Min Chan Lin

Min Chan Lin I love the truth.

၁၃၈၈ ဒုတိယ ဝါဆိုလပြည့်ကျော် ၈ရက်ကြာသပတေးနေ့အဟံဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မာယာစာမိ အနုဂ္ဂဟံ ကတွာ သီလ...
06/08/2026

၁၃၈၈ ဒုတိယ ဝါဆိုလပြည့်ကျော် ၈ရက်
ကြာသပတေးနေ့

အဟံဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မာယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ

25/07/2026

မွေ့ရာ✅ မွေ့ယာ❌
အိမ်ရာ✅ အိမ်ယာ❌
ဖြန့်ချိ✅ ဖြန့်ချီ❌
ပဝါ ✅ ပုဝါ ❌
နေ့လယ်✅ နေ့လည်❌
မကြာမီ✅ မကြာမှီ❌
အချိန်မီ✅ အချိန်မှီ❌
မှီငြမ်း✅ မီငြမ်း❌
အရုဏ်ဦး✅ အာရုဏ်ဦး❌
မင်အိုး ✅ မှင်အိုး❌
လှည်းယဉ် ✅ လှည်းယာဉ်❌
စိစစ် ✅ စီစစ်❌
ဆီးဖျော်ရည် ✅ ဇီးဖျော်ရည်❌
ပုံသဏ္ဌာန် ✅ပုံသဏ္ဍာန် ❌

05/07/2026

လက်ဖက်သုပ်ဟာ လက်ဖက်သုပ်(Laphetoke)ပါပဲ။
Tea leaf salad လို့ မခေါ်သင့်❌

လက်ဖက်သုပ်ကို နိုင်ငံခြားသားတဦးဦးနဲ့ မိတ်ဆက်ပေးတဲ့အခါ "ဒါကတော့ Tea Leaf Salad ပါ" လို့ အလွယ်တကူ မိတ်ဆက်ပေးတဲ့အခါမျိုးဆို မရိုးမရွနဲ့ တကယ်ကို စိတ်မသက်မသာ ဖြစ်ရပါတယ်။

တဖက်သူ နားလည်လွယ်အောင်လို့ ဆိုပေမယ့် ဒီလိုခေါ်ဝေါ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့ မြန်မာ့လက်ဖက်သုပ်ရဲ့ နက်ရှိုင်းတဲ့ ယဉ်ကျေးမှု အငွေ့အသက်နဲ့ အနှစ်သာရတွေ အများကြီး ပျောက်ဆုံးသွားရပါတယ်။

"Tea Leaf Salad" ဆိုတဲ့နာမည်က အင်မတန် ယေဘူယျဆန်ပါတယ်။အများနဲ့သက်ဆိုင်တဲ့နာမည်တခုသာ ဖြစ်ပါတယ်။မြန်မာ့identity ဘာတခုမှ မရှိပါဘူး။

ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ အစားအစာတွေကို ကြည့်လိုက်ပါ။

Sushi (ဆူရှီ) ကို "Vinegared Rice with Raw Fish" လို့ မခေါ်ပါဘူး။

Kimchi (ကင်ချီ) ကို "Fermented Spicy Cabbage" လို့ နာမည်မပြောင်းပါဘူး။

ဆူရှီဟာ ဆူရှီပါပဲ။စမူဆာဟာ စမူဆာပါပဲ။
စမူဆာကို “တြိဂံပုံစံမုန့်” လို့ ဘာသာမပြန်ပါဘူး။

ကိုယ်ပိုင်အမည် (Original Name) နဲ့ပဲ ကမ္ဘာကို ထိုးဖောက်ခဲ့ကြတာပါ။ ကျွန်တော်တို့ မြန်မာအစားအစာကလည်း "Laphetoke" ဆိုတဲ့ ကိုယ်ပိုင်အမည်နာမ ရှိနေပြီးသားမို့ ဘာသာပြန်ပြီးရှင်းပြနေစရာ မလိုပါဘူး။

"Laphetoke" လို့ အသံထွက်လိုက်တာနဲ့ မြန်မာတွေရဲ့ ဧည့်ဝတ်ကျေပွန်မှု၊

မိသားစုတွေ သူငယ်ချင်းတွေ စကားဝိုင်းဖွဲ့ရင်း လက်ဖက်ပန်းကန်ကို လက်ဆင့်ကမ်း စားသောက်ကြတဲ့ နွေးထွေးမှု၊

အလှူပွဲ မင်္ဂလာပွဲတွေရဲ့ ဧည့်ခံကျွေးမွေးမှုဆိုတဲ့ ယဉ်ကျေးမှု (Culture) တွေက တွဲလျက် ပါလာပါတယ်။

စကားလုံးတိုင်းမှာ သမိုင်းကြောင်းရှိပြီး၊ အသံထွက်တိုင်းမှာ အငွေ့အသက်တွေ ပါဝင်နေပါတယ်။

"Tea Leaf Salad" ဆိုတဲ့ အသုံးအနှုန်းကို ငြင်းပယ်ပီး "Laphetoke" လို့ပဲ တိုက်ရိုက် သုံးနှုန်းကြတာက အကောင်းဆုံးပါ။

နိုင်ငံခြားသားတွေ မေးလာရင် "ဒါဟာ မြန်မာ့ရိုးရာ လက်ဖက်သုပ် (Laphetoke) ဖြစ်တယ်၊ သူ့ရဲ့ ပါဝင်ပစ္စည်းနဲ့ သမိုင်းကြောင်းကတော့ ဘယ်လိုဖြစ်တယ်" ဆိုတာကို ရှင်းပြဖို့သာ သင့်ပါတယ်။

26/05/2026

ခုတလော အတွေ့ရများနေတာက by one ဆိုတဲ့ အသုံးလေးပါ။ one by one ကို ပြောချင်တာနေမှာပါ။ အင်္ဂလိပ်စာသင်တဲ့အတွေ့အကြုံများနေပြီ ဆိုတဲ့ တချို့ BA (English ) ဆရာ/မ တွေ၊ IS တွေမှာ သင်နေပါတယ်ဆိုတဲ့ တချို့ဆရာ/မတွေက မမှားသင့်တဲ့ အမှားလေးတွေ မှားနေတော့ မမြင်နိုင်လို့ ဝင်ပြောမိတာပါ။
by one (one by one) သင်ပေးတယ်ဆိုတော့ တစ်ယောက်ပြီး တစ်ယောက် သင်ပေးတယ်ဆိုတဲ့ သဘောလား။ ဆရာနဲ့တပည့် တစ်ယောက်ချင်း/ တစ်ဦးချင်းသင်ပေးတယ်ဆိုရင်တော့ one-to-one/
one-on-one လောက်တော့ သုံးသင့်တယ်ဗျာ။
နောက်ပြီးတော့ ရှိသေးတယ်။ သင်ကြားရေးအတွေ့အကြုံဘယ်လောက်ရှိပြီလို့ ပြောချင်တာကို
ဥပမာ - 5 years experiences လို့ တစ်ချို့ IS ဆရာ/မ တချို့က လုပ်သေးတယ်
ဒီလိုလေးတော့ လုပ်ဗျာ
5 years' experience in teaching
5 years of experience in teaching
5 years of teaching experience

ဒီနေရာမှာ experience က UN ပါ (s) မထည့်ပါနဲ့။

26/05/2026

အင်္ဂလိပ်စာမှာ Adjective clause ၂ မျိုးရှိပါတယ်၊ defining clause နဲ့ non-defining clause ပါ။ (အခြားအမည်များ၊ နဲ့ ၊
နဲ့ စသည်ဖြင့် အမည်အမျိုးမျိုးရှိပါသေးတယ်)။

defining clause က ၎င်း၏ရှေ့က အထူးပြုခံ စကားလုံး (noun) ကို အခြား noun များနှင့် ကွဲပြားအောင် define သို့မဟုတ် identify လုပ်ပေးပါတယ်၊

ဥပမာ - The boy who is wearing a white shirt is my brother. မှာ
''who is wearing a white shirt'' က သူ့ရှေ့က အထူးပြုခံ common noun “the boy” ကို အခြားသော boy တွေနဲ့ #ကွဲပြားအောင် define သို့မဟုတ် identify လုပ်ပေးပါတယ်။
clause သာ #မပါလျှင်
The boy is my brother. ဆိုရင်
#ဘယ်ကောင်လေးကို ဆိုလိုတယ်ဆိုတာ #မသိနိုင်ပါ။
clause ရဲ့ ရှေ့နဲ့ နောက်မှာ comma (,) မပါလျှင် defining clause or identifying clause ပါ၊ comma (,) #မပါ ခြင်းဟာ ဒီ clause ကို #ဖြုတ်လို့ ၊ #ချန်လှပ်လို့မရဘူးဆိုတဲ့ သဘောပါ။

Defining clause နဲ့ ဆန့်ကျင်ဘက်ကတော့ non-defining clause ပါ၊ ၎င်းကတော့ ရှေ့မှာပါတဲ့ noun ရဲ့ အကြောင်း အချက်အလက် #အပိုဆောင်းဖော်ပြပေးပါတယ်၊ defining clause လို အခြား noun များနှင့် ကွဲပြားအောင် define သို့မဟုတ် identify လုပ်မပေးပါ။

ဥပမာ - ''The Shwedagon Pagoda, which is the largest pagoda in Myanmar, is situated in Yangon. '' မှာ
The Shwedagon Pagoda ဆိုတာ အခြား noun များနှင့် ကွဲပြားအောင် define သို့မဟုတ် identify လုပ်ပေးစရာမလိုတဲ့ proper noun ဖြစ်ပါတယ်။

ဒါကြောင့် ၎င်းနောက်ကလိုက်တဲ့ adjective clause ဟာ define လုပ်ဖို့ ထည့်သွင်းထားတာမဟုတ်၊ #အပိုဆောင်း အချက်အလက်သာ #ထပ်ပေးထားတာဖြစ်လို့ ၎င်းကို ဖြုတ်လို့ ချန်လှပ်လို့လည်းရပါတယ်၊ ဖြုတ်လို့ရတဲ့ အတွက် ၎င်းရဲ့ ရှေ့နဲ့ နောက်မှာ comma (,) ထည့်ပေးရပါတယ်။

09/05/2026

Hantavirus သင်္ဘောကို စီးခဲ့တဲ့ စင်္ကာပူနေထိုင်သူ ၂ ဦးကို အရေးပေါ် သီးသန့်ခွဲထားပြီး စောင့်ကြည့်ကုသနေ

စင်္ကာပူ ကူးစက်ရောဂါအေဂျင်စီ (CDA) က ဟန်တာဗိုင်းရပ်စ် outbreak ဖြစ်ပွားခဲ့တဲ့ MV Hondius သင်္ဘောပေါ်မှာ လိုက်ပါခဲ့တဲ့ စင်္ကာပူနေထိုင်သူ အမျိုးသား ၂ ဦးကို National Centre for Infectious Diseases (NCID) မှာ သီးသန့်ခွဲထားပြီး (isolation လုပ်ပြီး) စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

CDA အဆိုအရ MV Hondius သင်္ဘောက ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ အာဂျင်တီးနားနိုင်ငံ Ushuaia ဆိပ်ကမ်းကနေ ထွက်ခွာချိန်ကတည်းက ဒီလူ ၂ ဦးဟာ သင်္ဘောပေါ်မှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ MV Hondius ဟာ အန္တာတိကနဲ့ တောင် အတ္တလန်တိတ် ဒေသတွေကို သွားတဲ့ expedition cruise ship (စွန့်စား၊လေ့လာအပန်းဖြေသင်္ဘော) တစ်စင်းဖြစ်ပြီး သဘာဝတောတောင်ဒေသတွေ၊ လူနေကျဲတဲ့ကျွန်းဒေသတွေကို လည်ပတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သင်္ဘောပေါ်ရှိ ခရီးသည်အချို့မှာ

ဖျားခြင်း
အန်ခြင်း / ဝမ်းလျှောခြင်း
အသက်ရှူကြပ်ခြင်း
အဆုတ်ရောင်ခြင်း

စတဲ့ လက္ခဏာတွေ စတင်ပေါ်လာခဲ့ပြီး အချို့လူနာတွေက အချိန်တိုအတွင်း အဆုတ်ပျက်စီးခြင်း Acute Respiratory Distress Syndrome (ARDS) နဲ့ shock တွေရတဲ့အထိ ဆိုးရွားသွားခဲ့ပါတယ်။

လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားမှု (outbreak) နဲ့ ဆက်စပ်တဲ့ လူနာ ၈ ဦးရှိနေပြီး အနည်းဆုံး ၃ ဦး အသက်ဆုံးရှုံးထားကြောင်း WHO နဲ့ ECDC က ထုတ်ပြန်ထားပါတယ်။



အသက် ၆၇ နှစ်ရှိ စင်္ကာပူနိုင်ငံသားတစ်ဦးက မေလ ၂ ရက်နေ့မှာ စင်္ကာပူကို ပြန်ရောက်ခဲ့ပါတယ်။
အသက် ၆၅ နှစ်ရှိ စင်္ကာပူ အမြဲတမ်းနေထိုင်သူ (PR) တစ်ဦးက မေလ ၆ ရက်နေ့မှာ ပြန်ရောက်ခဲ့ပါတယ်။

သူတို့ဟာ ဒီ အပျော်စီးသင်္ဘောကို စီးခဲ့တယ်။

အဲ့ဒီအချိန်မှာ သင်္ဘောပေါ်က ဒတ်ချ်လူမျိုး အမျိုးသားက နေမကောင်းဖြစ်လာပြီး ဧပြီလ ၁၁ ရက်နေ့မှာ ဆုံးပါးခဲ့တယ် (ဒီ outbreak ဖြစ်စဥ်မှာ Hantavirus ကြောင့် ဆုံးပါးခဲ့တဲ့ ပထမဆုံး လူနာဖြစ်ပါတယ်)

ဆုံးသွားသူရဲ့ အမျိုးသမီး ဒတ်ချ်လူမျိုးဟာ ဧပြီလ ၂၄ ရက်နေ့မှာ ခင်ပွန်းဖြစ်သူရဲ့ ရုပ်အလောင်းကို St Helena ကျွန်းတွင် ဆင်းသက်ပို့ဆောင်စဉ် သင်္ဘောပေါ်မှ ဆင်းခဲ့ပါတယ်။

-ဒီကျွန်းမှာပဲ စင်္ကာပူက အမျိုးသား ၂ယောက်လည်းဆင်းခဲ့ပါတယ်။

ဒတ်ချ်လူမျိုး အမျိုးသမီးရော စင်္ကာပူက အမျိုးသား ၂ယောက်လုံးရောက အဲ့ဒီကျွန်းကနေ တောင် အာဖရိကမှာ ရှိတဲ့ Johannesburg ကို သွားတဲ့ လေယာဥ်ပေါ်မှာ ဧပြီလ ၂၅ ရက်နေ့မှာ အတူတူ လိုက်ပါစီးနင်းခဲ့ပါတယ်။

- အဲ့ဒီ အမျိုးသမီးဟာ နောက်ပိုင်းမှာ hantavirus positive ဖြစ်တယ်လို့ အတည်ပြုခံခဲ့ရပြီး တောင်အာဖရိကမှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

လက်ရှိမှာတော့ စင်္ကာပူ အမျိုးသား၂​ယောက်မှာ

• လူတစ်ဦးမှာ နှာစေးခြင်း (runny nose) သာရှိသေးပြီး
• နောက်တစ်ဦးကတော့ ရောဂါလက္ခဏာ မပြသေးပါဘူး။

သူတို့ရဲ့ hantavirus ဆေးစစ်ချက်တွေကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

စင်္ကာပူမှ CDA အနေဖြင့် ကြိုတင်ကာကွယ်မှုများအဖြစ် အောက်ပါတို့ကို လုပ်ဆောင်နေပါတယ်။

- NCID တွင် သီးသန့်ခွဲခြားထားခြင်း (Isolation) နှင့် ရောဂါပိုးစစ်ဆေးခြင်း။

- ထိတွေ့ခဲ့သူများကို လိုက်လံရှာဖွေခြင်း (Contact tracing )။

- ဆေးစစ်ချက်အရ ရောဂါပိုးမတွေ့ရှိ (Negative) ခဲ့လျှင်ပင် ရက်ပေါင်း ၃၀ အထိ Quarantine ဆက်လက်ထားရှိမည်ဖြစ်ပြီး ဖုန်းဖြင့် ဆက်သွယ်စောင့်ကြည့်ခြင်း (Phone surveillance)

စတာတွေကို ဆက်လုပ်သွားမယ်လို့ CDA က ဆိုပါတယ်။

Hantavirus ဆိုတာက ကြွက်မျိုးစိတ်တွေဆီကနေ ကူးစက်တတ်တဲ့ virus ဖြစ်ပြီး အဓိကအားဖြင့် ရောဂါရှိတဲ့ ကြွက်တွေရဲ့

• ဆီး
• အညစ်အကြေး
• သွားရည်

တွေကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိတဲ့အခါ ကူးစက်တတ်ပါတယ်။

စင်္ကာပူ လူထုအတွက် အကြီးအကျယ် ကပ်ရောဂါဆိုးအနေနဲ့ ဖြစ်လာနိုင်ခြေ နည်းနေဆဲ ဖြစ်ပြီး COVID-19 လို အလွယ်တကူ မကူးစက်နိုင်တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်သေးဘူးလို့ CDA နဲ့ WHO တို့က ပြောထားပါတယ်။

30/04/2026

လူတွေကြား ဗန်းစကားတခုလို့ ဟစ်ဖြစ်ခဲ့တဲ့ "မအေးအေးဝင်း စီစဥ်သည်" ဆိုတဲ့ ဖန်တီးရှင် ကွ၊ယ်လွန်လေရှာပြီတဲ့...

30/04/2026

ပြည့်တန်ဆာကို
အကြွေးနဲ့ငှါးပြီး..
လိင်ဆက်ဆံတတ်ကြတဲ့
တချို့ယောကျာ်းတွေဟာ
ဘုန်းနိမ့် ကံနိမ့် ဉာဏ်နိမ့်မှာ
ကြောက်လို့
အိမ်က ထမိန်တန်းဆို
ဝေးဝေးက ရှောင်တယ်။

အရက်သမားမယား
တံခါးပိတ်.. အရိုက်ခံရရင်
အတိတ်ကံညံ့လို့ သူ့ဝဋ်ကြွေး သူဆပ်ရတာပဲ။

လင်မယားကွဲပြီဟေ့ဆို
အဖေက နောက်မိန်းမထပ်ယူတာ
တို့နိုင်ငံရဲ့ လှေကား၃ထစ်ဖလော်ဆော်ဖီပဲ..
အမေ့ခမျာ
ဒုက္ခသုခတွေပုခုံးပေါ်တင်ရင်း
ကလေးကို တသက်လုံးရှာကျွေးရတော့တာ
တို့နိုင်ငံရဲ့ ဆေးမှင်ရည်စုပ်ထိုးဥပဒေပဲ

လူကြီးတွေ ဘယ်လောက်မှားမှား
လူငယ်မှာပဲ အပြစ်ရှိတယ်။
မြေမြိုခံရတဲ့..ဟို..အိပ်ယာဝင်ပုံပြင်ကို ကြားဖူးကြတယ်မို့လား။
ငရဲအိုးထဲမှာလည်း
ဆီပူတွေက အပြည့်လေ။

တနှစ်ပတ်လုံး အလေလိုက်လာတဲ့
တို့လမ်းထဲက ကလေးတွေ..
စာမေးပွဲနီးမှ လက်ပူတိုက်ပြီး
ဘိုးဘိုးကြီးနတ်နန်း ပန်းသွားဆက်..

Whyနဲ့ မေးရင် becauseနဲ့ဖြေ
didနဲ့မေးရင် V2ပြောင်း..

လင်ကောင်းသားကောင်းရဖို့များဆို
တို့လမ်းထဲက အပျိုကြီးတွေဟာ
မြနန်းနွယ်.. အပူပြေးကပ်

လာဘ်ပေါချင်ရင် ဟိုဂါထာ၃ခေါက်ရွတ်
ထီပေါက်ချင်ရင် ဒီဂါထာ၅ခေါက်ရွတ်..

လက်ကြောသာ မတင်းသာ..
ကိုးနဝင်းအကြောင်းသိချင်လို့
မိုးလင်းပေါက်.. ထိုင်စောင့်ကြတဲ့သူတွေချည့်ပဲ။

ပုတီး ကြာကြာစိပ်ရင်
ချမ်းသာ ထီပေါက် နိဗ္ဗာန်ရောက်မယ် ထင်နေကြတုန်းပဲ။

ညောင်ပင်,ပတ်ဝိုင်းထားတဲ့ နေ့နံဘုရားတွေခမျာလည်း ရွှဲရွဲစို..ခိုက်ခိုက်ကိုတုန်လို့။

ငိုချဖို့ အဆင်မပြေလို့သာ
ငါ့မှာ ရယ်လိုက်ရတယ်
မြင်နေကြားနေရတာက
တစက်မှရယ်စရာမကောင်းတဲ့ပြက်လုံးတွေ။
😊🤣🤣

မွန်နှင့် တလိုင်းနိုင်ပန်းလှ(၁၉၅၇-၅၈ ခုနှစ်ထုတ် တက္ကသိုလ်မွန်အသင်းမဂ္ဂဇင်းတွင် ဖော်ပြထားသော ဆရာနိုင်ပန်းလှ၏ ဆောင်းပါးကို...
15/04/2026

မွန်နှင့် တလိုင်း
နိုင်ပန်းလှ
(၁၉၅၇-၅၈ ခုနှစ်ထုတ် တက္ကသိုလ်မွန်အသင်းမဂ္ဂဇင်းတွင် ဖော်ပြထားသော ဆရာနိုင်ပန်းလှ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။)

'တလိုင်း' ဝေါဟာရ အခေါ်အဝေါ် အရေး၊ အသားအသုံးအနှုန်းကို အဘယ်ကြောင့် မွန်လူမျိုးများ ရွံမုန်းရသနည်း၊ အခေါ်မခံချင်ကြသနည်း၊ မနှစ်သက်ကြသနည်း၊ တလိုင်းဝေါဟာရ ဘယ်အချိန်က ပေါ်လာသနည်း စသည့် မေးခွန်းများကို ဖြေကြားရန် အထူးလိုအပ်ပေသည်။

တလိုင်းဝေါဟာရ အဓိပ္ပာယ်
'တလိုင်း' ဝေါဟာရသည် မွန်ဘာသာစကား 'ဣတလီု' နှင့် 'ဣတလေင်' ဝေါဟာရ ဖြစ်သည်။ မြန်မာအသံထွက်မှာ 'ဣတလိမ်' 'ဣတလိုင်း' ဖြစ်သည်။ အဓိပ္ပာယ်မှာ (ဣတ-အဖေ) 'လီု' သို့မဟုတ် 'လေင်' ပျက်စီးပြီးဟု ဖြစ်သည်။

(ဣတလိမ်နှင့် ဣတလိုင်းဝေါဟာရကို မည်သို့အား ခေါ်ဝေါ်သနည်းဟူမူ အဖေပေါ်ဘဲ မွေးသောသူ) (အဖနိုင်ငံခြားသားဖြစ်၍ မိမိတိုင်းပြည်သို့ ငွေစုပြီး ပြန်သွားသဖြင့် တိုင်းရင်းသူအမိနှင့်အတူ ကျန်ရစ်သောသားသမီး) ယင်းသို့သောနည်းဖြင့် အမေပြနိုင် အဖပျက်စီးသွားသော သူတို့ကိုသာ ခေါ်ဝေါ်ခြင်းဖြစ်သည်။

ဣတလိုင်းမှ ရွေ့လျားပြီး တလိုင်းအခေါ်အဝေါ်ကို မွန်လူမျိုးအားလုံးအား အဘယ်ကြောင့် မြန်မာက ခေါ်ဝေါ်သည်ကို သုတေသနဆရာကြီးများက အမျိုးမျိုးတင်ပြချက် ပေးခဲ့ပါသည်။

မွန်လူမျိုး
မွန်လူမျိုးသည် မြန်မာပြည်မြောက်ပိုင်းမှ မွန်ဂိုလီးယားပြည်မှတစ်ဆင့် ဧရာဝတီမြစ်၊ သံလွင်မြစ်နှင့် မဲခေါင်မြစ်မှ တဆင့်စုဆင်းလာခြင်း ဖြစ်သဖြင့် မွန်ဂိုလွိုက်အနွယ်ဖြစ်ပြီး မွန်လူမျိုးဟူ၍ အမည်တွင်ခဲ့ခြင်းဖြစ်လေသည်။ ရှေးက 'မွန်ခမာ' သို့မဟုတ် 'မွန်အာနမ်' လူမျိုးစုဟူ၍ ထင်ရှားခဲ့ကြသည်။

'မွန်ခမာ' လူမျိုးစုအနက်တချို့မှာ ဗြဟ္မပုတြမြစ်ဝှမ်းမှတစ်ဆင့် စုဆင်း၍ အိန္ဒိယအာသံနယ်ဖက်သို့ ရောက်သွားကြသည်ဟုလည်း ပညာရှင်များ ယူဆကြသေးသည်။ မွန်ခမာနွယ်လူမျိုးစုတွင် ပါဝင်သော လူမျိုးများမှာ အိန္ဒိယမှ 'ကိုလာရိယ' ခေါ် 'မွန်ဒ' လူမျိုး၊ အာသံနယ်ရှိ 'ခါစီယာ' လူမျိုး၊ မြန်မာပြည်ရှိ မွန်-ပလောင်၊ ဝနှင့် ရိကန်လူမျိုးများ၊ မလေးကျွန်းဆွယ်မှ 'စမင်' နှင့် 'စကိုင်' လူမျိုးများ၊ ယိုးဒယားပြည်မှ မွန်၊ လဝ၊ ချောင်နှင့် ကချီလူမျိုး၊ ကမ္ဘောဒီးယား .... ခေါ် ကန်ဗောဂျင်လူမျိုးစုများ၊ အာနမ်ပြည်မှ အာနမ် သို့မဟုတ် ယုအန်လူမျိုးများ ပါဝင်သည်ဟု မနုဿဗေဒပါရဂူကြီးများ ဖော်ပြကြသည်။

ယင်းအကြောင်းအရာများတို့သာ သန္တရစကားအခေါ်အဝေါ် တူညီပုံများကို (Skeat, Blagden, Garnier, Forbs, Max Mlular, Grierson, Phayer, Mason) အစရှိသော ပါရဂူများ ပြုစုသည့် စာအုပ်များတွင် လေ့လာနိုင်၏။

လူမျိုးစုအခေါ်အဝေါ်တွင် မွန်ခမာ၊ မွန်အာနမ်ဟူ၍သာ ခေါ်ခဲ့ကြပြီး တလိုင်းခမာ၊ တလိုင်းအာနမ်ဟူ၍ကား မကြားဖူးသဖြင့် မွန်လူမျိုး၏ အမည်ရင်းမှာ 'တလိုင်း' မဟုတ်ကြောင်း အလွန်ထင်ရှားလှပေသည်။

တချို့ပါရဂူများက မွန်လူမျိုးများသည် အိန္ဒိယပြည်ထောင်စု တိလိင်္ဂနတိုင်းမှ ပင်လယ်ခရီးဖြင့် ရောက်လာသည်ဟု ယူဆပြီး တချို့ပါရဂူများက မွန်ရာဇဝင်၊ ဒဏ္ဍာရီသမိုင်းများကို လေ့လာပြီး သုဝဏ္ဏဘူမိ သထုံပြည်သို့ တိလိင်္ဂနတိုင်းမှ မင်းညီမင်းသားများ လာရောက်ခဲ့ဖူးသဖြင့် မွန်ကိုတလိုင်းဟူ၍ ခေါ်ဝေါ်ခဲ့ဟန်တူသည်ဟု ထင်ကြေးပေးကြ၏။

ဤယူဆထင်မြင်ချက်မှာ ယုတ္တိမရှိကြောင်း အခြားပညာရှင်များက ဆိုပြန်၏။ မွန်ခမာလူမျိုးစုနှင့် တိဘက်တိုဘားမင်းလူမျိုးစု ပါဝင်သော မွန်နှင့် ပျူလူမျိုးတို့သည် အိန္ဒိယတောင်ပိုင်းမှ စာပေယဉ်ကျေးမှုနှင့် ထေရဝါဒဗုဒ္ဓဘာသာများကို ရရှိကြောင်း မှန်ကန်ပေသည်။

သို့ရာတွင် အိန္ဒိယတောင်ပိုင်းမှ လူမျိုးဆင်းသက်လာခြင်းမှာ မဖြစ်နိုင်ချေ။ တိလိင်္ဂနတိုင်းမှ လာသောမွန်များသည် ရာမညဒေသတစ်ခုကိုသာ အုပ်စိုးမှုပြုသည်မဟုတ်၊ ရှေးက ဒွါရဝတီနိုင်ငံ ယခု ယိုးဒယားနိုင်ငံ၊ မလေးကျွန်းဆွယ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စသည်များပါဝင်သော တိုင်းပြည်များအားလုံးကို အုပ်စိုးခဲ့သည်ဟု ဒဏ္ဍာရီသမိုင်းစဉ်အရ ယူဆနိုင်သည်။

သုဝဏ္ဏဘူမိဆိုသည်မှာလည်း သထုံမြို့သာမဟုတ် ယိုးဒယား၊ ကမ္ဘောဒီးယားအထိ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်လုံးကို သုဝဏ္ဏဘူမိ ရွှေတိုင်းပြည်ဖြစ်ကြောင်းကို ပညာရှင်များ ဖော်ပြကြသည်။

သို့ပါ၍ အကယ်၍ တိလိင်္ဂနတိုင်းမှ မင်းများကို အစွဲပြု၍ တလိုင်းဟု ခေါ်ခဲ့မှန်ပါမူ မွန်လူမျိုးကိုသာမက ကမ္ဘောဒီးယားခေါ် ခမာလူမျိုးနှင့် အခြားမွန်ခမာလူမျိုးစုများကိုလည်း တလိုင်းဟု ခေါ်ဝေါ်ခဲ့တန်ရာသည်။

ယခုမူကား တလိုင်းဝေါဟာရကို ယိုးဒယားနှင့် အရှေ့နိုင်ငံများတွင် လုံးဝမသိရှိ၊ လုံးဝမသုံးနှုန်း၊ 'မွန်လူမျိုး' ဟုသာ သိကြ၏။ ရာမညတိုင်းသားဖြစ်၍ 'ရာမဉ်' (R,man.) ဟူ၍သာ ထင်ရှားခဲ့ကြသည်။

တိလိင်္ဂနတိုင်းကို အစွဲပြု၍ မွန်ကို တလိုင်းဟု ခေါ်ခဲ့မှန်ပါမူ ရာမညတိုင်းကိုလည်း တလိုင်းနဂရ၊ တလိုင်းဂုဏ၊ တလိုင်းမညဟူ၍ ခေါ်ဝေါ်ခဲ့တန်ရာသည်။
ရာမညတိုင်း၏ အမည်မှာ တလိုင်းဝေါဟာရနှင့် လုံးဝမသက်ဆိုင်၊ (ရး) မှ (ရာ) ဖြစ်လာပြီး 'တိုင်းပြည်' ဟု အဓိပ္ပာယ်ထွက်ပြီး (မည) (မည) (မဉ်) (မွန်) ဟု ရေး၍ မွန်လူမျိုးဟု အဓိပ္ပာယ်ရပါသည်။ (ရး ဝေါဟာရသည် သက္ကတဘာသာ (Rastra) မှ ဆင်းသက်လာသည်။) ရာမည-ရာမည-မွန်တိုင်းပြည်ဟု အဓိပ္ပာယ်ရပါသည်။

မွန်ဘာသာကျောက်စာများကို လေ့လာရာတွင်လည်း ခရစ်တော်နှစ် ၆-ရာစုက ထိုးသည့် ရှေးအခါက ဒွါရဝတီမွန်နိုင်ငံဟု ထင်ရှားခဲ့သော ယခု ယိုးဒယားပြည် ပရပထုံမြို့တွင် တူးဖော်ရရှိသော မွန်ကျောက်စာ၊ ၈ ရာစုထိုး လော့ပူရီမွန်ကျောက်စာ၊ ၁၁ ရာစုထိုး လင်ဖွန်းမွန်ကျောက်စာများ၊ ၁၁ ရာစုထိုး သထုံမနူဟာမင်းမွန်ကျောက်စာများ၊ ၁၁ ရာစုထိုး ပုဂံကျန်စစ်သားမွန်ကျောက်စာများ၊ ဟံသာဝတီခေတ် ၁၅ ရာစုထိုး ဓမ္မစေတီ၊ ရှင်စောပုမွန်ကျောက်စာများ၊ ကြေးပြားစာများ၊ ခေါင်းလောင်းစာများနှင့် ပေမူများအားလုံးတို့တွင် မွန်လူမျိုးကို တလိုင်းဟူ၍ လုံးဝမရေးသား၊ မသုံးနှုန်းခဲ့ဖူးချေ။ ထို့ကြောင့် မွန်လူမျိုး၏ နာမည်ရင်းမှာ တလိုင်းမဟုတ်ကြောင်း ထင်ရှားလှပေသည်။

မြန်မာများက မွန်ကိုတလိုင်းဟု အလောင်းဘုရားခေတ်ကစ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်ဟု ကျောက်စာဝန်ဟောင်း 'ဖော်ချမ်းမား' နှင့် မွန်အဘိဓာန်ပြုစုသူ 'ဟာစဝ်' နှင့် 'စတီးဗင်း' တို့က ထင်မြင်ယူဆ ဖော်ပြသည့်အချက်ကို မှားသည်ဟု ရေးသားရာတွင် ၁၉၁၂ ခုနှစ်ထုတ်သည့် မြန်မာပြည် သုတေသနအသင်းဂျာနယ်အတွဲ ၂၊ အပိုင်း ၁ တွင် ကျောက်စာဝန် 'ချားလ်ဒူရွိုင်ဆယ်' က ပရိမ္မထီးလှိုင်ရှင်ဘုရား မြန်မာကျောက်စာကို ဖော်ပြ၍ မြန်မာက မွန်ကို တလိုင်းဟူ၍ ခေါ်ဝေါ်သုံးနှုန်းခဲ့သည်မှာ ပုဂံခေတ် သထုံကို တိုက်ခိုက်အောင်မြင်ခဲ့သော အနော်ရထာ လက်ထက်ကပင် ဖြစ်မည်ဟု ထင်မြင်ချက်ပေးထားပြန်သည်။

ပရိမ္မထီးလှိုင်ရှင် ဘုရားကျောက်စာ၌ မွန်နှင့်ပတ်သက်၍ သုံးနှုန်းထားသည်မှာ (ဥဿလမည် တန်လှိုင်ပြည်ကို နည်၂ ညက် ၂ ဖျယ်ခြိမ်ပြီရွယ်ရခြိယ်ထသော ပြညာကြီးသော တန်လှိုင် သုခမိန် ကိုစ်လေတာ၏။) ယင်းကျောက်စာ၏ သက္ကရာဇ်အရ ခရစ်တော်နှစ် ၁၁၀၇- ခုနှစ်ထိုးဟု ဖော်ပြသော်လည်း အရေးအသား၊ အသွင်အပြင် အသုံးအနှုန်းကို လေ့လာခြင်းအားဖြင့် ပုဂံခေတ်ထိုးမူရင်း ကျောက်စာမဟုတ်နိုင်။ စပ်ထိုးခေါ် နောက်ခေတ်လူများက ခေတ်အလျောက် ရေးသားသော အက္ခရာစာလုံးပေါင်းသို့ ပြောင်းလဲ၍ ကမ္ပည်းထိုးခဲ့သော ကျောက်စာပင်ဖြစ်သည်။

ခရစ်တော်နှစ် ၁၁၁၃ ခုနှစ် ထိုးမြစေတီခေါ် ဂူပြောက်ကြီးကျောက်စာတွင် မွန်၊ မြန်မာ၊ ပျူနှင့် ပါဠိဘာသာများဖြင့် တစ်မျက်နှာစီထိုးသော ကျောက်စာသည် မူလထိုးကျောက်စာဖြစ်ပြီး မြန်မာဘာသာမှာ ရှေးအကျဆုံးမူလထိုးဖြစ်သည်။

မွန်နှင့်ပျူဘာသာ ကျောက်စာမူလထိုးတို့ကို ထိုထက်နှစ်ပေါင်း ၅၀၀ ရှေးကျသည်ကိုလည်း တွေ့နိုင်သည်။ မြစေတီမူလထိုး မြန်မာကျောက်စာနှင့် အထက်ပါပရိမ္မကျောက်စာ (စပ်ထိုးကျောက်စာ) ကို နှိုင်းယှဉ်ပါမူ - ပရိမ္မကျောက်စာမှာ မြစေတီကျောက်စာထက် အရေးအသား အသုံးအနှုန်းများစွာ အဆင့်အတန်းမြင့်ပြီး၊ ကဗျာလင်္ကာဆန်ဆန် ရေးနိုင်၏။ စာလုံးပေါင်းလည်း များစွာကွာခြားသည်တို့ကို ထောက်ရှုလျှင် ယင်းကျောက်စာမှာ အင်းဝခေတ်ဦးလောက် သို့မဟုတ် ထို့ထက်အနည်းငယ် စော၍ စပ်ထိုးခဲ့သော ကျောက်စာပင် ဖြစ်တန်ရာသည်။

ကျန်စစ်သား၏ ပုဂံခေတ်ကျောက်စာများမှာ မွန်ဘာသာဖြင့်သာလျှင် ကမ္ပည်းထိုးခဲ့သော မူလထိုးကျောက်စာများကို တွေ့ရပြီး ထိုကျောက်စာများတွင် မွန်လူမျိုးကို 'ရမေည်' (R'men) ဟုသာ သုံးနှုန်းသည်ကို တွေ့ရသည်။ တလိုင်းဟူ၍ လုံးဝမတွေ့ရသဖြင့် ပရိမ္မကျောက်စာမှာ ကျန်စစ်သား၏ ပုဂံခေတ်မူလထိုးကျောက်စာမဟုတ်ကြောင်း ထင်ရှားလှပေသည်။

မည်သို့ဆိုစေ ပရိမ္မကျောက်စာကို တွေ့ရသဖြင့် မွန်ကိုတလိုင်းဟူ၍ အချို့က ခေါ်ဝေါ်ခဲ့သည်မှာ အလောင်းဘုရားခေတ်ကျမှ မဟုတ်ဘဲ အင်းဝခေတ် သို့မဟုတ် ထို့ထက် အနည်းငယ်စောသော ခေတ်ကိုပင် ခေါ်ဝေါ် သုံးနှုန်းခဲ့ဖူးသည်ကို သက်သေသာဓကပြနိုင်ပေသည်။

အင်းဝခေတ်တွင် မွန်ဘုရင်နှင့် မြန်မာဘုရင်များသည် ပုဂ္ဂိုလ်အနေဖြင့် အာကာလုမှုကြောင့် ပြည်သူအများ ဒုက္ခရောက်ခဲ့ဖူးသည်။ ဘုရင်များကြောင့် လူမျိုးရေးမုန်းတီးမှုလည်း ရှိကောင်းရှိပေမည်။ ထို့ကြောင့် ထိုခေတ်က မွန်ကိုတလိုင်းဟူ၍ သမုတ်ခဲ့ဟန်တူသည်။

၎င်းပြင် ယင်းကျောက်စာ၌ မွန်ပြည်ကို ဥဿာဟူလည်း ခေါ်သည်ဆိုပြန်ရာ မွန်ဘာသာကျောက်စာများ၊ ပေမူများတွင် မွန်ပြည်များကို ဒွါရဝတီ၊ သုဝဏ္ဏဘူမိသုဓမ္မဝတီ၊ ဟံသာဝတီ၊ ရာမည၊ ကြိဂုမ္ဘ၊ ပရပထုံ၊ သထုံ၊ ဒဂုန်၊ ဗဂိုး၊ ဥပါယ်ဂိုးဟူ၍သာ တွေ့ရ၏။

ဥပါယ်ဂိုးကို မြန်မာက ဥဿာပဲခူးဟု အကြားလွဲ၍ ခေါ်ခဲ့တန်ရာသည်။ မြန်မာတို့မွန်ပြည်ကို ဥဿာဟု ခေါ်သဖြင့် (Orissa) သြရိဿနယ်မှ ကုလားကိုအစွဲပြု၍ ဗဂိုးကို ဥဿာဟု ခေါ်ကြောင်း အချို့ဥရောပတိုက်သား ပညာရှင်များက ထင်မြင်ချက်ပေးပြန်၏။ ပါရဂူများ၏ ထင်မြင်ချက်သည် အားလုံးမှန်ကန်သည်ဟု မယူဆသင့်၊ ထင်မြင်ချက်သည် ထင်မြင်မှုသာဖြစ်၏။

ဟံသာဝတီကို ဥဿာဟု ခေါ်လျှင် မွန်များက အခံမခက်လှသော်လည်း မွန်ကိုတလိုင်းဟု ခေါ်လျှင် အလွန်နာကြ၏။ မွန်မျိုးစစ်သူတိုင်း ခံနိုင်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အထက်ဖော်ပြပါ တလိုင်းဝေါဟာရ၏ အဓိပ္ပာယ်ကြောင့်ပင် ဖြစ်လေသည်။

တလိုင်းနာမည်ကို မွန်လူမျိုးများက လုံးဝမနှစ်မြို့ကြချေ။ တလိုင်းဝေါဟာရသည် တိလိင်္ဂနတိုင်းကို အစွဲပြု၍ဖြစ်စေ၊ အမျိုးမစစ် အဖေပျက်စီးသည်ဟူ၍ဖြစ်စေ၊ အခြားမည်သည့်အဓိပ္ပာယ်ဖြင့် သက်ဆိုင်ဆက်စပ်စေကာမူ အခေါ်ခံရသောကာယကံရှင်က အဆဲခံရသလို မကြိုက်နှစ်သက်ကြောင်းကို သိရှိပါက ရှောင်ရှားခြင်းသည် ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ပေသည်။

ရာဇဝင်၌ ပါရှိသော မွန်မြန်မာတို့သည် ရှေးလွန်လေပြီးခဲ့သော အတိတ်ဘဝကလူများဖြစ်ကြ၍ ယခုပစ္စုပ္ပန် မွန်မြန်မာတို့သည် ပြည်ထောင်စုသားချင်းဖြစ်ကြပေပြီ။ ပြည်ထောင်စုကြီး တည်မြဲရေး၊ ကြီးပွားရေး၊ ပြည်တော်သာရေးအတွက် ပြည်ထောင်စုသားအချင်းချင်း ညီရင်းအစ်ကိုကဲ့သို့ ချစ်ကြည်လေးစားကြပြီး စည်းလုံးညီညွတ် အောင်ကြောင်းဖြာ ဆိုသကဲ့သို့ အချင်းချင်း စည်းလုံးညီညွတ်ရန် အထူးအရေးကြီးပေသည်။ နှုတ်ချိုလျှိုတစ်ပါးဟုဆိုသလို မွန်များနားဝင်ချိုလှသော မွန်ဟုသာ ရေးသားသုံးနှုန်းခေါ်ဝေါ်သင့်လှ၏။

၁၉၃၀ ခုနှစ်တွင် မွန်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဆာဂျေအေဦးမောင်ကြီးသည် မြန်မာပြည်၏ ခေတ္တဘုရင်အဖြစ် ဆောင်ရွက်စဉ် မွန်လူမျိုးကို (တလိုင်း) အစား (မွန်) ဟူ၍သာလျှင် စာပေဘာသာရပ်များတွင် အသိမှတ်ပြု ရေးသားသုံးနှုန်းခေါ်ဝေါ်ကြရန်နှင့် (မွန်) အမည်သည် (တလိုင်း) အမည်ထက် ပိုမိုသင့်လျော်မှန်ကန်သည့် အမည်ဖြစ်သဖြင့် နောက်နောင် (မွန်) ဟူ၍သာ ရေးသားသုံးနှုန်းခေါ်ဝေါ်ကြစေရန် ဘုရင်ခံ၏ ကောင်စီအစည်းအဝေး၌ ဘုရင်ခံကြီး ဆာဂျေအေဦးမောင်ကြီး၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဌာန အတွင်းဝန်ထံက ၁၉၃၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့စွဲပါ ဆာကျူလာမင်မိန့်နံပါတ် ၁၇၄ ဝီ ၃၁ အရ အစိုးရဌာနကြီးအကဲများ အားလုံးသို့ ညွှန်ကြားခဲ့ပြီး ပြန်တမ်းထုတ်ပြန်ခဲ့ဖူးလေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားများ စည်းလုံးမှုချစ်ကြည်မှုကို ဖန်တီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီကလေးကပင် မွန်လူမျိုးများ မကြိုက်မနှစ်သက်သည့် တလိုင်းဝေါဟာရ ပျောက်လေအောင် အထက်ပါ ဆာကျူလာကိုပင် ဗိုလ်ချုပ်၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်ချုပ်က ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နေ့စွဲပါ မင်မိုအမှတ် ၅၉ အိပ် အက်ဖ် ၄၇ (၁၇၁၃) အရ ဒုတိယအကြိမ် ဆက်လက်ညွှန်ကြား ထုတ်ပြန်ခဲ့ပြန်လေသည်။ ဗိုလ်ချုပ်၏ သွေးစည်းမှုဝါဒ တစ်ရပ်ပင် ဖြစ်၏။

ထိုနှစ်မှစပြီး မွန်ဟူသော အခေါ်အဝေါ် အရေးအသားသည် တမဟုတ်ခြင်းပေါ်လွင် ထင်ရှားသုံးနှုန်းခေါ်ဝေါ်ခဲ့ကြပါသည်။ တလိုင်းဝေါဟာရကို သုံးနှုန်းသူ အလွန်နည်းပါးလာ၏။ သို့ရာတွင် သတိမမူ ဂူမမြင် ပညာရှိ သတိဖြစ်ခဲ ဆိုသကဲ့သို့ သတိမထားသူ ပေါင်းများစွာပင် နှုတ်ကျိုး၊ ကလောင်ကျိုး ဖြစ်နေသော တလိုင်းဝေါဟာရကို တစ်ခါတစ်ရံ ခေါ်ဝေါ်ရေးသား သုံးနှုန်းကြသည်ကို မြင်တွေ့ရသေးသည်။

မကြာမြင့်မီက အစည်းအဝေးကြီးတစ်ခုတွင် မွန်လူမျိုးကို အထူးအားပေးချီးမြှင့်သော ခေါင်းဆောင်ကြီးတစ်ဦးက မိန့်ခွန်းပြောရင်း ရာဇဝင်ကို နှိုင်းယှဉ်ကိုးကားပြောဆိုရာတွင် (ကျန်စစ်သားက စောလူးမင်းကို ငရမန်ကန်း၏ အချုပ်ခန်းထဲက တိတ်တဆိတ်ဝင်ရောက်ခိုးယူစဉ် စောလူးမင်းက ကျန်စစ်သားအား မယုံကြည်သဖြင့် အော်ဟစ်လိုက်သောအခါ ကျန်စစ်သားမင်းက "ဟယ်မင်းဆိုးမင်းညစ် 'တလိုင်း' တို့လက်တွင် သေရစ်ပေတော့") အစရှိသည်ဖြင့် ရာဇဝင်စာအုပ်၌ ရေးသားပုံနှိပ်ထားသည့်အတိုင်း ပြန်လှန်ပြောခြင်း ဖြစ်ပေသည်။

ယင်းသို့ (တလိုင်း) ဝေါဟာရကို အမှတ်မထင် သုံးနှုန်းမိသော ပုဂ္ဂိုလ်ကြီးသည် မွန်ကို နှိမ့်ချလိုစိတ်လုံးဝမရှိဘဲ မွန်ကိုအလွန်ချစ်၍ အားပေးနေသောသူဖြစ်ကြောင်းကို မွန်ပညာရှိများက သိကြသော်လည်း မွန်လူငယ်အများက မသိသဖြင့် အထင်လွဲမိပေလိမ့်မည်။ အထက်ပါစကားတွင် ("ဟယ်မင်းဆိုးမင်းညစ် 'မွန်' တို့လက်တွင် သေရစ်ပေတော့") ဟူ၍ တလိုင်းအစား မွန်ဟု ပြင်ဆင်သုံးနှုန်းလိုက်ပါက ပို၍သင့်လျော်ပေမည်မဟုတ်ပါလော။

တက္ကသိုလ်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများတွင် အသုံးပြုလျက်ရှိသော ဖတ်စာအုပ်ဟောင်းများ၊ ရာဇဝင်စာအုပ်ဟောင်းများတွင် မွန်လူမျိုးကို တလိုင်းဟု ပုံနှိပ်ထားသဖြင့် ဆရာများနှင့် ကျောင်းသားများက စာအုပ်အတိုင်း တလိုင်းဟု ဟောပြောသုံးနှုန်းဖတ်ကြားကြသည်များကို ကြားရသည့် မွန်ကလေးများအတွက် မခံချင်ကြ၊ မကြားချင်၊ မကျေနပ်ချင်ဖွယ်ရာဖြစ်ကြောင်းကို သိရပေမည်။

မွန်တက်လူငယ်များ သွေးစည်းမှုကို ရှေးရှု၍ ပြင်ဆင်သင့်ပေသည်။ ပုံနှိပ်စာအုပ်ရှိ တလိုင်းဝေါဟာရကို စာဖတ်ရင်းပင် မွန်ဟု လက်ရေးဖြင့် ပြင်ဆင်၍ ဖတ်ကြားသင့်လှပေသည်။ ကျောင်းဆရာများ အထူးသတိပြု၍ ပြင်ဆင်သင့်ပေသည်။

၎င်းပြင် အသံလွှင့်ရုံမှ လွှင့်ရန်စကားများ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ ရုပ်ရှင်ပြဇာတ်နှင့် ဇာတ်သဘင်များတွင်လည်း တလိုင်းဝေါဟာရအစား မွန်ဟု သတိပြု၍ ပြင်ဆင်သုံးနှုန်းသင့်ပေသည်။

စာရေးဆရာများ၊ သတင်းထောက်များ၊ အယ်ဒီတာများ၊ ကျောင်းဆရာများ၊ ကျောင်းသုံးစာအုပ်ကော်မတီနှင့် ပညာရေးဌာနအရာရှိများက စာအုပ်သစ်များတွင် တလိုင်းဝေါဟာရမပါစေရန် အထူးသတိပြုသင့်ပေသည်။ စာရေးသူက သတိလစ်၍ တလိုင်းဟု သုံးမိပါက တည်းဖြတ်သူ ပုံနှိပ်သူ တာဝန်ရှိသူက မွန်ဟု ပြင်ဆင်သင့်ပေသည်။

အရပ်ဒေသများတွင်လည်း တလိုင်းအိမ်၊ တလိုင်းလမ်း၊ တလိုင်းချောင်း၊ တလိုင်းရပ်၊ တလိုင်းနယ်၊ တလိုင်းပိန္နဲသီး၊ တလိုင်းမင်းသမီးနှင့် တလိုင်းမင်းသား၊ တလိုင်းသံ၊ တလိုင်းသီချင်းများ၏ အမည်များကိုလည်း မွန်အိမ်၊ မွန်လမ်း၊ မွန်ချောင်း၊ မွန်ရပ်၊ မွန်နယ်၊ မွန်ပိန္နဲသီး၊ မွန်မင်းသမီး၊ မွန်မင်းသား၊ မွန်သံ မွန်သီချင်းဟူ၍ ပြင်ဆင်ခေါ်ဝေါ်သုံးနှုန်းသင့်ပေသည်။

စာရေးသူ ငယ်စဉ်က နာမည်ကျော် မွန်မင်းသား တလိုင်းအောင်စိန် ဇာတ်ကိုကြည့်သူတိုင်း၊ ၎င်းသည် ပငရွာသားဖြစ်၍ သီချင်းဆိုရာတွင် (ငပိထောင်းနှင့် ထမင်းမိန် တလိုင်းအောင်စိန်တို့ ပငရွာကြီး) ဟူ၍ ကြားဖူးသည်။

၎င်းမင်းသားသည် တလိုင်းဝေါဟာရ၏ အဓိပ္ပာယ်ကို မွန်အသင်းမှ ဆရာဘုန်းတော်ကြီးများက ပြောပြပြီးသောအခါ ၎င်း၏နာမည်ကို မွန်အောင်စိန်ဟု ပြောင်း၍ သီချင်းကိုလည်း (မွန်အောင်စိန်တို့ ပငရွာကြီး) ဟု ပြောင်းလဲသီချင်းဆိုခဲ့သဖြင့် မွန်အသင်းကြီးက ၎င်းအား ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ဖူးပေသည်။

လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးများစွာရှိသည့် ပြည်ထောင်စုတည်တံ့ရေးနှင့် ပြည်တော်သာရေး လုပ်ငန်းများ အကောင်အထည်ဖော်ရန် ဗလငါးတန်အနက် စိတ္တဗလမဏ္ဍိုင်တည်ဆောက်ရေးသည် အထူးအရေးကြီးလှ၏။ တိုင်းပြည်တွင် လူမျိုးရေးပဋိပက္ခမဖြစ်စေဘဲ အချင်းချင်း ညီအစ်ကိုကဲ့သို့ ချစ်ကြည်လေးစားကြရန် အလွန်အရေးကြီးလှသည်။

တိုင်းရင်းသားတစ်မျိုးက မကြိုက်မနှစ်သက်သော မနှစ်မြို့သောအခေါ်အဝေါ် အပြုအမူများကို အခြားညီနောင်တိုင်းရင်းသားများက အထူးလေးစားစွာ သတိပြုရှောင်ရှားရန်သင့်ပေသည်။

ပျက်အစဉ် ပြင်ခဏဆိုသလို တလိုင်းမှ မွန်ဟု ပြင်ဆင်ခေါ်ဝေါ်သုံးနှုန်းရန် မည်သူမျှ ဝန်လေးဖွယ်မရှိပါ၍ ပြည်ထောင်စုသားချင်း ချစ်ကြည်မှုကို ရှေးရှုလျက် တလိုင်းဝေါဟာရကို ပင်လယ်မျှောချကာ တိလိင်္ဂနတိုင်းသို့ ပြန်ပို့ရင်း မွန်နာမည်ရင်းကိုသာ အားလုံးက လက်ခံသုံးနှုန်း ခေါ်ဝေါ်သမုတ်နိုင်ကြပါစေသတည်း။

နိုင်ပန်းလှ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Min Chan Lin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category