05/06/2026
World Environmental Day 2026
=======================
အတွက် ဆုတောင်းလွှာ
=======================
ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ထွက်သက်ဝင်သက်လေးကနေ စတင်ပြီး...ကမ္ဘာကြီး ငြိမ်းချမ်းဖို့၊ လူမှုရေးအရ တရားမျှတမှုရှိဖို့နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ မျှခြေတွေရရှိဖို့ ဆုတောင်းကြရအောင်။
စိတ်ကိုအေးအေးထားပြီး လေကိုဝအောင် ရှူသွင်းရအောင် ပြီးတော့ သတိကပ်ပြီး လေကို ပြန်ရှူထုတ်လိုက်ပါ။
ကိုယ့်ရဲ့ ရင်ထဲမှာ ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်း မျိုးစေ့လေးတွေ ရှိလာပြီဆိုရင် အတ္တဆန္ဒတွေကို လျှော့ချပြီး ကိုယ့်ရဲ့ စိတ်အာရုံကို ပိုမိုကောင်းမွန်တဲ့ဘက်ဆီ ပြောင်းလဲပြင်ဆင်လိုက်ရအောင်။
ကိုယ့်ကိုယ်ကိုယ် အစွဲအလမ်း (အတ္တ) တွေ နည်းသွားတဲ့အခါ၊ ဒီကမ္ဘာပေါ်မှာ ရှိနေတဲ့ စနစ်အရ အကြမ်းဖက်ခြင်း (Structural Violence) တွေကို ပိုပြီး နားလည်လာနိုင်စေပါတယ်။
ကိုယ့်ရဲ့ နှလုံးသားနဲ့ ဦးနှောက်ကို ချိတ်ဆက်ပြီး၊
ကမ္ဘာကြီးကို တစစီ အပိုင်းပိုင်းအစစ မဟုတ်ဘဲ တခုလုံး ဥဿုံခြုံငုံတဲ့အမြင် (Wholistic view) နဲ့ ကြည့်တတ်လာပါမယ်။
ဒီတော့မှ ဒီကမ္ဘာမြေကြီးဟာ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ သက်ရှိတွေနဲ့ ပြည့်နှက်နေတာကို မြင်တွေ့လာရမှာပါ။
ပိုပြီး ငြိမ်းချမ်းပြီး အကြမ်းမဖက်တဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်လာဖို့၊ကိုယ့်ရဲ့ နားလည်ပေးနိုင်စွမ်းနဲ့ မေတ္တာတရားတွေ နဲ့အတူ ပျိုးထောင်ကျယ်ပြန့်စေပါတယ်။
ရိုးရိုးရှင်းရှင်းပဲ နေထိုင်သွားဖို့နဲ့ ဖိနှိပ်ခံထားရသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သွားဖို့ သန္နိဋ္ဌာန်ချပါတယ်။ မဟာကရုဏာရှင်ကြီးများရဲ့ မေတ္တာရိပ်ကြောင့်လည်းကောင်း၊ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီကြောင့် လည်းကောင်း၊ ကမ္ဘာကြီးရဲ့ ဆင်းရဲဒုက္ခတွေကို လျှော့ချပေးမယ့် လက်တွဲဖော်ဆောင်ရွက်ဖော် တစ်ယောက် အနေနဲ့ ကျွန်တော် ဖြစ်ပါရစေ။
ဒါမှသာ နောင်လာမယ့် ထောင်စုနှစ်အသစ်မှာ
သက်ရှိအားလုံး သဟဇာတဖြစ်ဖြစ် အတူတကွ နေထိုင်သွားနိုင်မယ့်ဘေးကင်းလုံခြုံတဲ့ ကမ္ဘာမြေကြီး ဖြစ်လာမှာပါ။
ဆူလတ် သီဝရက်ခ်
(Sulak Sivaraksa)
(Prayers for a New Millennium စာအုပ်မှ၊ ၁၉၉၉ ခုနှစ်)
02/06/2026
မင်းထင်ထားတာထက် မင်းက ပိုပါတယ်
======= ======= ======= ======= =======
ပထမဆုံးအနေနဲ့ ငါတို့ စွန့်လွှတ်ရမယ့်အရာကတော့ ငါ ဆိုတဲ့ အစွဲ ပါပဲ။ ဒါက လူတိုင်းရဲ့ စိတ်ထဲမှာ အရမ်းမြစ်တွယ်နေတဲ့ အယူအဆတစ်ခုပေါ့။ ငါ ဆိုတာ သီးသန့်ရှိနေတယ်၊ ငါက ကမ္ဘာကြီးအပါအဝင် တခြားအရာအားလုံးနဲ့ မဆိုင်ဘဲ သီးခြားဖြစ်တည်နေတယ်လို့ ထင်တတ်ကြတာလေ။ ငါတို့ မွေးကတည်းက ငါက မင်းမဟုတ်ဘူး၊ ဒါ မင်းပြဿနာ၊ ငါ့ပြဿနာမဟုတ်ဘူး ဆိုပြီး သီးခြားစီပဲလို့ အခိုင်အမာ ယုံကြည်ခဲ့ကြတယ်။
