YLA Culture & Education

YLA Culture & Education

Share

Knowledge is wisdom

Photos from YLA Culture & Education's post 23/07/2022

Photo credit
မင်းမဟာဂီရိ

Photos from YLA Culture & Education's post 09/04/2020

သာသနာ့ အလံ
သာသနာ့ အလံတော် ဖြစ်ပေါ်လာပုံ
ရှေးနှစ်ပေါင်းများစွာကပင် ကိုးကွယ်လာခဲ့ကြသော သာသနာတော်၏ အခွင့်အရေး များယိုယွင်းပျက်စီးလာခြင်းကို ကာကွယ်ရန် သာသနာ့ဝန်ထမ်းရဟန်းတော်များနှင့် လူဒါယကာအပေါင်းတို့ အတူပူးတွဲ၍ ဘာသာရေး အဖွဲ့အစည်းတစ်ခုဖွဲ့ရန် စိတ်အား ထက်သန်စွာဖြင့် အထူးကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်းအမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များက အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်ပေသည်။

စတင်တီထွင်သူ
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီစတီးအိုးကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီပီဂုဏဝဎ္ဍန(Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုးကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို့၌ ပရိုတင့်စတင့်ခရစ်ယာန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်အတွင်း တပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီး ဗိုလ်မှူးကြီးအဖြစ် အငြိမ်းစား ယူခဲ့သည်။ အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်သည်။ သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓဝါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူဖြစ်၏။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ကျမ်းစာတက် ပုဂ္ဂိုလ်များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို့၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှူးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင် မန္တလေးသို့လာရောက်ပြီး သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏဝဎ္ဍန(C P. Gunewardene)

စီပီဂုဏဝဎ္ဍန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ၁၈၅၀-ခုနှစ်များအတွင်း သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်နဝါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီးအိုးကော့ က စီပီဂုဏဝဎ္ဍန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏဝဎ္ဍန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏဝဎ္ဍန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံးလိုက်နာ ကျင့်သုံးနိုင်ရန် ဗုဒ္ဓအလံတော်သည် ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကိုပင် အသုံးပြုရန်” အကြံပေး တင်ပြပေသည်။ ၎င်း၏ အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက နှစ်သက်စွာ လက်ခံသည်။ ၎င်းအလံပုံစံကို သရသဝိသန္ဒေရေသ စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏဝဎ္ဍန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာသီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏဝဎ္ဍန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ(၄၆၉)၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ဖော်ပြဝန်ခံထားပါသည်။ ၁၈၈၅-ခုနှစ် (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေသည်။ ၁၈၈၆-ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ ထိုအလံကို မြင်ရသောအခါ များစွာကျေနပ် နှစ်သက်မိသည်။ အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့ပါသည်။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ်တစ်ကျွန်းလုံးတွင် ရင့်ညောင်းသော ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိသုမင်္ဂလာထေရော သည် များစွာသဘောကျသည်ဟုဆိုသည်။ ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဋ္ဌ ဒေါက်တာဂျီပီမာလာဆေထေရာ ၏ စိတ်အားထက်သန်မှုအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့ အလံတော်ကြီး အဖြစ် အောင်မြင်စွာ အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈ဝပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အဓိပ္ပါယ်
ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် ကိုဖော်ပြလေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ဖြင့် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူသည့် ဘုရားရှင်၏ အံဩဖွယ် ခြောက်သွယ်သော ရောင်ခြည်တော်သည် ကြည်ညိုမဝ၊ ဖူး၍မဝ၊ အံ့မခန်းအထူးပင် ခန့်ညားတင့်တယ်စွာ ရှိနေသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးကို ရောင်ခြည်တော် ခြောက်သွယ် မှ ပေါ်ထွက်သည့်အရောင်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

အရွယ်အစား/အရောင်
အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုးလေးစား သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်

နီလ = အပြာရင့်ရောင်
ပီတ = အဝါရင့်ရောင်
လောဟိတ = အနီရောင်
ဩဒါတ = အဖြူရောင်
မဥ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အဝါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် သာသနာ့အလံကို စနစ်တကျ အသုံးပြုနိုင်ရန် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။ သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) အထွေထွေကဏ္ဍ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ

ကဆုန်လပြည့်(ဗုဒ္ဓနေ့)
နယုန်လပြည့်(မဟာသမယနေ့)
ဝါဆိုလပြည့်(ဓမ္မစကြာနေ့)
ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)
တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)
တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့ နှင့် သံဃာတော်များနေ့)
တပို့တွဲလပြည့်(ဩဝါဒ ပါတိမောက် ဓမ္မနေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ

ဝါဆိုပွဲတော် အခမ်းအနား
အဘိဓမ္မာအခါတော်နေ့
ကထိန်ပွဲတော်
ရဟန်းခံရှင်ပြုပွဲ
ဆွမ်းကြီးလောင်းလှူပွဲ
စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
ခွင့်ပြုချက်ရရှိပြီသည့် တရားပွဲ
ဘုရားထီးတင်ပွဲ
ဗုဒ္ဓပူဇနိယပွဲတော်
အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
သံဃာ့အစည်းအဝေး
သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ ဖြစ်ကြသည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လကျ်ာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊ (ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)

ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

Photos from YLA Culture & Education's post 08/04/2020

မာရ်နတ်
မာရ်နတ်ဆိုသည်မှာ ဂေါတမ မြတ်စွာဘုရားအား ဘုရားအဖြစ်သို့ မရအောင် အမျိုးမျိုး အနှောက်အယှက် ပေးသော ပရနိမ္မိတဝသဝတ္တီ နတ်ပြည်မှ နတ်သားတစ်ဦး ဖြစ်သည်။

မာရ်နတ်ဟူသော ဝေါဟာရသည် `ဒေဝပုတ္တ မာရ´ဟူသော ပါဠိစကားနှင့် အဓိပ္ပါယ်အရ တူသည်။ ဒေဝပုတ္တ(နတ်သား) + မာရ် (သေအောင် သတ်တတ်တဲ့) = သေအောင် သတ်တတ်တဲ့ နတ်သားဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် `မာရ်နတ်´ဟူသောစကားနှင့် `ဒေဝပုတ္တ မာရ်´ဟူသောစကားသည် အတူတူပင် ဖြစ်ကြောင်း ထင်ရှားသည်။

မာရ်နတ်နေသော နေရာ
မာရ်နတ်သည် ဝသဝတ္တီ နတ်မင်းကြီး အုပ်ချုပ်သော ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည် (ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသောဘုံ )ရှိ နတ်ဆိုးတစ်ပါး ဖြစ်သည်။ သူ့တွင် အရင်က ဗေဠုဝအမည်ရှိ နတ်စောင်း ရှိသည်။ နောင်တွင် ပဉ္စသီခနတ်သား လက်ထဲ ရောက်ရှိသွားသည်။

မာရ်နတ်မျိုးရိုး
မာရ်နတ်မျိုးရိုးသည် မြတ်စွာဘုရား၏ လက်ဝဲတော်ရံ တန်ခိုးတော်အရာ ဧတဒင်္ဂ ရသည့် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီးနှင့် ဆွေမျိုးတော်စပ်သည်။ ဤကမ္ဘာတွင် ကဿပဘုရားအမည်ရှိ ဘုရားတစ်ဆူ ပွင့်ခဲ့ဘူးသည်။ ထို ကဿပဘုရား လက်ထက်၌ ဘုရားကို အနှောက်အယှက်ပေးသူ `ဒုဿီမာရ် နတ်´ရှိခဲ့သည်။ `ဒုဿီမာရ် နတ်´တွင် `ကာလီ´အမည်ရှိ နှမတစ်ယောက်ရှိသည်။ ထို ကာလီ က မာရ်နတ်ကို မွေးခဲ့သည်ဟု ဆိုသည်။ `ဒုဿီမာရ် နတ်´သည် အခြားသူမဟုတ် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီး ပင်ဖြစ်သည်။ ထို့ကြောင့် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီး၏ တူအရီး တော်စပ် ဘူးသည်။

သတ္တဝါ အမျိုးအစား
မာရ်နတ်သည် “နတ်”ဟူသော သတ္တဝါ အမျိုးအစားမှ ဖြစ်သည်။ လူကဲ့သို့ အမိဝမ်းတွင်း ပဋိသန္ဓေ မနေခဲ့ရ၊ ၁၆-နှစ်သားအရွယ် တခါတည်း ဘွားကနဲ ဖြစ်လာရ၏။ ဥပပတ် ပဋိသန္ဓေ ဆိုတာမျိုးဖြစ်သည်။ မိခင် ကာလီနတ်သမီးက သားသန္ဓေ လွယ်ရသော ဒုက္ခ မရှိပေ။

မာရ်နတ်နိုင်ငံ
“ပရနိမ္မိတဝသဝတ္တီ နတ်ပြည်”နိုင်ငံ၊ အဓိပ္ပါယ် အပြည့်အစုံမှာ သူတစ်ပါးက ဖန်တီးစီစဉ်ပေးသော အဝတ်အစား၊ အသုံးအဆောင်၊ နေရာဗိမ္မာန် ရတနာ မှန်သမျှတွေကို မိမိအလိုကျ သုံးနိုင်၊ စားနိုင်၊ နေနိုင်၊ ဆင်မြန်းနိုင်သော နေရာကြီး ဖြစ်ပေသည်။ မိမိကုသိုလ်ကြောင့် လိုသမျှကို သူများက အဆင်သင့် စီစဉ်ပေးရသည်။ ၀သဝတ္တိ နတ်ပြည်”နိုင်ငံကို ၀သဝတ္တိ နတ်မင်းကြီးက အုပ်ချုပ်သည်။
သို့သော် အချို့သော အနောက်တိုင်းမှ ဘာသာရေးနှင့် ဒဿနပညာရှင်များက `မာရ်´သည် အကောင်အထည် သဘောမျိုးမဟုတ်ပဲ စွဲလမ်းစိတ်ကို အခြေပြုကာ စွန့်လွှတ်လိုသည့်စိတ်အား အနှောက်အယှက်ပေးသည့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်သဘောဟုလည်း ဖွင့်ဆိုကြပေသည်။ သို့သော် မည်သို့ဆိုစေကာမူ မာရ်(သို့) မာရ်နတ် သည်မကောင်းမှုကို အားပေးသည့်သဘော၊ ကောင်းမှုကုသိုလ်ကို ဖျက်ဆီးလိုသည့် သဘောရှိပေသည်။

မူလပဏ္ဏာသ အဋ္ဌကထာ၌ မာရ်နတ်ဟူသည် ပရနိမ္မိတဝသဝတ္တိဘုံ၌ လူ့ပြည်တွင် နိုင်ငံအစွန်အဖျားကို ဓားမြတိုက်နေည့်မင်းသားကဲ့သို့ ဆိုးသွမ်း နေသော နတ်သားဖြစ်သည် ဟု ဆိုထားသည်။ ဂေါတမမြတ်စွာဘုရားလောင်း တောထွက်တော်မူသည်မှစ၍ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုသည်အထိ ကိုယ်တော်မြတ်အား မာရ်န်တ်သည် မိမိတန်ခိုးဖြင့် အမျိုမျိုသော အနှောင့်အရှက် အဖျက်အဆီးများကို စွမ်းအားရှိသမျှ ပြုသော်လည်း အောင်မြင်မှု မရှိခဲ့ပေ။ ဘုရားလောင်း တောထွက်တော်မူစဉ်က ဘုရားဖြစ်မည့် အရေးကို တွေးမိတိုင်း ရန်သူပမာ စိတ်ထာသော မာရ်နတ်သည်ဘုရားလာင်း တော်မထွက်ဖြစ်အောင် မြစ်တားခဲ့၏။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။ တစ်ဖန် ဘုရားလောင်းသည် ဗောဓိပင်၏ အောက်အပြင် ရွှေပလ္လင်ထက်၌ မလျော့သော လုံ့လဝီရိယဖြင့် ဘုရားအဖြစ် ကို အရယူရန် ကြိုးစားတော်မူစဉ်က မာရ်နတ်သည် ယူဇနာ တစ်ရာ့ငါးဆယ်ရှိသော ဂိရိမေခလာ ဆင်ပြောင်ကို စီးကာ နတ်စစ်သည် ပေါင်း မြောက်မြားစွာ ခြံရံလျက် လက်နက်အမျိုးစုံတို့ဖြင့် ဘုရားလောင်းကို တိုက်ခိုက်လာ၏။ ဘုရားဖြစ်မည့် ဆဲဆဲ ဖြစ်သော အလောင်းတော်အား ခစားဆည်းကပ်လျက်ရှိကြသော နတ်သိကြား အပေါင်းတို့သည် မာရ်နတ်၏ ရန်ကိုခံရန် မစွမ်းနိုင်တော့ဘဲ မိမိတို့ မျက်နှာမူရာ အရပ်သို့သာ ရှေးရှူ ပြေးကြကုန်၏။

သဟမ္ပတိဗြဟ္မာကြီးသည် ဗြဟ္မာ့ပြည်သို့ ပြေးလေ၏။ ဘုရားလောင်းကား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဆည်းပူးခဲ့သော ဆယ်ချက်သော ပါရမီတော်ကို လက်နက်ပြုကာ မြင့်မြတ်သော နှလုံးရည်ဖြင့် တည်ငြိမ်စွာ နေလေသည်။ နောက်ဆုံး၌ မာရ်နတ်သည် စစ်ရှုံးကာထွက်ပြေးရလေသည်။ တစ်ဖန် မာရ်နတ်သည် မိမိ၏ သမီးတော်သုံးပါးဖြင့် မြတ်စွာဘုရားအား ဖျက်ဆီးပြန်သော်လည်း မအောင်မြင်ဘဲ အရှုံးပေးရပြန်သည်။တစ်ဖန် ဗုဒ္ဓမြတ်စွာသည် တရားတော် ဒေသနာများကို ၄၅ ဝါ ပတ်လုံး ကောင်းစွာ ဟောကြားတော်မူပြီးသည့်နောက်တွင်မာရ်နတ်သည် မကောင်းသော နှလုံးသွင်းဖြင့် မြတ်စွာဘုရားအား ပရိနိဗ္ဗာန်ဝင်စံဖို့ သင့်ပြီဖြစ်ကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားသောကြောင့် ပရိနိဗ္ဗာန် ဝင်စံပေတော့အံ့ဟု ဝန်ခံတော်မူလိုက်လေသည်။တစ်ဖန် သာသနာ့ ဒါယကာဖြစ်သော သီရိဓမ္မာသောကမင်းကြီး၏ ခုနစ်လ ခုနစ်ရက်တိုင်အောင် ပြုလုပ်သော စေတီပူဇော်ပွဲကြီး၌ လည်း မာရ်နတ်သည် အမျိုးမျိုးဖျက်ဆီးရာ ဥပဂုတ္တတိဿနာဂထေရ် (ရှင်ဥပဂုတ်) နှိမ်နင်းတော်မူမှ ပူဇော်ပွဲအောင်မြင်ခြင်းသို့ရောက်ခဲ့ရလေသည်။ ဤသို့လျှင် မာရ်နတ်သည် မြတ်စွာဘုရားနှင့် ဘုရား သာသနာတော်တွင် ရန်သူသဖွယ် ဖြစ်ခဲ့လေသည်။

ကိုးကား
ဇိနာလင်္ကာရဋိကာ ကျမ်း
ဦးကျော်လွင်(နှစ်ဖက်လှ) ရေး ဗုဒ္ဓနှင့် မာရ်နတ် အတွင်းရေး ပဋိပက္ခများ
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)

Photos from YLA Culture & Education's post 04/04/2020

မြောက်ဥက္ကလာရဲ့အထင်ကရ
မယ်လမုစေတီတော်ကြီးသမိုင်းနဲ့တည်ထားပုံ

ထူးခြားသော ဌာပနာများ

နပဲပင်ကို ခုတ်လဲှကာ စေတီတော်ကို စတင်ဖြိုလျက် ရှင်းလင်းကြရာ ပထမ ရွှေရောင်အနည်းငယ်ဖြင့် ဘုရား ဆင်းတုတော်တစ်ဆူ၊ ထိုနောက် ဆေးဘုရားတစ်ဆူ၊ ကြေးဆင်းတုတော်ကြီး တစ်ဆူကို တူးဖော်ရရှိကာ ဖူး မြော်ကြရပါသည်။

ဒုတိယနေ့ ဆက်လက်တူးဖော်ကြရာ နဂါးပတ်၊ နဂါးရုံ၊ နဂါးဖောင် လျောင်းတော်မူ ဆင်းတုရုပ်ပွားတော်များ နှင့် လမုသီးသဏ္ဍာန် အားဖြင့် ထုလုပ်ထားသော ကျောက်သား လမုသီးကို အောက်မှ ပလ္လင်ခံလျက် တွေ့ရ သည့်ပြင် ရသေ့အသွင် လျောင်းတော်မူ ကျောက်ဆင်းတု ပုံတော်ကိုပါ တူးဖော်တွေ့ရှိကြရသည်။

ဗုဒ္ဓ၏ ဆင်းတုတော်များသည် အရှေ့အရပ်သို့ မျက်နှာတော်မူလျက် ဌာပနာထားသည်ကို မြင်တွေ့ဖူးမြော်ရ သည်။ ထိုဆင်းတုတော်များသည် သိကြားမင်းအသွင်နားကင်းများတပ်ဆင်လျက် လက်ကောက်၊ နားတောင်း၊ ခြေကျင်းတော်များပါ ပါရှိသည်ကို တွေ့မြင်ကြရသည်။

‘ဆုတောင်းပြည့်မယ်လမုစေတီတော်သမိုင်း’ ပါပုံများအရဆိုလျှင် ဘိုးတော်တိဿရသေ့ကြီး လျောင်းတော်မူ ပုံ၊ နဂါးလိမ်ပလ္လင်ဆင်းတုတော်၊ မယ်လမုပုံ၊ ဥက္ကလာပမင်းအသွင် ဘုရားရှင်ပုံတော် နှစ်ပုံ၊ သိကြားမင်း အသွင် သုံးပုံ။ နဂါးရုံတွင် ပလ္လင်ခွေတစ်ပုံ၊ ကျောက်ဆင်းတုတစ်ပုံ၊ နဂါးဖောင်ဘုရားရှင် လျောင်းတော်မူပုံ ခြောက်ပုံ၊ ကြေးဆင်းတုတစ်ပုံ၊ ရုပ်ထုပုံများတွင် ပလ္လင်အနိမ့်အမြင့်၊ နဂါးဦးခေါင်းအမြီး အနည်းငယ် ခြားနား သည်သာ ကွဲပြားသည်။ ကျောက်ခွေများဆင့်၍ စေတီပုံသဏ္ဌာန် တည်ထားသော ကျောက်ခွေစေတီ တစ်ဆူ ကိုလည်း တွေ့ရှိရသည်။

မယ်လမုနှင့်ဥက္ကလာပ

မယ်လမုဟူသော အမည်နှင့်ပတ်သက်၍ ပုံပြင်အလား ရှေးသမိုင်းစကား ရှိခဲ့ဘူးပါတယ်။ ဥက္ကလာပမင်းကြီး၏ မယ်တော် မယ်လမုသည် လူစင်စစ်က မွေးဖွားသည်မဟုတ်ဟု ဆိုခဲ့ကြပါသည်။ ရှေးသရောအခါ သိင်္ဂုတ္တရ ကုန်းကို အလယ်ဗဟိုထား၍ ရသေ့၊ ဇော်ဂျီ၊ တပသီတို့ ပျော်မွေ့ကြလေရာဝယ် တစ်ခုသော တောအုပ်တွင် တရားဓမ္မကျင့်သုံးနေထိုင်တော်မူပေသော တိဿရသေ့ကြီးမှာ တစ်နေ့သောအခါဝယ် တစ်ခုသောဇနပုဒ်သို့ ဆွမ်းခံထွက်လေရာ လမ်းခရီးတောအုပ်၌ လမုပင်တစ်ပင်ထက် ကြီးမားဆန်းကြယ် မက်စဖွယ်သီးနေသော လမုသီးကြီးကို တွေ့မြင်တော်မူ၍ မိမိ၏ ကျောင်းသင်္ခမ်းသို့ ဆွတ်ခူးကာ ယူခဲ့လေ၏။ သို့နှင့်များမကြာမီ ရက် အတောအတွင်း၌ပင် ထိုလမုသီးကြီးထဲမှ ရှုချင်စဖွယ် တင့်တယ်လှပသော သတို့သမီးငယ်ကို ဖွားမြင်ခဲ့လေ ရာ တိဿရသေ့ကြီးမှာ အလွန်ဝမ်းမြောက် အံ့သြမိပြီးလျှင် မိမိလက်ညှိုးအား နို့ရည်ထွက်စေရန် ဓိဌာန်၍ ထို အမျိုးသမီးငယ်အား မွေးမြူခဲ့လေသည်။

ရုပ်ရည်ဆင်းပြင် တင့်တယ်လှပသော အမည်အားဖြင့် မွန်ဘာသာ မိကမု၊ မြန်မာဘာသာဖြင့် မယ်လမုသည် အရွယ်ရောက်လတ်သော် တာဝတိံသာ၌ သိကြားမင်း၏ ပဏ္ဍုကမ္ပလာမြကျောက်ဖျာသည် တင်းမာခြင်း ဖြစ် လာသောကြောင့် လူ့ပြည်သို့ ရှုကြည့်ရာသည်တွင် လူ-နတ်-ဗြဟ္မာတို့၏ သခင်ဘုရားရှင် ပွင့်တော်မူသည့် အကြောင်း ထိုဘုရားရှင်၏ လက်ထက်တော်တွင် ရှေးနောင်တော် ဘုရားတို့၏ ဓာတ်မွေပစ္စည်းများနှင့်အတူ ဆံတော်ရှစ်ဆူကို ဌာပနာ၍ စေတီ တည်ထားကိုးကွယ်လိမ့်မည် ဖြစ်ကြောင်း သို့ဌာပနာတည်ထား ကိုးကွယ် မည့် ဒါယကာမှာ သိင်္ဂုတ္တရကုန်း၏ အရံကုန်းတို့၌ မွေ့လျော်သော ရသေ့သူမြတ် မွေးထားသည့် မယ်လမုက မွေးဖွားသည့်သားမှသာ ဒါယကာ ဖြစ်နိုင်မည့်အကြောင်း ထိုမယ်လမုအား ရတနာပုတ္တ မွေးဖွားရလေအောင် မနုဿလူတို့ သန္ဓေပေးခြင်းငှာ မထိုက်တန် တာဝတိံသာမှ နတ်တို့၏ သေဌ်နင်း သိကြားမင်းသန္ဓေပေးမှ အရေးပုံလှမည့်အကြောင်းများကို ထင်ရှားသိမြင်လေသည်။

ထို့ကြောင့် သိကြားမင်းသည် လူ့အသွင် ဖန်ဆင်းပြီး ရှင်ရသေ့နှင့် မယ်လမုတို့ထံ ဆင်းသက်၍ သမီးလှကို တောင်းယူခဲ့သည်။ သိကြားမင်းသည် ရှင်ရသေ့ကြီး၏ သဘောတူညီချက်ဖြင့် မယ်လမုကို ထိမ်းမြားပြီးနောက် ရသေ့ကြီးထံတွင် အပ်နှံထားခဲ့၍ တာဝတိံသာသို့ ပြန်လေ၏။

သိကြားမင်းသည် လူ့ပြည်တွင်ကျန်ရစ်သူ သန္ဓေသူမယ်လမု၏ လွမ်းဆွတ်ပူဆွေး တသမှုအကြောင်းစုံကို သိ ရှိသော်လည်း လူ့ပြည်သို့ဆင်းရန် မဖြစ်နိုင်သဖြင့် တာဝတိံသာမှ နတ်ကျေးလုလင်အား မြကျည်တောင့်သုံးခု ကို ယူဆောင်စေ၍ ကြင်ယာတော်မယ်လမုအား သုံးဆောင်ရန်ပေးလိုက်လေ၏။

သို့သော် သိကြားမင်း၏ မိဖုရားများဖြစ်သော သုဇီတာ၊ သုမာလာ၊ သုစိတ္တာ၊ သုနန္ဒာဟူသော နတ်သမီးတို့ သည် လမ်းခုလတ်တွင် နှောင့်ယှက်ဖျက်ဆီးမှုကို ပြုကြ၍ မြကျည်တောင့် တစ်လုံးကိုသာလျှင် မယ်လမု သောက်သုံးရ၍ အထက်ဖော်ပြခဲ့ပြီးသော ဥက္ကလာပမင်းကြီးအား သန္ဓေတည်ကာ ဖွားမြင်တော်မူခဲ့ကြောင်း သမိုင်းများက ဆိုခဲ့ကြသည်။ ကျန်ရှိသော မြကျည်တောင့် နှစ်လုံးမှာ တစ်လုံးသည် ဟိမဝန္တာတောသို့ ကျ ရောက်၍ ဆဒ္ဒန်ဆင်မသည် သောက်သုံးရသဖြင့် ဆဒ္ဒန်ဆင်ပျံကို မွေးဖွားသည်ဟု ဆို၏။ တစ်လုံးမှာ သမုဒ္ဒရာ အလယ်သို့ ကျရောက်၍ မိကျောင်းမတစ်ကောင် သောက်ရသဖြင့် ငမိုးရိပ် မိကျောင်းကို မွေးဖွားသည်ဟု ဆို လေသည်။ ဤသို့သာလျှင် သိကြားမင်းကြီး မယ်လမု ဥက္ကလာပမင်းကြီး၏ သမိုင်းတို့ကို သိရှိခဲ့ကြလေသည်။ (အခြားဒဏ္ဍာရီ ဆန်ဆန်မူကွဲများလည်း ရှိသည်)

ထိုသားငယ် အရွယ်ရောက်သောအချိန်တွင် သိကြားမင်းဆင်းသက်လာ၍ ဥက္ကလာပဘွဲ့အမည်နှင့် တိုင်းပြည် ထီးနန်း တည်လုပ်အပ်နှင်းတော်မူသည်။ ထိုနောက် ဥက္ကလာပပြည်ကြီးကို အစိုးရသောမင်းသည် မြတ်စွာ ဘုရားသခင်၏ ဆံတော်ရှစ်ဆူကို ရလိမ့်မည်။ သိဂုၤတ္တရကုန်းတော်၌ ဌာပနာရမည်။ သာသနာ့ဒါယကာ ဖြစ်ဦး မည်။ ထိုအခါ၌ သိကြားမင်းသည် နတ်အပေါင်းများစွာနှင့် လာတော်မူဦးမည်ဟု မှာကြားခဲ့ပြီး တာဝတိံသာသို့ ပြန်လေ၏။

အလွန့်အလွန် ရှေးကျသော လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က အကြောင်းအရာများဖြစ်သဖြင့် စိတ်ချလောက်သည့် အကိုးအကားပါသော ကျောက်စာ မှတ်တမ်း ရာဇဝင်အခိုင်အမာ မရှိချေ။ သို့ဖြစ်သော ကြောင့် လက်လှမ်းမီသမျှ သမိုင်းစကားတို့ကိုသာ အားထားရလေရာ သိဂုၤတ္တရကုန်းကို ရံသော မြို့လေးမြို့ အနက် ဥက္ကလာပသည် မြောက်ဘက်ကျသော မြို့ဖြစ်ကြောင်း သုဝဏ္ဏနဒီမြစ်ရှိကြောင်း သမိုင်းတွင် အတိ အလင်းဆိုထားရကား သမိုင်းအဆိုကို အမှန်ယူရသော် ယခုရန်ကုန်မြို့သည်ဥက္ကလာပမြို့ မဖြစ်နိုင်တော့ချေ။

အကယ်၍ ရန်ကုန်သည် ဥက္ကလာပမြို့ဖြစ်သော ရွှေတိဂုံသမိုင်းသည် မမှန်မကန်ရေးထားသော အချက်များ ပါသည့် သမိုင်းသာဖြစ်ရပေလိမ့်မည်။ သို့ဖြစ်သောကြောင့် ဥက္ကလာပနေပြည်တော် ဖြစ်ခဲ့သော မြို့နေရာ ကား သိင်္ဂုတ္တရကုန်း မြောက်ဘက် အဘယ်နေရာဒေသတွင် ရှိနေပေလိမ့်မည်နည်း။ ရွှေတိဂုံသမိုင်းကို ယုံကြည်သဖြင့် အထက်ပါမေးခွန်းကို မေးလျှင် အဘယ်ပညာရှိသည် မှန်ကန်သောအဖြေနှင့်တကွ ထွက်ပေါ် လာပါမည်နည်း။ ကျွနု်ပ်တို့ကား မမှန်းဆနိုင်ပါကြောင်း အမှန်ပင်ဖြစ်သည်။ သို့သော် သိင်္ဂုတ္တရကုန်း၏ မြောက် ဘက်ကျသော မင်္ဂလာဒုံနှင့် တံတားလေးအကြား အချို့နေရာဒေသများတွင် တူးဆွကြည့်လျှင် မြို့ဟောင်း နေရာ တွေ့ကောင်းတွေ့လေမည်လားဟု တွေးတောမှန်းဆ ကြည့်မိသည်။ အကြောင်းကား ရှေးဟောင်းစေတီ ရုပ်ပွားတော်များကို ထိုနေရာတဝိုက်မှ လွန်ခဲ့သောနှစ်အတန်ကြာက တူးဖော်တွေ့ရှိဘူးကြောင့် သိရသော ကြောင့်ဖြစ်သည်။

မယ်လမုဘုရားသည် ယခင်က ထူးခြားသော ဘုရားငုတ်တိုတစ်ဆူ ဖြစ်ခဲ့ပြီး အနီးကပ် ဖူးမြော်ကြည်ညိုခွင့် ရကြပါသည်။ စေတီဟု ဆိုသောလည်း အပေါ်ပိုင်းမှာ ပျက်စီးယိုယွင်းနေပြီး အောက်ခြေပိုင်းသာ ရှိပါသည်။ ထူးခြားချက်မှာ ဤစေတီ၏ အလည်တည့်တည့်မှ အထက်သို့ ပင်လုံးတက်သွားပြီး ခက်လက်များဖြာ၍ စိမ်း လန်းဝေဆာစွာဖြင့် နပဲပင်ကြီးက ထီးမိုးထားသကဲ့သို့ ရှိနေခြင်းပင်ဖြစ်ပါသည်။ ထိုဆန်းပြားသော အနေ အထားမြင်ကွင်းကြောင့် အနီးအပါးမှ ဖြတ်သန်းကြသော ခရီးသွားတို့မှာ စိတ်ဝင်စားစွာဖြင့် ခေတ္တရပ်နားကာ ဘုရားငုတ်တိုအား ဖူးမြော်တတ်ကြပါသည်။

