100 • RASU

100 • RASU

Share

ရန်ကုန်တက္ကသိုလ်
ရာပြည့်

06/03/2021

ကျွန်တော်ကျွန်မတို့၏
ရန်ကုန်တက္ကသိုလ်သည်
တပ်စွဲရန်စစ်မြေပြင်နေရာမဟုတ်ပါ လိမ္မာယဉ်ကျေးသော လွတ်လပ်ခွင့်ရှိသော ကျောင်းသားကျောင်းသူ လူငယ်များနားခို ပညာဆည်းပူးရန်နေရာဖြစ်ပါသည် 💯မဆိုင်သူများအသုံးချခွင့်မပြုနိုင်ပါ 🆗
#အားလုံးတင်ပေးကြပါ

08/02/2021

1-feb-2021
စစ်ပုန်ကန်မှုဖြစ်ပွားသည်

21/12/2020

အနှစ်တစ်ရာမှ လုံ့လများနှင့် အနှစ်တစ်ထောင်တန်မုဒိတာ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အပိုင်း(၇)

ဘုန်းဘုန်းက ရန်ကုန်တက္ကသိုလ် မတက်ဖူးဘူး၊ ခုနတုန်းက ပြောပြီးပြီ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ ဆင်းလာတဲ့ ဆရာကြီးနှစ်ယောက်ကနေ သင်ပေးတဲ့ အင်္ဂလိပ်စာနဲ့ ဘုန်းဘုန်းက ကမ္ဘာ့သာသနာပြုလာခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်။

အဲဒီ အင်္ဂလိပ်စာဆရာနှစ်ယောက်ကို ဒါ ရန်ကုန်တက္ကသိုလ်ကို personal tribute ပေးတဲ့အနေနဲ့ ပြောပြချင်တယ်။ ဆရာကြီးတစ်ယောက်က Mr. Rae ဆိုတာ သူ့အဖေက Irish လူမျိုးပါ၊ အမေက မြန်မာ။ သူ အသက်(၇၀)ကျော် ရောက်တဲ့အခါကျမှ ဘုန်းဘုန်းက သူ့ဆီမှာ အင်္ဂလိပ်စား သွားလေ့လာတာ ၁၉၉၀မှာပေါ့။ ထိုင်းနိုင်ငံကနေ ပြန်လာပြီးနောက်ပိုင်းမှာ သူ့ဆီမှာ ငါးလလောက် အင်္ဂလိပ်စာ သင်ခဲ့တာ။

သူက ရန်ကုန်တက္ကသိုလ် MA ပထမနှစ်လုပ်တဲ့အချိန်တဲ့ အင်္ဂလိပ်စာ specialize လုပ်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက IA အတန်းမှာပဲ ကျောင်းသားလုပ်နေသေးတယ်တဲ့။ သူက ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်စာသင်ပေးရသေးတယ်။ အဲဒါ ဂုဏ်ယူပြီးတော့ ပြောမယ်ဆိုရင်တော့ အဲဒီ ဆရာကြီးဆီမှာ အင်္ဂလိပ်စာသင်ရတဲ့အတွက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်္ဂလိပ်စာဆရာချင်းတူတာပေါ့။

Mr.Rae ဆရာစဖြစ်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကို သင်တယ်။ သူ့ရဲ့ နောက်ဆုံးနီးနီးပဲဆိုပါတော့ ကျူရှင်ပြတဲ့အချိန်မှာ ဘုန်းဘုန်းက သူ့တပည့်ဖြစ်တယ်။ နောက် အင်္ဂလိပ်စာဆရာတစ်ယောက်က ဦးသောင်းတင်ဆိုတာ ၁၉၃၆ ခုနှစ်ကျောင်းသားသပိတ်ထဲမှာ သူက physics နဲ့ ရန်ကုန်တက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတယ်။

အဲဒီအချိန်မှာ ကျောင်းလည်းပိတ်ရော ကျောင်းသားသပိတ်ကြောင့် ဆန္ဒပြမှုကြောင့် နောက်ပိုင်းကျတော့ သူ Madras (Channai) ကိုသွားပြီးတော့ ပညာဆက်သင်တယ်။ သူ Physics ပဲ သင်တာပေ့ါ။ အဲဒီမှာလည်း သူ မပြီးခဲ့ဘူး။ မပြီးဘဲပြန်လာတယ်၊ နောက် အစိုးရအလုပ်ဝင်လုပ်တယ် နောက်ဆုံးမှာ လာရှိုးမြို့နယ် ပညာရေးမှူးနဲ့ အနားယူတယ်။

အဲဒီဆရာကြီးက အင်္ဂလိပ်စာသိပ်ကောင်းပါတယ်။ သူ အဓိကဖတ်တာလည်း အင်္ဂလိပ်စာပါပဲ၊ အဲဒါနဲ့ ဘုန်းဘုန်းကို ခြောက်လလောက် တစ်နေ့တစ်နေ့ကို sentence ၁၂ခု သင်ပေးတယ်။ ဘုန်းဘုန်းကလည်း လုံးဝအကြွေးမထားဘူး။ တစ်နေ့ကို sentence ၁၂ခုဆိုတော့ တစ်လကို ၃၆၀ လောက်ရတာပေါ့။ အဲဒါ ခြောက်လအတွင်းမှာ ဘုန်းဘုန်းက အင်္ဂလိပ်လို တရားဟောနိုင်တယ်။ ဒီဆရာကြီးတွေပေါ့၊ ဒါက ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘုန်းဘုန်းက ဒီဟာလေး ပြောပြတာပါ။

အဲဒီတော့ သူတို့ကနေ‌ ပြောပြတဲ့ဟာတွေဆိုရင် တခါတည်း ရန်ကုန်တက္ကသိုလ်ကြီးက တချို့နေရာဆိုရင်အရမ်း excited ဖြစ်စရာကောင်းတယ်၊ တချို့နေရာဆိုရင် စစ်ပွဲပုံစံကြီးပဲ။ သွေးသံယိုတဲ့အချိန်တွေလည်း ရှိတယ်။ အဲဒီနောက်ပိုင်းမှာ အများတွေပြောနေကြ ဘုန်းဘုန်းရဲ့ ရင်းနှီးတဲ့ဒကာတွေပြောနေကြ ဦးသန့်အရေးအခင်းတို့ အဲဒီနောက်ပိုင်းမှာ ရှိသေးတယ် 62 ကျောင်းသားသမဂ္ဂအဆောက်အဦး ဖျက်စီးခံရတဲ့အချိန် အဲဒီဟာတွေကို ပြန်ကြည့်တဲ့အခါမှာ EQ mature ဖြစ်တဲ့အခါကျမှ ပြန်ကြည့်ပြီးတော့ ပြဿနာမဖြစ်မှာ။

ပြန်ကြည့်ပြီးတော့ တစ်ဖက်က တစ်တိုင်းတစ်ပြည်လုံးအနေနဲ့ရသင့်တဲ့ သင်္ခန်းစာလည်းရအောင် အရင်ကနှစ်ပေါင်းတစ်ရာအတွင်းမှာ ဒါမှမဟုတ် (၁၂၂)နှစ်အတွင်းမှာ ဒီလိုရှိခဲ့တဲ့ အလုပ်လုပ်ခဲ့တဲ့ဘဝကို ဒီရန်ကုန်တက္ကသိုလ်ထဲမှာ နှစ်မြှုပ်ပြီးတော့ တာဝန်ထမ်းဆောင်သွားတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေရော နောက်ပြီးတော့ ရန်ကုန်တက္ကသိုလ်ဖြတ်သန်းသွားတဲ့ ကျောင်းသားကျောင်းသူတွေ မိဘတွေရော ပြန်ကြည့်တဲ့အခါမှာ တစ်နေရာမဟုတ်ရင် တစ်နေရာရှိမှာပဲ။ အဲဒီလို ဝမ်းနည်းစရာတွေ ဒေါသဖြစ်စရာတွေဖြစ်မှာပဲ။

ဒါကြောင့် reconciliation ဆိုတဲ့နေရာမှာ ဘုန်းဘုန်းတို့က IQ တစ်ခုတည်းနဲ့ လုပ်လို့မရဘူး၊ fact တစ်ခုတည်းနဲ့ လုပ်လို့မရဘူး၊ fact တစ်ခုတည်း ယူပြီးပြောပြီး ကိုယ့်ရဲ့ emotion ကို manage မလုပ်ဘူးဆိုရင် အမေရိကားမှာ တချို့ ပြောနေသလိုပေါ့ alternative truth ဆိုတာ truth က‌ တော့ truth ပဲ အမှန်တရားတော့ အမှန်တရားပဲ ဒါပေမဲ့ alternative truth ကိုယ့်ရဲ့အမှန်တရားနဲ့ မတူဘူး၊ fact နဲ့ မတူဘူး။

အဲဒီလိုဖြစ်လာတဲ့အခါမှာ စကားပြောတဲ့အခါမှာ တစ်ယောက်နဲ့တစ်‌ယောက် ဆက်လက်ပြီးတော့ ဆွေးနွေးနိုင်အောင် တစ်ယောက်ရဲ့နာကျင်မှုကို တစ်ယောက်ရဲ့နာကြည်းမှုကို တခြားတစ်ယောက်က အသိအမှတ်ပြုနိုင်အောင်၊ အသိအမှတ်ပြုတဲ့အခါမှာလည်း တစ်ယောက်ကိုတစ်ယောက် prejudice မဖြစ်အောင် အခွင့်ကောင်းတွေ မယူအောင်ဆို ဘုန်းဘုန်းတို့ ဘယ်လိုလုပ်ရမှာတုန်းဆို “ခန္တီပရမံ တပေါတိ တိက္ခာ” ဒီယဥ်ကျေးမှု ဒီ culture ကို ဒီ mind culture ဒီ discussion culture ကို ဘုန်းဘုန်းတို့က promote လုပ်ရမယ် အားပေးရမယ်။

