခဲ့တဲ့ စပိန်ဘုရင်မကြီး

လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သလား။ သမိုင်းကို ပြန်ကြည့်ရင် တကယ်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ အဲဒီလို ပြောင်းလဲနိုင်ခဲ့သူတွေထဲမှာ ၁၅ ရာစုက စပိန်ဘုရင်မ အစ္စဘယ်လာ (Isabella I of Castile) ဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။

ဒီကနေ့ခေတ် စပိန်နိုင်ငံဆိုတာ အစ္စဘယ်လာ မတိုင်ခင်က မရှိသေးပါဘူး။ အမေရိကတိုက် ဆိုတာကိုလည်း ဥရောပတိုက်သားတွေ မသိကြသေးပါဘူး။ ဒီအရာတွေ အားလုံးဟာ ဒီအမျိုးသမီး တစ်ဦးတည်းရဲ့ အမြော်အမြင်နဲ့ ဆုံးဖြတ်ချက်တွေကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စဘယ်လာ ဟာ ၁၄၅၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ဘုရင်မဖြစ်ဖို့တော့ အလှမ်းဝေးလွန်းလှပါတယ်။ သူ့အသက် ၃ နှစ်မှာ ဖခင်ဖြစ်သူ ကွယ်လွန်သွားပါတယ်။ ဒါကြောင့် ဖခင်တူ မိထွေးကွဲ အစ်ကိုဖြစ်သူ ဟင်နရီ (Henry IV) က ထီးနန်းကို ဆက်ခံခဲ့ပါတယ်။

အစ်ကိုဖြစ်သူ နန်းတက်လာတဲ့အခါ အစ္စဘယ်လာနဲ့ သူ့မိခင်ဟာ နန်းတော်ကနေ ဖယ်ရှားခံရပြီး ဝေးလံတဲ့ ရဲတိုက်တစ်ခုမှာ ဆင်းရဲကျပ်တည်းစွာ နေထိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘုရင် ဟင်နရီမှာ သားသမီး မထွန်းကားပါဘူး။ နောက်ပိုင်းမှာ သမီးတစ်ယောက် ရခဲ့ပေမဲ့ အဲဒီသမီးဟာ မိဖုရား ဖောက်ပြန်လို့ ရတဲ့ ကလေးဆိုပြီး ကောလာဟလတွေ ထွက်လာပါတယ်။

ဒီအချိန်မှာ နန်းတွင်းက မှူးမတ်တွေက ပုန်ကန်ကြပါတယ်။ သူတို့က အစ္စဘယ်လာရဲ့ မောင်အရင်းဖြစ်သူ အယ်လ်ဖွန်ဆို ကို ဘုရင်တင်မြှောက်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အယ်လ်ဖွန်ဆိုဟာ အသက် ၁၄ နှစ်အရွယ်မှာ ရုတ်တရက် သေဆုံးသွားပါတယ်။ ဒီတော့ မှူးမတ်တွေက အစ္စဘယ်လာကို ထီးနန်းလုဖို့ တိုက်တွန်းကြပြန်ပါတယ်။

အစ္စဘယ်လာ ဟာ သိပ်ကို ပါးနပ်ပါတယ်။ သူဟာ အစ်ကိုဖြစ်သူကို စစ်မတိုက်ပါဘူး။ အဲဒီအစား သံတမန်နည်းလမ်းနဲ့ စကားပြောပါတယ်။ အစ်ကိုဖြစ်သူ ကွယ်လွန်ရင် သူ့ကို ထီးနန်းပေးဖို့ သဘောတူညီချက် ယူလိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ ထီးနန်းဆက်ခံမယ့်သူ ဖြစ်လာပါတော့တယ်။

အစ္စဘယ်လာ အရွယ်ရောက်လာတော့ အစ်ကိုဖြစ်သူ ဘုရင်က သူ့ကို နိုင်ငံရေး အကျိုးအမြတ်အတွက် ပေါ်တူဂီဘုရင်၊ ပြင်သစ်မင်းသား စတဲ့ သူတွေနဲ့ အတင်းအကျပ် လက်ထပ်ပေးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အစ္စဘယ်လာက လုံးဝ လက်မခံပါဘူး။ သူဟာ သူ့ကိုယ်ပိုင် အနာဂတ်အတွက် ကိုယ်တိုင် ဆုံးဖြတ်ခဲ့ပါတယ်။

၁၄၆၉ ခုနှစ်မှာ အစ္စဘယ်လာဟာ အာရာဂွန် နယ်က မင်းသား ဖာဒီနန် နဲ့ လျှို့ဝှက် လက်ထပ်လိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ဆွေမျိုးနီးစပ် တော်စပ်နေလို့ ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက် အတုလုပ်ပြီး လက်ထပ်ခဲ့ကြတာပါ။ ဖာဒီနန် ဆိုရင်လည်း ရန်သူ့နယ်မြေထဲကို အစေခံ တစ်ယောက်လို ရုပ်ဖျက်ပြီး ခိုးဝင်ခဲ့ရပါတယ်။

ဒီ လက်ထပ်မှုဟာ စပိန်သမိုင်းကို အပြောင်းအလဲကြီး ပြောင်းလဲစေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ နှစ်ယောက် ပေါင်းဖက်သွားတဲ့အခါ ကက်စတီးလ် (Castile) နယ်နဲ့ အာရာဂွန် နယ်တို့ ပေါင်းစည်းသွားပြီး အင်အားအကြီးဆုံး စပိန် ဆိုတဲ့ နိုင်ငံကြီး တစ်ခုတည်း ဖြစ်လာလို့ပါပဲ။

အစ္စဘယ်လာရဲ့ ဘဝမှာရော ကမ္ဘာ့သမိုင်းမှာပါ ၁၄၉၂ ခုနှစ်ဟာ အရေးအကြီးဆုံး ခုနှစ် ဖြစ်ပါတယ်။ အဲဒီနှစ်မှာ ကမ္ဘာကြီးကို တုန်လှုပ်စေတဲ့ အဖြစ်အပျက်ကြီး နှစ်ခုကို အစ္စဘယ်လာက ဖန်တီးခဲ့ပါတယ်။

ပထမတခုကတော့ အစ္စလာမ္မစ် အုပ်ချုပ်မှုကို အဆုံးသတ်ခြင်း ဖြစ်ပါတယ်။ စပိန်မြေပေါ်မှာ မူဆလင်တွေ အုပ်ချုပ်လာတာ နှစ်ပေါင်း ၇၀၀ ကျော် ရှိနေပါပြီ။ အစ္စဘယ်လာနဲ့ ဖာဒီနန် တို့ဟာ အဲဒီနယ်မြေတွေကို ပြန်လည် သိမ်းပိုက်ဖို့ ၁၀ နှစ်တိတိ စစ်တိုက်ခဲ့ရပါတယ်။ အစ္စဘယ်လာ ကိုယ်တိုင် စစ်မြေပြင်ကို သွားပြီး စစ်သားတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့တာ၊ ဆေးရုံတွေ ဆောက်လုပ်ပေးတာတွေကို ဦးဆောင်ခဲ့ပါတယ်။ နောက်ဆုံး ၁၄၉၂ ခုနှစ် ဇန်နဝါရီလမှာတော့ နောက်ဆုံးကျန်နေတဲ့ Granada မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စပိန်နိုင်ငံကို ခရစ်ယာန်နိုင်ငံအဖြစ် လုံးဝ ပေါင်းစည်းနိုင်ခဲ့ပါတယ်။

နောက်တခုကတော့ ကိုလံဘတ်စ်နဲ့ ကမ္ဘာသစ်ကို ရှာဖွေခြင်း ပဲ ဖြစ်ပါတယ်။ ဂရန်နာဒါကို အောင်နိုင်ပြီး မကြာခင်မှာပဲ ခရစ်စတိုဖာ ကိုလံဘတ်စ် ဆိုတဲ့ ရေကြောင်းခရီးသွား တစ်ယောက် အစ္စဘယ်လာဆီ ရောက်လာပါတယ်။ ကိုလံဘတ်စ်ဟာ အာရှကို အနောက်ဘက်ကနေ ရေလမ်းကြောင်းသစ် ရှာချင်နေတာပါ။ သူ့ကို ပေါ်တူဂီ၊ အင်္ဂလန် နဲ့ ပြင်သစ် ဘုရင်တွေက အရူးလို့ထင်ပြီး ငွေမထုတ်ပေးကြပါဘူး။ ဒါပေမဲ့ အစ္စဘယ်လာကတော့ စွန့်စားရတာကို နှစ်သက်သူပါ။ သူမဟာ ကိုလံဘတ်စ်ကို သင်္ဘော သုံးစင်းနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးလိုက်ပါတယ်။ ရလဒ်ကတော့ ကိုလံဘတ်စ်ဟာ အာရှကို မရောက်ဘဲ အမေရိကတိုက်ကြီးကို သွားတွေ့ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး စပိန်နိုင်ငံဟာ အမေရိကတိုက်က ရွှေ၊ ငွေ ရတနာတွေကြောင့် ကမ္ဘာ့အချမ်းသာဆုံး အင်ပါယာကြီး ဖြစ်လာခဲ့ပါတော့တယ်။

