30/04/2022
# #ကံကြီးကံငယ်နှင့်စပ်မှတ်သားဖွယ်
ကဲ ဒီနေ့ ဦဇင်းတွေနဲ့ဆိုင်တဲ့ စကားနည်းနည်းပြောမယ်၊ကံအကြောင်းလေးပေါ့ ကိုရင်တွေကတော့ ကံအကြောင်း သိပ်မဆိုင်လို့ သိမှာမဟုတ်ဘူး၊ ဦးဇင်းတွေနဲ့ဆိုင်တယ်၊ သိလည်းသိသင့်တယ် ၊၊
စာသင်နေတဲ့အချိန် စာချတန်းတွေ ဘာတွေအောင် အောင်သော်လည်း ကံအခန်းတွေက မလေ့လာရင် မသိဘူး လေ့လာမှ သိမယ်၊စာချတန်းတွေ ဘာတွေ အောင်ပြီးရင် အနည်းဆုံး ကျန်တဲ့ဝိနည်းပါဠိတော်လေးကျမ်းလောက်ကို ပါဠိတော်လောက်တော့ တက်ဖူးထား သင်ဖူးထား ဖတ်ဖူးထားရင်ကောင်းတယ် ၊ ပါဠိတော်နိဿယမှာ အဋ္ဌကထာ ဋီကာမှတ်ချက်တွေပါတယ်၊ အဲ့ဒါ နိဿယလည်း ဖတ်ရတယ်၊ အခုပြောချင်တာက ရဟန်းတော်များ ဖြစ်လာပြီဆိုရင် ကံအခန်းတွေ ကံဆောင်ရမယ့် အခန်းတွေရှိတယ်။
ကံလေးပါးရှိတယ် “စတ္တာရိ ကမ္မာနိ အပလောကနကမ္မံ ဉတ္တိကမ္မံ ဉတ္တိဒုတိယကမ္မံ ဉတ္တိစတုတ္ထကမ္မံ လို့ ကံလေးမျိုးရှိတယ်၊
အဲ့ဒီကံလေးမျိုးကို သိဖို့အတွက် မဟာဝါမှာ စမ္ပေယျက္ခန္ဓကတို့ စူဠဝါမှာဆိုရင်လည်း သမထက္ခန္ဓက ပရိဝါနောက်ပိုင်းမှာလည်း ကမ္မဝဂ်တို့ အဲ့ဒါတွေ လေ့လာရမယ်၊
အဲ့တော့ နံပါတ်(၁)အပလောကနကံဆိုတာ ပန်ပြောပြီး ပြုလုပ်ရတဲ့ကံမျိုး ကိစ္စတစ်ခုခုရှိလို့ရင် ကျောင်းတိုက်ရှိ သံဃာတော်အရှင်မြတ်တွေကို ပန်ပြောရတယ်၊သဘောတူညီမှု ယူရတယ် ဒီပစ္စည်းလေးကို ဒီပုဂ္ဂိုလ်အား ပေးချင်ပါတယ် သဘောတူရဲ့လား သဘောတူရင် သာဓုခေါ်ပေါ့ အဲ့လို သံဃာကိုပန်ပြောပြီးတော့ လုပ်ရတဲ့အမှု အဲ့ဒါကို အပလောကနကံလို့ခေါ်တယ်၊
နံပါတ်(၂) ဉတ္တိကံဆိုတာက ဉတ်တော့ပါတယ် ကမ္မဝါစာတော့ မပါဘူး ၊ ဥပမာအားဖြင့် ဥပုသ်ပြုတဲ့အခါ သိမ်ထဲမှာ ဉတ်ထားတယ်ဆိုတာ ရှိတယ် ၊မူလတန်းကိုရင်တွေ ဝိနည်းကျက်တဲ့အခါ သုဏာတု မေ ဘန္တေ သံဃော အဇ္ဇုပေါသထော ပန္နရသော ယဒိ သံဃဿ ပတ္တကလ္လံ သံဃော ဥပေါသထံ ကရေယျ ပါတိမောက္ခံ ဥဒ္ဒိသေယျ အဲ့ဒါ ဉတ်ပါဠိ ခေါ်တယ် ၊ ကမ္မဝါမပါဘူး အဲ့လို ဉတ်ကိုရွတ်ဆိုပြီး ပြုရတဲ့ကံကို ဉတ္တိကံလို့ခေါ်တယ် ၊
နံပါတ်(၃)ဉတ္တိဒုတိယကံဆိုတာက ဉတ်လည်းပါတယ် ကမ္မဝါလည်း ပါတယ် ဉတ်ကိုတော့ ထုံးစံအတိုင်း တကြိမ်ပဲရွတ်တယ် ၊ကမ္မဝါစာကိုလည်း ထို့အတူပဲ တကြိမ်ပဲရွတ်ရတယ် အဲ့ဒါကို ပြောင်းပြန်လှန်ပြီးတော့ ဉတ္တိဒုတိယကံတဲ့၊ ဉတ္တိဒုတိယဆိုတော့ ကမ္မဝါက ပထမ ၊ဉတ်ကဒုတိယ အဲ့လိုတော့ မထင်နဲ့ ၊ပုံမှန်အတိုင်းပဲ ဉတ်ကို အရင်ဖတ် နောက်ပြီး ကမ္မဝါစာတကြိမ်ဖတ် အဲ့လို ဉတ်တကြိမ် ကမ္မဝါစာတကြိမ်ဖတ်ပြီးတော့ ဆောင်ရတဲ့ ပြုလုပ်ရတဲ့ကံကို ဉတ္တိဒုတိယကံလို့ခေါ်တယ်..
နံပါတ်(၄)ဉတ္တိစတုတ္ထကံဆိုတာကတော့ ရဟန်းခံတဲ့အခါ ပြုလုပ်ရတဲ့ ကံမျိုးပေါ့ ၊ဉတ်တကြိမ် ကမ္မဝါစာကသုံးကြိမ် အဲ့ဒါကို ဉတ္တိစတုတ္ထကံလို့ ခေါ်တယ်၊
နောက် ပရိဝါအဋ္ဌကထာက အပလောကနကံနဲ့ပြုလုပ်ရမယ့်အလုပ်ကို အပလောကနကံနဲ့ပဲလုပ်ရမယ်၊ဉတ္တိကံတွေ ဉတ္တိဒုတိယကံ ဉတ္တိစတုတ္ထကံတွေနဲ့ မလုပ်ပါနဲ့တဲ့၊ အပလောကနကံနဲ့လုပ်ရမယ်လို့ညွှန်ပြထားတဲ့ကိစ္စကို အပလောကနကံနဲ့ပဲ လုပ်ပါ ၊
နောက်တစ်ခါ ဉတ္တိကံနဲ့ လုပ်ရမယ့်အလုပ်ကိုလည်း ဉတ္တိကံနဲ့ပဲလုပ်ပါ အပလောကနကံတို့ ဉတ္တိဒုတိယကံတို့ ဉတ္တိစတုတ္ထကံတို့နဲ့ သွားမလုပ်နဲ့၊
နောက်တစ်ခါ ဉတ္တိဒုတိယကံနဲ့လုပ်ရမယ့်အလုပ်တွေကျတော့ ဉတ္တိဒုတိယကံနဲ့လုပ်လို့ရတာရှိသလို အပလောကနကံနဲ့လည်း လုပ်ခွင့်ပြုထားတာရှိသေးတယ်၊ သူကျတော့ နည်းနည်းထူးခြားတာပေါ့ ၊ဉတ္တိဒုတိယဆိုတာ ဉတ်တကြိမ် ကမ္မဝါစာတကြိမ်။
ဥပမာ-တို့အဖိတ်နေ့မနက် ဘုရားရှိခိုးလို့ရှိရင် ရွတ်နေတာ; သိမ်သမုတ်တဲ့ကမ္မဝါ သိမ်နှုတ်တဲ့ ကမ္မဝါ ၊ သိမ်သမုတ်တဲ့ကမ္မဝါက(၂)မျိုး သိမ်နှုတ်တဲ့ကမ္မဝါက (၂)မျိုး ပေါင်း(၄)မျိုး အဖိတ်နေ့တိုင်းရွတ်နေတာ ၊အဲ့ဒီကမ္မဝါ(၄)မျိုးလုံးက ဉတ်တကြိမ် ကမ္မဝါစာတကြိမ် အဲ့ဒါ ဘာကံခေါ်လည်းဆိုတော့ ဉတ္တိဒုတိယကံခေါ်တယ်၊၊
အဲ့ဒီ ဉတ္တိဒုတိယကံနဲ့လုပ်ရမယ့်အလုပ်တွေကို အပလောကနကံနဲ့ လုပ်ရင်လည်းရတယ် ဉတ္တိဒုတိယကံနဲ့ လုပ်ရင်လည်း ရတယ် ၊သို့သော် ခွဲထားရတယ် ၊၊
ဉတ္တိဒုတိယနဲ့လုပ်ရမယ့်အထဲမှာ ဂရုကံ(၆)မျိုးဆိုတာ ရှိတယ်၊သိမ်နှုတ်ရယ် သိမ်သမုတ်ရယ် ကထိန်သင်္ကန်းပေးတာရယ် ကထိန်နှုတ်တာရယ် နောက် သံဃာဒိသိတ်မှာပါတဲ့ ကုဋီရာကိုကြားတာ ကျောင်းရာကိုကြားတာ အဲ့ဒီ(၆)မျိုးသောကံများက ဉတ္တိဒုတိယကံနဲ့ပဲ လုပ်ရတယ်။
နောက် စူဠဝါမှာပါတဲ့ သမ္မုတိ(၁၃)ပါးဆိုတာ ရှိတယ်၊ သမ္မုတိ(၁၃)ပါးအပြင် သေနာသနက္ခန္ဓကသမ္မုတိတို့ ဘာတို့ ရှိသေးတယ်၊
အဲ့ဒီ သမ္မုတိတွေကျတော့ ဉတ္တိဒုတိယနဲ့လုပ်ရင်လည်း ရတယ်တဲ့ (ဒါမှမဟုတ်)အပလောကနနဲ့လုပ်ရင်လည်း ရတယ်လို့ အဋ္ဌကထာမှာ အဲ့လိုပြောထားတယ်။
ဉတ္တိဒုတိယနဲ့ပက်သက်လို့၊ခုနကပြောတဲ့ ကံ(၆)မျိုးကျတော့ ဂရုကဖြစ်တဲ့အတွက် ဉတ္တိဒုတိယနဲ့ပဲ လုပ်ပါ အပလောကနကံနဲ့လည်း မလုပ်နဲ့ ဉတ္တိကံ ဉတ္တိစတုတ္ထကံနဲ့လည်း မလုပ်နဲ့၊
ဘာဖြစ်လို့ အဲ့လိုပြောခဲ့တာလည်းဆိုတော့ တို့ သိမ်သမုတ်ပွဲတခုမှာကြုံတယ် သိမ်သမုတ်ပွဲတခုမှာ စာတက် ပေတက်ဆရာတော်ကြီးတွေ ပါတယ်၊ ဒါပေမယ့် တခါတရံကျ စာနဲ့ဝေးသွားလို့ရှိရင် အလွဲတွေ လုပ်မိတက်တယ်၊
အဲ့တော့ ပထမအကြိမ် သိမ်သမုတ်တဲ့ကမ္မဝါ ရွတ်ဖတ်တော်မူကြပါဘုရားလို့ လျှောက်တော့ ဆရာတော်ကြီးသုံးပါးက ဉတ္တိဒုတိယကမ္မဝါစာရွတ်ရမှာ ကမ္မဝါထဲမှာလည်း ပါပြီးသားပဲ ၊
ဒါပေမယ့် ဆရာတော်ကြီးတပါးက ဘယ်လိုစိတ်ကူးပေါက်တယ်မသိဘူး ဉတ္တိဒုတိယကိုမရွတ်ပဲ ဉတ္တိစတုတ္ထကို သွားရွတ်တယ်၊ ဉတ်ကိုရွတ်တယ် ဉတ်ရွတ်ပြီး ကမ္မဝါကိုဖတ်တယ် ကမ္မဝါဖတ်ပြီးတဲ့အခါ နိဂုံးကိုမသွားပဲနဲ့ ဒုတိယမ္ပိ ဧတမတ္ထံ ဝဒါမိ ၊ တတိယမ္ပိ စသည်ဖြင့် ထပ်ရွတ်ရော၊ အဲ့တော့ နောက်တပါးကလည်း လိုက်ရွတ်ရော နောက်တပါးကလည်း ကမ္မဝါပျက်တာသိတော့ ရှိတဲ့အတိုင်း လိုက်ရွတ်ရောပဲ၊ အဲ့လိုလုပ်တဲ့အခါကြတော့ အမှန်က မလုပ်ရဘူး၊ ဉတ္တိဒုတိယလေ (ခုနက ပြောပြီးသွားပြီ) ဉတ္တိဒုတိယမလုပ်ပဲ ဉတ္တိစတုတ္ထသွားလုပ်တယ်။
အဲ့ဒါ တို့က အဲ့ဒီမှာ ပါတဲ့အခါကျတော့ ဘေးနားကသူငယ်ချင်းကို လက်ကုတ်လိုက်တယ် မှားနေပြီလို့ ၊ သူငယ်ချင်းကလည်း ဘာမှမပြောဘူး ငြိမ်နေတယ် အဲ့ဒီကမ္မဝါတဆိုင်းလည်း ရပ်သွားတော့ ကိုယ်တော်ထလျှောက်လိုက်တဲ့ သူက၊ ထလျှောက်ဆိုတော့ ကိုယ်လည်းထလျှောက်လိုက်တယ် သူမြှောက်ပေးတာပဲ...
“ဆရာတော်တို့ မှားနေပါတယ်ဘုရား”လို့ ”သိမ်သမုတ်တဲ့နေရာ ဉတ္တိဒုတိယပါ”လို့။
အဲဒီတော့ ဆရာတော်ကြီးက အခုကရောတဲ့...
”အခု ဆရာတော်တို့ဖတ်တာ ဉတ္တိစတုတ္ထဖြစ်နေပါတယ်ဘုရား”လို့ လျှောက်တော့...
ဆရာတော်ကြီးက ဘယ်လိုပြောရမလည်းဆိုရင် နည်းနည်းသဘောကောင်းတယ် နားလည်မှုရှိတယ် ပြောရမှာပေါ့လေ... အဲ့တာဆို ပြန်ဖတ်ရမှာပေါ့တဲ့...ပြန်ဖတ်မှအဆင်ပြေမှာပါဆရာတော်လို့ ဆိုတော့ ”ကဲ ပြန်ဖတ်ကြအုံးစို့”ဆိုပြီး ဆရာတော်ကြီးက ပြန်ဖတ်သွားတယ်...ပြန်ဖတ်တော့ မှန်သွားတာပေါ့၊
ဆိုလိုတာက တခါတရံ ဒီလိုမှားတတ်တာလေးတွေ ရှိတတ်တယ်၊တကယ်တမ်းက အဲ့ဆရာတော်ကြီးလည်း စာတတ် ပေတတ်ကြီးပဲ၊ စာနဲ့ဝေးသွားတဲ့အခါ သိပေမယ့် အကြံက တမျိုးသွားကြံမိတက်တတ်တယ် ကျမ်းဂန်နဲ့လွတ်သွားတတ်တယ်၊ အဲ့ဒီအခါမှာ ကိုယ်က တကယ်သိတယ် ကြည့်ဖူးတယ် သိဖူးတယ် ပိုင်တယ်ဆိုရင် ကိုယ်ကသွားထောက်လိုက် ”ဆရာတော် မဟုတ်ဘူးလို့”
မတောက်တခေါက်နဲ့တော့ သွားမလုပ်နဲ့ ကိုယ်က ဟုတ်တယ်ထင်ပြီး သွားလုပ်လို့ ကိုယ်ကမှားနေရင် ကိုယ်အရှက်ကွဲမှာပေါ့...အေး အဲ့ဒါကြောင့်မို့ စာချတန်းပြီးတဲ့ ပုဂ္ဂိုလ်များလည်း ပါဠိတော်လောက်တော့ လုပ်ထား အဋ္ဌကထာနဲ့ တွဲလုပ်တော့ ပိုကောင်းတာပေါ့..ပါဠိတော်လေးအနက်လှည့် စာချတန်းအောင်ပြီးမှတော့ ဒါလောက်တော့ လုပ်တတ်ရမှာပေါ့..
အဲဒီတော့ ဒီနေရာ ဒီဝါကျ ဘာကိုဆိုလိုလည်း ဖတ်လိုက် ၊နားမလည်ဘူး နိဿယ ကြည့်လိုက်၊ ဒါမှနားမလည်ဘူးဆိုရင် အဲ့ဒီနေရာ အဋ္ဌကထာလေး ကောက်ကြည့်လိုက်၊ ဒါမှ နားမလည်သေးရင် ထပ်ပြီး ဋီကာလေး ကောက်လှန်လိုက် အဲ့ဒါမှ နားမလည်သေးဘူးဆိုရင် ကိုယ့်ထက်နားလည်တဲ့ဆရာတော်တွေရှိတာပဲ ဆွေးနွေးပေတော့...စာဆိုတာ အဲ့လိုသွားရတာပဲ..
ကဲ ပြောချင်တာက ဉတ္တိဒုတိယ ၊ထို့အတူပဲ
နံပါတ်(၄)ဉတ္တိစတုတ္ထကံ ဉတ္တိစတုတ္ထနဲ့ ရွတ်ရမယ့် လုပ်ရမယ့်နေရာမှာ ဉတ္တိစတုတ္ထကမ္မဝါနဲ့ပဲ ရွတ်ပါ လုပ်ပါ၊ ကျန်တဲ့ကမ္မဝါ ဘာမှမရဘူး..
အဲ့တော့ တို့အခု ဆွမ်းစား ကွမ်းစားတွေကျ အလွယ်လုပ်ကြတာ ရှိတယ်.. အဖိတ်နေ့ ကမ္မဝါရွတ်တဲ့နေရာမှာ အနန္တရာယိကကမ္မဝါစာဆိုတာရှိတယ်..သူက ဉတ္တိစတုတ္ထ.. ဉတ်တကြိမ် ကမ္မဝါစာကသုံးကြိမ် ဒါပေမယ့် တို့ ဆွမ်းစား ကွမ်းစားတွေကျတော့ အချိန်မပေးနိုင်ဘူး ကြာလို့...ဉတ္တိစတုတ္ထကို ဉတ္တိဒုတိယ ပြောင်းရွတ်လိုက်တယ်...ဉတ်တကြိမ် ကမ္မဝါတကြိမ် ပြီးရင် နိဂုံးကို သွားလိုက်တယ်..
အဲ့ဒါ ကံဆောင်တာမဟုတ်ဘူး သိမ်ထဲမှာကံဆောင်တာမဟုတ်တဲ့အတွက် ဒါကို ကံပျက်တယ်လို့ ဘာညာ လာပြောလို့မရဘူး..သိမ်ထဲမှာလုပ်တဲ့ ကံတွေကိုသာ တိတိကျကျလုပ်ရတယ်၊ ဒါကသိမ်ထဲမှာ ကံဆောင်တာ မဟုတ်ဘူး အန္တရာယ်ကင်းဖို့အတွက်ပဲ လုပ်တာ။
အန္တရာယ်ကင်းဖို့ဆိုတာ ဉတ္တိစတုတ္ထကို ဉတ္တိဒုတိယလုပ်ရုံနဲ့ ကင်းလား... ကင်းပါတယ် ၊ဉတ်လောက်ရွတ်လည်း အန္တရယ်ကင်းတာပါပဲ ယုံကြည်မှုကအဓိကပဲ...အဲ့ဒါလေးတော့နားလည်ထားရမယ်....
တော်ကြာ ကိုယ်အသက်ကြီးလာတဲ့အချိန်မှ တို့ မစိုးရိမ်မှာနေခဲ့တာကွာ နာယကဘုန်းကြီးတွေ ဆွမ်းစားလိုက်တာ ဉတ္တိစတုတ္ထကို ဉတ္တိဒုတိယကြီး ရွတ်သွားတာပဲလို့ အဲ့ဒါကိုအမှန်ယူပြီး သိမ်ထဲမှာသွားပြီးတော့ ဉတ္တိစတုတ္ထကို ဉတ္တိဒုတိယသွားမလုပ်လိုက်နဲ့ အဲ့ဒါဆိုရင်တော့ အကုန်မှားကုန်မယ် ၊
ဒါက သိမ်အပြင်လုပ်တဲ့ဟာဆိုတာကတော့ အန္တရာယ်ကင်းဖို့ချည်းပဲ..ကံဆောင်တာမဟုတ်ဘူး ..ဒီလိုနေရာမျိုးမှာတော့ ခွင့်ပြုတယ်၊ သိမ်ထဲမှာ လုပ်တဲ့နေရာမျိုးကျတော့ ခွင့်မပြုဘူး အဲ့ဒါလေး ပြောချင်လို့..
များသောအားဖြင့် ဆွမ်းစား ကွမ်းစားသွားရင်ဉတ္တိစတုတ္ထမရွတ်နိုင်ဘူး..အချိန်ကုန်တယ် လူတွေလည်း ညောင်းတယ် ဘုန်းကြီးတွေလည်း ညောင်းတယ်၊အဲ့ဒါကြောင့် ဉတ္တိဒုတိယလောက်ပဲ ရွတ်ကြရတာ... အဲ့ဒါလေးတွေ မှတ်ထားပါ ကံဆောင်တာနဲ့ပက်သက်လို့၊ အဲ့ဒါမှ ဒိထက်မက သိချင်တယ်ဆိုရင် အခုညွှန်းခဲ့တဲ့ ကျမ်းဂန်တွေကို ပြန်ကြည့်ပေါ့ အဲ့ဒါဆိုရင် ကံနဲ့ပက်သက်လို့ နားလည်သွားလိမ့်မယ်....
နောက်တစ်ခါ ပြောချင်တာက ဉတ်နဲ့ ကမ္မဝါ ခွဲသိရတယ်
၊ဉတ်မှာဆိုရင် များသောအားဖြင့် ကြိယာကို သတ္တမီဝိဘတ်နဲ့ချရတယ် သီမံ သမ္မန္နေယျ ...သမ္မန္နေယျ ဆိုတာ ဧယျဝိဘတ် အဲ့ဒါဉတ်၊
သီမံ သမ္မန္နတိ ဒါ ကမ္မဝါရောက်သွားတဲ့အခါကျတော့ ဝတ္တမာန်ဝိဘတ် စသည်နဲ့ဖြစ်သွားတယ်၊
ဒီတော့ ဉတ်ရွတ်ပြီဆိုရင် ဉတ်နဲ့ကမ္မဝါ အဲ့ဒီနေရာလေးသတိထားရတယ် ဉတ်ဆိုရင် သတ္တမီဝိဘတ်နဲ့ သွားရတာ ဒါကို ဝိမတိဋီကာမှာလည်းပြထားတယ်..
ကမ္မဝါစာကျတော့ အဲ့လို သတ္တမီစသည်နဲ့မလာတော့ဘူး...ဝတ္တမာန်စသည်နဲ့ သီမံ သမ္မန္နတိ သီမ ံ သမူဟနတိ၊
ဉတ်ဆိုရင် သိမ်နှုတ်တဲ့နေရာ သမူဟနေယျ ၊ ကမ္မဝါစာမှာ သမူဟနတိ အဲ့လို သွားရတယ်..အဲ့ဒါကလေးတွေလည်း သေချာမှတ်ထားပါ။
နောက်တစ်ခါ ရဟန်းခံတဲ့အခါ သိမ်ထဲမှာ ငယ်ဖြူတွေ (ကိုရင်တွေ)ကို ရဟန်းခံပေးတဲ့အခါ ဉတ္တိစတုတ္ထကမ္မဝါစာကို သုံးကြိမ်လောက် ရွတ်တယ်.. သေချာအောင် ရွတ်တာ ၊
ဒုလ္လဘတွေကျတော အဲ့လောက်မဟုတ်တော့ဘူး တကြိမ်ပဲ ရွတ်တာ ၊ တကြိမ်ဆိုတာ ဉတ်တကြိမ် ကမ္မဝါသုံးကြိမ် အဲ့ဒါရွတ်ပေးတာ... သူတို့က ခဏဝတ်တာ တော်ပြီဆိုပြီး...(ဟုတ်လား)
ကိုရင်တွေ ရဟန်းခံပေးတဲ့အခါကြတော့ စာသင်သားအဖြစ် အမြဲနေမယ့်သူတွေဆိုတော့ ပထမကမ္မဝါ ဉတ္တိစတုတ္ထရွတ် ဒုတိယလည်းရွတ် တတိယလည်းရွတ် ထပ်ကာ ထပ်ကာ ရွတ်ရတယ်...
ဘာဖြစ်လို့ရွတ်တာလည်း ပထမတကြိမ် ရွတ်တာနဲ့ ရဟန်းမဖြစ်သေးလို့လားဆိုတော့ မဟုတ်ဘူး..အဲ့ဒါလည်း နားလည်ထားရမယ် ဗဟုသုတအဖြစ်၊
ကမ္မဝါရွတ်တဲ့အခါ တပါးထဲရွတ်တာလည်းရှိတယ် နှစ်ပါး သုံးပါးရွတ်တာလည်းရှိတယ်.... ဘယ်လိုပင်ဖတ်ဖတ်ပေါ့...အက္ခရပရိဟီနဝါ- အက္ခရာပုဒ်တပုဒ်လောက်ကိုမရွတ်ပဲ တံထွေးမျိုးချချင်တာနဲ့ သုဏာတုကိုဆိုပြီး မေကိုမဆိုပဲ ကိုယ်ကတံထွေး မျိုချနေတုန်း သူများကဆိုတာ ဘန္တေရောက်လို့ မေကိုကျော်ပြီး ဘန္တေကစပြီး ဆိုရင် အဲ့ဒါ အက္ခရပရိဟီနခေါ်တယ်..ကံပျက်တယ် အဲ့ဒါမလုပ်ရဘူး၊
(ဒါမှမဟုတ်)သုဏာတု မေ ကိုရွတ်ပြီး ဘန္တေကိုအရောက် အဟမ်း အဟမ်းလို့ ချောင်းဆိုးနေတာနဲ့ပဲ ပြီးလည်းပြီးရော သူများဆိုတာမှီအောင် ဘန္တေတပုဒ်လုံးကို ကျော်ပြီးဆိုမယ်ဆိုရင် အဲ့ဒါ ပဒပရိဟီနခေါ်တယ်..ဒါမျိုးလည်း ကံပျက်တယ်(အက္ခရပရိဟီန၊ ပဒပရိဟီန)
တခါတလေကျရင် ဒုရုတ္တခေါ်တယ်....ခုနက သမူဟနတိလို့ ဆိုရမယ့်နေရာကို သမူဟနေယျလို့ မှားဆိုရင် အဲ့ဒါကို ဒုရုတ္တလို့ခေါ်တယ်..ဒုရုတ္တဖြစ်ရင်လည်း ကံပျက်တယ်၊ အဲ့ဒီလို ကံပျက်တာတွေ ဘာတွေဖြစ်မှာစိုးလို့ ရှေးဆရာတော်တွေက သုံးပါး ရွတ်ခိုင်းလိုက်တာ...တပါးရွတ်တာမှားရင် ကျန်တဲ့နှစ်ပါးက မှန်တယ်ပေါ့...
ဆိုလိုတာက ပထမအကြိမ် တပါးထဲရွတ်တယ်(သို့မဟုတ်)နှစ်ပါးရွတ် သုံးပါးရွတ်တယ်ပေါ့..အဲ့လိုရွတ်တဲ့အခါမှာ ရွတ်တဲ့ပုဂ္ဂိုလ်တွေ အက္ခရပရိဟီန၊ ပဒပရိဟီန ၊ဒုရုတ္တတွေ ပါသွားလို့ ကမ္မဝါရွတ်တာ မအောင်မြင်ဘူးဆိုရင် ဒီကိုရင်က ရဟန်းမဖြစ်တော့ဘူး၊
အဲ့ကျတော့ ဒုတိယအကြိမ် ထပ်ရွတ်ရတယ်... ပထမအကြိမ်မအောင်မြင်ခဲ့သော် ဒုတိယအကြိမ်မှာ အောင်မြင်အောင်ပေါ့....ဒုတိယအကြိမ်မှာ မအောင်မြင်ခဲ့သော် တတိယအကြိမ်မှာ အောင်မြင်အောင်ပေါ့၊
ပထမအကြိမ်မှာကတည်းက အောင်မြင်ပြီးသားဆိုရင် ဒဠှီကမ္မံ ဟောတိတဲ့ ပရိဝါက (ဟုတ်လား) တဿ ကရီယမာနာ ဒဠှီကမ္မံ ဟောတိ-ခိုင်မြဲသထက် ခိုင်မြဲအောင် ရွတ်တာ ၊ ပထမအကြိမ်ထဲက အောင်မြင်ပြီးသား... ဒုတိယအကြိမ် ပိုပြီးတော့ ခိုင်မြဲအောင် ဒဠှီကမ္မဖြစ်အောင် ထပ်ရွတ်တယ်၊ (ဒါမှမဟုတ်)ပထမအကြိမ် ပျက်သွားတဲ့အတွက် ဒုတိယအကြိမ် အောင်မြင်အောင် မှန်အောင်လို့ ထပ်ရွတ်တယ် အဲ့ဒီလို ပရိဝါအဋ္ဌကထာ ကမ္မဝဂ္ဂမှာ နှစ်မျိုးဖွင့်ထားတယ်၊ ဒါလေးတွေ ဦးဇင်းတွေက သိထားရမယ်..ကမ္မဝါစာသုံးကြိမ်တောင်ရွတ်တာ ဘာလို့ အဲ့လိုရွတ်ရတာလည်းလို့ မေးလာခဲ့ရင် နားလည်ပြီး အဲ့လိုပြောပြ (ဟုတ်လား) ..
ငယ်ဖြူ ကိုရင်တွေ ရဟန်းခံရင် အဲ့လိုပြောပြရတယ် ဘာဖြစ်လို့ရွတ်တာလည်း ပထမကြိမ်ရွတ်ပြီး ပြီးပါလျှက် ဒုတိယ တတိယအကြိမ်ရွတ်တာက ဒဠှီကမ္မ-ခိုင်မြဲသထက် ခိုင်မြဲအောင်(ဒါမှမဟုတ်) တကယ်လို့များ ပထမအကြိမ်ချွတ်ချော်ခဲ့သော် ဒုတိယအကြိမ် တတိယအကြိမ်မှာ မှန်သွားအောင် အဲ့လိုသဘောနဲ့ ရွတ်ရတယ်..အဲ့ဒါလေးတွေ မှတ်ထား..
အဲ့ဒါ ဦးဇင်းတွေအားလုံးအတွက် ကံနဲ့ပက်သက်လို့ ဗဟုသုတဖြစ်အောင် ပြောပြတာ၊ လေ့လည်းလေ့လာရတယ်..မလေ့လာလို့ကတော့ စာချတန်းအောင်လည်း မသိဘူး..သကျသီဟအောင်လည်း မသိဘူး၊ ပြန်လေ့လာရတယ်၊
တခါတလေကျရင် သူများမေးတဲ့အခါ မသိရင် စာအုပ်လှန်လိုက်ပေါ့ အဲ့ဒါ ကိုယ့်အတွက်လည်း အကျိုးရှိတယ်..သူမေးလို့ကိုယ်ဖြေရတယ်ဆိုပေမယ့် ကိုယ်မသိလို့ စာအုပ်လှန်လိုက်တော့ ကိုယ်ပါကြည့်ပြီးသားဖြစ်သွားတာပေါ့..မကြည့်ပဲနဲ့ မနေရဘူး၊ ရမ်းလည်း မပြောရဘူး၊ ရမ်းပြောလို့ အလွဲပြောမိသွားရင် သူလည်းမကောင်း ကိုယ်လည်းမကောင်း ဖြစ်တတ်တယ်...
အဲ့တော့ စာမေးပွဲလုပ်နေတဲ့အချိန်မှာ စာမေးပွဲအတွက်လည်း အထောက်အပံ့ဖြစ်စေသလို ဝိနည်းကံတွေအတွက်လည်း မှန်မှန်ကန်ကန်ဖြစ်အောင် လေ့လာရတယ်..ဆည်းပူးရတယ်၊ မသိရင်လည်း မေးရတယ်..နောက်ပြီး ကိုယ့်ထက်နားလည်တဲ့သူတွေ ရှိရင် လုပ်နေရင် အတုခိုးရတယ်၊ ကြည့်ရတယ်..မဆိုင်သလို မနေရဘူး...တချို့က မဆိုင်သလို ဘာသိဘာသာ နေတယ်..ကိုယ်လည်းလူကြီးဖြစ်သွားရော မလုပ်တတ်တော့ဘူး၊စမ်းတဝါးဝါးနဲ့ဖြစ်ပြီး ထင်သလိုလုပ်ပစ်လိုက်တယ်(ဟုတ်လား)
ဟိုတနေ့ကပဲ ကြာတော့ ကြာပါပြီ ကထိန်ခေတ်က ဦးဇင်းတပါး ကထိန်နဲ့ပက်သက်လို့ လာမေးတယ်၊ ကထိန်ဆိုတာက ကိုယ့်ကျောင်းမှာ သိမ်မရှိရင် သူများကျောင်းသွားပြီး ကထိန်သင်္ကန်းပေးတဲ့အခါ သူများကျောင်းတိုက်ထဲက သိမ်မှာသွားပြီး ကထိနဒါနကံဆောင်လို့ရတယ်....ကထိန်ခင်းတဲ့အခါကျ ကိုယ့်ကျောင်းဥပစာရသိမ် ကိုယ့်ကျောင်းဝန်းအတွင်းမှာပဲ ကထိန်ခင်းရတယ်..အပြင်မှာ မခင်းရဘူး လို့ ပြန်ရှင်းပြတော့ သူက ”တပည့်တော်က မသိဘူး အမြဲ အပြင်ကပဲ တခါထဲ ခင်းချလာတာတဲ့”..
အဲ့လို မလုပ်ရဘူးလို့ ပြောပြလိုက်ရတယ်၊ သူလည်း စာချတန်းအောင်ပြီးသားပဲ ဒါပေမယ့် ပြန်မလေ့လာရင် မသိဘူး ပြန်လေ့လာရတယ်၊ ခု အဲ့ဒါ ကြုံတုန်းလေး တခြားသြဝါဒမပေးပဲ အဲ့ဒီကံအကြောင်းလေး ပြောပြလိုက်တာ..ကိုရင်တွေကတော့ နားလည်မှာမဟုတ်ဘူး ဗဟုသုတအဖြစ် မှတ်ထား..တနေ့ကျရင် မင်းတို့လည်း ရဟန်းဖြစ်လာမှာပဲ၊
နောက် မနက်ကလည်း ပြောလိုက်တယ်..ကိုရင်တွေ သင်္ကန်းကို ကောင်းကောင်းမွန်မွန် ဝတ်လို့၊ ကိုရင်ပေါက်စလေးတပါး ဖြစ်သလို ဝတ်ဝတ်လာတယ်၊ လာအပ်ကထဲက တပတ် နှစ်ပတ်လောက်နဲ့ လာအပ်တာဆိုတော့ ရွာကဆရာကလည်း သင်ချိန်ရလိုက်မှာ မဟုတ်ဘူး...ဒီကျလည်း ကောင်းကောင်းမွန်မွန် မဝတ်ဘူး.သူများဝတ်တာလည်းမကြည့်၊ ဒီအတိုင်းဆို တနှစ်လာလည်း ထူးမှာမဟုတ်ဘူး၊
ဒါကြောင့် ကိုရင် သူများဝတ်တာလည်း ကြည့် ၊ ဦးဇင်းတွေကလည်း သေချာဝတ်တက်အောင် ကျကျနန သင်ပေး၊ ဘုရားရှိခိုးရင် ကန်တော့တာလည်း အချိုးကမကျ ၊ သေချာကျကျနန ကန်တော့ ရှေ့ကနေ ကိုယ်တိုင် ကန်တော့ပြမှ ရမယ်ထင်တယ်၊
စာသင်တိုက်မှာနေတုန်း စာနဲ့ပေနဲ့ ညီအောင်နေ.. စာသင်တိုက်နေတုန်းမှာ အဲ့ဒီပညာ မတတ်ဘူးဆိုရင် တခြားမှာနေရင် အပြင်ရောက်သွားရင် ပိုမတတ်ဘူး၊ စာသင်တိုက်မှာ နေပြီး တခြားကျောင်းကို အာဂန္တုအဖြစ်နဲ့သွား အဲ့လိုအချိုးမကျတာတွေ မြင်လို့ရှိရင် သူများအထင်သေးမယ်၊ အထင်သေးရုံတင်မကဘူ ကိုယ်ရဲ့ စာသင်တိုက်ကြီးပါ.. စာသင်တိုက်မှာ နေတဲ့ ဆရာတွေပါသိက္ခာကျမယ် ၊ ဘယ်တိုက်က ထွက်လာတဲ့ ကိုရင်တွေ ဦးဇင်းတွေလည်း ဒါလေးတောင် မလုပ်တတ်ဘူး မသိဘူးလားဆိုပြီး ကျောင်းတိုက်သိက္ခာကျမယ်၊ အဲ့ဒါ ကိုယ့်အတွက်နဲ့ ကျောင်းသိက္ခာ မကျစေနဲ့ ..သိက္ခာပဲ တက်ပါစေ...
တချို့ဆရာတော်ကြီးတွေက တောမှာနေပေမယ့် စာသမား ပေသမား ဆရာတော်ကြီးတွေ ရှိတယ်၊ တို့ ငယ်ငယ်တုန်းက သူငယ်ချင်းတပါး အဲ့လိုပဲ မေးတယ်..
နယ်ဘက်မှာ ပဝါရဏာပြုတဲ့အခါ သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ စသည်ဖြင့် ဆိုတာပေါ့.. သုံးကြိမ်ဆိုတာ၊ ဒုတိယအကြိမ်ကျတော့ ဒုတိယမ္ပိထည့်ပြီး ပထမအကြိမ်တိုင်းပဲ ဆိုသွားကြတယ်...ဒါကို အချို့ဆရာတော်ကြီးတွေက မကြိုက်ဘူး..ဒုတိယမ္ပိထည့်လို့ရှိရင် အာလုပ်ပုဒ်ကို ရှေ့ကိုပို့ပြီး ဒုတိယမ္ပိ ဘန္တေ သံဃံ ဖြစ်သွားရော...ပထမဆုံး အကြိမ်မှာတော့ သံဃံကို အစဆုံးထားပြီး သံဃံပြီးတော့မှ ဘန္တေ ၊ အာလုပ်ဆိုတာ တပုဒ်ကြို နောက်မှာ ထားရတယ်တဲ့... ဒါကတော့ ယေဘုယျပါ....
ဒါပေမယ့် တချို့ဆရာတော်ကြီးတွေက အဲ့ဒါကို ပိုသဘောကျတယ်...ဒုတိယမ္ပိ သံဃံ ဘန္တေ.. တတိယမ္ပိ သံဃံ ဘန္တေ လို့ဆိုရင် မကြိုက်ကြဘူး၊ ဒီကောင်တွေ ပါဠိဂတိတောင် မသိဘူးလို့ အပြောခံရတယ်၊ သူငယ်ချင်းတပါးက တပည့်တော်ဆိုတာ ဘာမှားလို့ မှားမှန်းမသိဘူး လို့လာမေးလို့ သူ့ကိုရှင်းပြလိုက်တယ်၊ အဲ့ဒါနဲ့ပက်သက်လို့ မအူဆရာတော်ကြီးက မအူနိဿယမှာ နိယံလေးတခု ရေးထားတယ်.......
” အဋ္ဌကထာ လပနာ စလာ ဆုံးတစ်ပုဒ်
ပါဠိဖြစ်က ပုဒ်တစ်မှ ပစ်ချလေ အာလုပ်”
ပါဠိတော်ဆိုရင် ဒုတိယနေရာမှ အာလုပ်ပုဒ်က ထားရတယ်.. ပထမဆုံး သူ့ရှေ့မှာ တစ်ပုဒ်ရှိရမယ်၊ အဲ့ဒီ ဒုတိယပုဒ်က အာလုပ်ပုဒ်ဖြစ်ရမယ် ..ဒါကြောင့် သံဃံ ဘန္တေ သံဃံက ကံပုဒ်..ဘန္တေက အာလုပ်ပုဒ်၊ ဒုတိယမ္ပိ သံဃံ ဘန္တေ ကျတော့ အာလုပ်ပုဒ်က ၂ပုဒ်နောက် ရောက်နေတာ..အဲ့ဒါကို ရှေးဆရာတော်တွေက မကြိုက်တာ.. ဒုတိယမ္ပိဆိုရင် ပြောင်းပြန်လုပ်ပြီး ဒုတိယမ္ပိ ဘန္တေ သံဃံလို့ ဖြစ်စေချင်တာ.. ပါဠိတော်မှာ အဲ့လို ထားရတယ်..အဲ့ဒီအတိုင်း နယ်ဘက်က ဆရာတော်ကြီးတွေက ရွတ်စေချင်တာ၊ စာသင်တိုက်ကပြန်လာတဲ့ ဦးဇင်းတွေက ဒုတိယမ္ပိ သံဃံ ဘန္တေ ၊တတိယမ္ပိ သံဃံ ဘန္တေ ဆိုတော့ ဒီကောင်တွေ ပါဠိဂတိတောင် နားမလည်ဘူးဆိုပြီး မန်တယ်တဲ့...တပည့်တော်က ဘာမှားလို့မှားမှန်းမသိဘူး အဲ့ဒါ လာမေးတာတဲ့ (ဟုတ်လား) အဲ့ဒါလေး မှတ်ထား တော်ကြာ ကိုယ်ဘာမှားလို့ မှားမှန်း မသိပဲ ဖြစ်နေမယ်၊ မအူဆရာတော်ကြီးရဲ့ နိယံလေး မှတ်ထားပေါ့...
“ အဋ္ဌကထာ လပနာ စလာ ဆုံးတစ်ပုဒ် ”
အဋ္ဌကထာမှာတော့ အာလုပ်က အစမှာလည်း ရှိတယ်.. တစ်ပုဒ်နောင်လည်း ရှိတယ်..အဆုံးမှာလည်းရှိတယ် သင့်သလို ထားတာ။
”ပါဠိဖြစ်က ပုဒ်တစ်မှ ပစ်ချလေ အာလုပ်”
ပါဠိတော်မှာဆိုရင်တော့ ပုဒ်တစ်မှ ဆိုတဲ့အတိုင်း ဒုတိယပုဒ်မှာ အာလုပ်ပုဒ် ရှိရတယ်တဲ့၊ အဲ့ဒါ အတွေအကြုံအရ မှတ်ထားရတယ်..ဒါ သူငယ်ချင်းက လာမေးလို့..သူ့ကို နယ်ကဆရာတော်ကြီး တပါးက ဘာကြောင့်မှန်းမသိ ငေါက်လိုက်တယ်တဲ့၊ အဲ့ဒါ မှတ်ထားပေါ့...
သူများမှားတာကို ကိုယ်က ကဲ့ရဲ့ဖို့ပြောတာမဟုတ်ဘူး၊ သူများမှားတာကို သင်္ခန်းစာယူပြီး ကိုယ့်အလှည့်ကျ မမှားရအောင် ပြောတာ၊
ဒါကြောင့် အဖိတ်နေ့မှာဘုရားဝတ်တက် ကမ္မဝါထည့်တယ်ဆိုတာ ဒီအတွက် ထည့်တာ...စာသင်တိုက်ကနေ ဓမ္မာစရိယတော့အောင်သွားတယ် ဒါပေမယ့် အတွေ့အကြုံမရှိတဲ့အခါကျတော့ နယ်ရောက်တဲ့အခါ ရဟန်းလောင်းဆုံးမပါဆိုရင် မဆုံးမတတ်ဘူး..
ကမ္မဝါကို ကမ္မဝါမှန်းမသိသေးဘူး(ဟုတ်လား) အခုလည်း ဒီကအဆောင်မှာ ဘုရားဝတ်တက်ထဲ ကမ္မဝါပညတ်ထားတော့ အဲ့ဒီကမ္မဝါရရုံနဲ့တော့ ရဟန်းလောင်း မဆုံးမတတ်သေးဘူး.. နည်းနည်းထပ်လေ့လာမှဖြစ်မယ်
ဒါပေမယ့် ဒီလောက်ကလေး ရထားရင်ကို အရှင်ဘုရားတို့ မဆိုးလောက်ဘူး ၊ ရဟန်းလောင်းဆုံးမတဲ့အခါ ဘာစဉ်ပြီး ဘယ်သွားတယ်ဆိုတာလောက်တော့ သိမှာပေါ့၊ ဉတ်တွေ ဘာတွေကတော့ ထပ်လေ့လာပေါ့။
အဲဒီတော့ မနှစ်ကတုန်းကတော့ သိမ်နှုတ် သိမ်သမုတ်လောက်ပဲ ထည့်တာ..ဒီနှစ် အနန္တရာယိကပါ ထပ်ထည့်ထားတယ် ၊
အနန္တရာယိကကလည်း မူတွေ အမျိုးမျိုးရှိတယ်... အခုကျောင်းက ထည့်ထားတာက မင်းကွန်း တိပိဋကဆရာတော်ကြီးရဲ့ မူအတိုင်း ထည့်ထားတာ၊ သူက နည်းနည်းတော့ ရှည်တယ်...တခြားမူတွေကတော့ အဲ့လောက် မရှည်ဘူး၊ လိုက်ပုဒ်တွေ အကုန်ပြန်ထည့်ထားတယ် မင်းကွန်းဆရာတော်ကြီးက ၊
အဲ့တော့ အရပ်ထဲမှာ အနန္တရာယိကကမ္မဝါစာ ရွတ်တဲ့အခါ မညီလို့ရှိရင်လည်း မူကွဲတွေ ရှိတယ်ဆိုတာ အဲ့ဒါလည်း မှတ်ထားအုံး ၊ မင်းကွန်း တိပိဋကဆရာတော်ကြီးရဲ့ မူကတော့ လိုက်ပုဒ်တွေ အကုန်ပြန်ထည့်ထားလို့ ရှည်တယ်၊ တခြားဆရာတော်တွေ မူကတော့ လိုက်ပုဒ်တွေ ပြန်မထည့်လို့ တိုတယ်..ဘယ်နေရာမှာ ဘာကွာတယ်ဆိုတာ အချုပ်လေး သိထားရင် ညှိရွတ်လို့ရတယ်..ကဲ ကမ္မဝါအခန်း အဲ့ဒါ ပြောပြီးသွားပြီ..ကံအခန်းလေးတွေ အဲ့ဒါတွေ သေချာမှတ်ထား၊ အနေအထိုင်တွေ ကျကျနန နေဖို့ ထိုင်ဖို့ သြဝါဒပေးရင်း ဒီမှာတင် တပည့်တော်ရဲ့ သြဝါဒကို နိဂုံးချုပ်ပါတယ်... ကဲ.. သာဓုခေါ်..
သာဓု သာဓု သာဓု
၁၃၈၁ ခုနှစ် ဝါဆိုလပြည့်ကျော်(၇)ရက် ည(၇)နာရီအချိန်
မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်း နာယကဆရာတော်
ဘဒ္ဒန္တပညိန္ဒာဘိဝံသ မှ ဓမ္မဝိနယရံသီကျောင်းဆောင်ရှိ
တပည့်အပေါင်းအား ပေးသော သြဝါဒကထာ ဖြစ်ပါသည်။
အရှင်သု(ရံသီ)
၁၃၈၁-ဝါဆိုလကွယ်(၁၅)ရက် ဗုဒ္ဓဟူးနေ့
(၃၁-၇-၂၀၁၉)
29/04/2022
18/04/2022
11/04/2022
09/04/2022
01/04/2022
28/03/2022
27/03/2022
23/03/2022
21/03/2022