11/08/2022
#ဝါခေါင်လပြည့်
မေတ္တာအခါတော်နေ့
# # # # # # # # # # # # # # # # # #
ယနေ့သည် ဝါခေါင်လပြည့်နေ့ဖြစ်သည်။ မေတ္တာအခါတော်နေ့ဖြစ်သည်။
အဘယ့်ကြောင့် ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ ဟု ခေါ်ပါသနည်း။
ဝါခေါင်လတွင် မေတ္တသုတ်ကို ဟောကြားသောကြောင့် ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟု ဆိုကြပါ၏။
"မေတ္တသုတ်နဲ့ပတ်သက်လာလို့ရိရင်
ရွတ်ရမှာ သက်သက်မဟုတ်ဘူး၊
နာရမှာ သက်သက်မဟုတ်ဘူး၊
မေတ္တသုတ်ကို နေ့စဉ်ရွတ်ဖတ်လို့ရှိရင် အန္တရာယ်ကင်းတယ်၊ နာလို့ရှိရင် အန္တရာယ်ကင်းတယ်ဆိုတဲ့စကား ဒီမေတ္တာသုတ်ထဲမှာ ပြထားတဲ့စကားလုံး တစ်လုံးမှမပါဘူး။ သို့သော် အများက ယုံကြည်နေကြတယ်"
"မိုးကုတ်ဆရာတော်ကြီးရဲ့စကားနဲ့ပြောရရင် "ဒို့လူတွေက သောက် ဆေးကိုလိမ်းဆေးလုပ်နေကြတယ်" ပေါ့" သောက်ရမယ့်ဆေးကို လိမ်းဆေးလုပ်တော့ အကျိုးသက်ရောက်မှု အားနည်းရမှာပေါ့"
"သောက်ရမယ့်ဆေးက သောက်ကိုသောက်မှ အကျိုးသက်ရောက်မှုဖြစ်မှာပေါ့၊ ဒါ့ကြောင့် မေတ္တာဆိုတာ ဘာဝနာဖြစ်လို့ ပွားများကြရမယ်"ဟု ပါချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာက မိန့်ထားပါသည်။
မေတ္တသုတ်ဆိုသည်မှာ ရွတ်ဖတ်နာယူခြင်းထက် ပွားများဆင်ခြင်သင့်သည်ဟု ဆရာတော်က မေတ္တသုတ်အဖွင့်တွင် ဥပမာနှင့်တကွ ဟောကြားထားပါသည်။
မေတ္တသုတ်တွင် မေတ္တသုတ်ဖြစ်ပေါ်လာပုံ၊ မေတ္တာဘာဝနာပွားများ ခြင်း၏အကျိုးတရား၊ မေတ္တာဘာဝနာပွားများမည့်သူ၏အရည်အချင်းများ၊ မေတ္တာပွားပုံ ထိုမှတဆင့် မေတ္တာကမ္မဋ္ဌာန်းပွားများပုံတို့ကို ဟောကြားထားပါသည်။
(၁)
ဘုရားရှင်လက်ထက်က ရဟန်းများသည် ဘုရားရှင်ကို တစ်နှစ်နှစ် ကြိမ်လာရောက်ဖူးတွေ့လေ့ရှိပါသည်။ ဝါဆိုတော်မူခါနီးတွင် မြတ်စွာဘုရားရှင် ဖူးမျှော်၍ မိမိနှင့်သင့်လျော်မည့် အားထုတ်ရမည့် ကမ္မဋ္ဌာန်းကို တောင်းကြသည်။
မြတ်စွာဘုရားရှင်က စရိုက်အားလျော်စွာ ကျင့်ရမည့် ကမ္မဋ္ဌာန်းကို ပေးတော်မူပါ၏။ ရာဂစရိုက်အားကြီးသောရဟန်းကို အသုဘကမ္မဋ္ဌာန်း၊ ဒေါသစရိုက်အားကြီးသောရဟန်းကို မေတ္တာစသောကမ္မဋ္ဌာန်း၊ မောဟစရိုက်အားကြီးသောရဟန်းကို မရဏာနုဿတိကမ္မဋ္ဌာန်း၊ ဝိတက်စရိုက်အားကြီးသောရဟန်းကို အာနပါနကမ္မဋ္ဌာန်း၊ သဒ္ဓါစရိုက်အားကြီးသောရဟန်းကို ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၊ ပညာစရိုက်(ဗုဒ္ဓိစရိုက်)အားကြီးသောရဟန်းကို အာဟာရေပဋိကူလကမ္မဋ္ဌာန်းကို ပေးတော်မူပါသည်။
