စိမ်းလန်းမြေ - လုပ်ငန်းကော်မတီ

စိမ်းလန်းမြေ - လုပ်ငန်းကော်မတီ

Share

ငိုနေသောမျက်ရည်များအား တိတ်စေလတ္တံ့

22/11/2022
22/11/2022

☸ #ကြွေးဟောင်းရှိရင်တော့_ဆပ်ရမှာပေါ့☸

🍂 တချို့ကိစ္စတွေမှာ…
ကံအကြွေးတွေ ပါလာရင်
ပြန်ပြီး ပေးဆပ်ရတယ်။

🍂 ကံရဲ့ သဘောက-
#ဒီဘဝရဲ့ကံချည်းပဲ
သက်ရောက်မှု ရှိနေတာ မဟုတ်ဘူး။

🍂 #အတိတ်_အတိတ်ရဲ့ကံအကျိုးပေး
သက်ရောက်မှုတွေကလည်း
ရှိနေပြန်တာ ဆိုတော့…

🍂 #ဒီဘဝမှာ_အကောင်းတွေလုပ်နေပေမယ့်

အတိတ်လက်ကျန်တွေ နဲ့
အဟောင်းတွေက
အကျိုးပေးချိန်တွေ ကြုံနေရင်…

ကောင်းတာတွေ လုပ်နေရင်းနဲ့ကိုပဲ
အဆင်မပြေတာတွေ ကြုံရတတ်တယ်။

🍂 အတိတ်ဘဝတွေမှာ…
တချို့ ကိုယ်လုပ်ခဲ့တဲ့
#ကုသိုလ်တွေမှာ_အကုသိုလ်လေးတွေ
ကပ်ပါလာတဲ့အခါ…

🍂 အဲဒီ #ဩမကကုသိုလ်ကံရဲ့
သက်ရောက်မှုလေးတွေအဖြစ်
အကောင်းလေးတွေ လုပ်နေပေမယ့်~

အဆင်မပြေမှုတွေ
အခက်အခဲလေးတွေဟာလည်း~
မကောင်းတဲ့ကံရဲ့ ကြားညှပ်မှုအနေနဲ့
ပါနေတတ်တာ ဖြစ်ပါတယ်။

🍂 တစ်ခု သတိပြုရမှာက…

တချို့ အတိတ်ကံရဲ့
မကောင်းကံ အကြွေးက
အားကြီးနေပေမယ့်~

🍂 ဒီဘဝရဲ့ ကောင်းကံတွေက
တန်ပြန် သက်ရောက်မှုတွေနဲ့
အားပြုထားတဲ့ အတွက်-

🍂 သေရမယ့် ကံမျိုးက…
ထိခိုက် ဒဏ်ရာရတဲ့ အဆင့်လောက်ပဲ
ဖြစ်သွားတတ်တာတွေလည်း
ရှိတတ်တယ်လေ။

🍂 အဓိကကတော့…
အကောင်းတွေ လုပ်နေပေမယ့်-
အဆင်မပြေမှုတွေ
အခက်အခဲတွေ ရှိနေတတ်တဲ့
ကိုယ့်ကိုယ်ကိုယ်
သတိပြု ဆင်ခြင်ပြီး~

🍂 #ပေးဆပ်ဖို့ပါလာတဲ့ကံတွေကို
#ပေးဆပ်နေတယ် လို့
သဘောထားကာ~

စိတ်ဓာတ် မကျအောင်
အပြစ်အဖြစ် သက်သာအောင်
နေတတ်ဖို့ပဲ ကြိုးစားရမှာပေါ့…။

🍂 ဘဝမှာ-
အကောင်းတွေ လုပ်နေပေမယ့်~

အကောင်းကြားမှာ~
မကောင်းများနေတာဟာ...
အဟောင်းများရဲ့ သက်ရောက်မှုဆိုတာ
အားလုံးက
သတိပြုကြရမှာ ဖြစ်ပါတယ်။

🍂 အဟောင်းတရားကြောင့်~
မကောင်းကြားရောက်နေကြရင်လည်း
စိတ်ပျက် လက်ပျက်
စိတ်ဓာတ်မကျဘဲ
ကိုယ့်ကိုယ်ကိုယ် အကြွေးဆပ်နေရတယ်
လို့ သဘောထားပြီး-

🍂 လက်ရှိအနေအထားမှာ
အမှားတွေ ထပ်မများအောင်ပဲ
ကြိုးစားကြရမှာ ဖြစ်ပါတယ်။

🍂 ကုသိုလ်တွေကြားမှာ
အကုသိုလ်တွေ ရမသွားအောင်ပဲ
ကိုယ့်ရဲ့ ကံတွေကို
သန့်သန့်ရှင်းရှင်းဖြစ်အောင်
လုပ်ကြရမှာ ဖြစ်ပါတယ်။

🍂 တကယ်တော့…
အဆင်မပြေမှုများ
အခက်အခဲများဆိုတာက
လူတိုင်းကြုံနေကြတဲ့
လောကဓံရဲ့ အပြောင်းအလဲပဲ
ဖြစ်တဲ့အတွက်-

🍂 လောကဓံ ပြောင်းတိုင်း~
ကိုယ့်စိတ်က လိုက်ပြောင်းလိုက်
လိုက်ခံစားလိုက် ဖြစ်နေမယ် ဆိုရင်~

🍂 ဒီအပြောင်းအလဲတွေနဲ့ပဲ
ဘဝတစ်ခုဟာ
အဆုံးသတ်သွားစရာ ဖြစ်နေမှာပေါ့…။

🍂 ဒါကြောင့်…
ပေးဆပ်ဖို့ရှိနေတဲ့ အကျိုးဆက်တွေ
အပေါ်မှာ-
စိတ်ပျက် အားငယ် မဖြစ်စေဘဲ
#အကောင်းတွေကိုသာ_ကြိုးစားလုပ်ရင်း

🍂 ဖြစ်ပေါ်လာတဲ့ အဟောင်းတွေကို
#ကုသိုလ်စွမ်းအား_အကျင့်တရားများနဲ့သာ
ရင်ဆိုင် ကျော်လွှားနိုင်အောင်
ကြိုးစားရမှာ ဖြစ်ပါတယ်။

🍂 ပေးဆပ်မှု အကြောင်းတရား
ပါလာရင်တော့~ ပေးဆပ်ရမှာပေါ့…။

🍂 အကြွေးရှိရင်~ ဆပ်ရမှာပဲလေ…။

🍂 အကြွေးဆပ်ရင်း~
#အကြွေးမထပ်အောင်ဘဲ
ကြိုးစားကြရမှာ မဟုတ်လား ?

✍ #မနာပဒါယီ_ဆရာတော်အရှင်ဝိစိတ္တ

⚜⚜⚜⚜⚜🙏🙏🙏⚜⚜⚜⚜⚜

Credit..မြတ်ဗုဒ္ဓသာသနာPost မှ-
ထပ်ဆင့်ဓမ္မဒါနပြုပါသည်။🙏🙏🙏

#ဓမ္မအသိဖြင့်_အကျိုးရှိရှိနေကြပါစို့။ 🙏🙏🙏

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

16/06/2021

ကံကိုပြင်လိုက်ပါ

သီဟိုဠ်ရာဇဝင်မှာ ဝသဘမင်းဆိုတာ ရှိခဲ့ဖူးပါ တယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘဝ တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာနေ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိ တွေက ဝသဘ အမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြော လာကြပါတယ်။ ဒီစကားကြားရတော့ လက်ရှိမင်း လုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ဝသဘအမည် ရတဲ့သူ အားလုံးကို သတ်စေလို့ မိန့်ပါ တယ်။ ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေတဲ့ ဝသဘကို မင်းဆီအပ် ဖို့ မယားလုပ်သူကို ပြောပြပါတယ်။

ရာထူးတိုးချင် တာလည်း ပါမှာပါ။ နံနက် စောစော ရောက်တော့ စစ်သူကြီးက ဝသဘကို အသာ ခေါ်ပြီး မင်းနန်းတော်ကို ထွက်ခဲ့ပါတယ်။ ဝသဘကို သတ်ဖို့ ခေါ်သွားပြီဆိုတာသိထားတဲ့ စစ်သူကြီးရဲ့ မယားက ကွမ်းအလွန် ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေးလိုက်ပါတယ်။

စစ်သူကြီး မင်းနန်းတော်တံခါးဝရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာတွေ့တာနဲ့ ၀သဘကို အိမ်ပြန်ထုံးယူစေပါတယ်။ ဝသဘက အိမ်ရောက်တော့ စစ်သူကြီးရဲ့ မယားက သူကြံစည်တဲ့ အတိုင်းဖြစ်လာလို့ ဝမ်းသာအားရနဲ့ပဲ “ဝသဘ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီအပ်ပြီးသတ်မှာ၊ ရော့ ... အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့” ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်။ ၀သဘလည်း မင်းနဲ့ ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါ တယ်။ ရဟန်းတော်တွေကလည်း သူ့ကို ကြည့်ရှုထားကြပါတယ်။

ဒီလိုနဲ့ နေရင်း တစ်နေ့မှာ ပညာရှိ လူနှုတစ် ယောက်က ဝသဘရဲ့ ဇာတာကို ကြည့် ပြီး “သင် မင်းဖြစ်လိမ့်မယ်”လို့ ဟောလိုက်ပါတယ်။ ဒီစကား ကြားရတော့ ဝမ်းမြောက်ဝမ်းသာနဲ့ ပဲ သတ္တိရှိတဲ့ ယောက်ျား တွေ စုရုံးပါတယ်။ အတော်အတန်စုမိတော့ “မုန့်သည် မသားသည် မုန့် အနားကစ၍ စားရသည်”ဆိုတဲ့ ရှေး ထုံးကို နှလုံးမူပြီး၊ မြို့စွန်ရွာစွန် ကစပြီး သိမ်းပါတယ်။ လိုရင်းပြောရရင်တော့ နောက်ဆုံး ၀သဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။

၀သဘ မင်းဖြစ်လာတော့ ဟူးရားပညာရှိတွေ ကို ဆိတ်ကွယ်ရာခေါ်ပြီး သူဘယ်နှစ်နှစ်လောက် မင်းပြုရမလဲဆိုတာတွက်ခိုင်းပါတယ်။ ဟူးရားပညာရှိ တွေက တွက်ချက်ပြီး “၁၂ နှစ် မင်းပြုရမယ်”လို့ ဟောလိုက်ပါတယ်။ ဝသဘမင်းက ဟူးရားပညာရှိ တွေကို အသပြာတစ်ထောင်ပေးပြီး ဒီအကြောင်းဘယ်သူ့မှမပြောနဲ့ ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။

အဲဒီနောက် ရဟန်း၊ သံဃာတွေဆီကပ်ပြီး “အရှင် ဘုရားတို့ မင်းသက်ရှည်ရာရှည်ကြောင်း ကုသိုလ် ကောင်းမှု မရှိ ဘူးလားဘုရား”လို့ လျှောက်ပါတယ်။ ဒီတော့ သံဃာတွေက -
“ဝသဘမင်းမြတ် .. ရေစစ်လှူပါ။ နာမကျန်း ဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။ ဟောင်းနွမ်းဆွေး မြေ့နေတဲ့ ကျောင်းဟောင်း စေတီဟောင်းတွေကို ပြုပြင် ပါ။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။ ရှစ်ရက် ဥပုသ်၊ ဆယ့်ငါးရက် ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းပါ။ ဒါဆို မင်းသက်ရှည် လိမ့်မယ်”လို့ မိန့်လိုက်ပါတယ်။ ။

၀သဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့အတိုင်း ပြုပါတယ်။ စာထဲမှာတော့ ၀သဘ မင်းပြုခဲ့တဲ့ ကောင်းမှုတွေ အများကြီး ပြထား ပါတယ်။ စာရှည်နေမှာစိုးလို့ ရေးမပြတော့ပါဘူး။

လိုရင်းပြောရရင်တော့ ၀သဘမင်းဟာ (၄၄)နှစ် နန်းစံခဲ့ ရပါတယ်။

ဒီဝတ္ထုမှာ အဓိကပြောချင်တာက ၀သဘမင်း ဟာ အတိတ်ကံအရ (၁၂)နှစ်ပဲ နန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ (၄၄)နှစ်တောင် နန်းစံခဲ့ရပါတယ်။ အပိုကြေးအနေနဲ့ (၃၂)နှစ် ပိုနန်းစံခဲ့ရပါတယ်။ ။

၀သဘမင်းပြုခဲ့တဲ့ ကုသိုလ် (၆)မျိုးက အသက် ရှည်ကြောင်း ကုသိုလ်တွေပါ။ သူ့အနေနဲ့ တော့ နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေါ့။ ဒီကုသိုလ် (၆)မျိုးကို အောက်ပါလင်္ကာလေးနဲ့ တွဲမှတ် ထားလိုက်ပါဦး။ ဗဟုသုတအဖြစ်ပေါ့။

"ရေစစ်, ဆေး ကျောင်း အဟောင်း ပြုပြင်၊ ပဉ္စင်အဋ္ဌ သီလဖြူစင်
သက်ရှည်ကြောင်းစု
ကောင်းမှုခြောက်အင်
အခွင့်စိုက် ပြုလိုက်ထာဝစဉ်။"

၀သဘမင်းကတော့ သူနဲ့ အသုံးတည့်မယ့် သက်ရှည်ကြောင်း ကုသိုလ်တွေကို ရွေးပြုပြီး ပြုပြင် သွားတာပါ။

အခု စာဖတ်သူတွေကတော့ တခြားဘဝလို အပ်ချက်တွေ တခြားအဆင်မပြေမှုတွေလည်း ရှိနေကြ မှာပါ။

လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင် ဆိုးနေ မယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ ကံဆိုးချင် ဆိုးနေ မယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကံဆိုးချင် ဆိုးနေ မယ်။ ပညာရေးနဲ့ ပတ်သက်လို့ ကံဆိုးချင် ဆိုးနေ မယ်။ ရာထူးဌာနန္တရနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေ မယ်။ နိုင်ငံခြားခရီးနဲ့ ပတ်သက်လို ကံဆိုးချင် ဆိုးနေ မယ်။ ကြိုက်သလောက်ဆိုးနေပါစေ။ နောက်ဆုံးသေချင်လောက်အောင်အထိ ဆိုးနေစမ်းပါစေ။ ဝသဘမင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက်ပြုပြင်ယူ လို့ ရတယ်ဆိုတဲ့ အသိလေးကိုပဲ အာရုံပြု ပစ်လိုက်စမ်းပါ။

ဒီတော့ ဘယ်လိုပြုပြင်ယူမလဲ ..... ?

အဲဒီအမြင့်ဆုံး သေချင်လောက်အောင်အထိ ဆိုးနေတဲ့ကံကို ကုသိုလ် (၅)မျိုးနဲ့ ပြုပြင်ယူလို့ ရပါ တယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေ ချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် (၅)မျိုးနဲ့ နေ့စဉ်ပြုပြင်ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ “နင်နေ ငါသွား”ဖြစ်သွားပါလိမ့်မယ်။

ကုသိုလ် (၅)မျိုးက "ဒါနရယ်, သီလရယ်, ဂုဏ် တော်ရယ်, မေတ္တာရယ်, ဝိပဿနာရယ်ပါ။"

အဲဒီကုသိုလ် (၅)မျိုးကို နေ့စဉ်ဖြစ်စေရ မယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ်ပြုလုပ်သွားဖို့ ပါပဲ။

ကုသိုလ် (၅)မျိုးထဲက ဒါနဆိုတဲ့နေရာမှာ ရှင် တစ်သောင်းတွေပြုမှ၊ ကျောင်းကြီးတွေဆောက်လှူမှ ဒါနမဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်းကပ်လိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။

နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုပ်စာလောက်လေးနှိုက်ပြီး အိမ်ရှေ့မှာ စာကလေးတွေ၊ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါန ဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုပ်စာ လောက်တော့ မိသားစုထမင်းဝိုင်းအတွက် သိပ်ပြီးလည်း မထိခိုက်လောက်ပါဘူး။ နေ့စဉ် ဆန်လက်တစ်ဆုပ်စာ ငှက် ကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ ညီမျှတဲ့ ဒါနဖြစ်နေတာပါ။

ဒုတိယက သီလပါ။

သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ် ယောက်အတွက် ငါးပါးသီလလောက်ကို လုံလုံခြုံခြုံ လေးစောင့်ထိန်းနိုင်လိုက်တယ်ဆိုရင်ပဲ တော်တော် လုံလောက်သွားပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့ တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်း နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ သီလကိုစောင့်ရောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။

တတိယက ဂုဏ်တော်ပါ ။

ဂုဏ်တော် (၉)ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ အရဟံ - ပူဇော်အထူး ကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ-ကိလေသာ ကင်းစင်တော်မူသော မြတ်စွာ ဘုရား၊ အရဟံ - ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်း မှု ကို ပြုတော်မမူသော မြတ်စွာဘုရားလို့ ပွားလို့ ရပါ တယ်။ ။

အရဟံဆိုတဲ့ ပါဠိလေးရယ်၊ အရဟံရဲ့ အနက် သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက်ကလေးပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်ကသူ့သတ္တိအားလျော်၍ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

စတုတ္ထက မေတ္တာပါ

မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီးသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ “မေတ္တာ အတွေးများ စာအုပ်”မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူး များတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ ကို ကိုယ်စောင့်နတ် အိမ်စောင့်နတ်ကစပြီး လမ်း မြို့နယ်, မြို့ နိုင်ငံကို စောင့်ရှောက်နေကြတဲ့ နတ်ကောင်း နတ်မြတ်တွေကို အဆင့်ဆင့်ပွားပါး “ငါ၏ အိမ်ကို စောင့်ရှောက်နေကြသော နတ်ကောင်းနတ် မြတ် အားလုံး ကိုယ်ဆင်းရဲ ကင်းပါစေ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ”
စသည်ဖြင့်ပေါ့။

ပဉ္စမက ဝိပဿနာပါ

ဝိပဿနာကတော့ ကိုယ်အားထုတ်ဖူးတဲ့နည်း အတိုင်း မှတ်လို့ ရပါတယ်။

ကဲ့ ... စာဖတ်သူ စိတ်ကူးနဲ့ပဲ ကုသိုလ် (၅)မျိုး စမ်းကြည့်ရအောင်ပါ။

မနက်အိပ်ရာကထတာနဲ့ ကိုယ်လက်သန့်စင် ပြီး မိသားစုကိစ္စတွေကို ဘာမှ မလုပ်ပါနဲ့ဦး၊ ဘရား ခန်းကိုအရင်သွားပါ။ ဘုရားသောက်တော်ရေကို အရင် ကပ်လိုက်ပါ။ ကပ်ပြီးရင် ငါးပါးသီလ ခံယူ လိုက်ပါ။ အဲဒီနှစ်မျိုးပြီးတော့မှ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာ ကို ငါးမိနစ်၊ ဝိပဿနာကို ငါးမိနစ်ပွားပါ။ ဆယ့်ငါးမိနစ်လောက်တော့ အားလုံးလုပ်နိုင်လောက် မယ်ထင်ပါတယ်။

ဘဝတစ်နေ့တာရဲ့ အစကို ကုသိုလ်(၅)မျိုးနဲ့ စလိုက်တာ ဘယ်လောက်ကျက်သရေ ရှိသွားသလဲ။
မနက်အိပ်ရာထမှာပဲ ကုသိုလ်ငါးမျိုးက ရနေပါပြီ။

အဲဒီလို ကုသိုလ် (၅)မျိုးပြုပြီးမှ မိသားစုရဲ့ ဝေယျာဝစ္စတွေကိုပြုပါ။

အဲလို နဲ့ မနက်စာစားပြီးသွားတဲ့ အခါ ဆန်လက် တစ်ဆုပ်ယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက်ပက် ကျွေးလိုက်ပါဦး။ ။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့ “ဒီနေ့မနက် ပြုတဲ့ ကုသိုလ် (၅)မျိုးကို နတ်ကောင်းနတ်မြတ် အားလုံးကိုလည်း အမျှဝေပေးပါတယ် အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု သာဓု သာဓု”ဆိုပြီး နတ်ကောင်းနတ်မြတ်တွေကိုလည်း အမျှဝေပေးလိုက် ပါဦး။

တတ်နိုင်တယ်။ အချိန်ရတယ်ဆိုရင် ညပိုင်း ကိုးရီးယားဇာတ်ကားမလာခင်၊ ဒါမှမဟုတ် ကိုးရီးယား ဇာတ်ကားပြီးသွားတဲ့အခါ ကုသိုလ် (၅)မျိုးကို ထပ်လုပ် လိုက်ပါဦး။
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ ကံဟာ တောင်းပန်ပြီးထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ် မနက်ဖြန်ဖြစ်ဆိုတဲ့ ပုံစံ မျိုးတော့ ဘယ်ဖြစ်မှာလဲ၊ တစ်လတန်သည်၊ နှစ်လ တန် သည်၊ တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါ့မယ်။ အကုသိုလ်ဆိုတဲ့ ရန်သူက အင်အားကြီးနေတော့ ချက်ချင်းတော့ တောင့်တင်းလာရင် ရန်သူကံဆိုး လည်း ပြန်တောင်တိုက်နေမှာ မဟုတ်တော့ပါဘူး၊ ကုသိုလ် အင်အားကိုကြည့်ပြီး လန့်ပြေးတော့မှာပါ။

ဒါတွေက ကံဆိုးနေတဲ့သူအတွက် ပြောတာ ပါ။

ကံကောင်းနေတဲ့သူတွေအတွက်လည်း အမြဲ တမ်းကံကောင်းနေအောင် ကုသိုလ် (၅) မျိုးကို နေ့စဉ် ပြုနေသင့်ပါတယ်။

ဒီဘဝကုသိုလ် (၅)မျိုးနဲ့ ကံကောင်းအောင် လုပ် နေတဲ့အတွက် ဒုတိယဘဝ၊ တတိယဘဝစသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦး မှာပါ။

ကုသိုလ် (၅)မျိုးကို ကံကောင်းခြင်း၊ ကံဆိုး ခြင်းကြောင့်မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခုအနေနဲ့ ပြုနေမယ်။ အဲဒီလို ပြုနေစဉ်အတွင်းမှာပဲ ဘဝ အခက်အခဲတစ်ခုနဲ့ ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုနေတဲ့ ကုသိုလ် (၅)မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး သစ္စာဆို လို့ လည်း ရပါတယ်။ “ကျွန်ုပ်သည် ကုသိုလ် (၅)မျိုးကို နေ့စဉ်ပြုပြီး နတ်ကောင်းနတ်မြတ် တို့ကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာ စကား မှန်ကန်ပါက ယခုတွေ့ ကြုံနေရသော အခက် အခဲပြေပျောက်ပါစေသတည်း။ နတ်ကောင်းနတ်မြတ် တို့ ကလည်း ကူညီမစတော်မူပါ စသည်ဖြင့်ပေါ့။

ကုသိုလ် (၅)မျိုးထဲမှာ ဝိပဿနာလည်း ပါနေတာဆိုတော့ တရားမှတ်ရင်း ပါရမီပါခဲ့ရင် အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ တရားထူး တရားမြတ်တွေရသွားပြီး သံသရာဝဋ်ကတောင် ကျွတ်သွား ဦးမှာပါ။

ကု သို လ် (၅)မျိုးကို ဘယ်အဆင့် အထိ ပြုရမလဲ ဆိုရင် ညအိပ်ရာဝင်လို့ မှ ဒီနေ့တစ်နေ့တာ ကု သို လ် (၅)မျိုးကို မပြုဖြစ်လိုက်ရင် အိပ်လို့မပျော်တဲ့အဆင့်အထိ ပြုရပါ့မယ်။

ကဲ ... စာဖတ်သူ ကံနဲ့ ပတ်သက်လို့ “သေချင်လောက်အောင်ဆိုးနေပါစေ” ကုသိုလ် (၅)မျိုး နဲ့သာ နေ့စဉ်ပြုပြင်လို က်စမ်းပါ၊ မကြာခင် ကံကောင်း လာပါလိမ့်မယ်။

ရဝေနွယ် (အင်းမ)

13/03/2021

ဘုရားဖူးသွားခြင်း

ကျွန်ုပ်သည် ကောလိပ်ကျောင်း ဘီအေ အောက်တန်း၌ ရှိစဉ်က ကျွန်ုပ် နှင့် အတန်းတူ၊ အတန်ခင်မင်သော မိတ်ဆွေတစ်ယောက် ရှိဖူး၏။ ၎င်း ကား မောင်ထွန်းမောင်ဖြစ်၏။

ထွန်းမောင်မှာ အလွန်အေးဆေးစွာ နေလေ့ရှိ၏။ စကားနည်း ၏။ မဟုတ်မမှန် မဟားတရား မပြောတတ်၊ ဣန္ဒြေကြီး၏။ စကားနည်း သူတို့၏ စကားသည် လေးနက်တတ်သည်ဖြစ်ရာ ထွန်းမောင် စကားပြော လျှင် ကျွန်ုပ်တို့ ကျောင်းသားများ ဂရုပြု၍ နားထောင်လေ့ရှိ၏။ ဝါကြွား ပြောတတ်သူသည် ထွန်းမောင်ရှေ့တွင် စကား ပြောခဲ၏။ အကြောင်းကား ထွန်းမောင်က တစ်ချက်တစ်ချက် ဝင်ထောက်လိုက်လျှင် ထိုကြွားဝါခြင်း ချက်ချင်း ပေါ်တတ်၏။ အပေါင်းအဖော်နှင့် အချိန်ဖြုန်း မနေတတ်။ တစ်ယောက်တည်း တွေးတော၍သော်လည်းကောင်း၊ စာဖတ်၍သော် လည်းကောင်း နေတတ်၏။ သို့ရာတွင် အလွန် ရိုးသား ဖြောင့်မတ်သူ ဖြစ်လေရကား ကျောင်းသားများက ဝိုင်း၍ ရိုသေ ခင်မင်ကြ၏။ ကျွန်ုပ်နှင့် ကား အခြားသူတို့ထက် ပို၍ ခင်မင်ကြ၏။

ထိုနှစ် အင်္ဂလိပ် ဒီဇင်ဘာလ(နတ်တော်-ပြာသို)၌ ကျောင်း ၁၂ ရက်မျှ ပိတ်၏။ ထိုအချိန်အခါ၌ ကျောင်းသားများ ကျိုက်ထီးရိုးဘုရား သို့ အစုအစုပြု၍ သွားလေ့ရှိကြရာ ကျွန်ုပ်လည်း သွားလိုသည်နှင့် ထွန်းမောင်၏ အခန်းသို့ လာခဲ့၍

“ဟေ့ ထွန်းမောင်၊ ကျိုက်ထီးရိုးဘုရားကို သွားရအောင်ကွာ၊ တို့ ၁၂ ရက်တောင် ရက်အားရတယ်”

“ဘုရားဖူးတာ ကျိုက်ထီးရိုးတောင် သွားရမလားဘွဲ့၊ ရွှေတိဂုံ ဘုရားကို သွားပါတော့လား၊ အတူတူပေါ့”

“မတူဘူးဆရာ၊ ကျိုက်ထီးရိုးက မြတ်စွာဘုရား ကိုယ်တော်တိုင် တို့မြန်မာပြည်ကို ကြွလာပြီး ရသေ့ကြီးတစ်ပါးကို ဆံတော်ပေးသတဲ့။ အဲဒီဆံတော်အစစ်ကို ဌာပနာပြီး တည်တာမောင်ရဲ့ နားလည်ရဲ့ လား”

ထိုအခါ အလွန်ပြုံးခဲသော ထွန်းမောင်သည် ပြုံး၍ “ဘုရား ဒီကို ကြွလာတယ်လို့ မင်းကို ဘယ်သူက ပြောသလဲ”

“မင်းလည်း အတော်ခွကျတဲ့ အကောင်ပဲ။ ဘယ်သူပြောရမလဲကွဲ့ ၊ သမိုင်းထဲမှာ သေသေချာချာကို ရေးထားတယ် သိရဲ့လား”

“အဲဒီ မင်းသမိုင်းက ဘယ်သူက ဘယ်တုန်းက ရေးခဲ့တာလဲ”

“ဘယ်သူရေးတယ်လို့တော့ မင်းကိုသေသေချာချာ သံတော်ဦး မတင်နိုင်ဘူး၊ ရှေးပညာရှိလူကြီးတွေ ရေးခဲ့တာပေါ့ကွဲ”(ခပ်ကျယ်ကျယ် ပြောသည်)

“ဟာ-ဟာ မင်းမှတ်မိသေးရဲ့လား၊ မင်းနဲ့ ငါနဲ့ ပြည်မြို့ကို သွားလည်ကြတုန်းက ဘုန်းကြီးတစ်ပါးက ဒွတ္တပေါင်မင်းကြီးရဲ့ ဝတ်လဲတော်အစစ်ကို ပြာချသစ်စေးသရိုးကိုင်ပြီး လုပ်ထားတယ်ဆိုတဲ့ ကမ္မဝါစာ ကို ထုတ်ပြတော့ မင်းက ကိုယ်တော် ဘယ့်နှယ် သိသလဲ... ဘာလဲ ညာလဲနဲ့ စစ်စစ်ပေါက်ပေါက် မေးတော့ ဘုန်းကြီးက စိတ်ဆိုးပြီး မင်းကို မောင်းချတာ မှတ်မိသေးရဲ့ လား၊ အခုလည်း မင်းက ငါ့ကို ငေါက်ပြန်ပြီ လား၊ မင်းက ရာဇဝင်ဆရာမို့ သေသေချာချာသိမလားလို့ မေးတာပါဗျာ။ မကြိုက်ရင်လည်း မမေးပါဘူး”

“ဟေ့အကောင်၊ တော်ပါကွယ်၊ မင်းဟာ တစ်ခါတစ်ခါ အင် မတန် လျှာရှည်တယ်။ မင်းလိုက်ချင်လည်း လိုက်၊ မလိုက်ရင်လည်း ငါ့တစ်ယောက်တည်း တော်သလို ကြည့်သွားမှာပဲ” (ခပ်ဆတ်ဆတ် ပြောသည်)

