28/07/2024
ကလေးတွေကို စာသင်တဲ့အခါ အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲ
စာသင်ချိန်လို့ပြောလိုက်ရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဘာသာရပ်တစ်ခုကို (၄၅) မိနစ်၊ တစ်နာရီ၊ တစ်နာရီခွဲ စသဖြင့် ရှိပါလိမ့်မယ်။ အများစုကတော့ ၁ နာရီ ဒါမှမဟုတ် ၄၅ မိနစ်ဖြစ်ပါတယ်။
များသောအားဖြင့် စာသင်ချိန်တွေဟာ သက်ဆိုင်ရာကျောင်း တွေကသတ်မှတ်လေ့ရှိပါတယ်။ အသက်အရွယ်အလိုက်လည်း ခွဲခြားထားလေ့ရှိပါတယ်။
ဆိုတော့ တစ်နာရီစာသင်ရင် ကလေးက ၁ နာရီစာလက်ခံနိုင်သလား?
ဒီမေးခွန်းကို ဖြေရရင် ကလေးတွေဟာ အသက်အရွယ်အလိုက် အာရုံစူးစိုက်နိုင်စွမ်းမတူညီကြပါဘူး။
ကျနော်လေ့လာမိတဲ့ John W. Santrock ရဲ့ Educational Psychology Textbooks ထဲမှာဆိုရင် ကလေးတွေရဲ့ သင်ခန်းစာအပေါ် အာရုံစူးစိုက်နိုင်စွမ်းကို အချိန်တွေနဲ့ ပြန်ထုတ်နှုတ်လိုက်တဲ့အခါ
အသက် (၃ နှစ်မှ ၅ နှစ်ကြား) Pre-School အရွယ်ကလေးတွေဟာ စာသင်ချိန်တစ်ချိန် သို့မဟုတ် Activities တစ်ခုအတွက်ကို ၅ မိနစ်မှ ၁၀ မိနစ်အထိသာ အာရုံစိုက်နိုင်ပါတယ်။ တစ်နေ့တာလုံးစာသင်ချိန်တွေပေါင်းရင်တောင် စုစုပေါင်း အာရုံစိုက်နိုင်စွမ်းအချိန်တွေဟာ ၁ နာရီလောက်သာ လက်ခံနိုင်ကြပါတယ်။
အသက် (၆ နှစ်မှ ၈ နှစ်ကြား) ကလေးတွေဟာ စာသင်ချိန်တစ်ချိန် (သို့မဟုတ်) Activities တစ်ခုအတွက် ၁၀ မိနစ်မှ ၂၀ မိနစ်ကြား အထိသာ လက်ခံနိုင်စွမ်းရှိပါတယ်။ တစ်နေ့တာလုံး စာသင်ချိန်တွေပေါင်းရင် အာရုံစိုက်နိုင်စွမ်းအချိန်တွေဟာ ခဏခဏအနားပေးသင်ယူမှုရှိရင်တောင် ၁နာရီမှ ၂ နာရီ အထိသာလက်ခံနိုင်ပါတယ်။
အသက် (၉နှစ်မှ ၁၁ နှစ်ကြား) ကလေးတွေရဲ့ သင်ခန်းစာအပေါ်အာရုံစိုက်နိုင်စွမ်းဟာ ဘာသာရပ်တစ်ခု/စာသင်ချိန် တစ်ချိန်ကို ၂၀ မိနစ်ကနေ ၄၅ အထိ အာရုံစူးစိုက်လက်ခံနိုင်ပါတယ်။ တစ်နေ့တာလုံးအတွက်ဆိုရင် Break ယူပြီးသင်ရင်တောင် စုစုပေါင်းလက်ခံနိုင်စွမ်းအချိန်က ၂နာရီခွဲ အများဆုံးဖြစ်ပါတယ်။
အလယ်တန်းကျောင်းသားတွေဖြစ်တဲ့ အသက် (၁၂ နှစ်မှ ၁၄ နှစ်ကြား)ကတော့ သင်ခန်းစာအပေါ် စာသင်ချိန်တစ်ချိန်ကို မိနစ် ၃၀ ကနေ တစ်နာရီအထိ အာရုံစူးစိုက်နိုင်ပါတယ်။ တစ်နေ့တာလုံးအတွက်ဆိုရင် ၃ နာရီလောက် အထိ လက်ခံနိုင်ပါတယ်။
အသက် ၁၅ ကနေ ၁၈ အထိ ကလေးတွေကျတော့ စာသင်ချိန်တစ်ချိန်ကို ၄၅ မိနစ်ကနေ တစ်နာရီခွဲ (၉၀)မိနစ် အထိ အာရုံစူးစိုက်နိုင်စွမ်းရှိပါတယ်။ တစ်နေ့တာလုံးအတွက်ဆိုရင်တော့ Regular Break နဲ့ဆိုရင် ၄ နာရီလောက်အထိ အာရုံစိုက်နိုင်ပါတယ် လို့ဖော်ပြထားပါတယ်။
ဒီတော့ တင်ထားတဲ့ခေါင်းစဥ်နဲ့ ပြောချင်တာလာပါပြီ....