အဲဒီလိုအားပေးတဲ့အခါကြမှ ဘုန်းဘုန်းတို့ ဖြစ်ချင်တဲ့ဟာတွေက ရှေ့ခရီး လွယ်လွယ်ကူကူ အနှောင့်အယှက်နည်းနည်းဖြစ်မှာ။ အဲဒီတော့ Harvard Business Review စာမျက်နှာ(၄၆) က နည်းနည်း ထပ်ဖတ်ချင်တယ်။

Recognize excellence.
The neuroscience shows that recognition has the largest effect on trust when it occurs immediately after a goal has been met, when it comes from peers, and when it’s tangible, unexpected, personal, and public.
ဒါက အရေးကြီးတယ်၊ ဝန်ကြီးဌာနအနေနဲ့ရော သာသနာဘောင်အနေနဲ့ရော အစိုးရအနေနဲ့ရော နောက် တက္ကသိုလ်ကြီးတွေ အနေနဲ့ရော အထက်တန်းကျောင်းတွေအနေနဲ့ရော ဒီဟာကြီးက သူများ သုတေသန ကျကျနနလုပ်ထားတဲ့ဟာ ဘုန်းဘုန်းတို့အနေနဲ့ဆိုရင်တော့ “ပူဇာစ ပူဇ နေယျာနံ” မင်္ဂလာပါပဲ။ “ပူဇာစ ပူဇ နေယျာနံ” ဆိုတာ အသိအမှတ်ပြုသင့်တဲ့ပုဂ္ဂိုလ် အသိအမှတ်ပြုရမယ်။ စာစကားနဲ့ပြောရင်တော့ ပူဇော်တယ်ခေါ်တာပေါ့။ ဒီထဲမှာ အဲဒီလိုလုပ်တယ်ဆိုရင် trust ကများတယ်တဲ့၊ largest effect on trust တဲ့။

အထူးသဖြင့် အောင်မြင်တဲ့ပုဂ္ဂိုလ် excellence ဖြစ်ရင် သူ့ targeted goal အဲဒီရည်ရွယ်ချက်ကို ရောက်ရောက်ချင်းချင်း ပြီးပြီးချင်း အောင်မြင်မြင်ချင်း သူ့ကို အသိအမှတ်ပြုတဲ့ဟာ အသိအမှတ်ပြုတဲ့စနစ်ပေါ့နော်၊ ဒါ institution ထဲမှာ ရှိတယ်ဆိုရင် ဒီဟာက စိတ်ဓါတ်ကို အားပေးတယ်ပေါ့။ When it comes from peer - ဒီအသိအမှတ်ပြုတဲ့ဟာ လူကြီးဆီကနေလာရင်၊ when it’s tangible - လက်တွေ့အလုံးအခဲမြင်ရရင်၊ unexpected - မျှော်လင့်မထားတာ၊ personal သူ့ကိုလည်းပဲ ရည်ရွယ်ပြီးပြောရင်၊ public လူသိအောင်ပြောရင်။

သူ့ရဲ့အချက်အလက်တွေက when it occurs immediately after a goal has been met - နံပါတ်တစ်၊ when it comes from peers - နံပါတ်နှစ်၊ when it’s tangible - နံပါတ်သုံး၊ unexpected - (၄)၊ personal - (၅)၊ public (၆) အဲဒါမျိုးတွေ။ အဲဒီတော့ It gives top performers a forum for sharing best practices, so others can learn from them.
အဲဒီလိုလုပ်တာဟာ သူက induce challenge stress တဲ့။ အဲဒီလိုလုပ်တဲ့အခါမှာ လူတွေက stress ကို manage လုပ်တဲ့နေရာမှာ ပိုပြီးတော့ကောင်းတယ်။ ဘုန်းဘုန်း နည်းနည်း နောက်တစ်ခု ထပ်ဖတ်ပြချင်တယ်။

When a manager assigns a team a difficult but achievable job, the moderate stress of the task releases neurochemicals.
တာဝန်အပေးခံရတာ၊ ဒီတာဝန်က ခက်ခဲတာဟုတ်တယ် ဒါပေမဲ့အောင်မြင်နိုင်တယ်၊ အဲဒီတာဝန်အပေးခံရတဲ့ အခါမှာ လူတွေက ဝမ်းသာတယ်တဲ့ ပီတိဖြစ်တယ်။

It releases neurochemicals, including oxytocin and adrenocorticotropin, that intensify people’s focus and strengthen social connections.

ဒါက social connection ကောင်းအောင် teamwork ကောင်းအောင် ဦးနှောက်ကို ကိုင်တွယ်တတ်တာကိုပြောတာ brain science နဲ့ neurology နဲ့ တရားထိုင်တဲ့ဟာနဲ့။

When team members need to work together to reach a goal, brain activity coordinates their behaviors efficiently.
အဲဒီတော့ ပြီးခဲ့တဲ့နှစ်တစ်ရာကို ပြန်ကြည့်တဲ့အခါမှာ နာကျင်မှုဖြစ်ပေါ်ခဲ့တဲ့နေရာတွေကို ဘုန်းဘုန်းတို့က publicly - လူသိရှင်ကြား recognize လုပ်ဖို့ အသိအမှတ်ပြုဖို့ လိုအပ်တယ်။ အဲဒီလိုမျိုး လုပ်နိုင်ဖို့အတွက်ဆိုတာ across the board မိဘတွေအနေနဲ့ရော တိုင်းသူပြည်သားတွေအနေနဲ့ရော ရန်ကုန်တက္ကသိုလ်အနေနဲ့ရော ဘုန်းဘုန်းတို့က ဒီ ခန္တီဆိုတဲ့ ယဥ်ကျေးမှု ဆွေး‌နွေးတဲ့နေရာမှာ သူရဲ့အပိုင်းကဏ္ဍ ကိုယ့်ရဲ့အပိုင်းကဏ္ဍကို လွတ်လွတ်လပ်လပ် ပြောဆိုပြီးတော့ တစ်ယောက်ကိုတစ်ယောက် negative အမြင်နဲ့ ချက်ချင်း judge လုပ်တဲ့ဟာ အဲဒီယဥ်ကျေးမှုကို အားပေးဖို့ မြင့်တင်ဖို့ လိုအပ်တယ်လို့ ဘုန်းဘုန်းက ထပ်ခါထပ်ခါပြောနေတယ် အရေးကြီးလို့။

မဟုတ်ဘူးဆိုရင် ကောင်းတဲ့ဟာ လုပ်မယ်လုပ်တိုင်း မကုစားရသေးတဲ့ အတိတ်ကဒဏ်ရာတစ်ခုကို
ဆွဲထုတ်ပြီးတော့ပြောရင် ချက်ချင်းအနှောင့်အယှက်ဖြစ်သွားတာ။ အဲဒီ project ကြီးကရပ်တန့်သွားတာ၊ ဘာဖြစ်လိုတုန်းဆို trust building မှာ ဘုန်းဘုန်းတို့က အားနည်းနေလို့။ ဂရုမစိုက်လို့။

ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏
(၂၅.၁၁.၂၀၂၀) ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ဖြစ် ဟောကြားတော်မူခဲ့သော “အနှစ်တစ်ရာမှ လုံ့လများနှင့် အနှစ်တစ်ထောင်တန် မုဒိတာ (A Hundred Years of Great Efforts for a Thousand Years of Joy)” တရားတော်မှ ရေးသားပူဇော်ပါသည်။

to: အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ page မှ ကူးယူဖော်ပြပါသည်။https://www.facebook.com/OxfordSayardawDrDhammasami

#တရားတော်နာယူရန် >>> SSBU YouTube Channel:
https://www.youtube.com/watch?v=ZANecviUoNg

20/12/2020

ကံ့ကော်လေညင်း မွှေးပျံ့သင်း
=====================

ဒေါက်တာချိုချိုမြင့်

ပျိုမျစ်နုနယ် ကျောင်းသူငယ်ဘဝ
၁၉၈၀-၈၁ ပညာသင်နှစ်ရဲ့ နှင်းတွေဝေ တဲ့ ဒီဇင်ဘာနံနက်ခင်းတစ်ခုမှာ ရန်ကုန် တက္ကသိုလ်မြေကို စတင်ခြေချခဲ့ပါတယ်။ တတိယနှစ် မြန်မာစာအဓိက ကျောင်းသူ အဖြစ်နဲ့ပါ။ ကျွန်မတို့က ဒေသကောလိပ် ပညာရေးကို လက်မတင်လေး မီလိုက်သူများ ဖြစ်တာကြောင့် အခြေခံပညာအထက်တန်းကို ၁၉၇၈ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး ပထမနှစ်ကို အမှတ်(၃)ဒေသကောလိပ်မှာ တက်ရောက်ခဲ့ ရပါတယ်။ ငယ်စဉ်ကတည်းက ဆရာဝန်ဖြစ် ချင်တဲ့ ဆရာဝန်ရူးဆိုတော့ ပထမနှစ်မှာ အဘိုးက တားတဲ့ကြားက သိပ္ပံ(ဇီဝ)တွဲယူခဲ့ ပါတယ်။ ဒုတိယနှစ်မှာ လုပ်ငန်းအတတ်ပညာ ဆိုတော့ ရော်ဘာနဲ့ ပလတ်စတစ်လုပ်ငန်း ယူပါတယ်။ ဂုဏ်ထူးတဝေဝေနဲ့ အောင်ခဲ့ပေ မယ့် အမှတ်ပေါင်းသော် ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်မမီလေသောကြောင့် ရွေးချယ်ရန် ဖြစ် လာပါတယ်။ သိပ္ပံဘွဲ့ယူမလား၊ လိုင်းပြောင်း မလား။ ကျွန်မက လိုင်းပြောင်းပြီး ဝိဇ္ဇာတွဲ ယူချင်တယ်ဆိုတော့ ဖေဖေက မြန်မာစာယူဖို့ ပြောပါတယ်။ ကျွန်မလည်း ကိုယ်တိုင်လည်း စိတ်ဝင်စား၊ အဖေ့စကားလည်း နားထောင်ပြီး သား ဖြစ်စေဆိုပြီး မြန်မာစာယူဖို့ ဆုံးဖြတ် ချက်က ကျွန်မကို ရန်ကုန်တက္ကသိုလ် ကျောင်းသူဖြစ်စေတဲ့အကြောင်းပါ။
တက္ကသိုလ် အိပ်မက်
ရန်ကုန်တက္ကသိုလ်ကို ၁၉၈၀-၈၁ မှ ရောက်တယ်ဆိုပေမယ့် ငယ်စဉ်က ရန်ကုန် တက္ကသိုလ် ရွှေရတုအထိမ်းအမှတ်မဂ္ဂဇင်းကို ဖတ်ပြီး တက္ကသိုလ်ထဲ စိတ်ကရောက်နှင့် နေပါတယ်။ တက္ကသိုလ်ကျောင်းသားတွေ အကြွေးနဲ့ စားကြတာတွေ၊ လှေလှော်၊ အဆောင်မှာ ပျော်ကြတာတွေဖတ်ပြီး အလွန် သဘောကျခဲ့တာ။ အဒေါ်က ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှာ စာကြည့်တိုက် ဒီပလိုမာတက်တော့ ကျောင်းပိတ်ရက်နဲ့ ဆုံရင် ကျွန်မကို ခေါ်သွားတတ်ပါတယ်။ ပေါင်းမိုး လေးအောက်က လမ်းကိုလျှောက်ရ တာ၊ ဟိုးမိုးသို့ ထိုးတက်နေတယ်လို့ ထင်ရတဲ့ အဆောက်အအုံဘေးက စားသောက်ဆိုင်တန်း မှာ အကြော်စားရတာတွေက ၉ တန်း ကျောင်းသူ ကျွန်မအတွက် တက္ကသိုလ် အိပ်မက်မက်စေပါတယ်။ တကယ် တက္ကသိုလ် ရောက်တော့ မဂ္ဂဇင်းထဲကလို နေကြည့်ချင်ပေ မယ့် ကိုယ်က နေ့ကျောင်းသူဖြစ်နေတော့ အဆောင်နေခွင့်မရ။ ရပါတယ်လေ အဒေါ်နဲ့ သွားခဲ့ဖူးတဲ့နေရာ သွားပြန်ရှာတော့ ဂျပ်ဆင် နားက လျှောက်လမ်းလေးနဲ့ စားသောက်ဆိုင် တန်း ဖြစ်နေတာ တွေ့ရတယ်။ ကျေနပ်ပီတိနဲ့ စာသင်ခန်းရှိရာ ပြန်လာခဲ့ပါတယ်။
စာသင်ခန်းက တောင်ငူဆောင်မှာပါ။ ရန်ကုန်တက္ကသိုလ် မြန်မာစာကျောင်းသူ ဘဝ အစ တောင်ငူဆောင်ကပါ။ တောင်ငူဆောင်က ဘယ်မှာလဲဆိုတာ သိပ်တော့မရှာလိုက်ရပါ ဘူး။ စစချင်းတွေ့တာကတော့ ကြော်ငြာ သင်ပုန်းပါ။ အတန်း၊ ခုံအမှတ်၊ စာသင်ချိန် စတဲ့ ကျောင်းသားတစ်ယောက် သိသင့်တာ တွေကို ကြော်ငြာသင်ပုန်းမှာ ကပ်ထားပေးပါ တယ်။ ဒါပေမယ့် ကျောင်းသားလေ၊ သိတဲ့ အတိုင်း ကြော်ငြာသင်ပုန်း မဖတ်ဘဲ ကျော် သွားပြီး ဟိုရှာဒီရှာ။ နောက်မှ (အတန်းကြီး သမားထင်ပါရဲ့) ညွှန်ပြသူက ညွှန်ပြတော့မှ သင်ပုန်းက စာဖတ်၊ တက်ရမယ့်အတန်းရဲ့ အခန်း နံပါတ်ရှာ၊ အတန်းထဲဝင်၊ ဟိုကြည့် ဒီကြည့်၊ ဘယ်သူမှမသိ၊ အသာလေး ခုံတစ်ခု မှာ ဝင်ထိုင်။ အဲဒါ ရန်ကုန်တက္ကသိုလ်နဲ့ ပျိုမျစ် နုနယ်ကျောင်းသူအရွယ်တို့ တွေ့ဆုံခြင်းပါ။ တက္ကသိုလ်ဆိုတာ ကိုယ့်အားကိုယ်ကိုးရ တယ်ဆိုတဲ့အသိ၊ တက္ကသိုလ်ဆိုတာ တည်ငြိမ် ခံ့ညားစွာ အလုပ်လုပ်တတ်တယ်ဆိုတဲ့ အသိ တွေ ရလိုက်ပါတယ်။
ကျူတိုရီရယ်နဲ့ စတွေ့
တတိယနှစ် မြန်မာစာကျောင်းသူဘဝမှာ ကျူတိုရီရယ်နဲ့ စတွေ့ပါတယ်။ ပထမနှစ်၊ ဒုတိယနှစ်တွေတုန်းက သိပ္ပံကျောင်းသူဖြစ်လို့ လက်တွေ့နဲ့ပဲ တိုးခဲ့ရာက ကျူတိုရီရယ်ဆိုတဲ့ မဂ္ဂဇင်းထဲမှာ ဖတ်ဖူးတဲ့ဝေါဟာရကို စတွေ့ရ ပါတယ်။ စိတ်လှုပ်ရှားမိပါတယ်။ သူကလည်း စာမေးပွဲမှာ အရေးပါတယ်တဲ့။ စာမေးပွဲမှာ အရေးပါတဲ့ ကျူတိုရီရယ်ကို စဖြေရတော့ ထင်သလောက် မခက်ခဲတာတွေ့ရလို့ ပျော်နေ ပါတယ်။ တတိယပတ် ကျူတိုရီရယ်ချိန် ရောက်ပါပြီ။ မြန်မာကျောက်စာ အချိန်ပါ။ မေးတဲ့မေးခွန်းက “ က မှ အ အထိ မြန်မာ သင်ပုန်းကြီးဖတ်စာလာ ရေးဆွဲပုံအတိုင်း ရေးဆွဲပြပါ” တဲ့။ ခုထိမှတ်မိနေတဲ့ မေးခွန်းပါ။ လာထား၊ ဘာရမလဲ သိပ္ပံက လာသူတွေကို ဆရာကြီး ဆရာမကြီးတွေက ဒီလိုပညာစမ်း သလား။ (ခုခေတ်လိုဆိုရင်တော့ facebook ပေါ် ရောက်ချင် ရောက်မှာပေါ့) ဖြေလည်း ဖြေရော ဋ ဌ ဍ တွေမှာ ကျွန်မတို့ ခေါင်းတွေ ၉၀ ဒီဂရီရော၊ ၁၈၀ ဒီဂရီရော လည်ကုန်ပါ တယ်၊ ဘယ်ဟာက ဘယ်ဘက်လှည့်မှန်း မသိ လို့ ခေါင်းကုတ်လိုက်၊ မေးငေါ့လိုက်၊ ဒီကြား ထဲ သင်ပုန်းကြီး ဖတ်စာလာ ရေးဆွဲပုံအတိုင်း တဲ့။ မေ့ပြီလေ။ သင်ပုန်းကြီး ဖတ်စာက သူငယ်တန်းစာ၊ တက္ကသိုလ်အထိမပါလာတော့ ပါ။ ကျွန်မမှာ ကျူတိုရီရယ် စာရွက်ပြန်ရချိန်မှာ ကမန်းကတန်း ကြည့်လိုက်တော့ “ဂ” တစ်လုံးသာ မှန်ပါတယ်။ ဂ ငယ်သာမကယ်ရင် တစ်မှတ်မှ ရမှာမဟုတ်လို့ သိလိုက်ရသလို ပညာဆိုတာ ကျယ်ပြန့်တယ်ဆိုတာလည်း သိလိုက်ရပါတယ်။
တစ်နေ့ ကျောင်းဆင်းလာပြီး အိမ်ပြန်ဖို့ အဓိပတိလမ်းဘက် လျှောက်လာချိန်မှာ လမ်းပေါ်မှာ ကားရော၊ လူတွေရော အတော့်ကို စည်ကားနေတာ တွေ့ပါတယ်။ မြင်ကွင်းက ဘွဲ့ဝတ်ရုံ အမည်းရောင်နဲ့ ပန်းရောင်၊ အစိမ်း ရောင်လိုင်းတွေ ဝတ်ထားသူတွေရော၊ လှပ ပြောင်လက်စွာ ဝတ်စားထားသူတွေရော ကင်မရာမီး တဖျတ်ဖျတ်လက်ပြီး ပြုံးပျော် နေကြပုံ မြင်ကွင်းပါ။ အဓိပတိတစ်လျှောက် လာသူလာ၊ သွားသူသွား နေကြတာတွေ့တော့ ကျွန်မနဲ့ သူငယ်ချင်း နှစ်ယောက်သား မပြန် နိုင်သေးဘဲ မန္တလေးဆောင်ရှေ့ အုတ်ခုံမှာ ထိုင်ပြီး ငေးကြပါတယ်။ အားကျစိတ်နဲ့ပါ။ ငါလည်းတစ်နေ့ ဒီလိုဖြစ်ရမယ်လို့ သန္နိဋ္ဌာန်ချ တဲ့နေ့ပါ။ ဘယ်လောက်တောင် အားကျစိတ် နဲ့ ငေးမိလဲဆိုရင် ခေါင်းတွေမူးပြီး ဇက်တွေနာ တဲ့ အထိပါ။ ဒီစေ့ဆော်ချက်က ကျောင်းထဲမှာ နေချင်စိတ်တွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ် စေပြီး တက္ကသိုလ်ကို ချစ်စိတ်တွေ ရင်နဲ့အမျှ ဖြစ်စေခဲ့ပါတယ်။
အာစီမှာ ပန်းချီပြပွဲ၊ ကာတွန်းပြပွဲ၊ စီးပွားရေးတက္ကသိုလ်မှာလုပ်တဲ့ ကာတွန်းပြ ပွဲ၊ ဂျပ်ဆင်မှာလုပ်တဲ့ ပန်းချီ ကာတွန်းပြပွဲ ဆိုရင်လည်း မလွတ်တမ်း။ ဒေသကောလိပ်က ပန်းချီဆွဲဖော်တွေက ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမှာ ဆက်ဆွဲကြပါတယ်။ ကျွန်မက အဲဒီအချိန်မှာ ပန်းချီခန်းကို ဖြတ်သွားဖြတ်လာ ပဲ ရောက်ပါတော့တယ်၊ တောင်ငူဆောင်နဲ့ ဝေးတာ တစ်ကြောင်း၊ ကျူတိုရီရယ်နဲ့ တိုက်ဆိုင်နေတာ တစ်ကြောင်း၊ ရေကူးသင် နေတာတစ်ကြောင်း တို့ကြောင့်ပါ။ တက္ကသိုလ် ဆိုတာ စာသင်ချိန်ချည်းပဲမဟုတ်၊ လေ့လာ လိုက်စားစရာ နယ်ပယ်တွေ ရှိနေပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေး၊ ပညာရေး အားလုံးရှာဖွေ ဆည်းပူးနိုင်ရာ နေရာပါ။ တစ်ရက်မှာ စီးပွားရေးတက္ကသိုလ်မှာလုပ်တဲ့ ကာတွန်းပြပွဲကို အတန်းအားလို့ သွားကြည့် ကြပါတယ်။ မိုးရာသီမှာ မိုးစိုနေတဲ့ထီးတွေ ကို အတန်းနောက်ဘက်မှာ လှမ်းထားခဲ့ပြီး မိုးတိတ်ချိန် ဒီအတိုင်းထွက်သွားကြတာ၊ တစ်ယောက်ပဲ ကောင်းကောင်းနေမကောင်း ချင်လို့ဆိုကာ ထီးစောင့်ကျန်ခဲ့ပြီး ၁၀ ယောက် လောက်ရှိမယ့် ကျွန်မတို့အစုက သွားကြတာ။ ကြည့်ရင်း အတန်းချိန်နီးပြီလို့ သတိဝင်လာ တော့ ပြန်မယ်အလုပ်မှာ မိုးက သဲသဲမဲမဲ ရွာချပါရော။ ထီးကတစ်လက်ပဲပါတယ်။ ကျန်သူတွေ ထီးက အတန်းထဲမှာ။ ဘာမှ လုပ်လို့မရတော့ ကျွန်မတို့ထဲက သူငယ်ချင်း နှစ်ယောက်အတွဲကို ထီးပေးပြီး ထီးစောင့် အိပ်ကျန်ခဲ့သူကို ထီးအားလုံး ယူကာ လိုက်လာခဲ့ဖို့ မှာကြားပြီး အတန်းကို ပြန်ခိုင်း၊ ဟိုသူငယ်ချင်းခမျာ ထီးအလက် ၁၀ လက် နီးပါး ပွေ့ပိုက်ပြီးလိုက်လာရတော့၊ လမ်းမှာ တွေ့သမျှလူတိုင်းက ဖောက်သည်ပေးမလို့ လား စခံထိတော့ နှုတ်ခမ်းတစူစူနဲ့ ဆောင့်အောင့်ပြီး ရောက်လာပါတယ်။ အတန်းချိန်လည်း မမီတော့လို့ အင်းလျား သွားပြီး အကြော်စားကြပါတယ်။ ခုခေတ်လို ဆိုင်တွေ မဟုတ်လည်း သစ်ပင်အောက်မှာ ကြော်တဲ့ အကြော်ဆိုင်ဖြစ်တော့ မိုးသဲသဲမှာ ဘူးသီး ကြော်စားကြတာ မိုးရေတွေဆမ်းပြီး ဘူးသီးကြော်က ပျော့ပြဲ၊ အချဉ်ရည်က မိုးရေ နဲ့ကျဲ။ ဒါပေမယ့် စားလိုက်ကြတာ အလု အယက်၊ ဘူးသီးကြော်ခမျာ ဘဝပျက်။ ထိုင်စားကြတော့ ထီးကကျတဲ့ မိုးစက်က ပြန်စဉ်လို့ ခါးမှာ ရွှံ့စက်ကိုယ်စီနဲ့။ သူ့ခါး ကိုယ်ကြည့်ရယ်၊ ကိုယ့်ခါး သူကြည့်ရယ်၊ လွတ်လပ်ပေါ့ပါးလိုက်တဲ့ ပျိုမျစ်နုနယ် ကျောင်းသူအရွယ်ပါ။ တစ်ခုတော့ ပြောစရာရှိ ပါတယ်၊ နောက်နေ့ကျတော့ အတန်းလစ်လို့ ဆူခံထိကြတာ ပေါင်းရှစ်ယောက် အကြော် စားသူများပါ။
ဂုဏ်ထူးတန်းတက်ခွင့်ရ
စတုတ္ထနှစ်မှာတော့ နည်းနည်းလန့် လာပါပြီ။ တက္ကသိုလ်မြေမှာ ဆက်နေချင် စိတ်တွေပြင်းပြတော့ ဘယ်လိုနည်းလမ်းနဲ့ နေရမလဲ စဉ်းစားတာ ကွာလီဖိုင်းဝင်မှ ဂုဏ် ထူးတန်း၊ မဟာတန်းဆက်တက်ပြီး ကျောင်း သက်ရှည်ရှည် နေနိုင်လိမ့်မယ်လို့ အဖြေ တွေ့ပါတယ်။ တစ်ခုရှိတာက မိဘများဘက်ကို လည်း ကြည့်ရပါသေးတယ်။ အစိုးရဝန်ထမ်း ဘဝနဲ့ သားသမီးလေးယောက်ကို ကျောင်း ထားပေးရတဲ့မိဘ၊ နှစ်ဖက်မိဘကို သားသမီး တာဝန်ကျေပွန်အောင် ထမ်းနေရတဲ့မိဘကို ဝန်ထုပ်ဝန်ပိုး မပေးချင်တာလည်း အမှန်ပါ။ ကျောင်းထဲမှာ နေချင်စိတ်အားကြီးတော့ ကြိုးစားပါတယ်။ ဖေဖေနဲ့မေမေကလည်း သူတို့က ပညာအမွေပဲ ပေးနိုင်မှာဆိုပြီး အားပေးတော့ အားတွေရှိလိုက်တာမှလေ၊ ကွာလီဖိုင်း ဖြစ်ပါတယ်။ ဂုဏ်ထူးတန်းတက် ခွင့်ရပါတယ်။ မဟာတက်ခွင့်လည်းရပါတယ်။ အဲဒါနဲ့ ကျောင်းသက်ရှည်ရှည်တက္ကသိုလ်မြေမှာ ကံ့ကော်ပွင့်တာကို အကြာကြီးမြင်ရတဲ့ အခွင့်အရေး ရရှိလာပါတယ်။ ၁၉၈၆၊ အောက်တိုဘာ၊ ၃၁ ညနေ ရက်စွဲနဲ့ နည်းပြ အဖြစ် ရန်ကုန်တက္ကသိုလ်မှာပဲ ခန့်အပ်ခံရတဲ့ အခါ မဟာဝိဇ္ဇာ (ကျမ်းပြု) ကျောင်းသူတစ် ပိုင်း၊ ဆရာမတစ်ပိုင်းနဲ့ ဆန္ဒရဲ့စေ့ဆော်ရာ တက္ကသိုလ်မြေမှာဝေတဲ့ ကံ့ကော်တွေရဲ့ ရနံ့ ကို ဆက်လက်ရှူရှိုက်ခွင့်ရတာဟာ မိဘ၊ ဆရာသမားတွေရဲ့ ကျေးဇူးတွေ၊ ခွန်အားတွေ ကြောင့်ပါ။
တက္ကသိုလ်သည် ဝါသနာကို ပျိုးထောင်ရာ နေရာ
ကျွန်မက ဒေသကောလိပ် ပထမနှစ်မှာ ပန်းချီသင်ပါတယ်။ ဆရာတွေကတော့ မန္တလေး ပန်တျာကျောင်းအုပ်ကြီး ဦးချစ်မြဲ ရဲ့သား ဆရာမြသန်းချစ်၊ မန္တလေးက ပန်းချီ ဆရာကြီး ဦးကြွယ်လေးရဲ့သား ဆရာ ဦးဝင်း အောင်တို့ပါ။

ဆရာနှစ်ဦးက အမှတ်(၃)ဒေသ ကောလိပ်မှာ ဆရာတွေအဖြစ် ရှိနေပြီး ကျောင်းရဲ့ ပန်းချီ သင်တန်းမှာ နည်းပြတွေ လုပ်ပေးကြတာပါ။ တစ်ဖက်ကတော့ လမ်းစဉ် လူငယ်ပေါ့။ ဒုတိယနှစ်ရောက်တော့ ကြက်ခြေနီနဲ့ ဘတ်စကက်ဘော။ ဒီနေရာမှာ မေဆွိ အကြောင်း ပါလာပါမယ်။ ကျွန်မက ဒုတိယ နှစ်မှာ မေဆွိက ပထမနှစ်ပါ။ ဘတ်စကက် ဘော ဆော့ချိန်က သူတို့ ကျောင်းဆင်းချိန်ပါ။ ဘတ်စကက်ဘောကွင်းဘေးက ဖြတ်ပြန်တဲ့ မေဆွိအနားကို ဘောလုံးရောက်အောင် ပုတ်ပြီး ဆွိ ဆွိလို့ နှုတ်ကအော်ရင် သူက ခေါင်း လေးငုံ့၊ ရယ်ဟဟ မျက်နှာလေးနဲ့ သုတ်သုတ် လေး လျှောက်တတ်ပါတယ်။ အဲဒီအချိန်မှာ သူက “ မကြာခင်မှာ ကြင်နာမယ်” နဲ့ အတော် ကိုနာမည်ကြီးနေပါပြီ။
တက္ကသိုလ်မှာ စာချည်းပဲသင်နေရတာ မဟုတ်ပါဘူး။ အားကစားမျိုးစုံ၊ အနုပညာ မျိုးစုံအပြင် လမ်းစဉ်လူငယ်(ကျွန်မတို့ခေတ် ပေါ့)၊ ကြက်ခြေနီဆိုတဲ့ စိတ်ဝင်စားရာကို လေ့လာနိုင်တဲ့ အခွင့်အရေး အပြည့်ပေးထား ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ် ရင့်ကျက်မှု၊ ဦးဆောင်တတ်မှု၊ နောက်လိုက် ကောင်း လုပ်တတ်မှု၊ အဖွဲ့အစည်းနဲ့ လုပ်တတ်မှု၊ ကိုယ်ချင်းစာတတ်မှု၊ ကြင်နာ တတ်မှုစတဲ့ အရည်အသွေးတွေကို ဒီနေရာ မျိုးတွေမှာ လေ့ကျင့်ပျိုးထောင်နိုင်ပါတယ်။ ဘတ်စကက်ဘောကစားရင် တစ်ဦးကောင်းနဲ့ မရပါဘူး။ ဘောလုံးလိုပါပဲ။ အသင်းအဖွဲ့ ညီညွတ်မှ အောင်မြင်မှုရတာကို စာသင်ချိန် ပြင်ပမှာ ဝါသနာပါရာလုပ်ရင်း ရယူသွားတာ ပါ။ အတန်းချိန်လည်း မထိခိုက်ပါဘူး။ ပန်းချီ သင်တော့ အမှတ်(၃)ဒေသကောလိပ်မဂ္ဂဇင်း သရုပ်ဖော်ပုံတွေ ဆွဲရပါတယ်။ ကျွန်မတို့လည်း ကိုယ့်ကျောင်းလှုပ်ရှားမှုမှာ ပါဝင်ခွင့်ရသလို ကျောင်းအတွက်လည်း အပိုငွေမကုန်တော့ တဲ့အကျိုးရမှာပါ။ ဒီထက်အရေးပါတာက ပေါင်းသင်းဆက်ဆံရေးပါ။ လူမှုပေါင်းသင်း ဆက်ဆံရေးအတတ်ပညာကို တစ်ပါတည်း သင်ယူပြီးဖြစ်ပါတယ်။
တတိယနှစ်မှာ ရေကူးသင်တော့ တက္ကသိုလ်ရေကူးကန်မှာပါ။ ရေကူးသင်ပြီးရင် ရေကူးကန်အဝက အကြော်ဆိုင်မှာ အကြော် စား၊ ပြီးရင် ရေစိုရေကူးဝတ်စုံထည့်ထားတဲ့ အိတ်ကိုခြေထောက်နဲ့ စည်းချက်ညီညီရိုက်ပြီး အဓိပတိလမ်းအတိုင်း တက္ကသိုလ်ရိပ်သာ လမ်းဘက် လျှောက်လာရင်း လမ်းနံဘေး ဝဲယာက သစ်ရွက်ကြွေတာ စိတ်ထဲ ကဗျာစပ် လိုစပ်၊ ဝတ္ထုရေးလိုရေး၊ ဟိုငေးဒီငေး၊ တစ်ခါ တလေ သင်ထားတဲ့ စာတွေ ပြန်ရွတ်လို ရွတ်နဲ့ လမ်းလျှောက်တတ်တဲ့ ကျွန်မကို သူငယ်ချင်းတစ်ယောက်က လှမ်းခေါ်တာ မကြား၊ မမြင်လို့ သူငယ်ချင်းတွေကို ကြည့် လည်းလုပ်ဦး၊ ဟိုတစ်ယောက်တော့ ခေါ်မ ကြား အော်မကြားလို့တိုင်တာ ခံရပါသေး တယ်။
အနုပညာအသင်းမှာလည်း ပတ္တလားတီး သင်သူသင်၊ အဆိုသင်သူသင် (ကျွန်မက အဆိုသင်သူ)။ အနုပညာအသင်းခန်းဘက် ရောက်ရင် တီးသံ မှုတ်သံ အစုံ။ တစ်ခါတလေ သူငယ်ချင်းတစ်ယောက်က ပတ္တလားတီးသင် တော့ သူ့ဆီလိုက်သွားပြီး ကိုယ်လည်း တတောင်တောင်လုပ်။ ကျွန်မရဲ့ အဆို သင်တန်းက စစသင်တာ “ဆင်ကြီးဂဠုန်ချီ” တဲ့။ ကျွန်မလည်း ဆက်မချီနိုင်တော့တာနဲ့ အဆိုသင်တန်းကို တာ့တာလုပ်ခဲ့ရပါတော့ တယ်။ အားကစားဖြစ်စေ၊ အနုပညာဖြစ်စေ တက္ကသိုလ်မှာ လေ့လာသင်ယူရင်း ထူးချွန်သူ များ ပေါ်ထွက်ရာနေရာ ဖြစ်ပါတယ်။
လေ့လာမိသမျှ ပညာရေးဘဝ
တတိယနှစ်ရောက်တော့ ရန်ကုန် တက္ကသိုလ်မှာ သတိထားမိတာက ဘာသာတွဲ ယူရတဲ့ စနစ်ပါ။ အခုခေတ် elective လို့ပြော ရမယ့် ဘာသာနှစ်ခု ပေးပါတယ်။ အဲဒီထဲက ကြိုက်ရာတစ်ခု ရွေးရပါတယ်။ ဖေဖေတို့ ခေတ်ကတော့ ဒီထက်ပိုများတယ်လို့ ကြားဖူး ပါတယ်။ ကျွန်မတို့က နှစ်ခုထဲက တစ်ခုရွေးပါ။ ဒါကြောင့် တစ်တန်းတည်းပေမယ့် ဘာသာ မတူရင် အတန်းချိန်မတူပါဘူး။ ပင်မဘာသာ ရပ်တွေပဲ အတန်းချိန်တူပါတယ်။ ပြဋ္ဌာန်း စာအုပ် ကိုင်သင်ပါတယ်။ ကျွန်မကိုယ်တိုင်က ပြဋ္ဌာန်းစာအုပ်မှာ ဆရာ ဆရာမ သင်သမျှကို လိုက်မှတ်တတ်ပါတယ်။ အလေးခံပြီး ပြဋ္ဌာန်း စာအုပ်ကို သယ်ပါတယ်။ ဆရာ ဆရာမများ အားလုံးက Lecture ပဲ ပေးပါတယ်။ မီအောင် လိုက်မှတ်၊ မမီရင် အတန်းပြီးတာနဲ့ အချင်းချင်း စာအုပ်ချင်းတိုက်ပြီးကူးရေးရ၊ ဖြည့်ရလုပ်ကြရတာ ဓလေ့တစ်ခုပါ။
အမှတ်ပေးစနစ်ကတော့ ၈၀-၂၀ ပဲ ထင်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ကျွန်မတို့ ဂုဏ်ထူးတန်းရောက်တော့ ပြဋ္ဌာန်း စာအုပ်ရယ်လို့ မထုတ်ထားပါဘူး။ ဆရာ ဆရာမများ သင်တာကို လိုက်မှတ်ပြီး သိချင် တာတွေကို စာကြည့်တိုက်ပြေးပြီး ရှာဖွေ ရတာပါ။ ပါမောက္ခဆရာမကြီးက ရတု သင်ပါ တယ်။ ရတုတွေရဲ့ ခေတ်၊ အမျိုးအစား၊ စာဆို အမည် ပြောပါတယ်။ ကိုယ်သင်ရမယ့် စာကို ကိုယ့်ဘာသာ စာကြည့်တိုက်မှာ ရှာဖွေပြီး ကိုယ့်ဖတ်စာအုပ်ကိုယ်ရအောင် လုပ်ယူရပါ တယ်။ ရယ်စရာတစ်ခုက ဆရာကြီး တစ်ယောက်က ဌာန်ကရိုဏ်းကျကျနဲ့ ရွတ် လိုက်တဲ့ အိုင်ချင်းစာသားကို ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်က ဘယ်လို စာလုံးပေါင်းရမှန်းမသိ၊ အကြားအတိုင်း တစ်ယောက်က “နွားမကြီး”၊ ကျွန်မက “နမကြီး” လို့ ရေးပါတယ်။ ကျူတိုရီရယ်ဖြေ တော့ ဆရာမက စိတ်တွေဆိုးလိုက်တာ၊ ဆရာ ပြောတာက “ နှမကြီး” ပါတဲ့။
နောက်တစ်ခုက ဂုဏ်ထူးတန်းကစပြီး Paper ရေးရတဲ့ အလေ့အထလုပ်တာပါ။ စတုတ္ထနှစ်မှာလည်း ဘွဲ့ယူစာတမ်းငယ်ဆိုပြီး ရေးရပါတယ်။ စာမျက်နှာ ၈၀ တစ်အုပ်စာပါ။ မဟာ(ရေးဖြေ) မှာ ပိုရေးရပါတယ်။ ခုခေတ်လို Semester မဟုတ်လို့ တစ်နှစ်လုံးနေမှ စာမေးပွဲက တစ်ကြိမ်သာဖြေရပြီး တစ်နှစ်လုံး စာအုပ်ဆိုလည်း တစ်အုပ်လုံး၊ ကဗျာအမျိုး အစားအစုံ စသည် သင်ရတော့ စာအမျိုးအစား စုံ သင်ခွင့်ရသလို သင်သူ ဆရာ ဆရာမများက တစ်နှစ်လုံးစာမှာ ပြီးသလောက်သင်ပေမယ့် ဖြေတဲ့အခါ တစ်အုပ်လုံး ခြုံငုံမိအောင်ဖြေမှ အမှတ်ကောင်းတာပါ။ ဒါသင် ဒါကျက် ဒါဖြေ မဟုတ်ပါ။ ဒါများအခုလည်း တူတူပါပဲလို့ ပြောချင်ကြပါလိမ့်မယ်။ တကယ် ကျောင်းသားဗဟိုပြု သင်ကြားရေးကို ကြုံခဲ့ ရပါလားလို့ အခု ပြန်စဉ်းစားနေမိပါတယ်။ အပြောနဲ့မဟုတ်တဲ့ လက်တွေ့ သင်ပေးလိုက် တဲ့ ကျောင်းသားဗဟိုပြုစနစ်ပါ။ ကျောင်းသား က ကိုယ်လိုတာ ကိုယ့်ဘာသာရှာရပါတယ်။ စာကြည့်တိုက်ကို အားကိုးရပါတယ်။ စာအုပ် အဟောင်းတန်း ပြေးပြီးလိုချင်တာ ရှာဖွေရပါ တယ်။ မဟာတန်းမှာ ဝတ္ထု၊ စကားပြေ၊ စာပေ ဝေဖန်ရေး၊ ကျောက်စာ၊ ပျူစာ ၊ ဘာသာဗေဒ၊ သဒ္ဒဗေဒ၊ မွန်ကျောက်စာ၊ ရတု၊ ကဗျာ မျိုးစုံ သင်ရသလောက် တစ်ခုသင်ပြီးရင် စာတမ်း တစ်စောင်ရေးရပါတယ်။ ကျွန်မတို့ဆိုတာ စာတမ်းနဲ့ နပန်းလုံးနေရတာပါ။ ဆရာ တစ်ယောက်က ဒီနေ့တင်၊ နောက်ဆရာမတစ် ယောက်က ဘယ်တော့တင်နဲ့ စာတမ်းတင်ရ မယ့်ရက်နဲ့ စာတမ်းကို အလွတ်ရအောင် ကျက်ရတာက တာဝန်တစ်ခုပါ။ အကျိုးရလဒ် က စာတမ်းတစ်စောင်ကို ကျကျနနရေး တတ်သွားခြင်း ဖြစ်ပါတယ်။ မဟာဘွဲ့အတွက် ကျမ်းရေးတော့ အခက်အခဲအတော်နည်း သွားသလို ပါရဂူဘွဲ့အတွက်၊ သုတေသန အတွက် စာတမ်းတွေရေးရာမှာ ပုံစံကျရေး တတ်ခြင်း အကျိုးခံစားရပါတယ်။ ဆရာ ကောင်းတွေ တပည့်မို့လို့ ပန်းကောင်းပန်ရ တယ်လို့ ပြောချင်ပါတယ်။
ပညာရေးဘဝမှာ ရန်ကုန်တက္ကသိုလ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကတည်းက ၂၁ ရာစု သင်ကြားရေး နည်းပညာသဘောတရားဖြစ်တဲ့ ကျောင်းသားဗဟိုပြု သင်ကြားရေး၊ သုတေသနဖွံ့ဖြိုးရေး၊ သိပ္ပံ ဝိဇ္ဇာ ဘာသာရပ် များမှာ ခေတ်မီဖွံ့ဖြိုးရေးတို့ကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့ပြီး ၁၉၉၇ ခုနှစ်ကစလို့ နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အာရုံ စိုက်လုပ်ဆောင်လာတဲ့ တက္ကသိုလ်ဖြစ်ပါ တယ်။ တစ်နည်းပြောရရင် Education 4.0 ကို ဖော်ဆောင်နေတဲ့ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ဖြစ်ပါတယ်။
အခု ရန်ကုန်တက္ကသိုလ်က ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရတက္ကသိုလ်ဖြစ်ပါပြီ။ သက် တမ်းအားဖြင့် အနှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ ကမ္ဘာ့တက္ကသိုလ်အဆင့် ၇၀၀၀ ကျော်အထိ ဒီကာလအတွင်း တက်လှမ်းလာနိုင်တဲ့ အမိ တက္ကသိုလ်အတွက် ဝမ်းသာဂုဏ်ယူမိ ပါတယ်။ အမိတက္ကသိုလ်က မွေးဖွားပေး လိုက်တဲ့ သမီးတစ်ဦးအနေနဲ့ ပေးအပ်တဲ့ တာဝန်ကို ကျရာနေရာမှာ ကျေပွန်အောင် ထမ်းရွက်ရင်း အမေ့မျက်နှာ၊ အမေ့ဂုဏ်ကို စောင့်ထိန်းနိုင်သူဖြစ်အောင် ကြိုးစားနေ ပါတယ်။ အမိတက္ကသိုလ်ကြီးလည်း သက်တမ်းရှည်ရှည်၊ အောင်မြင်မှု ကြီးကြီးနဲ့ ထူးချွန်ထက်မြက်တဲ့ သားကောင်း သမီးမွန် များ ဆက်လက်မွေး ထုတ်နိုင်ပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်။ ဆက်၍ ဆက်ခါ ကံ့ကော်ရနံ့ မွှေးပျံ့သင်းပါစေ။ ။

