09/10/2021
💠 ်ဖိုက် 💠
➖➖➖➖➖➖➖➖➖➖
(ခေါ် )
💠 #ခဲနက်အကြောင်းတစ်စေ့တစ်စောင်း
➖➖➖➖➖➖➖➖➖➖➖➖
စိန်နှင့်ဂရက်ဖိုက်(ခဲနက်)တို့သည် ကာဗွန်စစ်စစ်များဖြစ်ကြသည်။ အခြားဓာတ်ပစ္စည်းများနှင့် ရောနှောပေါင်းစပ်ခြင်း မရှိသော ဒြပ်စင်သက်သက်များ ဖြစ်၏။
စိန်နှင့် ဂရက်ဖိုက်တို့သည် ကာဗွန်အခဲများ ဖြစ်ကြသော်လည်းစိန်သည် သိရှိရသရွေ့ ပစ္စည်းအားလုံးတွင် အမာဆုံးဖြစ်ရုံမက ကြည်လင်တောက်ပသည့်အတွက် လူအများက တန်ဖိုးထားကြ သည်။ ဂရက်ဖိုက်မှာမူ ပျော့၍ အနက်ရောင်ရှိသောပစ္စည်းဖြစ်သည်။ ဂရက်ဖိုက်ကို စစ်ဆေးကြည့်သောအခါ ပါးလွှာသော အချပ် ကလေးများဖြင့် ဖွဲ့စည်းထားကြောင်းကို တွေ့ရသည်။ ဂရက်ဖိုက်ကို ကမ္ဘာအနှံ့အပြား၌ တွေ့ရသော်လည်းသီဟိုဠ်ကျွန်းတွင် အများဆုံး တူးဖော်ရရှိသည်။ အမေရိကန်ပြည်ထောင်စု၊ အီတလီနိုင်ငံ၊ဆိုက်ဘေးရီးယား၊ မက္ကဆီကိုနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ အချို့ သော ဒေသများမှလည်း အထိုက်အလျောက် တူးဖော်ရရှိသည်။ ဂရက်ဖိုက်ကို သဘာဝအလျောက် တူးဖော်ရရှိသည့် အပြင် ဓာတုဗေဒနည်းအားဖြင့်လည်း ဖော်စပ်ယူနိုင်ပေသည်။
ဂရက်ဖိုက်သည် စိန်လောက် အဖိုးမတန်လှသော်လည်း စိန်ထက်များစွာ အသုံးဝင်သည်။ ဂရက်ဖိုက် တစ်တုံးကိုယူ၍ စက္ကူပေါ်တွင် ခြစ်ကြည့်လျှင် အမဲကြောင်းများ ထင်ကျန်သည်ကို တွေ့ရပေမည်။ ထို့ကြောင့် ဂရက်ဖိုက်ကို အလွန်မှုန့် သော မြေစေးမှုန့်များ(clay)နှင့် ရောပြီးလျှင် ခဲတံပြုလုပ်ရာ၌ ခဲဆံ အဖြစ်ဖြင့် အသုံးပြုကြသည်။
ဂရက်ဖိုက်ဟူသောစကားသည် ဂရိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်(ရေးရန် ဟု အဓိပ္ပာယ်ရသည်)။အချို့ သော ခဲဆံတို့တွင် ဂရက်ဖိုက်ပိုမို ပါဝင်သောကြောင့် ရေးရာ တွင် ပျော့၍ အရောင်မှာလည်း ပို၍နက်သည်။ ဈေးပေါသော ခဲတံများတွင်မူ ဂရက်ဖိုက်နည်း၍ မြေစေးအပါများသောကြောင့် ရေးရာတွင် ချောမွတ်ခြင်းမရှိဘဲ ခြစ်ကြောင်းလည်း ထင်တတ်သည်။ ဂရက်ဖိုက်ကို ကိုင်တွယ်ကြည့်လျှင် စေးကပ်ကပ်နှင့် ချောနေ သည်ကို တွေ့ရမည်။ ထိုသတ္တိကြောင့် ဂရက်ဖိုက်ကို ချောဆီ အဖြစ်ဖြင့်လည်း အသုံးများကြသည်။ ဥပမာအားဖြင့် မော်တော်ကား ဘော ဘယ်ရင်များနှင့် အခြားအပူအားကြီးသော စက်၏ အစိတ်အပိုင်းများအတွက် ဂရက်ဖိုက်မှာ အလွန်ကောင်းသော ချောဆီတစ်မျိုးဖြစ်၏။ ဂရက်ဖိုက်သည် လျှပ်စစ်ဓာတ်ကို ကောင်းစွာစီးနိုင်သောကြောင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ ပြုလုပ်ရာတွင်လည်း အများအပြား အသုံး ပြုကြသည်။ အပူကောင်းစွာခံနိုင်သော လုံ နှင့် ရီတော့ပေါင်းအိုး များ ပြုလုပ်ရာတွင် ဂရက်ဖိုက်ကို သဲမြေစေးတို့နှင့် ရော၍ လုပ်ယူကြသည်။ ထို့ပြင် ခြယ်ဆေးများ၊ အရောင်တင်ဆေးများ ပြုလုပ်ရာတွင်လည်း ဂရက်ဖိုက်ကို များစွာပင်အသုံးပြုကြသည်။
HB ခဲတံ
ရှေးက ခဲတံပြုလုပ်ရာတွင် ခဲကို အသုံးပြုခဲ့ခြင်းကြောင့် ယခုတိုင်အောင် ခဲတံဟု ခေါ်တွင်နေသော်လည်း ယခုခေတ်သုံး ခဲတံများတွင် ခဲလုံးဝမပါချေ။ ခဲအစားဂရက်ဖိုက်(ခဲနက်)ခေါ် တွင်းထွက်ကာဗွန် တစ်မျိုးကိုသာ အသုံးပြုထားသည်။ ရှေးရောမလူမျိုး တို့ခေတ်မှစ၍ ပုံဆွဲခြင်း၊ ရေးမှတ်ခြင်းတို့တွင်မြေဖြူများ၊ ခဲများကို အသုံးပြုလာခဲ့ကြသည်။ သို့သော် ၁၆ ရာစုနှစ် ကုန်ခါနီးလောက်တွင် ဂရက်ဖိုက်ကို စတင် အသုံးပြုလာခဲ့ကြလေသည်။
ကမ္ဘာအရပ်ရပ်တွင် ခဲတံကို မည်မျှ အသုံးများသနည်း ဆိုလျှင် ခဲတံလုပ်ရန် သစ်များ ခုတ်လှဲမှုကြောင့် အချို့သစ်တောကြီးများပင် ကုန်လုနီးပါး ဖြစ်ခဲ့ရလေသည်။ သစ်ပင်တစ်ပင်သည် ခဲတံပေါင်း (၁၇၂၀ဝ၀) ထုတ်လုပ်နိုင်ပါသည်။ ခဲတံပြုလုပ်ရန်အတွက် အကောင်းဆုံးသစ်သားမျိုးမှာ ပျော့စေးစေးဖြစ်နေသည့် ဆီဒါအနီခေါ် ထင်းရှုးတစ်မျိုး ဖြစ်သည်။ ဤသစ်မျိုးကို အမေရိကန်ပြည်ထောင်စု ဗာဂျင်းနီးယားပြည်နယ်မှ အမြောက်အမြားရရှိ၍၊ ထိုထက်အနည်းငယ်မာကျောလေးလံသော အမျိုးအစားကို အာဖရိကတိုက် အရှေ့ပိုင်းရှိ ကင်းနယားနယ်မှရသည်။ သို့သော် အဆိုပါသစ်မျိုး ရှားသွားပြီ ဖြစ်သည့်အတွက်၊ ယခုအခါ ကာလီဖိုးနီးယားပြည်နယ်မှရသော မွှေးကြိုင်သည့် ဆီဒါသစ်မျိုးကို အမြောက်အမြား အသုံးပြုနေကြရသည်။
ဂရက်ဖိုက်ကို ခဲဆန်အဖြစ် စတင်အသုံးပြုစဉ်က တွင်းထွက် ဂရက်ဖိုက်ကို ပထမညက်ညက်ကြေအောင် ကြိတ်ချေ၍၊ အတုံးဖြစ်အောင် တစ်ဖန်ဖိပေးရသည်။ ထို့နောက် အတုံးများမှ အရွယ်တော်အချောင်း ကလေးများရအောင် ခွဲစိတ်ဖြတ်တောက်ပြီးလျှင် ခဲဆန်အိမ်ကလေးများ၌ ထည့်၍ အသုံးပြုခဲ့ကြလေသည်။ သို့သော် ဂရက်ဖိုက်ချည်းသက်သက်မှာ ပျော့လွန်းသည့်အတွက် ၁၈ ရာစုကုန်ခါနီးအချိန်လောက်မှစ၍ ဂရက်ဖိုက်တွင် မြေစေးကို အမာအပျော့ လိုသလို ရောစွက်လုပ်ကိုင်လာကြသည်။ လက်သမားခဲတံအတွက် ရောင်စုံခဲတံများ ပြုလုပ်ရာတွင်မူ ဂရက်ဖိုက်ကို အသုံးမပြုတော့ဘဲ မြေဖြူ၊ မြေစေး၊ သို့မဟုတ် ဖယောင်းတို့ကို အရောင်ဆေးနှင့် ရော၍ အသုံးပြုသည်။
ခဲတံနှင့် ရေးရာတွင် ခဲရာပို၍ မဲစေရန် ခဲဆန်ပြုလုပ်ရာ၌ ဂရက်ဖိုက်တွင် တစ်ခါတစ်ရံ ဆီမှိုင်း အနည်းငယ် ရောစပ်ပေးလေ့ရှိကြသည်။ ယခုခေတ် ခဲဆန်လုပ်ငန်းတွင် ဤသို့ ဂရက်ဖိုက်နှင့် မြေစေး၊ ဆီမှိုင်း အစရှိသည်တို့ ရောထားသောပစ္စည်းကို ရှေးဦးစွာ အပေါက်ကလေးများ ဖောက်ထားသော ခွက်ထဲတွင် ညက်၍ နယ်သားရလာသည့်တိုင်အောင် ရေဖိအားစက်ဖြင့် နယ်ပေးသည်။ နယ်သားကောင်းလာသောအခါ အလိုရှိသော ခဲဆန်အရွယ် ဖောက်ထားသော အပေါက်ကလေးများမှတဆင့် ညှစ်ထုတ်ပေးသည်။ ထိုအခါအောက်တွင် ခံထားသော ပျဉ်ပြားပေါ်သို့ ခဲဆန်များသည် နန်းကြိုးကလေးများပမာ ခွေ၍ ကျဆင်းလာသည်။ ထိုခဲဆန်အခွေများကို အရှည်လိုသလောက် ဖြတ်၍ စန့်အောင်ဆန့်ပြီးလျှင် အခြောက်ခံပေးရသည်။ ထို့နောက် ခွက်တစ်ခုတွင် ထည့်၍ ကာဗွန်မှုန့်ဖြူးပေးပြီးလျှင် အပူခန်းတွင် ရေငွေ့ခြောက်သွားအောင် ပေါင်မုံ့ဖုတ်သကဲ့သို့ အပူတိုက်ပေးရသည်။
ခဲဆန်သွင်းရန် သစ်သားအိမ် ပြုလုပ်ပုံမှာ အရှည် ၇ လက်မ၊ ပြက် ၂ လက်မ၊ ထု ၁/၄ လက်မ အရွယ်ရှိသော ပျဉ်ပြားတစ်ချပ်ပေါ်၌ စက်ဖြင့် ခဲဆန်ဝင်ဆံရုံ ပြော့ကြောင်း ၆ ခု ထိုးပေးသည်။ ထိုပြော့ကြောင်းများထဲတွင် ခဲဆန်များကို ထည့်ပေးသည်။ ထို့နောက် အလားတူ ပြော့ကြောင်း ၆ ခု ထိုးထားသော အခြားပျဉ်ပြားတစ်ချပ်ကို ကော်ရည်သုတ်ပြီးလျှင် အပေါ်မှ အံကျအုပ်ပေး၍ ဖိထားလေသည်။ ခြောက်သောအခါ အဆိုပါ ပျဉ်နှစ်ချပ်သည် တသားတည်းနှင့် မခြား ကပ်သွားသည်။ ထိုအခါ စက်ဖြင့် ခဲတံခြောက်ချောင်း ဖြစ်အောင် ခွဲစိတ်၍ စောင်းသပ်ပြီး လုံးပေးသည်။ ထို့နောက် အရောင်တင်ဆေးသုတ်ခြင်း၊ တံဆိပ်နှိပ်ခြင်း၊ ခဲဖျက်များ တပ်ပေးခြင်းနှင့် သေတ္တာများတွင် ထည့်ခြင်း စသောအလုပ်အားလုံးကို စက်ဖြင့်ပင် လုပ်ကိုင်သွားသည်။
ခဲတံတစ်ချောင်းသည် ၃၅ မိုင်အရှည်ထိ မျဉ်းလိုင်းတစ်ကြောင်းဆွဲနိုင်ပါသည်။ ခဲတံတချောင်းသည် စာလုံးပေါင်း၄၅၀ဝ၀ထိရေးနိုင်ပါသည်။ ဘင်ဂျမင်ဖရင်ကလင်သည် ခဲတံရောင်းဖို့အတွက် ၁၇၂၉- ခုနှစ်ထုတ် ပင်နီဇွဲလားဂေဇက်မှာကြော်ငြာဖူးပါသည်။ ဝီလီယံမွန်ရိုးသည် ခဲတံလုပ်ရန်သစ်သားများကို ၁၈၁၂- ခုနှစ်မှာ ပထမဆုံးထုတ်လုပ်ခဲ့သူဖြစ်ပါသည်။ ဂျွန်စတီးဘက်သည် "The Grapes of Wrath" စာအုပ်ကိုရေးသားရာမှာ ခဲတံချောင်းပေါင်း ၆၀ကိုနေ့တိုင်းအသုံးပြုခဲ့ပါသည်။၁၈၀၀-ခုနှစ်တွင် ထုတ်လုပ်ခဲ့သော ခဲတံများ၏ ၇၅ရာခိုင်နှုန်းသည် အဝါရောင် ဆေးသုတ်ထားသည်။ တရုတ်များကို ဂုဏ်ပြုသည်အနေနှင့် ဖြစ်ပါသည်။ ခဲတံကို အင်္ဂလန်နိုင်ငံမှာတော့ ၁၅၆၄-ခုနှစ်မှာ ပထမဆုံးပြုလုပ်ခဲ့ပါသည်။ ခဲတံတွင် ခဲဆန်များ၏ ခဲသားအလိုက် 3H, 2H, HB, 2B, 3B, 4B, 5B ဟူ၍ အမျိုးအစားများ ခွဲခြားထားပါသည်။
ခဲတန်က B...သည် black အနက်ရောင်သတ်မှတ်ချက် ဖြစ်ပြီး H က hardness ခဲတန်ရဲ့ မာကျောမှု အဆင့် ကို ဖေါ်ပြပါသည်။