အစ္စဘယ်လာ ဟာ နိုင်ငံအတွက် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ သူ့မှာ ကြောက်စရာကောင်းတဲ့ အရိပ်မည်းကြီး တစ်ခုလည်း ရှိပါတယ်။ သူဟာ ဘာသာရေး အရမ်းကိုင်းရှိုင်းသူ ဖြစ်ပြီး သူ့နိုင်ငံမှာ ခရစ်ယာန်ဘာသာ တစ်ခုတည်း သန့်သန့်ရှင်းရှင်း ရှိရမယ်လို့ ခံယူထားသူ ဖြစ်ပါတယ်။

၁၄၇၈ ခုနှစ်မှာ သူဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စပိန် ဘာသာရေးတရားရုံး (Spanish Inquisition) ကို တည်ထောင်ခဲ့ပါတယ်။ ခရစ်ယာန်ဘာသာကို အပေါ်ယံပဲ ကူးပြောင်းထားသူတွေကို စစ်ဆေး အရေးယူဖို့ဖြစ်ပါတယ်။

ပိုဆိုးတာကတော့ ၁၄၉၂ ခုနှစ်မှာ အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ စပိန်မှာရှိတဲ့ ဂျူးလူမျိုးတွေကို ဘာသာပြောင်းရင်ပြောင်း၊ မပြောင်းရင် တိုင်းပြည်ကနေ အမြန်ဆုံး ထွက်သွားဖို့ ရာဇသံပေးခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ မူဆလင်တွေကိုပါ အလားတူ အတင်းအကျပ် နှင်ထုတ်ခဲ့ပါတယ်။ ဒီအမိန့်ကြောင့် လူပေါင်းသိန်းနဲ့ချီဟာ မိမိတို့ ပိုင်ဆိုင်သမျှကို ထားခဲ့ပြီး အိုးမဲ့အိမ်မဲ့ ထွက်ပြေးခဲ့ရပါတယ်။ မထွက်ပြေးနိုင်တဲ့ သူတွေ၊ ဘာသာမပြောင်းတဲ့ သူတွေ အများအပြားဟာလည်း ရက်စက်စွာ စီရင်ခြင်းကို ခံရပါတယ်။ ဒါဟာ အစ္စဘယ်လာရဲ့ သမိုင်းမှာ ဘယ်လိုမှ ဖျောက်လို့မရတဲ့ အမည်းစက်ကြီး ဖြစ်ပါတယ်။

အစ္စဘယ်လာ ဟာ အာဏာရှိသလောက် သူ့ရဲ့ ကိုယ်ပိုင် မိသားစုဘဝကတော့ သိပ်ကို ကြေကွဲစရာ ကောင်းလှပါတယ်။ သူ့မှာ သားသမီး ၅ ယောက် ရှိပါတယ်။ ဒါပေမဲ့ သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။

သူ့ရဲ့ တစ်ဦးတည်းသော သားတော် Juan ဟာ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ဖျားနာပြီး ကွယ်လွန်သွားပါတယ်။

သူ့ရဲ့ အကြီးဆုံး သမီး အစ္စဘယ်လာ ဟာလည်း ကလေးမီးဖွားရင်း သေဆုံးသွားပါတယ်။

သူ့ရဲ့ ဒုတိယသမီး Joanna ဟာ ခင်ပွန်းဖြစ်သူကို အရမ်းချစ်လွန်းပြီး နောက်ပိုင်းမှာ စိတ်ကျဝေဒနာ ခံစားရကာ အရူးမ ဂျိုအန်နာ (Joanna the Mad) လို့တောင် နာမည်တွင်ခဲ့ပါတယ်။

အငယ်ဆုံးသမီး ကက်သရင်း (Catherine of Aragon) ဟာ အင်္ဂလန်ဘုရင် ဟင်နရီ (Henry VIII) နဲ့ လက်ထပ်ခဲ့ရပြီး နောက်ပိုင်းမှာ ကွာရှင်းခံရကာ ဆင်းရဲဒုက္ခ ရောက်ခဲ့ရပါတယ်။

ဒီလို သားသမီးတွေရဲ့ ဒုက္ခတွေကြောင့် အစ္စဘယ်လာဟာ ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ဝမ်းနည်း ကြေကွဲမှုတွေနဲ့ပဲ ဖြတ်သန်းခဲ့ရပါတယ်။ ၁၅၀၄ ခုနှစ်မှာတော့ အစ္စဘယ်လာ ဘုရင်မကြီး ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ သိပ်ကို ပါးနပ်ပြီး အမြော်အမြင်ရှိတဲ့ ခေါင်းဆောင် တစ်ဦးပါ။ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ နယ်မြေတွေကို စပိန်နိုင်ငံ ဆိုပြီး ဖြစ်လာအောင် စုစည်းပေးခဲ့ပါတယ်။ ကိုလံဘတ်စ်ကို ထောက်ပံ့ပေးခဲ့လို့လည်း ဥရောပနဲ့ အမေရိကတိုက်တို့ ချိတ်ဆက်မိသွားခဲ့ပြီး ဥရောပရဲ့ သမိုင်းဘီးကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း သူ့ရဲ့ ဘာသာရေး အစွန်းရောက်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူ သိန်းနဲ့ချီ ဒုက္ခရောက်ခဲ့ရတာကို သမိုင်းက မေ့ဖျောက်ထားလို့ မရပါဘူး။ အကောင်းအဆိုး ဒွန်တွဲနေတဲ့ အစ္စဘယ်လာ ဟာ ဥရောပသမိုင်းရဲ့ သြဇာအကြီးဆုံး အမျိုးသမီးတဦးဖြစ်ခဲ့တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

21/06/2026

သမိုင်းပညာရှင်တွေရဲ့ အချစ်တော်၊ လူကြိုက်နည်းတဲ့ အမေရိကန်သမ္မတ

အမေရိကန်သမိုင်းမှာ သမ္မတပေါင်း ၄၀ ကျော် ရှိခဲ့ပါတယ်။ တချို့ကို ပြည်သူတွေက သိပ်ချစ်ကြပါတယ်။ အေဘရာဟမ် လင်ကွန်း တို့လို သမ္မတမျိုးတွေပါ။

တချို့ကိုတော့ သမိုင်းပညာရှင်တွေက အင်မတန် အထင်ကြီး လေးစားကြပေမဲ့ သာမန် ပြည်သူလူထုကတော့ သိပ်ပြီး မနှစ်မြို့ကြပါဘူး။

အဲဒီလို လူကြိုက်နည်းတဲ့အထဲမှာ အထင်ရှားဆုံးတဦးကတော့ အမေရိကန်ရဲ့ ၂၈ ဦးမြောက် သမ္မတ ဝုဒ်ဒရိုး ဝီလ်ဆင် (Woodrow Wilson) ပဲ ဖြစ်ပါတယ်။

သူဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အမြော်အမြင်ကြီးသူ တစ်ယောက် ဖြစ်သလို တစ်ဖက်မှာလည်း လူမျိုးရေး ခွဲခြားမှုတွေကို အားပေးခဲ့တဲ့ အတ္တကြီးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဝီလ်ဆင် ဟာ သာမန် နိုင်ငံရေးသမား တစ်ယောက် မဟုတ်ပါဘူး။ သူဟာ ပညာတတ် အကျော်အမော် တစ်ဦးပါ။ နိုင်ငံရေးသိပ္ပံ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရထားပါတယ်။ အမေရိကန်သမိုင်းမှာ ပါရဂူဘွဲ့ ရဖူးတဲ့ တစ်ဦးတည်းသော သမ္မတ ဖြစ်ပါတယ်။ သမ္မတ မဖြစ်ခင်က နာမည်ကြီး ပရင်စတန် တက္ကသိုလ် ရဲ့ အဓိပတိ အဖြစ် တာဝန်ယူခဲ့ပါတယ်။

စာသိပ်ဖတ်၊ ပညာသိပ်တတ်တဲ့အတွက် သူဟာ တိုင်းပြည်ကို စနစ်တကျ အုပ်ချုပ်ချင်သူပါ။ ၁၉၁၃ ခုနှစ်မှာ သမ္မတ ဖြစ်လာတဲ့အခါ အမေရိကန်ရဲ့ စီးပွားရေးစနစ်ကို အကြီးအကျယ် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ဒီကနေ့ခေတ် အမေရိကန် ဗဟိုဘဏ် (Federal Reserve) ဆိုတာကို စတင် တည်ထောင်ခဲ့သူဟာလည်း သူပါပဲ။ ကလေးသူငယ် အလုပ်သမား ဥပဒေတွေကို ပြဋ္ဌာန်းပေးခဲ့ပြီး အလုပ်သမားတွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးခဲ့ပါတယ်။ ဒါတွေကြောင့်လည်း သမိုင်းပညာရှင်တွေက သူ့ကို အုပ်ချုပ်ရေးပိုင်းမှာ အတော်လေး အမှတ်ပေးကြတာပါ။

၁၉၁၄ ခုနှစ်မှာ ဥရောပတိုက်မှာ ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားပါတယ်။ အဲဒီအချိန်မှာ ဝီလ်ဆင်က "ငါတို့ အမေရိကန်ဟာ ဘယ်ဘက်မှ မပါဘူး၊ ကြားနေမယ်" လို့ ကြေညာခဲ့ပါတယ်။ ဒီလို စစ်မတိုက်ရဘူး ဆိုတဲ့ ကတိနဲ့ပဲ ဒုတိယအကြိမ် သမ္မတ သက်တမ်းကို ထပ်ပြီး ရွေးကောက်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဂျာမနီရဲ့ ရေငုပ်သင်္ဘောတွေက အမေရိကန် ကုန်သည်သင်္ဘောတွေကိုပါ လိုက်လံ တိုက်ခိုက်လာပါတယ်။ အမေရိကန် နိုင်ငံသားတွေ သေဆုံးလာရပါတယ်။ ဒါကြောင့် ၁၉၁၇ ခုနှစ်မှာတော့ ဝီလ်ဆင်ဟာ မလွှဲမရှောင်သာဘဲ စစ်ပွဲထဲကို ဝင်ရောက်ခဲ့ရပါတော့တယ်။ သူ့ရဲ့ စစ်ကြေညာတဲ့ မိန့်ခွန်းမှာ "ကမ္ဘာကြီးဟာ ဒီမိုကရေစီအတွက် ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခု ဖြစ်ရမယ်" လို့ ပြောကြားခဲ့ပါတယ်။

စစ်ကြီး ပြီးဆုံးသွားတဲ့အခါ ဝီလ်ဆင်ဟာ ကမ္ဘာကြီးကို အသစ်ပြန်လည် တည်ဆောက်ဖို့ ကြိုးစားပါတယ်။ သူဟာ အချက် (၁၄) ချက် (Fourteen Points) ဆိုတဲ့ နာမည်ကြီး ငြိမ်းချမ်းရေး အဆိုပြုလွှာကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအထဲမှာ အရေးအကြီးဆုံးကတော့ အနာဂတ်မှာ စစ်ပွဲတွေ ထပ်မဖြစ်အောင် နိုင်ငံတွေ စုပေါင်းပြီး နိုင်ငံပေါင်းချုပ် အသင်းကြီး (League of Nations) တည်ထောင်ဖို့ ဆိုတဲ့ အချက်ပါပဲ။ ဒီအသင်းကြီးဟာ ဒီကနေ့ခေတ် ကုလသမဂ္ဂ ရဲ့ အစ ဖြစ်လာခဲ့ပါတယ်။ ဒီကြိုးပမ်းမှုတွေကြောင့်ပဲ ဝီလ်ဆင်ဟာ ၁၉၁၉ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့ပါတယ်။ ကမ္ဘာ့စင်မြင့်ထက်မှာတော့ သူဟာ အင်မတန် အမြော်အမြင်ကြီးတဲ့ သူရဲကောင်းကြီး တစ်ဦး ဖြစ်ပါတယ်။

နိုင်ငံတကာမှာ နာမည်ကောင်း ရခဲ့ပေမဲ့ ကိုယ့်တိုင်းပြည်တွင်းမှာတော့ သူ့ကို လူမုန်းများခဲ့ပါတယ်။ အဓိက အကြောင်းရင်း နှစ်ချက် ရှိပါတယ်။

ပထမအချက်ကတော့ ဆိုးရွားတဲ့ လူမျိုးရေး ခွဲခြားမှု ကြောင့်ပါ။ ဝီလ်ဆင်ဟာ တောင်ပိုင်းသား တစ်ဦးဖြစ်ပြီး လူမျိုးရေး ခွဲခြားတဲ့ အယူအဆတွေကို ပြင်းပြင်းထန်ထန် လက်ကိုင်ထားသူပါ။ သူ သမ္မတ ဖြစ်လာချိန်မှာ အစိုးရ ရုံးဌာနတွေမှာ လူဖြူနဲ့ လူမည်း အလုပ်သမားတွေကို သီးခြားစီ ခွဲခြားပစ်ခဲ့ပါတယ်။

ပိုဆိုးတာက ၁၉၁၅ ခုနှစ်မှာ အိမ်ဖြူတော်ထဲမှာ The Birth of a Nation ဆိုတဲ့ ရုပ်ရှင်ကို ခေါ်ပြခဲ့ပါတယ်။ အဲဒီဇာတ်ကားဟာ လူမည်းတွေကို လူဆိုး၊ လူကြမ်းတွေ အဖြစ် ပုံဖော်ထားပြီး လူဖြူ အစွန်းရောက် အဖွဲ့ဖြစ်တဲ့ K*K (Ku Klux Klan) ကို သူရဲကောင်းတွေ အဖြစ် ရိုက်ကူးထားတဲ့ ဝါဒဖြန့် ဇာတ်ကားပါ။ သမ္မတ ကိုယ်တိုင်က ဒီဇာတ်ကားကို ချီးကျူးခဲ့တဲ့အတွက် အမေရိကန် တလွှားမှာ လူမျိုးရေး ခွဲခြားမှုတွေ ပိုမို ဆိုးရွားလာခဲ့ရပါတယ်။

နောက်တချက်ကတော့ အတ္တကြီးမှု နဲ့ ဖိနှိပ်မှု ဖြစ်ပါတယ်။ ဝီလ်ဆင်ဟာ အင်မတန် မာနကြီးပြီး တခြားသူတွေရဲ့ အကြံဉာဏ်ကို လက်မခံတတ်ပါဘူး။ သူ မှန်တယ်ထင်ရင် ဇွတ်လုပ်တတ်တဲ့ အကျင့်ရှိပါတယ်။ ပထမကမ္ဘာစစ် ကာလအတွင်းမှာ သူဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အကြီးအကျယ် ပိတ်ပင်ခဲ့ပါတယ်။ အစိုးရကို ဝေဖန်သူတွေ၊ စစ်ပွဲကို ဆန့်ကျင်သူတွေကို ဖမ်းဆီး ထောင်ချဖို့ ဥပဒေ (Espionage Act) ကို ပြဋ္ဌာန်းခဲ့ပါတယ်။ သူ့ကို ဝေဖန်တဲ့ သတင်းစာဆရာတွေ၊ နိုင်ငံရေးသမားတွေကို ထောင်ဒဏ် ၁၀ နှစ် အထိ အပြစ်ပေးခဲ့ပါတယ်။ ဒါဟာ အမေရိကန် ပြည်သူတွေ လုံးဝ လက်မခံနိုင်တဲ့ ဖိနှိပ်မှုကြီး ဖြစ်ခဲ့ပါတယ်။

ဝီလ်ဆင်ရဲ့ သမ္မတ သက်တမ်း နောက်ဆုံးအချိန်တွေကတော့ အင်မတန် ကြေကွဲစရာ ကောင်းပါတယ်။ သူ အရမ်း ဖြစ်မြောက်ချင်တဲ့ နိုင်ငံပေါင်းချုပ် အသင်းကြီး ထဲကို အမေရိကန်နိုင်ငံ ဝင်ရောက်ဖို့ လွှတ်တော်က သဘောမတူခဲ့ပါဘူး။ အဲဒီတော့ ဝီလ်ဆင်ဟာ ပြည်သူတွေ ထောက်ခံလာအောင် အမေရိကန် တလွှားကို ရထားနဲ့ လှည့်လည်ပြီး မိန့်ခွန်းတွေ အဆက်မပြတ် ဟောပြောခဲ့ပါတယ်။ ပင်ပန်းလွန်းတဲ့ ဒဏ်ကြောင့် ၁၉၁၉ ခုနှစ် အောက်တိုဘာလမှာ ဝီလ်ဆင်ဟာ ပြင်းထန်တဲ့ လေဖြတ်ရောဂါကို ခံစားလိုက်ရပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ် တစ်ခြမ်းလုံး သေသွားပါတယ်။ စကားလည်း ကောင်းကောင်း မပြောနိုင်တော့ပါဘူး။ သမ္မတ တစ်ယောက်အနေနဲ့ တိုင်းပြည်ကို ဆက်ပြီး မအုပ်ချုပ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဒီကိစ္စကို ပြည်သူတွေ မသိအောင် လျှို့ဝှက်ထားခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး သူ့ရဲ့ ဇနီးဖြစ်သူ အီဒစ် ဝီလ်ဆင် (Edith Wilson) ဟာ အစိုးရရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို နောက်ကွယ်ကနေ ချုပ်ကိုင်ခဲ့ပါတယ်။ ဝန်ကြီးတွေ အားလုံးဟာ သမ္မတနဲ့ တိုက်ရိုက် တွေ့ခွင့်မရဘဲ အီဒစ် ကနေတစ်ဆင့်သာ စာရွက်စာတမ်းတွေ ပေးပို့ခဲ့ရပါတယ်။ ဘယ်အရာကို သမ္မတဆီ တင်ပြမယ်၊ ဘယ်အရာကို ပယ်ချမယ် ဆိုတာကို အီဒစ် ကသာ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် သမိုင်းပညာရှင် တချို့က အီဒစ်ကို အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ (The First Female President) လို့တောင် နောက်ပြောင် ခေါ်ဆိုကြပါတယ်။

ဝုဒ်ဒရိုး ဝီလ်ဆင် ဟာ ၁၉၂၁ ခုနှစ်မှာ သမ္မတ ရာထူးကနေ အနားယူခဲ့ပြီး ၁၉၂၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

သူဟာ ကမ္ဘာကြီး ငြိမ်းချမ်းဖို့၊ စစ်ပွဲတွေ ကင်းစင်ဖို့ ဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်ကို မက်ခဲ့သူပါ။ မျက်မှောက်ခေတ် နိုင်ငံတကာ ဆက်ဆံရေး စနစ်တွေကို စတင်ပေးခဲ့တဲ့ အမြော်အမြင်ကြီးသူ တစ်ယောက်အဖြစ် သမိုင်းပညာရှင်တွေက သူ့ကို အသိအမှတ် ပြုကြပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ သူဟာ လူမျိုးရေး အမုန်းတရားတွေကို မဖျောက်ဖျက်နိုင်ခဲ့ပါဘူး။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီး အတ္တကြီးစွာ အုပ်ချုပ်ခဲ့ပါတယ်။

စိတ်ကူးယဉ် အိပ်မက်တွေနဲ့ လက်တွေ့ဘဝရဲ့ ကြမ်းတမ်းမှုတွေကြားမှာ လွန်ဆွဲနေတဲ့ ဝီလ်ဆင်ရဲ့ ဘဝဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ အကောင်းဆုံး နဲ့ အဆိုးဆုံး မျက်နှာစာ နှစ်ခုကို ရှင်းရှင်းလင်းလင်း ပြသနေတဲ့ စိတ်ဝင်စားဖွယ် သမိုင်းသင်ခန်းစာ တစ်ခုပဲ ဖြစ်ပါတော့တယ်။

20/06/2026

ရောမအင်ပါယာ ကျဆုံးမှုကို အစပျိုးခဲ့သူ

ဟောလိဝုဒ်က နာမည်ကြီး Gladiator ရုပ်ရှင်ကို ကြည့်ဖူးရင် အဲဒီဇာတ်ကားထဲမှာ ရက်စက်ပြီး မာနကြီးတဲ့ ရောမဘုရင်ကို မှတ်မိကြမှာပါ။ အဲဒီဘုရင်ဟာ ရုပ်ရှင်ထဲက စိတ်ကူးယဉ် ဇာတ်ကောင် မဟုတ်ပါဘူး။ တကယ့် သမိုင်းအစစ်ထဲက ရောမအင်ပါယာ ကြီးကျဆင်းဖို့ အစပျိုးပေးခဲ့တဲ့ အဆိုးဆုံး ခေါင်းဆောင် ကိုမိုဒတ်စ် (Commodus) ပဲ ဖြစ်ပါတယ်။

ရောမသမိုင်းမှာ Marcus Aurelius ဆိုတာ အလွန် တရားမျှတပြီး ပညာတတ်တဲ့ ဘုရင်ကြီးပါ။ သူဟာ ရောမရဲ့ မင်းကောင်းမင်းမြတ် ၅ပါး စာရင်းမှာ နောက်ဆုံး တပါး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အကြီးမားဆုံး အမှားကတော့ သားဖြစ်သူ ကိုမိုဒတ်စ်ကို ထီးနန်း လွှဲပြောင်းပေးခဲ့တာပါပဲ။

အေဒီ ၁၈၀ မှာ ဖခင်ကြီး ကွယ်လွန်တော့ အသက် ၁၈ နှစ်အရွယ် ကိုမိုဒတ်စ် နန်းတက်လာပါတယ်။ အဲဒီအချိန်ကစပြီး ရောမအင်ပါယာရဲ့ ရွှေခေတ် ကြီး ပြီးဆုံးသွားပါတော့တယ်။ အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ ဥပဒေတွေကို စိတ်ဝင်စားရမယ့်အစား ကိုမိုဒတ်စ်က အပျော်အပါးနဲ့ သွေးထွက်သံယို ကစားပွဲတွေကိုပဲ မက်မောခဲ့ပါတယ်။

ရောမဘုရင် တပါးအနေနဲ့ ဂုဏ်သိက္ခာကို ထိန်းရမယ့်အစား ကိုမိုဒတ်စ်ဟာ သူ့ကိုယ်သူ ဂလက်ဒီရေတာ အဖြစ် ခံယူခဲ့ပါတယ်။ ဒါဟာ အဲဒီခေတ်က ရောမပြည်သူတွေအတွက် အလွန် ရှက်စရာကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။

သူဟာ ကွင်းလုံးပြည့်လျှံနေတဲ့ အားကစားကွင်းကြီးထဲမှာ ကိုယ်တိုင် ဝင်တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ တကယ့် သူရဲကောင်းလို တိုက်တာ မဟုတ်ပါဘူး။ ပြိုင်ဘက်တွေကို သစ်သားဓားတွေသာ ကိုင်ခိုင်းပြီး သူကတော့ အစစ်ကို ကိုင်ကာ အနိုင်ကျင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပိုဆိုးတာက ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ ဒဏ်ရာရနေတဲ့ စစ်သားဟောင်းတွေကိုပါ ကွင်းထဲထည့်ပြီး ရက်ရက်စက်စက် သ_တျ_ဖြတ်ပြခဲ့ပါတယ်။

တိရစ္ဆာန်တွေကို သ_တျ_တဲ့ နေရာမှာလည်း သူက နာမည်ကြီးပါတယ်။ တစ်ရက်တည်းမှာပဲ ဝက်ဝံ အကောင် ၁၀၀ ကို သ_တျ_ပြခဲ့ဖူးသလို၊ ကုလားအုတ်တွေ၊ ငှက်ကုလားအုတ်တွေ၊ ခြင်္သေ့တွေနဲ့ ကြံ့တွေကို ကွင်းထဲမှာ လေးနဲ့ပစ်၊ လှံနဲ့ထိုးပြီး သ_တျ_ လေ့ရှိပါတယ်။

ဒါတွေကို လုပ်ပြရုံတင် မကဘူး၊ ကွင်းထဲ ဆင်းတဲ့ အကြိမ်တိုင်းအတွက် နိုင်ငံတော် ဘဏ္ဍာငွေထဲကနေ အဆမတန် များပြားတဲ့ ငွေကြေးကို သူ့ကိုယ်သူ ပြန်လည် ပေးချေစေခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ကိုမိုဒတ်စ်ရဲ့ ရူးသွပ်မှုတွေဟာ တစထက်တစ ဆိုးဝါးလာပါတယ်။ သူ့ကိုယ်သူ ဒဏ္ဍာရီလာ သူရဲကောင်း ဟာကျူလီ ဝင်စားတယ်လို့ ယုံကြည်လာပါတယ်။ ဒါကြောင့် ခြင်္သေ့ရေကို ခြုံပြီး သစ်သားတုတ်ကြီး ကိုင်ကာ ဟာကျူလီ ပုံစံမျိုးနဲ့ အမြဲ သွားလာနေထိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ သူ့ရဲ့ အတ္တဟာ ဘယ်လောက် ကြီးသလဲဆိုရင် ရောမမြို့ကြီးရဲ့ နာမည်ကို ကိုလိုနီယာ ကိုမိုဒီးယား (Colonia Commodiana) ဆိုပြီး သူ့နာမည် အစွဲပြု ပြောင်းပစ်ခဲ့ပါတယ်။ တစ်နှစ်မှာရှိတဲ့ လ (၁၂) လ စလုံးကိုလည်း သူ့ရဲ့ ဂုဏ်ပုဒ်တွေ၊ နာမည်တွေနဲ့ အစားထိုး ခေါ်ဝေါ်စေခဲ့ပါတယ်။ မြို့တော်က လူတွေကိုလည်း ကိုမိုဒီးယန်း လို့ ခေါ်စေပါတယ်။ ရောမ အင်ပါယာ တစ်ခုလုံးဟာ သူတစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှုလို့ သဘောထားခဲ့ပါတယ်။

သူကိုယ်တိုင်က အုပ်ချုပ်ရေးကို စိတ်မဝင်စားတဲ့အတွက် တိုင်းပြည်ရဲ့ အာဏာကို သူ့ရဲ့ လူယုံတွေ၊ အလိုတော်ရိတွေကို လွှဲပေးထားခဲ့ပါတယ်။ Perennis နဲ့ Cleander တို့လို အရာရှိတွေဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး ရာထူးတွေကို လေလံပစ် ရောင်းစားခဲ့ကြပါတယ်။ ပြည်သူတွေဆီကလည်း မတရား အခွန်တွေ ကောက်ခံခဲ့ပါတယ်။ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးပြီး ဆန္ဒပြကြတဲ့အခါမှာလည်း ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။

ရောမ အထက်လွှတ်တော် (Senate) အဖွဲ့ဝင်တွေကလည်း သူ့ကို မကျေနပ်ကြပါဘူး။ ဒါကို သိတဲ့ ကိုမိုဒတ်စ်ဟာ သူ့ကို ဆန့်ကျင်မယ့်သူ မှန်သမျှကို မသင်္ကာတာနဲ့ ဖမ်းဆီး သ_တျ_ ဖြတ်ပါတော့တယ်။ သူ့ရဲ့ အရင်းနှီးဆုံး မိသားစုဝင်တွေတောင် မချန်ပါဘူး။ သူ့ရဲ့ အစ်မအရင်း ဖြစ်သူ Lucilla ဟာ သူ့ကို လုပ်_ြ_က_ံဖို့ ကြိုးစားခဲ့လို့ ဆိုပြီး ကိုယ်တိုင် အမိန့်ပေး ကွပ်မျက်ခဲ့ပါတယ်။

၁၉၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှာတော့ ကိုမိုဒတ်စ်ရဲ့ ရူးသွပ်မှုတွေဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ နောက်နှစ်သစ်ကူး ဇန်နဝါရီလ ၁ ရက်နေ့မှာ သူဟာ ဘုရင်အဝတ်အစားနဲ့ မဟုတ်ဘဲ ဂလက်ဒီရေတာ ဝတ်စုံနဲ့ နန်းတော်ကနေ ထွက်လာပြီး အမြင့်ဆုံး အရာရှိ ရာထူးကို ရယူမယ်လို့ ကြေညာလိုက်ပါတယ်။

ဒီအစီအစဉ်ကိုတော့ သူ့ရဲ့ အနီးကပ်ဆုံး လူတွေတောင် သည်းမခံနိုင်တော့ပါဘူး။ သူ့ရဲ့ ချစ်သူ Marcia၊ အစောင့်တပ်မှူးနဲ့ နန်းတွင်း အရာရှိတွေ ပေါင်းပြီး သူ့ကို ရှင်းလင်းဖို့ စီစဉ်ကြပါတော့တယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ မာစီယာက ကိုမိုဒတ်စ် သောက်မယ့် ဝိုင်အရက်ထဲကို အ_ဆ_ိ_ပ်_ခတ်လိုက်ပါတယ်။ ဒါပေမဲ့ ကိုမိုဒတ်စ်က အ_ဆ_ိ_ပ်_မိပြီး အော့အန်လိုက်တဲ့အတွက် ချက်ချင်း မသေခဲ့ပါဘူး။ အစီအစဉ် ပျက်သွားမှာကို စိုးရိမ်တဲ့အတွက် သူတို့ဟာ Narcissus လို့ ခေါ်တဲ့ နန်းတွင်း နပမ်းသမား တစ်ဦးကို ငှားရမ်းခဲ့ပါတယ်။ နာစစ်ဆပ်ဟာ ကိုမိုဒတ်စ် ရေချိုးနေတဲ့ အချိန်မှာ ရေချိုးခန်းထဲ ဝင်သွားပြီး လည်ပင်းကို အသေညှစ် သ_တျ_ ခဲ့ပါတော့တယ်။
ဒီလိုနဲ့ပဲ အသက် ၃၁ နှစ် အရွယ်ကောင်းမှာပဲ အဆိုးဆုံး ရောမဘုရင်ရဲ့ ဇာတ်လမ်း အဆုံးသတ်သွားခဲ့ပါတယ်။

ကိုမိုဒတ်စ် သေဆုံးသွားပေမဲ့ သူထားခဲ့တဲ့ အပျက်အစီးတွေကတော့ ကြီးမားလှပါတယ်။ သူ သေဆုံးပြီးတဲ့နောက် ဘုရင်ငါးပါး အုပ်စိုးသောနှစ် လို့ ခေါ်တဲ့ ပြည်တွင်းစစ် ကာလကြီး စတင်ခဲ့ပါတယ်။

ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်း မရှိမှု၊ အတ္တကြီးမှုနဲ့ တိုင်းပြည်ဘဏ္ဍာကို ကိုယ်ကျိုးအတွက် အသုံးချမှုတွေဟာ နှစ်ပေါင်းရာချီ တည်ဆောက်ခဲ့ရတဲ့ အင်ပါယာကြီးကို ဘယ်လောက် လွယ်လွယ်နဲ့ ပြိုလဲစေသလဲ ဆိုတာကို ကိုမိုဒတ်စ်က သက်သေပြသွားခဲ့ပါတယ်။

ဒါကြောင့်လည်း သမိုင်းပညာရှင်တွေက သူ့ကို ရောမအင်ပါယာ ကျဆင်းမှုရဲ့ အစ လို့ ဒီကနေ့တိုင် သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။

20/06/2026

ဘဝဆိုတာ တကယ်ပဲ တိုတိုလေးလား

"ဘဝက တိုတိုလေးပါ။ နှစ်တွေ ကုန်တာ အရမ်းမြန်တယ်" ဆိုတဲ့ စကားကို မကြာခဏ ကြားဖူးကြမှာပါ။ မွေးနေ့ပွဲတွေမှာ ဖြစ်ဖြစ်၊ ကလေးတွေ အရွယ်ရောက်လာတာကို ကြည့်ရင်းနဲ့ ဖြစ်ဖြစ် လူတိုင်းလိုလို ညည်းတွားတတ်ကြပါတယ်။ ဒီစကားက အရမ်းကို ရိုးအီနေတဲ့အတွက် ထူးခြားတဲ့ ခံစားချက်တောင် မပေးနိုင်တော့ပါဘူး။

ဒါပေမဲ့ ဒီလိုခံစားချက်ကို လုံးဝ ဆန့်ကျင်ဘက် ရှုထောင့်ကနေ မြင်ခဲ့သူကတော့ ရှေးခေတ် စတိုးအစ် (Stoic) ဒဿနပညာရှင် ဆီနီကာ ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ On the Shortness of Life (ဘဝရဲ့ တိုတောင်းမှုအကြောင်း) ဆိုတဲ့ စာအုပ်မှာ လူတွေဟာ ဘဝတိုတောင်းတယ်လို့ ညည်းတွားနေကြတာကို မှားတယ်လို့ ထောက်ပြထားပါတယ်။

"ကျွန်တော်တို့မှာ ရှင်သန်ရမယ့် အချိန်တွေ နည်းနေတာ မဟုတ်ပါဘူး။ အဲဒီအချိန်တွေကို ဖြုန်းတီးပစ်နေတာက ပိုများနေတာပါ" လို့ သူက ရေးသားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော် ကျရှုံးမှုတွေနဲ့ ကြုံနေရချိန်မှာ ဘဝအတွက် အဖြေတစ်ခုခု ရမလားဆိုပြီး စတိုးအစ် ဒဿနတွေကို အများကြီး ဖတ်ဖြစ်ခဲ့ပါတယ်။ မားကပ်စ် အော်ရီလီယပ်စ် (Marcus Aurelius) နဲ့ တခြား ရှေးဟောင်းကျမ်းတွေကို ဖတ်ရင်း ဆီနီကာရဲ့ ဒီစကားလေးက ကျွန်တော့်စိတ်ထဲမှာ စွဲကျန်ရစ်ပြီး အခုထိ တွေးနေမိဆဲပါ။

ကိန်းဂဏန်းတွေနဲ့ ခဏလောက် တွက်ကြည့်ရအောင်။ CDC ရဲ့ အဆိုအရ အမေရိကန်တွေရဲ့ ပျမ်းမျှ သက်တမ်းက ၇၉ နှစ်ပါ။ ရက်အားဖြင့်ဆိုရင် ၂၈,၈၀၀ ရှိပါတယ်။

တစ်ညကို ၈ နာရီ အိပ်တယ်လို့ တွက်ရင်တောင် တသက်လုံးမှာ နိုးကြားနေတဲ့ အချိန် နာရီပေါင်း ၄၆၀,၀၀၀ လောက် ရှိပါတယ်။ အခု သင့်အသက် ၃၅ နှစ်ဆိုရင်တောင် ရှေ့မှာ ရှင်သန်ဖို့ နာရီပေါင်း ၂၅၅,၀၀၀ လောက် ကျန်နေပါသေးတယ်။

ဒါ နည်းတဲ့အချိန် မဟုတ်ပါဘူး။ တကယ်လို့ ပြဿနာတစ်ခု ရှိနေတယ်ဆိုရင် အဲဒါဟာ "အချိန်ပမာဏ နည်းနေတာ" လုံးဝ မဟုတ်ပါဘူး။