“ဟင်-ဘုရားတရား ကြည်ညိုတဲ့လူကလည်း စိတ်တိုလိုက်တာ၊ ကိုင်းကွယ် ငါကပဲ လျှော့ပါမယ်၊ ငါလိုက်ပါမယ်”

ထိုအခါမှ ကျွန်ုပ်က ပြုံး၍ “အဲဒီလိုမှပေါ့ကွဲ၊ ငါ့မှာ ငွေ ၅ဝ ကျပ်လောက်တော့ စုထားတယ်၊ မင်းမှာကော”

“ငါ့ မှာလည်း ၅ဝ ကျပ်လောက်ပါပဲ”

“အေး-နေရာကျပြီ၊ စရိတ်စက စားဖို့ သောက်ဖို့ ၁၅ ကျပ်လောက်ပဲ ကုန်မယ်ထင်တယ်။ လှူဖို့တန်းဖို့ အပုံကြီး ပိုတာပဲ။ ကိုင်း အခုညပဲ သွားကြစို့ကွယ်”

ကျိုက်ထိုဘူတာသို့ ရောက်လျှင် ထိုအခါက မော်တော်ကားများ မသွားသေး သဖြင့် လှည်းငှား၍ သွားကြ၏။ ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်း မရောက်မီ ခရီးတစ်ဝက်သာသာ၌ အင်းဝစခန်းသို့ရောက်ရာ ခရီးနားကြ ၏။ ထမင်းဟင်း၊ လက်ဖက်ရည်၊ ဘူးသီးကြော် စသည်ဖြင့် အစား အသောက်လည်း ပြည့်စုံ၏။ ထိုစခန်းမှာ ရွာနီးချုပ်စပ်က လာရောက်၍ ဆိုင်တည်ခင်းသော နေရာစခန်းကြီး တစ်ခုဖြစ်၏။

ထိုအင်းဝစခန်းဆိုင်စု၏ မြောက်ဘက် အတန်ကွာရှိ သရက်ပင် ကြီးတစ်ပင်အောက်တွင် တဲငယ်ငယ်တစ်ခု ရှိ၏။ ထိုတဲငယ်ဘက်သို့ ထွန်းမောင်သည် လျှောက်၍ သွားသည်ကို မြင်လိုက်၏။ မကြာမီပင် တဲပေါက်တွင် ရပ်၍ အတန်ကြာ ကြည့်နေသည်ကို မြင်ရ၏။

နာရီဝက်ခန့်ကြာလျှင် ကျွန်ုပ်တို့ သွားချိန်ကျသည်နှင့် ထွန်းမောင်ကို ဟစ်၍ ခေါ်ရ၏။ ထွန်းမောင်သည် သုတ်လာခဲ့၍

“ဟေ့-ဟိုတဲထဲမှာ အဘိုးကြီး လင်မယား နှစ်ယောက်နဲ့ မြေး နှစ်ယောက် ဖျားပြီး လဲနေကြတယ်။ အစားအသောက်ကလေး ဝယ်ပေး ခဲ့ချင်တယ်၊ မင်းသွားနှင့်ကွယ်၊ ကင်ပွန်းစခန်းကို ငါမီအောင် လိုက်လာ ခဲ့မယ်”

“ဟောဗျာ-မင်းဗွေဖောက်ပြီ၊ မင်းအကျင့် ဒီလိုပဲ၊ စိတ်တစူးစား ကြီးနဲ့၊ ကဲ- မောင်သဘောရှိ၊ ငါတော့ မင်းကို စောင့်မနေနိုင်ဘူး။ ကင်ပွန်း စခန်းကို မီအောင် လိုက်ခဲ့ပေတော့၊ မမီရင်တော့ ငါဆက်သွားမှာပဲ”

“အေးပါကွယ်၊ ငါမီအောင် လိုက်ခဲ့ပါမယ်”ဆို၍ လှည်းပေါ်က သူ့လွယ်အိတ်ကို ယူ၍ တဲငယ်ဘက်သို့ စိုက်စိုက် စိုက်စိုက်နှင့် သွားပြန် လေ၏။

ကျွန်ုပ်မှာကား ဘုရားသို့သာ ရောက်လို၍ ကျွန်ုပ်တို့ ကျောင်းက ကျောင်းသားတစ်စုလည်း ထပ်ရောက်လာသည်နှင့် ထိုလူစုနှင့် ရော၍ လိုက်သွားလေ၏။ ကင်ပွန်းစခန်းသို့ ရောက်သော်လည်း ထွန်းမောင် မပေါ် လာချေ။ ရေမြောင်ကလေး၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့ စသည်ဖြင့် စခန်းအစဉ်အတိုင်း နောက်ဆံတငင်ငင်နှင့်ပင် လာခဲ့ရာ ဘုရား သို့သာ တိုင်တော့၏။ ထွန်းမောင် မပေါ်လာချေ။

ကျွန်ုပ်တို့တစ်စုလည်း တပျော်တပါးကြီး ပြော-ဆို-ကနှင့် လာခဲ့ကြရာ ဘုရားအနီး နတ်ရုပ်နတ်စင်နှင့် မိန်းမကြီးတစ်ယောက် ပိုက်ဆံခံနေသည် ကို တွေ့ရ၏။ နတ်ရုပ်မှာ ပါးတစ်ခြမ်း-နားတစ်ခြမ်း ပဲ့နေ၏။ ၎င်းအပဲ့ တို့ကို ပြ၍ ပြင်ဆင်ရန်ဆိုကာ ပိုက်ဆံခံနေခြင်း ဖြစ်၏။ ထိုအခါ ကျွန်ုပ် သည် ရုတ်တရက် သတိရမိသည်ကား လွန်ခဲ့သော နှစ်က ကျွန်ုပ်တို့ အခန်းက ကျောင်းသားတစ်စု ကျိုက်ထီးရိုးက ပြန်လာကြသောအခါ ထို ပါးပဲ့ နားပဲ့နေသော နတ်စင်က နတ်ကတော်ကြီးအား နတ်မေးကြကြောင်း ပြန်ပြောသည်ကို သတိရသည်နှင့် ကျွန်ုပ်တို့နှင့် အဖော်အလှော် ခေါ်ခဲ့သော လှည်းသမားကို မေးကြည့်ရာ လှည်းသမားက ပြုံးရယ်၍ “ဒီအပဲ့ တွေဟာ ကြာလှပြီဗျ၊ ပြင်လိုက်ရင် နောက်ထပ် ပိုက်ဆံ ဘယ့်နှယ်လုပ်အလှူခံမလဲဗျ”ဟု ပြောလိုက်မှ ကောလိပ်ကျောင်းသားထက် သာသော လှည်းသမားများလည်း ရှိသေးကြောင်း သိရသည်။

“နို့ကွယ်၊ ရသေ့တွေ၊ ရသေ့မတွေ၊ ဖိုးသူတော်တွေ၊ မယ်သီလ တွေ ပေါလှချည်ကလား?” “အဲဒီအထဲမှာ “ခါတော်မီ”တွေ များကြီး ပါတယ်ဗျ” ကျွန်ုပ်တို့ ဘုရားရှိခိုးနေစဉ် ပန်းသည်၊ ရွှေသည်၊ ရေသည်တို့ ၏ အနှောင့်အယှက်ကို များစွာ ခံရ၏။ ဘုရား ရှိခိုးနေစဉ် ရေ ပန်း ရွှေ ဝယ်ပါ ဝယ်ပါဟု တစာစာ လိုက်၍ ပူနေ၏။ ကျွန်ုပ်သည် ကလဲ့စားချေလို သည်နှင့် ရေ ပန်း ရွှေတို့ကို ဣန္ဒြေနှင့်ရောင်းသော ဆိုင်တို့တွင်သာ ဝယ်ယူ လိုက်၏။

ကျောက်ကျီးကန်းပါးစပ်ဘက်သို့ လာခဲ့ရာ လမ်းတွင် တောင် စောင်းတစ်ခု ဂူတွင်း၌ ရသေ့တစ်ပါးထံတွင် ဘုရားသွားတော်အစစ် ရှိ သည်ဆို၍ ဂူတွင်းသို့ ကျဉ်းကျဉ်းကျပ်ကျပ်နှင့် ဝင်ခဲ့၏။ ရသေ့က “သွားတော်”ကို လက်ဖြင့် ကိုင်၍ ခပ်လှမ်းလှမ်းက ပြ၏။ သေသေချာချာ ကိုယ်တိုင် ကိုင်၍ ဖူးပါရစေဟု တောင်းသောအခါ

“ဟဲ့-ဒကာရဲ့ ၊ လက်နဲ့ မကိုင်ကောင်းဘူး၊ ငရဲကြီးတတ်တယ်။ ခပ်ဝေးဝေးကပဲ ဖူးတာပေါ့”

“နို့-ရသေ့တော့ ငရဲမကြီးဘူးလား”

“ဟဲ-ရသေ့ဆိုတာ စင်ကြယ်တဲ့သူတော်ကောင်း ဖြစ်တယ်။ ဘယ်တော့မှ ငရဲမကြီးဘူး။ မင်းတို့လူလို မဟုတ်ဘူး”

ထိုအခါ ကျွန်ုပ်သည် ဘာမျှ ပြန်မပြောဘဲ အခွင့်ရသမျှ သေချာ စွာစူးစိုက်၍ ကြည့်ရာ သွားတော် ၏ အတွင်းက ဘာရှိသည်ကိုကား မသိရ၊ အပြင်ကမူကား စီးကရက်ဘူးထဲက ငွေရောင်ပြားကို ကပ်ထား သည်ကို မြင်တွေ့ ရ၏။ သို့ကြောင့်လည်း ရသေ့ရှေ့ အလှူခံ ပိုက်ဆံ ခွက်ထဲသို့ တစ်ပြားတစ်ချပ်မျှ မထည့်ခဲ့ဘဲ ခပ်သုတ်သုတ် ပြန်၍ ထွက် ခဲ့၏။

ဤသို့လျှင် ကျိုက်ထီးရိုးတောင်၊ မုဆိုးတောင်တို့၌ အေးချမ်း ပျော်မြူးစွာ ခုနစ်ည ကြာကြ၏။ ပြီးမှ ဆင်းခဲ့ကြ၏။

အပြန်လမ်းတွင် အင်းဝစခန်းသို့ ရောက်ကြသော် ထွန်းမောင်၏ အဖြစ်ကို မေးမြန်းလိုသည်နှင့် ကျွန်ုပ်သည် အဖော်များနှင့် ခွဲ၍ ယခင် တဲငယ် ဘက်သို့ လာခဲ့၏။

တဲငယ်မှာ ကျွန်ုပ်ပထမ မြင်စဉ်ကကဲ့သို့ စုတ်ချာပျက်စီးနေ သည် မဟုတ်ဘဲ အမိုးအကာနှင့် အတန်ပင် သပ်ရပ်ကောင်းမွန်နေသည်ကို တွေ့ရ၏။ ခေါင်းရင်းခန်းကလေး၌ အတန်အိုမင်းပြီ ဖြစ်သော အဘိုးအို၊ အဘွားအိုနှစ်ယောက် ပုတီးစိပ်၍ နေကြ၏။ ခြေရင်းပိုင်း မြေကွက်တွင် မီးဖိုတစ်ခု၌ လက်ဖက်ရည်ကရားနှင့် ရေနွေးအိုး ကျိုနေသော ၁၃ နှစ် ၁၄ နှစ်ရွယ် မိန်းကလေးကို မြင်ရ၏။ ၎င်းအနီး၌ ၃ နှစ် ၄ နှစ်သား ခန့်ရှိ ယောက်ျားသူငယ်ကလေးတစ်ယောက် ဘူးသီးကြော်တစ်ခုကို စားနေ၏။

ကျွန်ုပ်ကို မြင်ကြလျှင် အဘွားတို့က “အလို-မောင်၊ လာပါ လာပါ၊ ဘယ်အရပ်ကပါလဲ မောင်၊ ဘုရားဖူး အသွားလား၊ အပြန်လား၊ လာပါလာပါ ထိုင်ပါ”ဆို၍ နေရာပေးခြင်း၊ ကွမ်းအစ်ချခြင်းတို့ကို ပျော်ပျော သလဲ ပြု၏။ “ဟဲ့-ဖွားမေ၊ ရေနွေးဆူပြီ မဟုတ်လား၊ လက်ဖက်ခြောက် ခပ်ပြီး ယူခဲ့ဟေ့။ ဪ-ဖွားမေ၊ ဟဲဟို ထန်းလျက်ကလေး ရှိသေး မဟုတ်လား၊ တစ်ခါတည်း ထည့်ခဲ့ဟေ့၊ သောက်ပါ စားပါ မောင်ရယ်...” ဟု အလွန်ကြီးစွာသော စေတနာဖြင့် ဧည့်ခံလင့်၏။

အဘိုးကြီးက တစ်ဖန် “ငါ့မြေးက ဘုရားဖူး မဟုတ်လား”

“ဟုတ်ပါတယ် အဘိုးရယ်၊ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ကိုးရက် လောက်က တက်သွားပါတယ်။ အခု ပြန်ခဲ့တာပါ၊ အဲဒီ တက်သွားတဲ့နေ့က ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဒီတဲမှာ ကျန်ရစ်တယ်။ အဲဒါ အခု သူဘယ်သွားလေသလဲလို့ မေးချင်လို့ ဝင်လာတာပါ အဘိုးရဲ့”

ထိုအခါ အဘိုးကြီးနှင့် အမယ်ကြီးသည် ငေါက်ခနဲ တစ်ပြိုင် တည်းဆန့်၍ “မောင်ထွန်းမောင်ကို မေးတာ မဟုတ်လား”ဟု သံပြိုင် မေးကြလေ၏။

“ဟုတ်ပါတယ်ခင်ဗျာ”

အမယ်ကြီးက ဆက်၍ “သော်-မောင်က မောင်ထွန်းမောင်ရဲ့ သူငယ်ချင်းလား၊ ဒါဖြင့် မောင်လည်း သူတော်ကောင်းပေါ့။ အေးအေး၊ မောင်ထွန်းမောင်ရယ်၊ ခုမနက်ပဲ ရန်ကုန်ကို ပြန်သွားပြီ၊ သူတို့ ကျောင်း တက်ရမယ်ဆိုကိုးကွဲ့ပြောလိုက်ပါရစေဦး မောင်ရယ်၊ ဒီလို သူတော်
ကောင်းမျိုး ရှိတာ အဘွားတို့ အခု အသက် ၇၀ ရှိပြီ။ ကြားပဲ မကြားဖူး ပေါင် မောင်ရယ်” ။

“မောင်ထွန်းမောင်ဟာ ဘုရားကို လိုက်မလာဘဲ ဒီကပဲ ပြန်သွား ပုံကို ပြောပါဦး အဘွားရဲ့”

“ပြောပါပြီလား မောင်ရယ်၊ ဒီလိုကွဲ၊ ငါတို့က အဲဟို ကျိုက်ထို ကို သွားတဲ့လမ်းနားမှာရှိတဲ့ မီးသွေးကုန်းရွာကပါ။ အဘွားတို့မှာ သမီး တစ်ယောက်တည်း ရှိတယ်။ သူအိမ်ထောင်ကျလို့ သားသမီး လေးယောက် ရပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပဲ သူ့ခင်ပွန်း အနိစ္စရောက်တယ်။ သူကိုယ်တိုင်လည်း မနှစ်က ဆုံးပြန်ပါရော့။ သားသမီးလေးယောက်အနက် က နှစ်ယောက်သာ အဖတ်တင်တယ်။ ဟော-အခု မြင်တာ အကြီးဆုံးနဲ့ အငယ်ဆုံးပေါ့။ ဒီကလေးနှစ်ယောက်ကို ငါတို့ပဲ မွေးရတော့တာပေါ့။ ငါတို့ကလည်း အိုအိုမင်းမင်း သူတို့ကလည်း လူလားမမြောက်သေး၊ ပိုက်ဆံကြေးငွေကလည်း မပြည့်စုံ၊ တိုတိုပြောကြစို့မြေးရယ်၊ ငါတို့ ထမင်းရက် မှန်မှန် မစားရတာ ကြာပါပြီ။ အဲဒါ အခု ဘုရားဖူးများလာတဲ့အချိန် ဒီအင်းဝစခန်းမှာ တဲကလေး ထိုးပြီး ဖွားမေကိုပဲ ဘူးသီးကြော်ကလေးကြော် ပြီး ရောင်းစေရတာပဲ။

အဲဒါနဲ့လည်း ထမင်းရက်မှန်မှန် မစားရပါဘူး။ ကံများ ဆိုးချင် တော့ လွန်ခဲ့တဲ့ နှစ်လ သုံးလကစပြီး ဟော- မောင့်အဘိုးကြီး-ဟာ လူကလည်း အို၊ အစာရေစာ ဝလင်အောင်လည်း မစားရတော့ လဲပါရော မောင်ရေ။ နောက် ဆယ်ရက်လောက်က အဖျားဝင်လာပြီး သတိမရ တစ်ချက် ရတစ်ချက်နေပါရော၊ အဲဟို မောင်ထွန်းမောင် ရောက်တဲ့နေ့က မြေ့ာမြေ့ာပဲ ရှိတော့တယ်။

အဘွားကိုယ်တိုင်လည်း မောင့်အဘိုးလိုပဲ အားနည်းပြီး လဲနေရာ က နွေးနွေးမှ ခြုံစရာမရှိ၊ အဲဒီအထဲ တဲကလေးကလည်း မိုးမလုံတော့ အအေးမိပြီး အဘွားလည်း လဲပါရော မောင်ရေ။

အဲဒီလို အဘွားတို့ အကျိုးအကန်းနှစ်ယောက်ကို မြေးမကလေး ဖွားမေက ချက်ပြုတ်ကျွေးနေရာက ဟော-ထင်းချိုးရာမှ သံစူးလို့တဲ့။ တစ်ခါတည်း ငန်းတွေ မန်းတွေ လိုက်ပြီး ပြည်တည်လို့ မောင်ထွန်းမောင် ရောက်တဲ့နေ့က ခြေထောက်မြှောက်ပြီး အော်နေရတာပဲ။
အဲဒီ မောင်ထွန်းမောင် လာကြည့်တော့ ငါတို့ ထမင်းရေစာ မစားရတာ နှစ်ရက်တိတိ ရှိနေပြီမောင်ရဲ့ ၊ သေဖို့ အဆင်သင့်ပဲဆိုပါတော့၊

ဟော ဟိုမြေးအငယ်ကတော့ ကလေးကို အဲဟိုဆိုင်စုမှာ သွားပြီး တောင်း ရမ်းစားသတဲ့။

အဲဒီလို ငါတို့ သေဖို့ အနေမှာ မောင့်သူငယ်ချင်း မြင်တော့ မေးသံကို ကြားပါရဲ့၊ ငါတို့ လူအိုနှစ်ယောက်ကတော့ စကား မပြန် နိုင်တော့ဘူး။ ဖွားမေကသာ အအော် အငိုရပ်ပြီး ပြန်ပြောသံကို ကြား လိုက်ရတယ်။

အဲဒါနဲ့ မောင်ထွန်းမောင်ဟာ ပထမ အဘိုးကြီး ပါးစပ်ထဲကို ရေချပေးတယ်။ နောက် နည်းနည်း လှုပ်လာတော့ ဟိုဆိုင်စုမှာ လက်ဖက်ရည်၊ ကော်ဖီရည်၊ ရေနွေး၊ စားစရာတွေ ဝယ်လာပြီး ကော်ဖီနွေးနွေး ကလေးကို အစက်ချပြီး တိုက်ပေးရှာတယ်။ အဘွားကိုလည်း ဒီလိုပဲ။

ဖွားမေကိုလည်း အနာကို ရေဆေး၊ ပြည်ဖောက်၊ ဆေးထည့် လုပ်တာနဲ့ မောင်ရယ် တစ်နာရီလောက်မှာပဲ သက်သာသွားပါတယ်။

အမှန်ကတော့ ငါတို့ တစ်စုလုံး အစားအသောက် ချို့တဲ့လို့ ငတ်လို့ ဖြစ်ရတာကလားကွယ်၊ ငါတို့တော့ အရည်လောက်သာ သောက် နိုင်ကြပါတယ်။ ဖွားမေတို့ မောင်နှမ နှစ်ယောက်ကတော့ ဖျားတာ မဟုတ်ဘူး။ အဲဒါကို မောင်ထွန်းမောင်ရယ် သူ့လွယ်အိတ်ထဲက ပေါင်မုန့်၊ ငါးသေတ္တာတွေ တစ်ခါတည်း ထုတ်ကျွေးတယ်။ ငတ်ငတ်နဲ့ စားလိုက် ကြတာ မောင်ရယ်၊ အတို့ လည်း ဘေးက ကြည့်ရတာ အားရ ဝမ်းသာတာနဲ့ အားပြည့်လာကြတာပဲ။

အဲဒါ တိုတိုက သူကိုယ်တိုင် ငါတို့ကို ဆေးတိုက်ပြုစုတဲ့အပြင် သူကိုယ်တိုင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ်၊ အစုံဝယ်ပြီး ချက် ကျွေးရှာတယ်၊ ဖွားမေကို အချော်မိမှာစိုးလို့တဲ့၊ မီးဖိုနားတောင် မလာ စေရဘူး။ ပြီးတော့ ဟော တဲကလေးကို ကြည့်ပါဦး၊ အခုတော့ သပ်သပ် ရပ်ရပ်ပေါ့၊ မောင်ထွန်းမောင် ရောက်စက အမိုးလည်းမလုံ၊ အကာတွေ လည်း ပျက်ကျနေတယ်။ လေပြင်းပြင်း တိုက်ရင် မခံနိုင်ဘူး၊ အဲဒီလို အနေမှာ မောင်ထွန်းမောင် ရောက်လို့ နှစ်ရက်အကြာမှာ နှင်းမိုး ရွာချလို့ မောင်ထွန်းမောင်ပါမကျန် ငါတို့အကုန်လုံး ရွဲရော ဆိုပါတော့၊ မောင်ထွန်း မောင် ဘာလုပ်သလဲ သိလား၊ အနီးအနားက ဆိုင်စု အိမ်စုမှာ သက်ကယ် တို့၊ ထရံတို့ သူကိုယ်တိုင် သွားဝယ်ပြီး ကိုယ်တိုင် မိုးကာပေးခဲ့တယ် မောင်ရယ်” ။

အဘွားအိုသည် စကားကိုဖြတ်၍ လက်အုပ်အထက်သို့ မြှောက် ချီကာ “ဘုရားသိကြားတော်၊ တပည့်တော်မရဲ့ မြေးကြီး မောင်ထွန်းမောင် ကျန်းမာ ချမ်းသာပါစေ၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့ ၊ ရေလိုအေးလို့ ပန်းလို မွှေးပါစေ.....ဆို၍ မျက်ရည်စမ်းစမ်းနှင့် ရှိခိုး ဆုတောင်းလေ၏။ ကျွန်ုပ်တို့ ပတ်လည်ရှိ လူများကိုပင် မေ့နေဟန် ရှိ၏။ အတန်ကြာမှ ဆက်ပြန်၍

“ငါတို့ မိုးတွေစိုလို့ အေးကြချမ်းကြတော့ မောင့်သူငယ်ချင်း ဘုရားလောင်းကြီးက ဟော-သူမှာပါတဲ့ အင်္ကျီတွေ၊ ပုဆိုးတွေ၊ မျက်နှာ သုတ်ပဝါတောင် မကျန်ဘူး။ အဲဒါတွေနဲ့ တစ်ခါတည်း ငါတို့ လေး ယောက်ကို ပတ်ရံ ခြုံရုံပေးတာပဲ၊ မိဘက သားသမီး ပြုစုသလိုပါပဲ မောင်ရယ်၊ သူကိုယ်တိုင်ကတော့ စွပ်ကျယ်ကလေးနဲ့သာ နေတယ်။ အောင်မယ် ဟော-မောင့်သူငယ်ချင်းက သတ္တိကောင်းကလားကွဲ ၊ မိုးကြီး ပေမယ့် သူမချမ်းဘူးတဲ့၊ ပြီးတော့ လူကြည့်တော့ လုံးရပ်တန်တန်ရယ်၊ နို့ပေမဲ့ သူ့အသားတွေက သံခဲလိုပါကလားကွဲ၊ ဟော-နေ့ခင်း နေ့ခင်းမှာ ဖွားမေတို့ မောင်နှမနှစ်ယောက်ကို သူ့လက်မောင်းသားကြီးတွေ ကြွက် သားကြီးတွေကို ထုတ်ထုတ်ပြတယ်။ မောင်နှမ နှစ်ယောက် သူ့လက် မောင်းကြီးကို စီး စီးပြီး ကစားကြတာပဲ။ အင်မတန် ပျော်ကြတာပေါ့ ။ ဒီသူငယ်ဟာ လူထူးပါကွယ်၊ သန်က သန်မာပါဘိနဲ့၊ ဘုရားလောင်းများ ဆင်ပြောင် ငါးစီး ဆယ်စီးအား ဆောင်နိုင်တယ်ဆိုတာပဲ ထင်ပါရဲ့ကွယ်။

နောက်တစ်နေ့ မနက်စောစော ဟိုအနား ခဏသွားဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ ညနေမှ ပြန်လာတယ်၊ တို့တစ်တွေဆိုတာ တစ်နေ့ ခင်းလုံး သူ့ကို ထမင်းစား စောင့်နေကြတယ်။ အနီးအနား လိုက်ရှာကြ တယ်၊ အဲဒီမနက် ငါတို့ ထမင်းမစားဖြစ်ဘူး၊ ညနေကျလို့ ပြန်လာတော့မှ သိရတာက လက်စသတ်တော့ သူ ဟို ကျိုက်ထိုကို သွားတာကိုး မောင်ရဲ့၊ ဟဲ့ ဖွားမေ နင့်အစ်ကိုကြီး ဝယ်ပေးခဲ့တဲ့ အဝတ်အစားတွေ ယူခဲ့စမ်း၊ ကိုင်း- မောင်ရင်ကြည့်တော့ ငါတို့ဖို့ သူဝယ်လာတာတွေ”

ထိုအခါ အဘိုးကြီးသည် အထုပ်ခပ်ကြီးကြီးတစ်ခုကို ကောက်ယူ၍ “ဟောဒါက ကျုပ်အထုပ်မောင်ရဲ့၊ မောင့်ကို ပြရဦးမယ်”ဆိုကာ အထုပ်ကို ဖြေလေသည်။ အထုပ်အပေါ်က ကြိုးစေ့အောင် အပတ်ပေါင်း များစွာ ရစ်ပတ်ထား၏။ ကြိုးတွေကုန်သောအခါ ပုဆိုးဟောင်း တစ်ထပ်၊ နောက်ပိတ်ဖြူတစ်ထပ်၊ နောက် စက္ကူ သုံး လေးထပ် အလွန်သေချာစွာ ထုပ်ထားသည်ကို တွေ့ရ၏။ နောက်ဆုံးအထပ် ကုန်လေမှ လုံချည် အညိုရောင်တစ်ထည့်၊ အတွင်းခံအင်္ကျီတစ်ထည်၊ အပေါ်အင်္ကျီတစ်ထည်၊ ခေါင်းပေါင်းပဝါတစ်ထည်၊ ပခုံးတင်ပိတ်ဖြူစ တစ်ထည်တို့ ထွက်လာ လေ၏။

ထိုလေးထည်သော အဝတ်တို့ကို အဘိုးကြီးသည် ယုယမြတ်နိုး စွာ ကိုင်တွယ်၍ “အဲဒါ ကျုပ်မြေးရဲ့ ကုသိုလ်တွေပဲ မောင်ရယ်၊ ကျုပ် အဘိုး အဘ ဒီလို မပေးခဲ့ဖူးပါဘူး။ ကျုပ်သားသမီးတွေလည်း မပေး ခဲ့ဖူးဘူး။ ကိုယ်တိုင်လည်း ဝယ်ပြီး မဝတ်နိုင်ခဲ့ဖူးဘူး။ ဒီအဝတ် လေးထည် ကို ကျုပ်ဘာလုပ်မလဲ သိလား၊ ဥပုသ်နေ့တိုင်း ဝတ်ဆင်ပြီး ဥပုသ် စောင့်မယ်၊ အခု စိတ်ကူးတာကတော့ ကျုပ်မြေး ကုသိုလ်ပွားအောင် နေ့တိုင်းပဲ ရှစ်ပါးသီလစောင့်ပြီး သူ့အဝတ်တွေနဲ့ အရိုးထုတ်တော့မယ်။ ကျုပ်သေတဲ့အခါ ဒီအဝတ်တွေ ကျုပ်တို့ဆရာ ဘုန်းကြီးကို လှူလိုက်ဖို့ မှာပြီးပြီ မောင်ရဲ့ ”

အဘွားကြီးကလည်း မိမိအတွက် အဝတ်အစားတို့ကို ပြ၍ “ကျုပ်လည်းပဲ မောင့်အဘိုးအတိုင်းပဲ ဆုံးဖြတ်ပြီးပါပြီ”ဟု ဆို၏။

ဖွားမေကလည်း မိမိအထုပ်ကို အားပါးတရ ဖြေကာ ပြ၏။ ပိုးသားလုံချည်၊ အင်္ကျီ၊ ဘီး၊ မှန် စသည်ဖြင့် မိန်းမ အသုံးအဆောင် အတန်များများ တွေ့ရ၏။ “အဲဒါတွေ ကျွန်မရဲ့ အစ်ကိုကြီး ဝယ်ပေးခဲ့တာ ရှင့်၊ ကျေးဇူးတင်လိုက်တာ အစ်ကိုကြီးရယ်၊ ကျွန်မလေ ညတိုင်း ညတိုင်း အိပ်ခါနီးကို ဦးသုံးကြိမ် ချပါတယ်။ အစ်ကိုကြီးလည်း ပြန်သွားပြီ၊ သိပ်အောက်မေ့တာပဲ”ဆို၍ မျက်ရည်လည်လာလေ၏။ အနားတွင် အစ်မ၏ မျက်နှာကို စိုက်ကြည့်နေသော မောင်ကလေးမှာလည်း မဲ့တဲ့တဲ့ဖြစ်၍ လာလေ၏။

အဘွားကြီးက ဆက်ပြန်၍ “အဲဒါ သူအပြုအစုကောင်းတာနဲ့ ငါတို့ အတော်အတန် ထူထောင်လာကြတာပါပဲ။ သူနေလို့ လေး ငါး ရက်ရှိတော့ ငါတို့လည်း မာပါပြီ၊ မင်း ဘုရားကို သွားဖို့ ဟာ သွားတော့လေလို့ ပြောတော့ အဘွားရယ်တဲ့၊ ဘုရားကို သွားဖူးတာထက် ဘုရား စကားနားထောင်တာ ပိုပြီး ကုသိုလ်ရတယ်တဲ့၊ ပြီးတော့လည်း ဘုရား သွားဖို့ အချိန်လည်း မရှိတော့ဘူး၊ ကျောင်းဖွင့်မီအောင် ပြန်ရမယ်တဲ့။ သူဘုရားမှာ ရွှေချဖို့ ပန်းလှူဖို့ ရေလှူဖို့ မှန်းခဲ့တဲ့အတွက် ငွေကိုလည်း အဘွားတို့ကိုပဲ လှူခဲ့မယ်ဆိုပြီး ငွေဒင်္ဂါးပြားရေ ၃၀ ကျပ်တိတိ ငါတို့ကို ပေးသွားတယ်။ အခု ငါတို့ အသက် ၇၀ ရှိပြီ၊ ကိုယ်ပိုင်အဖြစ်နဲ့ တစ်ခါမှ ငွေ ၃ဝ ကျပ် ပြည့်အောင် မကိုင်ခဲ့ရဖူးဘူး။ ဒီလိုလူမျိုး တွေ့ ဖူးဖို့ ထားလို့ ကြားတောင် မကြားဖူးပါဘူးကွယ်၊ ဟော မောင့်အဘိုးကဖြင့် လူမဟုတ် ဘူး။ နတ်သိကြားများ လူယောင်ဆောင်လာတာလို့ အခုထက်ထိ အတပ် စွဲနေတုန်းပဲ”

ထိုအခါ အဘိုးကြီးက ဝင်တဲ့၍ “ဟဲ့-မယ်တုတ်ကဲ့၊ အခု ဒီမောင် ရင်က သူ့သူငယ်ချင်းပါဆိုလို့သာ နေလိုက်ရတယ်၊ ငါတော့ ဧကန္တ နတ်သိကြားပဲလို့ စွဲလမ်းနေတုန်းပဲ၊ ကြည့်လေ၊ ငါအလကား ပြောတာ မဟုတ်ဘူး၊ ငါတို့ ဆရာ ဘုန်းကြီး ဟောဖူးတယ်၊ ဟဲ့-ဒကာကြီး ဖိုးခွေးတဲ့၊ ငါးပါးသီလ မြဲပြီး မေတ္တာပို့ပြီး ဣတိပိသော ဂုဏ်တော်ကို တစ်နေ့ကို အနည်းဆုံး ၁၀ ပတ်ရအောင် စိပ်တဲ့၊ အကျဉ်းအကျပ်တွေ့ရင် နတ် သိကြားများ လာပြီး ကယ်မတတ်တယ်တဲ့၊ အဲဒါ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကစပြီး ဘုန်းကြီးစကားအတိုင်း စောင့်ထိန်းပြီး ပုတီး မှန်မှန် စိပ်ခဲ့ တာ ညည်းအသိပဲ မဟုတ်လား၊ အဲ-ဟိုနေ့က ငါပက်လက်ကလေး ကြွေနေတော့ ဆရာဘုန်းကြီးရဲ့ အဆုံးအမနဲ့ ဂုဏ်တော်ကို သတိရပြီးဂုဏ်တော်ကို နှလုံးသွင်းနေတယ်။ တော်တော်ကြာ ပါးစပ်ပေါ် ရေစက် ကျလာတော့ အင်း-သိကြားမင်း ရေစင်ဖျန်းလာပေါ့လို့ ငါယုံကြည်လိုက် တယ်။ လူပုံသဏ္ဌာန်နဲ့ တောက်ပြောင် အေးကြည်နေတဲ့ မျက်နှာကို ငါမြင်ရတယ်၊ ဟဲ့-မယ်တုတ်ကဲ့၊ လူရိုးရိုးဟာ ဒီလောက် ကောင်းနိုင်ပါ့ မလားတဲ့။ လူမမာလေးယောက်ကို ဆေးကု၊ ပြုစု၊ ကျွေးမွေး၊ ဝတ်ဆင်၊ အိမ်ကို မိုးကာပေးပြီးတော့ ငွေ ၃ဝ ကျပ် ရင့်မကြီးကို ပေးတာဟာ လူ ရိုးရိုး ဟုတ်နိုင်ပါ့မလားတဲ့၊ တို့ဆရာ ဘုန်းကြီး ပြောဖူးတယ်၊ နတ်သိကြား များ လူယောင်ဆောင်လာရင် အရိပ်မထွက်ဘူး၊ မျက်တောင်မခတ်ဘူး တဲ့၊ ငါဖြင့် မောင်ထွန်းမောင်ရဲ့ အရိပ်ထွက်တာ၊ မျက်တောင်ခတ်တာ မမြင်မိဘူးတဲ့၊ ပြီးတော့ ရုပ်ရည်ကလည်း သန့်ပါဘိသနဲ့၊ ငါဖြင့် ဒီလို ချောတဲ့လှတဲ့ ယောက်ျားကလေး မြင်ဖူးပေါင်ဗျာ”

“အို-ကိုဖိုးခွေးကလည်း လူတော့ လူအစစ်ပါ တော့၊ လူရိုးရိုး မဟုတ်တာတော့ အမှန်ပဲ၊ ဧကန္တ အလောင်းအလျာ တစ်ခုခုတော့ ဖြစ်မှာပဲ။ ကိုင်း-မောင်ရယ်၊ မောင်ထွန်းမောင်ရဲ့ သူငယ်ချင်းဆိုရင်ဖြင့် အဘွားတို့ တဲမှာ တစ်ညလောက်တော့ တည်းပါဦး မောင်ရယ်၊ သူ့ငွေထဲက အလှူဦး ပြုပြီး ထမင်းတစ်နပ်တော့ ကျွေးလိုက်ပါရစေ၊ သံဃာတော် ဆွမ်းကျွေးဖို့ တော့ ငွေ ၅ ကျပ် ဦးချပြီး ဖယ်ထားပြီးပါပြီ”

ထိုအခါ ကျွန်ုပ်မှာ အလွန်ပီတိဖြစ်၍ တစ်ညတည်းရန် ဝန်ခံ လိုက်၏။

ညအိပ်ရာဝင်သောအခါ ကျွန်ုပ်၏ စဉ်းစားခန်း ပေါ်လာလေ၏။

“အင်း-ထွန်းမောင်ကြီးဖြင့် ဘုရားဖူးလာရကျိုး နပ်လေပြီ၊ ထွန်းမောင်ရဲ့ ကုသိုလ်ကို ငါအားကျလှသည်။ ငါကြားဖူးသည်ကား မြတ်စွာဘုရား ရှိစဉ်က တောနယ်မှ ရဟန်းနှစ်ပါး ဘုရားကို ဖူးမြော်ရန်လာကြသတဲ့။ လမ်းခရီးမှာ ရေငတ်ကြသဖြင့် ရေသောက်ကြမည်ရှိရာ ရေစစ်မပါကြသည်နှင့် တစ်ပါးသော ရဟန်းက မြတ်စွာဘုရားသည် ရေ စစ်နှင့်မှ ရေသောက်ရမည်ဟု ပညတ်ချက်ထားသည်။ ယခု ရေစစ်မရှိခဲ့။ ဘုရားကို ကြည်ညိုသည်ဆိုသည်မှာ ဘုရားစကားကို နားထောင်မှ ကြည်ညိုရာ ရောက်သည်၊ ထို့ကြောင့် ရေမသောက်ဘဲ အသက်သေစေတော့ဟု ဆုံးဖြတ်လိုက်၏။ တစ်ပါးသော်ကား ဘုရားဆိုသည်မှာ အလွန် ဖူးမြင်ရခဲ၏။ ရေသောက်ပြီး အသက်ရှင်၍ ဘုရားကို ဖူးမြင်အံ့ဟု ဆုံးဖြတ် လိုက်၏။ ပထမရဟန်းသည် လမ်းတွင် ပျံလွန်ခဲ့၏။ ဒုတိယရဟန်းကား ဘုရားထံရောက်၍ အဖြစ်အပျက်ကို ပြန်လှန် လျှောက်ထားသောအခါ မြတ်စွာဘုရားက ဘုရားစကားနားထောင်၍ လမ်းတွင် အသေခံသော ရဟန်းကိုသာ ချီးမွမ်းတော်မူသတဲ့၊ ယခုလည်း ငါတို့ နှစ်ယောက်နှင့် တူလေစွ။

ငါ့ မှာ ကျိုက်ထီးရိုးဘုရားကိုတော့ ရောက်ပါရဲ့၊ ရောက်တော့ ဘာလုပ်သလဲ၊ ဘုရားကို ပုဆိန်ပေါက် ရှိခိုးတယ်၊ အနားပတ်လည်က ဆူဆူညံညံနှင့် အာရုံစိုက်၍ ရှိမခိုးခဲ့ရ၊ ၎င်းနောက် သူငယ်ချင်းတို့နှင့်လျှောက်၍ ပျော်ခဲ့တယ်။ ဟားတိုက် သီချင်းဆို၊ ဖဲကစား... အဲဒါတွေနဲ့ အချိန်ကုန်တာပဲ၊ အခု ထွန်းမောင်ကို အားကျလို့ အဘိုးကြီး၊ အဘွားကြီး တို့ကို ပိုက်ဆံပေးချင်လို့ ကြည့်တော့ လှည်းခနဲ့ ရထားခသာ ကျန်တော့ တယ်။ ပိုက်ဆံတစ်ပြားမှ မလိုတော့ဘူး။ ဟိုကုန်းတော်မှာတုန်းက တို့လူစု မြေလတ်က အပျိုတစ်စုနဲ့ တွေ့လို့ အလွမ်းသင့် ပိုးပန်းပြီး ဟိုဆိုင် ဧည့်ခံ လိုက်၊ ဒီဆိုင် ဧည့်ခံလိုက်နဲ့၊ သုံးလေးရက် တို့လူစု ပိုက်ဆံဖြုန်းလိုက်ကြ တာ၊ ဘုရားလှူဖို့ မှန်းထားတဲ့ အထဲက သုံးပုံနှစ်ပုံလောက် ပါသွားတာပဲ။ အဲဒီ ပိုက်ဆံတွေ အခု ငါနှမြောလိုက်လှတယ်။

ငါဘုရားဖူးရတာ မယ်မယ်ရရ အကျိုး ဘာမျှ မထင်ပါတကား၊ နတ်ကတော်၊ ရသေ့၊ ရသေ့မ၊ ဖိုးသူတော်၊ မယ်သီလ၊ ပန်းသည်၊ ရေသည်အချို့တို့ကို စိတ်မကျေနပ်၊ လည်ပတ်၊ ပျော်ရွှင် ဒါတွေနဲ့သာ အချိန်ကုန် ခဲ့တယ်။ အင်း...အခု ငါတို့ပြည်မှာ ရတနာသုံးပါးကို အကြောင်းပြပြီး လုပ်ကြတဲ့ ပွဲအမျိုးမျိုးတွေကို သတိရလိုက်ပါဘိတယ်။ ငါဘုရားကို ရောက်သော်လည်း ဘုရားစကားကို နားထောင်တဲ့ မောင်ထွန်းမောင်ရဲ့ ကုသိုလ်မျိုးကို ဘယ်မှာ မီနိုင်မလဲ”စသည်ဖြင့် စိတ်ကူးတွေးတောကာ မပျော်တစ်ချက် ပျော်တစ်ချက်နှင့် မိုးလင်းရလေ၏။

နံနက်တွင် ကျွန်ုပ်ပြန်တော့မည်ဟု နှုတ်ဆက်လေရာ အဘိုးကြီးက “အေး အေး -ပြန်ဦးတော့ မောင်ရယ်၊ မောင်တို့ ကျန်းမာ ချမ်းသာကြပါစေဆိုတာ အဘိုး ဆုတောင်းပါတယ်။ မောင်ထွန်းမောင်ကို ပြောပါ၊ သူဝယ်ပေးခဲ့တဲ့ အဝတ်အစားတို့ကို အဘိုး ဘယ်လို စီမံထားတယ်ဆိုတာ၊ အေးအေး သွားတော့ မောင်ရေ၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေကွယ်” ။

အဘွားကြီးက “သွားတော့မောင်ရေ၊ သွားတော့၊ အဘွားတို့ မသေခင် မောင်ထွန်းမောင်ကို တစ်ခါတော့ တွေ့ချင်သေးသကွယ်၊ မိုးမကျ ခင် အဘွားတို့ ကျန်းမာရင်ဖြင့် ရန်ကုန်ကို ဘုရားဖူးလာခဲ့မယ်လို့ ပြော လိုက်ပါ မောင်ရယ်၊ အခု အဘွားတို့နှစ်ယောက် သေသည်အထိ ရှစ်ပါး သီလစောင့်ဖို့ သစ္စာဓိဋ္ဌာန်ပြုပြီးတဲ့အကြောင်း ပြောပါလေကွယ်၊ အေး အေး သွားတော့ မြေးတွေ သွားတော့”

ဖွားမေက “အစ်ကိုကြီး ထွန်းမောင်ဖို့ လက်ဆောင်ပေးလိုက်ပါ ရစေ၊ ဟောဒါက ကျိုက်ထီးရိုးတောင်ဖြစ် ဝါးဆေးတံ၊ ဒါက သစ်ခွပန်း ခြောက်တစ်ခု၊ ဟောဒါက ကျွန်မအရင်ဖျားတုန်းက ဖြတ်ထားတဲ့ဆံစု၊ အဲဒီ ဆံစုကို တစ်ဝက်ခွဲပြီး ဘုရားကို တစ်ဝက်လှူပါ။ တစ်ဝက်ကို အစ်ကိုကြီးထွန်းမောင် သိမ်းယူထားပါလို့ ပြောပါ၊ ကျွန်မ မသေခင်တစ်ခေါက်တော့ ရောက်အောင်လာပါမယ်လို့လည်း ပြောပါ။ သူ့လိပ်စာ ကို ကျွန်မတောင်းထားလိုက်တယ်။ ပြီးတော့ ရှိခိုးလက်ဆောင်လည်း ပေး လိုက်ပါရစေ၊ ဪ-အစ်ကိုကြီး၊ အခုနေ ရန်ကုန် ဘယ်ဆီမှာလဲ”

ကျွန်ုပ်က ရန်ကုန်ရှိရာသို့ ညွှန်ပြလိုက်သောအခါ ဖွားမေသည် တစ်ပတ်နွမ်း တစ်ထည်ကို တင်၍ ရန်ကုန်(ထွန်းမောင်ရှိရာ)ဘက်သို့ ရိုသေလေးမြတ်စွာ လှည့်၍ ဦးသုံးကြိမ်ချကာ “အစ်ကိုကြီးကို ဦးသုံးကြိမ် ကန်တော့လိုက်ပါတယ်” ဆို၍ ဦးသုံးကြိမ်ချလေသည်။ ထိုအခါ ကလေးမ ၏ မျက်ရည်တို့သည် ကျပြန်လေ၏။

ကျွန်ုပ်သည် ခြေလေးလေးဖြင့် ထွက်ခဲ့ရာ ဖွားမေတို့ မောင်နှမ သည် ကျွန်ုပ်၏ လွယ်အိတ်ကို ယူဆောင်၍ လှည်းဆိပ်အထိ ပို့ကြ၏။ လှည်းသည် တအီအီနှင့် လိမ့်သွားရာ ဖွားမေတို့ မောင်နှမသည် မျက်နှာ ငယ်ငယ်ဖြင့် မျှော်၍ ကျန်ရစ်ကြရှာလေသတည်း။

ကျွန်ုပ်သည် ထွန်းမောင်အခန်းသို့ ဝင်ခဲ့၏။ ထွန်းမောင်က “အလို-မင်း ပြန်လာပြီလား၊ မင်းဘုရားဖူးခဲ့ရတာ အမျှဝေပါဦးကွဲ”

“မသရော်ပါနဲ့ကွယ်၊ ငါ့မှာ အမျှဝေစရာ ကျကျနန တစ်ခုမှ မပါခဲ့ဘူး။ (မျက်နှာငယ်ငယ်နှင့် ပြောသည်။) ဟေ့-မင့်အကြောင်းတွေ ငါကြားခဲ့ သိခဲ့ပြီ၊ မင်းကုသိုလ် အင်မတန် ထူးမြတ်တာပဲ။ ငါ့ကို အမျှ ဝေစမ်းပါကွယ်၊ သူငယ်ချင်းရယ်”

“ဟင်-ဘုရားရောက်တဲ့ လူက လမ်းကပြန်လာတဲ့လူကို အမျှ ဝေခိုင်းနေသလားကွဲ၊ မင်းကလည်း ရူးကြောင်ကြောင်နဲ့”

“ငါမရူးဘူး၊ ငါတကယ်ပြောနေတာ၊ ငါဟာ ကျိုက်ထီးရိုးဆိုတဲ့ စေတီနားတော့ ရောက်ခဲ့တာမှန်တယ်။ နို့ပေမဲ့ မင်းကတော့ သမ္မာသမ္ဗုဒ္ဓ ဘုရားအစစ်ဆီကို ရောက်ခဲ့တယ်လို့ ဆိုရမယ်။ ဒါ့ကြောင့် ငါ့ကို အမျှဝေ ပါကွယ်”
“ဟေ့-မင်းစာကလေး ဘာကလေး အကြည့်ဖူးသားမဟုတ်လား၊ ငါက အမျှဝေမှ မင်းရနိုင်တာ မဟုတ်ဘူး။ မင်းဝမ်းမြောက်ပြီး ကိုယ့် ဘာသာကိုယ် သာဓုခေါ်နိုင်သလောက် ကုသိုလ်ရတာပဲကွဲ ”

“အဲဒါ ငါသိတယ်၊ ဘာဖြစ်ဖြစ် မင်းပါးစပ်က မြွက်ဆိုပြီး ပေး တာကို ငါကြားချင်တယ်၊ ငါသာဓုခေါ်ချင်တယ်။ ဆင်ခြေဆင်လက်တွေ လုပ်မနေပါနဲ့ကွယ်၊ ငါကြည်ညိုလွန်းလို့ပါ။ မင့်ပါးစပ်နဲ့ အမျှဝေစမ်းပါ”

“ကိုင်း ဒါဖြင့်လည်း အမျှဆိုတာ အဖို့ဘာဂ ဆိုလိုတယ်။ ငါက တော့ အဖို့တွေ အဖွဲတွေ လုပ်မနေပါဘူး။ ငါ့ကုသိုလ်အကုန်လုံးကိုပဲ ပေး ပါတယ်ဗျာ။ အကုန်လုံး ယူပါလေတော့”

ထိုအခါ ကျွန်ုပ်သည် သာဓုလေးလေးနက်နက် ခေါ်ပြီးမှ “မင်းကို ငါ ကျေးဇူးတင်တာ တစ်ခုရှိသေးတယ်”

“ဘာလဲ”

“မင်းက ငါ့ကို ဘုရားဖူးနည်း နည်းကောင်း နည်းမွန်တစ်ခု သင်ပေးတဲ့ အတွက်ပေါ့”

(မှတ်ချက်။ ။ဤဝတ္ထုတွင် ဘုရားကြည်ညိုနည်း၌ ဗုဒ္ဓဘာသာ ကို အရင်းတည်၍ ပြခြင်းမှာ မြန်မာနိုင်ငံတွင် အများအားဖြင့် ကိုးကွယ်သော ဘာသာကြီးဖြစ်၍ ပုံစံအနေဖြင့်သာ ပြခြင်းဖြစ်သည်။ အခြား ဘာသာဝင်တို့အတွက်ကား သဘောတရားမျှသာ ယူရန် ဖြစ်၏။)

Want your school to be the top-listed School/college in Moscow?

Click here to claim your Sponsored Listing.

Location

Telephone

Address

Moscow
ZELENOGRAD.UNOCNI.124482