21/11/2021
ဥပဒေသ (၄)
လိုအပ်တာထက်ကို လျော့ပြောပါ။
ကိုရီယိုလနက်စ်သည် ရှေးခေတ်ရောမပြည်၏ မဟာစစ်သူရဲကောင်းတစ်ဦး ဖြစ်တယ်။ ဘီစီ ငါးရာစု တဝက်အချိန်လောက်က သူသည် အရေးကြီးသော တိုက်ပွဲပေါင်းများစွာကို အောင်နိုင်ခဲ့ပြီး မြို့ကို ဘေးအန္တရာယ်များမှ အခါခါ ကယ်တင်နိုင်ခဲ့ပါတယ်။ သူ့အချိန်အများစုကို စစ်မြေပြင်တွင် ကုန်ဆုံးခဲ့သည့်အတွက် ရောမသားအချို့သာလျှင် သူ့ကို လူပုဂ္ဂိုလ်ချင်း ရင်းနှီးရ် သူ့အား ဒဏ္ဍာရီလာ သူရဲကောင်းအဖြစ် မော်ကွန်းတင်ချင်ကြတယ်။
၄၅၄ ဘီစီမှာတော့ ကိုရီယိုလနက်စ်သည် သူ့ကျော်ကြားမှုကို အသုံးချပြီး နိုင်ငံရေးထဲ ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကောင်စီရဲ့ ရာထူးအမြင့်ပိုင်းရဖို့ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ ဒီရာထူးအတွက် ဝင်ရောက်ယှဥ်ပြိုင်သူတွေဟာ လူရှေ့ထွက် စကားပြောရမည်ဖြစ်ပြီး ကိုရီယိုလနက်စ်လည်း လူရှေ့ထွက်ကော သူသည် ရောမအတွက် ဆယ့်ခုနစ်နှစ်မကအောင် တိုက်ခိုက်ခဲ့သည်မှ ရရှိခဲ့သော သူ့အမာရွတ်တွေကို လူတွေကို ပြသခဲ့ပါတယ်။ လူအုပ်ထဲက တချို့သာလျှင် သူ၏ရဲစွမ်းသတ္တိနှင့် မျိုးချစ်စိတ်ပြယုဂ်ဖြစ်သော အမာရွတ်များအကြောင်း တရှည်တလျား မိန့်ခွန်းကို ကြားပြီး မျက်ရည်ဝဲစေပါတယ်။ ကိုရီယိုလနက်စ်၏ ရွေးကောက်ပွဲ ဖြစ်မှာတော့ သေချာနေပြီ။
မဲပေးတဲ့နေ့လည်း ရောက်ရော ကိုရီယိုလနက်စ်တစ်ယောက် စီးနိတ်တဖွဲ့လုံး၊ မြို့ရပ်မိရပ်ဖတွေနဲ့ မင်းမျိုးမင်းနွယ်တွေ ခြံရံပြီး ရုံးထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီမြင်ကွင်းကို မြင်ရတဲ့သာမန်လူတွေခမျာမှာတော့ ရွေးကောက်ပွဲနေ့မှာ ဟိတ်ကြီးဟန်ကြီး လုပ်ပြနေသလို ခံစားရပါတယ်။
ပြီးတော့ ကိုရီယိုလနက်စ် မိန့်ခွန်းထပ်ပြောပါတယ်။ အများစုကတော့ သူ့ကို အဖော်လိုက်ပေးတဲ့ လူချမ်းသာတွေကို ချီးမွမ်းခန်းဖွင့်တာပေါ့။ သူ့စကားလုံးတွေက အထက်စီးဆန်ပြီး မောက်မာနေပါတယ်။ မဲနိုင်မှာ သေချာတဲ့အကြောင်း၊ စစ်မြေပြင်က စွန့်စားခန်းတွေအကြောင်း ကြွားလုံးပစ်နေပါတော့တယ်။ မင်းမျိုးမင်းနွယ်တွေ ကြိုက်နှစ်သက်လောက်တဲ့ ဟာဟတွေ၊ ပြိုင်ဘက်များအပေါ် ဒေါသတကြီး စွပ်စွဲချက်တွေနဲ့ ရောမပြည်ကို သူဆောင်ကြဥ်းပေးလာမယ့် ချမ်းသာကြွယ်ဝမှုတွေအကြောင်း။ ဒီတကြိမ် လူတွေ နားထောင်သိရှိလိုက်ရတာကတော့ ဒဏ္ဍာရီတွင်မယ့် စစ်သားကြီးက သူလိုငါလို ငကြွားကြီး ဆိုတာပါပဲ။
