05/08/2020
၈ တန်းအောင်ပြီး သင်ရိုးသစ် Grade-10 တက်ရောက်ရမဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ဖေဖေမေမေတို့အတွက် သိမှတ်ဖွယ်ရာလေးတွေ ဝေမျှလိုက်ပါတယ်။
☢️☢️☢️☢️☢️☢️☢️☢️☢️
သင်ရိုးသစ် Grade-10 မှာ
၁) ရွေးချယ်ရန်ဘာသာတွဲတွေနဲ့ ပါဝင်တဲ့ဘာသာရပ်များ
၂) သာသာတွဲတွေရဲ့ အားသာချက်၊ အားနည်းချက်
၃) ဘာသာတွဲရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားရမဲ့အချက်များ
ဆိုပြီး အပိုင်း ၃ ပိုင်းခွဲပြီး ဆွေးနွေးပေးထားပါတယ်။
🔶🔶🔶🔶🔶
၁) ရွေးချယ်ရန်ဘာသာတွဲများ
အတွဲ (၁)၊ (၂)၊ (၃)၊ (၄) ဆိုပြီး ဘာသာတွဲ ၄ ခု ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ (STEAMS-1, STEAMS-2, STAMS-1, STAMS-2 လို့လည်းခေါ်ပါတယ်။
Science, Technology, Engineering, Art, Maths, Sports ဘာသာရပ်တွေ ပါဝင်တဲ့အတွဲကို STEAMS လို့ခေါ်ပြီးတော့၊ Social Science, Technology, Art, Maths, Sports ဘာသာရပ်များပါဝင်သောအတွဲကို STAMS လို့ခေါ်တာဖြစ်ပါတယ်။
☢️ အတွဲ (၁) မှာ အောက်ပါဘာသာရပ်တွေကို လေ့လာသင်ယူရပါမယ်။ (STEAMS-1)
၁။ မြန်မာစာ
၂။ အင်္ဂလိပ်စာ
၃၊ သင်္ချာ
၄။ ဓာတုဗေဒ
၅။ ရူပဗေဒ
၆။ ဇီဝေဗဒ
၇။ လူမှုရေးသိပ္ပံ (ပထဝီ + သမိုင်း + ဘောဂဗေဒ)
☢️ အတွဲ (၂) မှာ အောက်ပါဘာသာရပ်တွေကို လေ့လာသင်ယူရပါမယ်။ (STEAMS-2)
၁။ မြန်မာစာ
၂။ အင်္ဂလိပ်စာ
၃၊ သင်္ချာ
၄။ ဓာတုဗေဒ
၅။ ရူပဗေဒ
၆။ ဘောဂဗေဒ
၇။ ပထဝီ + သမိုင်း
☢️ အတွဲ (၃) မှာ အောက်ပါဘာသာရပ်တွေကို လေ့လာသင်ယူရပါမယ်။ (STAMS-1)
၁။ မြန်မာစာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ
၄။ ပထဝီ
၅။ သမိုင်း
၆။ ဘောဂဗေဒ
၇။ သိပ်ပံ (ဓာတု + ရူပ + ဇီဝ)
☢️ အတွဲ (၄) မှာ အောက်ပါဘာသာရပ်တွေကို လေ့လာသင်ယူရပါမယ်။ (STAMS-2)
၁။ မြန်မာစာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ
၄။ စိတ်ကြိုက်မြန်မာစာ
၅။ ဘောဂဗေဒ
၆။ ပထဝီ + သမိုင်း
၇။ သိပ်ပံ (ဓာတု+ရူပ+ဇီဝ)
☢️ အတွဲ (၁)၊ (၂)၊ (၃)၊ (၄) အားလုံးမှာ အောက်ပါဘာသာရပ် ၃ ခုကို တွဲဖက်သင်ရမှာပါ။
၈။ စာရိတ္တနှင့် ပြည်သူ့နီတိ
၉။ ဘဝတွက်တာကျွမ်းကျင်စရာ
၁၀။ ကာယပညာ (သို့) အနုပညာ - ပန်းချီ (သို့) အနုပညာ - ဂီတ
🔺 (မှတ်ချက်)
နံပါတ် ၁ မှ ၇ ထိ ဘာသာရပ်များက စာမေးပွဲဖြေဆိုရမဲ့ ဘာသာရပ်တွေပါ။
နံပါတ် ၈ မှ ၁၀ ထိ ဘာသာတွေကတော့ စာမေးပွဲမဖြေရပါဘူး။ အထက်တန်းပြီးမြောက်ကြောင်း Certificate အတွက်ပဲ အသုံးဝင်ပါမယ်။
🔶🔶🔶🔶🔶
၂) ဘာသာတွဲတွေရဲ့ အားသာချက်၊ အားနည်းချက်
📌 စနစ်သစ်ပညာရေး အထက်တန်းဘာသာတွဲ ၄ တွဲစလုံးမှာ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်အားလုံးကို ခြုံငုံမိအောင် စီစဉ်ထားတာကို တွေ့ရပါမယ်။
အတွဲ (၁) မှာ လေ့လာစရာဘာသာရပ် (၉) ခု
အတွဲ (၂) မှာ လေ့လာစရာဘာသာရပ် (၈) ခု
အတွဲ (၃) မှာ လေ့လာစရာဘာသာရပ် (၉) ခု
အတွဲ (၄) မှာ လေ့လာစရာဘာသာရပ် (၁၀) ခု ရှိပါတယ်။
(အရံဘာသာရပ်များဖြစ်တဲ့ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ (သို့) အနုပညာ ဘာသာရပ်တွေကို ထည့်မရေထားပါဘူး)
📌 အတွဲ (၁) ဟာ- တက္ကသိုလ်မှာ ဆေးပညာလေ့လာလိုတဲ့သူများ၊ ဆရာဝန်ဖြစ်လိုသူများ မဖြစ်မနေ ရွေးချယ်ရမဲ့ ဘာသာတွဲဖြစ်ပါတယ်။ တက္ကသိုလ်မှာ သိပ္ပံဘာသာရပ်များ တက်ရောက်လိုသူများ၊ နိုင်ငံခြားဘာသာစကားတက်ရောက်လိုသူများ ရွေးချယ်လို့ရပါတယ်။ အရင်စနစ်ဟောင်းက ဘိုင်အိုတွဲနဲ့ တူပါတယ်။ အခြားဘာသာတွဲများယူရင် ဆေးပညာတက္ကသိုလ်တက်ရောက်လို့ မရပါဘူး။
📌 အတွဲ (၂) ဟာ - ဇီဝဗေဒဘာသာရပ် လုံးလုံးမပါဝင်တာကြောင့် ဆေးပညာနဲ့ စိုက်ပျိုးရေးတက္ကသိုလ် တက်လို့ရမှာမဟုတ်ပါဘူး။ တက္ကသိုလ်မှာ- အင်ဂျင်နီယာ၊ စီးပွားရေးပညာ၊ သိပ္ပံဘာသာရပ်များ (သတ္တဗေဒ၊ ရုက္ခဗေဒ မပါ)၊ ဝိဇ္ဇာဘာသာရပ်များ၊ နိုင်ငံခြားဘာသာစကား စသည်တို့ လေ့လာလိုသူများ ရွေးချယ်သင့်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။ ယခင် အီကိုတွဲနဲ့ တူပါတယ်။
📌 အတွဲ (၃) ဟာ- တက္ကသိုလ်မှာ ဆေးပညာလေ့လာလိုသူ၊ အင်ဂျင်နီယာဖြစ်လိုသူများ ရှောင်ရှားရမဲ့ ဘာသာတွဲပါ။ ဘယ်သူတွေရွေးလို့ရလဲဆိုတော့ ၊ နိုင်ငံခြားဘာသာစကားတက္ကသိုလ်တက်မဲ့သူတွေ၊ နိုင်ငံတကာဆက်ဆံရေးပညာလေ့လာမဲ့သူတွေ၊ စီးပွားရေးပညာလေ့လာမဲ့သူတွေ ရွေးချယ်သင့်ပါတယ်။
📌 အတွဲ (၄) ကတော့ - စာပေအနုပညာစိတ်ဝင်စားသူတွေအတွက် ရွေးချယ်ဖို့အကောင်းဆုံးဘာသာတွဲပါ။ တက္ကသိုလ်မှာ- စီးပွားရေးပညာ၊ နိုင်ငံခြားဘာသာစကား၊ ဝိဇ္ဇာဘာသာရပ်များ ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
🔶🔶🔶🔶🔶
၃) ဘာသာတွဲရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားရမဲ့အချက်များ
1⃣ နံပါတ်တစ်စဉ်းစားရမှာက ကိုယ့်ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်ပါ။
ဘယ်တက္ကသိုလ်တက်ချင်တာလဲ၊ ကိုယ်ဘာဖြစ်ချင်တာလဲ စတာတွေစဉ်းစားရပါမယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ဘာသာတွဲက ကိုယ်တက်ချင်တဲ့တက္ကသိုလ် တက်ရောက်လို့မရဘူးဆိုရင် အလွဲကြီးလွဲပါပြီ။
2⃣ နံပါတ်နှစ်ကစဉ်းစားရမှာက ရွေးချယ်စရာ (Option) တွေပါ။
ဥပမာ- ဆေးတက္ကသိုလ်တက်ချင်ရင် အတွဲ-၁ ပဲရွေးချယ်စရာရှိပေမဲ့၊ စီးပွားရေးတက္ကသိုလ်တက်ချင်ရင် အတွဲ-၂၊ ၃၊ ၄ ထဲက ဘာရွေးမလဲ စဉ်းစားလို့ရပါတယ်။ ပါဝင်တဲ့ဘာသာရပ် အနည်းအများ၊ ကိုယ်ရည်မှန်းတဲ့ တက္ကသိုလ် အကြောင်းကြောင်းကြောင့် တက်ရောက်ခွင့်မရခဲ့ရင် ဒုတိယဦးစားပေးတက္ကသိုလ်ကို တက်ရောက်နိုင်မဲ့ ဘာသာတွဲ ဟုတ်မဟုတ် စတာတွေ စဉ်းစားရပါမယ်။
3⃣ တတိယအချက်အနေနဲ့ စဉ်းစားရမှာက ကိုယ့်ဝါသနာဖြစ်ပါတယ်။ ရည်မှန်းချက်အတွက်လည်း စဉ်းစားပြီးပြီ၊ Option တွေလည်း စဉ်းစားပြီးပြီဆိုရင် ကိုယ့်ရဲ့ဝါသနာနဲ့ ချိန်ကိုက်ရမှာ ဖြစ်ပါတယ်။
ဥပမာ-
1⃣ ရည်မှန်းချက်က - စီးပွားရေးပညာရှင်ဖြစ်ဖို့
2⃣ Option တွေက - အတွဲ ၂၊ ၃၊ ၄ ထဲက အတွဲ ၄ ကို ပယ်လိုက်ပြီး၊ ၂ နဲ့ ၃ ကို စဉ်းစားနေတယ်ဆိုပါစို့
3⃣ ကိုယ်က စီးပွားရေးပညာရှင်ဖြစ်ချင်ပေမဲ့ ရူပဗေဒလည်း စိတ်ဝင်စားသေးတယ်၊ သမိုင်းဘာသာရပ်ကို ပျင်းတယ်ဆိုရင် - အတွဲ ၂ က ကိုယ့်အတွက် ရွေးချယ်စရာ ဖြစ်သွားမှာပါ။ အဲဒီလိုပဲ ကိုယ်က ပထဝီဝင်ကို စိတ်ဝင်စားတယ်၊ ဓာတုဗေဒကို မကြိုက်ဘူးဆိုရင် - အတွဲ ၃ က ရွေးချယ်စရာ ဖြစ်လာပါလိမ့်မယ်။
🔷 ဒီလောက်ဆိုရင် ပညာရေးစနစ်သစ်ရဲ့ အထက်တန်းဘာသာတွဲတွေအကြောင်းနဲ့ကိုယ့်ရဲ့သားသားမီးမီးတွေအတွက်ဘယ်ဘာသာတွဲသင့်တော်တယ်ဆိုတာ စဉ်းစားနိုင်လောက်ပါပြီ။
🔷 တကယ်လို့ ကျောင်းအပ်တဲ့အခါ၊ ဘာသာတွဲခွဲတဲ့အခါ ဇဝေဇဝါဖြစ်လာရင်လည်း သက်ဆိုင်ရာ အပ်နှံမဲ့ကျောင်းများ၊ တက်ရောက်တဲ့ကျူရှင်များ၊ ပညာရေးရုံးများမှာ တိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။
🔺 ကျောင်းတက်ရောက်ပြီး တစ်လအတွင်းဘာသာတွဲပြန်ပြောင်းခွင့်တော့ ရှိပါမယ်။ သို့ပေမဲ့ ယခင်လိုမျိုး ၉ တန်းမှာ ဘိုင်အိုတွဲယူပြီး၊ ၁၀ တန်းမှာ အီကိုဘာသာတွဲပြောင်းတာမျိုး Grade-10 နဲ့ Grade-11 မှာ ဘာသာတွဲ အပြောင်းအလဲလုပ်ခွင့်ပေးမပေးကတော့ မသိသေးပါဘူး။
Sources. မဟောသဓာပညာရေး
(Mahawthada Education)