အသက် ၄၀ ကျော်လာရင် နှစ်တွေ ကုန်တာ ပိုမြန်လာတယ်လို့ ဘာလို့ ထင်ရတာလဲ။ အဖြေက နှစ်ပိုင်း ရှိပါတယ်။

ပထမတခုက အချိုးအစား ပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။

ကိုလိုရာဒို တက္ကသိုလ်က ဒဿနိကဗေဒ တွဲဖက်ပါမောက္ခ Iskra Fileva က ဒီလို ရှင်းပြပါတယ်။ အသက် ၆ နှစ်အရွယ် ကလေးတစ်ယောက်အတွက် တစ်နှစ်ဆိုတာ သူ့ဘဝတစ်ခုလုံးရဲ့ ၆ ပုံ ၁ ပုံ ပါ။ ဒါပေမဲ့ အသက် ၆၀ အရွယ် လူကြီးတစ်ယောက်အတွက် တစ်နှစ်ဆိုတာ သူ့ဘဝရဲ့ ၆၀ ပုံ ၁ ပုံ ပဲ ရှိပါတယ်။ အသက် ၆ နှစ်မှာ တစ်နှစ်ဆိုတာ ကိုယ်ဖြတ်သန်းဖူးသမျှ အတွေ့အကြုံတွေထဲမှာ ကြီးမားတဲ့ အချိုးအစား ဖြစ်နေလို့ ကြာတယ်လို့ ထင်ရတာပါ။ အသက် ၅၀ မှာတော့ ဒီ ၁၂ လ ဆိုတာ ကိုယ့်ဘဝရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ ဖြစ်သွားပါပြီ။

ကလေးဘဝရဲ့ ၁ နှစ် ဆိုတာဟာလည်း သူတို့ဖြတ်သန်းခဲ့ရတဲ့ သက်တမ်း အပိုင်းအခြားလေးထဲမှာ အရွယ်အစား ကြီးမားလွန်းနေတဲ့အတွက် ဦးနှောက်က အချိန်တွေ အကြာကြီးပဲ လို့ တွက်ချက် မှတ်သားလိုက်တာ ဖြစ်ပါတယ်။

ဒုတိယတခုကတော့ အသစ်အဆန်းတွေ ပျောက်ဆုံးသွားခြင်း ပဲ ဖြစ်ပါတယ်။

ပိုနက်နဲတဲ့ အကြောင်းရင်းကတော့ အသစ်အဆန်းတွေ မရှိတော့တာပါ။ စိတ်ပညာ သုတေသီ Marc Wittmann က "ကျွန်တော်တို့ဟာ စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကို ပိုကြုံရလေ၊ မှတ်ဉာဏ်တွေ ပိုတည်ဆောက်နိုင်လေပါပဲ။ ဒီလို မှတ်ဉာဏ်တွေ အများကြီး ရှိနေတဲ့အခါ အချိန်တွေ အကြာကြီး ဖြတ်သန်းခဲ့ရတယ်လို့ ခံစားရစေပါတယ်" လို့ ရေးသားထားပါတယ်။

ကလေးဘဝမှာ အရာအားလုံးက ပထမဆုံး တွေချည်း အသစ်အဆန်းတွေချည်းပါပဲ။ ကျောင်းသစ်၊ ဆရာသစ်၊ အရင်က မလုပ်နိုင်ခဲ့တာတွေကို အခု လုပ်နိုင်လာတာတွေ စသဖြင့် ဦးနှောက်က မှတ်သားစရာတွေ အများကြီး ရှိပါတယ်။ လူကြီးဘဝ ရောက်လာတဲ့အခါမှာတော့ အပတ်စဉ် လုပ်ရိုးလုပ်စဉ်တွေချည်းပဲ ထပ်ခါတလဲလဲ ဖြစ်လာပါတယ်။ အချိန်က မြန်သွားတာ မဟုတ်ပါဘူး။ ဦးနှောက်ထဲမှာ အမှတ်တရ အသစ်တွေ ထပ်မှတ်ဖို့ နည်းသထက် နည်းလာလို့ ဖြစ်ပါတယ်။

ဖြတ်သန်းမှု သိပ်သည်းခြင်းက အချိန်ကို ဆန့်ထွက်စေတယ် ဆိုတဲ့ အချက်ကို ကျွန်တော် ကိုယ်တိုင် လက်တွေ့ ခံစားခဲ့ဖူးပါတယ်။ ဗီယက်နမ်မှာ သွားနေခဲ့တဲ့ ပထမဆုံးနှစ်ဆိုရင် အရမ်းကို ကြာတယ်လို့ ခံစားရပါတယ်။ တခြားနှစ်တွေနဲ့ အချိန်ကာလ အတူတူပဲ ဆိုပေမဲ့ ပြန်စဉ်းစားကြည့်ရင် အဲဒီနှစ်က ပိုရှည်သယောင်ပါပဲ။ မြို့သစ်၊ ဆူညံသံအသစ်၊ အစားအသောက်အသစ်၊ တဖြည်းဖြည်း လေ့လာနေရတဲ့ ဘာသာစကားအသစ် စတာတွေကြောင့် မှတ်ဉာဏ်တွေ အများကြီး ရခဲ့ပါတယ်။ အတွေ့အကြုံသစ်တွေ သိပ်သည်းနေလို့ အချိန်တွေ ဆန့်ထွက်သွားသလို ခံစားခဲ့ရတာပါ။

ဘာအသစ်အဆန်းမှ မရှိဘဲ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေနဲ့ပဲ ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေကတော့ မှတ်ဉာဏ်ထဲမှာ ကျုံ့ဝင်ပြီး ပျောက်ကွယ်သွားပါတယ်။ ဒါဟာ ညည်းတွားနေတာ မဟုတ်ပါဘူး။ "အချိန်မရှိဘူး" ဆိုတဲ့ ခံစားချက်က တကယ်တမ်း ဘယ်ကလာသလဲ ဆိုတာကို ရှာဖွေတွေ့ရှိသွားတာ ဖြစ်ပါတယ်။

ဆီနီကာ ပြောခဲ့တဲ့ စကားက "မင်းမှာ အချိန်တွေ အများကြီး ကျန်ပါသေးတယ်၊ စိတ်မပူပါနဲ့" လို့ နှစ်သိမ့်ပေးနေတာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူပေးချင်တဲ့ မက်ဆေ့ချ်က ဒီထက်ပိုပြီး နက်နဲပါတယ်။

အချိန်တွေ နည်းနေပြီလို့ ခံစားရတာဟာ လူ့ဘဝရဲ့ သဘာဝကြောင့် မဟုတ်ဘဲ၊ ကိုယ့်ရဲ့ အချိန်တွေကို ဘယ်လို သုံးဖြုန်းပစ်ခဲ့သလဲ ဆိုတာရဲ့ အကျိုးဆက်သာ ဖြစ်ပါတယ်။ အလဟဿ ဖြုန်းတီးပစ်လိုက်တဲ့ အချိန်တွေဟာ ဒီတိုင်း ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်ထဲမှာ လုံးဝ မဖြစ်တည်ခဲ့ဖူးသလိုမျိုး အရိပ်အယောင်တောင် မကျန်ခဲ့တော့တာပဲ ဖြစ်ပါတော့တယ်။

20/06/2026

No. 10 Global City, Barcelona 🇪🇸

19/06/2026

No. 9 Global City, Berlin 🇩🇪

19/06/2026

နာမည်ကျော် မိဖုရားကြီး ပျောက်ဆုံးသွားခြင်း (သို့) ရှေးခေတ်အီဂျစ်ရဲ့ အကြီးမားဆုံး ပဟေဠိတခု

ရှေးခေတ်အီဂျစ်သမိုင်းမှာ အလှပဆုံးနဲ့ အာဏာအရှိဆုံး မိဖုရားတစ်ပါး ရှိခဲ့ပါတယ်။ သူကတော့ နက်ဖာတီတီ (Nefertiti) ပဲ ဖြစ်ပါတယ်။ နာမည်ရဲ့ အဓိပ္ပာယ်က "လှပသော မိန်းမပျိုလေး ရောက်လာပြီ" လို့ အဓိပ္ပာယ်ရပါတယ်။
သူဟာ ဖာရိုဘုရင် Akhenaten ရဲ့ မိဖုရားကြီး ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ အီဂျစ်ပြည်ရဲ့ တန်ခိုးအထွားဆုံး အချိန်ကာလမှာ အုပ်ချုပ်ခဲ့ကြတာပါ။

ဒါပေမဲ့ ဘုရင်ကြီး နန်းသက် (၁၂) နှစ်မြောက်ကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ နက်ဖာတီတီဟာ သမိုင်းမှတ်တမ်းတွေထဲကနေ ရုတ်တရက်ကြီး လုံးဝ ပျောက်ကွယ်သွားပါတယ်။ အဲဒီအချိန်ကစပြီး ဘယ်ကျောက်စာ၊ ဘယ်ပန်းချီမှာမှ သူ့နာမည် မပါတော့ပါဘူး။

သူ ဘာဖြစ်သွားတာလဲ။ သေသွားတာလား။ နန်းချခံရတာလား။ ဒီကနေ့အချိန်ထိ ဒါဟာ ရှေးဟောင်းအီဂျစ်သမိုင်းရဲ့ အကြီးမားဆုံး ပဟေဠိတစ်ခု ဖြစ်နေဆဲပါ။

နက်ဖာတီတီဟာ သာမန် မိဖုရားတစ်ပါး မဟုတ်ပါဘူး။ သူနဲ့ သူ့ခင်ပွန်းဟာ အီဂျစ်ရဲ့ ဘာသာရေးစနစ် တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့ကြပါတယ်။ ယုံကြည်ကိုးကွယ်မှု အသစ်အနေနဲ့ နေမင်းကြီးကို ကိုယ်စားပြုတဲ့ Aten နတ်ဘုရား တစ်ပါးတည်းကိုသာ ကိုးကွယ်စေခဲ့ပါတယ်။ မြို့တော်ကိုလည်း Amarna ဆိုတဲ့ နေရာသစ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

အုပ်ချုပ်ရေးပိုင်းမှာလည်း နက်ဖာတီတီဟာ ဘုရင်နဲ့ တန်းတူ အာဏာရှိခဲ့ပါတယ်။ ရန်သူတွေကို နှိမ်နင်းနေတဲ့ ပုံတွေ၊ ဘာသာရေးပွဲတွေ ဦးဆောင်နေတဲ့ ပုံတွေကို သူ့ရဲ့ နံရံဆေးရေး ပန်းချီတွေမှာ တွေ့ရပါတယ်။ ဒါဟာ အီဂျစ်သမိုင်းမှာ တခြားမိဖုရားတွေ မရခဲ့ဖူးတဲ့ အခွင့်အရေးဖြစ်ပါတယ်။

သမိုင်းထဲကနေ ရုတ်တရက် ပျောက်ကွယ်သွားတဲ့အပေါ် ပညာရှင်တွေက အောက်ပါအတိုင်း သီအိုရီတွေ ထုတ်ထားကြပါတယ်။

အဲဒီအချိန်က အီဂျစ်မှာ ကူးစက်ရောဂါတစ်ခု ပြန့်ပွားနေပါတယ်။ အချို့ သမိုင်းပညာရှင်တွေကတော့ မိဖုရားဟာ ရောဂါကြောင့် ရုတ်တရက် ကွယ်လွန်သွားတာလို့ ထင်ကြပါတယ်။ ဒါပေမဲ့ အီဂျစ်ထုံးစံအရ မိဖုရားတစ်ပါး သေဆုံးရင် ခမ်းနားတဲ့ ဂူဗိမာန်နဲ့ သင်္ဂြိုဟ်ရမှာပါ။ ခုချိန်ထိ သူ့ရဲ့ မံမီရုပ်အလောင်းကို ရှာမတွေ့သေးတဲ့အတွက် ဒီအချက်က စဉ်းစားစရာ ဖြစ်နေပါတယ်။

နောက်အယူအဆ တစ်ခုကတော့ ဘုရင်ကြီးနဲ့ စိတ်သဘောထား မတိုက်ဆိုင်တော့ဘဲ နန်းတော်ကနေ နှင်ထုတ်ခံရတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်မှာ ရှာတွေ့ခဲ့တဲ့ ကျောက်စာသစ် တစ်ခုအရ ဘုရင်ကြီး နန်းသက် ၁၆ နှစ်အထိ နက်ဖာတီတီ အသက်ရှင်လျက် ရှိနေသေးကြောင်း အထောက်အထား တွေ့ခဲ့ရပါတယ်။ ဒါကြောင့် နန်းချခံရတယ် ဆိုတဲ့ အယူအဆက မှားယွင်းနေပုံ ရပါတယ်။

အဖြစ်နိုင်ဆုံးနဲ့ စိတ်အဝင်စားဆုံး အယူအဆ ကတော့ နာမည်ပြောင်းပြီး ဖာရိုဘုရင် ဖြစ်သွားတယ် ဆိုပြီးတော့ပါ။ ဘုရင် အာခန်နတန် ကွယ်လွန်ခါနီးမှာ တွဲဖက် အုပ်ချုပ်သူ ဖာရိုဘုရင်အသစ် တစ်ပါး ပေါ်လာပါတယ်။ နာမည်က Smenkhkare (သို့) Neferneferuaten လို့ ခေါ်ပါတယ်။

ကျွမ်းကျင်သူ အများစုကတော့ နက်ဖာတီတီဟာ ဘုရင်တစ်ပါး အသွင်ယူပြီး နာမည်ပြောင်းကာ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ခဲ့တာလို့ ယူဆကြပါတယ်။ သူ့ရဲ့ သမီးတော်နဲ့ လက်ထပ်မယ့် ဖာရိုဘုရင်လေး တူတန်ခမန် အရွယ်ရောက်လာတဲ့အထိ ထီးနန်းကို ထိန်းသိမ်းပေးခဲ့တာ ဖြစ်နိုင်ပါတယ်။

နက်ဖာတီတီရဲ့ အုတ်ဂူ ဘယ်မှာလဲဆိုတာနဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ်ဝန်းကျင်က သီအိုရီတစ်ခု အလွန်နာမည်ကြီးခဲ့ပါတယ်။ အီဂျစ်ဗေဒပညာရှင် Nicholas Reeves က နက်ဖာတီတီရဲ့ အုတ်ဂူဟာ ဘုရင် တူတန်ခမန်ရဲ့ အုတ်ဂူ နံရံနောက်က လျှို့ဝှက်ခန်းထဲမှာ ရှိနေနိုင်တယ်လို့ ဆိုခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ အီတလီ သုတေသနပညာရှင် Francesco Porcelli ဦးဆောင်တဲ့အဖွဲ့ဟာ အဆင့်မြင့် ရေဒါ (GPR) တွေသုံးပြီး အကြိမ်ကြိမ် အသေးစိတ် စကင်ဖတ် စစ်ဆေးခဲ့ပါတယ်။ အဖြေကတော့ တိကျပြတ်သားပါတယ်။ "အုတ်ဂူနံရံနောက်မှာ ဘာလျှို့ဝှက်ခန်းမှ မရှိပါဘူး" ဆိုတာကို သူတို့အဖွဲ့က ရာနှုန်းပြည့် အတည်ပြု ကောက်ချက်ချခဲ့ပါတယ်။ ဒါကြောင့် တူတန်ခမန်ရဲ့ အုတ်ဂူထဲမှာ နက်ဖာတီတီ ရှိနေနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ အဆုံးသတ်သွားခဲ့ရပါတယ်။

နက်ဖာတီတီဟာ အီဂျစ်သမိုင်းမှာ တန်ခိုးအထွားဆုံး အမျိုးသမီး တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ နိဂုံးကတော့ ပဟေဠိ ဆန်လွန်းလှပါတယ်။ လျှို့ဝှက်ခန်း သီအိုရီ ပျက်ပြယ်သွားပေမဲ့လည်း ရှေးဟောင်းသုတေသန ပညာရှင်တွေကတော့ သူ့ရဲ့ ပျောက်ဆုံးမှု လျှို့ဝှက်ချက်ကို ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

19/06/2026

လူသားသမိုင်းတလျှောက် အဆိုးရွားဆုံး အငတ်ဘေးကြီး

ကမ္ဘာ့သမိုင်းမှာ စစ်ပွဲတွေ၊ ကပ်ရောဂါတွေကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရတဲ့ မှတ်တမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ မှားယွင်းတဲ့ မူဝါဒနဲ့ အာဏာရှင် အုပ်ချုပ်ရေးစနစ် ကြောင့် လူပေါင်း သန်းဆယ်နဲ့ ချီကာ အငတ်ဘေးဆိုက်ကာ သေဆုံးခဲ့ရတဲ့ ကြောက်မက်ဖွယ် ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးပါတယ်။

၁၉၅၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်ရဲ့ မဟာအငတ်ဘေးကြီး (The Great Chinese Famine) ဟာ လူသားသမိုင်းမှာ အဆိုးရွားဆုံးနဲ့ သေဆုံးသူ အများဆုံး အငတ်ဘေးကြီးအဖြစ် မှတ်တမ်းဝင်ပါတယ်။

၁၉၅၈ ခုနှစ်မှာ တရုတ်ကွန်မြူနစ် ခေါင်းဆောင်ကြီး မော်စီတုန်း ဟာ နိုင်ငံကို အနောက်နိုင်ငံတွေလို ချက်ချင်း စက်မှုနိုင်ငံကြီး ဖြစ်လာအောင် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီစီမံကိန်းကို မဟာ ခုန်ပျံကျော်လွှား စီမံကိန်း (The Great Leap Forward) လို့ အမည်ပေးခဲ့ပါတယ်။