ကိုရီယိုလနက်စ်၏ ဒုတိယမိန့်ခွန်းက ရောမပြည်တလျှောက် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူအများစုက သူ ရွေးကောက်ပွဲ မနိုင်တာ သေချာအောင် လုပ်ဆောင်ကြပါတယ်။ မဲရှုံးသွားတဲ့ ကိုရီယိုလက်နက်စ်သည် စစ်မြေပြင်ကို ပြန်သွားခဲ့ရပြီး သူ့ကို ဆန့်ကျင်မဲပေးခဲ့တဲ့ သာမန်လူတန်းစားတွေကို အခဲမကြေ ဖြစ်ကာ လက်စားချေဖို့ စောင့်နေပါတယ်။ အပတ်အချို့ကြာတော့ ရောမပြည်ကို စပါးစေ့ သဘော်ကြီး ဆိုက်လာတယ်။ စီးနိတ်က ဒီဆန်စပါးစေ့တွေကို ပြည်သူတွေကို အလကား ဖြန့်ဝေပေးဖို့ အဆင်သင့် ဖြစ်နေပြီ။ သို့ပေမယ့် သူတို့ မဲပေးဖို့ ပြင်ဆင်နေကြတုန်း ကိုရီယိုလနက်စ် ရောက်ချလာတယ်။ သူ အခြေအတင် ရန်ဖြစ်ခဲ့တဲ့ ဖြန့်ဝေမှုဟာ တမြို့လုံးမှာ မကောင်းတဲ့ သက်ရောက်မှု တခုခု ဖြစ်မှာပါပဲ။ ရွေးကောက်ခံအမတ်တော်တော်များများ နိုင်သွားပုံပါပဲ။ သို့ပေမယ့် ဖြန့်ဝေမှုအတွက် မဲကတော့ သံသယဖြစ်ဖွယ်။ ကိုရီယိုလနက်စ်က ဒီမှာတင် မရပ်သွားပါဘူး။ သူက ဒီမိုကရေစီ အယူအဆကို ရှုံ့ချတယ်။ သူက လူတွေရဲ့ ကိုယ်စားလှယ်တွေ၊ လူသိများတဲ့ ခေါင်းဆောင်တွေနဲ့ ရှောင်ရှားနေဖို့ အကြံပေးတယ်။ မင်းမျိုးမင်းနွယ်တွေကိုသာ ပြန်လည် အုပ်ချုပ်စေချင်တယ်။
ကိုရီယိုလနက်စ်ရဲ့ နောက်ဆုံးမိန့်ခွန်းက စကားလုံးတွေသည် လူတွေထံရောက်ရှိသွားချိန်မှာတော့ သူတို့ဒေါသတွေက အကန့်အသတ် မရှိတော့ပါဘူး။ ပြည်သူ့ခေါင်းဆောင်တွေကို စီးနိတ်ကို သွားခိုင်းပြီး ကိုရီယိုလနက်စ်ကို သူတို့ရှေ့လာပေးဖို့ တောင်းဆိုခဲ့တယ်။ သူက မလာဘူး ငြင်းတယ်။ တနိုင်ငံလုံး အဓိကရုဏ်းတွေ ဖြစ်ကုန်တယ်။ လူထုအုံကြွမှုကို ကြောက်လာတဲ့ စီးနိတ်က နောက်ဆုံးတော့ ဆန်ဖြန့်ဝေမှုကို ခွင့်ပြုခဲ့ရတယ်။ ပြည်သူ့ခေါင်းဆောင်တွေကတော့ ကျေနပ်သွားပြီ။ သို့ပေမယ့် လူတွေက ကိုရီယိုလနက်စ့်ကို သူတို့ရှေ့လာပြီး စကားပြော တောင်းပန်ဖို့ကို တောင်းဆိုနေဆဲ။ သူသာ နောင်တရပြီး တောင်းပန်ခဲ့မယ်ဆိုရင် သူ့ထင်မြင်ယူဆချက်တွေကို သူ့ဘာသာသူ ထိန်းသိမ်းထားဖို့ သဘောတူခဲ့မယ်ဆိုရင် သူကို စစ်မြေပြင် ပြန်ဖို့ ခွင့်ပြုပေးကြမှာပါ။
ကိုရီယိုလနက်စ်က သူ့စကားကို အာရုံစိုက်ပြီး နားထောင်မယ့် လူတွေရှေ့မှာ နောက်ဆုံး တစ်ကြိမ် ပေါ်လာခဲ့ပါတယ်။ သူဟာ ဖြည်းဖြည်းနဲ့ ညင်ညင်သာသာလေး စကားစပြောခဲ့တယ်။ သို့ပေမယ့် ပြောရင်း ပြောရင်းနဲ့ ပိုပိုဆိုးလာတယ်။ သူ ထပ် စော်ကားတယ်။ သူ့လေသံက အထက်စီးဆန်တယ်။ သူ့အပြုအမူတွေက အထင်အမြင်သေးဖွယ်။ သူ စကားပြောလေ လူတွေက ပိုစိတ်ဆိုးလာလေ။ နောက်ဆုံးတော့ သူ့ကို ဝိုင်းအော်ကြပြီး ငြိမ်နေစေလိုက်တယ်။
ပြည်သူ့ခေါင်းဆောင်တွေက ကိုရီယိုလနက်စ်ကို ရှုံ့ချတယ်။ ရာဇဝတ်တရားသူကြီးဆီမှာ အပ်တယ်။ တာပေယံကျောက်တုံးပေါ်ကနေ သူ့ကို ပစ်ချခိုင်းပြီး သေဒဏ်စီရင်ခိုင်းတယ်။ အားရဝမ်းမြောက်နေတဲ့ လူအုပ်ကြီးက ဆုံးဖြတ်ချက်ကို ကျေနပ်တယ်။ မင်းမျိုးမင်းနွယ်တွေက ကြားက ဖျန်ဖြေပေးဖို့ ကြိုးစားတယ်။ အမိန့်က တသက်တာ ပြည်နှင်ဒဏ်ပါ။ လူတွေသည် ရောမပြည်၏ မဟာစစ်သူရဲကောင်းကြီး မြို့ကို ဘယ်တော့မှ ပြန်မလာနိုင်မှန်းလည်း သိရော လမ်းတွေပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတယ်။ တကယ်တော့ ဘယ်သူမှ အဲ့လိုပွဲမျိုး မမြင်ဖူးဘူး။ တိုင်းတပါးခြား ရန်သူတို့ စစ်ရှုံးသွားတာတောင်မှ မလုပ်ဖူးတဲ့အရာပါ။
ရှင်းလင်းချက်
နိုင်ငံရေးထဲ မဝင်ခင် ကိုရီယိုလနက်စ်ဆိုသည့် အမည်နာမသည် ကြောက်ရွံ့ရိုသေမှုကို ခံစားမိစေသည်။
တိုက်ပွဲများဆီက အောင်မြင်မှုတိုင်းသည် သူ့အား အလွန်ရဲရင့်သော ယောက်ျားတစ်ဦးအဖြစ် ပြသပေးသည်။ နိုင်ငံသားတွေက သူ့အကြောင်း နည်းနည်းလေး သိသွားရုံမျှဖြင့် ဒဏ္ဍာရီတွင်မည့် သူ့အမည်သည်လည်း တွဲလျက်ပါလာခဲ့သည်။ ရောမနိုင်ငံသားတွေရှေ့ သူ ထွက်လာပြီးကော သူ့စိတ်ထဲရှိသမျှလည်း ပြောဆိုပြီးစီးသည့်အချိန်တွင် ခမ်းနားကြီးကျယ်မှုနှင့် ဒဏ္ဍာရီဆန်မှုတို့သည် ပျောက်ကွယ်လုနီးပါး ဖြစ်ကုန်သည်။ သူသည် သာမန်စစ်သားတစ်ယောက်လို ကြွားဝါပြောဆို ထိုးနှက်တိုက်ခိုက်တတ်သည်။ သူသည် နှိပ်စက်ခံရသကဲ့သို့ မလုံခြုံမှု ခံစားရသကဲ့သို့ လူတွေကို စော်ကားထိခိုက်နစ်နာစေသည့် စကားများကို စွပ်စွဲပြောဆိုသည်။ ရုတ်တရက်ဆိုသလို သူသည် လူတွေ တွေးထင်ထားသည့် သူမျိုး မဟုတ်တော့ချေ။ ဒဏ္ဍာရီဆန်မှု နှင့် တကယ့်အပြင်လောကရှိ ကွဲပြားခြားနားမှုသည် သူ့အား သူရဲကောင်းအဖြစ် ယုံကြည်လိုသည့် လူတွေအား ကြီးမားစွာ စိတ်ပျက်စေသည်။ ကိုရီယိုလနက်စ် စကားတွေ ပိုပြောလေ သူ့စွမ်းအားတွေသည် နည်းလာလေ။ သူ့စကားတွေအား မထိန်းနိုင်သောသူသည် သူ့ကိုယ်သူလည်း ထိန်းသိမ်းနိုင်မည် မဟုတ်မှာ ပြသနေသည်။ ရိုသေလေးစားမှုနှင့်လည်း မထိုက်တန်ချေ။
ကိုရီယိုလနက်စ်သာ စကားနည်းနည်းပဲ ပြောဆိုခဲ့မယ်ဆိုလျှင် လူတွေက သူ့အား မည်သည့်အခါမျှ ဆန့်ကျင်ခဲ့မည် မဟုတ်ပဲ သူ့ခံစားချက် အစစ်အမှန်အားလည်း မည့်သည့်အခါမှ သိလာလိမ့်မည် မဟုတ်ပေ။ သူ့ စွမ်းအားအသွင်အပြင်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ကောင်စီလူကြီးအဖြစ် ရွေးကောက်ခံရမည်မှာလည်း သေချာသလောက်ပင် ဖြစ်သည်။ သူ၏ ဒီမိုကရက်တစ်မဆန်သော ရည်မှန်းချက်များလည်း ရရှိနိုင်မည်ပင် ဖြစ်သည်။ သို့ပေမယ့် လူသား၏လျှာသည် လူတချို့သာ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်စွမ်းရှိသော တိရိစ္ဆာန်ရိုင်းတစ်ကောင် ဖြစ်သည်။ လျှာသည် လှောင်အိမ်ထဲက ချိုးဖောက်ထွက်ဖို့ စဥ်ဆက်မပြတ် ကြိုးစားနေမည်သာဖြစ်ပြီး ကောင်းကောင်း မထိန်းချုပ်နိုင်ပါက ယင်းသည် ရိုင်းစိုင်းပြီး သင့်အား နောင်တတရားတို့ကို ရင်ဝယ် ပိုက်စေမည် ဖြစ်သည်။ မိမိတို့၏ အဖိုးထိုက်တန်သော စကားလုံးများကို ဖြုန်းတီးပစ်သော သူတို့သည် ဩဇာအာဏာအား ရရှိနိုင်မည် မဟုတ်။
လပြည့်ညတွင် ကမာကောင်များသည် အခွံဖွင့်လျက် နေကြသည်။ ဂဏန်းတစ်ကောင်က တွေ့သွားသောအခါ သူသည် ကျောက်တုံးတခဲကို အခွံထဲသို့ ပစ်ထည့်လိုက်သည်။ ကမာကောင်သည် အခွံကို မပိတ်နိုင်တော့ချေ။ ထို့ကြောင့် ဂဏန်းသည် စားစရာ အသား ရသွားသည်။ ဒါသည် ဟောင်ပွာအာကျယ် တတ်သောသူတို့၏ ကံကြမ္မာပင် ဖြစ်သည်။ နားထောင်သူ၏ သနားညှာတာမှုကိုသာ မှီတည်နေရသူတို့အဖြစ်သို့ ရောက်ရှိသွားသည်တကား။
လီယိုနာဒို ဒဗင်စီ (၁၄၅၂-၁၅၁၉)