𝚂𝚞𝚞'𝚜 𝙿𝚊𝚛𝚊𝚍𝚒𝚜𝚎

  • Home
  • Myanmar
  • Yangon
  • 𝚂𝚞𝚞'𝚜 𝙿𝚊𝚛𝚊𝚍𝚒𝚜𝚎

𝚂𝚞𝚞'𝚜 𝙿𝚊𝚛𝚊𝚍𝚒𝚜𝚎 I'm not professional; just a book lover. I create content for my pleasure and just as my milestone✨. "Read, reflect and apply"

 #မောင်ထွန်းသူ  #နိုင်ငံတကာလုပ်ကြံမှုကြီးများ  ဒီစာအုပ်ဟာ J.Anderson Black ရဲ့ စာအုပ်ကိုဘာသာပြန်ထားတာဖြစ်ပါတယ်။ သေပြီးသာ...
30/11/2025

#မောင်ထွန်းသူ
#နိုင်ငံတကာလုပ်ကြံမှုကြီးများ

ဒီစာအုပ်ဟာ J.Anderson Black ရဲ့ စာအုပ်ကိုဘာသာပြန်ထားတာဖြစ်ပါတယ်။ သေပြီးသားလူတွေ လုပ်ကြံခံရတဲ့အကြောင်းဖတ်လို့ ဘာရမှာလဲလို့မေးရင် ပထမဆုံး ဗဟုသုတရပါတယ်။ နောက်တစ်ချက်က ကမ္ဘာ့နိုင်ငံရေးရဲ့လှည့်ကွက်တွေကို ကွက်ကွက်ကွင်းကွင်း ပိုမြင်လာနိုင်ပါတယ်။ ငါကပြည်သူတစ်ယောက်မို့၊သာမန်ဝန်ထမ်းတစ်ယောက်မို့ ဒါတွေမသိလည်း ကိစ္စမရှိဘူးလို့ မတွေးလိုက်ပါနဲ့။ သာမန်ဘဝကနေ တစ်ဆင့်တက်လှမ်းနိုင်ဖို့ ကမ္ဘာ့မှာ ဖြစ်ပျက်ပြောင်းလဲနေတာတွေလိုက်ပြီး လိုက်လျောညီထွေလုပ်ကိုင်‌ဆောင်ရွက်နိုင်မှသာ ယနေ့ခေတ်မှာ survive လုပ်နိုင်မှာဖြစ်ပါတယ်။ လူ့သဘောမနောဆိုတာတွေကို လူတစ်ယောက်ကို အကြာကြီးပေါင်းကြည့်မှ သိနိုင်မှာဖြစ်ပေမဲ့ ဒီစာအုပ်ကိုဖတ်လိုက်ရုံနဲ့ လူ့စရိုက်တွေ၊ အစွန်းရောက်ဝါဒီတွေရဲ့ သဘောထားတွေကို ခဏအတွင်းသိမြင်နိုင်မှာဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံလို အင်အားကြီးနိုင်ငံတွေနဲ့ ဝန်းရံထားတဲ့နိုင်ငံငယ်လေးဟာ Geopolitical အကြောင်းနားလည်ရမှာ ဖြစ်သလို ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့ သမိုင်းကြောင်း၊ လုပ်ဆောင်ပုံကို သိရှိဖို့လိုအပ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ခေါင်းစဥ်အတိုင်း ကမ္ဘာကျော်တွေရဲ့ လုပ်ကြံခံရမှုတွေနဲ့ သေဘေးကလွတ်မြောက်ခဲ့တဲ့ လူတစ်စုအကြောင်း ရေးသားထားတာဖြစ်ပါတယ်။