ဒီစီမံကိန်းအရ တောင်သူလယ်သမားတွေကို လယ်မစိုက်ခိုင်းတော့ဘဲ သံမဏိတွေ ထုတ်လုပ်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့ပါတယ်။ ကျေးရွာတိုင်းရဲ့ အိမ်နောက်ဖေးတွေမှာ သံရည်ကျိုဖိုလေးတွေ တည်ဆောက်ပြီး သံမဏိတွေ ချက်ခိုင်းပါတယ်။ လယ်ယာစိုက်ပျိုးရေး လုပ်ရမယ့် အချိန်မှာ လူတွေက သံကျိုနေရတဲ့အတွက် အရေးအကြီးဆုံး စိုက်ပျိုးရေး လုပ်ငန်းတွေ အကြီးအကျယ် ရပ်တန့်သွားပါတော့တယ်။

မော်စီတုန်း ဟာ စိုက်ပျိုးရေးကို ဖျက်ဆီးတဲ့ အကောင် ၄ မျိုး (ခြင်၊ ယင်၊ ကြွက်၊ စာကလေး) ကို မျိုးတုံးသုတ်သင်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ပြည်သူတွေဟာ စာကလေးတွေကို မြင်တာနဲ့ သ_တျ_ကြ ဖြတ်ကြတဲ့အတွက် တရုတ်ပြည် တဝန်းလုံးမှာ စာကလေးတွေ မျိုးတုံးလုနီးပါး ဖြစ်သွားပါတယ်။

ဒီနေရာမှာ မမျှော်လင့်ထားတဲ့ ကြီးမားတဲ့ သဘာဝဂေဟစနစ် ပြဿနာကြီး ပေါ်လာပါတယ်။ စာကလေးတွေ မရှိတော့တဲ့အခါ စာကလေးတွေ စားသုံးလေ့ရှိတဲ့ ကျိုင်းကောင် တွေ အဆမတန် ပေါက်ဖွားလာပါတော့တယ်။ အဲဒီ ကျိုင်းကောင် အုပ်ကြီးတွေဟာ ကျန်နေသေးတဲ့ စပါးခင်းတွေ၊ ကောက်ပဲသီးနှံတွေကို အကုန်အစင် ဖျက်ဆီး စားသောက်ကြပါတော့တယ်။

လယ် မစိုက်တာရယ်၊ ကျိုင်းကောင် ဖျက်ဆီးတာရယ်ကြောင့် စပါးအထွက်နှုန်းဟာ အကြီးအကျယ် ကျဆင်းသွားပါတယ်။ ဒါပေမဲ့ ပြဿနာက အောက်ခြေ အရာရှိတွေဟာ မော်စီတုန်း ဆီကို အမှန်အတိုင်း မတင်ပြရဲကြပါဘူး။ အဲဒီအချိန်က ပါတီကို ဝေဖန်သူတိုင်းကို ဖမ်းဆီးတဲ့ ဥပဒေတွေ ရှိနေတာကြောင့် သစ္စာဖောက်အဖြစ် အ_သ_တျ_ခံရမှာကို ကြောက်ပြီး စပါးတွေ အများကြီး ထွက်ပါတယ် ဆိုပြီး စာရင်းတွေကို အဆပေါင်းများစွာ လိမ်ညာ တင်ပြခဲ့ကြပါတယ်။

ဒီအလိမ်အညာ စာရင်းတွေကို ယုံကြည်သွားတဲ့ ဗဟိုအစိုးရဟာ တောင်သူတွေဆီကနေ စပါးတွေကို ပြည်ပကို တင်ပို့ဖို့နဲ့ မြို့ကြီးတွေကို ကျွေးဖို့ အကုန်သိမ်းယူပါတော့တယ်။ တောင်သူတွေခမျာ သူတို့ကိုယ်တိုင် စားဖို့တောင် စပါးတစ်စေ့မှ မကျန်တော့လောက်အောင် အသိမ်းခံလိုက်ရပါတယ်။

၁၉၅၉ ခုနှစ် ရောက်တဲ့အခါမှာတော့ တရုတ်ပြည် ကျေးလက်ဒေသတွေမှာ အငတ်ဘေးကြီး အကြီးအကျယ် ဆိုက်ရောက်လာပါတော့တယ်။

လူတွေဟာ ဆန်မရှိတော့တဲ့အတွက် သစ်ခေါက်တွေ၊ သစ်ရွက်တွေ၊ မြက်တွေ၊ သားရေဖိနပ်တွေကို ပြုတ်စားကြရပါတယ်။ နောက်ဆုံး စားစရာ ဘာမှမရှိတော့တဲ့အခါ မြေခဲ (Kaolin clay) တွေကိုပါ စားခဲ့ကြရပါတယ်။ အဲဒီ မြေကြီးတွေက ဗိုက်ပြည့်သွားစေပေမဲ့ အစာမကြေနိုင်တဲ့အတွက် အူလမ်းကြောင်းတွေ ပိတ်ဆို့ပြီး လူတွေ အများအပြား ဆိုးရွားစွာ သေဆုံးခဲ့ရပါတယ်။

အစာဝှက်ထားတယ်လို့ သံသယရှိခံရသူတွေ၊ အစိုးရစပါးကျီကနေ ခိုးယူသူတွေဟာ အလွန် ရက်စက်စွာ ရိုက်နှက် အသ_တျ_ ခံခဲ့ရပါတယ်။

အဆိုးရွားဆုံး အခြေအနေတွေမှာတော့ မိသားစုဝင်တွေ အချင်းချင်း သေဆုံးသွားတဲ့ အလောင်းတွေကို ပြန်လည် စားသောက်ရတဲ့အထိ မိမိကလေးကို မသ_တျ_ရက်လို့ အခြားမိသားစုက ကလေးငယ်တွေနဲ့ လဲလှယ်စားသောက်ကြရတဲ့အထိ သာမန်အခြေအနေမှာ တွေးတောင် မတွေးကြည့်နိုင်တဲ့ အလွန်ထိတ်လန့် ကြောက်မက်ဖွယ်ကောင်းတဲ့ ငရဲခန်းကြီး ဖြစ်လာခဲ့ပါတယ်။

ဒီအချိန်မှာ သဘာဝ ရာသီဥတု ဖောက်ပြန်မှု (မိုးခေါင်ခြင်း၊ ရေကြီးခြင်း) တွေကလည်း ထပ်မံ ဖြစ်ပွားခဲ့တဲ့အတွက် အခြေအနေဟာ ပိုမို ဆိုးရွားသွားခဲ့ပါတယ်။ အစိုးရကလည်း ဒီအငတ်ဘေးကြီး ဖြစ်နေတာကို ဂုဏ်သိက္ခာအရ ပြည်ပနိုင်ငံတွေကို လျှို့ဝှက်ထားခဲ့တဲ့အတွက် ဘယ်နိုင်ငံကမှ ကူညီခွင့် မရခဲ့ပါဘူး။

ပညာရှင်အများစုရဲ့ခန့်မှန်းမှုတွေအရ ဒီကာလတလျှောက်မှာ လူပေါင်း ၁၅ သန်း ကနေ ၅၅ သန်း လောက်ရဲ့ အသက်တွေကို ဆုံးရှုံးခဲ့ရပါတယ်။

၁၉၆၁ ခုနှစ် နှောင်းပိုင်းရောက်မှသာ အခြေအနေရဲ့ ဆိုးရွားမှုကို ဗဟိုအစိုးရက သဘောပေါက်လာပြီး မဟာခုန်ပျံကျော်လွှား စီမံကိန်းကို တိတ်တဆိတ် ရပ်တန့်လိုက်ပါတယ်။ စာကလေးတွေကို ဆိုဗီယက်ကနေ ပြန်လည်တင်သွင်းခဲ့သလို လယ်သမားတွေကို ကိုယ်ပိုင် မြေကွက်ငယ်တွေ ပြန်လည် စိုက်ပျိုးခွင့် ပေးလိုက်မှသာ ဒီအငတ်ဘေးကြီးဟာ တဖြည်းဖြည်း ပြီးဆုံးသွားခဲ့ပါတယ်။

"မှားယွင်းတဲ့ မူဝါဒ၊ အမှန်တရားကို ဖုံးကွယ်ထားတဲ့ အလိမ်အညာ စာရင်းတွေနဲ့ အာဏာရှင်စနစ်" ဟာ သဘာဝဘေးအန္တရာယ်ထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ် ဆိုတာကို ဒီသမိုင်းဖြစ်ရပ်ကြီးက သက်သေပြနေပါကြောင်း ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်။

19/06/2026

No. 8 Global City, Dubai 🇦🇪

18/06/2026

No. 7 Global City, Rome 🇮🇹

Want your school to be the top-listed School/college in Singapore?

Click here to claim your Sponsored Listing.

Location

Category

Address

Singapore