ကလေးတွေကို စာသင်တဲ့အခါ အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာပေါ့
ကျနော်က ကလေးတွေကို အခု ကွန်ပျူတာသိပ္ပံနဲ့ English သင်တယ်။ ကျနော့်စာသင်ချိန်သည် ဘယ်ကလေးမဆို တစ်ရက်ကို ၁ နာရီထက်ပိုမသင်ဘူး။ အများဆုံး ၁နာရီပဲ။ လူကြီးတွေကိုသာ ၁ နာရီကနေ ၂ နာရီ၊ ၂ နာရီခွဲအထိသင်တယ်။ ဒါကလည်း ကွန်ပျူတာသိပ္ပံဆရာဖြစ်သင်တန်းတက်နေသူတွေကိုပဲသင်တာ။ ထားပါ အခု ကလေးတွေအကြောင်းပဲဆက်မယ်။ ကျနော် ၆ နှစ်ကနေ ၈နှစ်ကြားကလေးတွေကို Online ကနေ ကွန်ပျူတာသိပ္ပံသင်တော့ အရင်ဆုံး ကလေးတွေနဲ့ သင်ခဲ့တဲ့သင်ခန်းစာတွေကို Recap လုပ်တယ်( ပြန်အစဖော်ပြီးဆွဲထုတ်တယ်ပေါ့) အများဆုံး ၅ မိနစ်အထိ အချိန်ယူတယ်။ ပြီးရင် လာပြီ... ကျနော်တို့သင်ရိုးနဲ့ ကလေးတွေကို ပုံပြင်ပြောရင်းစာ (၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ) သင်တယ် (ကလေးတွေကို စာသင်လို့သင်မှန်းမသိအောင် သင်ကြားတာပါ)။ ပြီးရင် ပုံပြင်နဲ့ ချိတ်ဆက်ပြီး Worksheet ဖြေခိုင်းတယ် (အများဆုံး ၁၀မိနစ်ကနေ ၁၅ မိနစ် အချိန်ပေးတယ်)။ Worksheet မဖြေတဲ့ကလေးမရှိအောင် Worksheet ဖြေပြီးတဲ့ကလေးတွေကို သင်ခန်းစာနဲ့ချိတ်ဆက်နေတဲ့ သင်ကြားရေး Activites တွေဖြစ်တဲ့ Computer Game ပေးကစားတယ်။ ပုံပေးဆွဲတယ်။ အဲအချိန်ကလည်း (၁၀)မိနစ်ကနေ (၁၅) မိနစ်အထိပဲ။ နောက်ဆုံး (၅) မိနစ်မှာ ဒီနေ့လုပ်ဆောင်ခဲ့မှုတွေကိုအနစ်ချုပ်ပြီး Project တွေကို အိမ်စာပေးတယ်။
ကလေးတွေနားထဲ/ဦးနှောက်ထဲကို Input ပေးတဲ့အချိန်သည် ဘယ်တော့မှ ၁၅ မိနစ်ထက်မကျော်ဘူး။ ကွန်ပျူတာသိပ္ပံ နဲ့ အင်္ဂလိပ်စာမှာလည်း သင်ပုံသင်နည်းနဲ့ Activities မတူအောင်ထားတယ်။ ကွန်ပျူတာသင်တဲ့အချိန်မှာ English နဲ့ပတ်သက်ရင် Listening ကိုပဲ အသားပေးထားတယ်။ Spelling နဲ့ Grammar ကို အဓိကမသွားဘူး။ ကျနော်ပေးရမယ့် သင်ပေးရမယ့် Computer Concept ကို အဓိက ခေါင်းထဲရောက်အောင် တစ်သက်သာမှတ်မိအောင် ပုံပြင်နဲ့ ချဉ်းကပ်သင်တယ်။
သူတို့ အဲဒီ Computer Science Concept တွေကို နားလည်သဘောပေါက်မှသာ ကျနော်တို့ Kreative Kid’s Lab ရဲ့ အဆင့်တိုင်းမှာ တီထွင်ဖန်တီးနိုင်သူတွေဖြစ်လာမယ်။ Coding တွေကို လွယ်လွယ်ကူကူရေးနိုင်မယ်။ Kreative Kid’s Lab ရဲ့ Level-8 ရောက်ရင် Website တွေ ကိုယ်တိုင်ရေးတတ်လာမယ်။ အလယ်တန်းပြီးဆုံးရင် IGCSE ဖြေဖို့ပြင်ဆင်မယ်ဆို ICT နဲ့ Computer Science ဟာ အင်မတန်လွယ်သွားမယ်။ အဲတာကြောင့် ကလေးတွေကို စာသင်တဲ့အခါ လောဘ နဲ့သင်လို့မရဘူး။ အချိန် ၄၅ မိနစ်မှာ ၄၅ မိနစ်လုံး စာချည်းသင်လို့မရဘူး။ ဂိမ်းတွေ၊ Activities တွေ၊ Worksheet တွေ၊ စတဲ့ စာသင်ကြားနည်း (၁၅၀) ထဲက ကလေးတွေအတွက် သင်ယူမှုအတွေ့အကြုံမရိုးရအောင် ကိုက်ညီတာတွေ ညှပ်ပြီးလုပ်ရတယ်။
နောက်မိဘတွေလုပ်လေ့ရှိတဲ့အမှားတစ်ခုက ကျူရှင်ပြီး ကျောင်း၊ ကျောင်းပြီး ကျူရှင် ကိစ္စပါ။ ကျောင်းမှာ စာမသင်လို့ ကျူရှင်ထားတာလက်ခံလို့ရတယ်။ ကလေးဦးနှောက်ကလည်းလက်ခံနိုင်တယ်လေ။ စာသင်တဲ့ကျောင်းတွေထားပြီး ကျူရှင်ထပ်ထားတဲ့ကိစ္စပါ။ အဲတော့ တစ်ရက်မှာအများဆုံး ၂ နာရီ ၃ နာရီသာလက်ခံ အာရုံစိုက်နိုင်တဲ့ကလေးတွေက ကျူရှင်မှာ အာရုံစိုက်ရတဲ့အခါ ကျောင်းရောက်တော့ စိတ်မပါတော့ဘူး။ ကျောင်းမှာ အာရုံစိုက်ရတဲ့အခါ ကျူရှင်မှာ အာရုံမစိုက်နိုင်တော့ဘူး။ ကျူရှင်ဆိုတာကလည်း ကျောင်းလိုမဟုတ်ဘူးလေနော် သင်ခန်းစာတတ်မြောက်ရေးထက် စာရရှိရေးရည်ရွယ်ချက်နဲ့ မိဘကလာထားတဲ့အတွက် ကလေးအပေါ်ဖိအားတွေ သက်ရောက်တယ်။ စာမရရင်လည်း မိဘတွေက ကျူရှင်ဘယ်ထားမလဲ ဟုတ်တယ်မလား။ အဲတော့ ကျူရှင်တွေက ဖိအားသက်ရောက်မှုက ကျောင်းတွေမှာလာထိတယ်။ အဲတော့ ကျောင်းတွေနဲ့ ကျူရှင်ဆရာတွေအကြားကလည်း အမြင်မရှင်းစရာတွေ ဖြစ်တာပေါ့။
မိဘတွေကိုပြောချင်တာက လောဘမကြီးပါနဲ့။ ကလေးတွေ ဦးနှောက်ဟာလည်း လက်ခံနိုင်စွမ်း အကန့်အသတ်နဲ့ပါ။
ဆရာဆရာမတွေလည်း စာသင်ချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်ကြပါစေ။
#ကမ္ဘာကြီးငြိမ်းချမ်းပါစေ_ကလေးများပျော်ပါစေ
လတ်တလောဖတ်ရှုနေတဲ့ John W. Santrock ရဲ့ Educational Psychology စာအုပ်အား ဖော်ပြပါလင့်တွင် တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။
( https://archive.org/details/educationalpsych0000sant/page/n7/mode/1up?view=theater )
လေးစားစွာဖြင့်
ကိုကိုလွင်(Daniel)