အမေရိကန်သမ္မတလို့ပြောလိူက်ရင် Abraham Lincon,Donald Trump, Obama တို့ကိုလူတိုင်းနီးပါးသိကြပါတယ်။ ဒီစာအုပ်ထဲမှာတော့ အမေရိကန်သမ္မတတွေထဲမှာ လုပ်ကြံခံရလို့ အသက်သေဆုံးခဲ့ရတဲ့ Abraham Lincoln, James A.Garfield, William Mckinley, John F.Kennedy တို့အကြောင်းကို ဖော်ပြထားပါတယ်။ ကျွန်မငယ်ငယ်တုန်းက အမေရိကန်ရဲ့ ၁၆ယောက်မြောက်သမ္မတလင်ကွန်းအကြောင်းကို စာစီစာကုံးစာအုပ်ထဲမှာ ခဏ” ဖတ်ဖူးပါတယ်။ ဆင်းရဲသားဘဝကနေ သမ္မတဖြစ်ခဲ့ပုံ၊ အမေရိကန်ရဲ့ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ပုံတွေကို ဖတ်ရပြီးတော့ လေးစားခဲ့ပါတယ်၊ အဲ့ဒီလို လူတော်လူကောင်းတစ်ယောက်ကို ဘယ်သူက ဘာအကြောင်းကြောင့် လုပ်ကြံခဲ့သလဲ? လင်ကွန်းရဲ့ နောက်ထပ်နာမည်ကြီးတဲ့ အရည်အချင်းတွေက ဘာတွေလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီစာအုပ်ကို ဖတ်ဖို့တိုက်တွန်းပါရစေ။

နိုင်ငံရေးအကြောင်း အနည်းအကျဥ်းစိတ်ဝင်စားတဲ့သူဆိုရင် ကနေဒီကို သိကြမှာပါ။ ကျွန်မကတော့ Starfishမှာသင်တန်းတက်ရင်း coursebook မှာသူ့အကြောင်းပါလို့သိတာပါ။ ကနေဒီဟာ အသက် ၄၃နှစ်နဲ့ သမ္မတဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ဒုတိယမြောက်အသက်အငယ်ဆုံးသမ္မတဖြစ်ပါတယ်။ ကံဆိုးတာက သူရော သူ့ညီရော လုပ်ကြံခံရပြီး သေဆုံးခဲ့ရဝာာပါ။ အမေရိကန်သမ္မတ ခုချိန်ထိ ၄၇ယောက်ရှိတဲ့ထဲမှာမှ လေးယောက်ဟာ လုပ်ကြံခံရပြီး သေဆုံးခဲ့ရပါတယ်။ ဒီလောက်လုံခြုံရေးတွေတင်းကြပ်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံရဲ့ သမ္မတတွေကို ဘယ်လိုလူမျိုးတွေက လုပ်ကြံခဲ့သလဲ သိချင်ရင်တော့ ဒီစာအုပ်ကို ဖတ်ကြည့်လိုက်ပါ။

ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ၊ အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ် နေရူးရဲ့ သမီး နဲ့မြေး အင်ဒီရာဂန္ဒီ၊ရာဂျစ်ဂန္ဒီ တို့လုပ်ကြံသတ်ဖြတ်ခံရတဲ့အကြောင်းကိုလည်း ရေးထားပါတယ်။ လုပ်ကြံခံရပေမဲ့ အသက်ဘေးကလွတ်ခဲ့တဲ့ သူတွေထဲမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ဟစ်တလာ၊ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ဖို့ ဂျပန်ကို အနုမြူဗုံးကြဲဖို့ ဆုံးဖြတ်ခဲ့တဲ့ အမေရိကန်သမ္မတ ထရူးမင်း၊ ဗြိတိသျှနာမည်ကျော် ဝန်ကြီးချုပ် မာဂရက်သက်ချား တို့အပြင် အခြားနာမည်ကြီး အများအပြားအကြောင်းလည်းပါဝင်ပါတယ်။

ကျွန်မရဲ့ personal POV အရ ဒီစာအုပ်ဟာ သမိုင်းကြောင်းစိတ်ဝင်စားတဲ့သူ၊ နာမည်ကျော်တွေအကြောင်းဖတ်ရတာ ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ပြောလိုက်ပါရစေ။

(5)
's paradise

Book Review (4)  ဒီဝတ္ထုလေးကတော့ မိန်းကလေးတစ်ယောက်ရဲ့ ဆိုးရွားလှတဲ့ ဘဝကြီးပြင်းမှုအကြောင်းပဲ ဖြစ်ပါတယ်။ ခင်ကျော်လေး လို့...
17/11/2025

Book Review (4)

ဒီဝတ္ထုလေးကတော့ မိန်းကလေးတစ်ယောက်ရဲ့ ဆိုးရွားလှတဲ့ ဘဝကြီးပြင်းမှုအကြောင်းပဲ ဖြစ်ပါတယ်။ ခင်ကျော်လေး လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှု.......မိဘတွေက အိမ်ထောင်ကွဲသွားလို့ ကြီးတော်နဲ့အတူ ကြီးပြင်းခဲ့ရသူ.......ကြီးတော်ရဲ့ အမုန်းတွေကြားမှာ ငယ်ငယ်တည်းက စိတ်ဒဏ်ရာရခဲ့သူလေး.......ကြီးတော် ဆုံးပါးပြီးနောက် အမေကလာခေါ်လို့ ပျော်ရုံရှိသေး နောက်ထပ် ‌လောကဓံဆိုးတစ်ခုကို ထပ်မံကြုံတွေ့ခဲ့ရပြန်ပါတယ်။

အမေ့နောက်ယောကျာ်းရဲ့ မကြည်ဖြူမှုကြောင့် အဖေအရင်းထံကို ကျောင်းပိတ်ရက်သွားနေပြန်တော့ နောက်ထပ် ကြမ္မာဆိုးတစ်ခုက စောင့်ကြိုလို့နေပြန်ပါတယ်။ ဒီလိုခက်ခဲလှတဲ့လောကဓံတရားတွေကို ခင်ကျော်လေးတစ်ယောက် ရင်ဆိုင်ရပုံတွေကို ဆရာမကြီးက ရင်နင့်ဖွယ်ရေးပြထားပါတယ်။

မိခင်သေဆုံးပြီးနောက် ဘဝမှာ သူ့ကို အမှန်တကယ်ချစ်ပေးနိုင်တယ်လို့ ယူဆရတဲ့ အမျိုးသားတစ်ယောက်ပေါ်လာချိန်မှာတော့ ခင်ငြိမ်းအေး ဆိုတဲ့အမည်ပြောင်းကာ ဘဝကို အသစ်တစ်ဖန်တည်ဆောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒီ့အမျိုးသားက‌ရော သူ့ဘဝကို လုံခြုံမှု အပြည့်အဝပေးနိုင်ပါ့မလား? ဘဝရဲ့ထိုးနှက်ချက်များစွာနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ခင်ကျော်လေးတစ်ယောက် အိမ်‌ထောင်ရေးမှာရော ကံကောင်းနိုင်ပါ့မလား? သူမရဲ့ စိတ်ဒဏ်ရာတွေကရော ပျောက်ပျက်သွားနိုင်ပါ့မလား? ဆိုတာကိုတော့ ဒီစာအုပ်လေးကိုဖတ်ပြီး အဖြေရှာကြည့်လိုက်ပါနော်။

ကျွန်မဆယ်တန်းမအောင်ခင် နယ်မှာကြီးပြင်းခဲ့သူဆိုတော့ စာအုပ်တွေဖတ်ရမှန်းလည်းမသိခဲ့ပါဘူး။ ရသစာအုပ်ဆိုတာလည်း ဘာမှန်းမသိခဲ့ပါဘူး။ ဆယ်တန်းအောင်ပြီးနောက်မှာတော့ ကျွန်မ internet ပေါ်ကနေ ဆရာမကြီး နုနုရည်အင်းဝနဲ့ မိုးမိုးအင်းလျား စာအုပ်တွေစဖတ်ခဲ့ပါတယ်။ အဲ့ဒီစာအုပ်တွေဖတ်ပြီး ကျွန်မလူ့သဘာဝတွေ လူတွေရဲ့ အကျင့်စရိုက်တွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျလို့ ဖြစ်လာတဲ့ အကျိုးဆက်အကြောင်းတွေ များစွာသိလာခဲ့ရပါတယ်။ ကျွန်မစာအုပ်အများကြီး ဖတ်တဲ့ထဲမှာလည်းမပါပါဘူး။ နှစ်လကို စာအုပ်တစ်အုပ် ဖတ်ဖြစ်ဖို့တောင်အနိုင်နိုင်ပါ။ ဒါပေမဲ့ စာအုပ်တွေဖတ်လို့ ကျွန်မရဲ့အတွေးအမြင်တွေ ပိုမိုအားကောင်းလာပိုမိုအားကောင်းလာသလို အရင်ကထက် စိတ်ဟာရင့်ကျက်တည်ငြိမ် လာတာတော့အမှန်ပါပဲ။ ဒါကြောင့် အားလုံးကို သုတစာပေရော ရသစာပေရော ဖတ်ကြဖို့တိုက်တွန်းလိုက်ပါရစေရှင်။


#နုနုရည်အင်း၀
#လ၀န်းစက်ဝိုင်းထက်ပိုင်းပြတ်ကြွေ

Book Review (3)   ကျွန်မဖတ်ဖူးတဲ့ ဆရာမမွန်ဟော်စီရဲ့ စာအုပ်တွေထဲမှာ ကျွန်မဒီစာအုပ်ကိုအကြိုက်ဆုံးပါ။ ဆရာမက ဒီစာအုပ်မှာ အပိ...
12/11/2025

