28/03/2026
အထူးအစီအစဉ်အရခွင့်ပြုထားတဲ့ စားသောက်ဆိုင်လုပ်ငန်းရှိ နိုင်ငံခြားသားအလုပ်သမားအရေအတွက် မကြာခင် ကန့်သတ်ချက်ပြည့်တော့မယ်
အစိုးရရဲ့ အထူးအစီအစဉ်တစ်ခုအရ ဂျပန်နိုင်ငံရဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ အလုပ်လုပ်ခွင့်ပြုထားတဲ့ နိုင်ငံခြားသားလုပ်သားအရေအတွက်ဟာ မကြာခင် ကန့်သတ်ချက်ပြည့်တော့မယ်လို့ ခန့်မှန်းရပါတယ်။
အထူးကျွမ်းကျင်လုပ်သားစနစ်အရ ၂၀၂၉ ခုနှစ် မတ်လမတိုင်ခင်အတွင်း လုပ်ငန်းကဏ္ဍ ၁၉ ခု အတွက် ပြည်ပကနေ လူပေါင်း ၈၀၀,၀၀၀ ကျော် လာရောက်ဖို့ စီစဉ်ထားပါတယ်။ လုပ်ငန်းကဏ္ဍတစ်ခုချင်းစီမှာ အလုပ်ခန့်ထားမှု အရေအတွက်ကန့်သတ်ချက်ရှိပါတယ်။
အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းက မေလမှာ ကန့်သတ်ချက်ဖြစ်တဲ့ အလုပ်သမား ၅၀,၀၀၀ ကို ကျော်သွားမယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့တုန်းက ပြောခဲ့ပါတယ်။
ဧပြီလ ၁၃ ရက်နေ့ကစပြီး ဂျပန်နိုင်ငံကို ဝင်ရောက်ဖို့ လိုအပ်တဲ့ အရည်အချင်းပြည့်မီမှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးတာကို တာဝန်ရှိသူတွေက ယာယီရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းက အစိုးရက စနစ်ကို ပြောင်းလဲပြင်ဆင်ပြီးတဲ့နောက်ပိုင်း အခုလိုမျိုး ရပ်ဆိုင်းလိုက်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
စားသောက်ဆိုင်တွေဟာ လာရောက်လည်ပတ်သူခရီးသွားတွေများလာနေချိန်မှာ အလွန့်အလွန် အလုပ်သမားရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဝန်ထမ်းရရှိရေး စိတ်ချနိုင်ဖို့အတွက် ဆိုင်အများအပြားက ဒီအစီအစဉ်ကို အားကိုးလာနေကြပါတယ်။
နိုင်ငံခြားသားလုပ်သားအရေအတွက် အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားတဲ့အခါ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတာကို ပြန်လည်စတင်ဖို့ ဆွေးနွေးမယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီက ပြောခဲ့ပါတယ်။
𝐑𝐞𝐟 ; 𝐍𝐇𝐊 𝐖𝐨𝐫𝐥𝐝 - 𝐉𝐚𝐩𝐚𝐧
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬
24/12/2025
ပြည်ပလုပ်သား ၁ ဒဿမ ၂၃ သန်း ဂျပန်အစိုးရ ခေါ်ယူဦးမယ်
