VSB Myanmar

VSB Myanmar

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก VSB Myanmar, การศึกษา, Chiang Mai.

VSB Myanmar serves as a knowledge hub and a leading partner dedicated to enhancing vocational skills, promoting lifelong learning, and supporting community development.

19/05/2026

ဥရောပအရည်အချင်းမူဘောင် (EQF) အကြောင်း သိကောင်းစရာ - အပိုင်း (၂)

🔳 EQF ၏ အဆင့် (၈) ဆင့်နှင့် သင်ယူမှုရလဒ်များကို နားလည်ခြင်း

ပထမဆောင်းပါးတွင် EQF သည် နိုင်ငံတကာမှ ဘွဲ့ဒီပလိုမာများ certificate များ ကို နှိုင်းယှဉ် ချိန်ထိုးပေးသည့် "Translating Tool" သို့မဟုက် ကိုးကားမူဘောင် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု ဒုတိယပိုင်းတွင်မူ ထိုကိုးကားမူဘောင်၏ အခြေခံတည်ဆောက်ပုံဖြစ်သော အဆင့် (၈) ဆင့် (8 Levels) နှင့် အရည်အချင်းကို တိုင်းတာသည့် သင်ယူမှုရလဒ် (Learning Outcomes) ဆိုင်ရာ မဏ္ဍိုင် (၃) ရပ်အကြောင်းကို အသေးစိတ် လေ့လာသွားပါမည်။

🔶 ၁။ EQF ၏ အဆင့် (၈) ဆင့် (The 8 Levels of EQF)
EQF သည် လူတစ်ဦး၏ အရည်အချင်းကို အခြေခံပညာအဆင့်မှ အဆင့်မြင့်သုတေသနအဆင့်အထိ အဆင့် (၈) ဆင့် ခွဲခြားထားပါသည်။ အဆင့်တစ်ခုချင်းစီသည် သင်ယူသူ တတ်မြောက်ထားသည့် ဗဟုသုတနှင့် ကျွမ်းကျင်မှုအနက်ပေါ် မူတည်၍ တိုးတက်သွားကာ၊ အောက်ခြေအဆင့်မှ အထက်သို့ တက်လှမ်းလေလေ လူတဦးသည် ပိုမိုရှုပ်ထွေးသော အလုပ်များကို တာဝန်ယူနိုင်လေလေ ဖြစ်၏။

☑ အဆင့် (၁) နှင့် (၂) (Levels 1 - 2)-
၎င်းမှာ အခြေခံအကျဆုံး "အုတ်မြစ်"Foundational level အဆင့်များ ဖြစ်သည်။ အခြေခံဗဟုသုတနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို အခြားသူ၏ တိုက်ရိုက်လမ်းညွှန်မှုအောက်တွင်သာ လုပ်ဆောင်နိုင်သည့် အဆင့်ဖြစ်သည်။ ဥပမာအားဖြင့် - အခြေခံပညာမူလတန်း အောင်မြင်မှု သို့မဟုတ် လုပ်ငန်းခွင်အတွင်း လွန်စွာရိုးရှင်းသော လက်လုပ်လက်စား အလုပ်များအတွက် ရရှိသည့် အခြေခံကျွမ်းကျင်မှုလက်မှတ်များ ပါဝင်ပါသည်။

☑ အဆင့် (၃) နှင့် (၄) (Levels 3 - 4)-
အလုပ်တစ်ခု သို့မဟုတ် ပညာရပ်တစ်ခု၏ သီအိုရီနှင့် လက်တွေ့ပိုင်းဆိုင်ရာ ဗဟုသုတများကို ပိုမိုနားလည်လာသည့် "ကျွမ်းကျင်လုပ်သား" အဆင့် ဖြစ်သည်။ ပြဿနာအချို့ကို မိမိဘာသာ ဖြေရှင်းနိုင်စွမ်းရှိလာပြီး လုပ်ငန်းခွင်တွင် အတိုင်းအတာတခုအထိ (အကန့်အသတ်ရှိသော) တာဝန်ယူမှုမျိုး ရှိလာ၏။ ဥပမာအားဖြင့် - အထက်တန်းပညာ သို့မဟုတ် သက်မွေးပညာ အဆင့်မြင့်ကျွမ်းကျင်လတ်မှတ်များရရှိထားသည့် ကျွမ်းကျင်သူများ၊ဒီပလိုမာများ ရရှိထားသည့် နည်းပညာရှင်များ (Technicians) သည် ဤအဆင့်တွင် ပါဝင်ပါသည်။

☑ အဆင့် (၅) (Level 5)-
၎င်းသည် အခြေခံအဆင့်နှင့် ဘွဲ့ဒီဂရီအဆင့်ကြား "ပေါင်းကူးတံတား" (Bridge) အဆင့် ဖြစ်သည်။ ရှုပ်ထွေးသော ပြဿနာများကို စီမံခန့်ခွဲနိုင်စွမ်း ရှိလာပြီး အခြားသူများကို အနည်းငယ် ကြီးကြပ်နိုင်သည့် စွမ်းရည်ရှိရပါမည်။ ဥပမာအားဖြင့် - အဆင့်မြင့်ဒီပလိုမာ (Advanced Diploma) သို့မဟုတ် ဖောင်ဒေးရှင်းဒီဂရီများ (Foundation Degrees) ပါဝင်ပါသည်။

☑ အဆင့် (၆) (Level 6)-
ဤအဆင့်သည် တက္ကသိုလ်ပထမဘွဲ့အဆင့်နှင့် ယေဘူယျအားဖြင့် ညီမျှပါသည်။ ပညာရပ်တစ်ခုကို နက်နဲစွာ နားလည်ရုံရုံသာမက၊ ဆန်းသစ်သော နည်းလမ်းများဖြင့် လုပ်ငန်းကို ဦးဆောင်နိုင်ပြီး အခြေအနေအမျိုးမျိုးတွင် ဆုံးဖြတ်ချက်ချနိုင်သည့်အဆင့် ဖြစ်သည်။ ဥပမာအားဖြင့် - ဘွဲ့ (Bachelor's Degree) သို့မဟုတ် ထိုအဆင့်နှင့်ညီသော အသက်မွေးဝမ်းကျောင်း/အလုပ်အကိုင်ဆိုင်ရာ အရည်အချင်းများ ဖြစ်ပါသည်။

☑ အဆင့် (၇) (Level 7)-
အထူးပြုပညာရပ်တစ်ခုတွင် "ကျွမ်းကျင်သူ" (Expert) အဖြစ် သတ်မှတ်နိုင်သည့်အဆင့် ဖြစ်သည်။ သုတေသနပြုနိုင်စွမ်း၊ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းနှင့် မတူညီသော နယ်ပယ်များကို ပေါင်းစပ်စီမံနိုင်စွမ်း ရှိရပါမည်။ ဥပမာအားဖြင့် - မဟာဘွဲ့ (Master's Degree) သို့မဟုတ် အဆင့်မြင့် သက်မွေးပညာ/အလုပ်အကိုင်ဆိုင်ရာ အရည်အချင်းများ ဖြစ်ပါသည်။

☑ အဆင့် (၈) (Level 8)-
အမြင့်ဆုံးအဆင့်ဖြစ်ပြီး ပညာရပ်တစ်ခု၏ "ရှေ့တန်း" (Frontier) တွင် ရှိနေသူများ ဖြစ်သည်။ အသိပညာအသစ်များကို ဖန်တီးနိုင်စွမ်း ရှိရမည့်အပြင် အဖွဲ့အစည်းတစ်ခုလုံး၏ ဦးတည်ချက်ကို ပြောင်းလဲနိုင်သော မူဝါဒရှင်များ ဖြစ်ရပါမည်။ ဥပမာအားဖြင့် - ပါရဂူဘွဲ့ (PhD) သို့မဟုတ် အမြင့်ဆုံးအဆင့် အရည်အချင်းများ သို့မဟုက် လုပ်ငန်းနယ်ပယ်တခု/သက်မွေးနယ်ပယ်တခုတွင် ထူးချွန်ဂုဏ်ထူးဆောင်အဆင့် ဖြစ်၏။

🔶၂။ သင်ယူမှုရလဒ်၏ မဏ္ဍိုင် (၃) ရပ် (The Three Pillars of Learning Outcomes)
EQF က အရည်အချင်းတစ်ခုကို သတ်မှတ်ရာတွင် "ကျောင်းတက်သည့်နှစ်" သို့မဟုတ် "သင်ကြားသည့်နာရီ" ကို မကြည့်ဘဲ အောက်ပါအချက် (၃) ချက်အပေါ်တွင်သာ အခြေခံပါသည်။ ဤမဏ္ဍိုင်ကြီး (၃) ရပ်သည် လူတစ်ဦး၏ အရည်အချင်းကို ဘက်စုံမှ တိုင်းတာပေးနိုင်ပါသည်။