စာရေးသူ၏
ကိုယ်ရေးအကျဉ်း
---------------------
- အမည်ရင်း ဒေါက်တာ ချိုချိုမြင့် ဖြစ်သည်။
- ၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွား သည်။
- ၁၉၇၈ ခုနှစ်တွင် အထက (၄) ပုဇွန် တောင်မှ အခြေခံပညာ အထက်တန်း အောင်မြင်သည်။
- ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာ စာ- ၁၉၈၂)၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့(၁၉၈၃)၊ မဟာဝိဇ္ဇာဘွဲ့ (၁၉၈၉) ရခဲ့ပြီး ပါရဂူဘွဲ့ (၂၀၀၄)၊ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု ပညာ ဒီပလိုမာ (၂၀၀၅) တို့ ရရှိခဲ့သည်။
- ယခု ထားဝယ်တက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ်တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

20/12/2020
19/12/2020

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=========================

ရန်ကုန်တက္ကသိုလ် အမှတ်တံဆိပ်နှင့် ဆောင်ပုဒ်
===========================

မိမိုးအေး (အရှေ့တိုင်းပညာ)

၁၉၂၀ ပြည့်နှစ်က စတင်မွေးဖွားခဲ့တဲ့ အမိတက္ကသိုလ်ကြီး ၂၀၂၀ ပြည့်နှစ်မှာ မွေးနေ့ နှစ်(၁၀၀)ပြည့်ပါပြီ။ သမိုင်း တစ်လျှောက် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ မြင့်ခြင်း၊ နိမ့်ခြင်း စတဲ့ လောကဓံတရားတွေကို ကြံ့ကြံ့ခံပြီး အသက် ၁၀၀ တိုင်ခဲ့ပါပြီ။ သားသမီးတွေ ပျော်ရွှင်ရယ်မောရင် သူလည်း အတူပျော်ခဲ့ပြီး သားသမီးတွေ ဝမ်းနည်းကြေကွဲရင်တော့ တိတ်တဆိတ် ငိုကြွေးနေခဲ့မှာပါ။ သမိုင်းကြောင်းလှခဲ့တဲ့ အမိတက္ကသိုလ်အတွက် အမြဲဂုဏ်ယူရသလို အမိ တက္ကသိုလ်ရဲ့ သားသမီးဖြစ်ခွင့်ရခဲ့တာကိုလည်း ကျေနပ် ဂုဏ်ယူလို့ မဆုံးပါဘူး။ ရာပြည့်မွေးနေ့မှာ သားသမီး တစ်ယောက်အနေနဲ့ မွေးနေ့လက်ဆောင်အဖြစ် ဒီစာလေးကို ပေးချင်ပါတယ်ရှင်။

ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဆောင်ပုဒ်တွေ

ကျွန်မတို့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ကောလိပ်တိုင်းမှာ တက္ကသိုလ်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဆောင်ပုဒ်တွေရှိကြပါတယ်။ လှပပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အမှတ်တံဆိပ်နဲ့ ဆောင်ပုဒ်တွေချည်းပါပဲ။ ရန်ကုန် တက္ကသိုလ်ရဲ့ အမှတ်တံဆိပ်နဲ့ပတ်သက်တဲ့ အချက် အလက်တွေကိုတော့ ကျွန်မအများကြီး မတွေ့ခဲ့ရပါဘူး။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ နဲ့ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဆရာကြီး ဒေါက်တာသန်းဦးရေးတဲ့ ရန်ကုန်တက္ကသိုလ်၏ နှစ် ၁၀၀ ဘဝခရီးစဉ်ဆိုတဲ့ ဆောင်းပါးမှာ ကျွန်မသိချင်တဲ့ အချက်တွေရခဲ့ပါတယ်။ ဆရာကြီးကိုလည်း ကျေးဇူးတင်စွာဖြင့် ကန်တော့ပါတယ် ရှင်။

ဆရာကြီးဆောင်းပါးထဲက အချက်တွေကို ကိုးကားပြီးပြောရရင် ရန်ကုန်တက္ကသိုလ် ပထမပိုင်းဘဝ နဲ့ ဒုတိယပိုင်းဘဝ (၁၉၂၀ - ၁၉၄၂၊ ၁၉၄၂ - ၁၉၄၈) ကာလတွေရဲ့ မူလတံဆိပ် (Logo) မှာ အင်္ဂလိပ်ဘာသာနဲ့ပဲ ရေးသားထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း ပြောပြရရင် တံဆိပ်ရဲ့ထိပ်မှာ ပါဠိ စာကြောင်းကို အင်္ဂလိပ်(ရောမ)အက္ခရာနဲ့ NATTHI VIJJA SAMAM MITTAM (နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ) လို့ ရေးထိုးထားပါတယ်။ တံဆိပ်ရဲ့ အလယ်မှာတော့ ကဒေါင်းပုံ ပါရှိပါတယ်။ တံဆိပ်ရဲ့ အောက်ပိုင်းမှာတော့ WITH TRUTH AND LOYALTY (သစ္စာနှင့်သမာဓိ) လို့ ရေးထိုးထားတာ တွေ့ရပါတယ်။

အဲဒီအမှတ်တံဆိပ်ကိုပဲ ၁၉၆၄ ခုနှစ် နောက်ပိုင်း တွင် WITH TRUTH AND LOYALTY ဆိုတဲ့ စာသား နေရာမှာ စပါးနှံဝန်းရံထားတဲ့ပုံစံနဲ့ အစားထိုးပြောင်းလဲ ထားခဲ့ပါတယ်။ ပြောင်းလဲလိုက်တဲ့တံဆိပ်ကို ရန်ကုန် တက္ကသိုလ်အမှတ်တံဆိပ်အဖြစ် အခုလက်ရှိအချိန်အထိ သတ်မှတ်သုံးစွဲနေပါတယ်။ ဒါကတော့ တံဆိပ် (Logo) ရဲ့ သမိုင်းလေးပါ။

အဓိပ္ပာယ်ရှိစွာ ဖွင့်ဆိုရေးသား

တံဆိပ်နဲ့အတူ တွဲလျက်တွေ့နိုင်တာကတော့ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ပါပဲ။ ‌ဆောင်ပုဒ်တွေကိုတော့ ကိုယ့်တက္ကသိုလ်နဲ့ကိုယ် အဓိပ္ပာယ်ရှိစွာ ဖွင့်ဆိုရေးသား ကြပါတယ်။ တချို့လည်း မြန်မာလိုရေးကြပြီး တချို့လည်း ပါဠိလိုရေးကြပါတယ်။ မြန်မာလို ရေးသားထားတဲ့ ဆောင်ပုဒ်တွေထဲက ကျွန်မလက်လှမ်းမီသလောက် ပြောပြရရင် ‘ပညာသာမှ လူမျိုးသာမည်’၊ ‘ပညာပြည့်ဝ နှလုံးလှ’၊ ‘ပညာရွှေအိုး’၊ ‘ပညာဝေဆာ မန္တလာ’၊ ‘ပညာ တိုးမြှင့် တိုင်းကျိုးတင့်’၊ ‘ပညာတန်ဆောင် အလင်းရောင်’၊ ‘ပညာတန်ဆောင် ပြည့်ကျိုးဆောင်အံ့’၊ ‘ပညာဖွံ့ဖြိုး ပြည့်အကျိုး’၊ ‘အားလုံးဆောင်ရွက်၊ အားလုံးတွက်တည့်’ ဆိုတာတွေပဲ ဖြစ်ပါတယ်။ ကျွန်မ လက်လှမ်းမမီတာတွေ လည်း ရှိပါသေးတယ်။

မြန်မာလိုမဟုတ်ဘဲ ပါဠိလို ရေးသားကြတာ တွေလည်း ရှိပါတယ်။ ဒါလည်း ကျွန်မတွေ့မိသလောက် ပြောရရင် ‘ပညာ သမာ အာဘာ နတ္ထိ’(ပညာနှင့်တူသော အလင်းရောင်မရှိ)၊ ‘ပညာယ အတ္ထံ ဇာနာတိ’ (ပညာဖြင့် အနက်အဓိပ္ပာယ်ကိုသိ၏)၊ ‘ပညာ နရာနံ ရတနံ’ (ပညာ သည် လူတို့၏ ရတနာ)၊ ‘ဝိဇ္ဇာ သိပ္ပံ ပရမံ ပညံ’(အသိ အတတ်ပညာတို့သည် အမြတ်ဆုံး)၊ ‘ဣဓ လောကေ သိပ္ပံ မိတ္တံ’ (ဤလောက၌ အတတ်ပညာသည် မိတ်ဆွေ)၊ ‘နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ’ (အတတ်ပညာနှင့်တူသော မိတ်ဆွေ မရှိ)၊ ‘ပညာ ဇီဝိံ ဇိဝတမာဟု သေဋ္ဌံ’ (ပညာဖြင့် အသက်မွေးခြင်းသည် အကောင်းဆုံးဖြစ်၏) စတာတွေပဲ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်တွေမှာတော့ ကရုဏာ မေတ္တာနဲ့ ပြုစုလုပ်ကိုင်ပေးခြင်းလို့ အဓိပ္ပာယ်ရတဲ့ ‘ဥပဋ္ဌာနံ အနုကမ္ပာ ဒယာ’၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှာ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ဆိုတဲ့ ‘အာရောဂျ ပရမာ လာဘာ’ ဆိုပြီး ဆောင်ပုဒ်တွေမှာ ပါဠိဘာသာနဲ့ ရေးသားထားကြပါတယ်။

ပညာရဲ့ အရေးပါ အရာရောက်ပုံတွေကိုပဲ ဖော်ညွှန်း

မြန်မာဘာသာနဲ့ပဲဖြစ်ဖြစ်၊ ပါဠိဘာသာနဲ့ပဲဖြစ်ဖြစ် ဒီဆောင်ပုဒ်တွေကို ကြည့်လိုက်ရင် ပညာရပ်ဝန်းမှာ ပညာရဲ့ အရေးပါ အရာရောက်ပုံတွေကိုပဲ ဖော်ညွှန်းပြနေတာ တွေ့ရ ပါတယ်။ အမိရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဆောင်ပုဒ်ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ပါဠိဘာသာနဲ့ ရေးထားတဲ့ ‘နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ’ ပါပဲ။ ပါဠိ တစ်လုံးချင်းစီရဲ့ မြန်မာလို အဓိပ္ပာယ်ပေးရရင် ‘ဝိဇ္ဇာသမံ - အတတ်ပညာနှင့်တူသော၊ မိတ္တံ - မိတ်ဆွေသည်၊ နတ္ထိ - မရှိ’ လို့ ဖြစ်ပါတယ်။ လောကနီတိကျမ်းထဲက ကောက်နုတ်ထားတာ ဖြစ်ပါတယ်။

ဒီဆောင်ပုဒ်လေးအကြောင်းမပြောခင်မှာ ဆောင်ပုဒ် ရဲ့ မူရင်းကျမ်းအကြောင်း နည်းနည်းပြောချင်ပါတယ်။ လောကနီတိဆိုတဲ့ကျမ်းဟာ ‘နီတိ’ နာမည် တပ်ထားတဲ့ လူမှုရေးလမ်းညွှန် စာပေအမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ ပါဠိစာပေနယ်မှာ အစောဆုံးနဲ့ အပြည့်စုံဆုံး ကျမ်းတစ်စောင် ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ဝန်းကျင် ပင်းယခေတ်မှာ စတုရင်္ဂဗလအမတ်ကြီးက ပါဠိဘာသာနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အမတ်ကြီးဟာ လောကဓမ္မ ရာဇဝေဒ(သေနင်္ဂ) ဆိုတဲ့ အရာတွေမှာသာမက ပါဠိသက္ကတ ဘာသာတွေကိုပါ ကျွမ်းကျင်တတ်မြောက်တဲ့သူ ဖြစ်ပါတယ်။ တိုင်းရေးပြည်ရေးတွေ၊ အမျိုး ဘာသာ သာသနာ၊ ပညာ ကြီးပွားကြောင်းတွေ၊ အလုပ်အကိုင် အကြံအစည်တွေ လုပ်ကိုင်ဆောင်ရွက်ကြရာမှာ မိမိကိုယ်တိုင် ကိုယ်ပိုင် ဉာဏ်နဲ့ ဆုံးဖြတ်နိုင်ဖို့ လမ်းညွှန်ပြသထားတဲ့ ကျမ်း တစ်စောင် ဖြစ်ပါတယ်။

ဒီပါဠိစာကြောင်းလေးဟာ လောကနီတိကျမ်းထဲက ဂါထာနံပါတ် ၂၃ မှာပါတဲ့ ပါဒလေးတစ်ခုပါ။ ဂါထာ တစ်ခုလုံးကတော့ -
နတ်ထိ ဝိဇ်ဇာသမံ မိတ်တံ၊ န စ ဗြာဓိသမော ရိပု။
န စ အတ္တသမံ ပေမံ၊ န စ ကမ္မသမံ ဗလံ။ လို့ ဖြစ်ပါတယ်။

‘အတတ်ပညာနှင့် တူညီသော မိတ်ဆွေမရှိ။ အနာ ရောဂါနှင့် တူညီသော ရန်သူမရှိ။ မိမိကိုယ်နှင့် တူညီသော ချစ်သူမရှိ။ ကံနှင့် တူညီသော ခွန်အားမရှိ’ လို့ အဓိပ္ပာယ် ရပါတယ်။ အတူမရှိတဲ့ တရားလေးပါးကို ပြောပြထားတာ ဖြစ်ပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင်တော့ လောကမှာ အတတ်ပညာသာ အကောင်းဆုံးမိတ်ဆွေ ဖြစ်တယ်။ အနာရောဂါဟာ အကြီးမားဆုံးရန်သူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးဖြစ်ပြီး ကိုယ်နဲ့ထပ်တူ ချစ်ရတဲ့သူ မရှိဘူး။ ကိုယ်ကိုယ်တိုင် လုပ်လိုက်တဲ့ အလုပ်ထက် ပိုပြီး အစွမ်းထက်တဲ့ အင်အားမရှိဘူးလို့ ဆိုလိုတာပဲ ဖြစ်တယ်။

‘နတ္ထိ ဝိဇ္ဇာသမံ မိတ္တံ’ ဆိုတဲ့ အမိရန်ကုန်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ကတော့ အတတ်ပညာဟာ ကိုယ့်အတွက် အမြဲတမ်း မိတ်ဆွေစစ်ဖြစ်တယ်ဆိုတာကို ဖော်ညွှန်း ထားတာပါ။ လောကမှာ ကိုယ့်ရဲ့အကျိုးစီးပွားကို ရွက်ဆောင်ပေးတဲ့သူကို မိတ်ဆွေလို့ ဆိုအပ်ပါတယ်။ ဒီနေရာမှာ ကိုယ့်ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးတဲ့ သက်ရှိ၊ သက်မဲ့အားလုံးကို မိတ်ဆွေလို့ ဆိုနိုင်ပါတယ်။ အဲဒီနှစ်မျိုးထဲကမှ သက်မဲ့ဖြစ်ပေမယ့် ကောင်းကျိုးပြုတဲ့ အတတ်ပညာဟာလည်း ကိုယ့်အတွက် မိတ်ဆွေပဲ ဖြစ်ပါ တယ်။ ဗုဒ္ဓကတော့ မိတ်ဆွေကောင်းရှိတာဟာ အကျိုးစီးပွား အားလုံးကို ပြီးမြောက်စေတယ်လို့ ဆိုထားပါတယ်။

အတတ်ပညာမိတ်ဆွေ

ကိုယ့်ရဲ့ အကျိုးစီးပွားကို ရွက်ဆောင်ပေးတဲ့ မိတ်ဆွေ စစ်တွေကတော့ မိဘ၊ ဆရာတို့ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကို သက်ဆုံးတိုင် လိုက်ပါစောင့်ရှောက်နိုင်မှာ မဟုတ် ပါဘူး။ ဒီလိုပဲ ကိုယ့်ရဲ့အားကိုးအားထားပြုရတဲ့မိတ်ဆွေ ကောင်း အပေါင်းအသင်းဆိုတာကလည်း သူ့သက်တမ်း တစ်လျှောက်လောက်သာ ကူညီနိုင်မှာပါ။ ကိုယ်က လုံ့လ ဝီရိယနဲ့ သင်ယူဆည်းပူးထားတဲ့ အတတ်ပညာမိတ်ဆွေ ကတော့ ကိုယ့်ကို သက်ဆုံးတိုင် လိုက်ပါ စောင့်ရှောက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သက်တမ်းတစ်လျှောက် ထာဝရ အကူအညီရရှိနေမှာ ဖြစ်တယ်။ အတတ်ပညာကသာ ထာဝရမိတ်ဆွေစစ်ဖြစ်တာကြောင့် အတတ်ပညာနဲ့တူညီတဲ့ မိတ်ဆွေမရှိဘူးလို့ နီတိဆရာက ဆိုထားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ‘ဝိဇ္ဇာ’ ဆိုတဲ့ ဝေါဟာရဟာ အတတ်ပညာ ကိုရော အသိပညာကိုပါ အနက်အဓိပ္ပာယ် ဖော်ဆောင်ပါ တယ်။ အမိတက္ကသိုလ်ဟာ ‘တက္ကသီလာ’လို့ ဆိုတဲ့အတိုင်း ‘အတတ်ပညာအထူးထူးကို ကြံဆလေ့ရှိသောသူတို့၏ နေထိုင်ရာ မြို့တော်’ ပဲ ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဝိနယ၊ ပါစိတ္တိယ ပါဠိတော် မြန်မာပြန်မှာ ဖော်ပြထားတယ်။ ၁၉၃ဝ ပြည့်နှစ်လောက်မှာ ‘University’ ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရကို ပါဠိပါမောက္ခ ဆရာကြီးဦးဖေမောင်တင်က အဓိပ္ပာယ်ပြီးပြည့်စုံတဲ့ ‘တက္ကသိုလ်’ လို့ နာမည်ပေးခဲ့ ပါတယ်။

ရန်ကုန်တက္ကသိုလ်၏ တံဆိပ်(Logo)နဲ့ ဆောင်ပုဒ်ဟာ အနှစ်သာရနဲ့ ပြည့်စုံလှပါတယ်။ နှစ်တစ်ရာအတွင်းမှာ အသိပညာရှင် အတတ်ပညာရှင်ပေါင်းများစွာကို မွေးထုတ် ပေးခဲ့ပါတယ်။ ကမ္ဘာသိ မြန်မာသိ ပုဂ္ဂိုလ်ပေါင်းများစွာဟာ အမိတက္ကသိုလ်ရဲ့ သားသမီးတွေဖြစ်နေကြတာဟာ အင်မတန်ဂုဏ်ယူစရာပါပဲရှင်။ နယ်ပယ်အသီးသီးမှာ ကျရာ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး ထမ်းဆောင် နေကြဆဲလည်း ဖြစ်ပါတယ်။ တချို့လည်း ကိုယ့်အကျိုးထက် တိုင်းပြည်အကျိုးကို ဦးစားပေးလို့ အမိတက္ကသိုလ်ကို စွန့်လွှတ်ခဲ့ကြရပါတယ်။ လူသေသွားပေမယ့် အမိတက္ကသိုလ် သမိုင်းမှာ နာမည်တွင်ကျန်ရစ်သူတွေလည်း အများကြီးပါပဲ။

ပခုံးပြောင်း တာဝန်ယူ

အမိတက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ အလေ့ အကျင့်ကောင်းတွေကြောင့် ရောက်ရာအရပ်ဒေသမှာ ကျရာတာဝန်ကို အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင် နိုင်ခဲ့ကြပါတယ်။ အရင်ဆောင်ပုဒ်အဟောင်းမှာ ပါသလို WITH TRUTH AND LOYALTY (သစ္စာနှင့် သမာဓိ) ကို အထူးအလေးထားတဲ့ ပညာရပ်ဝန်းကြီးက မွေးဖွားလိုက်တဲ့ လူတော်လူကောင်းတွေအဖြစ် လောကအလယ်မှာ ထည်ထည်ဝါဝါ ရပ်တည်နိုင်ခဲ့ကြပါတယ်။ အခုဆိုရင် မျိုးဆက်ဟောင်းတို့ ချန်ရစ်ခဲ့တဲ့ ကောင်းမွေတွေကို မျိုးဆက်သစ်တို့ လက်ဆင့်ကမ်းပြီး အမိတက္ကသိုလ် ကြီးကို ပိုမိုကောင်းမွန်တဲ့ ပညာရပ်ဝန်းဖြစ်အောင် ပုံဖော်ဖို့ ပခုံးပြောင်း တာဝန်ယူနေကြပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်သိပ္ပံတွေရဲ့ အဦးအစ ပထမတက္ကသိုလ်ကြီးအဖြစ် နှစ်တစ်ရာတိုင် ရပ်တည်ခဲ့ပါပြီ။ အတတ်ပညာ အသိပညာအမျိုးမျိုးကို သင်ကြားပေးနေတဲ့ တက္ကသိုလ်ကြီးတွေမှာ မိတ်ဆွေနဲ့ တူတဲ့ပညာကို သင်ယူလေ့လာနေကြတဲ့ မျိုးဆက်သစ် မောင်မယ်တွေကို ကိုယ်အထူးပြုလေ့လာနေတဲ့ ဘာသာရပ်တွေမှာ ထူးချွန်ပေါက်မြောက်အောင် ကြိုးစား သင်ယူကြဖို့ကိုလည်း မျိုးဆက်လတ် တစ်ယောက်အနေနဲ့ တိုက်တွန်းချင်ပါတယ်ရှင်။ မိတ်ဆွေအစစ်အမှန်ဖြစ်တဲ့ ကိုယ်ကျွမ်းကျင်တတ်မြောက်ထားတဲ့ အသိပညာ၊ အတတ်ပညာတွေကို ကိုယ့်အတွက်ရော ကိုယ့်ဝန်းကျင် အတွက်သာမက လူ့အဖွဲ့အစည်းအတွက်ကိုပါ အကျိုးရှိအောင် အသုံးချနိုင်သူတွေအဖြစ် အမိတက္ကသိုလ် တိုင်းက မြင်ချင်နေမှာပါ။
သမိုင်းကြောင်းကောင်းတဲ့ ပညာရပ်ဝန်း အမိ တက္ကသိုလ်ကြီး ဒီထက်ပိုပြီး ကျန်းမာပါစေ။ အသက် ရှည်ပါစေ။ အနာဂတ် နှစ်နှစ်ရာ၊ နှစ်သုံးရာမက မွေးနေ့ ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေ‌ကြောင်း ချစ်စွာသော နှလုံးသားဖြင့် လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။ ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

ကမာရွတ်မြို့နယ်၊ ၁၁၀၄၁၊ ရန်က
Yangon