28/03/2026
အထူးအစီအစဉ်အရခွင့်ပြုထားတဲ့ စားသောက်ဆိုင်လုပ်ငန်းရှိ နိုင်ငံခြားသားအလုပ်သမားအရေအတွက် မကြာခင် ကန့်သတ်ချက်ပြည့်တော့မယ်
အစိုးရရဲ့ အထူးအစီအစဉ်တစ်ခုအရ ဂျပန်နိုင်ငံရဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ အလုပ်လုပ်ခွင့်ပြုထားတဲ့ နိုင်ငံခြားသားလုပ်သားအရေအတွက်ဟာ မကြာခင် ကန့်သတ်ချက်ပြည့်တော့မယ်လို့ ခန့်မှန်းရပါတယ်။
အထူးကျွမ်းကျင်လုပ်သားစနစ်အရ ၂၀၂၉ ခုနှစ် မတ်လမတိုင်ခင်အတွင်း လုပ်ငန်းကဏ္ဍ ၁၉ ခု အတွက် ပြည်ပကနေ လူပေါင်း ၈၀၀,၀၀၀ ကျော် လာရောက်ဖို့ စီစဉ်ထားပါတယ်။ လုပ်ငန်းကဏ္ဍတစ်ခုချင်းစီမှာ အလုပ်ခန့်ထားမှု အရေအတွက်ကန့်သတ်ချက်ရှိပါတယ်။
အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းက မေလမှာ ကန့်သတ်ချက်ဖြစ်တဲ့ အလုပ်သမား ၅၀,၀၀၀ ကို ကျော်သွားမယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့တုန်းက ပြောခဲ့ပါတယ်။
ဧပြီလ ၁၃ ရက်နေ့ကစပြီး ဂျပန်နိုင်ငံကို ဝင်ရောက်ဖို့ လိုအပ်တဲ့ အရည်အချင်းပြည့်မီမှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးတာကို တာဝန်ရှိသူတွေက ယာယီရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းက အစိုးရက စနစ်ကို ပြောင်းလဲပြင်ဆင်ပြီးတဲ့နောက်ပိုင်း အခုလိုမျိုး ရပ်ဆိုင်းလိုက်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
စားသောက်ဆိုင်တွေဟာ လာရောက်လည်ပတ်သူခရီးသွားတွေများလာနေချိန်မှာ အလွန့်အလွန် အလုပ်သမားရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဝန်ထမ်းရရှိရေး စိတ်ချနိုင်ဖို့အတွက် ဆိုင်အများအပြားက ဒီအစီအစဉ်ကို အားကိုးလာနေကြပါတယ်။
နိုင်ငံခြားသားလုပ်သားအရေအတွက် အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားတဲ့အခါ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတာကို ပြန်လည်စတင်ဖို့ ဆွေးနွေးမယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီက ပြောခဲ့ပါတယ်။
𝐑𝐞𝐟 ; 𝐍𝐇𝐊 𝐖𝐨𝐫𝐥𝐝 - 𝐉𝐚𝐩𝐚𝐧
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