တစ်ခုသောနှစ်တွင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတွင် သီတင်းသုံးနေတော်မူ၏။ ထုံးစံအတိုင်း ဝါဆိုခါနီးတွင် ရဟန်းများက လာရောက်ကမ္မဋ္ဌာန်းတောင်းကြသည်။ ထိုရဟန်းများထဲတွင် ရဟန်းငါးရာလည်း ပါသည်။ မြတ်စွာဘုရားရှင်က ရဟန်းတို့အား လျောက်ပတ်သည့် ကမ္မဋ္ဌာန်းများကို သင်ကြားပေးလိုက်သည်။
ထိုရဟန်းငါးရာသည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းကို သင်ယူပြီးနောက် သင့်လျော်မည့်ဝါဆိုရမည့်နေရာကို ရှာဖွေကြသည်။ ထိုသို့ ရှာဖွေကြရင်း ဟိမဝန္တာတောနှင့် တဆက်တည်းဖြစ်နေသော တောင်တစ်တောင်ကို တွေ့လိုက်ကြသည်။
ထိုတောင်၏အနီးပတ်ဝန်းကျင်တွင် စိမ်းစိုညို့မှိုင်းသော တောအုပ်ရှိသည်။ ထိုတောအုပ်နှင့် မလှမ်းမကမ်းတွင် အိမ်ခြေတစ်ထောင်ရှိသောရွာရှိသည်။ ရဟန်းငါးရာသည် ရောက်သည့်နေ့တွင် ထိုတောင် ခြေတွင်တစ်ည သီတင်းသုံးလိုက်ကြသည်။
မနက်ရောက်တော့ ရွာသို့ ဆွမ်းခံကြွကြသည်။ရွာသူရွာသားများသည် ဖူးမြင်ရခဲသောရဟန်းများကို ဖူးမြင်ရသဖြင့် ဝမ်းသာကြသည်။ ရဟန်းငါးရာကိုလည်း ဒီအရပ်တွင် ဝါကပ်ဖို့လျှောက်ထားကြရင်း ကျောင်းများ ဆောက်လုပ်ပေးကြသည်။
ရဟန်းများသည် ဆွမ်းစားပြီးနောက် တောအုပ်ထဲသို့ကြွ၍ သစ်ပင်ရင်းများတွင် နေ့ညမပြတ်အားထုတ်ကြလေသည်။
ထိုအခါ သစ်ပင်စောင့် ရုက္ခစိုးနတ်များသည် သီလရှိသောရဟန်းများကြောင့် မိမိတို့ ဗိမ္မာန်မှာမနေရဲကြဘဲ သားသမီးများကိုစွဲကာ လွတ်ရာသွားနေကြသည်။
ရုက္ခစိုးနတ်များသည် " ဒီရဟန်းတွေပြန်မှ ငါတို့လည်း ကိုယ့်နေရာကိုယ် ပြန်ကြရမယ်"ဆိုသည့်အတွေးဖြင့် ရဟန်းများအခြေအနေကို စောင့်ကြည့်နေကြသည်။
ရဟန်းများသည် ဝါဆိုလပြည့်နေ့ရောက်သောအခါ ဝါဆိုကြသည်။ ထိုအခါ နတ်များက "ရဟန်းတွေတော့ တစ်ဝါတွင်းလုံးနေကြတော့မယ်၊ ဒီတော့ ရဟန်းတွေ နေမရအောင် လုပ်ကြမယ်"ဟု တိုင်ပင်ကြ လေသည်။
ညရောက်သောအခါ တရားအားထုတ်နေသောရဟန်းများအား ကြောက်မက်ဖွယ်အဆင်းများ၊ ကြောက်မက်ဖွယ်အသံများ၊ ကြောက်မက်ဖွယ်အနံ့များဖြင့် ခြောက်လှန့်ကြသည်။ ရဟန်းများမှာ တရားကို ကောင်းစွာအားမထုတ်နိုင်ကြတော့။ အအိပ်ပျက် အစားပျက် ကိုယ်လက်မကြည်မလင် ဖြစ်ကြသည်။