☑ (က) ဗဟုသုတ (Knowledge)
၎င်းမှာ သင်ယူသူသည် မည်သည့်အချက်အလက်များ၊ အခြေခံသဘောတရားများနှင့် သီအိုရီများကို နားလည်သဘောပေါက်ထားသနည်းဟူသည့်အချက် ဖြစ်သည်။ EQF တွင် ဗဟုသုတကို သီအိုရီဗဟုသုတ (အယူအဆပိုင်းဆိုင်ရာ သိရှိမှု) နှင့် လက်တွေ့ဗဟုသုတ (အချက်အလက်နှင့် နည်းစနစ်ပိုင်းဆိုင်ရာ သိရှိမှု) ဟူ၍ ခွဲခြားထားပါသည်။ အဆင့်မြင့်လာသည်နှင့်အမျှ သင်ယူသူသည် မိမိနယ်ပယ်ရှိ သီအိုရီများအကြား ချိတ်ဆက်မှုကို ပိုမိုနက်ရှိုင်းစွာ မြင်လာရပါမည်။

☑ (ခ) ကျွမ်းကျင်မှု (Skills)
ဗဟုသုတရှိရုံဖြင့် မလုံလောက်ဘဲ ထိုဗဟုသုတကို လက်တွေ့အသုံးချနိုင်စွမ်း ရှိမရှိကို ကြည့်ခြင်းဖြစ်သည်။ ၎င်းကို နှစ်မျိုးခွဲခြားထားသည် -

သိမြင်နားလည်မှုဆိုင်ရာ ကျွမ်းကျင်မှု (Cognitive Skills) ➡
ယုတ္တိဗေဒကျကျ တွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် ရှုပ်ထွေးသော အခြေအနေများကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်မှု (Analytical Thinking Skill) တို့ ပါဝင်ပါသည်။

လက်တွေ့ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (Practical/Psychomotor Skills) ➡ ပစ္စည်းကိရိယာများ၊ တီထွင်မှုများ၊ နည်းလမ်းများနှင့် ကုန်ကြမ်းများကို အသုံးပြု၍ လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်း (Dexterity and Methodology) တို့ ပါဝင်ပါသည်။

☑ (ဂ) တာဝန်ယူနိုင်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု (Responsibility and Autonomy)
ဤအချက်မှာ EQF ၏ အနှစ်သာရဖြစ်ပြီး သင်ယူသူသည် လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရာတွင် မည်မျှအထိ လွတ်လပ်စွာ အမှီအခိုကင်းစွာ ဆုံးဖြတ်ချက်ချနိုင်ပြီး မည်မျှအထိ တာဝန်ယူနိုင်သနည်းဟူသည့်အချက် ဖြစ်သည်။

နိမ့်သောအဆင့် lower EQF level များတွင် အခြားသူ၏ ကြီးကြပ်မှုအောက်တွင်သာ လုပ်ကိုင်ရပြီး တာဝန်ယူမှုမှာ မိမိအလုပ်အတွက်သာ ဖြစ်သည်။

မြင့်သောအဆင့် higher EQF level များတွင် မိမိကိုယ်တိုင်သာမက အဖွဲ့အစည်းတစ်ခုလုံး၊ အခြားသူများ၏ တိုးတက်မှုနှင့် မဟာဗျူဟာမြောက် ပြောင်းလဲမှုများအတွက်ပါ တာဝန်ယူရပြီး လုံးဝကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် (Independence) လုပ်ဆောင်နိုင်ရပါမည်။

🔶 ၃။ ကိုးကားချက်မူဘောင်နှင့် ချိတ်ဆက်ပုံ (Referencing Process)
EQF သည် နိုင်ငံတစ်ခုချင်းစီ၏ ပညာရေးစနစ်ကို လာရောက်အစားထိုးခြင်း မဟုတ်ပါ။ နိုင်ငံတိုင်းတွင် မိမိတို့၏ အမျိုးသားအဆင့်အရည်အချင်းမူဘောင် (National Qualifications Framework - NQF) များ ရှိကြသည်။ ဥပမာ - ဂျာမနီ သို့မဟုတ် အက်စတိုးနီးယား နိုင်ငံတို့တွင် ၎င်းတို့၏ ကိုယ်ပိုင်အရည်အချင်းအဆင့်သတ်မှတ်ချက်များ ရှိသည်။

"Referencing" ဆိုသည်မှာ ထိုနိုင်ငံအဆင့်များကို EQF ၏ အဆင့် (၈) ဆင့်နှင့် မည်သည့်အဆင့်တွင် တူညီသနည်းဆိုသည်ကို ချိန်ညှိသည့် လုပ်ငန်းစဉ် ဖြစ်သည်။ ဥပမာအားဖြင့် ဂျာမန် NQF Level 4 သည် EQF Level 4 နှင့် ညီမျှကြောင်း ဥရောပတစ်ခွင်က လက်ခံလိုက်ခြင်းဖြင့် နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိစေပြီး ပညာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ အသိအမှတ်ပြုနိုင်မှုများကို ဖြစ်ပေါ်စေပါသည်။

EQF ၏ အဆင့် (၈) ဆင့်နှင့် သင်ယူမှုရလဒ်များကို နားလည်ခြင်းဖြင့် လူအများ သည် မိမိရရှိထားသော ပညာအရည်အချင်း သို့မဟုတ် ကျွမ်းကျင်မှုသည် နိုင်ငံတကာစံနှုန်းအရ မည်သည့်နေရာတွင် ရှိသနည်းဆိုသည်ကို တိကျစွာ သိရှိနိုင်မည် ဖြစ်ပါသည်။ ၎င်းသည် မိမိ၏ အရည်အချင်းကို နိုင်ငံတကာဈေးကွက်သို့ တင်ပြရာတွင် ပိုမိုခိုင်မာစေသလို၊ မိမိ၏ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းကို စနစ်တကျ ရေးဆွဲရာတွင်လည်း များစွာ အထောက်အကူပြုပါသည်။


18/05/2026

📢 𝐕𝐒𝐁 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐕𝐄𝐓 𝐉𝐨𝐮𝐫𝐧𝐚𝐥 | အတွဲ (၂)၊ အမှတ် (၂) မကြာမီ ထွက်ရှိတော့မည်! 📢


TVET ကဏ္ဍ၊ ပညာရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်မှ အခြေခံသီအိုရီများ၊ ခေတ်ပြိုင်သင်ကြားရေးနည်းစနစ်များ၊ အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှုစံနှုန်းများ၊ နိုင်ငံတကာ TVET အတွေ့အကြုံနှင့် မူဝါဒရေးရာ ဆန်းစစ်ချက်များ၊ သုတေသနစာတမ်းများကို တစ်နေရာတည်းမှာ အစုံအလင် ဖတ်ရှုနိုင်မယ့် TVET Journal Vol-2/No-2 ကို မကြာမီ ထွက်ရှိလာတော့မည် ဖြစ်ပါတယ်။

ပညာရေး၊ လေ့ကျင့်ရေး၊ လုပ်ငန်းခွင် ကျွမ်းကျင်မှု မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းနယ်ပယ်မှ ဆရာ၊ ဆရာမများ၊ လေ့ကျင့်ရေးအရာရှိများနှင့် TVET စိတ်ဝင်စားသူများ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ အောက်ပါ စိတ်ဝင်စားဖွယ် ခေါင်းစဉ် (၁၅) ခုကျော်ကို စုံလင်စွာ ထည့်သွင်းဖော်ပြပေးထားပါတယ် 👇

🔰 အရည်အသွေးနှင့် စီမံခန့်ခွဲမှုစံနှုန်းများ
• ISO စံသတ်မှတ်ချက်များနှင့် ပညာရေးလေ့ကျင့်ရေး - အပိုင်း(၂)
• စိမ်းလန်းသော စာသင်ကျောင်းစီမံခန့်ခွဲမှု (Green School Management)
• အပြည်ပြည်ဆိုင်ရာ ပညာရေးစံနှုန်းခွဲခြားသတ်မှတ်ခြင်းနှင့် အလုပ်အကိုင်စံနှုန်းခွဲခြားသတ်မှတ်ခြင်း

🧠 သင်ကြားရေး စိတ်ပညာနှင့် လေ့ကျင့်ရေး နည်းဗျူဟာများ
• သင်ကြားရေးစိတ်ပညာ မိတ်ဆက် - အပိုင်း(၂)
• Bloom's Taxonomy - အပိုင်း(၂)
• သင်ခန်းစာစီမံချက် (Lesson Plan) ရဲ့ အရေးပါပုံ - အပိုင်း(၂)
• သင်ကြားရေးနည်းလမ်းများမိတ်ဆက် - ဆွေးနွေးခြင်းနည်းလမ်း (Discussion Method)

🛠️ သင်ရိုးညွှန်းတမ်းနှင့် မော်ဒယ်များ
• ပညာရေးသီအိုရီနှင့် သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးတက်ရေးနယ်ပယ်မှ ရှေ့ဆောင်ပညာရှင်များ - အပိုင်း(၂)
• သင်ရိုးညွှန်းတမ်း ရေးဆွဲရေးမော်ဒယ် (Scientific and Non-scientific Model)

💼 လုပ်ငန်းခွင်လေ့ကျင့်ရေးနှင့် နိုင်ငံတကာအတွေ့အကြုံများ
• ကုမ္ပဏီတွင်းလေ့ကျင့်ရေး အမေး/အဖြေ
• ဂျာမဏီရဲ့ Dual TVET System

💡 Insights
• Learning Analytics ဆိုတာဘာလဲ?
• Digital Teaching Tools
• TVET Discussion Series အထူးအစီအစဉ်
• TVET Glossary

🎯 Interactive & Fun
• ⚡ လူတိုင်းအတွက် Energizer (တက်ကြွလှုပ်ရှားမှု ဂိမ်းများနှင့် နည်းလမ်းများ) - အပိုင်း(၁)
.
🔬 အဆင့်မြင့် သုတေသနစာတမ်းများ (Research Articles in English)

ယခုအမှတ်စဉ်တွင် အာဆီယံဒေသတွင်းနဲ့ ပြည်တွင်း TVET and Skills Development ဆိုင်ရာ သုတေသနစာတမ်းများကိုလည်း ပူးတွဲဖော်ပြပေးထားပါတယ်။

1️⃣ "ASEAN Regional Initiatives in In-Company Training and Work-Based Learning (2010-2025)"

2️⃣ "The Metamorphosis of Myanmar's TVET and Skills Development System: A Decadal Analysis of Legislative Reform and Institutional Evolution (2010-2020)"

3️⃣ "Beyond Technical Expertise: Why Soft Skills will Define Tomorrow's Workplace"

📖 Journal ထွက်ရှိမယ့်ရက်၊ မှာယူနိုင်မယ့် အသေးစိတ်အချက်အလက်တွေကို Page မှာ ဆက်လက်ကြေညာပေးသွားမှာမို့ See First လုပ်ပြီး စောင့်မျှော်ပေးကြပါဦးခင်ဗျာ။

လေးစားချစ်ခင်လျက်
VSB Myanmar Team ❤️

14/05/2026

ဥရောပအရည်အချင်းမူဘောင် (EQF) အကြောင်း သိကောင်းစရာ - အပိုင်း (၁)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🔳 EQF ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ။

ယနေ့ခေတ်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ လွှမ်းပတ်ဆက်သွယ်မှုများ အားကောင်းလာပြီး "ကမ္ဘာ့ရွာကြီး" (Global Village) ဖြစ်လာသည့် ခေတ်တွင် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများသည် မိမိနိုင်ငံအတွင်း၌သာ ကန့်သတ်ထား၍မရတော့ဘဲ နယ်စပ်ဖြတ်ကျော်၍ ကူးလူးပျံ့နှံ့လျက်ရှိပါသည်။ သို့သော် ဤနယ်စပ်ဖြက်‌ေကျာ်အပိုင်းတွင် အဓိကကြုံတွေ့ရသည့် စိန်ခေါ်မှုမှာ နိုင်ငံတစ်ခုမှ ရရှိထားသော ဘွဲ့ဒီပလိုမာ၊သို့မဟုက် ကျွမ်းကျင်မှုလတ်မှတ်နှင့် အရည်အချင်းများကို အခြားနိုင်ငံတစ်ခုက မည်သို့ တိုင်းတာအသိအမှတ်ပြုမည်နည်း ဆိုသည့်အချက်ပင် ဖြစ်၏။

ဥပမာအားဖြင့် နိုင်ငံတစ်နိုင်ငံမှ ရရှိသော "ကျွမ်းကျင်မှုလက်မှတ်" (Vocational skill Certificate) သည် အခြားနိုင်ငံရှိ "ဒီပလိုမာ" (Diploma) သို့မဟုတ် အသိအမှတ်ပြုလတ်မှတ်နှင့် အဆင့်အတန်း တူညီပါသလားဟူ‌ေသာ မေးခွန်းသည် အဓိကကျလာခဲ့သည်။ ဤသို့သော ရှုပ်ထွေးမှုများကြောင့် အရည်အချင်းရှိသော်လည်း နေရာမှန်မရဘဲဖြစ်နေရသည့် "အရည်အချင်းဖြုန်းတီးမှု" (Brain Waste) ပြဿနာများကို ဖြေရှင်းနိုင်ရန်လိုအပ်လာခဲ့၏။ ဥရောပသမဂ္ဂ (EU) သည် ဤပြသနာများကို ဖြေရှင်းနိုင်ရန် "ဥရောပအရည်အချင်းသတ်မှတ်ချက်မူဘောင်" (European Qualification Framework - EQF)ကို စနစ်တကျ ရေးဆွဲ၍ လုပ်ငန်း ယန္တရားတခုအဖြစ်အကောင်အထည်ဖော်ခဲ့၏။

🔳 ၁။ EQF ၏ အဓိပ္ပာယ်နှင့် ပေါ်ပေါက်လာပုံ နောက်ခံသမိုင်း

🔶 EQF ဆိုတာ ဘာလဲ?

EQF ဆိုသည်မှာ ဥရောပနိုင်ငံများအကြား မတူညီသော ပညာရေးစနစ်များ၊ သင်ယူမှုရလဒ်များနှင့် အရည်အချင်းသတ်မှတ်ချက်များကို တစ်ခုနှင့်တစ်ခု လွယ်ကူစွာ နှိုင်းယှဉ်ကြည့်ရှုနိုင်ရန် ရေးဆွဲထားသည့် "ဘုံကိုးကားချက်မူဘောင်" (Common Reference Framework) တစ်ခု ဖြစ်၏။ ၎င်းကို ၂၀၀၈ ခုနှစ်တွင် ဥရောပပါလီမန်နှင့် ကောင်စီတို့က တရားဝင် စတင်အတည်ပြုခဲ့ခြင်းဖြစ်ပါသည်၊ ဥရောပတိုက်အတွင်းရှိ နိုင်ငံပေါင်း ၄၀ နီးပါးအကြား အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ရန် ရည်ရွယ်သည့် မူဘောင်- framework တစ်ခု ဖြစ်ပါသည်။

🔶 ပေါ်ပေါက်လာပုံ နောက်ခံသမိုင်းနှင့် လိုအပ်ချက်

ဥရောပတိုက်တွင် နိုင်ငံပေါင်းများစွာရှိ၏။ နိုင်ငံတိုင်း၌ ရာစုနှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်နေသည့် ကိုယ်ပိုင်ပညာရေးနှင့် သင်တန်းပေးမှုစနစ်များ ရှိကြသည်။ ဥပမာအားဖြင့် - ဂျာမနီနိုင်ငံ၏ "Dual Education and Training" ဟုခေါ်သော လက်တွေ့အလုပ်ခွင်နှင့် စာတွေ့ကို တွဲဖက်သင်ကြားသည့် ဒွန်တွဲသက်မွေးပညာစနစ်နှင့် အီတလီ သို့မဟုတ် ဗြိတိန်နိုင်ငံတို့၏ ပညာရေးစနစ်တို့မှာ သိသာစွာ ကွဲပြားခြားနားမှုများရှိပါသည်။

ထိုသို့ ကွဲပြားနေခြင်းကြောင့် ၂၀၀၀ ပြည့်နှစ်များအစောပိုင်းတွင် ဥရောပသားတစ်ဦးသည် မိမိနိုင်ငံမဟုတ်သော အခြားဥရောပနိုင်ငံတစ်ခုသို့ သွားရောက်အလုပ်လုပ်ကိုင်သည့်အခါ ၎င်း၏အရည်အချင်းကို အလုပ်ရှင်က မည်သို့ အဆင့်သတ်မှတ်ရမှန်းမသိဖြစ်ခဲ့ရသည်။ အကျိုးဆက်အနေဖြင့် အတွေ့အကြုံရှိ ကျွမ်းကျင်လုပ်သားများသည် ၎င်းတို့၏ အရည်အချင်းနှင့် မကိုက်ညီသော အောက်ခြေအဆင့် အလုပ်များကိုသာ လုပ်ကိုင်ရခြင်း သို့မဟုတ် ပညာဆက်လက်သင်ယူရာတွင် အချိန်ကုန်ခံ၍ အခြေခံမှ ပြန်တက်ရခြင်းများ ကြုံတွေ့ခဲ့ရသည်။ ဤပြဿနာကိုစနစ်တကျ မဟာဗျူဟာမြောက် ထိရောက်စွာ ဖြေရှင်းရန်နှင့် ဥရောပတစ်ခွင်တွင် ပညာရေးနှင့် အလုပ်အကိုင် ရွှေ့ပြောင်းသွားလာမှုကို ပိုမိုချောမွေ့စေရန် ရည်ရွယ်၍ EQF ကို ပုံဖော်ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။

🔳 ၂။ ဘွဲ့ဒီပလိုမာနှင်ကျွမ်းကျင်မှု လတ်မှတ်များကို အပြန်အလှန်အသိအမှတ်ပြုပေးသည့် "Translation Tool"

EQF ကို ပညာရေးလောက၏ "Translation Tool" ဟု တင်စားခေါ်ဆိုခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နိုင်ငံအသီးသီး၏ မတူညီသော အရည်အချင်းသတ်မှတ်ချက်များကို အားလုံးသဘောတူကိုးကားချက်စံနှုန်းတစ်ခုထဲသို့ ပြောင်းလဲပေးနိုင်သောကြောင့် ဖြစ်သည်။ ၎င်းသည် ငွေကြေးလဲလှယ်နှုန်း (Exchange Rate) ကဲ့သို့ပင် မတူညီသော "ပညာရေးတန်ဖိုး" များကို တန်ဖိုးတစ်ခုတည်းအောက်တွင် တိုင်းတာနိုင်စေခဲ့သည်။

EQF တွင် အရည်အချင်းများကို အဆင့် (၁) မှ အဆင့် (၈) အထိ သတ်မှတ်ထား၏။ ဤအဆင့်များသည် အခြေခံပညာမှစ၍ အဆင့်မြင့် ပါရဂူဘွဲ့များအထိ အကျုံးဝင်သလို၊ လုပ်ငန်းခွင်အတွင်း ရရှိသော အတွေ့အကြုံများကိုလည်း အဆင့်သတ်မှတ်ပေးနိုင်စွမ်းရှိ၏။

သာဓက - ပြင်သစ်နိုင်ငံ၏ လတ်မှတ်တစ်ခုသည် EQF Level 6 ဖြစ်ပြီး၊ အိုင်ယာလန်နိုင်ငံ၏ ဘွဲ့တစ်ခုသည်လည်း EQF Level 6 ဖြစ်သည်ဟု သတ်မှတ်လိုက်ပါက ၎င်းနိုင်ငံနှစ်ခုမှ ဘွဲ့ရသူများသည် လတ်မှတ်အမည်ချင်း မတူသော်လည်း (ဥပမာ- License vs Bachelor) တူညီသော အရည်အချင်းအဆင့်အတန်း ရှိသည်ဟု အလုပ်ရှင်က အလွယ်တကူ နားလည်နိုင်မည် ဖြစ်ပါသည်။

ဤသို့ဖြင့် EQF သည် နိုင်ငံတကာမှ လက်မှတ်များကို တစ်ခုနှင့်တစ်ခု တိုက်ဆိုင်စစ်ဆေးရာတွင် ကြုံတွေ့ရသည့် ရှုပ်ထွေးမှုများကို ဖယ်ရှားပေးရုံသာမက၊ အမျိုးသားအဆင့်အရည်အချင်းသတ်မှတ်ချက်မူဘောင် (National Qualification Frameworks - NQFs) များအကြား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၎င်းသည် ပညာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု (Transparency) နှင့် နိုင်ငံတကာအဆင့် အပြန်အလှန် ယုံကြည်မှုကို ခိုင်မာလာစေခဲ့သည်။

🔳 ၃။ ပညာရေးနှင့် အလုပ်အကိုင် ရွှေ့ပြောင်းသွားလာမှုကို အားပေးခြင်း

EQF ၏ အဓိက အကျိုးကျေးဇူးမှာ ရွှေ့ပြောင်းသွားလာနိုင်မှု (Mobility)ကို လမ်းဖွင့်ပေးခြင်း ပင် ဖြစ်ပါသည်။ ၎င်းသည် နိုင်ငံရေးနှင့် စီးပွားရေးအရ ပေါင်းစည်းထားသော ဥရောပနိုင်ငံများအတွင်းရှိ နယ်စပ်များကြားရှိ အသိပညာဆိုင်ရာ အဟန့်အတားများကို ဖြိုဖျက်ပေးနိုင်ခဲ့၏။

ကျောင်းသားများအတွက် ➡ ကျောင်းသားတစ်ဦးသည် နိုင်ငံတစ်ခုတွင် အခြေခံပညာ ပြီးဆုံးခဲ့ပါက မိမိ၏လက်မှတ်သည် EQF Level မည်မျှရှိသည်ကို ကြည့်ခြင်းဖြင့် အခြားနိုင်ငံတစ်ခုရှိ မည်သည့်အဆင့်မြင့်ပညာသင်တန်းကို တက်ရောက်နိုင်မည်နည်းဆိုသည်ကို တိကျစွာ သိရှိနိုင်၏။ ၎င်းသည် ကျောင်းပြောင်းခြင်းနှင့် ခရက်ဒစ် (Credit transfer) အသိအမှတ်ပြုခြင်းတို့ကို များစွာ ပံ့ပိုးပေးနိုင်၏။ ပညာရေးလမ်းကြောင်းကို ပိုမိုဖြောင့်ဖြူးစေပြီး အချိန်နှင့် ငွေကြေးကုန်ကျမှုကို လျှော့ချပေးနိုင်ခဲ့သည်။ ဥပမာ- ကျောင်းသားလဲလှယ်ရေး students exchange အစီအစဉ်များတွင် EQF သည် အခြေခံအကျဆုံး အသိအမှတ်ပြုမှုစံနှုန်း ဖြစ်လာပါသည်။

အလုပ်ရှာဖွေသူများနှင့် ဝန်ထမ်းများအတွက် ➡ EQF ကြောင့် အလုပ်သမားတစ်ဦးသည် မိမိနိုင်ငံမှ ရရှိထားသော ကျွမ်းကျင်မှုလက်မှတ်ကို ဥရောပတစ်ခွင်ရှိ အလုပ်ရှင်များ နားလည်အောင် အကြာကြီး ရှင်းပြရန် မလိုအပ်တော့ပါ။ မိမိ၏ Europass CV တွင် EQF Level ကို ထည့်သွင်းဖော်ပြရုံဖြင့် မိမိ၏ အရည်အချင်းကို နိုင်ငံတကာစံနှုန်းဖြင့် သက်သေပြနိုင်ပါသည်။ နိုင်ငံခြားတွင် အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းကို ပိုမိုမြင့်မားစေရုံသာမက၊ မျှတသော လစာနှုန်းထားရရှိရန်အတွက်လည်း အထောက်အကူပြုနိုင်ခဲ့သည်။

အလုပ်ရှင်များအတွက် ➡ အလုပ်ရှင်များသည် နိုင်ငံခြားသား ဝန်ထမ်းတစ်ဦးကို ခန့်အပ်တော့မည်ဆိုပါက ထိုသူရရှိထားသော ဘွဲ့သည် မိမိနိုင်ငံရှိ ဘွဲ့အဆင့်အတန်းနှင့် နှိုင်းယှဉ်လျှင် မည်သည့်အဆင့်တွင် ရှိသနည်းဆိုသည်ကို ချက်ချင်း ဆုံးဖြတ်နိုင်ပါသည်။ ၎င်းသည် အလုပ်ခန့်ထားမှု လုပ်ငန်းစဉ် (Recruitment) တွင် ဖြစ်ပေါ်လာနိုင်သော စွန့်စားရမှုများကို လျှော့ချပေးကာ၊ အရည်အချင်းရှိသူများကို နေရာမှန်ရွေးချယ်နိုင်စေခဲ့သည်။

🔳 ၄။ "ဘာတွေတတ်မြောက်သလဲ" (Learning Outcomes) ကို အဓိကထားခြင်း

EQF ၏ ဆန်းသစ်တော်လှန်သော ပြောင်းလဲမှုတစ်ခုမှာ "သင်ယူမှုရလဒ်များ" (Learning Outcomes) ကို အခြေခံထားခြင်း ဖြစ်ပါသည်။ ရှေးယခင်က အရည်အချင်းအဆင့်တစ်ခုကို သတ်မှတ်ရာတွင် "ကျောင်းတက်သည့် နှစ်အရေအတွက်" သို့မဟုတ် "သင်ကြားသည့် နာရီပေါင်း" စသည့် ထည့်သွင်းချက်များ (Inputs) ကိုသာ ကြည့်လေ့ရှိပါသည်။ သို့သော် ကျောင်းကြာကြာတက်တိုင်း အမှန်တကယ် ကျွမ်းကျင်သည်ဟု မဆိုနိုင်ခြင်းကြောင့် EQF က ချဉ်းကပ်ပုံကို ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။

EQF သည် သင်ယူမှုပြီးဆုံးချိန်တွင် သင်တန်းသားသည် "အမှန်တကယ် ဘာတွေသိသလဲ၊ ဘာတွေလုပ်နိုင်သလဲ" ဆိုသည်ကိုသာ အဓိကထား တိုင်းတာပါသည်။ ဤ "သင်ယူမှုရလဒ်" ချဉ်းကပ်မှုကို အောက်ပါ မဏ္ဍိုင် (၃) ရပ်ဖြင့် တည်ဆောက်ထားပါသည် -

☑ (၁) Knowledge (ဗဟုသုတ)
သင်ယူသူသည် မည်သည့် သီအိုရီများ၊ အချက်အလက်များနှင့် နည်းစနစ်ပိုင်းဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်ထားသနည်း။ ၎င်းသည် "သိမြင်နားလည်မှု" (Cognitive) ပိုင်းကို အလေးထားပါသည်။

☑ (၂) Skills (ကျွမ်းကျင်မှု)
သင်ယူသူသည် မိမိသိထားသော ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်တွင် မည်မျှ ကျင့်သုံးနိုင်ခြင်းရှိမရှိကိုဖော်ပြပါသည်။ ၎င်းတွင် ပြဿနာဖြေရှင်းနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် လက်တွေ့ကျွမ်းကျင်မှုများ ပါဝင်ပါသည်။

☑ (၃) Responsibility and Autonomy (တာဝန်ယူနိုင်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု)
ဤအချက်မှာ အရေးကြီးဆုံးဖြစ်၏။ သင်ယူသူသည် အလုပ်တစ်ခုကို လုပ်ဆောင်ရာတွင် မည်မျှအထိ တာဝန်ယူနိုင်သနည်း၊ အခြားသူ၏ လမ်းညွှန်မှုမပါဘဲ မိမိဘာသာ မည်မျှအထိ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်း ရှိသနည်းဆိုသည်ကို တိုင်းတာခြင်း ဖြစ်ပါသည်။ (အဆင့်မြင့်လာသည်နှင့်အမျှ တာဝန်ယူမှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုနှုန်းမှာ ပိုမိုမြင့်မားလာပါသည်။)

ဤချဉ်းကပ်မှု၏ နောက်ဆက်တွဲအကျိုးကျေးဇူးမှာ လုပ်ငန်းခွင် သင်ယူမှု/ကျောင်းပြင်ပပညာရေး/ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လေ့လာဆည်းပူးခြင်းများ (Non-formal & Informal Learning) ကို အသိအမှတ်ပြုလာနိုင်ခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျောင်းထဲတွင်သာ သင်ယူခြင်းမဟုတ်ဘဲ လုပ်ငန်းခွင်ထဲတွင် လက်တွေ့လုပ်ကိုင်ရင်း တတ်မြောက်လာသော ကျွမ်းကျင်မှုများကိုလည်း recognition of prior learning အဖြစ် EQF မူဘောင်အဆင့်များအတွင်းသို့ ထည့်သွင်းအကဲဖြတ်ရန် လမ်းစဖွင့်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ၎င်းသည် "တစ်သက်တာသင်ယူမှု" (Lifelong Learning) ယဉ်ကျေးမှုကို အမှန်တကယ် အားပေးသည့် စနစ်တခုဖြစ်လာခဲ့သည်။

ခြုံငုံပြောရလျှင် EQF ဆိုသည်မှာ ဥရောပတိုက်အတွင်း ပညာရေးနှင့် အလုပ်အကိုင် နယ်နိမိတ်များကို ပေါင်းစည်းချိတ်ဆက်ပေးနိုင်စွမ်းရှိသည့် လုပ်ငန်းမူဘောင်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် မတူကွဲပြားသော အရည်အချင်းများကို ဘုံစံနှုန်းတစ်ခုအောက်တွင် စုစည်းပေးလိုက်ခြင်းဖြင့် ကျောင်းသားများ၊ အလုပ်သမားများနှင့် အလုပ်ရှင်များအတွက် ပိုမိုလွယ်ကူ၊ ပွင့်လင်းပြီး တရားမျှတသော အသိအမှက်ပြုပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားခဲ့သည်။ ဤစနစ်ကြောင့် ဥရောပတိုက်သားများသည် မိမိတို့၏ အရည်အချင်းများကို ဥရောပနှင့်နိုင်ငံတကာအဆင့်တွင် ဂုဏ်သိက္ခာရှိစွာ အသုံးချခွင့် ရရှိခဲ့ကြပါသည်။




#

11/05/2026

ပိုမိုကောင်းမွန်သော နောင်အနာဂတ် OJT သင်တန်း ဆီသို့ - နည်းပြဆရာတစ်ဦး၏ ကိုယ်တိုင်ဆန်းစစ်ချက် လမ်းညွှန်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ရေးသားသူ - မောင်လုပ်သား

လုပ်ငန်းခွင်အခြေပြု လေ့ကျင့်သင်ကြားရေး (On-the-Job Training - OJT) ဆိုသည်မှာ ဝန်ထမ်းသစ်တစ်ဦးအား စာတွေ့မှ လက်တွေ့နယ်ပယ်သို့ ကူးပြောင်းပေးသည့် အရေးပါသော ပေါင်းကူးတံတားတစ်ခု ဖြစ်ပါသည်။ ဝန်ထမ်းတစ်ဦး၏ စွမ်းဆောင်ရည်၊ အလုပ်အပေါ်ထားရှိသော စိတ်နေစိတ်ထားနှင့် ကုမ္ပဏီ၏ လုပ်ငန်းစဉ်များအပေါ် နားလည်မှုတို့သည် ၎င်းတို့၏ ပထမဆုံး "နည်းပြဆရာ" (OJT Trainer) အပေါ်တွင် များစွာမူတည်နေပါသည်။

နည်းပြဆရာတစ်ဦး၏ အရည်အသွေးသည် သင်တန်းသားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကိုသာမက၊ တစ်ဖွဲ့လုံး၏ ကုန်ထုတ်စွမ်းအားနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့အပေါ်တွင်ပါ တိုက်ရိုက်သက်ရောက်မှု ရှိနေပါသည်။ ထို့ကြောင့် နည်းပြဆရာတစ်ဦးသည် မိမိ၏ သင်ကြားမှုပုံစံ မည်မျှထိရောက်သည်၊ မည်သည့်နေရာတွင် အားနည်းချက်ရှိသည်ကို သိရှိနိုင်ရန် သင်တန်းအဆင့်တိုင်း၌ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်း (Self-Evaluation) ပြုလုပ်ရန် အလွန်အရေးကြီးပါသည်။ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်းသည် အမှားရှာရန်မဟုတ်ဘဲ ပိုမိုကောင်းမွန်သော သင်ကြားမှုစနစ်တစ်ခု တည်ဆောက်ရန်သာ ဖြစ်ပါသည်။

မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို အသုံးပြုနိုင်သည့် နည်းပြဆရာများအတွက် ကိုယ်တိုင်အကဲဖြတ်ခြင်း လမ်းညွှန်ချက်များ-

🔳 ၁။ အခြေခံအုတ်မြစ် - ကြိုတင်ပြင်ဆင်မှုနှင့် စီမံချက် (Preparation & Planning)
အောင်မြင်သော OJT တစ်ခုသည် "ဘာသင်ရမည်" ကို သိရုံဖြင့် မလုံလောက်ဘဲ "မည်သို့စနစ်တကျ သင်မည်" ဆိုသော ပြင်ဆင်မှုမှ စတင်ပါသည်။

သင်ရိုးနားလည်မှုနှင့် ကျွမ်းကျင်မှု: ➡️ မိမိသင်ကြားရမည့် သင်ရိုးညွှန်းတမ်းနှင့် ရည်မှန်းချက်များကို အပြည့်အဝ နားလည်သဘောပေါက်ပါသလား။ နည်းပြကိုယ်တိုင်က "ဘာကြောင့်" ဤအလုပ်ကို ဤနည်းလမ်းအတိုင်း လုပ်ရသည်ဆိုသည့် နောက်ကွယ်က ယုတ္တိဗေဒကို ရှင်းလင်းစွာ မသိပါက သင်တန်းသားကို စနစ်တကျ လက်ဆင့်ကမ်းနိုင်မည် မဟုတ်ပါ။ ကျွမ်းကျင်မှုဆိုသည်မှာ လုပ်တတ်ရုံသာမက ဘေးအန္တရာယ်ကင်းစွာနှင့် အလေအလွင့်အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပြသနိုင်ခြင်းကို ဆိုလိုပါသည်။

အရင်းအမြစ်နှင့် ပတ်ဝန်းကျင် ပြင်ဆင်မှု: ➡️ သင်တန်းသားများအတွက် လိုအပ်မည့် ပစ္စည်းကိရိယာ၊ ဘေးကင်းရေးအသုံးအဆောင် (Personal Protective Equipment-PPE) နှင့် နေရာထိုင်ခင်းများကို အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်နိုင်ခဲ့ပါသလား။ သင်တန်းချိန်ရောက်မှ ပစ္စည်းရှာနေရခြင်း သို့မဟုတ် စက်ချို့ယွင်းနေခြင်းသည် သင်ကြားမှုအရှိန်ကို ဟန့်တားစေရုံသာမက နည်းပြအပေါ် ထားရှိသော သင်တန်းသား၏ ယုံကြည်မှုကိုပါ လျော့ကျစေနိုင်ပါသည်။

သင်တန်းသား၏ အခြေခံကို ဆန်းစစ်ခြင်း: ➡️ သင်တန်းသားတစ်ဦးချင်းစီ၏ လက်ရှိအရည်အချင်း၊ ပညာအရည်အချင်းနှင့် ယခင်အတွေ့အကြုံ (Background) ကို ကြိုတင်လေ့လာထားခြင်း ရှိပါသလား။ လူတိုင်း၏ သင်ယူနိုင်စွမ်း မတူညီသည့်အတွက် ၎င်းတို့၏ အခြေခံအပေါ် မူတည်၍ သင်ကြားမှုကို ချိန်ညှိရန် လိုအပ်ပါသည်။ ဥပမာ - အတွေ့အကြုံရှိပြီးသူအား အခြေခံများကို အချိန်အများကြီးပေးနေပါက ပျင်းရိသွားနိုင်ပြီး၊ လုံးဝအသစ်ဖြစ်သူအား အရှိန်အဟုန်ဖြင့် သင်ကြားပါက စိတ်ဓာတ်ကျသွားနိုင်ပါသည်။

နေ့စဉ်သင်ခန်းစာစီမံချက် (𝑳𝒆𝒔𝒔𝒐𝒏 𝑷𝒍𝒂𝒏): ➡️ နေ့စဉ်သင်ခန်းစာ အစီအစဉ်ကို ရှင်းလင်းစွာ ရေးဆွဲထားနိုင်ပါသလား။ စနစ်တကျ ရေးဆွဲထားသော စီမံချက်သည် သင်တန်းကို လမ်းကြောင်းမလွဲစေရန် ထိန်းကျောင်းပေးနိုင်ပြီး သင်ကြားရမည့် အချက်အလက်များ ကျန်ရစ်ခြင်းမရှိအောင် ကူညီပေးပါသည်။

🔳 ၂။ အနုပညာဆန်သော သင်ကြားမှု - လက်တွေ့လမ်းညွှန်မှု (𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲)

သင်ကြားမှုအပိုင်းသည် ဗဟုသုတများကို လက်ဆင့်ကမ်းသည့် အနုပညာတစ်ခု ဖြစ်ပါသည်။ ၎င်းကို အောက်ပါအချက်များဖြင့် ပြန်လည်ဆန်းစစ်ပါ။

𝑻𝒐𝒐𝒍𝒃𝒐𝒙 𝑻𝒂𝒍𝒌 နှင့် ဘေးအန္တရာယ်ကင်းရေးအသိ: ➡️ နေ့စဉ်အလုပ်စတင်ချိန်တိုင်းတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထိုနေ့တွင် လုပ်ဆောင်ရမည့် အဓိကအချက်များကို ရှင်းလင်းသည့် "Toolbox Talk" ကို ပုံမှန်ပြုလုပ်ရန် လိုအပ်ပါသည်။ ၎င်းသည် လုပ်ငန်းခွင် မတော်တဆမှုများကို လျှော့ချပေးရုံသာမက "Safety First" ဟူသော ယဉ်ကျေးမှုကို ဝန်ထမ်းသစ်၏ စိတ်ထဲတွင် စွဲမြဲသွားစေပါသည်။

လက်တွေ့လမ်းညွှန်မှု နည်းလမ်းများ (𝑺𝒉𝒐𝒘-𝑻𝒆𝒍𝒍-𝑫𝒐-𝑪𝒉𝒆𝒄𝒌): ➡️ သင်တန်းသားများကို ဘေးမှရပ်ကြည့်ခိုင်းရုံသာမက လက်တွေ့ကိုယ်တိုင် လိုက်လံပြသပေးသည့် Hands-on Coaching ပေးနိုင်မှု ရှိပါသလား။ "ကြည့်ပါ (နည်းပြကလုပ်ပြသည်)၊ ရှင်းပြပါ (နည်းပြကပြောပြသည်)၊ ကိုယ်တိုင်လုပ်ခိုင်းပါ (သင်တန်းသားကလုပ်သည်)၊ စစ်ဆေးပါ (နည်းပြကပြန်လည်သုံးသပ်သည်)" ဆိုသည့် အဆင့်ဆင့်သော နည်းလမ်းကို ကျင့်သုံးရန် လိုအပ်ပါသည်။

အပြုသဘောဆောင်သော ဝေဖန်မှု (𝑪𝒐𝒏𝒔𝒕𝒓𝒖𝒄𝒕𝒊𝒗𝒆 𝑭𝒆𝒆𝒅𝒃𝒂𝒄𝒌): ➡️ သင်တန်းသား၏ အမှားများကို ဆူပူကြိမ်းမောင်းခြင်းမျိုး မဟုတ်ဘဲ ချက်ချင်းပြုပြင်ပေးနိုင်သည့် အပြုသဘောဆောင်သော ဝေဖန်အကြံပြုမှု ပေးနိုင်ပါသလား။ "Sandwich Method" (ချီးကျူးစကား - ပြင်ဆင်ရန်အချက် - အားပေးစကား) ကို အသုံးပြုခြင်းဖြင့် သင်တန်းသား၏ သင်ယူလိုစိတ်ကို မြှင့်တင်ပေးနိုင်ပါသည်။

သင်ယူမှုပုံစံ (𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 𝑺𝒕𝒚𝒍𝒆𝒔) ကို ချိန်ညှိခြင်း: ➡️ သင်တန်းသားတစ်ဦးချင်းစီ၏ နားလည်နိုင်စွမ်းနှင့် သင်ယူမှုပုံစံ (ဥပမာ - အမြင်ဖြင့် သင်ယူသူ Visual၊ နားထောင်ခြင်းဖြင့် သင်ယူသူ Auditory သို့မဟုတ် လက်တွေ့လုပ်မှ နားလည်သူ Kinesthetic) နှင့် လိုက်လျောညီထွေ ဖြစ်အောင် သင်ကြားပေးနိုင်မှုကိုလည်း ပြန်လည်ဆန်းစစ်သင့်ပါသည်။

🔳 ၃။ တိုးတက်မှုကို တိုင်းတာခြင်း - မှတ်တမ်းနှင့် အကဲဖြတ်ချက် (𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 & 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧)

သင်ကြားပေးရုံဖြင့် မလုံလောက်ဘဲ သင်တန်းသားသည် လုပ်ငန်းခွင်တွင် အမှန်တကယ် တစ်ကိုယ်တော် ရပ်တည်နိုင်ပြီလားဆိုသည်ကို တိုင်းတာရပါမည်။

စနစ်တကျ မှတ်တမ်းတင်ခြင်း: ➡️ နေ့စဉ်တိုးတက်မှုကို စစ်ဆေးရန် Checklist သို့မဟုတ် Scorecard များကို အသုံးပြုပါသလား။ အမှတ်တမဲ့ သတိထားမိသည့်အချက်များကိုသာ အခြေခံခြင်းထက် ခိုင်လုံသော မှတ်တမ်းများအပေါ် အခြေခံခြင်းက သင်တန်းသား၏ အားသာချက်နှင့် အားနည်းချက်များကို တိကျစွာ မြင်သာစေပါသည်။

ပုံမှန်ပြန်လည်သုံးသပ်ခြင်း: ➡️ အပတ်စဉ်အလိုက် သို့မဟုတ် အဆင့်တစ်ခုပြီးတိုင်း စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်ပေးခြင်း ရှိပါသလား။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်တန်းသားသည် မိမိ၏ တိုးတက်မှုကို သိရှိပြီး မည်သည့်နေရာတွင် ပိုမိုအားစိုက်ရမည်ကို သိရှိသွားမည်ဖြစ်ပါသည်။
ဘက်မလိုက်သော အကဲဖြတ်မှု: ➡️ မိမိ၏ အကဲဖြတ်ချက်များသည် မည်သည့်ပုဂ္ဂိုလ်ရေး ခံစားချက်၊ ရင်းနှီးမှု သို့မဟုတ် ဘက်လိုက်မှုမျှမရှိဘဲ သတ်မှတ်ထားသော စံနှုန်း (Standard SOPs) များအတိုင်း မျှတမှုရှိစေရန် အထူးဂရုပြုရမည် ဖြစ်ပါသည်။ မျှတသော အကဲဖြတ်မှုသည် သင်တန်းသား၏ လုပ်ငန်းခွင်အပေါ် ယုံကြည်မှုကို ခိုင်မာစေပါသည်။

🔳 ၄။ အချိန်နှင့် အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း (𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭)

နည်းပြဆရာတစ်ဦးသည် နည်းပြကောင်းတစ်ဦးသာမက စီမံခန့်ခွဲသူကောင်းတစ်ဦးလည်း ဖြစ်ရန် လိုအပ်ပါသည်။

အချိန်ဇယား ထိန်းသိမ်းမှုနှင့် အရှိန်အဟုန်: ➡️ သတ်မှတ်ထားသည့် OJT ကာလအတွင်း သင်ခန်းစာအားလုံး ပြီးမြောက်အောင် သင်ကြားနိုင်ပါသလား။ အချိန်မလောက်ခြင်းကြောင့် အရေးကြီးသော အစိတ်အပိုင်းများကို ကျော်သွားခြင်းမျိုး မဖြစ်အောင် ထိန်းသိမ်းရပါမည်။ တစ်ဖက်တွင်လည်း လုပ်ငန်းခွင်၏ ပုံမှန်အလုပ်တာဝန်များနှင့် သင်တန်းသား၏ သင်ယူချိန်ကို မျှတအောင် စီမံရပါမည်။

ပြောင်းလွယ်ပြင်လွယ်ရှိမှု (𝑭𝒍𝒆𝒙𝒊𝒃𝒊𝒍𝒊𝒕𝒚): ➡️ သင်တန်းသား၏ သင်ယူနိုင်စွမ်းနှေးကွေးခြင်း သို့မဟုတ် လုပ်ငန်းခွင် အခြေအနေအပြောင်းအလဲ (ဥပမာ - စက်ချို့ယွင်းမှု) ပေါ် မူတည်၍ အချိန်ဇယားကို လိုက်လျောညီထွေ ပြင်ဆင်နိုင်စွမ်း ရှိရပါမည်။

အရင်းအမြစ် စီမံခန့်ခွဲမှု: ▶ သင်တန်းအတွက် လိုအပ်သော ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် ကိရိယာများကို အလေအလွင့်မရှိစေရန် သင်ကြားပေးခြင်းသည် ကုမ္ပဏီ၏ ကုန်ကျစရိတ်ကို သက်သာစေပါသည်။ သင်တန်းသားအား ပစ္စည်းကိရိယာများကို တန်ဖိုးထားတတ်စေရန်နှင့် အချိန်မီ ပြင်ဆင်တတ်စေရန် လေ့ကျင့်ပေးနိုင်မှု ရှိပါသလား။

🔳 ၅။ ပေါင်းကူးတံတား - ဆက်သွယ်ရေးနှင့် အစီရင်ခံတင်ပြမှု (𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻)
နည်းပြဆရာသည် သင်တန်းသားနှင့် ကုမ္ပဏီစီမံခန့်ခွဲသူများအကြား အရေးပါသော ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။

စီမံခန့်ခွဲမှုသို့ သတင်းပို့ခြင်း: ➡️ သင်တန်း၏ တိုးတက်မှုအခြေအနေ၊ အောင်မြင်မှုနှင့် အခက်အခဲများကို စီမံခန့်ခွဲရေးအဖွဲ့ထံ ပုံမှန်သတင်းပို့နိုင်ပါသလား။ ဤသို့ သတင်းပို့ခြင်းဖြင့် သင်တန်းသားအတွက် လိုအပ်သော ထပ်ဆောင်းပံ့ပိုးမှုများကို ကုမ္ပဏီမှ အချိန်မီ ပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။

ပြဿနာဖြေရှင်းခြင်းနှင့် ပံ့ပိုးမှု: ➡️ သင်တန်းသားများ ကြုံတွေ့ရသည့် လုပ်ငန်းခွင်အခက်အခဲ သို့မဟုတ် ပုဂ္ဂိုလ်ရေးရာ အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်းပေးနိုင်မှု ရှိပါသလား။ နည်းပြတစ်ဦးသည် "Mentoring" (လမ်းပြလမ်းညွှန်မှု) ကိုပါ လုပ်ဆောင်နိုင်ပါက သင်တန်းသား၏ အလုပ်ထွက်နှုန်းကို လျှော့ချပေးနိုင်ပါသည်။

အစီရင်ခံစာတင်ပြမှုနှင့် 𝑭𝒆𝒆𝒅𝒃𝒂𝒄𝒌 𝑳𝒐𝒐𝒑: ➡️ သင်တန်းပြီးဆုံးချိန်တွင် သင်တန်းသား၏ စွမ်းဆောင်ရည်၊ အနာဂတ်တွင် ထပ်မံဖြည့်ဆည်းရန် လိုအပ်ချက်များနှင့် အလုံးစုံသော အကဲဖြတ်အစီရင်ခံစာ (Evaluation Report) ကို စနစ်တကျ တင်ပြခြင်း ရှိပါသလား။ ထို့ပြင် သင်တန်းသားထံမှလည်း မိမိ၏သင်ကြားမှုအပေါ် Feedback ပြန်လည်ရယူခြင်းဖြင့် မိမိကိုယ်ကိုယ် တိုးတက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

🔳 အနာဂတ်အတွက် သင်ခန်းစာများ - နည်းပြဆရာ၏အဆုံးသတ်
သင်တန်းတစ်ခုပြီးတိုင်း နည်းပြဆရာအနေဖြင့် အောက်ပါမေးခွန်း (၃) ခုကို မိမိကိုယ်ကိုယ် ရိုးသားစွာ မေးမြန်းစေချင်ပါသည်။

၁။ အောင်မြင်မှု (𝑺𝒖𝒄𝒄𝒆𝒔𝒔𝒆𝒔): ➡️ ယခုအသုတ်တွင် ဘာတွေက အကောင်းဆုံး ဖြစ်ခဲ့သနည်း။ သင်တန်းသားက မည်သည့်အချက်ကို အလွယ်တကူ နားလည်သွားသနည်း။ ထိုအောင်မြင်မှုကို နောင်တွင် မည်သို့ထိန်းသိမ်းမည်နည်း။

၂။ တိုးတက်မှု (𝑨𝒓𝒆𝒂𝒔 𝒇𝒐𝒓 𝑰𝒎𝒑𝒓𝒐𝒗𝒆𝒎𝒆𝒏𝒕): ➡️ နောက်တစ်သုတ်တွင် ပိုမိုကောင်းမွန်လာစေရန် ဘာတွေကို ပြောင်းလဲပြင်ဆင်သင့်သနည်း။ သင်ကြားမှုပုံစံ၊ အချိန်ဇယား သို့မဟုတ် အသုံးပြုသော ပစ္စည်းကိရိယာများတွင် အားနည်းချက် ရှိခဲ့ပါသလား။

၃။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးမှု (𝑺𝒆𝒍𝒇-𝑫𝒆𝒗𝒆𝒍𝒐𝒑𝒎𝒆𝒏𝒕): ➡️ မိမိ၏ နည်းပြစွမ်းရည်တွင် အားသာချက်က ဘာလဲ၊ ဘယ်နေရာမှာ ပိုပြီး လေ့လာသင်ယူဖို့ လိုမလဲ။ နည်းပြဆရာကိုယ်တိုင်ကလည်း "အမြဲတမ်းလေ့လာသူ" ဖြစ်နေရန် လိုအပ်ပါသည်။

ဤကဲ့သို့ မိမိကိုယ်ကိုယ် အမြဲတစေ ဆန်းစစ်နေခြင်းသည် သင်တန်းသားများအတွက်သာမက နည်းပြဆရာကိုယ်တိုင်၏ သက်မွေးဝမ်းကျောင်းဆိုင်ရာ တိုးတက်မှု (Career Growth) အတွက်လည်း များစွာအထောက်အကူ ဖြစ်စေပါသည်။ လုပ်ငန်းခွင်အတွင်း၌ အားကိုးရဆုံးသော၊ အကျိုးအရှိဆုံးသော "OJT နည်းပြဆရာ" တစ်ဦးအဖြစ် အမြဲတစေ ရပ်တည်နေနိုင်ရန် လိုအပ်ပါသည်။

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞:
၁။ ATD (Association for Talent Development) : https://www.td.org/
၂။ SHRM (Society for Human Resource Management) : https://www.shrm.org/
၃။ Indeed Career Guide (Workplace Training Resources) : https://www.indeed.com/career-advice/career-development/on-the-job-training

05/04/2026

သင်ရိုးတိုင်းအတွက် ပဲ့ကိုင်ရှင် "ADDIE မော်ဒယ်"
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

သင်တန်းတစ်ခု၊ သင်ရိုးညွှန်းတမ်းတစ်ခု သို့မဟုတ် လေ့ကျင့်ရေးအစီအစဉ်တစ်ခုကို စတင်ရေးဆွဲတော့မယ်ဆိုရင် ဘယ်ကနေစရမှန်းမသိဘဲ လမ်းပျောက်နေတတ်ပါတယ်။ အိမ်တစ်လုံးဆောက်တဲ့အခါ ခိုင်မာတဲ့ အုတ်မြစ်နဲ့ ပုံစံထုတ် (Blueprint) လိုအပ်သလိုပဲ၊ ထိရောက်တဲ့ သင်ကြားရေးတစ်ခုဖြစ်ဖို့အတွက်လည်း စနစ်ကျတဲ့ မူဘောင်တစ်ခု လိုအပ်ပါတယ်။ ဒီလိုနေရာမှာ ကမ္ဘာတစ်ဝန်းက သင်ကြားရေးဒီဇိုင်းပညာရှင် (Instructional Designers) တွေ၊ သင်ရိုးရေးဆွဲသူတွေ အားအထားရဆုံးနဲ့ အသုံးအများဆုံး ရွှေစံနှုန်း (Gold Standard) ကတော့ ADDIE မော်ဒယ် ပဲ ဖြစ်ပါတယ်။

🔳 ADDIE ကို ဖော်ထုတ်ခဲ့သည့် ပညာရှင်နှင့် နောက်ခံသမိုင်း
ARCS မော်ဒယ်ကို John Keller က ဖော်ထုတ်ခဲ့သလိုမျိုး၊ ADDIE မော်ဒယ်မှာတော့ "ဒါကို တီထွင်ခဲ့တာ သူပါ" ဆိုပြီး လက်ညှိုးထိုးပြစရာ ပုဂ္ဂိုလ်တစ်ဦးတည်း မရှိပါဘူး။

🔳 နောက်ခံသမိုင်း
ADDIE ရဲ့ သမိုင်းကြောင်းဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကနေ စတင်ခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်စစ်တပ်ဟာ စစ်သားတွေကို လေ့ကျင့်သင်ကြားပေးတဲ့အခါ တစ်ပြေးညီဖြစ်ပြီး အလွန်ထိရောက်တဲ့ စနစ်တစ်ခု လိုအပ်နေခဲ့ပါတယ်။ ဒါကြောင့် ၁၉၇၅ ခုနှစ်မှာ အမေရိကန်စစ်တပ်ရဲ့ တောင်းဆိုမှုအရ ဖလော်ရီဒါ ပြည်နယ် တက္ကသိုလ် (Florida State University - FSU) က ပညာရှင်အဖွဲ့ဟာ သင်ကြားရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Interservice Procedures for Instructional Systems Development - IPISD) ဆိုတဲ့ မူဘောင်တစ်ခုကို ရေးဆွဲပေးခဲ့ပါတယ်။

အဲဒီ စစ်တပ်သုံး မူဘောင်စနစ်ထဲက အဆင့်တွေကို နောင်နှစ်ကာလတွေမှာ ပညာရှင်တွေက ပိုမိုရိုးရှင်းလွယ်ကူအောင် ပြုပြင်မွမ်းမံရင်းကနေ ယနေ့ခေတ် လူသိများတဲ့ "ADDIE" ဆိုတဲ့ အဆင့် (၅) ဆင့်ပါ မော်ဒယ်အဖြစ် အသွင်ပြောင်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

🔳 ADDIE ၏ အခြေခံအယူအဆ
ADDIE ရဲ့ အဓိက အယူအဆကတော့ "စနစ်တကျ ဖြေရှင်းခြင်း (Systematic Approach)" ပဲ ဖြစ်ပါတယ်။ ပြဿနာတစ်ခု (သို့မဟုတ်) လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ချက်တစ်ခုကို တွေ့ရင် အဆင့်လိုက် အချိတ်အဆက်မိမိ စဉ်းစားတွေးခေါ်စေတဲ့ အကောင်အထည်ဖော်တဲ့ အယူအဆဖြစ်ပါတယ်။ အဆင့်တစ်ဆင့်ချင်းစီရဲ့ ရလဒ်ဟာ နောက်တစ်ဆင့်အတွက် အခြေခံအုတ်မြစ် ဖြစ်သွား‌စေပါတယ်။

🔳 အသုံးပြုပုံ (The 5 Phases of ADDIE)

ADDIE ဟာ အင်္ဂလိပ်စာလုံး ၅ လုံးကို ပေါင်းစပ်ထားတာဖြစ်ပြီး အောက်ပါအတိုင်း အဆင့်ဆင့် အသုံးပြုနိုင်ပါတယ်။

☑ ၁။ A - Analyze (ဆန်းစစ်လေ့လာခြင်း)
ဒီအဆင့်ကတော့ "ဘာကြောင့် ဒီသင်တန်းကို လုပ်ရတာလဲ" ဆိုတာကို အဖြေရှာတဲ့အဆင့်ပါ။ သင်တန်းသားတွေက ဘယ်သူတွေလဲ (ဥပမာ - အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေလား၊ လုပ်ငန်းခွင်ထဲက ဝန်ထမ်းတွေလား)၊ သူတို့ရဲ့ လက်ရှိ ကျွမ်းကျင်မှုနဲ့ လိုအပ်နေတဲ့ ကျွမ်းကျင်မှု ကွာဟချက် (Skill gap) က ဘာလဲ၊ ဘယ်လို အခက်အခဲတွေ ရှိနေလဲ ဆိုတာကို စစ်တမ်းကောက်၊ အင်တာဗျူးလုပ်ပြီး သေချာဆန်းစစ်ရပါတယ်။

☑ ၂။ D - Design (ဒီဇိုင်းပုံစံချခြင်း)
ဆန်းစစ်ချက် ရလဒ်တွေရပြီဆိုရင် သင်ရိုးအတွက် မူကြမ်းစဆွဲပါပြီ။ သင်တန်းအပြီးမှာ ဘာတွေ တတ်မြောက်သွားရမယ်ဆိုတဲ့ သင်ယူမှု ရည်ရွယ်ချက် (Learning Objectives) တွေကို တိတိကျကျ ရေးဆွဲရပါတယ်။ ပြီးတော့ ဘယ်လို သင်ကြားရေးနည်းလမ်းတွေ သုံးမလဲ၊ အခန်းကဏ္ဍနဲ့ သင်ကြားရေးသင်ယူရေးလုပ်ငန်းစဉ် တွေကို ဘယ်လိုအစီအစဉ်ချမလဲ၊ စာမေးပွဲ သို့မဟုတ် အကဲဖြတ်စစ်ဆေးမှု (Assessment) တွေကို ဘယ်လိုလုပ်မလဲ ဆိုတာကို အသေးစိတ် ပုံစံချဖန်တီးရပါတယ်။

☑ ၃။ D - Develop (ဖန်တီးတည်ဆောက်ခြင်း)
ဒီဇိုင်းဆွဲထားတဲ့ မူကြမ်းကို အသက်သွင်းတဲ့ အဆင့်ပါ။ လိုအပ်တဲ့ သင်ခန်းစာ စာသားတွေရေးသားခြင်း၊ PowerPoint Slide များ ပြင်ဆင်ခြင်း၊ လက်စွဲစာအုပ်များ ဖန်တီးခြင်း၊ လေ့ကျင့်ခန်းများ ပြုစုခြင်း၊ ဇာတ်လမ်းတိုများ သို့မဟုတ် သရုပ်ပြဗီဒီယိုများ ရိုက်ကူးခြင်း စတဲ့ သင်ထောက်ကူပစ္စည်း (Materials) အားလုံးကို လက်ဆုပ်လက်ကိုင်ပြနိုင်အောင် အချောသတ် ဖန်တီးရပါတယ်။

☑ ၄။ I - Implement (အကောင်အထည်ဖော် သင်ကြားခြင်း)
ဖန်တီးထားတဲ့ သင်ရိုးညွှန်းတမ်းကို လက်တွေ့ စတင်အသုံးပြုတဲ့ အဆင့်ဖြစ်ပါတယ်။ သင်တန်းဆရာတွေကိုယ်တိုင် ဘယ်လိုသင်ရမယ်ဆိုတာကို ကြိုတင်လေ့ကျင့်တာ (Train the Trainer)၊ သင်တန်းခန်းမ အပြင်အဆင်နဲ့ လိုအပ်တဲ့ စက်ပစ္စည်းတွေ ပြင်ဆင်တာ၊ ပြီးတော့ သင်တန်းသားတွေကို တကယ်လက်တွေ့ စတင်ပို့ချတာတွေ ပါဝင်ပါတယ်။

☑ ၅။ E - Evaluate (အကဲဖြတ်ခြင်း)
ဒီအဆင့်ကတော့ သင်တန်းတစ်ခုလုံး အောင်မြင်မှု ရှိ/မရှိ ဆန်းစစ်တာပါ။ သင်တန်းဆင်းသွားတဲ့ သူတွေ တကယ်တတ်သွားရဲ့လား၊ လုပ်ငန်းခွင်မှာ လက်တွေ့ ပြန်အသုံးချနိုင်ရဲ့လား၊ သင်ရိုးညွှန်းတမ်းမှာ ဘာတွေ ပြင်ဆင်ဖို့ လိုသေးလဲ ဆိုတာကို အကဲဖြတ်တာပါ။ အကဲဖြတ်ချက် ရလဒ်တွေအပေါ် မူတည်ပြီး လိုအပ်ရင် Analyze အဆင့်ကို ပြန်သွားပြီး သင်ရိုးကို စဉ်စဉ်မပြတ် မွမ်းမံပြင်ဆင်မှုတွေ တောက်လျှောက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

🔳 ADDIE မော်ဒယ်၏ အကျိုးကျေးဇူးများ
စနစ်ကျပြီး ပြည့်စုံမှုရှိခြင်း-အဆင့်လိုက် သွားရတဲ့အတွက် လိုအပ်ချက်တွေ၊ သင်ခန်းစာတွေ၊ အကဲဖြတ်မှုတွေဟာ တစ်ခုနဲ့တစ်ခု လွဲချော်မနေဘဲ တိကျသေချာတဲ့ မူဘောင်တစ်ခုအတွင်းမှာ ရှိနေစေပါတယ်။

မည်သည့်နယ်ပယ်တွင်မဆို အသုံးပြုနိုင်ခြင်း-အခြေခံပညာရေးကစလို့၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး (HRD) သင်တန်းများ၊ သက်မွေးဝမ်းကျောင်းပညာ (TVET) များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး (OSH) လေ့ကျင့်မှုများအထိ နယ်ပယ်ပေါင်းစုံမှာ အလွယ်တကူ ကိုက်ညီစွာ အသုံးချနိုင်ပါတယ်။
.
🔳 အရည်အသွေးကို ထိန်းကွပ်
နိုင်ခြင်း- အဆင့်တိုင်းမှာ သေချာစွာ စိစစ်ရတဲ့အတွက် သင်တန်းရဲ့ အရည်အသွေး (Quality) ကို အမြင့်ဆုံးမှာ အမြဲထိန်းထားနိုင်ပြီး၊ အမှားအယွင်းများပါကလည်း လွယ်ကူစွာ ပြန်လည်ခြေရာခံ ပြင်ဆင်နိုင်ပါတယ်။

အချိန်နှင့် ကုန်ကျစရိတ်ကို ကာကွယ်ပေးခြင်း-သေချာဆန်းစစ်မှု (Analyze) နဲ့ ဒီဇိုင်း (Design) မလုပ်ဘဲ သင်တန်းတွေ ကောက်လုပ်လိုက်တဲ့အခါ ကြုံရတတ်တဲ့ "သင်တန်းသာပြီးသွားတယ် ဘာမှမထူးခြားလာဘူး" ဆိုတဲ့ အချိန်ကုန် ငွေကုန်သက်သက် ဖြစ်မယ့် အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Chiang Mai
50300