Book Review (3)

ကျွန်မဖတ်ဖူးတဲ့ ဆရာမမွန်ဟော်စီရဲ့ စာအုပ်တွေထဲမှာ ကျွန်မဒီစာအုပ်ကိုအကြိုက်ဆုံးပါ။ ဆရာမက ဒီစာအုပ်မှာ အပိုင်း(၇)ပိုင်းခွဲပြီး ရေးပြထားပါတယ်။ ကျွန်မအကြိုက်ဆုံးအပိုင်းတွေကတော့
 မိဘရဲ့ထိန်းကျောင်းသင်ပြမှု
 S*x education
 ကလေးများအား ညှင်းပန်းနှိပ်စက်ခြင်း
တို့ပဲဖြစ်ပါတယ်။

တစ်ချို့အကြောင်းအရာတွေကတော့ မိဘတွေအတွက် ရည်ရွယ်ပြီး ရေးထားတာဖြစ်ပြီး တစ်ချို့ကတော့ ဆရာ/မတွေကိုဦးတည်ပြီး ရေးထားတာဖြစ်ပါတယ်။ မြန်မာပြည်က မိဘအများစုဟာ သားသမီးတွေကိုအသက်ကြီးတဲ့ အထိ အစစအရာရာလိုက်ဖြည့်ဆည်းပေးကြပါတယ်။ ဒါ့ကြောင့် သားသမီးတွေဟာ မိဘအပေါ် အလွန်မှီခိုကြပါတယ်။ ငယ်စဥ်ကတည်းက လဲကျရင် သူတို့ကိုယ်တိုင်ပြန်ထတတ်ဖို့၊ ကိုယ့်ကိုယ်ကို မှီခိုတတ်ဖို့သင်ကြားပေးဖို့က အလွန်အရေးကြီးပါတယ်။ ကျွန်မငယ်ငယ်တုန်းကဆို ကျွန်မအစ်မတွေ၊ မိဘတွေက အလုပ်မှန်သမျှသူတို့ပဲ အကုန်လုပ်ပြီး ကျွန်မကိုတော်ရုံသိပ်မခိုင်းလို့ ကျွန်မအလုပ် တော်တော်များများကို မလုပ်တတ်ပါဘူး။ တစ်ခုခုဆိုလည်း ကြောက်လန့်ပြီး self-confident လည်းသိပ်မရှိဘူးလို့ခံစားရပါတယ်။ ဆရာမက ကျောင်းမှာစာအတော်ဆုံးဖြစ်ရုံနဲ့ ဘဝမှာ မအောင်မြင်နိုင်ဘူးလို့ ပြောထားပါတယ်။ ဘဝမှာအောင်မြင်ဖို့ဆိုရင် life skill တွေဖြစ်တဲ့ time management, social skill တွေအပြင် continuous professional development၊ အဓိကနဲ့ သာမညခွဲခြားသိမြင်နိုင်မှုတို့လည်း လိုအပ်တယ်လို့ ဆရာမကရေးထားပါတယ်။ ဒါကိုကျွန်မအကြွင်းမဲ့လက်ခံပါတယ်။ ဒါ့အပြင် multiple intelligence အကြောင်းလည်းပြောထားပါတယ်။

ဒီစာအုပ်ဖတ်ပြီး ဒုတိယနှစ်ကျမှ ကျွန်မ Educational Psychology မှာ Gardner ရဲ့ multiple intelligence (8)မျိုးအကြောင်း သင်ရပါတယ်။ ကလေးတိုင်းဟာ ကျောင်းစာတော်မှတော်တာမဟုတ်ပါဘူး။ IQ ကောင်းတာအပြင်
1. Linguistic intelligence (ဘာသာစကားကျွမ်းကျင်)
2. Logical-mathematical intelligence (problem-solving ကောင်း)
3. Visual-spatial intelligence (design, ပန်းချီဆွဲတာတော်)
4. Musical intelligence (အဆိုအကတော်)
5. Bodily-kinesthetic intelligence (ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အားကစားတော်)
6. Interpersonal intelligence (လူမှုဆက်ဆံရေးကောင်း)
7. Intr**ersonal intelligence (self-awareness အားကောင်း)
8. Naturalistic intelligence (သဘာဝကိုချစ်မြတ်နိုး)
ဒါတွေမှာထူးချွန်ရင်လည်း လူတော်လူကောင်းလေးတွေဖြစ်လာမှာပါပဲ။