ရဟန်းများစုဝေးမိသည့်အခါ တရားအားထုတ်ရာမှာ အဆင်မပြေသည့်အကြောင်း၊ ခြောက်လှန့်ခံရပုံများကို အသီးသီးပြောကြလေသည်။ ထိုအခါ အကြီးဆုံးမထေရ်က " ဘုရားက ဝါနှစ်ကြိမ်ဆိုလို့ရတယ် ဟောထားတယ်၊ ဒီတော့ မြတ်စွာဘုရားထံပြန်သွားပြီး သင့်တော်မယ့်နေရာကို တောင်းကြမယ်"ဟုဆိုကာ သပိတ်များကို လွယ် ၍ သာဝတ္ထိသို့ ပြန်လာကြလေသည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းရောက်သည့်အခါ ဘုရားရှင်က "သင်တို့ ဝါတွင်းကာလကြီး ဘာလို့ပြန်လာကြတာ"ဟု မေးသော်အကြောင်းစုံကို လျှောက်ထားကြ၍ မိမိတို့နှင့်သင့်လျော်မည့်နေရာကို ညွှန်ပြပေးဖို့လျှောက်ထားကြသည်။ ဘုရားရှင်က
"ယခုနေရာသည်ပင် သင်တို့နှင့် သင့်လျော်သောနေရာဖြစ်ပေသည်၊ ထိုနေရာ၌ သင့်တို့သည် ရဟန္တာဖြစ်ကြပေလိမ့်မည်၊ သင်တို့အား အန္တရာယ်များ မဖြစ်ပေါ်စေရန် နည်းပေးလိုက်မည်"ဟုမိန့်ကာ မေတ္တသုတ်ကို ဟောကြားတော်မူလေသည်။
မေတ္တသုတ်တွင် ပွားများရမည့်ပုဂ္ဂိုလ် လိုက်နာရမည့် စည်းကမ်းများကို အရင်ဟောတော်မူပါသည်။ ထို့နောက် မေတ္တာပွားနည်းကို ဟော၍ သတ္တဝါများအပေါ်ထားရမည့်စိတ်ထား၊ မေတ္တာပွားရမည့်အခြေအနေတို့ကိုဟော၍ နောက်ဆုံးတွင် သမထမှ ဘာဝနာသို့ ပြောင်း၍ ပွားများပုံကို ဟောကြားတော်မူပါသည်။
ရဟန်းငါးရာသည် မေတ္တသုတ်ကို သင်ယူမှတ်သားပြီးနောက် မူလနေရာသို့ပြန်လာကြပြီး မေတ္တာဘာဝနာများ ပွားများကြလေသည်။ ထိုအခါ နတ်များက ချစ်ခင်ကြ၍ ရေခပ်ခြင်း၊ တံမျက်လှည်းခြင်း နှိပ်နယ်ပေးခြင်းစသော ဝေယျာဝေစ္စများကို လုပ်ကိုင်ပေးကြလေသည်။
ရဟန်းများလည်း တရားဘာဝနာကို ချမ်းသာစွာ အားထုတ်နိုင်ကြရာ သီတင်းကျွတ်သောအခါ အရဟတ္တဖိုလ်ဆိုက်၍ ရဟန်းအားလုံး ရဟန္တာ ဖြစ်သွားကြလေ၏။
(၂)
မေတ္တသုတ်၏ အစဖြစ်သော 'ယဿာနုဘာဝတော'ဂါထာသည် မေတ္တာဘာဝနာပွားများခြင်း၏ အကျိုးကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ မေတ္တာအကျိုး ၁၁ပါးမှာ
"ချမ်းသာအိပ်စက်၊ ချမ်းသာလျက်နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်းနတ်များ၊ လူသားလည်းချစ်၊ နတ်လည်းချစ်လျက်၊ လက်နက်ဆိပ်မီး၊ပြီးသည့်တစ်ဖြာ၊ မျက်နှာရွှင်ကြည်၊ တည်ကြည်နှလုံး၊ သေဆုံးမတွေ၊ သေလျှင်ဗြဟ္မာ၊ ဖြစ်တတ်စွာတည်း၊ မေတ္တာအကျိုး ဆယ့်တစ်မျိုးတည်း"
အဓိပ္ပာယ်မှာ
၁။ ချမ်းသာစွာ အိပ်ရခြင်း၊
၂။ ချမ်းသာစွာ နိုးရခြင်း၊
၃။ မကောင်းသော အိပ်မက်များကို မမြင်မက်ခြင်း၊
၄။ လူအများ၏ ချစ်ခင်နှစ်သက်မှုကို ခံရခြင်း၊
၅။ နတ်ဘီလူးတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း၊
၆။ နတ်များ၏ စောင့်ရှောက်ကူညီမှုကို ရရှိခြင်း၊
၇။ အဆိပ်, မီး, ဓား စသော လက်နက်များ မကျရောက်ခြင်း၊
၈။ လျင်မြန်စွာ စိတ်တည်ကြည်ခြင်း၊
၉။ မျက်နှာအဆင်း ကြည်လင်ခြင်း၊
၁၀။ မတွေမဝေဘဲ သေရခြင်း၊
၁၁။ မဂ်ဖိုလ်ကို မရသေးသည်ရှိသော် ဗြဟ္မာပြည်သို့ လားရောက်ရခြင်းတို့ ဖြစ်ပါသည်။
"ကရဏီယ မတ္ထကုသလေန" ဂါထာသည် မေတ္တာဘာဝနာပွားများသောပုဂ္ဂိုလ် လိုက်နာရမည့် စည်းကမ်းများဖြစ်ပါသည်။
"သက္ကော" အရ မေတ္တာပွားမည့်သူသည် စွမ်းနိုင်သူ ဖြစ်ရပါမည်။ စွမ်းနိုင်ခြင်းဆိုသည်မှာ ပဓာနိယင်္ဂငါးပါးနှင့် ပြည့်စုံရမည်ဟု ဆိုလိုပါသည်။
ပဓာနိယင်္ဂငါးပါးမှာ
သဒ္ဓါတရားရှိရမည်၊
လုံ့လဝီရိယရှိရမည်၊
ကျန်းမားရေးကောင်းရမည်၊
ရိုးသားရမည်၊
ပညာနှင့်ပြည့်စုံရမည် ဟူ၏။
"ဥဇူ စ သုဟုဇူစ"ဆိုသည်မှာ ကိုယ်အမူအရာ နှုတ်အမူအရာ ရိုးသားခြင်းကို ဥဇုဟုခေါ်၍ စိတ်နှလုံးရိုးသားခြင်းကို သုဟုဇူဟု ခေါ်ပါသည်။
ရိုးသားခြင်းဆိုသည်မှာ မာယာ သာဌေယျ မရှိခြင်းကို ဆိုပါသည်။ မာယာဆိုသည်မှာ လှည့်ပတ်ခြင်းဖြစ်ပြီး သာဌေယျမှာ မိမိမရှိသည်ကို ရှိသယောင် ကြွားဝါခြင်းဖြစ်သည်။
"သုဝစော"အရ ပွားများမည့်သူသည် ဆိုဆုံးမလွယ်ရမည်။ သို့မှသာ တစ်ဖက်သား စိတ်ချမ်းသာမည်။
ထို့နောက် "မုဒု"နုညံ့သိမ်မွေ့ရပါမည်။
နောက်ပြီးမေတ္တာပွားမည့်သူသည် "အနတိမာနိ" မာနမကြီးရမည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေရမည်။
နောက်ပြီး "သန္တုဿကော" ရောင့်ရဲရမည်။
ရောင့်ရဲသည်ဟု ဆိုရာတွင် တချို့က တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟု ဆိုကြသည်။ နားလည်မှုလွဲခြင်းသာဖြစ်သည်။ ရောင့်ရဲသည်ဟုဆိုရာတွင် မိမိပိုင်ဆိုင်နေသည့်အရာများကို ရောင့်ရဲခြင်း ဇီဇာမကြောင်ခြင်းကို ဆိုလိုသည်။
"ရောင့်ရဲသောသူသည် သုဘရော" အသက်မွေးလွယ်ရမည်။
ထို့နောက် "အပ္ပကိစ္စ"နည်းသောကိစ္စ ဖြစ်ရမည်။
ထို့နောက် "သလ္လဝုကဝုတ္တ"ဟုခေါ်သော ဘဝကို ရိုးသားစွာ simple life ဖြင့် ဖြတ်သန်းရမည်။
"သန္တိနြန္ဒိယ" ငြိမ်သက်သောဣန္ဒြေရှိရမည်။