ဂျပန်အစိုးရဟာ ပြည်ပလုပ်သား ၁ ဒဿမ ၂၃ သန်းကျော်ကို ကျွမ်းကျင်လုပ်သားတွေနဲ့ သင်တန်းသားသစ် စနစ်နှစ်ခုအောက်မှာ လက်ခံသွားဖို့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၉ ခုနှစ် မတ်လကုန်အထိ သတ်မှတ်လုပ်သားအရေအတွက်ကို လက်ခံမယ့် အစီအစဉ်ကို ကျွမ်းကျင်သူအဖွဲ့ထံ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိစနစ်အရ သတ်မှတ်ထားတဲ့ ကျွမ်းကျင်လုပ်သားတွေအတွက် ကဏ္ဍ ၁၉ ခုမှာ လူ ရှစ်သိန်းကျော်ကို လက်ခံမယ်လို့ ပြောပါတယ်။
စက်မှုလုပ်ငန်းအလိုက် လူတသိန်းကိုးသောင်းကျော်ကို စက်မှုထုတ်ကုန်တွေ ထုတ်လုပ်ရာမှာလည်းကောင်း၊ တသိန်းသုံးသောင်းကျော်ကို အစားအသောက်နဲ့ အဖျော်ယမကာထုတ်ကုန်တွေ ထုတ်လုပ်ရာမှာလည်းကောင်း၊ တသိန်းနှစ်သောင်းကျော်ကို သူနာပြုစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် ခေါ်ယူမှာလို့ အစီအစဉ်မှာ ဖော်ပြထားပါတယ်။
၂၀၂၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စတင်မယ့် အခြားစနစ်တခုမှာတော့ မူအရ သုံးနှစ်အတွင်း သတ်မှတ်ထားတဲ့ ကျွမ်းကျင်ဝန်ထမ်းအဆင့်ကို ရောက်ရှိစေဖို့ ပြည်ပလုပ်သားတွေကို လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားပါတယ်။
ဒီစနစ်အောက်မှာတော့ ကဏ္ဍ ၁၇ ခုအတွက် စုစုပေါင်း ပြည်ပလုပ်သား လေးသိန်းနှစ်သောင်းကျော်ကို လက်ခံမှာဖြစ်ပါတယ်။ လုပ်ငန်းအလိုက် တသိန်းနှစ်သောင်းကျော်ကို ဆောက်လုပ်ရေးလုပ်ငန်း၊ တသိန်းတသောင်းကျော်ကို စက်မှုထုတ်လုပ်ရေးလုပ်ငန်း၊ ခြောက်သောင်းကျော်ကိုတော့ အစားအသောက်နဲ့ အဖျော်ယမကာထုတ်လုပ်ရေးလုပ်ငန်းမှာ ခန့်အပ်ဖို့ရှိနေပါတယ်။
ဒါဟာ ဂျပန်မှာ မျှော်မှန်းထားတဲ့ ထုတ်လုပ်မှုတိုးတက်လာတာနဲ့အတူ အလုပ်ခန့်အပ်နိုင်တဲ့ အမြင့်ဆုံး လုပ်သားအင်အားဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအစီအစဉ်ကို ဇန်နဝါရီလမှာ ဆွေးနွေးပြီးနောက် အစိုးရအဖွဲ့က အတည်ပြုဖို့ စီစဉ်ထားပါတယ်။
𝐑𝐞𝐟 ; 𝐍𝐇𝐊 𝐖𝐨𝐫𝐥𝐝 - 𝐉𝐚𝐩𝐚𝐧
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬
14/12/2025
နိုင်ငံခြားသားယာဉ်မောင်းလိုင်စင်ကို ဂျပန်ယာဉ်မောင်းလိုင်စင်အဖြစ် ပြောင်းလဲနည်း
နိုင်ငံခြားတိုင်းပြည်က ယာဉ်မောင်းလိုင်စင်ကို ဂျပန်ယာဉ်မောင်းလိုင်စင်အဖြစ် ပြောင်းလဲဖို့နဲ့ ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ပြင်ဆင်ပြောင်းလဲခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ရှင်းပြပါမယ်။
ဂျပန်မှာ နိုင်ငံခြားသားတွေကို အသုံးပြုခွင့်ပေးထားတဲ့ ယာဉ်မောင်းလိုင်စင် အမျိုးအစားတွေနဲ့ ပတ်သက်ပြီး ပထမဆုံးလေ့လာပါမယ်။
➣ ပထမအမျိုးအစားက ဂျပန်နိုင်ငံသားတွေနည်းတူ ဂျပန်မှာ ယာဉ်မောင်းလိုင်စင် စာမေးပွဲ ဖြေပြီး အောင်ရင်ရတဲ့ ယာဉ်မောင်းလိုင်စင်ပါ။ အဲဒီလိုင်စင်ကို ရဖို့အတွက် ယာဉ်မောင်းသင်တန်းကျောင်း တက်ရပါတယ်။ ယာဉ်မောင်းတဲ့ လက်တွေ့ လေ့ကျင့်ခန်းပြီးတဲ့နောက် လက်တွေ့မောင်းတာကို စစ်တဲ့ စာမေးပွဲနဲ့ ရေးဖြေစာမေးပွဲကို အောင်မြင်အောင် ဖြေဆိုရပါတယ်။
➣ ဒုတိယအမျိုးအစားကတော့ ယာဉ်သွားလာမှုဆိုင်ရာ ဂျနီဗာကွန်ဗင်းရှင်း (Geneva Convention on Road Traffic) ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တဲ့ နိုင်ငံနဲ့ ဒေသတွေက ထုတ်ပေးထားတဲ့ နိုင်ငံတကာယာဉ်မောင်းလိုင်စင်တွေနဲ့ ဆွစ်ဇာလန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ မိုနာကိုနဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံနဲ့ဒေသတွေမှာ ပြည်တွင်းမှာ သုံးတဲ့လိုင်စင်တွေကို ဂျပန်မှာလည်းသုံးခွင့်ပေးတာ ဖြစ်ပါတယ်။ ဒီလိုင်စင်တွေ ဂျပန်နိုင်ငံတွင်းမှာ သုံးဖို့အတွက် လိုင်စင်ပုံစံနဲ့ အတူတွဲတင်ရမယ့် စာရွက်စာတမ်းတွေအတွက် သတ်မှတ်ချက်တွေ အသီးသီး ရှိပါတယ်။ အဲဒီလိုင်စင်နဲ့ ဂျပန်မှာ ယာဉ်မောင်းနိုင်တဲ့ ကာလလည်း အကန့်အသတ် ရှိပါတယ်။
➣ တတိယအမျိုးအစားကတော့ နိုင်ငံခြားက ထုတ်ပေးလိုက်တဲ့ ယာဉ်မောင်းလိုင်စင်ကို ဂျပန်လိုင်စင်အဖြစ် ပြောင်းလဲသုံးစွဲတာပဲ ဖြစ်ပါတယ်။ နိုင်ငံခြားလိုင်စင် ကိုင်ဆောင်ထားတဲ့သူဟာ ဂျပန်မှာ ယာဉ်မောင်းဖို့ လိုအပ်တဲ့ ဗဟုသုတနဲ့ အသိပညာတွေရှိပြီး အရည်အချင်းတွေ ပြည့်မီတယ်လို့ အသိအမှတ်ပြုခံရတယ်ဆိုရင် ဂျပန်လိုင်စင်ကို ရယူနိုင်ပါတယ်။ ဒီနည်းလမ်းနဲ့ ဂျပန်ယာဉ်မောင်းလိုင်စင်အဖြစ် ပြောင်းလဲရာမှာ သတ်မှတ်ချက်တွေကို အောက်တိုဘာလက စပြီး ပိုပြီး တင်းကျပ်ခဲ့တာ ဖြစ်ပါတယ်။
📌 ဤအချက်အလက်များသည် 2025 ခုနှစ် ဒီဇင်ဘာလ 3 ရက်နေ့က ဖြစ်ပါသည်။
✅ နောက်ခံအကြောင်းအရင်း
ဘယ်လို နောက်ခံအကြောင်းအရင်းတွေရှိလို့ အခုလို စည်းကမ်းတင်းကျပ်လိုက်တာလဲဆိုတာ ရှင်းပြပါမယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ နိုင်ငံခြားသား စုစုပေါင်း ၆၈,၆၀၀ ကျော်ဟာ သူတို့နိုင်ငံတွေ အသီးသီးက ထုတ်ပေးတဲ့ ယာဉ်မောင်းလိုင်စင်တွေကို ဂျပန်ယာဉ်မောင်းလိုင်စင်အဖြစ် ပြောင်းလဲခဲ့ကြပါတယ်။ အဲဒီလို ပြောင်းလဲတာဟာ အရေအတွက်အမြင့်ဆုံး ဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါပေမဲ့ အရင်စနစ်မှာ ဂျပန်နိုင်ငံမှာ နေထိုင်ကြောင်း မြို့နယ်က ထုတ်ပေးတဲ့ အသိအမှတ်ပြုလက်မှတ်(住民票・Ju min hyo)မရှိတဲ့ နိုင်ငံခြားသား ခရီးသွားတွေလည်း သူတို့တည်းခိုတဲ့ ဟိုတယ်လိပ်စာတွေနဲ့ ဂျပန်နိုင်ငံရဲ့ ယာဉ်မောင်းလိုင်စင်ပြောင်းလဲဖို့ လျှောက်ထားခွင့်ပေးခဲ့ပါတယ်။