ကလေးတိုင်းမှာ မွေးရာပါ potential တွေရှိပြီးသားမို့ သူတို့ကို full potential ရောက်အောင်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ s*x education ပဲဖြစ်ပါတယ်။ မြန်မာ့ culture အရ s*x ကိစ္စဆိုရင် ရှက်စရာလို့ပဲမြင်နေတာကြောင့် r**e အမှုတွေများပြားလာနေရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် r**e case ကိုပြင်းထန်စွာ အပြစ်ပေးတဲ့နိုင်ငံတွေအကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဒီဘက်ခေတ်လို social media တွေကနေ မျိုးစုံကြည့်လို့ရတဲ့ခေတ်မှာ ကလေးတွေကို မိဘကရော ဆရာ၊ဆရာမတွေကပါ s*x educationအသိပညာပေးဖို့ လွန်စွာအရေးကြီးလာပါတယ်။ ဒါ့အပြင် မိဘတွေဟာ ကလေးတွေကို မွေးပေးဖို့ပဲတာဝန်ရှိတာမဟုတ်ပါဘူး။ မွေးပြီး တန်းတူရည်တူထားနိုင်ဖို့၊ quality education ပေးနိုင်ဖို့၊ ဘက်စုံဖွံဖြိုးတိုးတက်တဲ့ ကလေးတစ်ယောက်ဖြစ်လာဖို့ လိုအပ်ပါတယ်။ တစ်ချို့မိဘတွေဟာ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးပြီး အကာအကွယ်သုံးဖို့နဲ့ သားဆက်ခြားနည်းသုံးဖို့ လည်းနားမလည်၊ မွေးပြီးကလေးတွေကို ဖြစ်သလိုထားတတ်တဲ့ မိဘတွေ၊ ကလေးတွေကို Physical Abuse, Emotional Abuseလုပ်တဲ့ မိဘတွေ အကြောင်းကိုလည်း ဆရာမကထောက်ပြထားပါတယ်။ မြန်မာ့ပညာရေးရဲ့ လိုအပ်နေတဲ့ ဟာကွက်တွေ၊ international school နဲ့ public schoolတွေရဲ့ အားသာချက်၊အားနည်းချက်တွေကိုလည်း ဖော်ပြထားပါတယ်။

နောက်ဆုံးအနေနဲ့ ဆရာမရဲ့လူတွေ လောဘရှိဖို့ လိုတယ်ဆိုတဲ့ခေါင်းစဥ်လေးကို ကျွန်မရဲ့အမြင်နဲ့ အနည်းငယ်ထောက်ပြချင်ပါတယ်။ ဆရာမက တရားသဘောအရကြည့်ရင် လောဘကို လျော့ချနိုင်တာကောင်းတယ်တဲ့။ လူ့လောကထဲမှာ နေဦးမယ်ဆိုရင်တော့ လောဘမရှိရင် သိပ်အဆင်မပြေနိုင်ဘူးတဲ့။ ကျွန်မပါချုပ်ဆရာတော်ဘုရားကြီးရဲ့တရားမှာ ဒီလိုမျိုးနာဖူးပါတယ်.........လူရယ်လို့ဖြစ်လာရင် ပညာကိုကြိုးစားဆည်းပူးရမယ်။ လှူဒါန်းနိုင်ဖို့လည်း ပစ္စည်းဥစ္စာရှာကိုရှာရမယ်။ ဒီလိုလုပ်နေတာတွေဟာ လူ့လောကမှာ ကြိုးစားနေတာသာဖြစ်တယ်။ လောဘမဟုတ်ဘူး။ တရားတော်တွေမှာ ပြောတဲ့လောဘဆိုတာ မတရားသောနည်းလမ်းဖြင့်ရယူတာ၊ လုပ်ကိုင်တဲ့အရာကို ပြောတာလို့ပဲ ကျွန်မအနေနဲ့ထင်မြင်မိပါတယ်။ ဒါ့ကြောင့်လူ့လောကမှာလည်း လူတွေလောဘရှိစရာမလိုဘူး။ ကြိုးစားဖို့ပဲလိုတာဖြစ်တယ်လို့ ကျွန်မကတော့ ယူဆပါတယ်။ နိဂုံးချုပ်အနေနဲ့သင်ကပညာရေးအကြောင်းလည်းစိတ်ဝင်စားတယ်၊ မိဘတွေအနေနဲ့ ကလေးတစ်ယောက်ကို ထိရောက်တဲ့ ပြုစုပျိုးထောင်နည်း ကိုသိချင်တယ်ဆိုရင်တော့ ဒီစာအုပ်ကိုဖတ်ဖို့အကြံပြုပါရစေ။


#မွန်ဟော်စီ
#စာသင်ခန်းထဲကအတွေးစများ

Book Review (2)              ဒီစာအုပ်ကတော့ ဆရာကြီးမြသန်းတင့်ရဲ့ လူသိများကျော်ကြားတဲ့ စာအုပ်လေးပါ။ ကျွန်မဆယ်တန်းအောင်တော့...
08/11/2025

Book Review (2)

ဒီစာအုပ်ကတော့ ဆရာကြီးမြသန်းတင့်ရဲ့ လူသိများကျော်ကြားတဲ့ စာအုပ်လေးပါ။ ကျွန်မဆယ်တန်းအောင်တော့ စပြီးစာဖတ်မယ်ဆိုပြီး pdf file နဲ့ စာအုပ်တွေရှာဖတ်တော့ ဒီစာအုပ် ကိုလည်းဖတ်ခဲ့ရပါတယ်။ ရန်ကုန်ရောက်တော့ ကျွန်မဒီစာအုပ်လေးကိုကြိုက်လို့ ဝယ်ဖတ်ဖြစ်ခဲ့ ပါတယ်။

ဝတ္ထုနာမည်ကြားလိုက်ရုံနဲ့ သံချောင်းဆိုတဲ့
ဇာတ်ကောင်ကို ပြေးမြင်ကြမှာပါ။ စက်လှေမှောက်ပြီး ကျွန်းပေါ်မှာတင်ကျန်ခဲ့တဲ့ “ကိုနန္ဒာ၊ ရဲမြင့်၊ သံချောင်းနဲ့ ဦးဘရန်” တို့ လေးယောက်အကြောင်းကို အခြေပြုပြီး လူတွေရဲ့စရိုက်သဘာဝကို ပေါ်လွင်အောင် ရေးဖွဲ့ထားတယ်လို့ ကျွန်မကတော့ထင်ပါတယ်။ ကိုနန္ဒာတစ်ယောက် နံပါတ်ဖိုးစွဲနေတဲ့ သူ့တူတင်ထွန်းအောင်နဲ့ ရဲမြင့်ကိုလိုက်ရှာဖို့ ထားဝယ်ကိုလိုက်လာရင်း မထင်မှတ်တဲ့အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတယ်။ ကိုနန္ဒာဟာ ပညာတတ်တစ်‌ယောက်ဖြစ်ပေမဲ့ ကျွန်းပေါ်ကိုရောက်တော့ အသက်ရှင်ရပ်တည်ဖို့ သူဘာမှမလုပ်တတ်ခဲ့ပါဘူး။ ရဲမြင့်ကတော့ လူငယ်ပီပီ သံချောင်းနဲ့အတူ အလုပ်တွေကို ကိုနန္ဒာထက် ပိုကူလုပ်ပေးနိုင်ပေမဲ့ ဆေးစွဲနေတဲ့သူဖြစ်တာကြောင့် တစ်ခါတစ်ရံ စိတ်ဖောက်ပြန်ပြီး မလုပ်သင့်တဲ့အလုပ်တွေကို လုပ်လေ့ရှိပါတယ်။ သံချောင်းကတော့ လှေပေါ်မှာ ကုန်ထမ်းရတဲ့ပညာမတတ် ဆင်းရဲသားလေးဖြစ်ပေမဲ့ ဘဝကို လွယ်လွယ်နဲ့အရှုံးမပေးဘဲ နေ့စဥ်နဲ့အမျှ ကျွန်းပေါ်ကနေထွက်သွားဖို့ ကြိုးစားရုန်းကန်နေတဲ့သူပါ။ သူ့တစ်ယောက်တည်း ဖောင်ဖွဲ့ပြီး ထွက်သွားရင် ရိက္ခာလည်းကုန်မှာစိုးရိမ်စရာ မလိုဘဲ မြန်မြန်ခရီးတွင်နိုင်ပေမဲ့ ကိုနန္ဒာနဲ့ ရဲမြင့်အတွက်ပါ ထည့်သွင်းစဥ်းစားခဲ့တဲ့သူပါ။

ဦးဘရန်ကတော့ မှောင်ခိုဒုစရိုက်အလုပ်တွေကိုလုပ်ကိုင်သူ၊ မိန်းကလေးတွေကို ဖျက်ဆီးသူ၊ လောဘကြီးသူဖြစ်ပါတယ်။ လှေမှောက်ပြီး ကျွန်းပေါ်ရောက်လာတော့လည်း သံချောင်းကြိုးစား ရှာဖွေထားတဲ့ အစားအစာတွေကို ခိုးယူစားသောက်တဲ့အပြင် ဖောင်ကိုခိုးပြီး သူတစ်ယောက်တည်း လွတ်မြောက်ဖို့လုပ်ခဲ့တဲ့သူပါ။ ဒီလို စရိုက်မတူတဲ့ လူလေးယောက် လှေမှောက်ပြီး ကျွန်းပေါ်အတူရောက်လာကြပုံ၊ အသက်ရှည်နေထိုင်နိုင်ဖို့ရုန်းကန်ကြပုံ၊ သံချောင်းရဲ့ စွန့်လွှတ်အနစ်နာခံတတ်ပုံ၊ ကိုနနန္ဒာရဲ့သမုဒ္ဒရာကိုဖောင်နဲ့ကူးတဲ့စွန့်စားခန်းကို နားထောင်ပြီး သံချောင်းတစ်ယောက် ကျယ်ပြောလှတဲ့ပင်လယ်ပြင်ကို ဖောင်နဲ့ဖြတ်ကူးဖို့ ကြိုးစားမှုကရော အောင်မြင်ပါ့မလားဆိုတာကို ဆရာကြီးက စိတ်ဝင်စားဖွယ် ရေးပြထားပါတယ်။


#ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်
#မြသန်းတင့်

Book Review (1)     ဒီစာအုပ်လေးကတော့ သမိုင်းကြောင်းနဲ့ စိတ်ကူးယဥ်ပေါင်းစပ်ထားတဲ့ စာအုပ်လေး ပဲဖြစ်ပါတယ်။ ဒီစာအုပ်ဖတ်ပြီး ...
07/11/2025

Book Review (1)

ဒီစာအုပ်လေးကတော့ သမိုင်းကြောင်းနဲ့ စိတ်ကူးယဥ်ပေါင်းစပ်ထားတဲ့ စာအုပ်လေး ပဲဖြစ်ပါတယ်။ ဒီစာအုပ်ဖတ်ပြီး ကျွန်မပုဂံကို အလွန်သွားချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်ဆိုတဲ့ ဆိုရိုးလည်းရှိတယ်မလား။ ဒီစာအုပ်ကို ကျွန်မ YouTube မှာအရင် audio book နားထောင်ခဲ့ရပါတယ်။ ကြိုက်လွန်းလို့ စာအုပ်ဝယ်ဖတ်ခဲ့ပါတယ်။ ဒီစာအုပ်ကိုရေးတဲ့ ဆရာမ ခေတ်ရှေးညိုဟာလည်း ကျောင်းဆရာမတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကို စာအုပ်ထဲက ဆရာမ biography ကိုဖတ်ပြီး သိခဲ့ရပါတယ်။

ပုဂံဘုရားတွေကို ဒီတိုင်းဖူးမြော်ရတာထက် သမိုင်းကြောင်းတွေကို သေချာသိပြီးဖူးမြော်တာက ပိုပြီးအနှစ်သာရရှိမှာ အမှန်ပါပဲ။ ကျွန်မတို့ငယ်ငယ်က ‘ထုမှာဓမ္မရံ၊ ဉာဏ်မှာသဗ္ဗညု၊ အနုမှာအာနန္ဒာ၊ တန်ခိုးမှာရွှေစည်းခုံ’ ဆိုပြီး သင်ခဲ့ရပါတယ်။ ထူးခြားတာက ဒီနာမည်ကြီးဘုရားလေးဆူကိုတည်ခဲ့တဲ့ ပုဂံမင်းတွေဟာ ‌ဆွေမျိုးတွေချည်းဖြစ်နေတာပါပဲ။ ရွှေစည်းခုံကို အနော်ရထာနဲ့ကျန်စစ်သားမင်းကြီး တည်ခဲ့တာဖြစ်ပြီး အာနန္ဒာကိုလည်း ကျန်စစ်သားမင်းကြီးကပဲတည်ခဲ့တာ ဖြစ်ပါတယ်။ သဗ္ဗညုကို ကျန်စစ်သားမင်းရဲ့ မြေးတော် အလောင်းစည်သူကတည်ခဲ့ပြီး ဓမ္မရံကြီးကိုတော့ အလောင်းစည်သူရဲ့ သားတော် နရသူကတည်ခဲ့တာဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်က ပြုလုပ်ခဲ့တဲ့ ကောင်းမှုတစ်ခုကြောင့် ဘီလူးဘဝကနေ ပုဂံပြည်မှာ စလေငခွေးမင်း၊ နရသူခေါ် ကုလားကျမင်း၊ နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း ဆိုပြီး မင်းသုံးဆက်တိုင် ဘုရင်ဖြစ်ခဲ့ပေမဲ့ ဘီလူးဘဝကလာခဲ့တာကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ မင်းများအဖြစ်သာ နာမည်ကျော်ကြားခဲ့ပါတယ်။ ဒီဝတ္ထုထဲမှာ ဒီမင်းသုံးဆက်ရဲ့ အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ နရသူဟာ ခမည်းတော်၊ အစ်ကိုတော်တို့ကို သတ်ပြီး ထီးနန်းရယူခဲ့တဲ့အပြင် မိဖုရားကိုလည်းသတ်ခဲ့တာကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မင်းတစ်ပါး လည်းဖြစ်ပါတယ်။ ခမည်းတော် အလောင်းစည်သူကို ရွှေဂူကြီးဘုရားမှာ သတ်ခဲ့တာကြောင့် ထိုဘုရားအတွင်းကိုဝင်ရင် မွန်းကြပ်မှုကို ခံစားရတယ်လို့ ပြောကြပါတယ်။

ဒီဝတ္ထုဟာ ကျိန်စာကိုအခြေပြုပြီး စိတ်ကူးယဥ်ဆန်ဆန်ရေးဖွဲ့ထားပါတယ်။ အသက် ၃၀ပြည့်ပြီး ရက်၃၀တိတိ ခြောက်ခြားစရာအိပ်မက်တစ်ခုတည်းကို မက်ခဲ့တဲ့လင်းလင်းထွန်း၊ ပုဂံမှာ သူ့ကိုမွေးပြီးတည်းက သူတို့မိသားစုတစ်ခုလုံး ကြမ္မာဆိုးတွေဝင်လို့ နရသူလို့ ခေါ်ခံရတဲ့ကောင်လေး-ဒါ့အပြင် အလောင်းစည်သူမင်းတည်ထားတဲ့ ဘုရားတွေဘက်သွားမိတိုင်း အပြင်းဖျားတတ်တဲ့ ကောင်လေး၊ မိဘမဲ့ဂေဟာမှာ လင်း”ထွန်းနဲ့အတူကြီးပြင်းခဲ့ပြီး အမြဲစွန့်လွှတ်အနစ်နာခံတတ်တဲ့ ရသ၊ လင်း”ထွန်းကို အရိပ်တကြည့်ကြည့်ချစ်ပေမဲ့ အတ္တလည်းကြီးတဲ့ မှိုင်းဝေ၊ နရသူ-လင်းလင်းထွန်း-မှိုင်းဝေ-ရသတို့ရဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းအပြင် ဘဝအဆက်ဆက် ကျိန်စာတွေကြောင့် ကြားညှပ်ခဲ့ရသူများ အကြောင်းကို စိတ်ဝင်စားဖွယ် ရေးသားထားပါတယ်။ ဒါ့အပြင် ဒီစာအုပ်ထဲမှာ မိဖုရားဖွားစောရဲ့အကြောင်းကိုလည်း အနည်းအကျဥ်း ဖော်ပြထားပါတယ်။ သမိုင်းကြောင်းတွေကို အချက်အလက်တွေကြီးဖတ်ရတာ ငြီးငွေ့တဲ့သူတွေအတွက် ဒီစာအုပ်လေးက ထူးခြားတဲ့ ဇာတ်အိမ်နဲ့အတူ သမိုင်းကြောင်း အချက်အလက်တွေကိုလည်း ထည့်သွင်းရေးသားထားတာမို့ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

#နရသူ
#ခေတ်ရှေးညို

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝚂𝚞𝚞'𝚜 𝙿𝚊𝚛𝚊𝚍𝚒𝚜𝚎 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share