၁၉၆၀-ခုနှစ် မြန်မာသက္ကရာဇ် ၁၃၂၂-ခုနှစ် နယုန်လဆန်း (၈)ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ဘုရားငုတ်တိုအား ဒေါ်စောညွန်ရီသည် အဖော်များနှင့် လာရောက်ဖူးမြော်ရာမှ မောင်ဖြစ်သူက စေတီတော် အပေါ်သို့တက်၍ ကြည့်ရှုရာမှ မမျှော်လင့်ဘဲ မှန်စီထားသော ကြုတ်ကလေးတစ်ခုကို ရရှိသည်။ ကြုတ်၏ အတွင်း၌ ထုလုပ်ထားသော မိန်းမပုံတစ်ခုကို တွေ့ရသည်။ ယင်းကြုတ်ကလေး၏ လက်ရာ အနေအထားမှန် ပုံသဏ္ဍာန်များကိုပါ ကြည့်ရှု၍ ရှေးနှစ်ပေါင်း ၄၀၀ကျော်၊ ၅၀၀ ခန့်က ပစ္စည်းတစ်ခုဖြစ်မည်ဟု ထင်ကြောင်း နှင့် ပုံမှာမိန်းမပုံဟု ထင်ရကြောင်းကို ရှေးဟောင်းသုတေသနမှ အတွေ့အကြုံရှိပြီးသူများမှ စုံစမ်းသိခဲ့ရသည်။ ယင်းကိစ္စကို ပိုမိုတိကျ မှန်ကန်စေရန် ရှေးဟောင်းစေတီသမိုင်းများ စုံစုံလင်လင်ရှိသော ရွှေတိဂုံဘုရားရှိ သမိုင်းစာပေများအရ အဆိုရှိခဲ့သော ဥက္ကလာပမင်းကြီး၏ အထောက်အထားတစ်ခု ရှိကြောင်း၊ ဘုရားကြီး၏ အလယ်ပစ္စယံတွင် သိကြားမင်း၏ ပုံတော်အောက်၌ရှိသော မယ်တော်မယ်လမု၏ ပုံကို သွားရောက် လေ့လာ သော် ကြုတ်အတွင်းမှ ရရှိသော ပုံတော်နှင့်လက်အနေအထား အနည်းငယ်ကွဲသည် မှတစ်ပါး ဦးခေါင်း၊ ဆံထိုး၊ ထိုင်နေဟန်တို့မှာ တထေရာတည်း တူညီကြောင်း တွေ့ရှိပါသည်။

အကြောင်းသော် နှစ်ပေါင်း ၄၀၀၀ကျော်ကို ပြန်လည် ကြည့်ရှုပါလျှင် မြတ်စွာဘုရား၏ သာသနာတော်သည် မယ်တော်ဘုရင်မကြီး ရှင်စောပုနှင့် သားမက်တော် ဓမ္မစေတီမင်းကြီးတို့ လက်ထက်တော်တွင် အလွန်ပင် ပွင့် လင်းထွန်းကားခဲ့ဘူးကြောင်းကို ရာဇဝင်အစောင်စောင်တို့တွင် တွေ့မြင်ဖတ်ရှု ကြရပေရာ ထိုဘုရားငုတ်တို မှာ ရှေးဟောင်းစေတီတစ်ဆူ ဖြစ်နိုင်သည်ဟု ယူဆနိုင်ပေသည်။

ဤအထောက်အထားများကို ထောက်ရှု၍ ဘွဲ့မည်တော်မရှိဘဲ ဘုရားငုတ်တိုဟု ခေါ်ဝေါ်သမုတ်နေကြသည့် အစား အများအမြင်တွင် မမှားနိုင်သော ဘွဲ့မည်တော် သမုတ်ရာ၌ ပထမ မယ်လမုစေတီ၊ နောက်မှထပ်ဆင့် ညှိနှိုင်းကြကာ ‘ဆုတောင်းပြည့် မယ်လမုစေတီတော်’ ဟူ၍ ဘွဲ့မည်တော်ကို သမုတ်လိုက်ကြရပါသည်။

Photos from YLA Culture & Education's post 03/03/2020

. မြန်မာ့အခြေခံစည်းဝါး
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
မြန်မာ့ဂီတသီဆိုရာတွင်လည်းကောင်း၊တီးမှုတ်ရာ တွင်လည်းကောင်း၊တေးသွား၏အနှေးအမြန်(နာရီချိန်)
လှုပ်ရှားမှုအနှေးအမြန်၊အဖြတ်အတောက်မှန်စေရန်၊
အဆိုနှင့်အတီး ကိုက်ညီမှုရှိစေရန်အတွက် ချိန်ညှိပေး
သည့် တူရိယာအဖြစ် စည်းနှင့်ဝါးကိုအသုံးပြုကြသည်။
စည်းနှင့်ဝါးတူရိယာသည် အခြေခံအကျဆုံးဖြစ်ပြီး မရှိ
မဖြစ်လိုအပ်သော အရေးကြီးဆုံး တူရိယာဖြစ်သည်။
စည်းဝါးပိုင်နိုင်မှသာလျှင် သီဆို တီးမှုတ် ကပြရာတွင်
ဌာန်ကရိုဏ်းကျကျ အဖြတ်အနောက်မှန်ကန်စွာ သီဆို
တီးမှုတ် ကပြနိုင်မည်ဖြစ်သည်။
မြန်မာ့ဂီတတွင် အခြေခံအားဖြင့် စည်းဝါး(၄)မျိုး
ခွဲခြားထားသည်။၎င်းတို့မှာ-(၁) ဝါးလတ်စည်း၊
(၂) နာရီစည်း၊ (၃) စုံစည်း နှင့် (၄) စည်းသုတ်၊
တို့ဖြစ်ကြသည်။
ဝါးလတ်စည်း။
ဝါးလတ်စည်းသည် အခြခံအကျဆုံးသောစည်း
ဖြစ်သည်။မြန်မာ့ဂီတ အဆို၊အက၊ အတီးများ စတင်
သင်ကြားရာတွင် ဝါးလတ်စည်းဖြင့် သင်ကြားလေ့ရှိ
သည်။စည်းတချက်၊ဝါးတချက် တီးရသော စည်းဖြစ်
သည်။မြန်မာ့ဂီတသင်ကြားရာတွင်(စည်းနဲ့ဝါး စည်းနဲ့
ဝါး)၂၊ စည်းနဲ့ဝါးလေး စည်းနဲ့ဝါး ဟု အဆို အတီးများ
တွင် စတင်သင်ကြားရသကဲ့သို့ မြန်မာ့အခြေခံ ကဗျာ
လွတ်ကကွက်များ စတင်သင်ကြားရာတွင် ဝါးလတ်
စည်းကိုအသုံးပြုသည်။စည်းဝါး တခန်းရှိ ပထမရိုက်
ချက်တွင်(ဝါး)၊တတိယရိုက်ချက်တွင်(စည်း) ကျ
ရောက်သည်။ဝါးလတ်စည်း တစည်းသည် စည်း
တခန်းနှင့်ညီမျှသည်။
| + -- ÷ -- | (+)=ဝါး
(÷)=စည်း
ဝါးလတ်စည်းဖြင့် သီဆို တီးခတ်ရသော တေးသီချင်း
များမှာ မြန်မာ့ဂီတအခြေခံဖြစ်သော ကြိုးသီချင်းများ
ဖြစ်သည်။ဥပမာ-ထံတျာ၊သီတာ၊သာယာ၊ဝေဘာဂီရိ
နှင့်ကာလပေါ်တေးများဖြစ်သော စည်းကမ်း၊ရတနာပုံ၊
မြန်မာ့ကြွေးကြော်သံ တို့ဖြစ်သည်။
နာရီစည်း။
နာရီစည်းသည် မြန်မာ့ဂီတ သီဆို တီးမှုတ်ရာတွင်
အဆင့်အမြင့်ဆုံးဖြစ်သည်။နာရီစည်းတွင် ဝါးတချက်
စည်းသုံးချက်ပါရှိသည်။တတိယမြောက်စည်းကို
ဖျောက်၍(မတီးဘဲ) စည်းနှစ်ချက်၊ဝါးတချက်သာတီး
ရသည်။နာရီစည်းတစည်းသည် ဝါးလတ်စည်းနှစ်စည်း
နှင့်ညီမျှသည်။
| + -- ÷ -- | ÷ -- ÷ -- | ( + ) = ဝါး။
( ÷ ) = စည်း။
နာရီစည်းကို ဘွဲ့၊သီချင်းခန့်၊ပတ်ပျိုး၊ယိုးဒယား၊
ဘောလည်၊တေးတပ်နှင့် ခေတ်ဟောင်း၊ကာလပေါ်တေး
များတွင် အသုံးပြုသည်။ ဥပမာ-ဝေဇယန္တာ(ယိုးဒယား)
အနန်တငါးဖွာ။
စုံစည်း။
စုံစည်းသည် စည်းနှင့်ဝါးကို ပြိုင်တူတီးခတ်ရသော
စည်းမျိုးဖြစ်သည်။စည်းတခန်းတွင် စုံစည်းနှစ်ကြိမ် တီး
ခတ်သဖြင့် ပထမရိုက်ချက်နှင့် တတိယရိုက်ချက်တို့
ပေါ်တွင် ကျရောက်သည်။
| ± -- ± -- | ( ± ) = စုံစည်း။
စုံစည်းကို ကပီယိုးဒယား၊သမင်လိုက်တေးသွားနှင့်
ကာလပေါ်တေးများအတွက် အသုံးပြုသည်။
ဥပမာ-မြမန်းဂီရိ၊ဆန်းနွေဦး၊နန်းဘုံသီဟာဘွေ၊
မြန်မာ့မူမှန်။
စည်းသုတ်။
စည်းတခန်းတွင် ဝါး(၄)ချက်တီးရသည်။ဝါးချည်း
သက်သက်တီးရသဖြင့် "ဝါးပြေး" ဟုလည်းခေါ်သည်။
စည်းသုတ်သည် သွက်လက်မြန်ဆန်မှု ရှိသည်။စည်း
တခန်း၏ ရိုက်ချက်တိုင်းပေါ်တွင် ဝါးကျရောက်သည်။
| + + + + | ( + ) = ဝါး။
စည်းသုတ်ကို စစ်ချီတေးများ၊စိတ်ဓာတ်တက်ကြွ
စေသောတေးများ၊သွက်လက်ရွှင်မြူးသောနေးများတွင်
အသုံးပြုသည်။ဥပမာ-မြန်မာ့ကျောင်း၊မြန်မာပြည်သား၊
အိုးစည်၊ဒိုးပတ် တေးသွားများ။

အခြေခံစည်းဝါး(၄)မျိုး နှိုင်းယှဉ်ချက်။
| + -- ÷ -- | ÷ -- ÷ -- | နရီစည်း -ဝါး(၁) ချက်။
| + -- ÷ -- | + -- ÷ -- | ဝါးလတ် -ဝါး(၂) ချက်။
| ± -- ± -- | ± -- ± -- | စုံစည်း - စုံ (၄) ချက်။
| + + + + | + + + + |စည်းသုတ်- ဝါး(၈) ချက်။

ပညာရေးကောလိပ်များ၊လုပ်ခွင်အကြို ဆရာအတတ်ပညာ ကျွမ်းကျင်မှုသင်တန်း
ဂီတအနုပညာဘာသာ(ပထမနှစ်ဝက်) စာအုပ်မှဖြစ်သည်။
ထေရာနန္ဒ၊
24.09.2019.
အထက်ပါ စည်းလေးမျိုးတွင် စည်းသုတ်အစား
ဒုံးစည်းကိုထည့်သွင်း၍ သတ်မှတ်သည်လည်းရှိသည်။
ဒုံးစည်း။
ဒုံးစည်းတွင် နရီစည်းနှစ်ချက်ရှိသည်။ဝါးနှစ်ချက်
နှင့်စည်းခြောက်ချက် ပေါင်းရှစ်ချက် တီးရသည်။
နရီစည်းကျဲဟုလည်းခေါ်သည်။ဒုံးစည်းနရီအကွာ
အဝေးတွင် ဝါးနှစ်ချက်နှင့်စည်းခြောက်ချက် ပေါင်း
ရှစ်ချက်မတီးကြတော့ဘဲ ဝါးတချက်နှင့်စည်းနှစ်ချက်
သာတီးလေ့ရှိကြသည်။တုံးကို တကန့်ဟူ၍လည်း
ခေါ်ဝေါ်ကြသည်။
နရီစည်းတွင် သုံးစည်းမှာတဝါး နှစ်ဝါးလျှင်တဒုံး
နှစ်ဒုံးလျှင်တပိုဒ် နှစ်ပိုဒ်လျှင်တဗုံတောင်-ဟု ဆိုသည်။
ထို့ကြောင့် တဒုံး၏ပမာဏသည် ဝါးအရေအတွက်အား
ဖြင့် ဝါးလတ်စည်းလေးဝါး=နရီစည်းနှစ်ဝါး=စုံစည်း
ရှစ်ဝါးရှိသည်။
တဗုံတောင်၏ပမာဏ=ဝါးလတ်စည်း(၁၆)ဝါး=
နရီစည်း(၈)ဝါး=စုံစည်း(၃၂)ဝါး ရှိသည်။
ဗုံတောင်ကို စုံအောင်တီးပါက ပတ်မကြီးလေး
ချက်သံ ဝါးလေးချက်မှန်ဟု စာရှိပါသည်။
တိုရှင်း လိုရင်း ကိုသာဖော်ပြထားပါသည်။

ကျန်းမာ ချမ်းသာ ကြပါစေ။
ထေရာနန္ဒ၊ပြင်ဦးလွင်မြို့။
25.09.2019.

28/02/2020

Grade 10 စနစ်သစ်သင်ရိုး
သိပ်ကြိုက်တဲ့ ဒန့်ဒလွန်သီး
စကားပြေ လေး 😄🙏🙏🙏

လူ့မနော (သော်တာဆွေ)
----------------------------

၁၉၅၅ ခုနှစ်မှ ၁၉၆၀ ခုနှစ် အထိ ကျွန်တော် နေခဲ့သော ရွာကလေးတွင် ဖြစ်ပါသည်။ ဤရွာကလေးသည် ရန်ကုန်မြို့မှ ၇ မိုင်ကွာ ပြည်လမ်းမကြီး၏ အရှေ့ဘက် ချောင်ကျကျ (ယခုခေတ် ‘ပျံကျ’များ နေကြသော ကွက်သစ်မျိုး မဟုတ်) ရှေးခေတ်က ရွာဟောင်းဖြစ်၍ ပကတိ တောရွာ အတိုင်းပင် တစ်အိမ်နှင့် တစ်အိမ် ရင်းနှီး ခင်မင်ကြသည်။ တစ်အိမ်က သတင်းစကားကို တစ်အိမ်က ချက်ချင်း နားပေါက်တတ်သည်။ တစ်ရွာလုံးတွင် အချင်းချင်း ဆွေရိပ်မျိုးရိပ် မကင်းကြသည်က များသည်။

တစ်ရံရော အခါဝယ် နတ်တလင်းမြို့မှ ဧည့်သည်များ ကျွန်တော့်အိမ် ရောက်လာရာ သူတို့ဆီတွင် အလွန်တရာ ပေါသော ဒန့်သလွန်သီး ၁၀၀ စည်း တစ်စည်း ပါလာသည်။ ဤအချိန်ဝယ် နတ်တလင်းမြို့မှာ ဤတစ်ရာစည်းသည် နှစ်ကျပ်မျှ ဖြစ်သော်လည်း ကျွန်တော်တို့ဆီမှာ တစ်တောင့် ဆယ်ပြား၊ တစ်မတ် သုံးတောင့်မျှသာ ရသေးသည်။ သို့သော် ဤမျှ များပြားသော ဒန့်သလွန်သီးတွေကို ကျွန်တော့်အိမ်တွင် ဘာလုပ်ရ ပါမည်နည်း။ စိတ်ကူး ရသည်နှင့် တစ်ခါ နှစ်ခါချက်မျှ ၁၅ တောင့်သာ ဖယ်ထားပြီး ကျန် ၈၅ တောင့်ကို လက်ဆွဲခြင်းထဲ ထည့်ကာ ဈေးသို့သွားရန် ရွာရိုးသို့ ထွက်ခဲ့သည်။