"အပ္ပဂမ္ဘ" သူတစ်ပါးကို ကိုယ်အားဖြင့်နှုတ်အားဖြင့် မတိုက်ခိုက်ခြင်းတို့ကို လိုက်နာ၍ပညာရှိတို့ကဲ့ရဲ့အပ်သော အမှုများကို ရှောင်ကြဉ်ရမည်။
ထိုအချက်များသည် မေတ္တာပွားမည့်သူ၏ လိုက်နာရမည့်စည်းကမ်းများဖြစ်သည်။
ထို့နောက်မေတ္တာပွားနည်း ၁၁နည်း ဒုကနည်း တိကနည်းဖြင့်ဟောကြားပါသည်။
(၃)
၁။"လုံးစုံများစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ "ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ"
ကြောက်တတ်သောသတ္တဝါဆိုသည်မှာ ပုထဇဉ်များကို ရည်ရွယ်၍ မကြောက်တတ်သောသတ္တဝါမှာ အရိယာများကို ဆိုလိုပါသည်။
၃။"မြင်အပ်မမြင်အပ် နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ"
၄။"ဝေးနေနီးနေ နှစ်ထွေများစွာသတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ"
၅။"ဘဝဇာတ်ဆုံး မဆုံးများစွာသတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ"
ဘဝဇာတ်ဆုံးသောသတ္တဝါဆိုသည်မှာ အရိယာများကိုဆိုလို၍ မဆုံးသောသတ္တဝါများမှာ ပုထုဇဉ်များကို ဆိုလိုပါသည်။
၆။"ရှည် တို အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ"
ရှည်သောသတ္တဝါဆိုသည်မှာ နဂါး၊ မြွေတို့ကို ဆိုလိုပါသည်။
၇။"ကြီးငယ်အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ"
ကြီးသောသတ္တဝါဆိုသည်မှာ တန်ခိုးကြီး၍ ခန္ဓာကိုယ်ကြီးမားသောအသူရိန်နတ်ကဲ့သို့သောနတ်များကို ဆိုလိုပါသည်။
၈။"ဆူ ကြုံ အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ"
ထို့နောက် ဘုရားရှင်သည် လူပုဂ္ဂိုလ်များ၏အကျိုးစီးပွားကို တိုးတက်စေလိုခြင်း ဆင်းရဲကို ပပျောက်ခြင်း အလို့ငှာ နောက်သုံးချက်ကို ဟောတော်မူပါသည်။
၉။"လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ"
၁၀။"အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ"
၁၁။" ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ"
ထို၁၁နည်းကို အဖန်တလဲလဲ အကြိမ်များစွာ ပွားများ ဆင်ခြင်ရပါမည်။ ထို့နောက် ထားရမည့်စိတ်ထားကို ဆက်လက်ဟောတော်မူပါသည်။
(၄)
မြတ်စွာဘုရားရှင်သည် "မာတာ ယထာ နိယံပုတ္တ"ဂါထာကို ဟောတော်မူပါသည်။
မိခင်သည် တစ်ဦးတည်းသောသား၏ဘေးရန်ကို အသက်နှင့်လဲ၍ ကာကွယ်၍အကျိုးစီးပွားကို ဆောင်ရွက်သကဲ့သို့ မေတ္တာဘာဝနာပွားများသူသည် သတ္တဝါအကျိုးကို ဆောင်ရွက်ရမည်ဟု ဆိုပါသည်။
ထို့နောက် "တိဋ္ဌံ စရံ နိသိန္နော"ကို ဟောတော်မူပါသည်။ တချို့လူများသည် မေတ္တာပွားရာတွင် ထိုင်ရပ်သာပွားကြသည်။ မြတ်စွာဘုရားက မေတ္တာပွားသူသည် မတ်တပ်ရပ်လျက်လည်း ပွားရမည်။ လမ်းသွားရင်းလည်း ပွားရမည်။ ထိုင်လျက်လည်း ပွားရမည်။ အိပ်လျက်လည်း ပွားရမည်ဟု ဆိုပါသည်။
ထိုသို့ မေတ္တာဘာဝနာ ပွားများ၍နေသူကို မြတ်သောနေခြင်းဟု မြတ်စွာဘုရားရှင်က ဟောပါသည်။
မေတ္တာဘာဝနာပွားများသူသည် ရှေးဦးစွာ ယောက်ျားအချင်းချင်း မိန်းကလေးအချင်းချင်းသာ အရင်ဆုံးပွားရပါမည်။ အဘယ့်ကြောင့်ဆိုသော် မေတ္တာ၏အနီးကပ်ရန်သူမှာ တဏှာဖြစ်၍ ဆန့်ကျင်ဘက်အပေါ် မေတ္တာနှင့်ရာဂ ရောထွေးသွားနိုင်သောကြောင့် ဖြစ်၏။
မိမိ၏မေတ္တာ ပြည့်ဝမှုရှိမရှိကို လူလေးမျိုးနှင့် စမ်းသပ်နိုင်ပါသည်။ လူလေးမျိုးဆိုသည်မှာ မိမိ၊ မိတ်ဆွေ၊ ရန်သူ၊ မိမိနှင့်မသိသူတို့ဖြစ်သည်။ ထိုလေးယောက်တို့အပေါ် တစ်သားတည်းထားနိုင်လျှင် မိမိ၏ မေတ္တာသည့် ပြည့်ဝသည်ဟု ပြောနိုင်ပါသည်။
မေတ္တာဘာဝနာကို ပွားများပြီးနောက် ကမ္မဋ္ဌာန်းသို့ ပြောင်းလဲမှုသ်စေလို၍ ဘုရားရှင်က " ဒိဋ္ဌဉ္စ အနုပဂမ္မ"ကို ဟောတော်မူပါသည်။
ကမ္မဋ္ဌာန်းပွားများသောအခါ ရှေးကပွားသည့် သတ္တဝါတည်းဟူသော ပုဂ္ဂိုလ်ပညတ်ကို ခွာရပါမည်။ မိမိ၏စိတ်သည် ရုပ်နာမ်ကိုသာ အာရုံ ပြုရပါမည်။ ထိုသို့ သတ္တဝါပညတ်တည်းဟူသောအမြင်ကို ခွာခြင်းကို ဒိဋ်ဌ်စ အနုပဂမ္မ ဟုခေါ်ပါသည်။ ထို့နောက် အရိယာသီလကို ဖြည့်ကျင့်ပြီးနောက် သောတပန်ဖြစ်သွားသည်ကို "သီလဝါ ဒဿနေန သမ္မန္နော"ဟု ဆိုပါသည်။ ထို့နောက် ကာမဂုဏ်တရားများ ပယ်သွား ခြင်းအနာဂါမ် ဖြစ်သွားသည်ကို "ကာမေသု ဝိနယ ဂေဓံ"ဟု ဆိုပါသည်။ နောက်ဆုံးတွင် ရဟန္တာဖြစ်သွားခြင်းကို "န ဟိ ဇာတုဂဗ္ဘသေယျ"ဖြင့် နိဂုံးချုပ် ဟောကြားထားပါသည်။
မေတ္တသုတ်ဆိုသည်မှာ ရွတ်ဖတ်ခြင်းထက် ပွားများခြင်းသည် ပိုအကျိုးများပါ၏။ မေတ္တာဘာဝနာပွားများ၍နေသူကို မြတ်သောနေခြင်းဟု ဆိုပါသည်။ သို့ဖြစ်၍ခက်ခဲသော ဤကာလတွင် မေတ္တာဘာဝနာ ပွားများရင်း မြတ်သောနေခြင်းဖြင့် နေနိုင်ကြပါစေ။ ။
#အရှင်ပဏ္ဍိတ (ဆားလင်းကြီး)
09/06/2022
03/09/2021
17/01/2021
28/05/2020
09/04/2020
02/04/2020