စာသဘောအရတော့ ဘယ်အရာမှ သီးသန့်ရပ်တည်လို့မရမှန်း သိကြပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ အရာရာကို သီးခြားစီလို့ပဲ ထင်နေကြတုန်း၊ အဲဒီအတိုင်းပဲ ပြုမူနေကြတုန်းပဲ။ ဒါက ငါတို့ အတွေးအခေါ်နဲ့ အပြုအမူတွေရဲ့ အခြေခံဖြစ်နေပြီး ဒုက္ခမျိုးစုံကိုလည်း ဖန်တီးနေပါတယ်။ အဲဒီတော့ ဒီအစွဲကို ဖျောက်ဖျက်နိုင်ဖို့ဆိုတာ အပြင်းအထန် လေ့ကျင့်မှ ရမှာပါ။
တကယ်တော့ အဲဒီနေရာမှာ ငါ ဆိုတဲ့ ပုဂ္ဂိုလ် သတ္တဝါရယ်လို့ မရှိပါဘူး။ တွေးတောမှုတွေ၊ ရောင်ပြန်ဟပ်မှုတွေပဲ ရှိနေတာပါ။ အဲဒီနောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ လူသားတစ်ယောက် မရှိပါဘူး။
ပြင်သစ်တွေးခေါ်ရှင် ဒေးကား (Descartes) က "ငါ တွေးနေတယ်၊ ဒါကြောင့် ငါ ရှိတယ်" လို့ ပြောခဲ့တုန်းက သူတွေးနေတဲ့အချိန်မှာ သူကိုယ်တိုင်က အဲဒီအတွေးပဲလို့ ဆိုလိုတာပါ။ ဒါပေမဲ့ မြတ်စွာဘုရားကတော့ "တွေးတောမှုတွေ ဖြစ်ပျက်နေတာ မှန်ပေမယ့် အဲဒီအတွေးရဲ့ နောက်ကွယ်မှာ 'ငါ' ဆိုတဲ့အရာ ရှိနေဖို့ မလိုပါဘူး" လို့ ဟောခဲ့တယ်။ တွေးတောမှုတွေ ဖြစ်နေတာကိုတော့ ငါတို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ "တွေးတဲ့သူ" ရယ်လို့ သီးသန့်ရှိသလားဆိုတာကတော့ မသေချာပါဘူး။
ဥပမာ- နာကျင်တဲ့ ခံစားချက်တစ်ခု ဖြစ်လာရင် "နာကျင်မှု ဖြစ်နေတယ်" လို့တော့ သေချာပြောလို့ရတယ်။ ဒါပေမဲ့ "နာကျင်မှုကို ခံစားနေတဲ့သူ" ရှိလားဆိုတာကတော့ မသေချာတော့ဘူး။ ဒါဟာ မိုးရွာနေတယ် လို့ ပြောတာနဲ့ ဆင်တူပါတယ်။ မိုးရွာနေတာကတော့ အမှန်ပဲ၊ ဒါပေမဲ့ မိုးကို ရွာအောင်လုပ်နေတဲ့ "မိုးရွာစေသူ" ဆိုတာ သီးသန့်မရှိပါဘူး။ မိုးရွာဖို့အတွက် မိုးရွာစေသူ မလိုသလိုပဲ... အတွေးတွေ ဖြစ်ပေါ်ဖို့အတွက် "တွေးတဲ့သူ" မလိုပါဘူး။ ခံစားချက်တွေ ဖြစ်ပေါ်ဖို့အတွက်လည်း "ခံစားတဲ့သူ" မလိုပါဘူး။ ဒါဟာ အနတ္တ (အတ္တမဟုတ်ခြင်း) ရဲ့ တရားပါပဲ။
ငါတို့က ငါ လို့ အစွဲပြုတဲ့အခါ "ဒီခန္ဓာကိုယ်က ငါပဲ၊ ဒါမှမဟုတ် ဒီခန္ဓာကိုယ်က ငါ့ဟာ၊ ငါပိုင်တာ" လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ဒီအယူအဆက အမှန်တရားနဲ့ လွဲမှားနေပါတယ်။ မိမိခန္ဓာကိုယ်ကို သေသေချာချာ စိုက်ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်ဆိုတာ စီးဆင်းနေတဲ့ ရေအိုင်အလျဉ်တစ်ခုလိုပဲဆိုတာ မြင်ရလိမ့်မယ်။
အဲဒီစီးဆင်းမှုထဲမှာ မင်းရဲ့မိဘတွေ၊ မင်းရဲ့ဘိုးဘွားဘီဘင်တွေကိုပါ မြင်နိုင်ပါတယ်။ ဒါကြောင့် စီးဆင်းမှုသာ ရှိနေတာ၊ ငါ လို့ ခေါ်တဲ့သူ သီးသန့်ရှိနေတာ မဟုတ်ပါဘူး။ ပြီးတော့ အဲဒီစီးဆင်းမှုထဲမှာ လူသားဘိုးဘွားတွေတင်မကဘဲ တိရစ္ဆာန်၊ အပင်နဲ့ သတ္တုတွင်းထွက်တွေရဲ့ အဆက်အစပ်တွေကိုပါ မြင်နိုင်ပါတယ်။ အရာအားလုံးက တစ်ဆက်တည်း ဖြစ်နေတာပါ။ အဲဒီနောက်ကွယ်မှာ လုပ်ဆောင်နေတဲ့ အဓိက သရုပ်ဆောင်တစ်ယောက် ရှိနေသလားဆိုတာ မသေချာပါဘူး။