ပထမဆုံး အိမ်ရှေ့မျက်စောင်းထိုး အိမ်မှ သန်းသန်းက “ကိုဆွေ … လက်ဆွဲခြင်းထဲက ဘာတွေလဲ၊ ဘယ်သွားမလို့လဲ”

“ဒန့်သလွန်သီးတွေဗျာ … ဧည့်သည်တွေ ယူလာတာ အိမ်မှာ များနေတာနဲ့ ဈေးသွားရောင်းမလို့”

“ဒါဖြင့် လာစမ်းပါဦး”

သူ့အိမ်ရှေ့ ကပြင်ပေါ် လက်ဆွဲခြင်း ချလိုက်တော့ သူက…

“ဘယ်လို ရောင်းသလဲ”

“ဈေးမှာ ပေါက်ဈေးပေါ့ဗျာ၊ တစ်တောင့် ၁၀ ပြား၊ တစ်မတ် သုံးတောင့် ယူပေါ့”

“လေးတောင့် ထားပါလားရှင့်၊ ကိုယ့်ရွာသားချင်းပဲ”

“ယူဗျာ”

သူ့အိမ်မှ ထွက်ခဲ့ရာ ကျွန်တော်တို့ကို လှမ်းကြည့်နေသော နောက်တစ်အိမ်မှာ ဒေါ်ကြည်စုက ...

“စာရေးဆရာကြီး လက်ဆွဲခြင်းထဲက ဘာတွေလဲဗျ၊ လာစမ်းပါဦး …”

“ဧည့်သည်တွေ ယူလာတဲ့ ဒန့်သလွန်သီးတွေဗျာ … ဈေးသွားရောင်းမလို့”

သူ့အိမ်ရှေ့ ရောက်တော့ …

“ဘယ်လို ရောင်းသလဲဗျ”

“တစ်မတ် သုံးတောင့်ဆိုတော့ ဟော့ဟို … သန်းသန်းက လေးတောင့် ဆစ်တာနဲ့ လေးတောင့်ပဲ ပေးခဲ့တယ်”

“ဟာ … ကျွန်တော်တော့ ငါးတောင့်ပေးဗျာ”

“ယူဗျာ”

သူ့အိမ်မှ ပြန်ထွက်ခဲ့၏။ နောက်တစ်အိမ်က လှမ်းခေါ်ပြန်၏။

“ဘာတွေတုန်း ဦးသော်တာရေ့”

“ဒန့်သလွန်သီးတွေဗျ၊ မအေးသာရဲ့”

“ရောင်းဖို့လား”

“အစစ်ပေါ့ဗျာ”

“လာစမ်းပါဦး၊ ဘယ်လို ရောင်းသလဲ”

“ဟော့ဟို … ဒေါ်ကြည်စုက ငါးတောင့်ဆစ်လို့ ငါးတောင့်ပဲ ပေးခဲ့တယ်ဗျ”

“ဟာ … ကျုပ်တော့ ခြောက်တောင့်ပေးတော်”

“ယူဗျာ”

တစ်အိမ်နှင့် တစ်အိမ် လှမ်းမြင် နေရသည် ဖြစ်၍ နောက်တစ်အိမ် ဒေါ်စိန်ဥက လှမ်းခေါ်ပြန်၏။

“ဆရာကြီး ဘယ်ကများ ဒန့်သလွန်သီးတွေ ရခဲ့တုံး”

“နတ်တလင်းက ဧည့်သည်တွေ ယူလာတာဗျ”

“ဒါနဲ့များ လျှောက်ရောင်း နေရသေးလား၊ အလကား ပေးရောပေါ့ ဟဲ … ဟဲ …”

“ယူလေဗျာ … ဘယ်နှတောင့် ယူမတုံး”

“အလကား ပြောတာပါရှင်၊ သူများလိုပဲ ဝယ်ရမပေါ့၊ ဘယ်လိုရောင်းတုံး”

“မအေးသာက တစ်မတ် ခြောက်တောင့် ဆစ်လို့ ခြောက်တောင့်ပဲ ပေးခဲ့တယ်”

“ကျုပ်တော့ ခုနှစ်တောင့် ပေးတော် …”

“ယူဗျာ”

ဒေါ်စိန်ဥအိမ်မှ အထွက် နောက်တစ်အိမ် မလေးနွယ်က ခေါ်၍ …

“အောင်မယ်လေး စာရေးဆရာကြီးက ဒန့်သလွန်သီးတွေ လျှောက်ရောင်း နေတယ်၊ ခေါင်းပုံဖြတ် အမြတ်ကြီးစား ဖြစ်နေရောပေါ့”

“ရောင်းသူနဲ့ ဝယ်သူ နှစ်ဦး သဘောတူ ရောင်းကြ ဝယ်ကြတာပဲဗျာ၊ ခေါင်းပုံဖြတ်တယ် အမြတ်ကြီးစားတယ် ထင်ရင် မဝယ်ချင်နေပေါ့”

“အောင်မယ်လေး … ဝယ်ပါ့မယ်ရှင်၊ ဘယ်လို ရောင်းလဲ”

“တစ်မတ် ခြောက်တောင့် ဆိုတာကို ဟောဟို လောဘကြီးတဲ့ ဒေါ်စိန်ဥကြီးက ခုနှစ်တောင့် ဆစ်လို့ ခုနှစ်တောင့် ပေးခဲ့တယ်ဗျ”

“ဟီး … ဟီး … ကျွန်မတော့ ရှစ်တောင့်ပေးတော်”

“ယူဗျာ”

ယင်းသို့လျှင် ကျွန်တော်သည် တစ်အိမ် တစ်တောင့်တိုးနှင့် ဆစ်တိုင်းပေးခဲ့ရာ နောက်ဆုံး ခင်ငြိမ်းကြည် အိမ်တွင် ၁၃ တောင့်နှင့် ကိစ္စပြတ်၍ လက်ဆွဲခြင်း ခေါင်းစွပ်ကာ အိမ်သို့ ပြန်လာခဲ့ ပါတော့သည်။ ကျွန်တော်သည် ၁၀ အိမ်ရောင်းခဲ့ရာ ၁၀ မတ် ရခဲ့၍ ၎င်းမတ်စေ့လေးတွေ ထပ်ပြီး စားပွဲပေါ် တင်ထားလိုက်ပါသည်။

မကြာမီ ပထမဦးဆုံး ဈေးဦးပေါက် သန်းသန်း ရောက်လာကာ စတင် ရန်တွေ့တော့သည်။

“ကိုဆွေ … ကျွန်မတော့ တစ်မတ် လေးတောင့် ပေးခဲ့ပြီး ဒေါ်ကြည်စု အိမ်ကျတော့ ငါးတောင့် ပေးသွားဆို”

ဒုတိယ ဒေါ်ကြည်စု ရောက်လာပြန်ကာ …

“ဆရာကြီး … ကျွန်တော့်တော့ ငါးတောင့်ထဲ ပေးပြီး မအေးသာ အိမ်တော့ ခုနှစ်တောင့် ပေးသွားတယ်ဆို”

တတိယ မအေးသာ…

“ဒီမှာရှင့် … ကျွန်မတော့ ခြောက်တောင့်ထဲ ပေးပြီး မအေးသာ အိမ်တော့ ခုနှစ်တောင့် ပေးသွားတယ်ဆို”

စတုတ္ထ ဒေါ်စိန်ဥ…

“ဒီမှာ … ကျုပ်တော့ ခုနှစ်တောင့် ပေးပြီး မလေးနွယ်တော့ ရှစ်တောင့် ပေးသွားတယ်၊ စာရေးဆရာ လုပ်နေပြီး တရားသလား”

“ဟောဗျာ”

ကျွန်တော်သည် ဤသို့ တစ်ယောက်ပြီး တစ်ယောက် လာရန်တွေ့ ကြသည်ကို နောက်ဆုံး အများကြီး ရသွားသော ခင်ငြိမ်းကြည်မှ တစ်ပါး ဒုတိယ နောက်ဆုံး မခင်ရွှေ ရောက်လာသည် အထိ ထိုင်နားထောင် ပြီးနောက် …

“ကဲ … ဒေါ်ဒေါ်တို့၊ မမတို့၊ ကျွန်တော် တစ်ယောက်စီ ရှင်းပြပါရစေ။ ပထမဦးဆုံး မသန်းသန်း၊ ကျွန်တော်က တစ်မတ် သုံးတောင့် ဆိုတာကို ခင်ဗျားက လေးတောင့် ဆစ်လို့ လေးတောင့်ပဲ ပေးခဲ့တယ်။ ခင်ဗျား ကျေနပ်လို့ ခင်ဗျား ယူထားလိုက်တယ် …။

“ဒုတိယ ဒေါ်ကြည်စုက ကျွန်တော်က သန်းသန်းအိမ်မှာ လေးတောင့်ဆစ်လို့ လေးတောင့်ပဲ ပေးခဲ့တယ်။ ခင်ဗျားလဲ လေးတောင့် ယူပါ ဆိုတာကို ခင်ဗျားက ငါးတောင့်ပေးပါ ဆိုလို့ ကျွန်တော်က ငါးတောင့်ပဲ ပေးခဲ့တယ် …။

“တတိယ မအေးသာ၊ ဒေါ်ကြည်စုမှာ ငါးတောင့် ပေးခဲ့တယ် ဆိုတာကို ခင်ဗျားက ကျုပ်တော့ ခြောက်တောင့် ပေးပါဆိုလို့ ကျွန်တော် ခြောက်တောင့် ပေးခဲ့တယ် …။

“ကဲဗျာ … တစ်ယောက်စီ ပြောနေ ရှည်ပါတယ်။ ခင်ဗျားတို့ ဆစ်တိုင်းပဲ တစ်အိမ် တစ်တောင့်တိုး ကျွန်တော် ပေးခဲ့တယ်။ အဲဒါ ခင်ဗျားတို့က ကျွန်တော့်ကို ခုမှဝိုင်းပြီး မကျေနပ်ကြဘူး ဆိုတော့ ကျွန်တော် ဘယ်နှယ့် လုပ်ရမလဲ”

“ရှင့်ဟာက ဘုရားတကာ ရန်တိုက် လုပ်တာကိုတော့”

“အောင်မယ် … အောင်မယ် … ဘယ့်နှယ် ဘုရားတကာ ရန်တိုက်တုန်းဗျ။ ခင်ဗျားတို့ ဆန္ဒအရ ခင်ဗျားဆစ်တိုင်း ကျွန်တော် ပေးခဲ့တာပဲဗျာ။ ကဲ … ဒီမှာ ဒေါ်စိန်ဥ၊ ခင်ဗျားကို ကျွန်တော် အလကားယူလည်း ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား”

သူတို့ ခေတ္တမျှ တွေနေကြပြီးနောက် မအေးသာက…

“ဆရာ့ဟာက ဒီလိုလုပ်ဖို့ မကောင်းဘူး၊ တကယ်ဆို တစ်မတ် ခြောက်တောင့်ဖြင့် ခြောက်တောင့်၊ ခုနှစ်တောင့်ဖြင့် ခုနှစ်တောင့် အညီအမျှစီ ရောင်းဖို့ကောင်းတယ်”

“အယ် … ဒီလိုဆိုလည်း လွယ်ပါတယ်ဗျာ၊ ကဲ ကဲ အားလုံး ပြန်ယူခဲ့ကြ၊ ခင်ဗျားတို့ အားလုံး သဘောတူတဲ့ဈေး ဖြစ်ရစေ့မယ်၊ ပြန်ပြီး ဝေမျှပေးရမယ်”

ဤတွင် တစ်မတ်ဖိုး ၁၀ တောင့်၊ ၁၂ တောင့် ရသူတွေက မခံနိုင်။

“အောင်မယ် … အောင်မယ် … ဒီလိုတော့လည်း ဘယ်ပြန်လုပ် နေနိုင်တော့မလဲ၊ ကျွန်မတို့အိမ်မှာ ချက်ဖို့ တုံးတစ်တောင် ပြီးခဲ့ပြီ”

“ကဲ … မဟဝှာတို့၊ ခင်ဗျားတို့ ကြားကြတဲ့ အတိုင်းပါပဲဗျာ …၊ ကျွန်တော် ဘာတတ်နိုင်တော့သနည်း”

အားလုံး တွေဝေစဉ်းစားနေကြရင်း အနည်းဆုံး ရလိုက်၍ သူအနစ်နာဆုံး ထင်နေသော သန်းသန်းက …

“ကိုဆွေရယ် ... ကျွန်မတော့ လေးတောင့်ထဲ ရလိုက်တာ၊ ပိုက်ဆံတောင် ပြန်ပေးဖို့ ကောင်းတယ်”

“ဟာ … ဟုတ်ပေ့ ဒေါ်သန်းသန်းရေ၊ ရော့ … ရော့ ခင်ဗျာ့ပိုက်ဆံ ပြန်ယူဗျာ” ဟု သူ့ပိုက်ဆံ တစ်မတ်ကို ပြန်ပေးလိုက်၏။ ယင်း၌ ဒေါ်ကြည်စုက …

“ကျုပ်လည်း ငါးတောင့်ထဲဟာ ပိုက်ဆံ ပြန်ပေးဗျာ”

“ရော့ဗျာ”

ဤတွင် မအေးသာကလည်း …

“ကျွန်မလည်း ပြန်ပေးတော်”

“ကဲ … ကဲ … ရော့ … ရော့ အားလုံး ပြန်ယူကြ၊ ခင်ငြိမ်းကြည်ပါ ပြန်ပေးမယ်၊ ဒါမှ အေးမယ်” ဆိုပြီး သူတို့ပိုက်ဆံ အားလုံးကို ပြန်ပေးလိုက်သည်။

သို့တိုင် မအေးသေးချေ။ အလကား ရတာချင်း အတူတူ သူ့တော့ များတယ်၊ ငါ့တော့ နည်းတယ်နှင့် ပွစိ ပွစိ လုပ်နေကြသေးသဖြင့် ကျွန်တော်က …

“တကတည်းဗျာ … ‘လူ့အလို နတ်မလိုက်နိုင်’ ဆိုတဲ့ စကားသာ ကြားဖူးပါတယ်၊ ခုတော့ ‘လူ့အလို သော်တာဆွေ မလိုက်နိုင်’ ဆိုတာ ဖြစ်နေပြီ” ဟု ပြောလိုက်တော့ အင်မတန် နတ်ကိုးကွယ်သော ဒေါ်စိန်ဥက …

“အောင်မယ် … သူကပဲ နတ်ထက် ကြီးကျယ် နေသလိုလို”

“အောင်မယ် ... ကျုပ်က ဘာလို့ နတ်ထက် မကြီးကျယ်ရမှာတုံးဗျ၊ ကဲ … ဘယ်နတ်များ ခင်ဗျားတို့ကို ဒန့်သလွန်သီး တစ်တောင့် အလကား ပေးဖူးသလဲ၊ ပြောစမ်းပါဦး”

ယင်းမှ သူတို့သည် ပြုံးစိစိနှင့် ပြန်သွားကြကုန်သတည်း။

-----------------
သော်တာဆွေ
ဖြူနီညိုပြာ၊ ဇွန်၊ ၁၉၆၉။
(ဤလောကမြေမဟီဝယ်)

Credit to thanthannaing @ mmcybermedia

====

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon