06/07/2025
Check The Moodle Announcement 📢
UM1 IUC မှာတက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူများအတွက် student meeting စီစဉ်ထားပါတယ်။ အစည်းအဝေး အကြောင်းအရာ၊ နေ့ရက်၊ အချိန်နှင့် registration link ကို Moodle Announcement မှာတင်ထားပေးမှာဖြစ်ပါတယ်။
Moodle သို့ဝင်ရောက်ရန် အခက်အခဲရှိပါက tech support telegram ကိုဆက်သွယ်နိုင်ပါတယ်။
ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ယာယီတက္ကသိုလ်ကောင်စီ ကျောင်းသားရေးရာဌာန
28/05/2025
4th Anniversary of O-1 Medical Team-Karenni
04/04/2025
Emergency Rescue Campaign Last Call Day‼️
ငလျင်ဘေးသင့်ဒေသများအတွက် ကယ်ဆယ်ရေး၊ ဆေး နှင့် အစားအသောက်အတွက် ပြုလုပ်လျက်ရှိသည့် Emergency Rescue Campaign ကို ချိတ်ဆက်ထားတဲ့ အဖွဲ့တွေအပြင် ကူညီဖို့အတွက် လာမေးထားကြတဲ့ အလှူရှင်များလည်း ရှိတာရယ်ကြောင့် နောက်ဆုံး တစ်ရက် ထပ်တိုးကောက်ခံသွားပါမယ်။
မြေပြင်ရှိ အဖွဲ့အစည်းများနှင့် ချိိတ်ဆက်ကာ လိုအပ်သည့်နေရာများသို့ပို့နေတဲ့အတွက် Campaign တွင်မပါဝင်ရသေးသော ပြည်တွင်းပြည်ပမှ အလှူရှင်များကို အသိပေးဖိတ်ခေါ်အပ်ပါတယ်ရှင်။
ယခုလောလောဆယ် ဘုံးအိုးကျေးရွာ၊ မန္တလေး၊ စစ်ကိုင်း နှင့် အင်းလေးဒေသများသို့ ပို့ဆောင်ပြီးဖြစ်ပါတယ်။ ရက်ကြာလာတဲ့နှင့်အမျှ လိုအပ်ချက် ပိုများလျက်ရှိပါတယ်။ ထို့ကြောင့် မိဘပြည်သူများအနေနှင့် ပါဝင်ကူညီနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Campaign တွင်ပါဝင်လှူဒါန်းရန်
Messenger - m.me/um1su.mm ကိုဆက်သွယ်နိုင်ပါတယ်။
Campaignမှ ငလျင်ဘေးအတွက် လက်ကမ်းကူထားသော နေရာများ - https://www.facebook.com/share/p/1AGP17Xr4d/?mibextid=wwXIfr
#ငါတို့မှာငါတို့ရှိတယ်
03/04/2025
- Emergency Rescue Campaign မှ ငလျင်ဘေးအတွက် လက်ကမ်းကူထားသော နေရာများ -
ကျွန်တော်ကျွန်မတို့ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂရဲ့ Emergency Rescue Campaign မှ ရရှိသောအလှူငွေ (၁၉၆ သိန်းကျော်) ကို မန္တလေး၊ စစ်ကိုင်း နှင့် ရှမ်းပြည်ဘက်မှ ငလျင်ဘေးသင့် ပြည်သူများအတွက် လက်ကမ်းကူညီခဲ့ပြီး ဖြစ်ပါတယ်။
ကူညီနိုင်ခဲ့တဲ့ နေရာများကတော့
- မန္တလေးမြို့ နှင့် အမရပူရမြို့ (ဘုံးအိုးကျေးရွာ) အတွက် စုစုပေါင်း ၉၆ သိန်းကျော် (၉,၆၅၄,၂၅၀ ကျပ်)
- စစ်ကိုင်းမြို့အတွက် စုစုပေါင်း သိန်း ၅၀
- တောင်ကြီးမြို့အတွက် စုစုပေါင်း သိန်း ၂၀
- အင်းလေးမြို့အတွက် စုစုပေါင်း သိန်း ၃၀ ဖြစ်ပါတယ်။