အဲဒီလို နိုင်ငံခြားသားတွေက ယာဉ်မောင်းလိုင်စင်ရပြီး မတော်တဆမှုတွေကို ဖြစ်စေခဲ့မယ်ဆိုရင် စုံစမ်းစစ်ဆေးမှုတွေ ခက်ခဲစေနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိသလို၊ ဂျပန်နိုင်ငံရဲ့ ယာဉ်စည်းကမ်းတွေကို လုံလုံလောက်လောက် နားလည်ရဲ့လားဆိုပြီး ထောက်ပြတာတွေလည်းရှိပါတယ်။
မော်တော်ယာဉ်မောင်းနှင်မှုဆိုင်ရာ အသိပညာနဲ့ ဗဟုသုတကို စစ်ဆေးတဲ့ မေးခွန်းတွေကလည်း အရမ်းလွယ်ကူလွန်းတယ်ဆိုတဲ့ အချက်လည်း ရှိတာကြောင့် ဂျပန်နိုင်ငံရဲတပ်ဖွဲ့ အေဂျင်စီက အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။
📌 ဤအချက်အလက်များသည် 2025 ခုနှစ် ဒီဇင်ဘာလ 4 ရက်နေ့က ဖြစ်ပါသည်။
✅ လိပ်စာအတည်ပြုစစ်ဆေးခြင်း
ယာဉ်မောင်းလိုင်စင်ပြောင်းဖို့အတွက် အဓိက တင်းကျပ်လိုက်တဲ့ အပြောင်းအလဲ တစ်ခုကို ရှင်းပြသွားပါမယ်။
အခုလို ပြင်ဆင်ပြောင်းလဲချက် မပြုလုပ်ခင်တုန်းက နိုင်ငံခြားယာဉ်မောင်းလိုင်စင်ကနေ ဂျပန်ယာဉ်မောင်းလိုင်စင်ကို ပြောင်းလဲဖို့ လျှောက်ထားတဲ့အခါ လျှောက်တဲ့သူရဲ့ နိုင်ငံကူးလက်မှတ်နဲ့ တည်းခိုနေတဲ့ ဟိုတယ် ဒါမှမဟုတ် တခြားတည်းနေတဲ့နေရာတွေက ထုတ်ပေးတဲ့ ယာယီနေထိုင်ကြောင်း အသိအမှတ်ပြုလက်မှတ် (一時滞在証明書 - Ichiji Taizai Shome Sho) ကိုပဲ ပြဖို့လိုခဲ့ပါတယ်။
အဲဒါကြောင့် ကာလတိုပဲနေထိုင်တဲ့သူတွေတောင် ဂျပန်ယာဉ်မောင်းလိုင်စင်ကို ပြောင်းလဲ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၅ အောက်တိုဘာလမှာ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်လိုက်ပါတယ်။
ဂျပန်ယာဉ်မောင်းလိုင်စင်ပြောင်းလဲချင်တဲ့ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် နေထိုင်တဲ့ လိပ်စာကို အတည်ပြုနိုင်ဖို့ မူအားဖြင့် ဂျပန်မှာနေထိုင်ကြောင်း အသိအမှတ်ပြုလက်မှတ်ဖြစ်တဲ့ ကိုယ်နေထိုင်ရာမြို့နယ်က ထုတ်ပေးတဲ့ (住民票 - Ju min hyo) ရဲ့ မိတ္တူကို တင်ရပါမယ်။
ဒီ ပြင်ဆင်ပြောင်းလဲမှုကြောင့် ခရီးသွားဧည့်သည်တွေနဲ့ တခြားဗီဇာနဲ့ ကာလတိုနေထိုင်တဲ့သူတွေဟာ ဂျပန်နိုင်ငံတွင်း ယာဉ်မောင်းလိုင်စင်ပြောင်းတဲ့စနစ်ကို အသုံးပြုဖို့ မဖြစ်နိုင်တော့ပါဘူး။
ဂျပန်မှာနေထိုင်နေတဲ့သူတွေပဲ လျှောက်ထားလို့ ရအောင် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
📌 ဤအချက်အလက်များသည် 2025 ခုနှစ် ဒီဇင်ဘာလ 5 ရက်နေ့က ဖြစ်ပါသည်။
𝐑𝐞𝐟 ; 𝐍𝐇𝐊 𝐖𝐨𝐫𝐥𝐝 - 𝐉𝐚𝐩𝐚𝐧
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬
https://www.facebook.com/share/p/1Az1WqvRXb/
20/09/2025
育成就労 - Ikusei shūrō
𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐚𝐧𝐝 𝐄𝐦𝐩𝐥𝐨𝐲𝐦𝐞𝐧𝐭
➣ နိုင်ငံခြားသားလုပ်သားတွေကို အနိုင်ကျင့်အမြတ်ထုတ်တဲ့ အလုပ်ရှင်တွေဆီကနေ လုပ်သားတွေ ထွက်ပြေးပျောက်ဆုံးမှုနှုန်း မြင့်တက်စေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ပြီးနောက် အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေး စနစ်သစ်တခုကို မူကြမ်းရေးဆွဲ၍ အစိုးရက ပညာရှင်များနဲ့ ထပ်မံဆွေးနွေးပြီး 2025 December လောက်တွင် အတည်ပြု၍ 2027 April တွင် စတင်ကျင့်သုံးမည်ဟု သိရှိရပါသည်။
➣ အဆိုပါမူကြမ်းအရ နိုင်ငံခြားသားလုပ်သားတွေဟာ သတ်မှတ်ထားတဲ့ လုပ်သက်ပြည့်လျှင် အလုပ်နေရာပြောင်းရွှေ့ခွင့် ရရှိပါမည်။
➣ နိုင်ငံခြားသားလုပ်သားများဘက်က သတ်မှတ်ထားတဲ့ ဂျပန်ဘာသာစကားအရည်အချင်း အပါအဝင် သတ်မှတ်စည်းကမ်းချက်များ ပြည့်မီရပါမည်။
➣ လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်သက်တနှစ်ပြည့်သူများကို လစာတိုးမြှင့်ပေးခြင်း၊ အလုပ်ခန့်အပ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရပါမည်။
🟥🟥 လုပ်သက် [2] နှစ်ပြည့်များ
①► 介護 [သူနာပြုစောင့်ရှောက်ရေး]
②► 建設 [ဆောက်လုပ်ရေး]
③► 工業製品製造業 [စက်မှုထုတ်ကုန်ထုတ်လုပ်ရေး]
④► 造船・舶用工業 [သင်္ဘောတည်ဆောက်ရေးနှင့် ပင်လယ်ရေကြောင်းသုံး စက်မှုလုပ်ငန်း]
⑤► 自動車整備 [ကားပြုပြင်ထိန်းသိမ်းရေး]
⑥► 飲食料品製造業 [အစားအသောက်နှင့် အဖျော်ယမကာ ထုတ်လုပ်ရေးလုပ်ငန်း]
⑦► 外食業 [စားသောက်ဆိုင်လုပ်ငန်း]
⑧► 資源循環 [သယံဇာတ ပြန်လည်အသုံးပြုရေးလုပ်ငန်း]
🟥🟥 လုပ်သက် [1] နှစ်ပြည့်များ
①► ビルクリーニング [အဆောက်အအုံသန့်ရှင်းရေးလုပ်ငန်း]
②► リネンサプライ [ချည်မျှင်နှင့်အထည်လုပ်ငန်း]
③► 宿泊 [တည်းခိုခန်းလုပ်ငန်း]
④► 鉄道 [မီးရထားလုပ်ငန်း]
⑤► 物流・倉庫業 [သယ်ယူပို့ဆောင်ရေးနှင့် ဂိုဒေါင်လုပ်ငန်း]
⑥► 農業 [စိုက်ပျိုးရေးလုပ်ငန်း]
⑦► 漁業 [ရေထွက်ပစ္စည်းဖမ်းဆီးရေးလုပ်ငန်း]
⑧► 林業 [သစ်တောရေးရာလုပ်ငန်း]
⑨► 木材産業 [သစ်ထုတ်လုပ်ခြင်းလုပ်ငန်း]
𝐑𝐞𝐟 ; 𝐧𝐢𝐩𝐩𝐨𝐧.𝐜𝐨𝐦
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