ဒါကြောင့် "ငါ ရှိတယ်" လို့ ပြောမယ့်အစား ငါတို့ဟာ အပြန်အလှန် ဆက်နွှယ်တည်ရှိနေကြတယ် (We inter-are) လို့ ပြောတာက အပြန်အလှန် ဆက်စပ်မှု သဘောတရားအရ အမှန်တရားနဲ့ ပိုနီးစပ်ပါတယ်။ အကယ်၍ အဖေနဲ့သား၊ အမေနဲ့သမီးကြားမှာ ဒီ "အတ္တမရှိခြင်း" အမြင်သာ ရှိခဲ့ရင်၊ အပြန်အလှန် ဆက်နွှယ်နေတဲ့ အလင်းတန်းနဲ့ ကြည့်နိုင်ခဲ့ရင် ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ပါဘူး။ ငါတို့က အပြန်အလှန် ဆက်နွှယ်တည်ရှိနေကြတာပါ။ "မင်းက အဲဒီလို ဖြစ်နေလို့၊ ငါက ဒီလို ဖြစ်နေရတာ" လေ။ ဒါကြောင့် ငါ ဆိုတဲ့ အစွဲကို စွန့်လွှတ်ဖို့က အရမ်းအရေးကြီးပါတယ်။ အဲဒီအစွဲက လက်ရှိ သဘာဝတရားရဲ့ အမှန်တရားကို ကွယ်ထားလို့ပါပဲ။
"သီးသန့် ငါ ရှိတယ်" ဆိုတဲ့ အတွေးက လူကို ပိတ်လှောင်ထားတဲ့ လိုဏ်ခေါင်းအမှောင်ကြီးတစ်ခုထဲ တိုးဝင်နေရသလိုပါပဲ။
တကယ်လို့ မင်း တရားဓမ္မကို နှလုံးသွင်း ကျင့်ကြံတဲ့အခါ... ရှူထုတ်ရှူသွင်းနေတဲ့ "ထွက်သက်ဝင်သက်" ပဲ ရှိပြီး၊ ရှူနေတဲ့ "သူ" ဆိုတာ ဘယ်နေရာမှ ရှာမတွေ့တော့တာကို မြင်လာလိမ့်မယ်။ ထိုင်နေတဲ့ "ထိုင်ခြင်း" ပဲ ရှိပြီး၊ ထိုင်နေတဲ့ "သူ" ဆိုတာ မရှိတော့တာကို တွေ့လာလိမ့်မယ်။ အဲဒီလို အမှန်အတိုင်း မြင်သွားတဲ့နေ့မှာတော့ အဲဒီပိတ်လှောင်ထားတဲ့ လိုဏ်ခေါင်းကြီး ပျောက်ကွယ်သွားပြီး၊ မင်းရဲ့စိတ်ထဲမှာ အရမ်းကို ကျယ်ပြောပြီး လွတ်လပ်ပေါ့ပါးတဲ့ အရသာကို ခံစားရပါလိမ့်မယ်။
သစ်နက်ဟန်
01/12/2025
သူသဘောနဲ့ သူပဲ
==================================
တကယ်တော့ မြစ်ရေတစ်စင်း စီးဆင်းနေတယ်ဆိုတာ
ကျွန်တော်တို့ကို ပထဝီသင်ခန်းစာ ပို့ချချင်လို့
စီးနေတာ မဟုတ်ပါဘူး။
တိမ်တိုက်တွေ လွင့်မျောနေတာကလည်း
ပန်းချီဆရာတွေကို အလှတရားတွေ
ဝေငှချင်လို့ မဟုတ်ပြန်ဘူး။
လေပြည်လေညှင်းလေး တိုက်ခတ်နေတာကလည်း
ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ကုစားပေးဖို့၊
ဘဝဒဿနတွေ ဖွင့်ဆိုပြဖို့
တိုက်ခတ်နေတာမှ မဟုတ်တာ။
သူ့ခရီး၊ သူ့လမ်းကြောင်းအတိုင်း
သူ့အလိုလို ရွေ့လျားနေကြတာ သက်သက်ပါပဲ။
ဒါကို သိပ္ပံပညာရှင်တွေကတော့
သဘာဝနိယာမ လို့ ပြောကြမယ်။
ယုံကြည်သူတွေကတော့ ဖန်ဆင်းရှင်ရဲ့ လက်ရာ လို့ ဆိုကြမယ်။
ဆင်ခြင်တွေးတောတတ်သူတွေကျတော့ မမြဲခြင်း တရား လို့ တွေးကြလိမ့်မယ်။
ခံယူချက်တွေ
ယုံကြည်မှုတွေ
စိတ်နေသဘောထားတွေ အမျိုးမျိုး ကွဲပြားကြတဲ့
ဒီလူ့လောကကြီးမှာ အဓိပ္ပာယ်ဖွင့်ဆိုတာတွေ၊
ရှုမြင်ပုံတွေ အမျိုးမျိုး ကွဲပြားနေမှာကတော့
သေချာတာပေါ့။
လူတွေက ကိုယ့်ဉာဏ်မီသလောက်၊
ကိုယ်တပ်ထားတဲ့ ရောင်စုံမျက်မှန်ရဲ့
အကန့်အသတ်အတိုင်းပဲ ပုံဖော်
သတ်မှတ်တတ်ကြတာကိုး။
ဒါပေမဲ့ ဘယ်သူတွေ ဘာပြောပြော
မြစ်ရေကတော့ ဆက်စီးနေမှာပဲ။
တိမ်တိုက်ကလည်း ရွေ့မြဲ ရွေ့နေမှာပဲ။
လေပြည်ကလည်း တိုက်မြဲ တိုက်နေဦးမှာပါပဲ။
13/09/2025
နွေခေါင်ခေါင်က မိုးချိန်းသံ
ကျွန်တော်တို့အများစုဟာ မနိုးတဝက် နိုးတဝက် နဲ့ ရှင်သန်နေကြပါတယ်။ ဒီလောကကြီးထဲမှာ ရှင်သန် နေထိုင်နေပေမဲ့ တကယ်တမ်းကျတော့ မသိမှု အာသဝ အိပ်မက်ထဲ လမ်းလျှောက်နေတဲ့သူတွေလိုပါပဲ။ ကိုယ့်ပတ်ဝန်းကျင်ကို အမှန်တကယ် မမြင်၊ မသိ မခံစားမိဘဲ နေ့ရက်တွေကို ဖြတ်သန်းနေကြတာပါ။ ကိုယ်ကိုယ်ကိုယ်နဲ့ ကိုယ်ပတ်ဝန်းကျင် လောကကို သိဖို့ မြင်ဖို့ ခံစားနိုင်ဖို့ ဆိုရင် နိုးထလာဖို့ လိုပါတယ်။
တကယ်တော့ နိုးထခြင်း မှာ အဓိက အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမဆုံး နိုးထမှုကတော့ ဒီကမ္ဘာမြေကြီးရဲ့ အလှတရားကို မြင်တတ် သိတတ် ခံစားတတ်လာတာပါပဲ။ နိုးထလာတဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုရှိနေပြီး၊ အဲဒီခန္ဓာကိုယ်ဟာ ဒြပ်ထု ဒြပ်မှုန်တွေ ဖြစ်တဲ့ အတွက် ကမ္ဘာမြေ၊ နေနဲ့ ကြယ်တာရာတွေနဲ့ပဲ ဖွဲ့စည်းထား တယ်ဆိုတာကို သတိပြုမိလာပါလိမ့်မယ်။ မိုးကောင်းကင်ကြီးရဲ့ အလှတရားကို သင်ခံစားမိလာမှာပါ။ ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်ဟာ စကြဝဠာရဲ့ ရတနာတစ်ပါးဖြစ်တယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။ ဒီလို အသိအမြင် ဒီလို နိုးထမှုက ကိုယ့်ကိုယ်ကို ကုစားနိုင်မယ့် ခွန်အားကို ပေးစွမ်းမှာပါပဲ။
ဒုတိယ နိုးထမှုကတော့ လောကရဲ့ ဒုက္ခတွေကို မြင်နိုင်စွမ်းရှိလာတာ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးနဲ့ သက်ရှိမျိုးစိတ်တွေ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို သင်နိုးထသိမြင်လာပါလိမ့်မယ်။ အဲဒီအခါမှာ သက်သာရာရအောင်၊ ကုစားပေးနိုင်အောင်နဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးချင်တဲ့ ပြင်းပြတဲ့ဆန္ဒတွေ သင့်ရင်ထဲမှာ ဖြစ်ပေါ်လာမှာပါ။ ဒီလိုနိုးထပြီး လောကကို အကျိုးပြုဖို့အတွက် မေတ္တာစိတ် ဆိုတဲ့ အင်မတန်ကြီးမားတဲ့ စွမ်းအင်ရင်းမြစ်တစ်ခု လိုအပ်ပါတယ်။ အဲဒီမေတ္တာတရား သင့်ရင်ထဲမှာသာ ကိန်းဝပ်နေပြီဆိုရင် သင်ဟာ ဗုဒ္ဓတစ်ဆူ လိုပါပဲ။
ဒါပေမဲ့ သင်က လောကရဲ့ ဒုက္ခတွေကို မြင်နေပါလျက်နဲ့ ကိုယ့်ရဲ့နေထိုင်ရှင်သန်ပုံကို မပြောင်းလဲသေးဘူးဆိုရင်တော့ သင့်ရဲ့နိုးထမှုဟာ အားမကောင်းသေးဘူး ဒါမှမဟုတ် အမှန်တကယ် မနိုးထသေးဘူးလို့ ဆိုရမှာပါပဲ။ ဇင်ဘာသာမှာတော့ ဆရာတွေက တပည့်တွေကို နိုးကြားလာစေဖို့ တခါတရံ အော်ဟစ်တာ၊ ရိုက်နှက်တာမျိုးတွေအထိ လုပ်တတ်ကြပါတယ်။ သူတို့ရဲ့ ဟိန်းဟောက်သံဟာ "နွေခေါင်ခေါင်က မိုးချိန်းသံ" နဲ့ တူပါတယ်။ အဲဒီမိုးချိန်းသံက သင့်ကို လှုပ်နှိုးလိုက်ပြီးတဲ့နောက် လိုက်လာမယ့် မိုးရေစက်တွေကြောင့် မြက်ပင်၊ ပန်းမန်တွေ ဖူးပွင့်လာသလို သင့်ရင်ထဲမှာ အသိတရားတွေ တိုးပွားလာစေမှာပါ။
ဥပဒေအသစ်၊ မူဝါဒအသစ်တွေ ချမှတ်ရုံနဲ့ ဒီကမ္ဘာကြီးကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ တကယ့်အပြောင်းအလဲကို ဖော်ဆောင်ဖို့က ကျွန်တော်တို့ရဲ့ အတွေးအခေါ် နဲ့ ရှုမြင်ပုံ ကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီအလုပ်ကို ကိုယ့်အတွက်ကိုယ်ပဲ လုပ်ဆောင်ရမှာဖြစ်ပြီးတော့ ဘယ်သူကမှ သင့်ကိုယ်စား ဝင်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်နေရင်တောင် ပြုပြင်ပြောင်းလဲမှုကို အခြားပြင်ပက မစဘဲ စိတ်အတွင်းကနေပဲ စတင်သင့်ပါတယ်။
တဦးချင်းစီရဲ့ နိုးကြားမှုတွေ စုပေါင်းမိမှသာ စုပေါင်းနိုးကြားမှုဆိုတာ ဖြစ်ပေါ်လာနိုင်မှာပါ။ သင်ကိုယ်တိုင် နိုးထလာတဲ့အခါ သင့်ပတ်ဝန်းကျင်က လူတွေအတွက်လည်း အခွင့်အရေးတစ်ခု ဖြစ်လာစေပါတယ်။ ကိုယ့် အတွင်းစိတ်ဒုက္ခတွေ နည်းပါးလာမှသာလျှင် တခြားသူတွေကို ပိုပြီးထိထိရောက်ရောက် ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းခြင်း၊ နိုးထခြင်းနဲ့ ဉာဏ်အလင်းရခြင်းအားလုံးဟာ ကိုယ်ဆီကနေပဲ စတင်ရမှာပါ။
ဒီခရီးအတွက် အနုပညာနှစ်ရပ်ကို သင်ယူဖို့ လိုအပ်ပါတယ်။ ပထမတစ်ခုက "ပျော်ရွှင်ခြင်း အနုပညာ" ပါ။ ဘဝရဲ့ ပစ္စုပ္ပန်တည့်တည့်မှာ နေထိုင်ပြီး ကိုယ့်အတွက်လိုအပ်တဲ့ အာဟာရနဲ့ ကုစားမှုကို ဘယ်လိုရယူမလဲဆိုတာ သင်ယူဖို့ပါပဲ။ ဒုတိယတစ်ခုကတော့ "ဒုက္ခကို ရင်ဆိုင်ခြင်း အနုပညာ" ပါ။ ဒုက္ခကို ကျွမ်းကျင်စွာ ရင်ဆိုင်ကျော်လွှားနည်းကို သင်ယူပြီး ကိုယ်တိုင်ရဲ့ ပူဆွေးမှုကို လျော့ပါးစေကာ တခြားသူတွေကိုပါ ကူညီနိုင်စွမ်းရှိလာတာ ဖြစ်ပါတယ်။
တရားရှုမှတ်တယ်ဆိုတာ ဘဝကနေ ထွက်ပြေးတာမဟုတ်ပါဘူး။ စိတ်ပျက်အားငယ်မှုတွေကနေ ရုန်းထွက်ဖို့၊ မကြောက်တရားကို ရှာဖွေတွေ့ရှိဖို့နဲ့ သတ္တဝါအားလုံးကို ကူညီနိုင်မယ့် ကရုဏာတရားကို အမြဲရှင်သန်နေစေဖို့အတွက် "အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ရှုမြင်သုံးသပ်ခြင်း" ဖြစ်ပါတယ်။
သင်လုပ်ဆောင်ရမှာကတော့ ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ပါပဲ။ ဘာမှမလုပ်ဘဲ ငြိမ်သက်စွာထိုင်နေချိန်၊ သတိနဲ့ လမ်းလျှောက်နေချိန်တွေမှာ ပတ်ဝန်းကျင်ရဲ့ အခြေအနေမှန်နဲ့ ကိုယ့်စိတ်ရဲ့ အတွင်းသဏ္ဌာန်ကို အေးအေးချမ်းချမ်းနဲ့ ရှုမြင်သုံးသပ်ကြည့်လိုက်ပါဗျာ။
ဗီယက်နမ် ဇင်ဆရာတော် သစ်နက်ဟန် (Thich Nhat Hanh) ၏ Zen and the Art of Saving the Planet စာအုပ်မှ "Spring Thunder" ဆောင်းပါးကို မောင်ဥဂ္ဂါ က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
24/07/2025
ဂျိုအန်နမေစီအတွက် အမှတ်တရ - ဆုလာဒ် သီဝရက္ခ၏ ဂုဏ်ပြုစကား
================================================
အမေရိကန် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူ၊ စာရေးဆရာမနှင့် ဗုဒ္ဓဘာသာ ပညာရှင်တစ်ဦးဖြစ်သူ ဂျိုအန်နမေစီ (Joanna Macy) သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါသည်။ သူမနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်သည့် ထင်ရှားသော ထိုင်းလူမှုရေးတက်ကြွလှုပ်ရှားသူနှင့် ပညာရှင်တစ်ဦးဖြစ်သူ ဆုလာဒ် သီဝရက္ခ (Sulak Sivaraksa) က သူမအား သတိတရ လွမ်းဆွတ်စကားများဖြင့် အောက်ပါအတိုင်း ဂုဏ်ပြုပြောကြားခဲ့ပါသည်။
အစောပိုင်းကာလများတွင် ဗုဒ္ဓဘာသာကို လေ့လာခဲ့သည့် အနောက်တိုင်းပညာရှင်များ (ဥပမာ - Rhys Davids နှင့် သူ့ဇနီး Caroline Augusta Rhys Davids)တို့ ရှိခဲ့ကြသော်လည်း သူတို့သည် သုတေသနပြုသူများသာဖြစ်ပြီး တရားကို လက်တွေ့ကျင့်ကြံအားထုတ်သူများ မဟုတ်ကြပါ။ ဂျိုအန်နမေစီ (Joanna Macy)ကတော့ ဗုဒ္ဓဘာသာကို လေ့လာရုံသာမကဘဲ မြတ်စွာဘုရား၏ အဆုံးအမတော်များကို အမှန်တကယ် ကျင့်ကြံအားထုတ်ခဲ့သည့် အနောက်တိုင်းသားများထဲမှ ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်ခဲ့ပါတယ်။
သူမသည် ဗုဒ္ဓဘာသာတရားတော်ကို သက်ဝင်ယုံကြည်လာချိန်၌ အရှေ့တိုင်းတွင် ကောင်းမွန်သောအဖြေကို ရှာတွေ့နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သူ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် သံဃာ့လှုပ်ရှားမှုများကို အားကျလေးစားခဲ့ဖူးပါသည်။
သူမကို ဝေဖန်ပိုင်းခြားသည့်အမြင်ဖြင့် ကြည့်လျှင် အားသာချက်၊ အားနည်းချက် နှစ်မျိုးစလုံးကို ပိုင်ဆိုင်သူတစ်ဦးအဖြစ် ကျွန်တော်မြင်မိပါသည်။ ဗုဒ္ဓဘာသာဝင်မှန်လျှင် အရာရာကို ဟုတ်တိုင်းမှန်ရာ မြင်တတ်ရမည် မဟုတ်ပါလား။ သို့သော် သူမ၏ အကောင်းဆုံးအရည်အသွေးမှာ ကျွန်တော့်စကားကို နားထောင်ပြီး မိမိ၏အမြင်ကို ပြန်လည်သုံးသပ်ပြောင်းလဲတတ်ခြင်းပင် ဖြစ်သည်။ ထို့နောက်ပိုင်းတွင် သူမသည် အရာတိုင်းကို ပိုမိုအလေးအနက်ထားပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်း ပို၍ရှိလာခဲ့သည်။
ဂျိုအန် သည် ကျွန်တော့်ထက် အသက်သုံးနှစ်ကြီးသော်လည်း ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် နာမ်ပိုင်းဆိုင်ရာ စွမ်းအားများတွင် ကျွန်တော့်ထက် သာလွန်သူတစ်ဦးအဖြစ် ကျွန်တော်မြင်မိပါသည်။ သူရေးသားခဲ့သော စာအုပ်များစွာအနက် အများစုမှာ အလွန်ရောင်းကောင်းခဲ့ပြီး လူကြိုက်များခဲ့သည်။ ကျွန်တော်သည် သူမကို အစဉ်လေးစားခဲ့သလို၊ ယခုအခါမှာလည်း တကယ်ကို သတိတရ လွမ်းဆွတ်နေမိပါသည်။
သူမသည် နောက်ဆုံးမှာတော့ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီဟု ကြားသိရသည့်အတွက် ဝမ်းမြောက်မိပါသည်။ ယခုအခါ သူမသည် အမိတာဘ ဘုရားရှင်နှင့်အတူ အနောက်တိုင်းသုခဝတီဘုံ၌ ပျော်မွေ့စွာ စံစားနေလောက်ပြီဖြစ်ကြောင်း ကျွန်တော် အခိုင်အမာ ယုံကြည်မိပါသည်။
ဆုလာဒ် သျှီဝရက္ခ
၂၂ ဇူလိုင် ၂၀၂၅
ဂျိုအန်းန ရော်ဂျာ မေစီ (Joanna Rogers Macy) (၂ မေ ၁၉၂၉ – ၁၉ ဇူလိုင် ၂၀၂၅) သည် အမေရိကန် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူ၊ စာရေးဆရာမနှင့် ဗုဒ္ဓဘာသာ ပညာရှင်တစ်ဦး ဖြစ်သည်။
https://www.inebnetwork.org/sulak-sivaraksa-a-tribute-to-joanna-macy မှ ကူးယူ ပြန်ဆိုဖော်ပြပါသည်။
20/07/2025
ကမ္ဘာမြေကို ချစ်တတ်အောင် သင်ပေးခဲ့သူ၊ ကျွန်ုပ်တို့၏ ဆရာမဂျွန်နန်နာမေစီ အသက် ၉၆ နှစ်တွင် ကွယ်လွန်
ရန်ကုန်၊ ဇူလိုင် ၂၁
ကမ္ဘာမြေနှင့် သက်ရှိလောကအပေါ် နက်ရှိုင်းသော မေတ္တာတရားနှင့် ဂေဟဓမ္မအရေး တက်ကြွလှုပ်ရှားသူ၊ စာရေးဆရာ၊ တွေးခေါ်ပညာရှင်နှင့် ကျွန်ုပ်တို့၏ ချစ်ခင်လေးစားရပါသော ဆရာ၊ မိတ်ဆွေဖြစ်သူ Joanna Macy (ဂျိုအန်နာ မေစီ) သည် ဇူလိုင်လ ၁၉ ရက်၊ ပစိဖိတ်စံတော်ချိန် ညနေ ၃ နာရီ ၅၆ မိနစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာကလေမြို့ရှိ သူမ၏ နေအိမ်၌ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ်ရှိပြီဖြစ်ပါသည်။
Joanna Macy ၏ ကွယ်လွန်ခြင်းသည် ကမ္ဘာတဝှမ်းရှိ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သူမ၏ သင်ကြားမှုများမှတစ်ဆင့် ဘဝအဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခဲ့ကြသူများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်ပါသည်။
Joanna Macy ၏ ဘဝနှင့် လုပ်ဆောင်ချက်များ
Joanna Macy ကို ၁၉၂၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ မွေးဖွားခဲ့ပြီး သူမ၏ ဘဝတစ်လျှောက်လုံးကို ကမ္ဘာမြေ၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများမှတစ်ဆင့် အဓိပ္ပာယ်ရှိသော လုပ်ဆောင်ချက်များအဖြစ်သို့ ပြောင်းလဲနိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်းနှင့် မျှဝေခြင်းတို့တွင် မြှုပ်နှံခဲ့သူဖြစ်သည်။
လူသားများအနေဖြင့် မိမိတို့ခံစားနေရသော ကမ္ဘာမြေကြီးအတွက် နာကျင်မှု၊ ဝမ်းနည်းမှုနှင့် ဒေါသများကို မျိုသိပ်မထားဘဲ၊ ထိုခံစားချက်များကို စုပေါင်းအင်အားအဖြစ်သို့ ပြောင်းလဲကာ ကမ္ဘာမြေအတွက် အပြုသဘောဆောင်သော အပြောင်းအလဲများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။ သူမ၏ "Active Hope" ဆိုသည့် အယူအဆမှာလည်း ကမ္ဘာတစ်ဝှမ်းရှိ လူအများအပြားကို စိတ်အားထက်သန်စေခဲ့ပြီး၊ မျှော်လင့်ချက်ဆိုသည်မှာ ပတ်ဝန်းကျင်ကောင်းလာမှ ဖြစ်ပေါ်လာရမည့်အရာမဟုတ်ဘဲ၊ မိမိတို့ကိုယ်တိုင်က တက်ကြွစွာ ဖန်တီးယူရမည့် အရာဖြစ်ကြောင်း လမ်းညွှန်ပြသခဲ့သည်။
Joanna Macy သည် စာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီး၊ ကမ္ဘာအနှံ့အပြားသို့ ခရီးသွားကာ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ သူမ၏ အသိပညာနှင့် နှလုံးသား နွေးထွေးမှုကို မျှဝေခဲ့သည်။ သူမ၏ သင်ကြားမှုများသည် ကျွန်ုပ်တို့အားလုံးသည် တစ်ဦးနှင့်တစ်ဦး၊ သက်ရှိအားလုံးနှင့် ကမ္ဘာမြေကြီးနှင့် အပြန်အလှန် ဆက်စပ်နေကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်စေခဲ့သည်။
ကျွန်ုပ်တို့ ချစ်ခင်လေးစားရပါသော ဆရာမ Joanna Macy ကွယ်လွန်သွားသည့်အတွက် များစွာ ဝမ်းနည်းရပါသည်။ ဆရာမသည် ကျွန်ုပ်တို့အား ကမ္ဘာမြေကြီးကို မည်သို့ချစ်ရမည်၊ မိမိတို့၏ နာကျင်ခံစားမှုများကို ခွန်အားအဖြစ် မည်သို့ပြောင်းလဲရမည်ကို သင်ကြားပေးခဲ့သူဖြစ်သည်။
သူမ၏ အဆုံးအမများသည် ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် အမြဲရှင်သန်နေပြီး၊ သူမ ညွှန်ပြခဲ့သော လမ်းစဉ်အတိုင်း ကမ္ဘာမြေအတွက် အကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားပါမည်ဟု ကတိပြုပါသည်။
ဆရာမ Joanna Macy ၏ မိသားစုနှင့် ကမ္ဘာအနှံ့အပြားရှိ သူမ၏ တပည့်တပန်းများ၊ မိတ်ဆွေများအားလုံးနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။ ဆရာမ ကောင်းရာသုဂတိလားပါစေ။
16/06/2025
🏞️ အင်းလေး၊ မကျဉ်းဆိပ်ကျေးရွာမှာ World Environment Day 2025 ကို သစ်ပင်စိုက်ပွဲ၊ ဘော်လီဘောပွဲ ကျင်းပ! 🏐
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ မကျဉ်းဆိပ်ကျေးရွာ မှာ ဇွန်လ ၅ ရက်နေ့က ကျရောက်ခဲ့တဲ့ World Environment Day 2025 ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပခဲ့ပါတယ်။
ကျေးရွာဆရာတော် ဦးဆောင်ပြီး ရပ်သူရွာသားတွေ ပူးပေါင်းကာ သစ်ပင်စိုက်ပျိုးပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ပွဲတော်ကို ပိုပြီး စည်ကားစေဖို့အတွက် ဘော်လီဘောပြိုင်ပွဲ ကိုပါ တစ်ပါတည်း ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အားကစားလှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်တာက လူငယ်တွေအပါအဝင် လူတိုင်းကို ပိုမိုစိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။
16/06/2025
🙏 ပြည်မြို့ရှိ သီလရှင်များ ဦးဆောင်ပြီး World Environment Day အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲများ စည်ကားစွာ ပြုလုပ်! 🙏
ဇွန်လ ၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ World Environment Day 2025 ကို ပြည်မြို့မှာလည်း အားတက်သရော ကျင်းပခဲ့ကြပါတယ်။ ပြည်မြို့ရှိ သီလရှင်များ ဦးဆောင်ပြီး ပြည်တောရကြီး ၆ ခု မှာ ရဟန်းရှင်လူအများနဲ့ ပူးပေါင်းကာ သစ်ပင်စိုက်ပျိုးပွဲတွေကို ပြုလုပ်ခဲ့တာပါ။
သာသနာ့ဝန်ထမ်းတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် အလေးအနက်ထားမှုကို ပြသနေပါတယ်။ ဒီလိုပွဲတွေကနေ သဘာဝပတ်ဝန်းကျင်ရဲ့ အရေးပါပုံကို လူတိုင်းနားလည်သဘောပေါက်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်အောင် အတူတကွ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
16/06/2025
🌳 မကွေး၊ ပွင့်ဖြူမြို့နယ် လွမ်းတောင်တောရမှာ တောရိုင်းတိရစ္ဆာန်တွေအတွက် အမှီခိုကောင်းဖြစ်ဖို့ သစ်ပင်စိုက်ပျိုး! 🌳
ဇွန်လ ၅ ရက်နေ့ World Environment Day 2025 အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လွမ်းတောင်တောရ မှာ အလွန်မွန်မြတ်တဲ့ သစ်ပင်စိုက်ပျိုးပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။
ဒီပွဲမှာ ဆရာတော်အရှင်သီရိန္ဒ ကိုယ်တိုင် ဦးဆောင်ပြီး ရပ်သူရွာသားတွေနဲ့ ပူးပေါင်းပြီး သစ်ပင်တွေ စိုက်ပျိုးခဲ့ကြပါတယ်။ ဒီသစ်ပင်စိုက်ပျိုးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တောရိုင်းတိရစ္ဆာန်တွေအတွက် ကောင်းမွန်တဲ့ အမှီခိုနဲ့ နေထိုင်ကျက်စားရာနေရာတွေ ပိုမိုဖြစ်ပေါ်လာစေဖို့ ပဲ ဖြစ်ပါတယ်။ သတ္တဝါအပေါ် မေတ္တာထားပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ဒီလိုလုပ်ရပ်မျိုးတွေက တကယ်ကို လေးစားဖို့ ကောင်းပါတယ်။