အစားအသောက်နှင့် အသုံးအဆောင်များသာမက လိုအပ်သေယ ဆေးဝါးနှင့် အခြား ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက်လည်း မြေပြင်အဖွဲ့များနှင့် ချိတ်ဆက် ပေးပို့နိုင်ခဲ့ပါတယ်။
(ပမာဏ အသေးစိတ်များကို တပုံချင်းစီမှာ ကြည့်ရှုနိုင်ပါတယ်)
ယခုလို ၅ ရက်တာ အရေးပေါ် ကမ်ပိန်းလေးမှာ လိုအပ်နေသော နေရာအများအပြားအတွက် ဖြန့်ကျက်ကူညီနိုင်ဖို့ ဝိုင်းဝန်းပေးခဲ့ကြသော ပြည်တွင်းပြည်ပက ကျောင်းသားပြည်သူ တယောက်ချင်းစီကို ကျေးဇူး အများကြီးတင်ရှိပါတယ်။
တယောက် တလက်နဲ့ ဖေးမခဲ့ကြတဲ့ ခွန်အားတွေ စုပေါင်းပြီး ကျွန်တော်ကျွန်မတို့ရဲ့ မြန်မာပြည်သူတွေအတွက် တစုံတရာ အထောက်အပံ့ ဖြစ်ဖို့အတွက် လက်တွဲ ကူညီနိုင်ခဲ့ပါပြီ။
ရေရှည်ပြန်လည် ထူထောင်ရမယ့် ခရီးရှည် ခရီးကြမ်းဖြစ်တဲ့အတွက် ရှေ့ဆက်လည်း အားမလျှော့ဘဲ ဝိုင်းဝန်းတည်ဆောက်ကြဖို့ အတွက် တိုက်တွန်းလိုက်ရပါတယ်။
ပြည်သူ တယောက်ချင်းစီရဲ့ ခွန်အားဟာ ဒီ ခရီးရှည်အတွက် မရှိလို့မဖြစ်တဲ့ တွန်းအားတွေပဲ ဖြစ်တာကြောင့် ကမ်ပိန်းလေး မပြီးသေးခင် အချိန်လေးမှာ အခြား လိုအပ်တဲ့ နေရာတွေဆီ အရောက်ပို့ကူနိုင်ဖို့ ကမ်ပိန်းလေးမှာ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။
02/04/2025
ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နိုင်ရန် အလှူငွေများ ကောက်ခံလျက် ရှိပါသည်။
ရရှိလာသော အလှူငွေများအား မြေပြင်သို့ အချိန်နှင့် တပြေးညီ စီးဆင်းကူညီလျက် ရှိပါသည်။
Donation ကောက်ခံခြင်း ၄ရက်မြောက်အတွက် ပြည်သူများအနေနှင့် တတ်အားသမျှ ပါဝင်ကူညီပေးကြပါရန် တိုက်တွန်းလိုက်ပါသည် ခင်ဗျာ ။
လက်ရှိအချိန်ထိ မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့များသို့ စီးဆင်းထားပြီးသော ပမာဏများကို ယနေ့ညနေတွင် အသေးစိတ် ဖော်ပြပေးပါမည် ။
#ငါတို့မှာငါတို့ရှိတယ်
01/04/2025
Emergency Rescue Campaign ‼️
လတ်တလော ငလျင်ဘေးသင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် လူသားချင်းစာနာထောက်ထားစိတ်များ ၊ မြေပြင်
ကူညီကယ်ဆယ်ရေးများသာမက ထိုလုပ်ငန်းစဉ်များအတွက် အလှူငွေများလည်း လိုအပ်လျက်ရှိပါတယ် ။
ငလျင်ဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးအတွက် အလှူငွေပမာဏ ကန့်သတ်ထားခြင်း မရှိဘဲ တတ်အားသရွေ့ ပါဝင်ပေးကြပါရန် နှိုးဆော်လိုက်ပါတယ် ခင်ဗျာ ။
လတ်တလော ရရှိထားသော အလှူငွေများထဲမှ တချို့ကို အမရပူရမြို့ ဘုံးအိုးကျေးရွာဘက် ငလျင်ဘေးသင့်ဒေသ နဲ့ မန္တလေးမြို့သို့ ဆေးကုသရေး ဆင်းသော အဖွဲ့တို့ဆီ ပို့ပေးပြီး ဖြစ်ပါတယ် ခင်ဗျာ ။
ရေရှည်ခရီး ဖြစ်တဲ့အတွက် အားလုံး ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းပါရစေ ခင်ဗျာ 🙏🏻
#ငါတို့မှာငါတို့ရှိတယ်
30/03/2025
ငလျင်ဘေးသင့်ပြည်သူများအတွက် ဖေးမကူညီကြပါရန် တိုက်တွန်းနှိုးဆော်လွှာ
#ငါတို့မှာငါတို့ရှိတယ်
ငလျင်ဘေးသင့်ပြည်သူများအတွက် ဖေးမကူညီကြပါရန် တိုက်တွန်းနှိုးဆော်လွှာ
30/03/2025
Emergency Rescue Campaign‼️
မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူများ၊မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြေကွဲရပါသည်။
စစ်ကိုင်း နှင့် မန္တလေး အပါအဝင် ငလျင်ဘေးသင့် ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ Emergency campaign လေးတစ်ခုပြုလုပ်သွားပါမည်။
Campaign target ကို သတ်မှတ်ထားခြင်းမရှိဘဲ လက်ခံရရှိသမျှ အလှူငွေများကို မြေပြင်သို့ တိုက်ရိုက်ဆင်းကူမည့် အဖွဲ့များဆီ လွှဲအပ်သွားမည် ဖြစ်သည်။
လှူဒါန်းနေစဥ် ပုံရိပ်များကို ပြန်လည်ရယူနိုင်ရန် မသေချာသော်လည်း လာရောက် ကူညီလှူဒါန်းပေးမည့် အလှူရှင်များ အားလုံးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ထုတ်ပေးသွားပါမည်။
ပြည်သူမှာ ပြည်သူသာ ရှိတဲ့အတွက် ဝိုင်းဝန်းပါဝင် ကူညီပေးကြပါရန် မျှော်လင့်ပါသည်။
#ငါတို့မှာငါတို့ရှိတယ်
14/03/2025
- ရဲဘော် ခန့်ငြားဟိန်း ကျဆုံးခြင်း (၄)နှစ်ပြည့် အာဟာရဒါနအလှူ -
ဆေးတက္ကသိုလ်(၁)ကျောင်းသားသမဂ္ဂမှ ဆေးတက္ကသိုလ်(၁)ကျောင်းသား ကိုခန့်ငြားဟိန်း ကျဆုံးခြင်း (၄)နှစ်ပြည့် အောက်မေ့သတိရခြင်း အမှတ်တရအဖြစ် ကရင်နီဒေသရှိ စစ်ရှောင်စခန်းတစ်ခုမှ ကလေးငယ်တို့အတွက် အာဟာရဒါနအနေဖြင့် မုန့်များ ပေးဝေလှူဒါန်း ဖြစ်ခဲ့ပါသည်။
#ရဲဘော်ခန့်ငြားဟိန်းကျဆုံးခြင်း၄နှစ်ပြည့်
#မတ်လ၁၄ရက်နေ့
14/03/2025
“မတ်လ ၁၄ ရက်နေ့ ၂၀၂၁ ခုနှစ်”
အာဏာသိမ်းခံရတာ ၁ လကျော်ခဲ့ပြီ။ လမ်းမမှာ ဆန္ဒပြပွဲတွေ နေရာအနှံ့မှာ အရှိန်အဟုန် ပြင်းထန်နေပြီး အာဏာရှင်လက်ကိုင်တုတ် စစ်ခွေး၊ ရဲခွေးတွေက လက်နက်မဲ့ပြည်သူတွေကို စစ်ရေးသုံး လက်နက်တွေ၊ ကျည်အစစ်တွေနဲ့ ရက်ရက်စက်စက် ဖြိုခွဲနေချိန် ဖြစ်ပါတယ်။
ကိုခန့်ငြားဟိန်းက အရင်နေ့တွေလိုပဲ ဆန္ဒပြတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မိဘတွေတားနေတဲ့ကြားထဲက အိမ်ကခိုးထွက်ပြီး တာမွေစခန်းရှေ့မှာ ပါဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံတဝှမ်း မတရားမှုကို ခေါင်းငုံ့မခံဘဲ ကျရာတာဝန်ကို ထမ်းဆောင်တဲ့ လူငယ်ထဲကတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် ဒိုင်းကာပါကိုင်ပြီး ရွပ်ရွပ်ချွံချွံရှေ့တန်းက ပါဝင်ခဲ့ပါတယ်။
နေ့လယ် ၃:၀၀ ဝန်းကျင်ခန့်မှာ အကြမ်းဖက်စစ်တပ်က ကျည်ဆန်အစစ်သုံးပြီး ပစ်ခတ်မှုကြောင့် ခန့်ငြားဟိန်း လဲကျသွားခဲ့ပါတယ်။ လဲကျနေတဲ့ ခန့်ငြားဟိန်းကို ရည်ရွယ်ချက်ရှိရှိနောက်ထပ်ကျည်နဲ့ ထပ်မံပစ်ခဲ့ပါတယ်။ ထို့နောက် အသက်မဲ့ခန္ဓာကို အပင်အောက်မှာ ပစ်ထားခဲ့ပြီးနောက် တာမွေစခန်း ၄၀ ထဲကို တရွတ်တိုက် ဆွဲခေါ်သွားခဲ့ပါတယ်။ ထို့ပြင် ခန့်ငြားဟိန်းလဲကျနေစဉ်မှာ ကာကွယ်ပေးခဲ့တဲ့ အမျိုးသမီးကိုပါ ဆံပင်ဆွဲပြီး ဖမ်းဆီးသွားခဲ့ပါတယ်။
ခန့်ငြားဟိန်းဖခင်ဖြစ်သူမှာ ကလေးတစ်ယောက်ကျသွားတဲ့ သတင်းကြားပြီး သားဖြစ်သူကို အိမ်မှာ မတွေ့တော့တာကြောင့် သားကို စိတ်ပူတဲ့စိတ်နဲ့ လိုက်ရှာခဲ့ပါတယ်။ သားဖြစ်သူ မဖြစ်နိုင်ဘူးလို့ စိတ်ထဲက ငြင်းဆန်နေပေမယ့် သားဖြစ်သူဖြစ်ကြောင်း အတည်ပြုချက်ကိုသာ ရခဲ့ပါတယ်။
သို့ပေမယ့် ကိုခန့်ငြားဟိန်းကို ဆေးကုသခွင့်မရခဲ့ပါ။ ဖြစ်စဉ်အတော်ကြာမှ ကိုခန့်ငြားဟိန်းကို ကုတင် ၅၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကုတင် ၁၀၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် အသက်မမီခဲ့ပါ။ ဆေးကုသမှုလုပ်ငန်းစဉ်တွေကိုလည်း ရှင်းရှင်းလင်းလင်း သိခွင့်မရတဲ့အပြင် dead body ထုတ်ခွင့်ရဖို့ပဲ ကြိုးစားခဲ့ရပါတယ်။ မတ်လ ၁၅ ရက်နေ့မှသာ dead body ထုတ်ယူခွင့်ရခဲ့ပြီး အိမ်ကိုပြန်လည်ခေါ်ဆောင်ခွင့် မရရှိခဲ့ဘဲ ရေဝေးသုသာန်သို့သာ တန်းပို့ခဲ့ရပါတယ်။
ယနေ့ မတ်လ ၁၄ရက်နေ့တွင် ခန့်ငြားဟိန်းကျဆုံးခြင်း ၄ နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်သည်။
ဖိနှိပ်သူတို့၏ သေနတ်ပြောင်းဝရှေ့တွင် နောက်မဆုတ်ဘဲ ရှေ့တန်းမှ ရဲရဲဝံ့ဝံ့တော်လှန်ခဲ့သော ခန့်ငြားဟိန်းကို မမေ့မလျော့ သတိရကာ တော်လှန်ရေးတွင် ကျရာနေရာမှ ပါဝင်ကြရမည်ဖြစ်သည်။
ခန့်ငြားဟိန်း ကျဆုံးချိန်တွင် ခံစားခဲ့ရသော နာကျည်းမှုကို စိတ်ထဲတွင် စွဲထင်ကာ ကောက်ရိုးမီး မဖြစ်ကြရန် လိုအပ်လှပါသည်။ ရဲဘော်ခန့်ငြားဟိန်းစိတ်ဓာတ်ကို စွဲကိုင်ကာ ဆက်လက်တော်လှန်ကြရန် သတိပေးနှိုးဆော်ရင်း ရဲဘော် ခန့်ငြားဟိန်းကို အလေးနီပြုအပ်ပါတယ်။
ရဲဘော်ခန့်ငြားဟိန်းစိတ်ဓာတ် ထာဝရ ရှင်သန်ပါစေသောဝ်။
အရေးတော်ပုံအောင်ရမည်။
#ရဲဘော်ခန့်ငြားဟိန်းကျဆုံးခြင်း၄နှစ်ပြည့်
#မတ်လ၁၄ရက်နေ့
- Art created by 'Qq' -
25/11/2024
#အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်
⬛အမျိုးသားနေ့မှသည်...
*************************
မြန်မာထုကို
ကျွန်ပြုစေရေး ကောက်ကျစ်တွေးသည့်
ညစ်ထွေးအကြံ ဖက်ဆစ်ဉာဏ်ကို
တွန်းလှန်ကြိုးစား အမျိုးသားတို့
နိုးကြားမဆိတ် ကြိုးစားဖိတ်၍
သပိတ်လှုပ်ရှား ပြည်သူများနှင့်
ကျောင်းသားမကျန် ရဲစိတ်ထန်သည်
ကြိမ်ဖန်မမေ့ ထိုထိုနေ့...။
သုံးကြိမ်ကြိုးပမ်း နယ်ချဲ့သရမ်း၏
မှန်းချက်မထင် ဝေးဝေးကြဥ်လည်း
အစဥ်နိုးကြား အမျိုးသားတို့
စွမ်းအားဝရဇိန် မျိုးချစ်အိမ်မှာ
စိန်ရွှေတမျှ ဖိုးတန်လှ၍
မှတ်ကြအဟုတ် တန်ဆောင်ထုတ်လျက်
လဆုတ်ဆယ်ရက် နေ့ထူးမြတ်...။
ယနေ့ချိန်ခါ စစ်မိစ္ဆာလည်း
အာဏာရူးလျက် တိုင်းပြည်ဖျက်၍
အသက်များစွာ သတ်ဖြတ်လာသမို့
ငါတို့ကျောင်းသား ငြိမ်မနေအားဘဲ
တရားသောဘက် ရပ်ချီတက်ကာ
လက်နက်ကိုင်ဆွဲ တော်လှန်ဇွဲနှင့်
တောထဲတောင်ကြား တို့ကျောင်းသားတွေ
ကြိုးစားလျှောက်လှမ်း မမောပန်းပေါ့
တောလမ်းဆီက မွှေးမြမြလှိုင်
လှပတင့်ဆန်း တော်လှန်ပန်းတို့
စခန်းလျှိုလျှို လမ်းထိုထိုဝယ်
ဆောင်းကိုအံတု နွေမမှုဘဲ
မိုးဥတုဒဏ် ခါးဆီးခံသည်
တော်လှန်စစ်သား အမျိုးကောင်းများ။
နေရှင်နယ်ဒေး တည်တံ့ရေးတွက်
မမေ့အပ်ကြောင်း မြေပြင်ကျောင်းတိုင်း
ထပ်လောင်းလေးမြတ် ကဗျာဖတ်၍
တွေးမှတ်စာစီ နေ့ထူးမည်ကို
ရေးသီမဆုံး စာစီကုံးလျက်
နှလုံးအိမ်တိုး ခိုဝင်ပျိုးသည်
အမျိုးသားနေ့ ဘယ်မမေ့...။
ကန်ညီနောင်ရွှေဗျိုင်း
#အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်
#ကဗျာတင်ဆက်ခြင်း