08/03/2026
8 March 2026
ဒီနေ့ ရန်ကုန်မြို့ရဲ့ AQI လေး တော်တော်လေး မြင့်နေပါတယ်နော် Unhealthy လို့ ပြနေပါတယ်
တတ်နိုင်သမျှ အပြင်ထွက်တာလေးတွေလျှော့ကြပါ ထွက်ရမယ်ဆိုလည်း mask တပ်ကြပါနော်
ရေများများ သောက်ကြပါ
26/02/2026
လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index, AQI) ဆိုတာ ဘာလဲ? ဘယ်က သတ်မှတ်ထားတာလဲ?
ယခုအပတ် ဖေဖော်ဝါရီလ (၂၃)၊ (၂၄) ရက်နေ့တွေမှာ ရန်ကုန်မြို့တွင်း လေထုအရည်အသွေးညွှန်းကိန်းက အန္တရာယ်ဖြစ်စေတဲ့ အဆင့်ထိ မြင့်တက်ခဲ့တာကို သတင်းတွေမှာရော ကိုယ်တိုင်ပါ လေထုညစ်ညမ်းမှုန်မှိုင်းမှုကို ခံစားခဲ့ရပါတယ်။ ခုရက်တွေမှာတော့ AQI တန်ဖိုးတွေက ကျသွားပြီဖြစ်ပေမယ့် လေထုညစ်ညမ်းမှုဟာ ယေဘုယျအားဖြင့် ဆောင်းရာသီနဲ့ အမှိုက်မီးရှို့တဲ့ရာသီတွေမှာ အဆိုးဆုံးဖြစ်တာကြောင့် အခြေခံအချက်လေးတွေ သိထားသင့်ပါတယ်။ အဲဒါနဲ့ပဲ ဒီအပတ် စကားဝိုင်းမှာ ဒီအပတ်ရဲ့ ရေပန်းအစားဆုံး စကားလုံးတွေ ဖြစ်တဲ့ AQI, PM2.5 တွေအကြောင်း လေ့လာမယ်ဆိုပြီး ပထမဆုံး စကားဝိုင်းလေး စလိုက်ပါတယ်နော်။
AQI ဆိုတာ ဘာလဲ?
Air Quality Index, AQI ဆိုတာ အမေရိကန်နိုင်ငံ Environmental Protection Agency (EPA) က သတ်မှတ်ထားတဲ့ ပြင်ပလေထုအရည်အသွေးကို ဖော်ပြတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ AQI တန်ဖိုးတွေက လူထုကျန်းမာရေးကို ဘယ်လို သက်ရောက်မှုရှိမလဲဆိုတဲ့ ဖော်ပြချက်တွေလည်း ဒီစနစ်မှာပါဝင်ပါတယ်။ AQI တန်ဖိုး (0 ကနေ 300 အထက်) တွေကို အရောင်အလိုက် အဆင့် ၆ မျိုး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အစိမ်း - ၀-၅၀ - ကောင်းမွန်
အဝါရောင် - ၅၁-၁၀၀ - အသင့်အတင့်
လိမ္မော်ရောင် - ၁၀၁-၁၅၀ - ကလေးသူငယ်၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါအခံရှိသူများအတွက် ဘေးဥပါဒ်ရှိ
အနီရောင် - ၁၅၁-၂၀၀ - ဘေးဥပါဒ်ရှိ
ခရမ်းရောင် - ၂၀၁-၃၀၀ - အလွန်ဘေးဥပါဒ်ရှိ
ကြက်သွေးရောင် - ၃၀၀ နှင့်အထက် - အရေးပေါ် ဘေးအန္တရာယ်အခြေအနေ
AQI မှာဆိုရင် အဓိက pollutants တွေဖြစ်တဲ့ Ozone, အလွန်သေးငယ်တဲ့ အမှုန်လေးတွေဖြစ်တဲ့ PM2.5 နဲ့ PM10, Nitrogen Oxide (NO₂), Sulfur dioxide (SO₂), Carbon monoxide (CO) တွေကို တိုင်းတာပါတယ်။
လေထုညစ်ညမ်းခြင်းအလွန်ဆိုးတဲ့အခါမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးအကြောင်း၊ ဆောင်ရန် ရှောင်ရန်တွေကိုတော့ အာရှတော်ဝင်ဆေးရုံက post လေး တစ်ခုက တော်တော်လေး ပြည့်ပြည့်စုံစုံ ရေးထားပေးလို့ အဲဒီ post လေးကိုပါ comment ထဲမှာ ထည့်ပေးထားပါမယ်နော်
(မှီငြမ်း - AirNow website - comment ထဲတွင် link ကို ထည့်ပေးထားပါတယ်)
24/02/2026
မြေကမ္ဘာစကားဝိုင်းလေး ဘယ်လိုဖြစ်လာတာလဲ?
မြေကမ္ဘာစကားဝိုင်းလေးဆိုတာ နာမည်လေးအတိုင်းပဲ ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့ ကျွန်မတစ်ယောက် ကိုယ့်လိုပဲ စိတ်ဝင်စားမှုတူတဲ့သူတွေ စူးစမ်းစိတ်ရှိတဲ့သူတွေအချင်းချင်း ဆွေးနွေးတိုင်ပင်နိုင်မယ့် ရပ်ဝန်းလေးတစ်ခု တည်ဆောက်ချင်ရာကနေ အစပျိုးခဲ့တာပါ။
ဒီ စကားဝိုင်းလေးမှာ အပတ်စဥ် ကျွန်မ စိတ်ဝင်စားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခေါင်းစဥ်တွေကို စကားဝိုင်းဖွဲ့မယ် စာတွေ ရှာဖတ်မယ် လေးစားမှုလေးယှက်ပြီး ဝေဖန်ဆွေးနွေးကြမယ်။ အသိပညာဝေမျှတဲ့ နေရာတစ်ခုဆိုတာထက်ပိုပြီး ကိုယ်သင်ယူလေ့လာထားတဲ့ ပညာတွေကို စုစည်းထားတဲ့ public digital library လေး တစ်ခုအနေနဲ့ တည်ဆောက်ချင်ပါတယ်။
ရေရှည်ဦးတည်ချက်တွေအနေနဲ့ -
၁) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေကို ကျွန်မရဲ့ ရပ်ဝန်းကလူတွေ ပိုမိုနားလည်လွယ်စေဖို့
၂) ကျွန်မတို့ မရည်ရွယ်ပဲ လုပ်မိနေတဲ့ ကမ္ဘာကြီးကို အဆိပ်အတောက်ဖြစ်စေတဲ့ နေ့စဥ်လုပ်ဆောင်မှုတွေကို သိရှိပြီး လျှော့ချနိုင်ဖို့
၃) သဘာဝဘေးအန္တရာယ် အသိတိုးပြီး ကြိုတင်ကာကွယ်မှုလုပ်ငန်းစဥ်တွေကို ပိုမိုသိရှိနိုင်စေဖို့
၄) ကျွန်မအတွက် အခက်ခဲဆုံးပေမယ့် စိတ်အားအသန်ဆုံးဖြစ်တဲ့ "ဗမာဘာသာစကားအပြင် အခြားတိုင်းရင်းသား ဘာသာစကားတွေနဲ့ပါ ဝေမျှနိုင်ဖို့" ဖြစ်ပါတယ်။
ဤခရီး မနီးပေမယ့် တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲပါ။