29/03/2025
ဓမ္မပဒပါဠိတော်လာ ဓမ္မာရာမရဟန်းဝတ္ထုမှာ ဖြစ်စဉ်တစ်ခုကို ရင်ဆိုင်ပုံ (၃)မျိုး ဖော်ပြပါတယ်။
ဗုဒ္ဓက နောက် (၄)လဆိုရင် ပရိနိဗ္ဗာန်စံဝင်တော့မယ် ဆိုတဲ့ သတင်းထုတ်ပြန်ပါတယ်။ ဗုဒ္ဓအရှင်ကို ချစ်တဲ့သူတိုင်းအတွက် သတင်းဆိုးပါပဲ။
ပုထုဇဉ်ရဟန်းတွေက နေ့နေ့ညည သောကကြီးစွာ ငိုကြပါတယ်။ ဒါက ပထမတုံ့ပြန်ပုံပါ။
ဒုတိယတုံ့ပြန်မှုအနေနဲ့
ရဟန္တာအရှင်တွေကတော့ ဖြစ်ပျက်မွေးသေသင်္ခါရသဘောကို ဉာဏ်အမြင်
ကြီးတော်မူကြတာမို့ ဓမ္မသံဝေဂဖြစ်တော်မူကြပါသတဲ့။
တတိယတုန့်ပြန်ပုံက ဓမ္မာရာမရဟန်းရဲ့ သင့်သောနှလုံးသွင်းမှုမနသိကာရအတွေး
ပါပဲ။ (ဗုဒ္ဓပရိနိဗ္ဗာန်စံဖို့ (၄)လကြီးတောင် လိုသေးတယ်။ ) ဗုဒ္ဓပရိနိဗ္ဗာန်မစံမီ ဗုဒ္ဓသိတဲ့ ဗောဓိဉာဏ်ရအောင် ကြိုးစားမယ် လို့ တွေးပါတယ်။ ငိုတဲ့ ရဟန်းအုပ်စုနဲ့ မပူးပေါင်းသလို ဓမ္မသံဝေဂဖြစ်ကြတဲ့ ရဟန္တာအဆင့်လည်း မရောက်သေးတာကိုလည်း သူက သုံးသပ်နိုင်ပါတယ်။
ဗုဒ္ဓကိုယ်တော်တိုင် သာဓုခေါ်ရတဲ့ စိတ်နေစိတ်ထားပါပဲ။ ဓမ္မသံဝေဂမဖြစ်နိုင်ကြသေးရင် ငိုနေကြရုံနဲ့ ကိစ္စမပြီးပါဘူး။ မှန်ကန်စွာ တုံ့ပြန်ကြဖို့ လမ်းညွှန်ပါတယ်။ ဓမ္မပူဇာမှန်ကြစေပေါ့။
ဓမ္မာရာမရဟန်းလိုပဲ မဟာဇနက္ကမင်းသားရဲ့ တုံပြန်မှုဟာလည်း ကျနော်တို့ ငလျင်ဒဏ်လို ဘေးဆိုးကြုံချိန် အတုယူကြရမှာပါ။ ငိုနေတဲ့ သင်္ဘောသားအုပ်စုထဲ ရောမပါဘဲ လွတ်မြောက်ရာရှာဖို့ ပင်လယ်ကို ကူးဖြတ်ပါတယ်။ ငိုနေသူ အပူသည်တွေနားကို မဏိမေခလာရော
ဝိသုကြုံရော လာလို့ မရပါဘူး။
ထားကြပါစို့ ကြုံနေသူတွေကတော့ မဟာဇနက္ကမဟုတ်လို့ ငိုကြမှာပါ။ ဘေးက မြင်ကြားသူတွေက သောကဖြစ်ပြီး ရောငိုနေကြရုံမပြီးပါဘူး။ သောကအစားထိုး ကရုဏာကာယကံ ဝစီကံ မနောကံတွေနဲ့ နှုတ်ကူလက်မ ဆွဲထုတ် ဆွဲထူကြရမှာပါပဲ။ ( #အရဟံဂါထာတော်_တတိယနေ့_စကား)