Muslim History Burmese

Muslim History Burmese

Share

ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ် နှင့် မွတ်စလင်မ် သမိုင်းများကို အကိုးအကားများနှင့်တကွ တင်ဆက်သွားမည်။

30/04/2026

"​အော်တိုမန်တူရကီတို့သည် ၎င်းတို့၏အင်ပါယာအတွင်း မွတ်စလင်မဟုတ်သူများကို လက်ခံခဲ့ကြပြီး၊ ထိုသူများသည် လူဦးရေ၏ သိသာထင်ရှားသော အများစုအဖြစ် အစဉ်တဆက် ရှိနေခဲ့သည်။ ထိုအချက်နှင့် ဆန့်ကျင်ဘက်အနေဖြင့် ခရစ်ယာန်နိုင်ငံများသည် မွတ်စလင်မ်များကို စနစ်တကျ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။"

– အ​မေရိကန် သမိုင်းပညာရှင် John Merriman

(📕 A History of Modern Europe by John Merriman)

28/04/2026

🕌သဗ်လိ​ဂ် လှုပ်ရှားမှု - သမိုင်းအတိုအထွာ

သဗ်လိဂ် ဂျမာအသ်သည် ယနေ့ခေတ်ကာလတွင် ကမ္ဘာ့အကြီးဆုံး မွတ်စလင်မ်လှုပ်ရှားမှုကြီးတစ်ခုအဖြစ် ရပ်တည်နေပြီး၊ ဤအောင်မြင်မှုသည် ပညာရှင် မုဟမ္မဒ် အိလ်ယားစ် ကန်ဒလဝီ ၏ ကြိုးပမ်းမှုမှ စတင်ခဲ့ခြင်းဖြစ်သည်။ သဗ်လိဂ်သည် မွတ်စလင်မ်အသိုင်းအဝိုင်းထဲတွင် မွတ်စလင်မ်အချင်းချင်း ဘာသာ​ရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ပြီး သာသနာ​ရေးဆိုင်ရာ သင်ကြားမှုများထဲတွင် ရှိ​နေ​စေရန် ဖိတ်​ခေါ်သည့် သာသနာပြုလှုပ်ရှားမှု ဖြစ်သည်။

၁၈၈၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကန်ဒလာရွာ၌ မွေးဖွားခဲ့သော အိလ်ယားစ်သည် ဒါရုလ်အူလူမ် ​ဒေယိုဗန်​ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၂၅ ခုနှစ် မက္ကာဟ်မြို့သို့ ဟာဂျ်သွားရောက်ပြီး​နောက် ၎င်း၏ ဘဝရည်မှန်းချက်အစစ်အမှန်ကို တွေ့ရှိခဲ့သည်။ အော်တိုမန် အင်ပါယာ ပြိုကွဲပြီးနောက်ပိုင်း မွတ်စလင်မ်တို့၏ ဘာသာ​ရေးစိတ်ကို ပြန်လည်နိုးကြားစေရန်နှင့် ဗြိတိသျှကိုလိုနီစနစ်၏ ယဉ်ကျေးမှုလွှမ်းမိုးမှုများကို တွန်းလှန်ရန်အတွက် ၁၉၂၆ ခုနှစ်တွင် ဤလှုပ်ရှားမှုကို အိန္ဒိယနိုင်ငံ၌ စတင်တည်ထောင်ခဲ့သည်။

ဤလှုပ်ရှားမှုသည် ဒေလီမြို့အနီးရှိ Mewatတွင် ပထမဆုံးအ​ခြေပြုခဲ့ပြီး အိလ်ယားစ်သည် ပညာတတ်လူငယ်များကို စုစည်းကာ ဗလီကျောင်းများနှင့် စာသင်ကျောင်းများစွာကို တည်ထောင်ခဲ့သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ဤအဖွဲ့အစည်းအတွက် သီးခြားအမည်တစ်ခု တရားဝင်သတ်မှတ်ထားခြင်း မရှိဘဲ၊ ၎င်းတို့၏ စိတ်အားထက်သန်စွာ ဆောင်ရွက်မှုများကို ကြည့်ရှုကာ ဒေသခံများကသာ "သာသနာပြုအဖွဲ့" ဟု အဓိပ္ပာယ်ရသည့် "သဗ်လိဂ် ဂျမာအသ်" ဟု ခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ဤအဖွဲ့၏ အဓိကရည်မှန်းချက်မှာ မွတ်စလင်မ်လူထုအတွင်း နိုင်ငံရေးလှုပ်ရှားမှုများထက် တစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် အခြေခံဘာသာရေးကျင့်ဝတ်များကို ပြန်လည်လိုက်နာကျင့်သုံးလာစေရန်အတွက် အတွင်းစိတ်ပြုပြင်ပြောင်းလဲရေးကိုသာ အလေးထားဆောင်ရွက်ခြင်းဖြစ်သည်။

လက်တွေ့ဆောင်ရွက်မှုအနေဖြင့် ဤလှုပ်ရှားမှုသည် အခြေခံလူထုအတွင်း သာသနာပြုခြင်းကို အဓိကထားပြီး အဖွဲ့ဝင်များသည် မိမိတို့၏ အချိန်များကို ကိုယ်ပိုင်ဆန္ဒအလျောက် အသုံးချကာ အစုအဖွဲ့လိုက် ခရီးလှည့်လည်ကြသည်။ ၎င်းတို့သည် ဒေသအသီးသီးရှိ ဗလီကျောင်းများတွင် တည်းခိုရင်း အိမ်နီးချင်း မွတ်စလင်မ်များကို ဝတ်ပြုကြရန်နှင့် ဘာသာ​ရေးထိုင်ဝိုင်းများတွင် အချိန်​ပေးရန် ဖိတ်ခေါ်တိုက်တွန်းကြသည်။

ဤစုပေါင်းအားထုတ်မှုကြောင့် ယခုအခါ နိုင်ငံပေါင်း ၁၅၀ ကျော်တွင် အဖွဲ့ဝင် သန်း ၈၀ အထိ ရှိလာခဲ့သည်။ ဤလှုပ်ရှားမှု၏ ကြီးမားကျယ်ပြန့်မှုကို သက်သေပြနေသည့် အထင်ရှားဆုံး အချက်တစ်ခုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်စဉ်ကျင်းပသော ပွဲအား တက်ရောက်သူမှာ ၅ သန်းခန့်အထိ ရှိသည်။

မုဟမ္မဒ် အိလ်ယားစ်သည် ဤသာသနာပြုလုပ်ငန်းများအတွက် ဘဝတစ်ခုလုံးကို ပေးဆပ်ခဲ့ပြီး ပင်ပန်းနွမ်းနယ်မှုနှင့် ဖျားနာမှုဒဏ်တို့ကြောင့် ၁၉၄၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၎င်းကွယ်လွန်သွားသော်လည်း ရိုးရှင်းစွာနေထိုင်ခြင်းနှင့် တစ်ဦးချင်းစီ၏ သက်ဝင်ယုံကြည်မှုကို အလေးထားခြင်းဟူသော မူဝါဒများဖြင့် ဤလှုပ်ရှားမှုသည် ဆက်လက်တိုးတက်လျက်ရှိသည်။

ယနေ့တွင် ဤလှုပ်ရှားမှုသည် စလဖီနှင့် ​​​​ဘ​ရေလဝီလှုပ်ရှားမှုများကဲ့သို့ပင် အစ္စလာမ်ဘာသာဝင်တို့ကြားတွင် အထင်ကရ လှုပ်ရှားမှုအဖြစ် တည်ရှိလျက်ရှိသည်။ အိန္ဒိယတိုက်ငယ်နှင့် တခြားတိုင်းပြည်များတွင်မက မြန်မာတွင်လည်း အလွန်​အောင်မြင်ပြီး သြဇာကြီးမား​သော လှုပ်ရှားမှုဖြစ်ပါသည်။ မြန်မာမွတ်စလင်မ်များအကြားတွင် အလွှမ်းမိုးနိုင်ဆုံး ဘာသာ​ရေးလှုပ်ရှားမှုသည် သဗ်လိဂ်လ်ို့ ​ပြောမည်ဆိုပါက မမှားနိုင်​ပေ။

(📕Source: Muhammad Ilyas Kandhlawi - The story of Tablighi Jamaat by House of Wisdom | Youtube)

🖋Contributed by Sitt Hmu Naing

18/04/2026

မင်းတုန်းမင်းတရားကြီးက မွတ်စလင်မ်တို့အတွက် မက္ကာဟ်မြို့တွင် တည်းခိုရာနေရာကိုပင် လှူဒါန်းပေးခဲ့တယ်။

14/04/2026

🤔အသင်သိပါသလား။ Do you know?

ပုဂံအင်ပါယာကို တည်ထောင်သူ အနော်ရထာရဲ့ထီးနန်းကို ဆက်ဆံခဲ့သည့် ဘုရင်စောလူးကို ငယ်စဥ်အခါက ပညာသင်ကြားပေးခဲ့သူမှာ အာရဗ်လူမျိုးအစ္စလာမ်ဘာသာဝင် ဖြစ်သည်။

(📕ကိုးကား - The Muslims of Burma by Moshe Yegar)

Contributed by Sitt Hmu Naing

12/04/2026

Umayyad(အွမ်မေယာဒ်)ခလီဖွာ ဒုတိယမြောက်အုမရ်က သူ့မဟာမိတ်တွေအနေနဲ့ အစ္စလာမ်ကို ကိုယ့်သဘောနဲ့ကိုယ်လက်ခံဖို့တိုက်တွန်းခဲ့ပါတယ်။ မဟာမိတ်ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တိဗက်ထံသို့ ဘာသာရေးဆရာတစ်ဦးစေလွှတ်ခဲ့တယ်။ ခလီဖွာက အလ်ဟနဖီဆိုတဲ့ လူတစ်ဦးကို စေလွှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီဆရာကအောင်မြင်မှုမရခဲ့ဘူး။ အကြောင်းအရင်းကနှစ်ခုရှိပါတယ်။

(၁) Umayyadတွေက အစ္စလာမ်ကိုဖိတ်ခေါ်ရာမှာ ဇွတ်အတင်းကြိုးပမ်းအားထုတ်မှုမရှိဘူး။

(၂) တိဗက်နန်းတွင်းမှာရှိတဲ့ အတိုက်အခံတွေထဲမှာ နိုင်ငံခြားသားမုန်းတီးရေးအားပေးတာတွေရှိတယ်။

ကိုးကား
- Study Buddhism by Berzin Archives
- Britannica

ပုံ - ခလီဖွာဒုတိယမြောက်အုမရ်ခေတ်က ငွေကြေး

🖋Contributed by Sitt Hmu Naing

12/04/2026

"မြန်မာမင်းများလက်ထက်က သက်ဦးဆံပိုင်ဘုရင်တွေအောက်မှာ သစ္စာရှိရှိ အမှုထမ်းခဲ့တဲ့ မွတ်စလင် အရာရှိကြီးတွေရှိခဲ့သလို၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့တဲ့ ဆရာကြီးဦးရာဇတ်နဲ့ ပင်လုံစာချုပ် ဖြစ်မြောက်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေးမှာ အဓိကပါဝင်ခဲ့တဲ့ ဦးဖေခင်တို့လို ပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့မရဘူး"

– သမိုင်းပညာရှင် ဦးကျော်ဝင်း (အငြိမ်းစားသမိုင်းပါမောက္ခ)

(📕Source - What is Islamization? by Dr. Myint Thein)
🖋Contributed by Sitt Hmu Naing

10/04/2026

"ရခိုင်ဒေသအပေါ် အစ္စလာမ်ဘာသာ သြဇာသက်ရောက်မှုသည် လေးနက်သည်။ ဘုရင်များသည် မိမိတို့ကိုယ်ကို စူလ်တန်များ နှင့် စူလ်တန်များ အုပ်စိုးသော နိုင်ငံဟန်ပြုလုပ်ကြသည်။"

- မြန်မာနိုင်ငံသမိုင်းကော်မရှင်ရဲ့ကျမ်းပြုအရာရှိ၊ သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်

(📕Source - The Coming of Islam to Burma Down to 1700 A.D by Ba Shin)

🖋Contributed by Sitt Hmu Naing

10/04/2026

⚔️မဂိုအင်ပါယာ မွေးဖွားလာပုံ

အေဒီ၁၅၂၆၊ ဧပြီလတွင် တောင်အာရှရှိ အိန္ဒိယတိုက်ငယ်၏ နိုင်ငံရေးအခင်းအကျင်းသည် ထာဝရပြောင်းလဲသွားခဲ့သည်။ အနောက်ဘက်အရပ်တွင် မွတ်စလင် -အော်တိုမန်တွေဟာ အင်အားကြီး အင်ပါယာကြီးတစ်ခုအား အုပ်ချုပ်နေစဥ်၊ အိန္ဒိယရှိ Panipat လွင်ပြင်တွင် ဗဟိုအာရှမှ ပြည်နှင်ဒဏ်သင့် မင်းသားတစ်ပါးဖြစ်သော Baburသည် ဒေလီဘုရင့်နိုင်ငံ (Delhi Sultanate) ၏ အင်အားကြီးမားလှသော ဆင်တပ်ကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။

ဤရင်ဆိုင်မှုသည် တိုက်ပွဲတစ်ခု၏ အရှုံးအနိုင်ကိုသာ ဆုံးဖြတ်ခဲ့သည်မဟုတ်ဘဲ ပါရှန်း၊ တူရကီ နှင့် အိန္ဒိယယဉ်ကျေးမှုများ ပေါင်းစပ်ထားသည့် ရာစုနှစ်သုံးခုကျော်ကြာ စိုးစံမည့် မွတ်စလင်အင်ပါယာတစ်ခု၏ အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။

👨Babur

ဇွာဟိရ်ရုဒ်ဒီးန် မုဟမ္မဒ် ဘာဘူရ် (Zahir-ud-din Muhammad Babur) သည် တီမူရစ် (Timurid) မင်းဆက်မှ မင်းသားတစ်ပါးဖြစ်ပြီး ဖခင်ဘက်မှ နာမည်ကြီးဘုရင် Timur နှင့် မိခင်ဘက်မှ မွန်ဂိုဧကရာဇ် Genghis Khanတို့၏ အနွယ်တော်လည်း ဖြစ်သည်။ ထိုကဲ့သို့ ဆွေကြီးမျိုးကြီး မျိုးရိုးရှိသော်လည်း Babur၏ ငယ်ဘဝမှာ အခက်အခဲများဖြင့် ပြည့်နှက်နေခဲ့သည်။ မွေးရပ်မြေဖြစ်သော Fergana (ယခု ဥဇဘက်ကစ္စတန်) မှ မောင်းထုတ်ခံရပြီး Samarkand မြို့ကိုလည်း အကြိမ်ကြိမ် ဆုံးရှုံးခဲ့ရပြီးနောက် သူသည် ကဘူးလ်မြို့(အာဖဂန်)တွင် အခြေစိုက်စခန်းတစ်ခု တည်ထောင်ခဲ့သည်။

တည်ငြိမ်သော နိုင်ငံတစ်ခု တည်ထောင်လိုသည့် ဆန္ဒရှိသော Baburသည် အိန္ဒိယအပေါ် စိတ်ဝင်စားမှုရှိလာသည်။ Baburသည် အင်အားချည့်နဲ့နေသော ဒေလီဘုရင့်နိုင်ငံကို မျက်စိကျလာခဲ့သည်။ နောက်ဆုံးအချိန်တွင် ဒေသခံအိန္ဒိယဘုရင်ခံအချို့၏ အားပေးကူညီမှုဖြင့် အိန္ဒိယတိုက်ငယ်ကို Babur ရောက်ရှိလာပါတော့သည်။

🤺ပထမအကြိမ် Panipatတိုက်ပွဲ

အေဒီ ၁၅၂၆၊ ဧပြီလတွင် စစ်သည်အင်အား ၁၀,၀၀၀ကျော်သာရှိသော Babur၏ စစ်တပ်သည် စစ်သည် ၁၀၀,၀၀၀ ခန့်နှင့် စစ်ဆင် ၁,၀၀၀ ပါရှိသော ဒေလီဘုရင် အီဘရာဟင်မ် လိုဒီ (Ibrahim Lodi) ၏ စစ်တပ်နှင့် ရင်ဆိုင်ခဲ့ရသည်။

Baburသည် အိန္ဒိယမြောက်ပိုင်းသို့ အမြောက်တပ်နှင့် Matchlockလက်နက်ကိုင်တပ်များကို ခေါ်ဆောင်လာ၍ တိုက်ခိုက်ခဲ့သည်။ အမြောက်သံများကြောင့် လိုဒီ၏ ဆင်တပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်သွားပြီး နောက်ပြန်လှည့်ကာ မိမိတို့၏ ခြေလျင်တပ်သားများကို ပြန်လည်နင်းမိစေခဲ့သည်။ Baburသည် မွန်ဂိုတို့၏ ဘေးပတ်တိုက်စစ်ဆင်နည်းကို အသုံးပြုကာ လိုဒီ၏ အင်အားကြီးစစ်တပ်ကို ဝိုင်းရံပိတ်ဆို့ကာ တိုက်ခိုက်ခဲ့သည်။

၎င်း၏ မွတ်စလင်ပြိုင်ဘက်ဖြစ်သော ဒေလီဘုရင်သည် တိုက်ပွဲ၌ ကျဆုံးသွားသည်။ Baburသည် ဒေလီနှင့် Agraမြို့များကို သိမ်းပိုက်ကာ မြောက်အိန္ဒိယ၏ အောင်နိုင်သူ ဖြစ်လာသည်။

⭐️အင်ပါယာ တည်ဆောက်ခြင်း

အင်ပါယာ၏ အစဦးပိုင်းမှာ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ Babur၏ စစ်သားများသည် အိန္ဒိယ၏ ပြင်းထန်သောအပူဒဏ်ကို ခံစားခဲ့ရပြီး Rana Sanga ဦးဆောင်သည့် အင်အားကြီးမားသော Rajputမဟာမိတ်အဖွဲ့ကလည်း Baburအား စစ်ခင်းခဲ့သည်။ Rajputတို့ကို အနိုင်တိုက်နိုင်ရန် Baburသည် အရက်သောက်ခြင်းကို စွန့်လွှတ်ကာ ၎င်း၏ စစ်သားများအား အားပေးခဲ့သည်။ အေဒီ ၁၅၂၇ တွင် ဖြစ်ပွားခဲ့သော ခန်ဝါတိုက်ပွဲ တွင်လည်း Baburသည် သာလွန်သော Rajputတို့ကို ပြောင်မြောက်သော စစ်ဗျူဟာဖြင့် အနိုင်ယူနိုင်ခဲ့သည်။ ၎င်းသည် အိန္ဒိယမြောက်ပိုင်းတွင် ဟိန္ဒူတို့ ပြန်လည်စိုးမိုးနိုင်မည့် အခွင့်အရေးကို အဆုံးသတ်စေခဲ့ပြီး မွတ်စလင်တို့၏ နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မှုကို ဆက်လက် ခိုင်မာစေခဲ့သည်။

Baburသည် ပြည်သူများကို အတင်းအဓမ္မ ဘာသာပြောင်းစေခြင်းမျိုး မပြုလုပ်ဘဲ ပါရှန်းအနုပညာလက်ရာများ၊ လေးထောင့်ပုံစံ ပန်းခြံများ (Charbagh) နှင့် စနစ်ကျသော အုပ်ချုပ်ရေးစနစ်များကို စတင်မိတ်ဆက်ပေးခြင်းဖြင့် အိန္ဒိယအား ပြောင်းလဲပစ်ခဲ့သည်။

(❗️မှတ်ချက် - Baburနှင့် နောက်ပိုင်း ပေါ်ထွန်းလာသော အုပ်ချုပ်သူများသည် သူတို့ကိုယ်သူတို့ "Timurid"ဟု မှည့်ခေါ်ကြပြီး "မဂို"ဟု မသုံးနှုန်းပါ။ သူတို့ရဲ့ မျိုးနွယ်ဝင် Timuridဘုရင် Timurအား အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။ ကျွန်တော်တို့ကသာ သူတို့ကို Mongolစကားလုံးမှ ဆင်းသက်လာသော "မဂို"အမည်ဖြင့် သတ်မှတ်ခေါ်ဆိုကြခြင်း ဖြစ်သည်။)

⭐️အမွေအနှစ်

မဂိုအင်ပါယာ ထွန်းကားလာခြင်းသည် တောင်အာရှတွင် "ယမ်းခေတ်" (Gunpowder Age) ကို စတင်စေခဲ့သည်။ Baburသည် အေဒီ ၁၅၃၀ တွင် ကွယ်လွန်ခဲ့ပြီး စိုးစံချိန် ၄ နှစ်သာ ရှိခဲ့သော်လည်း သူသည် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများထဲမှ တစ်ခုဖြစ်သော Baburnama၊ စွန္နီအစ္စလာမ်၏ အငွေ့အသက်တချို့၊ နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ချန်ရစ်ခဲ့သည်။ သူ၏ နောင်လာနောက်သားများသည် အာဖဂန်မှ အိန္ဒိယအထိ နယ်မြေချဲ့ထွင်ကာ မဂိုအင်အားစုအား သြဇာကြီးမားပြီး အလွန်အင်မတန်ချမ်းသာသော အင်ပါယာတစ်ခုအဖြစ် တည်ထောင်ခဲ့သည်။ ၁၇၀၀ပြည့်နှစ်များတွင် အိန္ဒိယတွင် အခိုင်အမာအခြေပြုထားသည့် မဂိုအင်ပါယာသည် ကမ္ဘာ့အချမ်းသာဆုံး အင်ပါယာများထဲမှ တစ်ခု ဖြစ်ခဲ့သလို ဥရောပနိုင်ငံအားလုံးပေါင်းသည်ထက်ကိုပင် ပိုချမ်းသာသည်။

မဂိုမင်းဆက်သည် အေဒီ ၁၅၂၆မှ အေဒီ ၁၈၅၇အထိ ရှင်သန်ခဲ့သည်။ ယနေ့ခေတ်တွင် မဂိုတို့၏ ယဥ်ကျေးမှုနှင့် ဗိသုကာလက်ရာများကို အိန္ဒိယတိုက်ငယ်တစ်ခွင် တွေ့ရပြီး ၎င်းတို့ထားရှိခဲ့သည့် အမွေအနှစ်များသည် ဟိန္ဒူအိန္ဒိယအတွက် နိုင်ငံခြားဝင်ငွေရှာပေးလျက်ရှိသည်။

📕References (ကိုးကား)

1. The Cambridge History of India, Vol. IV

2. Lost Islamic History by Firas Alkhateeb

3. India in the Persianate Age by Richard M. Eaton

4. Britannica (ဗြိတိသျှ စွယ်စုံကျမ်း)

5. The Baburnama: Memoirs of Babur, Prince and Emperor, translated by Wheeler M. Thackston

6. Islam and the Mughal Empire in South Asia: 1526-1857 by Mahak Mahajan, The Association for Asian Studies

7. The New Cambridge History of India, The Mughal Empire by John F. Richards

🖋Contributed by Sitt Hmu Naing

09/04/2026

❗️​ဂျေရုဆလမ်အား မွတ်စလင်တို့ ​အောင်နိုင်ခြင်း

ဂျေရုဆလမ်မြို့သည် အစ္စလာမ်၊ ဂျူး နှင့် ခရစ်ယာန် ဟူသော အကြီးဆုံးသော တစ်ပါးတည်းသော ဘုရားဝါဒီ (Monotheistic) ဘာသာတရားသုံးခုလုံးအတွက် အထွတ်အမြတ်ထားရာ မြို့တစ်မြို့ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီသော သမိုင်းကြောင်းများကြောင့် ဤမြို့ကို ဂျေရုဆလမ် (Jerusalem)၊ အလ်-ကွက်ဒ်စ် (al-Quds)၊ Yerushaláyim နှင့် အေလီယာ (Aelia) စသဖြင့် အမည်အမျိုးမျိုးဖြင့် ခေါ်ဆိုကြပြီး ယင်းတို့မှာ မြို့၏ မတူကွဲပြားသော အမွေအနှစ်များကို ထင်ဟပ်စေပါသည်။ ဤမြို့သည် တမန်တော် စူလိုင်မန်၊ ဒါဝူးဒ် မှသည် တမန်တော် အီစာ (ယေရှု) အထိ အစ္စလာမ့်တမန်တော်အများအပြား နေထိုင်ခဲ့ရာအရပ် ဖြစ်ပါသည်။
တမန်တော် မုဟမ္မဒ် ﷺ သက်တော်ထင်ရှားရှိစဉ်အတွင်း မက္ကာဟ်မြို့မှ ဂျေရုဆလမ်သို့၊ ထိုမှတစ်ဆင့် ကောင်းကင်ဘုံသို့ တစ်ညတာအတွင်း အံ့ဖွယ်ခရီးစဉ် (အလ်အစ္စရာ နှင့် မီအ်ရာ့ဂျ်) ကို သွားရောက်ခဲ့သည်။

သို့သော်လည်း မုဟမ္မဒ်၏ သက်တမ်းတစ်လျှောက်တွင် ဂျေရုဆလမ်သည် မွတ်စလင်တို့၏ နိုင်ငံရေးအုပ်ချုပ်မှုအောက်သို့ မရောက်ရှိခဲ့ပေ။ ဒုတိယမြောက် ခလီဖွာ အုမရ် အိဗ်နု အလ်ခါသားဗ် လက်ထက်သို့ ရောက်မှသာ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပါသည်။

⭐️ဆီးရီးယားသို့ ချီတက်ခြင်း

တမန်တော် မုဟမ္မဒ် ﷺ လက်ထက်တွင် ဘိုင်ဇင်တိုင်း (Byzantine) အင်ပါယာသည် ၎င်းတို့၏ တောင်ဘက်နယ်စပ်တွင် ကြီးထွားလာသော ဘာသာအသစ်ဖြစ်သော အစ္စလာမ်ကို နှိမ်နင်းလိုသော ဆန္ဒရှိကြောင်း ပြသခဲ့သည်။ ထို့ကြောင့် အေဒီ ၆၃၀၊ အောက်တိုဘာလတွင် တမန်တော် မုဟမ္မဒ် ﷺ ကိုယ်တိုင် ဦးဆောင်ကာ အင်အား ၃၀,၀၀၀ ရှိသော စစ်တပ်ဖြင့် ဘိုင်ဇင်တိုင်း နယ်စပ်ရှိ တာဘွက် (Tabuk) သို့ ချီတက်ခဲ့သည်။ ထိုစဉ်က တိုက်ပွဲကြီးကြီးမားမား မဖြစ်ပွားခဲ့သော်လည်း ဤခရီးစဉ်သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်မည့် မွတ်စလင်-ဘိုင်ဇင်တိုင်း စစ်ပွဲများ၏ အစပျိုးမှု ဖြစ်ခဲ့သည်။

ပထမမြောက် ခလီဖွာ အဘူဗကရ် လက်ထက် (၆၃၂-၆၃၄) တွင် ဘိုင်ဇင်တိုင်းနယ်မြေအတွင်းသို့ ကြီးမားသော ထိုးစစ်များ မရှိခဲ့သော်လည်း၊ ဒုတိယမြောက်ခလီဖွာ အုမရ် လက်ထက်တွင် မြောက်ဘက်ရှိ ဘိုင်ဇင်တိုင်းပိုင်နက်များသို့ အလေးအနက် နယ်မြေချဲ့ထွင်လာခဲ့သည်။ ၎င်းသည် ခါလိဒ် အိဗ်နု ဝါလိဒ် နှင့် အမ်ရ် အိဗ်နု အာ့စ် ကဲ့သို့သော ထူးချွန်သည့် မွတ်စလင်စစ်သူကြီးများကို စေလွှတ် တိုက်ခိုက်စေခဲ့သည်။ အေဒီ ၆၃၆တွင် ဖြစ်ပွားခဲ့သော Yarmukတိုက်ပွဲသည် ထိုဒေသရှိ ဘိုင်ဇင်တိုင်းအင်အားကို အကြီးအကျယ် ချိုးနှိမ်နိုင်ခဲ့ပြီး ဒမတ်စကတ် အပါအဝင် ဆီးရီးယားရှိ မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။

များစွာသော အခြေအနေများတွင် ဒေသခံ ဂျူးများနှင့် ခရစ်ယာန်များသည် မွတ်စလင်တပ်များကို ကြိုဆိုခဲ့ကြသည်။ ထိုဒေသရှိ ခရစ်ယာန်အများစုမှာ Monophysites ဂိုဏ်းဝင်များဖြစ်ကြပြီး ၎င်းတို့၏ အယူအဆမှာ မွတ်စလင်တို့ ဟောပြောသော တစ်ပါးတည်းသောဘုရားဝါဒ အယူအဆနှင့် ဆင်တူသည်။ ၎င်းတို့သည် အယူဝါဒပိုင်းဆိုင်ရာ ကွဲလွဲမှုများရှိသော ဘိုင်ဇင်တိုင်းတို့၏ အုပ်ချုပ်မှုထက် မွတ်စလင်တို့၏ အုပ်ချုပ်မှုကို ပိုမိုနှစ်သက်ကြသည်။

⭐️ဂျေရုဆလမ်အား သိမ်းပိုက်ခြင်း

အေဒီ ၆၃၇တွင် မွတ်စလင်စစ်တပ်များသည် ဂျေရုဆလမ်မြို့အနီးသို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ်က မြို့ကို ဘိုင်ဇင်တိုင်းအစိုးရ၏ ကိုယ်စားလှယ်နှင့် ခရစ်ယာန်သာသနာပိုင် ဖြစ်သူ ဆိုဖရိုနီးယပ်စ် (Sophronius) က အုပ်ချုပ်နေသည်။ မွတ်စလင်တပ်များက မြို့ကို ဝန်းရံထားသော်လည်း ဆိုဖရိုနီးယပ်စ်က ခလီဖွာ အုမရ် ကိုယ်တိုင် လာရောက်မှသာ မြို့ကို လွှဲအပ်မည်ဟု တောင်းဆိုခဲ့သည်။

ထိုသတင်းကို ကြားသိရသောအခါ အုမရ်သည် မဒီနာမြို့မှ မြည်းတစ်ကောင်၊ အစေခံတစ်ဦးနှင့်အတူ ခရီးထွက်လာခဲ့သည်။ သူ ဂျေရုဆလမ်သို့ ရောက်ရှိလာသောအခါ ဆိုဖရိုနီးယပ်စ်က ကြိုဆိုခဲ့သည်။ ကမ္ဘာ့အင်အားအကြီးဆုံးသူများထဲမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သော မွတ်စလင်တို့၏ ခလီဖွာသည် ရိုးရှင်းသော ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး သူ၏ အစေခံနှင့်ပင် ခွဲခြားမရနိုင်အောင် ဖြစ်နေသည်ကို တွေ့ရသဖြင့် ဆိုဖရိုနီးယပ်စ်မှာ များစွာ အံ့အားသင့်သွားခဲ့သည်။

အုမရ်သည် မြို့အတွင်း လှည့်လည်ကြည့်ရှုခဲ့ရာ Church of the Holy Sepulchreသို့လည်း ရောက်ရှိခဲ့သည်။ ဝတ်ပြုချိန် (ဆွလာသ်) ရောက်သောအခါ ဆိုဖရိုနီးယပ်စ်က Churchကျောင်းအတွင်း ဝတ်ပြုရန် ဖိတ်ခေါ်သော်လည်း အုမရ်က ငြင်းပယ်ခဲ့သည်။ အကြောင်းမှာ သူကဲ့သို့ ခေါင်းဆောင်တစ်ဦး ထိုနေရာတွင် ဝတ်ပြုခဲ့ပါက နောင်လာနောက်သား မွတ်စလင်များက ထိုအချက်ကို အကြောင်းပြ၍ ခရစ်ယာန်တို့၏ အထွတ်အမြတ်ထားရာ Churchကျောင်းကို ဗလီအဖြစ် ပြောင်းလဲပစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် Churchကျောင်းအပြင်ဘက်တွင်သာ ဝတ်ပြုခဲ့ပြီး နောက်ပိုင်းတွင် ထိုနေရာ၌ 'မတ်စ်ဂျစ်ဒ် အုမရ်' (အုမရ်ဗလီ) ကို တည်ဆောက်ခဲ့ကြသည်။

⭐️အုမရ်၏ ပဋိညာဉ် (The Treaty of Umar)

မွတ်စလင်တို့သည် သိမ်းပိုက်ရရှိသော မြို့တိုင်းတွင် ဒေသခံတို့၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် ပဋိညာဉ်စာချုပ်ကို ရေးထိုးလေ့ရှိသည့်အတိုင်း ဂျေရုဆလမ်တွင်လည်း ပဋိညာဉ်တစ်ခု ရေးထိုးခဲ့သည်။ အုမရ်နှင့် ဆိုဖရိုနီးယပ်စ်တို့ လက်မှတ်ရေးထိုးခဲ့သော ထိုစာချုပ်တွင် အောက်ပါအတိုင်း ဖော်ပြထားသည် -
"ကရုဏာတော်ရှင်၊ သနားကြင်နာတော်မူသော အရှင်မြတ်၏ နာမတော်ဖြင့် စတင်ပါသည်။ ဤစာသည် အလ္လာဟ်အရှင်မြတ်၏ ကျွန်၊ သက်ဝင်ယုံကြည်သူတို့၏ ခေါင်းဆောင် အုမရ်က ဂျေရုဆလမ်မြို့သူမြို့သားတို့အား ပေးအပ်သော ဘေးကင်းလုံခြုံမှုဆိုင်ရာ အာမခံချက်ဖြစ်သည်။ သူသည် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်၊ Churchကျောင်းများ၊ လက်ဝါးကပ်တိုင်များ၊ ကျန်းမာသူ၊ မကျန်းမာသူ အားလုံးနှင့် ၎င်းတို့၏ ဘာသာရေးထုံးတမ်းစဉ်လာများအတွက် လုံခြုံမှုကို ပေးအပ်သည်။ ၎င်းတို့၏ Churchကျောင်းများကို မွတ်စလင်တို့က နေထိုင်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ပြုမည်မဟုတ်။ ၎င်းတို့၏ Churchကျောင်းများ၊ မြေနေရာများ၊ လက်ဝါးကပ်တိုင်များနှင့် ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာစေမည်မဟုတ်။ ၎င်းတို့အား အတင်းအဓမ္မ ဘာသာပြောင်းခိုင်းခြင်း မပြုရ။..."
(Tabari သမိုင်းကျမ်းမှ ကောက်နုတ်ချက်)

ထိုခေတ်အခါက ဤပဋိညာဉ်သည် သမိုင်းတွင် အတိုးတက်ဆုံးသော စာချုပ်တစ်ခု ဖြစ်ခဲ့သည်။ နှိုင်းယှဉ်ချက်အရ ဤစာချုပ်မတိုင်မီ ၂၃ နှစ်ခန့်က ပါရှန်းတို့ ဂျေရုဆလမ်ကို သိမ်းပိုက်စဉ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သလို၊ အေဒီ ၁၀၉၉တွင် ခရူးဆိတ်စစ်သည်များ ဂျေရုဆလင်ကို သိမ်းပိုက်စဉ်ကလည်း ကြောက်မက်ဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ရှိခဲ့သည်။
အုမရ်၏ ပဋိညာဉ်သည် ခရစ်ယာန်များအား လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးခဲ့သည်။ ဂျူးများကို နှင်ထုတ်ရမည်ဟူသော အချက်သည် စာချုပ်တွင် ပါဝင်နေသော်လည်း ၎င်း၏ မှန်ကန်ခိုင်လုံမှုကို (ပညာရှင်များအကြား) ငြင်းခုံနေကြဆဲ ဖြစ်သည်။ အကြောင်းမှာ အုမရ်အား လမ်းပြပေးသူမှာ ကာ့ဗ် အလ်အဟ်ဗာ (Kaab al-Ahbar) အမည်ရှိ ဂျူးလူမျိုးတစ်ဦး ဖြစ်နေခြင်းနှင့် ဘိုင်ဇင်တိုင်းတို့က ဂျူးများအား ဝင်ရောက်ခွင့် ပိတ်ပင်ထားသော Temple Mount နှင့် ငိုကြွေးရာတံတိုင်း (Wailing Wall) တို့တွင် အုမရ်က ဂျူးများကို ပြန်လည်ဝတ်ပြုခွင့် ပေးခဲ့သောကြောင့် ဖြစ်သည်။

⭐️မြို့ကို ပြန်လည်အသက်သွင်းခြင်း

အုမရ်သည် ဂျေရုဆလမ်ကို အစ္စလာမ့်သမိုင်းဝင်နေရာတစ်ခုအဖြစ် ချက်ချင်း အကောင်အထည်ဖော်ခဲ့သည်။ ဘိုင်ဇင်တိုင်းတို့က ဂျူးများကို စော်ကားရန် အမှိုက်ပုံအဖြစ် အသုံးပြုခဲ့သော Temple Mount (တောင်ကုန်း) နေရာကို အုမရ်နှင့် သူ၏ စစ်သားများ (ဂျူးအချို့အပါအဝင်) က ကိုယ်တိုင် သန့်ရှင်းရေးလုပ်ကာ မတ်စ်ဂျစ်ဒ် အလ်အက္ကဆွာ (Masjid al-Aqsa) ကို တည်ဆောက်ခဲ့သည်။

အုမရ်၏ လက်ထက်မှသည် အွမ်မေယာဒ် (Umayyad) အင်ပါယာ လက်ထက်အထိ ဂျေရုဆလမ်သည် ဘာသာရေးအရ ဘုရားဖူးရာနေရာနှင့် ကုန်သွယ်ရေးဗဟိုဌာန ဖြစ်လာခဲ့သည်။ အေဒီ ၆၉၁တွင် Dome of the Rockကို တည်ဆောက်ခဲ့သည်။

အေဒီ ၆၃၇ တွင် ခလီဖွာ အုမရ်လက်အောက်ရှိ မွတ်စလင်များသည် ဂျေရုဆလမ်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းသည် မြို့၏ သမိုင်းတွင် အရေးပါသော အလှည့်အပြောင်း ဖြစ်ခဲ့သည်။ နောင်နှစ်ပေါင်း ၄၆၂ နှစ်တိုင်အောင် မွတ်စလင်တို့က အုမရ်၏ ပဋိညာဉ်အတိုင်း လူနည်းစု ဘာသာဝင်များ၏ အခွင့်အရေးကို ကာကွယ်ပေးကာ အုပ်ချုပ်ခဲ့ကြသည်။ ယနေ့တိုင် ဂျေရုဆလမ်၏ ပဋိပက္ခများအတွက် အုမရ်၏ ပဋိညာဉ်သည် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် စံနမူနာအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

📷 - ​ရွှေ​ရောင်​ခေါင်မိုးဖြင့် ​​တွေ့ရ​သော Dome of Rock

(📕Source: Lost Islamic Historyစာအုပ်ပြုစုသူ သမိုင်းပညာရှင် Firas Alkhateeb​ ​ရေးသားခဲ့သည့် Capture of Jerusalem: The Treaty of Umar ​ဆောင်းပါးအား မြန်မာဘာသာသို့ ဆီ​လျော်စွာ ဘာသာပြန်ထားသည်။)
🖋Translated by Sitt Hmu Naing

08/04/2026

"အုပ်ချုပ်သူတို့သည် များသောအားဖြင့် ၎င်းတို့၏ လက်အောက်ငယ်သားများကို စောင့်ကြည့်ရန် လူများ ခန့်အပ်လေ့ရှိကြသည်။ ငါနှင့် ငါ၏လုပ်ရပ်များကို စောင့်ကြည့်ရန် အသင်တို့(ပြည်သူများ)ကို ခန့်အပ်လိုက်သည်။ အကယ်၍ ငါသည် လမ်းမှားသို့ ရောက်ရှိနေသည်ကို အသင်တို့မြင်တွေ့ပါက ငါ့ကို ပြန်လည်တည့်မတ်ပေးပါ၊ တားဆီးပေးပါ။"

– အွမ်​မေယာဒ် ခလီဖွာ ဒုတိယ​မြောက် အုမရ်

(📕Source - Lost Islamic History)
🖋Translated by Sitt Hmu Naing

08/04/2026

အလှတရား နှင့် သန့်ရှင်းစင်ကျယ်ခြင်းကို တန်ဖိုးထားသူတွေထဲမှာ မွတ်စလင်မ်ပညာရှင်တွေလည်း ပါဝင်တယ်။ ၁၀ရာစုမှာ မွေးဖွားခဲ့တဲ့ တောင်ပိုင်းစပိန်ဖွား ခွဲစိတ်ဆရာဝန် အလ်ဇာဟ်ရာဝီသည် သူရဲ့al-Tasrifဆေးကျမ်းထဲမှာ အလှပြင်ပစ္စည်းများ နှင့် ပတ်သက်ပြီး သီးသန့်အခန်းတစ်ခုဖြင့် သေချာမှတ်တမ်းတင်ထားပါတယ်။

အလ်ဇာဟ်ရာဝီသည် ဆံပင်၊ အရေးပြား နှင့် သွားများကို ဘယ်လိုထိန်းသိမ်းပြီး လှပအောင်ပြုလုပ်ရမလဲဆိုတဲ့ အကြောင်းတွေကို ရေးသားဖော်ပြတယ်။ ပလုတ်ကျင်းဆေး၊ လက်လိမ်းကရိမ် နှင့် အဝတ်အစားတွေရဲ့ အနံ့အသက်မွှေးအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ ကိစ္စတွေကိုပင် ရေးသားခဲ့တယ်။

📷ပုံ credit: Madain Project

[📕ကိုးကား - 1001 Inventions: Muslim Heritage in Our World(2nd Edition) by Salim T S Al-Hassani, Elizabeth Woodcock and Rabah Saoud]

🖋Contributed by Sitt Hmu Naing

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon